News @ M-Media

Category: သိပ္ပံနှင့်နည်းပညာ

  • မိုးမျှော်အဆောက်အဦးများကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်မည့် ဗိသုကာ နည်းပညာသစ်

    မိုးမျှော်အဆောက်အဦးများကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်မည့် ဗိသုကာ နည်းပညာသစ်

    ဇွန် ၈၊ ၂၀၂၄

    M-Media


    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က မိုးမျှော်တိုက် Burj Khalifa ကို ဆောက်ခဲ့တဲ့ အမေရိကန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ Skidmore, Owings & Merrill LLP (SOM) ဟာ မိုးမျှော်တိုက်တွေကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်ဖို့ စီစဥ်နေပါတယ်။ 

    အလေးချိန်ကြီးမားတဲ့ ကွန်ကရစ်ဘလောက်တုံးတွေကို အတင်အချလုပ်ပြီး ကမ္ဘာမြေဆွဲအားကနေ ရရှိမယ့် စွမ်းအင်ကို သိုလှောင်အသုံးချမယ့် (GESS) နည်းပညာ ဖြစ်ပါတယ်။  

    SOM ဟာ ဒီစီမံကိန်းအတွက် နည်းပညာကုမ္ပဏီ Energy Vault နဲ့ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    GESS နည်းပညာဟာ ရေအားလျှပ်စစ် စက်ရုံတွေမှာ သုံးနဲ့ နည်းပညာမျိုးဖြစ်ပြီး၊ စွမ်းအင်ရယူမှု အခြေခံရင်းမြစ်မှာ ရေနဲ့၊ ကမ္ဘာ့ဆွဲအား ကွာသွားတာမျိုးသာ ဖြစ်ပါတယ်။ 

    Energy Vault ကုမ္ပဏီဟာ GESS နည်းပညာနဲ့ပတ်သက်ရင် ထိပ်တန်းက ဦးဆောင်နေတဲ့ လုပ်ငန်းဖြစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး စီမံကိန်းကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ အခုလအတွင်း စတင်ခဲ့ပြီး ၄ နာရီအတွင်း လျှပ်စစ်ဓာတ်အား ၂၅ မီဂါ၀ပ်ကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ 

    GESS ဟာ ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုစနစ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဆွဲအားကို အသုံးပြုတာကြောင့် မြို့ပေါ်၊ ကျေးလက်ဒေသ၊ တောင်ကုန်းတောင်တန်း စသဖြင့် နေရာမရွေး ဆောင်ရွက်နိုင်ပါတယ်။ 

    ကုန်ကျစားရိတ်ကလည်း တစ်ခြားစွမ်းအင်ထုတ်လုပ်မှုစနစ်တွေထက် အလွန်သက်သာပါတယ်။ GESS စနစ်မှာ အသုံးပြုမယ့် ကွန်ကရစ်ဘလောက်တုန်းတွေကို အမှိုက်လို စွန့်ပစ်ပစ္စည်းတွေကနေ လွယ်လွယ်ကူကူ ပေါပေါများများ ထုတ်လုပ်နိုင်ပါတယ်။ 

    SOM ကုမ္ပဏီဟာ အနာဂတ် မိုးမျှောက်အဆောက်အဦးတွေမှာ GESS ဓာတ်အားပေးစနစ် ထည့်သွင်းပြီး ဧရာမဘတ္ထရီတွေအဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering 

  • ပစ္စည်းဆန်းတွေ ထုတ်မယ့် ကမ္ဘာ့ပထမဆုံး အာကာသ ကုန်ထုတ်စက်ရုံကို

    ပစ္စည်းဆန်းတွေ ထုတ်မယ့် ကမ္ဘာ့ပထမဆုံး အာကာသ ကုန်ထုတ်စက်ရုံကို

    ဇွန် ၄၊ ၂၀၂၄

    M-Media


    -လူသားသမိုင်းမှာ ပထမဆုံးဖြစ်လာမယ့် အာကာသ ကုန်ထုတ်စက်ရုံကို အမေရိကန်အခြေစိုက် Varda Space Industries ကုမ္ပဏီက ကမ္ဘာပတ်လမ်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ 

    W-Series 1 လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုဟာ ကမ္ဘာမြေပေါ်မှာ ထုတ်လုပ်ဖို့ အဆင်မပြေမယ့် ပစ္စည်းတွေ၊ ဆွဲအားကင်းတဲ့ နေရာမှာ မြန်မြန်ဆန်ဆန်နဲ့ ကွာလတီကောင်းကောင်း ရနိုင်မယ့် ပစ္စည်းတွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ 

    Varda Space Industries ကုမ္ပဏီကို တည်ထောင်သူဟာ နာမည်ကျော် Space X ကုမ္ပဏီက လေကြောင်းအင်ဂျင်နီယာ ၀ီလ် ဘရူ၀ေးဖြစ်ပါတယ်။

    “အရည်အသွေးပိုကောင်းတဲ့ ဖိုက်ဖာအော့ပတစ် ကြိုးတွေကနေ၊ လူ့အသက်တွေကယ်နိုင်မယ့် ဆေး၀ါးပစ္စည်း အသစ်တွေအထိ ကမ္ဘာပေါ်မှာ သုံးနေပြီး အာကာသမှာထုတ်နိုင်တဲ့ ပစ္စည်းမှန်သမျှ ထုတ်လုပ်သွားမှာပါ” လို့ ကုမ္ပဏီရဲ့ ၀ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ 

    ဆေးဘက်ဆိုင်ရာမှာ အရေးပါတဲ့ ပရိုတိန်းခရစ္စတယ်လို ပစ္စည်းမျိုးဟာ ကမ္ဘာပေါ်မှာ ထုတ်တာထက်၊ အာကာသမှာ ထုတ်လုပ်တာက ပိုမိုပြည့်စုံတဲ့ ထုတ်ကုန်မျိုးကို ရရှိနိုင်တယ်ဆိုတာ သုတေသန ရလဒ်တွေမှာ တွေ့ရပါတယ်။ 

    အခု အာကာသကုန်ထုတ်စက်ရုံ W-Series 1 ရဲ့ ပထမဆုံး ထုတ်လုပ်မှုဟာ HIV လူနာတွေကို ကုရာမှာ အသုံးပြုတဲ့ ritonavir ဆေး ဖြစ်ပါတယ်။ ဒီဆေးကို Covid-19 ကာကွယ်ဆေး Paxlovid ထုတ်လုပ်ရာမှာလည်း အသုံးပြုပါတယ်။ 

    ထုတ်ကုန်တွေ ကမ္ဘာမြေထဲ ပြန်လည်ပေးပို့တဲ့အခါမှာ အသံထက်မြန်တဲ့ ဒုံးပျံတွေကို စမ်းသပ်အသုံးပြုဖို့အတွက်လည်း Varda Space Industries ကုမ္ပဏီက အမေရိကန်လေတပ်နဲ့ သဘောတူထားပါတယ်။ 

    Ref: Interesting Engineering 

  • လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ဆန်းသစ်စေမည့် အသေးစား နျူဓာတ်ပေါင်းဖို

    လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ဆန်းသစ်စေမည့် အသေးစား နျူဓာတ်ပေါင်းဖို

    ဇွန် ၁၊ ၂၀၂၄

    M-Media 


    -အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Westinghouse ဟာ လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ပြောင်းလဲပေးနိုင်မယ့် နျူဓာတ်ပေါင်းဖိုအသေးစားတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

    AP300 လို့ အမည်ပေးထားတဲ့ အဲဒီ အသေးစား ဓာတ်ပေါင်းဖိုဟာ နျူဓာတ်ပေါင်းဖိုအကြီးစား AP1000 ကို ချုံ့ထားတာဖြစ်ပါတယ်။

    စွမ်းအင်ထုတ်လုပ်မှုက အကြီးထက် ၃ ပုံ ၁ ပုံသာ ရှိမှာ ဖြစ်ပေမယ့် ကုန်ကျစားရိတ်က ၅ ဆကျော်လောက် သက်သာပါတယ်။ 

    AP300 နျူ ဓာတ်ပေါင်းဖို ကုန်ကျစားရိတ်ဟာ ကန်ဒေါ်လာ ၁ ဘီလီယံ ကျသင့်မှာဖြစ်ပြီး ဓာတ်အား ၃၀၀ မီဂါ၀ပ်ထုတ်လုပ်နိုင်ကာ နေအိမ်ပေါင်း ၃ သိန်းလောက်ကို မီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

    နျူဓာတ်အားပေးစနစ်ဟာ ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိပါဘူး။ ဓာတ်ပေါင်းဖိုအကြီးထက် ကုန်ကျစားရိတ်သက်သာပြီး ဖန်တီးတည်ဆောက်ရ လွယ်တာကြောင့် AP300 ဓာတ်ပေါင်းဖိုကို စက်မှုလက်မှုလုပ်ငန်းတွေကလည်း စိတ်၀င်စားလာကြပါတယ်။ 

    AP300 ကို ၂၀၂၇ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ စီစဥ်ထားပြီး အမေရိကန် နျူစွမ်းအင်ထိန်းချုပ်ရေး ကော်မရှင်ရဲ့ ခွင့်ပြုချက် ရရှိဖို့ လိုအပ်အုံးမှာ ဖြစ်ပါတယ်။ 

    လုံခြုံဘေးကင်းရေးမှာ AP1000 ဓာတ်ပေါင်းဖိုကအတိုင်း ဆောင်ရွက်ထားတယ်လို့ Westinghouse ကုမ္ပဏီက ပြောပါတယ်။ 
    Ref: Interesting Engineering

  • အမေရိကန်၏  ဘီလီယံတန် လေဆာလက်နက်ကို  တစ်ဒေါ်လာတည်းနှင့် ကာကွယ်မည့် တရုတ်

    အမေရိကန်၏ ဘီလီယံတန် လေဆာလက်နက်ကို တစ်ဒေါ်လာတည်းနှင့် ကာကွယ်မည့် တရုတ်

    မေ ၃၀၊ ၂၀၂၄

    M-Media 


    -အမေရိကန်က ဒေါ်လာဘီလီယံချီ အကုန်အကျခံ ထုတ်လုပ်ထားတဲ့ လေဆာလက်နက်တွေကို တစ်ဒေါ်လာတန် ဓာတုပစ္စည်းနဲ့ အန်တု ကာကွယ်ဖို့ တရုတ်ပညာရှင်တွေက ကြိုးစားနေပါတယ်။ 

    ဘေဂျင်းနည်းပညာတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လေဆာလက်နက်ကို ကာကွယ်ရေးမှာ လူလုပ်ရော်ဘာတု Resin နဲ့ ကာကွယ်နိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်နေပါတယ်။ 

    ဓာတုဗေဒအမည် BPR လို့ခေါ်တဲ့ Resin ဟာ ၂ ဒဿမ ၂ ပေါင်ကို တစ်ဒေါ်လာသာ ကျသင့်မှာပါ။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ BPR အများဆုံးထုတ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

    လေဆာလက်နက်တွေဟာ အရာ၀တ္ထုတွေကို အပူချိန် အလွန်မြင့်မားတဲ့ လေဆာရောင်ခြည်နဲ့ လောင်ကျွမ်းပျက်ဆီးစေတာ ဖြစ်ပါတယ်။ 

    တရုတ်ပညာရှင်တွေဟာ လေဆာလက်နက်က ထွက်လာမယ့် အပူချိန်ကို Resin ရော်ဘာနဲ့ ကာကွယ်အန်တုနိုင်အောင် ကြိုးစားနေပါတယ်။ Resin ရော်ဘာဟာ အပူချိန်နဲ့ ဖိအားကို ခံနိုင်တဲ့ ဓာတ်တုပစ္စည်းဖြစ်ပြီး လက်ရှိ စက်မှုလက်မှုနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။ 

    စက်ဖက်နယ်ပယ်မှာတော့ ဒုံးကျည်တွေ၊ ဒရုန်းတွေမှာ အပူခံအလွှာအဖြစ် Resin ကို အသုံးပြုနေကြပါတယ်။ 

    တရုတ်ပညာရှင်တွေက ပုံမှန် Resin ကို စျေးကွက်ထဲမှာ အလွယ်တကူ၀ယ်လို့ရတဲ့ စီလီကွန် ကာဘိုက်၊ ဇီခရွန်နီယမ် အောက်ဆိုက်၊ ကာဘွန်ဘလက်နာနိုအမှုန့် စတဲ့ ဓာတုပစ္စည်းတွေ ထပ်ပေါင်းကာ လေဆာလက်နက်ရဲ့ အပူဒဏ်ကို ခံနိုင်အောင် စမ်းသပ်နေကြပါတယ်။ 

    ဒီ Resin အသစ်ကို BPR1 လို့ အမည်ပေးထားပါတယ်။ BPR1 ရော်ဘာ ၀ ဒဿမ ၁ လက်မကို၊ တစ်စကွဲယားစင်တီမီတာ ၅၀၀ ၀ပ်ရှိတဲ့ လေဆာရောင်ခြည်ပူနဲ့ ထိုးခွဲစမ်းသပ်ရာမှာ မပေါက်တာကို တွေ့ခဲ့ရပါတယ်။ 

    ၃ မီဂါ၀ပ်ရှိတဲ့ လေဆာလက်နက်က ထုတ်လုပ်နိုင်တဲ့ လေဆာရောင်ခြည်ရဲ့ အပူဟာ တစ်စကွဲယားစင်တီမီတာကို ၃၀၀ သာရှိပါတယ်။ ဒါ့ကြောင့် တရုတ်ပညာရှင်တွေ စမ်းသပ်တဲ့ အပူဟာ လေဆာလက်နက်ကထွက်တဲ့ အပူထက် ပိုမိုများပြားတာကြောင့် BPR1 ကို လေဆာလက်နက် ကာကွယ်ရေး အလားအလာရှိတဲ့ ပစ္စည်းတစ်ခုအဖြစ် မှတ်ယူလာကြပါတယ်။ 

    လက်ရှိ လေဆာလက်နက်နယ်ပယ်ကို အမေရိကန်က ဦးဆောင်နေတာဖြစ်ပါတယ်။ အမေရိကန်ဟာ အမြင့်ဆုံး ၃၀၀ ကီလို၀ပ်အားရှိတဲ့ လေဆာလက်နက်ကိုသာ ထုတ်ပြထားပြီး လက်ရှိမှာ မီဂါ၀ပ်အဆင့်ရှိတဲ့ လက်နက်တွေကို ထုတ်လုပ်နေပါတယ်။ 

    Ref: Interesting Engineering 

  • လူသားတွေ မကြာခင် ပင်လယ်ရေကို သောက်လို့ရတော့မည်

    လူသားတွေ မကြာခင် ပင်လယ်ရေကို သောက်လို့ရတော့မည်

    မေ ၂၉၊ ၂၀၂၄

    M-Media 


    -ပင်လယ်ရေကနေ ဆားဓာတ်ဖယ်ရှားကာ သောက်သုံးရေအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းသစ်တစ်ခုကို နယူးယောက်မြို့ အင်ဂျင်နီယာကျောင်း NYU Tandon School of Engineering က ထုတ်ဖော် ပြသလိုက်ပါတယ်။ 

    ဒေါက်တာ အန်ဒရေ တေလာ ဦးဆောင်တဲ့ သုတေသနအဖွဲ့ ဖန်တီးထားတဲ့ နည်းလမ်းသစ်ဟာ ဘက်တ္ထရီငုတ်တွေကနေ ဓာတုဗေဒ ဓာတ်ပေါင်းတွေ အရည်ထဲပျော်၀င်စေကာ ဆားဓာတ်ဖယ်ရှားတဲ့ နည်းလမ်းဟောင်း RFD ကို ဆန်းသစ်ထားတာဖြစ်ပါတယ်။ 

    နည်းလမ်းဟောင်းထက် ၂၀ ရာခိုင်နှုန်းပိုပြီး ဆားဓာတ်ဖယ်ရှားပေးနိုင်မယ့် အခုနည်းလမ်းသစ်ဟာ စွမ်းအင်သုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ 

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လွယ်လွယ်ကူကူနဲ့ ရေရှည်အသုံးပြုလို့ရမယ့် နည်းလမ်းမျိုး ဖော်ဆောင်ဖို့ပါ။ ဒီနည်းလမ်းဟာ ရေချိုလိုအပ်ချက်ပမာဏ မြင့်မားနေမှုကို ဖြေရှင်းနိုင်ရုံသာမကဘဲ၊ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးနဲ့ ပြည့်ဖြိုးမြဲစွမ်းအင် ပေါင်းစပ်အသုံးပြုနိုင်ရေးတွေမှာလည်း ရှေ့တန်းကနေ အထောက်အကူပြုနိုင်ရပါမယ်”လို့ ဒေါက်တာ တေလာက ပြောပါတယ်။ 

    ဒေါက်တာတေလာနဲ့အဖွဲ့ရဲ့ အခုနည်းလမ်းသစ်ဟာ ပုံမှန် ဓာတ်အားလိုင်းကနေ ဓာတ်အား ဆွဲယူသုံးစွဲဆရာမလိုဘဲ လေစွမ်းအင်၊ နေစွမ်းအင်လို ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေကို အသုံးပြုနိုင်မှာပါ။

    နည်းပညာသစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် နောက်ထပ် လေ့လာစမ်းသပ်မှုတွေ ထပ်မံလိုအပ်မှာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering