News @ M-Media
Category: Our Perspectives
  • ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသို့ အိတ်ဖွင့်ပေးစာ
    သို့
    သက်ဆိုင်ရာ တာဝန်ခံအယ်ဒီတာများ
    •  Eleven Media Group
    •  7Days News Journal
    • The Voice Journal
    • မြန်မာတိုင်း(မ်)
    • DVB သတင်းဌာန
    • ဧရာဝတီ သတင်းဌာန
    • မဇ္ဈိမ သတင်းဌာန
    • ဘီဘီစီမြန်မာဌာန
    • ဗီအိုအေ မြန်မာဌာန
    • လွတ်လပ်သောအာရှအသံမြန်မာဌာန (RFA)
    • သစ်ထူးလွင် (Myanmar News Now)
    အကြောင်းအရာ။   ။ ဖားကန့်နှင့် ကမ္မမြို့တွင် အစ္စလာမ့် ဆုတောင်းဝတ်ပြုဆောင်များ ဖျက်ဆီးခဲ့ခြင်းအပေါ် ဥက္ခာပြုခြင်းနှင့် ပတ်သက်၍။
    ရက်စွဲ – ဧပြီ ၂၄၊ ၂၀၁၂
    ဧပြီလ ၁၂ ရက်နေ့ နှင့် ၁၄ ရက်နေ့ အတွင်း ဖားကန့် နှင့် ကမ္မရှိ အစ္စလာမ်ဘာသာ ဆုတောင်းဝတ်ပြုဆောင်များ ကို ဒေသခံများက ဖျက်ဆီးဖြိုချခဲ့သည့် အဖြစ်အပျက်နှင့်  မြန်မာမွတ်စလင်မ် ပြည်သူတို့ ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့အား ဖျက်ဆီးခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်များနှင့် ပက်သက်သည့် သတင်း အကြောင်းအရာများကို ပြည်သူ့နားမျက်စိသဖွယ် အားကိုးခြင်းခံ ယူထားသော ပြည်တွင်း၊ ပြည်ပသတင်း ဌာနများမှ အရေးပေး၊ သတင်း ယူဖေါ် ပြခဲ့ခြင်းများ မတွေ့ရသည့်အတွက် ကျွန်ုပ်တို့ MMSY မီဒီယာမှ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိကြာင်း အသိပေးလို ပါသည်။
    ကမ္မနှင့် ဖားကန့်  ဖြစ်ရပ် ၂ ရပ်လုံးမှာ “ခိုက်ရန်ဖြစ်ပွားမှု”၊ “ဓားပြမှု” လုံးဝမဟုတ်ခဲ့ဘဲ အကြမ်းဖက်လိုသည့် ရည် ရွယ်ချက်ဖြင့် လူစုလူဝေးအင်အားအသုံးပြုကာ တရားဥပဒေမဲ့ တဖက်သက် အဓမ္မ ၀င်ရောက် ဖျက်ဆီးခဲ့ ခြင်းဖြစ် သည်။
    မကွေးတိုင်းကြီးဒေသ ကမ္မမြို့နယ်တွင် လူဦးရေ ၃၀၀ ခန့် က ခုခံမဲ့ မြန်မာမွတ်စလင်မ်ပြည်သူတို့ ၏ နေအိမ်များ နှင့် ပိုင်ဆိုင်မှုများအား အင်အားသုံး အကြမ်းဖက်ဖျက်ဆီးခြင်း၊ ၀တ်ပြုဆုတောင်းကျောင်းဆောင်အား တရားမဲ့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
    ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် NLD ပါတီဝင်များအပါအ၀င် လူဦးရေ ၁၅၀ ခန့်က အစ္စလာမ် ဘာသာဆုတောင်းဝတ် ပြုဆောင်ကို လူစုအင်အားသုံးကာ လုံးဝဖြိုချခဲ့ခြင်းဖြစ်သည်။
    ဤဖြစ်စဉ်များဖြစ်ပွားစဉ် ဒေသအာဏာပိုင်များက တရားဥပဒေနည်းအရ ထိန်းသိမ်း ဆောင်ရွက်ရမည့်အစား အကြမ်းဖက်ဖျက်ဆီးနေသည့်လူများကိုပင် လုံခြုံရေးချထားပေးခဲ့ကြောင်း ကြောက်ရွံ့စိတ်ပျက်ဖွယ် ကြားသိရ သည်။ မြန်မာပြည် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတိုက်ပွဲတွင် ရှေ့ တန်းမှ ရပ်တည်နေသည့် သတင်း ဌာနများ သည်လည်း တမြေတည်းနေ တရေတည်းသောက် မြန်မာမွတ်စလင်မ် ပြည်သူများ ဥပဒေမဲ့ အကြမ်းဖက်ခံရချိန် တွင် ဥပက္ခာပြု လျစ်လျူရှုခဲ့သည်ဟု ယုံကြည်မိသည်။
    ဤဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းပျံနှံ့ ပါက ပိုမိုအခြေအနေဆိုးရွားသွားနိုင်သဖြင့် သတင်းများရေးသားထုတ် ပြန်ခြင်းမရှိဟု အစောပိုင်းတွင် ယူဆခဲ့သည်။ သို့ သော် ဖေ့စ်ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာများတွင် သတင်းမှားများ၊ မြန်မာပြည်သူ ဘာသာမတူသူ အချင်းချင်း အမုန်ပွားစေရန် ဆဲဆိုရေးသားခြင်းများ၊ ကိုယ်ပိုင်သတင်းဆိုဒ်များတွင် အချက်အလက်မှားများဖြင့် ထိခိုက်နစ်နာစေသည့် အသုံးအနှုန်းနှင့် ရှုထောင့်များဖြင့် ရေးသားထားသည့် သတင်းများပျံနှံ့ လာသည့်တိုင် ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသည်
    (၁) ဘာသာရေး အဓိကရုဏ်းမဖြစ်စေရန်၊ ဘာသာရေးနှင့်လူမျိုးရေးအခြေပြုမုန်းတီးမှု မဖြစ်ပွားစေရန် သတင်း ဖေါ်ထုတ် ကြားနေရေးသား ဖြန်ဖြေပေးမှု မရှိခြင်း၊
    (၂) မြန်မာမွတ်စလင်မ်ပြည်သူများ ဥပဒေမဲ့အကြမ်းဖက် အတိုက်ခိုက်ခံရသည့် ဖြစ်စဉ်သတင်းအမှန်အား ပြည် သူများသို့  ချပြရန်ပျက်ကွက်ခဲ့ခြင်းတို့ကို သတိပြုမိသည်။
    သတင်းမီဒီယာဆိုသည်မှာ သဘောသဘာဝအရ အစွန်းကင်းမဲ့ ကြားနေဖြစ်ရမည်ဖြစ်သော်လည်း မြန်မာသတင်း မီဒီယာများမှာမူ ဒီမိုကရေစီ စနစ်စတင်ကျင့်သုံးနေသည့်ယနေ့အချိန်တွင်ပင် ရှေးရိုးစွဲဗီဇမဖျောက်ဖျက်နိုင်သေးဘဲ မဇ္ဈိမပဋိပဒါလမ်းကို ကျောခိုင်းသကဲ့သို့ ဖြစ်နေ မြင်နေသည်မှာ ဒီမိုကရေစီ၏ စံချိန်စံညွှန်းများနှင့်သာမက ဗုဒ္ဓ ဟောတရားစစ် တရားမှန်များနှင့်ပါ ဆန့်ကျင်နေကြောင်း တွေ့ရှိရသည်။
    အထက်ဖေါ်ပြပါ အဖြစ်အပျက်များ မတိုင်ခင် ယခင်ကတည်းက မြန်မာပြည်နေရာအချို့တွင် အလားတူ အဖြစ်အ ပျက်ကဲ့သို့ ဖြစ်ခဲ့၊ ရှိခဲ့သည်ကို သိရှိရသော်လည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအခြေအနေနှင့် စာနယ်ဇင်းသ တင်းရေးရာ အကျပ်အတည်းများကြောင့် ဖေါ်ပြနိုင်ခဲ့ခြင်း မရှိဟု နားလည်ပေးခဲ့သည်။ ယခုအခါ သတင်းစာနယ် ဇင်း မီဒီယာများအဖို့ ယခင်ကထက် ပွင့်လင်းစွာ ပြောဆိုရေးသား ဖေါ်ပြနိုင်နေပြီးဖြစ်ပါလျက်နှင့် အထက်ပါ အဖြစ် အပျက်ကဲ့သို့ ဥပေဒမဲ့၊ အကြမ်းဖက်ခြင်း၊ ဘာသာရေးအခြေပြု ခွဲခြားဖိနှိပ်ခြင်း၊ လူ့အ ခွင့်အရေး အသက်အိုးအိမ် စည်းစိမ် ထိပါးခြင်းများကို  အရေးပေး၊ ဖေါ်ထုတ်၊ သတင်းမှန်တင်ပြခြင်းများ မပြုလုပ်၊ မဆောင်ရွက်ခြင်းမှာ သတင်းစာနယ်ဇင်းကျင့်ဝတ်နှင့် အမှန်တရားကို မျက်ကွယ်ပြုထားသကဲ့သို့ ဖြစ်နေသည်။
    မြန်မာသတင်းဌာနများသည် ဥပဒေမဲ့၊ အာဏာအသုံးချ၊ အကြမ်းဖက်ခြင်းများကို မျက်ကွယ်ပြု လုံခြုံရေးပေးသည့် အာဏာပိုင်အဖွဲ့ များနှင့် အတူတူပင် ဖြစ်သည်ဟု မိမိတို့ ဖက်မှ မယူဆသည့်အလျောက်  အနာဂတ်တွင် မင်း မဲ့စရိုက်ဆန်စွာပြုမူခြင်း၊ ဥပဒေမဲ့ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးနှင့် ပြည်သူ့အကျိုး အိုးအိမ်စည်စိမ်ထိပါးခြင်း များအား တိုင်းပြည်၏ စတုတ္တ မဏ္ဍိုင် ပီသစွာဖြင့် လူမျိုးရေး၊ ဘာသာရေး ဘက်လိုက်ခြင်းကင်းစွာဖြင့် အမှန်တရား ဖက်မှရပ်တည်ပြီး ဖော်ထုတ်ပေးရန်၊ နစ်နာသူများအတွက် တရားမျှတမှု ရှိအောင် သတင်းမှန်များဖော်ထုတ် ပေးရန် မြန်မာမွတ်စလင်မ် ပြည်သူများ ကိုယ်စား လေးလေးနက်နက် တောင်းဆိုမေတ္တာရပ်ခံပါသည်။
    မြန်မာနိုင်ငံသား တမြေတည်းသား အားလုံး၏ နေ့စဉ်ဘ၀လုံခြုံရေး၊ အကျိုးစီးပွားတည်တံ့ဖွံ့ဖြိုးရေးများအတွက် သတင်းအချက်အလက်များ၊ အင်အားဖြည့်စွက်ရန် လိုအပ်လာပါက ကျွန်ုပ်တို့ MMSY မီဒီယာ အနေဖြင့် တတ်အားသရွေ့ ပါဝင်ကူညီရန် အဆင်သင့်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။
    MMSY မီဒီယာ (မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ မီဒီယာ)
    URL: – http://news.mmsy.info
    Contact: [email protected]
  • ခါးသက်တဲ့ကဗျာ
    အပြုံးအောက်မှာ ၀ှက်ထားတဲ့
    ခင်ဗျားတို့ရဲ့ ရင်တွင်းကဓါးသွားတွေမြင်တိုင်း
    အသက်ရှုရတာ………ခါးတယ်။        ။
    ယဉ်ကျေးမှုသိုးရေခြုံ
    လျှာဖျားက ဂရုဏာတရားတွေ
    ပလုံစီအောင်ထွက်ပေမယ့်
    မျက်နာမွဲ ရှုံးကျွဲတွေအတွက်တော့
    မကြည့်ဘဲလဲ……မြင်တယ်။     ။
    အတူယှဉ်တွဲနေထိုင်ခွင့်တဲ့လား
    ခြစားနေတဲ့ ရပိုင်ခွင့်တွေကြားထဲမှာ
    နဖူးတစ်နေရာစာ ဦးချစရာ မြေမရှိတဲ့
    ဘ၀တွေက………ရင်နာတယ်။      ။
    ခုတော့
    မုန်တိုင်းတွေ..တိုက်ပါ။
    လျှပ်စီးတွေ…လက်ပါ။
    မိုးသီးတွေ ….ကြွေပါ။
    အပြစ်မဲ့တွေရဲ့ မခမ်းခြောက်တဲ့မျက်ရည်နဲ့
    ကြံ့ကြံ့ခိုင်တဲ့ ငါတို့ယုံကြည်ခြင်းတွေအတွက်
    အစားပေးခြင်းခံရတဲ့တစ်နေ့မှာ……………………။
    …………………………………………..တနေ့မှာ  ။
    ရေးသူ~ စောအဲဗညား
  • သမိုင်းနဲ့သွေး အတွက်ရတဲ့ အလေး
    မြန်မာမွတ်စလင်မ်…..
    လူ့အညွှန့်တုံးဘဝကိုပျက်
    ယဉ်ကျေးမှုနာစေတဲ့
    အရက်ဆိုင်ဖွင့်စီးပွါးမရှာ
    မြန်မာမွတ်စလင်မ်
    စာရိတ္တပျက် နိုင်ငံသိက္ခာကျ
    အရှက်ရစေတဲ့
    ဇိမ်ခန်းဖွင့် စီးပွားမရှာ
    မြန်မာမွတ်စလင်မ်
    စီးပွားပျက် အကြွေးနွံ့နစ်
    ဘဝတုံးစေတဲ့
    အပေါင်ငွေတိုးစီးပွါးမရှာ
    မြန်မာမွတ်စလင်မ်
    တိုင်းပြည်သစ္စာဖောက်
    အကျိုးယုတ်စေတဲ့
    ယုတ်ညံ့အလုပ်ဘယ်မလုပ်
    မြန်မာမွတ်စလင်မ်
    အမျိုးကောင်းသမီးကို တိုင်းတစ်ပါး
    ရောင်းစားစီးပွါးမရှာ
    မြန်မာမွတ်စလင်မ်
    ခေတ်အဆက်ဆက် ပြည့်အရေး
    ရှေ့ဆုံးကနေ ဇီဝိန်ပေး စတေး
    သမိုင်းအစဉ်အလာကောင်း
    မြန်မာမွတ်စလင်မ်တို့
    ဒီနေ့ ….
    ဒီမြေမှာမွေး ဒီပြည်မှာကြီးပြီး
    ဒီနိုင်ငံသားအဖြစ် အရာမသွင်းချင် …
    ထစ်ခနဲဆိုေ-ာက်ကုလားလို့
    ခွဲခြား……
    မြေအတွက်သမိုင်းနဲ့သွေးပေးခဲ့လို့
    အသိအမှတ်ပြုနေတာလားနောင်တော်တို့။
    ချစ်ဦး နှင့် ကျာကျာကြီး ရေးဖွဲ့သည်။
  • မွတ်စလင်မ်တွေကို အကြမ်းဖက်သမားတွေလို့ ဘယ်သူပြောလဲ ?
    မွတ်စလင်မ်တွေကို အကြမ်းဖက်သမားတွေလို့ ဘယ်သူပြောလဲ ?
    အကြမ်းဖက်ဝါဒနဲ့ပက်သက်ပြီး မေးတဲ့ မေးခွန်းကို ဂျာမန်မွတ်စလင်မ်သာသနာ့ပညာရှင် ပြန်ဖြေတဲ့ အဖြေကို
    ကျွန်တော် သဘောကျမိတယ်။
    သူပြန်ဖြေတာက ဒီလိုဗျ….
    ပထမကမ္ဘာစစ် ကိုဘယ်သူစတင်ခဲ့သလဲ? မွတ်စလင်မ်တွေလား?….
    ဒုတိယကမ္ဘာစစ် ကိုကောဘယ်သူစတင်ခဲ့သလဲ? မွတ်စလင်မ်တွေလား?
    သြစတြေးလျမှာ အဘိုးရီဂျင်း မျိုးနွယ်ဝင် လူသန်းပေါင်း၂၀ လောက်ကို ဘယ်သူသတ်ခဲ့လဲ?မွတ်စလင်မ်တွေလား?
    နာကာဆာကီ နဲ့ ဟီရိုရှီိးမားမြို့တွေကို ဘယ်သူ နြူးကလီးယားဗုံးကျဲခဲ့တာလဲ… မွတ်စလင်မ်တွေလား?
    မြောက်အမေရိကက အင်ဒီးယန်း လူသန်းပေါင်း ၁၀၀ ကျော်ကို ဘယ်သူသတ်ခဲ့တာလဲ မွတ်စလင်မ်တွေလား?
    တောင်အမေရိက က အင်ဒီးယန်း လူသန်းပေါင်း ၅၀ ကျော်ကို ဘယ်သူသတ်ခဲ့တာလဲ မွတ်စလင်မ်တွေလား?
    အာဖရိကက လူသန်းပေါင်း ၁၈၀ ကို အစေခံကျွန်တွေအဖြစ် ဘယ်သူ သိမ်းပိုက်ခဲ့ပြီး
    အဲ့ဒီ့ထဲက ၈၈% ကို အတ္တလန္တိတ်သမုဒ္ဒရာထဲကို ဘယ်သူ (ရက်ရက်စက်စက်) ပစ်ချခဲ့ကြတာလဲ… မွတ်စလင်မ်တွေလား?
    မဟုတ်ဘူး…
    သူတို့မလုပ်ခဲ့ဘူး..
    မွတ်စလင်မ်တွေ မလုပ်ခဲ့ကြဘူး။
    ပထမဆုံး….အကြမ်းဖက်ဝါဒ ဘာလဲဆိုတာကို အရင် သေသေချာချာ အဓိပါယ်ဖွင့်ကြည့်ဖို့ လိုပါမယ်။
    တကယ်လို့ မွတ်စလင်မဟုတ်သူတစ်ယောက် မကောင်းတာ တခုခုလုပ်ရင်…အဲ့ဒါက ပြစ်မှုတဲ့ဗျ
    တကယ်လို့ အဲ့ဒီ့အရာကိုပဲ မွတ်စလင်မ်တစ်ယောက်ကလုပ်ခဲ့ရင် သူ့ကို အကြမ်းဖက်သမားတဲ့ဗျာ…
    ဒါ့ကြောင့် ဒီလို အမြင်၂မျိုးဖြစ်နေတဲ့ standard ကိုအရင် ဖယ်ရှားဖို့လိုပါတယ်ခင်ဗျ…ပီးမှ လိုရင်း point ကိုပြောသင့်တယ်။
    https://www.facebook.com/photo.php?fbid=278437098909202&set=a.262581083828137.64407.100002287420291&type=1 မှ ကူးယူ ၍ ဘာသာပြန်ဆိုပါသည်…
    * * * * * * * ** * * ** * * ** * * ** * * ** * * ** * * ** * * ** * * *
    တကယ်တမ်း သူတို့ သတ်ခဲ့တဲ့..ဗုံးတွေကြဲခဲ့ခြင်းခံခဲ့ရတဲ့ လူသန်းပေါင်းမြောက်များစွာကို သတ်ဖြတ်ခဲ့ကြတဲ့ လုပ်ရပ်ဟာ
    ပန်းနဲ့ပေါက်ခဲ့ခြင်း မဟုတ်ပါဘူး။
    လူသား မျိုးနွယ်ထုတွေကို မျိုးဖြုတ်သတ်ဖြတ်ခဲ့ကြတာပါ။
    တိရစ္ဆာန်တွေတောင် မျိုးမသုဉ်းအာင် ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ကြသေးတာပဲ..
    လူသားက အင်မတန် အသိဥာဏ် မြင့်မားပြီး တန်ဖိုး ကြီးပါတယ်။
    ဒီလို မျိုးဖြုတ်သတ်ဖြတ်ခဲ့ခြင်းက အကြမ်းဖက် လုပ်ရပ် မဟုတ်ဘူးလား ဟု မေးချင်ပါသည်။
    ကမ္ဘာ့ငြိမ်းချမ်းရေး ဖြို ခွဲနေသူများမှာ မည်သူများ ဖြစ်သူကို ကမ္ဘာသူ ကမ္ဘာသားများ မှန်မှန်ကန်ကန် သိစေချင်ပါသည်။
    အစ္စလာမ်က လူသားများအား အဓိပါယ်မဲ့ နိုင်ထက်စီးနင်း လုပ်ဖို့၊ ရက်စက်စွာ သတ်ဖြတ်ဖို့ ဝေးစွ…
    ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၅ အာယတ် ၃၂ မှာတောင်
    လူတစ်ယောက်၏ အသက်ကို ကယ်တင်ခြင်းသည် လူသား မျိုးနွယ်ထု တစ်ရပ်လုံး၏ အသက်ကို ကယ်တင်သကဲ့သို့ ဖြစ်သလို
    လူသားတစ်ယောက်ကို သတ်လျှင် လူသားမျိုးနွယ်ထု တစ်ရပ်လုံးကို သတ်သလိုဖြစ်သည် လို့ သင်ထားပါတယ်။
    Noble
  • ဂျမားတို့အဖိုး
    သူ့မှာ ဗမာနာမည် ရှိပေမဲ့ သူငယ်ချင်း အားလုံးက ငယ်ငယ်တည်းက “ဂျမား” ဆိုသော အိမ်နာမည်ကိုသာ ခေါ်ကြသော ကြောင့် ဗမာနာမည်ကို ဘယ်သူမှ မမှတ်မိတော့။ ဂျမား၊ နီတွတ်နှင့် ကံသိန်းတို့သည် နှစ်တန်းလောက် ကတည်းက လည်ပင်းဖက်၍ ကျောင်းနေခဲ့သူများလည်း ဖြစ်သည်။ ဂျမားမိဘတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းက ဘဲမွေးမြူခြင်း။ သူတို့မိသားစုက အစ္စလမ်ဘာသာ ကိုးကွယ်၍ အိန္ဒိယနွယ်ဖွား သွေးနှောထားသော ရုပ်ရေ သွင်ပြင်ကို ပိုင်ဆိုင်ကြသည်။ သူတို့ရွာက လူအများစု သည် မွတ်စလင်များ ဖြစ်သည်။ ထိုရွာသားတို့သည် ရှေးဗမာ ဘုရင်များ အဆက်ဆက် လက်အောက်တွင် အမှုထမ်းခဲ့ကြသော မြန်မာမွတ်စလင် စစ်သည်တော် အနွယ်များမှ ဆင်းဆက်လာ သူများလည်း ဖြစ်သည်။
    ရွာသားအများစုသည် ငါးဖမ်းခြင်း၊ ကိုင်းကျွန်းလုပ်ခြင်းဖြင့် အသက်မွေးကြသည်။ သို့သော် ဂျမား၏ မိဘများနှင့် ရွာသား အနည်းစုကတော့ တောင်သမန်အင်းကြီးကို အခြေပြု၍ ဘဲမွေးကြသည်။ အဲသည့် အချိန်တုံးက နီတွတ် မှတ်မိသလောက် ဂျမား မိဘတွေမှာ မွေးထားသော ဘဲများက အကောင်ရှစ်ရာ တထောင်လောက် ရှိမည်။
    မိုးတွင်းကုန်လို့ တောင်သမန်အင်းတွင် ရေကြသည့် အချိန်များမှစ၍ ဂျမား အဖေနှင့်အဖိုးတို့ လှေတစင်းစီဖြင့် ဘဲ ကျောင်းလေ့ ရှိသည်။ ရေကြသွား၍ ကုန်းပေါ်လာသော နေရာများတွင် ယာယီတဲများထိုး၍ အခြေပြုကာ တနွေလုံး၊ တဆောင်းလုံး ဘဲ ကျောင်းခြင်း အမှုကိုပြုကြသည်။ ဝါဆိုဝါခေါင် ရေပြန်တက်သည့် သုံးလကာလသို့ ရောက်မှ ရွာကို ပြန်နားကြသည်။
    ဂျမားပြောပြောနေသော သူ့အဖိုး၏ စွန်းစားခန်းများကား နီတွတ်တို့ သူငယ်ချင်း တအုပ်အတွက် ဘယ်အချိန် နားထောင် နားထောင် မရိုးနိုင်။ အဲတာ ဂျပန်ခေတ်တုံးက ဇာတ်လမ်းများ။ “ဂျမား ပြောစမ်းပါဦး။ မင်းအဖိုးက ဂျပန်စစ်သားတွေ ဘယ်လို ဆော်လိုက်တာလဲ” ဟု နီတွတ်က အစထောင်လေ့ရှိသည်။ ဂျမားကလည်း သူ့အဖိုးစွန့်စားခန်းကို ပွဲတောင်းသူ ရှိတိုင်း ဘယ်တော့မှ မငြင်း။ “ဒီလိုကွ… မူးလာတဲ့ ဂျပန်စစ်သား လေးယောက်က တောင်မြို့ (အမရပူရ) ဈေးကြီးနားမှာ မိန်းကလေး တယောက်ကို ဆွဲလားရမ်းလား လုပ်တာတွေ့လို့ ငါ့အဖိုးက ဈေးသည် တယောက်ဆီက ဆိုင်းထမ်းကိုယူပြီး တယောက်ပြီး တယောက် အလဲချထဲ့လိုက်တာ၊ နောက်တော့ ဂျပန်စစ်တပ်က လိုက်ဖမ်းလို့ တခြားရွာတွေမှာ သွားပုန်းနေရသေးတယ် ငါ့လူ”။ ဂျမား ကွယ်ရာကြမှ ကံသိန်းက “ငါထင်တာတော့ ဂျမားက ပိုပြောတာ နေမှာပါ။ သူ့အဖိုး ရိုက်ထည့်လိုက်တဲ့ ဂျပန်စစ်သားက ရှိလှမှ နှစ်ယောက်ပေါ့။ လေးယောက်နဲ့ တယောက် သတ်ရပုတ်ရတာ လွယ်တာ မှတ်လို့” ဟု အထွန့်တက်၏။ မည်သို့ပင်ဆိုစေ နီတွက်တို့ တအုပ်လုံးက တော့ ဗိုလ်ကျလာသည့် လူမျိုးခြား ဂျပန် စစ်သားတွေကို ဆော်ပလော် တီးထဲ့လိုက်သည့် ဂျမားတို့ အဖိုးကို အားရလှသည်။
    သည့်အပြင် နောက်ထပ် စွန့်စားခန်းတွေလည်း ရှိသေးသည်။ ဂျပန်ကို ပြန်၍တော်လှန်သည့် ကာလများတွင် ဂျမားတို့ အဖိုး သည် ဖက်ဆစ်တော်လှန်ရေး တပ်မတော်၏ ဒေသခံ ပျော်ကျားရဲဘော် တဦးလည်း ဖြစ်ခဲ့သည်။ “ငါ့အဖိုးက သေနတ် ပစ်တာ သိပ်လက်ဖြောင့်တယ်။ တခါတော့ ရွာနဲ့မလှမ်းကမ်း တောတန်းနားမှာ ဗြုံးဆို ဂျပန်စစ်သားတွေ နဲ့ မျက်နှာချင်းဆိုင် ပက်ပင်း တိုးရောတဲ့။ အဲတာ ငါ့အဖိုးက ခါးကြားထဲမှာ ဖွက်ယူလာတဲ့ ခြောက်လုံးပူးကို အမြန်ထုတ် ပြီး သုံးချက်ဆက်တိုက် ပစ်လိုက်တာ ရှေ့ဆုံးက ဂျပန်စစ်သား သုံးယောက် ခေါက်ကနဲကို လဲတာတဲ့။ အဲဒါ နောက်က ဂျပန်စစ်သားတွေ ရုတ်တရက် ကြောင်နေတုံး အမြန်ပြေးပြီး ပျောက်ကျားရဲဘော်တွေ စခန်းခြနေတဲ့နေရာကို သတင်း သွားပို့တယ်။ ပြီးတော့ ပြောက်ကျားရဲဘော်တွေက ငါ့အဖိုးနဲ့အတူ အဲသည့် ဂျပန်စစ်သားတွေ နောက်ကို လိုက်တိုက်တာ ဂျပန်တွေ တပ်လုံး ပြုတ်ပဲတဲ့မောင်”။ ကံသိန်းကား ထုံးစံအတိုင်းပင်။ စွန့်စားခန်းကို ကြိုက်သော်လည်း “ဂျမား ဆိုတဲ့ကောင်က နည်းနည်း တော့ ပိုလိုက်ရမှ” ဟု ကွယ်ရာတွင် ဝေဖန်လိုက်သေးသည်။
    သည်လိုနှင့် ရှစ်တန်းကျောင်းသားများဘဝ စာမေးပွဲအပြီးတွင် နီတွတ်တယောက် တောင်သမန်အင်းစောင်း တနေရာတွင် အခြေစိုက်ထားသော ဂျမားတို့ ဘဲခြံကို အလည်လိုက်သွားသည်။ သီချင်းထဲကလို ဘဲအုပ်က တရာနှစ်ရာ မက ဘဲပင်လယ်ကြီး ဖြစ်နေသည်။ သူတွေ့ဖူးခြင်နေသော ဂျမားတို့အဖိုး လူစွန့်စားကြီးကို တွေ့ရသည်။ ထောင်ထောင် မောင်းမောင်းနှင့် သန်သန် မာမာကြီး ရှိတုံး။ နီတွက်က သူသိလိုသည်များကို အဖိုးကြီးအား မေးလိုက်မည်ဟု အားခဲ ထားသည်။ အဖိုးကြီးက သဘော ကောင်းပုံ ရသော်လည်း တခွန်းမေးမှ တခွန်းဖြေသည်။ သူ့ကြည့်ရသည်မှာ ခပ်အေးအေး။ ပြီးတော့ လှေကလေး တစင်းနှင့် ဘဲကျောင်းထွက် သွားသည့်အတွက် နီတွတ်မေးလိုသည်များ ကုန်စင်အောင် မမေးလိုက်ရ။ သည်တော့ နီတွက်က ဂျပန် ခေတ်တုံးက ကလေးသာသာသာ အရွယ်သာ ရှိသေးသော ဂျမား အဖေကို သူသိလိုသည်များ လျောက်မေးတော့သည်။ ညနေအိမ်ပြန်တော့ ဂျမားတို့မိသားစုက သူ့ကို ဘဲဥများ လက်ဆောင် ပေးလိုက်သေးသည်။ ဝါးနှီးဖြင့် ရက်ထားသော ခြင်း ကလေးထဲတွင် အစိမ်းရောင် သန်းနေသော ဘဲဥများက အစီအရီ။
    သူတို့တသိုက်လုံး ရှစ်တန်းအောင်ကြသော်လည်း ဂျမားကားကျောင်း ထွက်သွားသည်။ သူအိမ်ရဲ့ အဓိကလုပ်ငန်း ဖြစ်သော ဘဲကျောင်းခြင်း၊ ဘဲဥကောက်ခြင်းများ အတွက် မိသားစုအတွက် ကူဖို့ဖြစ်သည်။
    တနေ့တော့ နီတွတ်တယောက် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေတုံး ဘေးဝိုင်းက အဖိုးကြီးများ ဂျပန် ခေတ်က အကြောင်းများ ပြောနေသည်ကို ကြားနေရသဖြင့် စပ်စုလေ့ရှိသော သူ့ဝသီအတိုင်း “အဘတို့ကို မေးရဦးမယ်။ ဂျပန်ခေတ် တုံးက ဦးဗကို (ဂျမား၏အဖိုး) ဆိုတာ ဂျပန်ကိုတိုက်တဲ့ နေရာမှာ တော်တော် လက်သံပြောင်တယ် ဆိုတာ ဟုတ်သလား” ဟုမေးလိုက်သည်။ အဖိုးကြီးအားလုံးက “ဟုတ်တယ်ကွ” ဟု တညီတညာတည်း ပြန်ဖြေကြသည်။ ထိုအထဲမှ အဖိုးကြီးတဦးက “မင်းတို့ကျောင်းက ဘော်လုံးကန် ကောင်းတဲ့ ဟိုကောင်လေးဟာ ဘယ်သူတဲ့ သူ့နာမည်က” ဟု နီတွတ်ကို မေးလိုက်၍ ဂျမားပါ အဘဟု ပြန်ဖြေလိုက်သည်။ “အေး… ဂျမားက ကိုဗကိုရဲ့ မြေးလေး မို့လား။ ဂျပန် ခေတ်တုံးက ကိုဗကိုကို ဂျပန်တွေက သိပ် ဖမ်းချင်တာ။ အသေရရ အရှင်ရရပဲ။ သူက လစ်ရင် လစ်သလို ဂျပန်တွေကို ဆော်တာဟေ့။ ဂျပန်တွေဆိုတာ သူ့ကိုမိအောင် မဖမ်းနိုင်ဖူး။ သေနတ်ပစ်ကလည်း ကောင်းတယ်မောင်။ အဲသည့် ခေတ်တုံးက လူတွေက သူ့ကို “ခြောက်လုံးပူးဗကို” ဆိုပြီး ခေါ်ကြတယ်။ အဲသလို သတ္တိဗျတ္တိ ကောင်းကောင်းနဲ့ တာဝန် ထမ်းခဲ့လို့ မော်ကွန်းဝင် ဒုတိယဆင့်တောင် ရထားတာ။”
    အခုမှ နီတွတ် အတော်လေး ဘဝင်ကြသွားသည်။ ဂျမားတို့အဖိုးက သူတို့ငယ်ငယ်ကတည်းက ပုံပြင်လာ သူရဲကောင်း တယောက်ပေကိုး။ ကံသိန်းကို ဘယ့်နှယ့်လဲ မင်းအခုယုံပြီလား ဆိုသောသဘောဖြင့် မေးငေါ့၍ အသံတိတ် မေးလိုက် သည်။ လူကြီးများက ဟုတ်သည်ဟု ထောက်ခံချက် ပေးထားသောကြောင့် ကံသိန်းလည်း ခါတိုင်းလို အထွန့်မတက်သာ။
    သည်လိုနှင့် နီတွတ် တယောက် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့သည်။ ဂျမားနှင့် ဟိုအရင် ငယ်ငယ်တုံးကလို မဆုံ ဖြစ် တော့။ သို့သော် မြင်းလှည်း အမိုးပက်လက် တစင်းဖြင့် ဈေးသို့ဘဲဥပို့လေ့ရှိသည့် ဂျမားနှင့် တခါတရံ လမ်းတွင်ဆုံ ပါက နီးရာ လက်ဖက်ရည်ဆိုင်တွင် နှစ်ယောက်သား အတူထိုင်ဖြစ်သေးသည်။
    “နီတွတ်ရေ ဂျမားတယောက် မတွေ့တာ အတော်ကြာပြီ။ မင်းနဲ့ကော ဆုံဖြစ်သေးလား” လဖက်ရည်ဆိုင်ထဲ ဝင်ဝင်ခြင်း ကံသိန်းက လှမ်းမေးလိုက်သည်။ စားပွဲတွင် ဝင်ထိုင်လိုက်ရင်း”အေးကွ မင်းပြောမှပဲ။ ဒီကောင့်ကို မတွေ့တာ လေးငါး ခြောက် လ လောက်တောင် ရှိပလား မှတ်တယ်” ဟု နီတွက်က ပြန်ဖြေလိုက်သည်။ သည်လိုနှင့် ရောက်တတ် ရာရာများကို ပြောနေရင်း အချိန်လည်း အတော်ကြာသွားပြီးမို့ လူစုခွဲမလို့ လုပ်နေတုန်း ဂျမားတယောက် လဖက် ရည်ဆိုင်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ခြလာသည်။ ဂျမားနှင့်မတွေ့တာ ကြာပြီဆိုတော့ သူတို့လည်း လူစုမခွဲဖြစ် သေးဘဲ ဂျမားနှင့်အတူ ဆက်၍ထိုင်ရင်း ခါတိုင်း လို လေကန်ဖို့ တာစူလိုက်သည်။
    ဂျမားမျက်နှာကား လန်းလန်းဆန်းဆန်း မရှိ။ တခုခုနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်နေဟန်ရှိသည်။ လဖက်ရည်ခွက်ကို ဖြည်းဖြည်းမ၍ တကျိုက်သောက်လိုက်ပြီးမှ ဂျမားကဤသို့ ရင်ဖွင့်လေသည်။ “တလောကကွာ ငါ့အဖိုး မျက်လုံးခွဲဖို့ ရန်ကုန်ကို ဆင်းကြတယ်။ အဖိုးက အဲသည့်အချိန်အထိ မှတ်ပုံတင် မရှိသေးတော့ ရန်ကုန်မသွားခင် မြို့နယ် လဝက ရုံးမှာ မှတ်ပုံတင် သွားလုပ်ရတယ်။ မှတ်ပုံတင်တော့ ချက်ခြင်းလုပ်လို့မရဖူး။ ဒါပေမဲ့ မှတ်ပုံတင် လုပ်ထားဆဲ ဖြစ်ကြောင်းနဲ့ နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံစာတော့ ရေးပေးလိုက်တယ်။ အဲတာ ရန်ကုန်အသွား ရထားပေါ်မှာ ကွာ ပြဿနာ အကြီးအကျယ် တက်ခဲ့လို့။ အဖိုးလည်း တော်တော် စိတ်မကောင်း ဖြစ်သွားတာ အခုအထိပဲ။” နီတွတ်က “ဘယ်လို ဖြစ်တာတုံး” ဟု ဂျမားကို မေးလိုက်သည်။
    “ဒီလိုကွာ တော်တော်လည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ မန္တလေးက ရထားထွက်လို့ ကျောက်ဆည်ဘူတာ ရောက်တော့ ရဲတွေ တက်လာပြီး မှတ်ပုံတင်စစ်တယ်။ ငါကရှစ်တန်းဖြေတုံးက မှတ်ပုံတင် လုပ်ထားတာဆိုတော့ သူတို့စစ်တော့ ထုတ်ပြ လိုက် တယ်။ ဒါပေမဲ့ ငါ့အဖိုးကြတော့ ဒီလိုထောက်ခံစာနဲ့ ခရီးသွားခွင့် မရှိဖူးဆိုပြီး လုပ်လာတယ်။ နောက် ဗမာစကား ကောင်း ကောင်း ပြောတတ်ကဲ့လား ဘာလားနဲ့လည်း စစ်ကြောသေးတယ်။ မင်းတို့လည်း သိသားပဲ ငါတို့တရွာလုံး ဗမာ စကားတမျိုးပဲ ပြောတာ နှစ်ပေါင်းသုံးရာတောင် ကျော်ပလားမှတ်တယ်။ ကုလားလို လည်း ငါ့အဖိုးလို အရွယ်မျိုးတွေက အစ ရွာမှာဘယ်သူမှ မတတ်တော့တာ။ အဲတာကွာ ရဲတွေက ဆက်ဆံတာကလည်း ရိုင်းချက်ကတော့။ မင်းတို့ ကုလားတွေက လယ်ကိုလယ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်။ နိုင်ငံသား မဟုတ်ဖူးမို့လား မှန်မှန်ပြော၊ ဒီထောက်ခံစာ ကကော စစ်ကဲ့လားဆိုပြီး ညစ်ကျယ်ကျယ် လုပ် နေတာပေါ့ကွာ။ ငါ့အဖိုးက သေသေချာချာ ရှင်းပြပါတယ်။ ငါတို့က မြန်မာ မွတ်စလင်တွေပါ။ အခုမှ ခိုးဝင်လာတဲ့သူတွေ မဟုတ်ပါဖူးပေါ့။ အသိသာကြီးပဲ သူငယ်ချင်းရာ မင်းတို့ စဉ်းစားသာကြည့် ငါတို့ပြောတဲ့ ဗမာစကားက မင်းတို့လိုပဲ ဥစ္စာ။ မနေ့တနေ့ ကမှ ဒီတိုင်းပြည်ကို ခိုးဝင်လာတဲ့သူက ဘယ်လိုလုပ်ပြီး ဗမာလို ပီအောင် ပြောနိုင်မလဲ။ ဗမာလို ပြောတတ်ရင် တောင် လေသံက ကုလားလေဝဲဦးမယ်။ ”
    ဂျမားက စကားကို ခဏဖြတ်လိုက်ရင်း ဒူးယားတလိပ် ကောက်၍မီးညှိလိုက်သည်။ ပြီးမှ “အဲတော့ ရဲတွေက ဘယ်လို ပြန်ပြော သလဲဆိုတော့ မြန်မာမွတ်စလင်ဆိုတာ ဒီတိုင်းပြည်မှာ မရှိဖူးတဲ့။ မြန်မာမှန်ရင် ဗုဒ္ဓဘာသာပဲ ရှိတယ်တဲ့။ ကုလားဟာ ကုလား ပဲတဲ့။ မြန်မာမွတ်စလင်ဆိုတာ မင်းတို့ စောက်ကုလားတွေ လူလည်လုပ်ပြီး ထွင်ထားတာ ဆိုပြီး ကွာ မအေနှမနဲ့တိုင်းပြီး ဆဲ သေးတယ်။ ဒီတိုင်းပြည်မှာနေရင် ကောင်းကောင်းနေကြ ဘာညာဆိုပြီးလည်း သဟောက် သဟမ်း လုပ်သေးတယ်။ နောက်ဆုံး တော့ ငါ့ကိုတွဲထောင့်ခေါ်ပြီး ပိုက်ဆံတောင်းတယ်။ ထောင့်ငါးရာတောင် ပေးလိုက်ရတယ် သူငယ်ချင်းရေ။ အဲတာပဲဟေ့ ဇတ်လမ်းကတော့”။ ထိုအချိန်က ရွှေတကျပ်သားမှ သုံးထောင်သာ ရှိသောခေတ်။ ရွှေငါးမူး သားဖိုး ရဲတွေက ဓါးပြတိုက် သွားခြင်းပင်။
    နီတွက်ကော ကံသိန်းပါ ဂျမားတို့ မြေးအဖိုးနှင့်ထပ်တူ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရသည်။ ကာယကံရှင်များ ကတော့ ပို၍ စိတ်နှလုံးညှိုးခြုံး ပေလိမ့်မည်။ မြန်မာပြည်ဟာ ဘာသာရေး လူမျိုးရေး မခွဲခြားတဲ့ တိုင်းပြည်ဆိုတာ တကယ်တမ်း တော့ မဟုတ်။ အထူးသဖြင့် အာဏာပိုင်များတွင် ခွဲခြားရေးစိတ် ပိုရှိသည်။ တောင်ပေါ် မြေပြန့် လူမျိုးရေးလည်း ခွဲခြားသည်။ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန် တွေက မြန်မာနိုင်ငံအပေါ် သစ္စာမရှိသလိုလို၊ ရာနှုန်းပြည့် မြန်မာနိုင်ငံသား မဟုတ်သလိုလိုလည်း လုပ်တတ်သေးသည်။
    ဂျပန်ကိုတော်လှန်ခဲ့တဲ့ ပျောက်ကျားရဲဘော်ကြီး၊ သေနတ်ပစ်ကောင်း၍ ခြောက်လုံးပူးဗကိုဟု သူတို့နယ်တွင် နာမည် တွင်ခဲ့ သူကြီး၊ နီတွတ်တို့ ကံသိန်းတို့ အားကျခဲ့သော မော်ကွန်းဝင်ဒုတိယဆင့် သူရဲကောင်းကြီးကား ရုပ်ရေ လက္ခဏာ ကုလားဖြစ်ရ သောကြောင့်၊ ကိုးကွယ်သည့် ဘာသာက မွတ်စလင် ဖြစ်ရသောကြောင့် မြန်မာနိုင်ငံသား စစ်စစ် မဟုတ်ဟု ခွဲခြားခံရသည်။ ဖိနှိပ်ခံရသည်။ နှစ်ပေါင်းရာချီ၍ ခေတ်အဆက်ဆက် အုပ်ချုပ်သူအဆက်ဆက် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခဲ့ရသော် လည်း သူတို့ကား အသိအမှတ် ပြုမခံရ။
    “အဲတော့ အဖိုးက နောက်ဆိုရင် ဘာကိစ္စပဲရှိရှိ ခရီးမသွားတော့ဖူးလို့ ဆိုတယ်ကွ။ ပြီးတော့ ကိုယ့်ကိုလူတွေ ကောင်းကောင်း သိတဲ့ အရပ်မှာပဲနေရင်း သေမယ်လို့လည်းပြောတယ်” ဟု ဂျမားက သူ့စကားကို အဆုံးသတ်လိုက်တော့ သည်။
    သည်မြေသည်ရေမှာ အတူမှီတင်း နေထိုင်ကြသည့် လူအချင်းချင်း လူမျိုးရေး၊ ဘာသာရေးအရ မခွဲခြားသည့် သူတို့လို လူမျိုး တွေလည်း ရှိသေးကြောင်း ဂျမားအဖိုးကို ပြောပြလိုသည့် ဆန္ဒက နီတွတ်ရင်ထဲမှာ တဖွားဖွား။ သို့သော် သူ၏ သူရဲကောင်းကြီး ကား နှလုံးသားတွင် ဒဏ်ရာရသွားခဲ့ခြေပြီ။
    ဇော်မင်း (လူ့ဘောင်သစ်)
    ၂၃ ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်
    Source