News @ M-Media

Month: October 2013

  • အောက်တိုဘာ ၂၇၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၇၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media

    နေးမာမှာ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာသည်ဟု မာတီနိုဆို


    ရီးယဲလ်မက်ဒရစ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သည့် ဘရာဇီးတိုက်စစ်မှူးနေးမာထံမှ စွမ်းဆောင်ရည် များကို ပိုမို တွေ့မြင် ရမည်ဟု ဘာစီလိုနာအသင်းနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    အသက် ၂၁ နှစ်အရွယ်ရှိ နေးမာမှာ ရီးယဲလ်မက်ဒရစ်နှင့်ပွဲတွင် ခြေစွမ်ပြခဲ့ပြီး ပထမဂိုးကို သွင်းယူပေးခဲ့ကာ ဆန်းချက်စ်၏ ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

    “အခုပွဲမှာ နေးမာဟာ အကောင်းဆုံးကစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပိုကောင်းတဲ့ပုံစံကို ကျွန်တော်မြင်ဖူးပါတယ်။  ရီးယဲလ်ကို သူသွင်းတဲ့ဂိုးဟာ အရေးပါပါတယ်။ ဒါပေမယ့် သူဒီထက်ပိုကောင်းအောင် ကစားခဲ့တဲ့ပွဲတွေကို ကျွန်တော်မြင်ဖူးပါတယ်” ဟု မာတီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _________________________

    ချမ်းသာသောအသင်းပိုင်ရှင်များက ဘောလုံးလောကအတွက် ကောင်းသည်ဟု မော်ရင်ဟိုဆို


    လာမည့်စနေနေ့တွင် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက ပိုက်ဆံချမ်းသာသည့် အသင်းပိုင်ရှင်များမှာ ဘောလုံးလောက အတွက် အနှောက်အယှက်မဟုတ်ဘဲ၊ ဘောလုံးလောကအား ကူညီပေးသည်ဟု ပြောကြားလိုက်သည်။

    ၂၀၀၃ ခုနှစ်က ရုရှားသူဌေး အီဗရာဟီမိုဗစ်ခ်ျက ချယ်ဆီးအသင်းအား ၀ယ်ယူပြီး ပေါင် ၁ ဘီလီယံကျော်သုံးစွဲခဲ့ကာ အသင်းအား အားဖြည့်ခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ချယ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်ခဲ့သည်။

    မန်ချက်စတာစီးတီးအသင်းမှာလည်း ယူအေအီးသူဌေး ရှိခ်မန်စူရ် ၀ယ်ယူပြီးနောက်ပိုင်း ထိုကဲ့သို့ အောင်မြင်မှုများရရှိခဲ့သည်။ မော်ရင်ဟိုက ထိုအချက်များကို ဖော်ပြ ခဲ့ပြီး ဘောလုံးလောက တိုးတက်မှုအတွက်သော့ချက်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “ဘောလုံးလောကမှာ ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်ပါတယ်။ ပြီတော့ ဘောလုံးကိုချစ်မြတ်နိုးပြီး အသင်းငယ်လေးတွေကို အသင်းကြီးတွေဖြစ်အောင် လုပ်ချင်တဲ့သူတွေ လည်း လိုပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _________________________

    ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ဖက်ဒါရာတက်ရောက်


    ဆွစ်ဇာလန် နိုင်ငံတွင်ကျင်းပလျက်ရှိသည့် ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲသို့ ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါရာ တက်ရောက်သွားခဲ့ပြီဟု သိရသည်။

    ကမ္ဘာ့အဆင့် ၆ ရှိ ဖက်ဒါရာမှာ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် ၄၀ ရှိ ကနေဒါနိုင်ငံသား ဗာဆက်က် ပို့စ်ပီဆီလ်အား အကြိတ်အနယ်ကစားကာ ၆-၃၊ ၆-၇၊ ၇-၅ ဖြင့်အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

    “ဒီနေ့ဟာ ပရိတ်သတ်တွေအတွက်ထူးခြားတဲ့နေ့ပါ။ ကျွန်တော် ဒီလိုမျိုးအနိုင်ရအောင် သူတို့က ကူညီခဲ့တာပါ။ ကြိုးကြိုးစားစားနဲ့လေ့ကျင့်ရတာ တန်သွားပါပြီ” ဟု ဖက်ဒါရာက ပြိုင်ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် အာဂျင်တိုင်း တင်းနစ်သမား ဒဲလ်ပေါ်ထရိုနှင့် ပြင်သစ်တင်းနစ်သမား အဒူယာဒ် ရော်ဂျာ ဗက်စ်စီလင်တို့ပွဲတွင် ဒဲလ်ပေါ်ထရိုက ၆-၄၊ ၄-၆၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ၂ နာရီနှင့် ၆ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် ပေါ်ထရိုမှာ ပထမပွဲငယ်တွင်အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲငယ်တွင်ရှုံးနိမ့်ခဲ့သော်လည်း
    တတိယပွဲငယ်တွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့၍ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “ဒုတိယပွဲငယ်အဆုံးပိုင်းမှာ ကျွန်တော် အမှားတော်တော်များများ လုပ်ခဲ့ပါတယ်။ သူ(ဗက်စ်စီလင်)ဟာ ဒီအခွင့်အရေးကို အမိအရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်ကောင်းကောင်းကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်” ဟု ပေါ်ထရိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဒဲလ်ပေါ်ထရိုမှာ ATP Swiss Indoors တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဖက်ဒါရာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    skysports

    _________________________

    WTA Championships ဗိုလ်လုပွဲတွင် ဆရီနာနှင့် လီနာတို့တွေ့ဆုံမည်

    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင်ကျင်းပပြုလုပ်နေသည့် WTA ရာသီပိတ် တင်းနစ်ပြိုင်ပွဲဖြစ်သည့် WTA Championships နောက်ဆုံးဗိုလ်လုပွဲတွင် အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာ ၀ီလီယံနှင့် တရုတ် တင်းနစ်မယ် လီနာတို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဟုသိရသည်။

    ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ၀ီလီယံမှာ ဂျလီနာ ဂျန်ကိုဗစ်ကိုလည်းကောင်း၊ လီနာက ကဗီတိုဗာကိုလည်းကောင်း အသီးအသီးအနိုင်ရရှိခဲ့သည်။

    လက်ရှိချန်ပီယံ ဆရီနာမှာ ဂျန်ကိုဗစ်ကို ပထမပွဲငယ်တွင်အနိုင်ရရှိခဲ့သော်လည်း ဒုတိယပွဲငယ်တွင် အရှုံးပေးခဲ့ရသည်။ သို့သော်လည်း အဆုံးအဖြတ်ပွဲစဉ်ဖြစ်သည့် တတိယပွဲငယ်တွင် ဆရီနာက အနိုင်ရရှိအောင်ကစားနိုင်ခဲ့ပြီး ၆-၄၊ ၂-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    တရုတ်တင်းနစ်မယ် လီနာမှာ ချက်နာမည်ကြီး တင်းနစ်မယ် ပီထရာ ကဗီတိုဗာအား ၆-၄၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့သည်။ ယခင်က ကဗီတိုဗာနှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး သုံးကြိမ်စလုံးရှုံးနိမ့်ခဲ့သည့် လီနာမှာ ယခုပွဲတွင်မှအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    skysports
    _________________________

    အာဆင်နယ်၊ လီဗာပူးလ်တို့ အမှားမရှိခဲ့ဘဲ အဲဗာတန်၊ မန်ယူနှင့် ဆောက်သက်တမ်တို့ အနိုင်ရခဲ့ကြသည့် ပရီးမီးယားလိဂ် ပွဲစဉ်-၉ စနေနေ့ည ပွဲစဉ်များ

    ပရီးမီးယားလိဂ်ပွဲစဉ် ၉ အဖြစ် စနေနေ့က ၆ ပွဲကစားခဲ့ရာ ဇယားထိပ်ဆုံးတွင်ရှိ နေသည့် အာဆင်နယ်၊ လီဗာပူးလ်အပါအ၀င် အဲဗာတန်၊ မန်ယူနှင့် ဆောက်သက်တမ်တို့ အသီးသီးအနိုင်ရရှိခဲ့ကြသည်ဟုသိရသည်။

    ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်

    ဇယားထိပ်တွင်ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ ခရစ္စတယ်ပဲလေ့စ် အသင်းအား အဝေးကွင်းတွင်အမှားအယွင်းမရှိအနိုင်ရရှိခဲ့သည်။ သို့ရာတွင် အလွယ်တကူ အနိုင်ရရှိခဲ့ခြင်းမျိုးမဟုတ်ခဲ့ပေ။

    ခရစ္စတယ်ပဲလေ့စ်အသင်း၏ နည်းပြ အီယန်ဟော်လိုဝေးမှာ အသင်နှင့်လမ်းခွဲခဲ့ပြီး အသင်းအား လက်ထောက်နည်းပြမှ တာဝန်ယူကိုင်တွယ် ခဲ့သော်လည်း အာဆင်နယ် အသင်းအား ယှဉ်ကစားနိုင်ခဲ့သည်။

    အာဆင်နယ်အသင်းအတွက်ဦးဆောင်ဂိုးကို ပထမပိုင်းနာကျင်အချိန်ပိုတွင်မှ ရရှိခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်လူ အာတီတာက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဒုတိယပိုင်း ၆၄ မိနစ်တွင် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ချာမက်လွတ်ထွက်သွားသည်ကို နောက်မှ ဆွဲလှဲခဲ့သည့်အတွက် အာတီတာမှာ တိုက်ရိုက်အနီကဒ်ဖြင့်ထွက်ခဲ့ရပြီး ကျန်ရှိသည့် ပွဲချိန်ကို အဆင်နယ်အသင်းက တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။

    တစ်ယောက်လျော့သွားပြီးနောက် အာဆင်နယ်အသင်းမှာ ထိန်းကစားနိုင်ခဲ့ပြီး ၈၆ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် အာဆင်နယ်တို့ ဒုတိယဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ရမ်ဆေး၏ ဖန်တီးမှုမှတစ်ဆင့် ဂျရူးက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
    …………………………………………..

    လီဗာပူးလ် ၄-၁ ၀က်စ်ဘရွန်း

    အန်ဖီးလ်တွင်ကစားခဲ့သည့် ယခုပွဲတွင် လီဗာပူးလ်အသင်းက ဆွာရက်ဇ်၏ ဟက်ထရစ်ဂိုးဖြင့် အောင်ပွဲခံနိုင်ခဲ့သည်။

    ဦးဆောင်ဂိုးကို လီဗာပူးလ်အသင်းက ၁၁ မိနစ်တွင် စောစီးစွာရရှိခဲ့ပြီး ကိုလိုတိုးယေး၏ ဖန်တီးမှုမှတစ်ဆင့် ဆွာရက်ဇ်က သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးကိုလည် ၁၆ မိနစ်တွင် ထပ်မံရရှိခဲ့ပြီး ဆွာရက်ဇ်ကပင် ခေါင်းတိုက်သွင်းယူပေးခဲ့ကာ ပထမပိုင်းအပြီးတွင် လီဗာပူးလ်အသင်းက ၂ ဂိုးပြတ်ဖြင့်ဦးဆောင်နေခဲ့သည်။

    ဒုတိယပိုင်းတွင်လည်း လီဗာပူးလ်ကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ၅၅ မိနစ်တွင် တတိယဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဂျာရတ်၏ ဖရီးကစ်ဖြတ်တင်ဘောမှ တစ်ဆင့် ဆွာရက်ဇ် ကပင် ၎င်း၏ ဟက်ထရစ်ဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့သည်။ ၆၆ မိနစ်တွင် ဧည့်သည် ၀က်စ်ဘရွန်းအသင်းတို့ ချေပဂိုးရရှိခဲ့ပြီး ပင်နယ်တီမှတစ်ဆင့် ဂျိမ်းစ်မောရစ်ဆန်မှ သွင်းယူပေးနိုင်ခဲ့သည်။ လီဗာပူးအသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို တိုက်စစ်မှူး စတားရစ်ဂ်ျက ၇၇ မိနစ်တွင်သွင်းယူပေးခဲ့သည်။

    လီဗာပူးလ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ဒုတိယနေရာတွင် ဆက်လက်ရှိနေခဲ့သည်။
    ……………………………………….

    မန်ယူ ၃-၂ စတုတ်

    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံမန်ယူအသင်းမှာ အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ရွန်နီ၊ ဟာနန်ဒက်ဇ်တို့၏ နောက်ကျသွင်းဂိုးများဖြင့် စတုတ်စီးတီးအား အနိုင်ရရှိခဲ့သည်။

    ပရီးမီးယားလိဂ် ၈ ပွဲကစားပြီး ၃ ပွဲသာအနိုင်ရရှိထားသည့် မန်ယူအသင်းမှာ ယခုပွဲတွင်အနိုင်ရရှိရန်ပြင်ဆင်ခဲ့သော်လည်း ဦးဆောင်ဂိုးကို ဧည့်သည့် စတုတ်အသင်းမှ ပွဲအစ ၄ မိနစ်တွင်ရရှိခဲ့သည်။ စတုတ်တိုက်စစ်မှူး ပီတာခရော့ခ်ျက အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက်ရ ပြီးနောက် မန်ယူအသင်းမှာ ချေပဂိုးရရန် ကြိုးစားကစားခဲ့သော်လည်း ၄၂ မိနစ်တွင်မှ ချေပဂိုးရရှိခဲ့ပြီး ဗန်ပါစီက သွင်းယူပေးခဲ့သည်။

    ချက်ချင်းဆိုသလိုပင် စတုတ်အသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ဖရီးကစ်မှ တစ်ဆင့် မာကို အာနူတိုဗစ်က သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင် မန်ယူအသင်းမှာ ချေပဂိုးရရှိရန်တင်ကစားလာခဲ့ပြီး ပွဲမှာအနည်းငယ် ကြမ်းလာခဲ့သည်။ ၇၇ မိနစ်တွင် မန်ယူတို့ချေပဂိုးရခဲ့ပြီး ဗန်ပါစီ၏ ထောင့်ကန်ဘောကို ရူနီက ခေါင်းတိုက်သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအတွက် အနိုင်သေချာစေမည့် အဖိုးတန်ဂိုးကို ၂ မိနစ်အကြာတွင် ဟာနန်ဒက်ဇ်က အီဗရာ၏ ဖန်တီးပေးပို့မှုမှတဆင့် အနီးကပ် ကန်သွင်းယူနိုင်ခဲ့သည်။

    မန်ယူအသင်းမှာ ယခုနိုင်ပွဲကြောင့် အဆင့် ၈ နေရာသို့ ရောက်ရှိလာခဲ့ပြီး နည်းပြမိုယက်စ်မှာလည်း ဖိအားအနည်းငယ်လျော့ကျခဲ့သည်။
    ………………………………………

    အက်စတွန်ဗီလာ ၀-၂ အဲဗာတန်

    ယခုနှစ်ရာသီတွင် ပုံစံကောင်းများပြသနေသည့် အဲဗာတန်အသင်းမှာ ယခုပွဲတွင်လည်း အက်စတွန်ဗီလာအသင်းအား ဝေးကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူနိုင်ခဲ့သည်။

    အဲဗာတန်အသင်းအတွက်ဂိုးများကို ဒုတိယပိုင်းတွင်ရရှိခဲ့ခြင်းဖြစ်ပြီး ၆၈ မိနစ်တွင် ရိုမယ်လို လူကာကူနှင့် ၈၁ မိနစ်တွင် အိုစမန်တို့က အသီးသီးသွင်းယူပေးခဲ့သည်။
    …………………………………….

    ဆောက်သက်တမ် ၂-၀ ဖူလ်ဟမ်

    စိန့်မေရီကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အိမ်ရှင်ဆောက်သက်တမ်အသင်းက ပထမိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

    အိမ်ရှင်အသင်းအတွင်း ဦးဆောင်ဂိုးကို မိနစ် ၂၀ တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဂျေး ရော်ဒရီးဂွက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရစ်ကီလမ် ဘာတ့်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးကာနီး ၄၂ မိနစ်တွင် ဆောက်သက်တမ်တို့ ဒုတိယဂိုးရရှိခဲ့ပြီး လမ်ဘာ့တ်၏ ခေါင်းတိုက်ချပေးမှုက တစ်ဆင့် ဂျေးရော် ဒရီဂွက်ဇက်က သွင်းယူခဲ့ခြင်းဖြစ်သည်။

    ယခုပွဲအနိုင်ကြောင့် ဆောက်သက်တမ်အသင်းမှာ ၉ ပွဲကစား ၁၈ မှတ်ဖြင့် အာဆင်နယ်၊ လီဗာပူးလ်အသင်းတို့၏အောက် တတိယနေရာတွင်ရှိနေသည်။
    …………………………………

    နော်ဝစ်ခ်ျ ၀-၀ ကာဒစ်ဖ်

    အခြားပွဲစဉ်တစ်ခုဖြစ်သည့် နော်ဝစ်ခ်ျအသင်းနှင့် ကာဒစ်ဖ်တို့ ပွဲစဉ်တွင် မည်သူမျှ ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့်ပြီးဆုံးခဲ့သည်။

  • လှိုင်သာယာ ကျုးကျော်တဲများဖယ်ရှားပေးရန် စည်ပင်မှ အကြောင်းကြားစာပေးပို့

    လှိုင်သာယာ ကျုးကျော်တဲများဖယ်ရှားပေးရန် စည်ပင်မှ အကြောင်းကြားစာပေးပို့

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media
    A.N.Lay

    ဓါတ်ပုံအညွှန်း > ရန်ကုန် စက်မှုဇုန်တစ်ခု၏ မြင်ကွင်း (exitzone)
    ဓါတ်ပုံအညွှန်း > ရန်ကုန် စက်မှုဇုန်တစ်ခု၏ မြင်ကွင်း (exitzone)

    ရန်ကုန်  ။        ။      ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးနံဘေး စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းမကြီးတစ်လျှောက်ရှိ စည်ပင် ပိုင် လမ်းနယ်မြေတွင် ဆောက်လုပ် နေထိုင်လျက်ရှိသည့် ကျူးကျော်တဲ၊ ဈေးဆိုင်နှင့် ဓာတ်ဆီဆိုင်များအား ရှင်းလင်းဖယ်ရှားပေးရန် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ အောက်တိုဘာ ၂၂-ရက်နေ့က ၅-ကြိမ်မြောက် အသိပေး အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်းသတင်းရရှိသည်။

    “အောက်တိုဘာ ၂၇-ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမယ်လို့ စာထဲမှာပါတယ်၊ ဒီနေရာက ကားလမ်းမကြီးကို ကျောပေးပြီးနေထိုင်တဲ့လူတွေ များတယ်၊ လှိုင်သာယာကျူးကျော်တဲတွေ ရှိတဲ့ အထဲမှာ ဒီလမ်းတစ်လျှောက်ကို စာပို့ပြီးဖယ်ရှားဖို့ အသိပေးစာပို့တာ အများဆုံးပဲ။ အိမ်လခတစ်လ သုံးသောင်းပေးဖို့ မတတ်နိုင်ဘူး။ ဒီနေရာကဖယ်ရရှင် အခြားနေရာမှာ သွားနေရမှာပါ။ မိသားစု စားဝတ် နေရေးက ရှိသေးတယ်လေ”ဟု ရေဥက္ကံ ကျေးရွာဇုန်(၃) အပိုင်းရှိ မင်းကြီး မဟာမင်းခေါင်လမ်းတွင် နေထိုင်လျက်ရှိသော ပြည်သူတစ်ဦးက ပြောပါသည်။

    ရန်ကုန်-ပုသိမ် လမ်းမရှိ စက်မှုဇုန်မှတ်တိုင်မှ BOC အဝိုင်းထိ မင်းကြီးမဟာမင်းခေါင်လမ်း တစ်လျှောက်တွင် ကျူးကျော်တဲ ၅၀၀ ကျော် နေထိုင်လျက်ရှိပြီး ရွှေသံလွင် စက်မှုဇုန် ပတ်လမ်း တစ်လျှောက်တွင်လည်း ကျူးကျော်တဲ ၆၀၀-ကျော် နေထိုင်လျက်ရှိရာ ရာသီဥတုပွင့်လင်းလာပြီဖြစ်၍ ရပ်ကွက်၊ ကျေးရွာများတွင် နေ့စဉ် ကျူးကျော်တဲများ ဆောက်လုပ်လျကရှိပြီး အမှတ် ၃-ရပ်ကွက်နှင့် အမှတ် ၅-ရပ်ကွက်တို့၌ မိုးရာသီကာလကပင် တဖြည်းဖြည်း တိုးပွားလာသော ကျူးကျော်တဲများ တိုးချဲ့ နေထိုင် လာသည်မှာ ယနေ့အချိန်တွင် ဖြေရှင်းရန်ခက်ခဲနေသည့် ပြဿနာ တစ်ရပ်အဖြစ် မြို့နယ်မှ တာဝန်ရှိသူများ ရင်ဆိုင်နေရ ကြောင်း သိရှိရပါသည်။

  • မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲကျင်းပ

    မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲကျင်းပ

    အောက်တိုဘာ ၂၇၊ ၂၀၁၃
    M-Media
    A.N.Lay

    ရန်ကုန်   ။        ။       မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီအားကစားပြိုင်ပွဲတစ်ရပ်ကို အောက်တိုဘာ ၂၆-ရက်၊ နံနက် ၇-နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။

    အဆိုပါ ပြိုင်ပွဲမှာ ၁၀- ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲဖြစ်ပြီး ဖွင့်ပွဲနှင့်ဆုပေးပွဲများကို နံနက် ၇-နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ရာ အားကစားဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ၊ မြန်မာနိုင်ငံဥာဏ်မမီ အားကစာအဖွဲ့ ဥက္ကဌ ဗိုလ်မှုးကြီးမျိုးမြင့်(ငြိမ်း) နှင့်အမှုဆောင်များ၊ Oredoo Company မှ C.E.O Mr.Roosscormack နှင့် Company မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ မြန်မာနိုင်ငံ ဥာဏ်ရည်မမီ အားကစားအဖွဲ့ ဥက္ကဌနှင့် Oredoo Company မှ C.E.O တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြ ပါတယ်။

    အဆိုပါ အားကစားပြိုင်ပွဲသို့ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူးနှင့် ရန်ကုန် မြို့ကြီးများမှ ဥာဏရည်မမီသူ အားကစားမောင်မယ် ၃၅၀ တို့က အမျိုသာ၊ အမျိုးသမီး မီတာ (၅၀၊၁၀၀) လမ်းလျှောက်ပြိုင်ပွဲ၊ မီတာ (၅၀၊၁၀၀၊၂၀၀) အပြေးပြိုင်ပွဲ၊ Race Long Jump အခုန်ပြိုင်ပွဲ၊ Soft Ball Throw ပြိုင်ပွဲနှင့် Bocce (ဘိုချီ) ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသူများကို မြန်မာ နိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံ ဥာဏ်ရည် မမီ အားကစားအဖွဲ့ဥက္ကဌ နှင့်Oredoo Company မှ C.E. နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြင့်ခဲ့ပါတယ်

    အဆိုပါ ပြိုင်ပွဲတွင် ၂၀၁၃-ခုနှစ် ၁၀-ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ အားကစားပြိုင်ပွဲ ချန်ပီယံ ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး ဥာဏ်ရည် မမီ သူများအသင်းက ရရှိသွားကြောင်းသိရပါတယ်။

  • အစိုးရက အပြုသဘောဆောင်လာတယ်ဆိုသည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်မှု သတင်းစာရှင်းလင်းပွဲ

    အစိုးရက အပြုသဘောဆောင်လာတယ်ဆိုသည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်မှု သတင်းစာရှင်းလင်းပွဲ

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန် ။             ။ ကချင်ပြည်နယ် ငြိမ်းချမ်းမှုရရှိရေး သတင်းစာရှင်းလင်းပွဲတစ်ခုကို အောက်တိုဘာ ၂၆ ရက် နံနက် ၁၀း၀၀-နာရီက ရန်ကုန်မြို့မြေနီကုန်း ပလာဇာ၌ ပြုလုပ်ခဲ့ပါသည်။

    “မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုက ကောင်းတဲ့ဘက်ကအစိုးရက အပြုသဘောဆောင်လာတာကိုတွေ့ရတယ်။ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်က ကျန်တဲ့ ပြည်နယ်တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မတူတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရောက်ဖို့အတွက်သွားနေတဲ့ လုပ်ငန်းတစ်ခုပါ။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ်တွေက ဘယ်လိုဖြစ်လဲဆိုရင် ကျွန်တော်တို့တွေ့ဆုံဆွေးနွေးကြတယ်။ ဒါပေမယ့် တွေဆုံဆွေးနွေးတဲ့ အရာတွေက အောက်ခြေမှာ ပြည်သူလူထုကို ဆက်ပြီးတော့ ထိခိုက်နစ်နာစေမယ့်စစ်ပွဲတွေ အင်မတန်မှဖြစ်နေတယ်။ ကျူးလွန်မှုတွေက အစိုးရစစ်တပ်တွေက ကျွန်တော်တို့ ပြည်သူလူထု အပေါ်မှာ နှိုင်းထက်စီးနင်းမှုတွေက ခဏခဏဖြစ်နေတယ်။ လက်ရှိမြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက က လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရရဲ့ယုံကြည်မှုရှိရှိ ဆက်သွားဖို့ဆိုတာထက်ကို ပြည်သူလူထုရဲ့ယုံကြည်မှုက အရမ်းအရေးကြီးပါတယ်။ သဘောတူညီချက်တွေပေါ်မှာရော လုပ်ငန်းစဉ်တွေပေါ် မှာရော လူထုက ဘယ်လောက်ယုံကြည်သက်ဝင်မှုရှိနေပြီလဲ။ အဓိက ပြည်သူလူထုက မယုံကြည်ရခြင်းမှာ အောက်ခြေမှာက အစိုးရရဲ့လက်နက်ကိုင်တွေက နှိပ်စက်ခြင်းကို ခံနေရတဲ့ အပေါ်မှာ ပြည်သူလူထုက မယုံကြည်တော့ဘူး။ ပြည်သူလူထုရဲ့ မယုံကြည်ရခြင်းအကြောင်းအရင်းက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဘယ်သူအာမခံမှာလဲ။ ဒီတော့ ကျွန်တော်တို့ ဒီနေ့ ရှင်းလင်းပွဲ လုပ်ရခြင်း ရည်ရွှယ်ချက်က ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးကြတယ်။ အဖြေကိုဝိုင်းရှာကြတယ်။ အဲ့ဒီရဲ့ သဘောသဘာဝက စစ်အရှိန် လျှော့ချရေးနှင့် တိုက်ပွဲများထပ်မံ မဖြစ်ပွားစေရေး အတွက် လုပ်ဆောင်ကြတာ။ ပြောချင်တာက ဆွေးနွေးပွဲတစ်ခုပြီးသွားရင် စစ်ပွဲတွေ စစ်ရှိန်တွေ လျှော့ချဖို့အတွက် ပိုပိုပြီးတော့ဖြစ်လာရမယ်။ တိုက်ပွဲတွေထပ်မံ မဖြစ်ပွားဖို့အတွက် သတိထားရမယ့်အနေအထား ရှိတယ်။ အောက်ခြေက ကျွန်တော်တို့ လက်လှမ်းမမီတဲ့ နေရာတွေမှာ ဒါမျိုးဖြစ်နေတာက ပြည်သူတွေက တကယ်ခံစားနေရတယ်။

    ဒါကိုကျွန်တော်တို့က အပစ်အခတ် ရပ်စဲဖို့သဘောတူထားလို့ တိုက်ပွဲတွေတော့ဆက်ဖြစ်မှာပဲ ဒါကသဘာဝပဲ ဆိုပြီးကျွန်တော်တို့က ပြောလို့မရဘူး။ ဒီလိုဖောက်ဖျက် ကျူးလွန်နေမှု ပြည်သူတွေ ခံစားနေရမှုအပေါ်မှာကျွန်တော်တို့က ဒီအတိုင်းထားလို့မရဘူး။ ကျွန်တော်တို့က အရေးယူဆောင်ရွက်နိုင်ဖို့အတွက် အရေးယူ ဆောင်ရွက် နိုင်တဲ့ အစိုးရတွေကို ဒီကိစ္စကိုအမြန်စဉ်းစားကြဖို့အတွက် အပေါ်မှာကျွန်တော်တို့ စားပွဲခုံပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ဆွေးနွေးနေကြသလို အောက်ခြေမှာလည်း လူထုတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ဒေသမှာကိုယ် လွတ်လပ်စွာသွားလာနိုင်ဖို့အတွက်ကျွန်တော်တို့က အခုလိုရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်ပါတယ်”လို့ ဦးဂျော်ဂွန်းက ပြောကြားခဲ့ပါတယ်။

    ဆက်လက်ပြီး ဒေါ်ခွန်ဂျာကလည်း “ကျွန်မ ဖြည့်ပြီးပြောချင်တာက ကျွန်မတို့ ဒီအပစ်အခက်ရပ်စဲရေး သဘောတူစာချုပ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ရေးထိုးကြမယ် ဘယ်တွေဘယ်လိုပဲပြောနေပါစေ အဓိကကတော့ အပစ်အခက်ရပ်စဲလိုက်ပြီးရင် ဘာလုပ်မှာလဲဆိုတဲ့မေးခွန်းက ရှိနေတာ ဖြစ်ပါတယ။ ကျွန်မတို့က အပစ်အခတ်ရပ်စဲ သဘောတူစာချုပ်ကိုထိုးလိုက်ခြင်းအားဖြင့် ကျွန်မတို့တွေဟာ ဘယ်လိုသဘောတူညီမှုတွေရှိလာမလဲ၊ ဘယ်လိုကတိတွေ ရှိလာမလဲ၊ အဓိကက ကျွန်မတို့အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တွေထိုးပြီးတော့မှ ပြန်ပြန်ပြီးကျိုးပေါက်နေရခြင်းဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လိုချင်သော နိုင်ငံရေးအရ ဆွေးနွေးမှုကို မရရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
    ၎င်းနောက် မီဒီယာများမှ မေးမြန်းသည်များကို ဒေါ်ခွန်ဂျာနှင့် ဦးဂျော်ဂွန်းတို့က ပြန်လည်ဖြေဆို ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲသို့ မီဒီယာများမှလည်း တက်ရောက်ကြပြီး စုစုပေါင်း တက်ရောက်သူ ၁၀၀-ကျော်ရှိပြီး မနက် ၁၁း၃၀-နာရီ အချိန်တွင် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးခဲ့ပါတယ်။

  • အောက်တိုဘာ ၂၆၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၆၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media

    ဘာလော့တယ်လီမှာ ကာကာထံမှ သင်ယူရန်လိုအပ်သည်ဟု အဘာတီဆို


    စံပြုလောက်သော ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး ဖြစ်လာရန် ဘာလော့တယ်လီအနေဖြင့် ကာကာထံမှ သင်ယူနိုင်သည်ဟု အေစီမီလန်အသင်း၏ ညာနောက်ခံလူ အစ်ဂ်နာဇီယို အဘာတီကပြောကြားခဲ့သည်။

    ထို့ပြင် ကာကာမှာ လူငယ်ကစားသမားများ၏ စံပြုစရာကစားသမားတစ်ဦး ဖြစ်သည်ဟု ယုံကြည်နေပြီး၊ အငြင်းပွားဖွယ်လုပ်ရပ်များကို လုပ်ဆောင်နေသည့် ဘာလော့တယ်လီအား ပြုပြင်ရန်လည်း တိုက်တွန်းလိုက်သည်။

    မန်စီးတီးအသင်း တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီမှာ ပေါင်ဒဏ်ရာ ခံစားနေရပြီး၊ ဒဏ်ရာမှ အမြန်ဆုံးသက်သာစေရန် လိုအပ်သောဆေးကုသ မှုများအား ဆောင်ရွက်ခြင်းမရှိပေ။ ကာကာမှာလည်း ပြီးခဲ့သည့်လက ဒဏ်ရာပြဿနာနှင့်ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့်တစ်ပါတ်က အသင်းတွင် ပါဝင်ကစားနိုင်ခဲ့သည်။

    ထို့ကြောင့် ဘာလော့တယ်လီအနေဖြင့် ကာကာ၏ လေ့ကျင့်မှုနှင့် အစားအသောက် နည်းစနစ်အား သင်ယူရမည်ဟု ခံစားနေရသည့် အဘာတီက “ကာကာဟာ အားလုံးအတွက် စံနမူနာကောင်းတစ်ခုပါ။ အထူးသဖြင့် လူငယ်ကစားသမားတွေ အတွက်ပေါ့။ သူဒဏ်ရာရနေတဲ့အခါ လေ့ကျင့်ကွင်းကို မနက်ကတည်းကလာပြီး ညနေကျမှပြန်ပါတယ်” ဟု Gazzetta dello Sport အားကစားသတင်းစာသို့ ပြောကြားခဲ့သည်။
    goal
    _______________________

    ရီးယဲလ်မက်ဒရစ်၏ ကြမ်းတမ်းသောကစားပုံအား ကြောက်ရွံ့နေမည်မဟုတ်ဟု မာတီနိုဆို


    ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ရီးယဲလ်မက်ဒရစ်အသင်းထံမှ ကြမ်းတမ်းသောကစားပုံများအား ကြောက်ရွံ့နေမည်မဟုတ်ဘဲ ဒိုင်လူကြီးအနေဖြင့် ပွဲစဉ်အား ထိန်းသိမ်းနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် မာတီနိုက ရီးယဲလ်အသင်း၏ ခြိမ်းခြောက်မှု များအားစိုးရိမ်နေမည်မဟုတ်ဘဲ မက်ဆီအားဟန့်တားနိုင်သောသူမှာ ၎င်းတစ်ဦးတည်းသာဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ရီးယဲလ်၏ ကြမ်းတမ်းသောကစားပုံက ပွဲရလဒ်အဖြေအား သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ဟု ပြောဆိုခဲ့သည့် မာတီနိုက “မက်ဒရစ်ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကို ကျွန်တော် ကြောက်ရွံ့ရမှာလား။ မကြောက်ပါဘူး။ အသင်းတိုင်းဟာ ကိုယ်ပိုင် စွမ်းဆောင်ရည်အရ ကစားတာပါ။ ပြီးတော့ ဆုံးဖြတ်ပေးမယ့် ဒိုင်လူကြီးလည်းရှိနေပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြိုင်ဆိုင်မှုပြင်းထန်လှသည့် လာလီဂါပြိုင်ဘက်များဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့မှာ ယနေ့ညတွင် ဘာစီလိုနာအသင်း၏ နျူးကမ့်ကွင်းတွင် ယှဉ်ပြိုင်ရန်ရှိနေသည်။ ပြီးခဲ့သည့်နှစ်က ၎င်းတို့နှစ်သင်းကစားခဲ့သည့် ပွဲစဉ်နှစ်ခုတွင် စုစုပေါင်း အ၀ါကဒ် ၁၆ ကဒ်နှင့် အနီကတ် ၁ ကဒ် ပြသခြင်းခံခဲ့ရသည်။
    goal
    _______________________

    တိုက်စစ်မှူးများ၏ ကစားပုံများနှင့် ပက်သက်ပြီး မော်ရင်ဟိုပျော်ရွှင်နေ

    နောက်ဆုံးကစားခဲ့သည့် ချယ်ဆီးအသင်း၏ ပွဲများတွင် ဂိုးများသွင်းယူခဲ့ကြသည့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နှင့် ဆင်မြူယဲလ်အီတိုးတို့အား အသင်းနည်းပြ မော်ရင်ဟိုက ချီးကျူးလိုက်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များနှင့်ပက်သက်၍ ကျေနပ်မိကြောင်း ပြောဆိုလိုက်သည်။

    ချယ်ဆီးအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ၇-ပွဲတွင် ရှုံးပွဲမရှိခဲ့ပဲ တောရက်စ်နှင့် အီတူးတို့မှာလည်း ကာဒစ်ပွဲနှင့် ရှော်လ်ကာ ပွဲတို့တွင် ဂိုးများ အသီးသီးသွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း အသင်း၏ အခြားတိုက်စစ်မှူး တစ်ဦးဖြစ်သည့် ဒမ်ဘာဘားမှာ ယခုရာသီတွင် တစ်ဂိုးသာ သွင်းယူထားနိုင်သေးသည်။

    “တိုက်စစ်မှူးအားလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် ကျွန်တော်ပျော်ရွှင်မိပါတယ်။ သူတို့ဂိုးတွေမသွင်းနိုင်တဲ့အချိန်မှာ ကြိုးစား ကစားခဲ့ပြီး အသင်းအတွက် အကောင်းဆုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ အသင်းအတွက် မတူညီတဲ့ ကူညီမှုမျိုးတွေလည်း လုပ်ဆောင်ပေးပါတယ်။ တစ်ခါတရံမှာဂိုးတွေသွင်းပြီး ဒါဟာတကယ့်ကို အရေးပါတဲ့အရာပါပဲ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _______________________

    Swiss Indoors ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ လက်ရှိချန်ပီယံတက်ရောက်


    ဆွစ်ဇလန်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Swiss Indoors တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အာဂျင်တိုင်းတင်းနစ်သမား ဂျူအန် မာတင် ဒယ်လ်ပေါ်ထရိုမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။

    ဒယ်လ်ပေါ်ထရိုမှာ ပြင်သစ်တင်းနစ်သမား ပေါလ်-ဟင်နရီ မက်သယူးအား ၆-၄၊ ၆-၄ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်အကောင်းဆုံး ကစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့စပေးဘောတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာပါတယ်” ဟု ပေါ်ထရိုက ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ပေါ်ထရိုမှာ ဆီမီးဖိုင်နယ်တွင် ပြင်သစ်တင်းနစ်သမား အဒူယာ့ဒ် ရော်ဂျာ-ဗက်စ်လင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။
    skysports

    _______________________

    WTA Championships ဆီးမီးဖိုင်နယ်သို့ လီနာတက်ရောက်


    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်နေသည့် ရာသီပိတ် WTA Championships တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တရုတ်တင်းနစ်မယ် လီနာ တက်ရောက်သွားပြီဟု သိရသည်

    လီနာမှာ ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုရီးယား အဇာရန်ကာအား ၆-၂၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခြင်းဖြစ်သည်။ ထိုပွဲအနိုင်မှာ လီနာ၏ အဖြူရောင်အုပ်စုအတွင်း သုံးပွဲဆက်နိုင်ပွဲဖြစ်သည်။
    ဆားဘီးယားတင်းနစ်မယ် ဂျလီနာဂျန်ကိုဗစ်မှာ အုပ်စုနောက်ဆုံးပွဲတွင် အီတလီ တင်းနစ်မယ် ဆာရာ အီရာနီအား ရှုံးနိမ့်ခဲ့သော်လည်း လီနာ၏နိုင်ပွဲကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

    အခြားအုပ်စုတစ်ခုဖြစ်သည့် အနီရောင်အုပ်စုမှ အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံနှင့် ပီထရာကဗီတိုဗာတို့ ဆီမီးဖိုင်နယ်သို့ အသီးသီးတက်ရောက်လာခဲ့သည်။

    WTA Championships ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ တင်းနစ်မယ်များသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အဖြူရောင်အုပ်စုနှင့် အနီရောင်အုပ်စုဟူ၍ အုပ်စုနှစ်ခုခွဲထားသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လီနာနှင့် ကဗီတိုဗာ၊ ဆရီနာဝီလီယံနှင့် ဂျလီနာဂျန်ကိုဗစ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysoprts
    _______________________