News @ M-Media
Tag: နာရေး
  • စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် (မြန်မာ့ပထမဆုံး ပြဇာတ် အမျိုးသားစာပေဆုရှင်) ကွယ်လွန်
    စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် (မြန်မာ့ပထမဆုံး ပြဇာတ် အမျိုးသားစာပေဆုရှင်) ကွယ်လွန်
    စက်တင်ဘာ ၂၀ ၊ ၂၀၁၆
    M-Media
    သီဟ
    .takatol-mgmgkhin
    မြန်မာ စာပေလောကတွင်  ပြဇာတ် စာပေအမျိုးအစားဖြင့် ပထမဆုံး အမျိုးသား စာပေဆု ရရှိခဲ့တဲ့ စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် တယောက်  ၁၉-၉-၂၀၁၆  ညနေ ၇ နာရီမှာ ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၉၁) နှစ်ရှိပြီ ဖြစ်ပါတယ်။ ယနေ့ ၂၀-၉-၂၀၁၆ ခုနှစ် မနက် ၁၁း၃၀ တွင် ရေဝေး မွတ်စလင်မ် သုသာန် ဥယျာဉ်တော်၌ အစ္စလာမ်ထုံးစံဖြင့် မြှုပ်နှံသဂြိုဟ် မယ်လို့ သိရပါတယ်။
    ကိုယ်ရေးအကျဉ်း
    ——————
    ဦးမောင်မောင်ခင် (ခ)စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်
    အမျိုးသားစာပေဆုများရှင်၊ ပခုက္ကူ စာပေ တစ်သက်တာ စာပေဆု ၊  ဝိဇ္ဖာပညာထူးချွန် (ဒုတိယ အဆင့်)၊
    ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ၊ ရုပ်ရှင်လုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန
    .
    တက္ကသိုလ်မောင်မောင်ခင် သည် ပြည်ခရိုင်၊ ပန်းတောင်းမြို့ဇာတိဖြစ်သည်။ ဖခင်မှာ အငြိမ်းစားပညာအုပ် ဦးရာကွတ် (ခ) ဦးအောင်ဘွင့်ဖြစ်သည်။ မိခင်မှာ ဒေါ်မမကြီးဖြစ်သည်။ ၁၉၂၈ ခု ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွားမြင်သည်။ အမည်ရင်း ဦးမောင်မောင်ခင်ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၅၂ တွင် စာပေဗိမာန်မဂ္ဂဇင်း စာတည်းအဖွဲ့တွင် လက်ထောက် စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ပြန်ကြားရေးဌာနတွင် ဒုတိယ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး စာအုပ် ပုံနှိပ်ထုတ်ဝေရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သည်။ ရုပ်ရှင်လုပ်ငန်း ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
    .
    ၁၉၆၇ ခုနှစ်တွင် သဇင်မြို့စာညွန့်များ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ စာပဒေသာ တတိယဆု ရသည်။ ၁၉၆၇ ခုနှစ်တွင်ပင် မညီမျှသော ညီမျှခြင်း ဝတ္ထုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆု ဝတ္ထုတို ဒုတိယဆုရရှိသည်။ ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ် ၂/၂၀ဝ၇ အရ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ အကန်တော့ခံ သက်ကြီးစာပေ ပညာရှင် တစ်ဦးဖြစ်သည်။
    .
    “အဆင်းခက်ခက် အတက်ကြမ်းကြမ်း” ပြဇာတ်စာအုပ်ဖြင့် ရရှိသည်။ အမျိုးသားစာပေဆု သက်တမ်း တစ်လျှောက် ” ပြဇာတ်စာပေဆု” ကို ဦးစွာရရှိသောစာအုပ်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေး၊ တရားမှန်စီရင်ရေးနှင့် လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်ပြုစုထားသည်။ ၁၉၆၉ ခုနှစ်၏ ပြက္ခဒိန် တစ်နှစ်အတွင်း ပုံနှိပ်ထုတ်ဝေသမျှ စာအုပ်များအနက် သက်ဆိုင်ရာ ဘာသာရပ်၊ အမျိုးအစားအလိုက် အကောင်းဆုံး တစ်အုပ်ကို ရွေးချယ်၍ တစ်ဆုတည်းသာ ချီးမြှင့်သည်။ အမျိုးသားစာပေဆု ပုံစံသစ် အကောင်းဆုံး တစ်အုပ်ရွေး စနစ်ဖြင့် ပထမဆုံးရရှိခြင်းဖြစ်သည်။
    .
    ၂၀၁၁ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေတည်ထောင်သော ပခုက္ကူ စာပေဆုများမှ တစ်သက်တာ စာပေဆုကို စာရေးဆရာကြီး ဦးမောင်မောင်ခင် (တက္ကသိုလ် မောင်မောင်ခင်)က ရရှိခဲ့သည်။
    .
    ကိုးကား- မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ် ၏ ပထမ မြန်မာမွတ်စလင်များ စာအုပ်
    ဓါတ်ပုံအညွန်း-၂၀၁၁ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆု လက်ခံရရှိစဉ်က (Photo-EMG)
  • ပါမောက္ခ ဒေါက်တာ ဦးရဲမြင့် ကွယ်လွန်ခြင်း (သို့) ဆေးလောကရဲ့ ကြွယ်တပွင့် ကြွေလွင့်ခြင်း
    ပါမောက္ခ ဒေါက်တာ ဦးရဲမြင့် ကွယ်လွန်ခြင်း (သို့) ဆေးလောကရဲ့ ကြွယ်တပွင့် ကြွေလွင့်ခြင်း
    ဧပြီ ၂၁ ၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး
    Prof Ye Myintခွဲစိတ် ဆရာဝန်ကြီး  ပါမောက္ခ ဒေါက်တာဦးရဲမြင့်  ဧပြီလ (၂၀) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။
    .
    ပါမောက္ခ ဒေါက်တာဦးရဲမြင့်ကို (ဦးအီဘရာဟင်-ဒေါ်အေးချို )တို့မှ ၁၉၃၇ ခုနှစ် မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း (၇)  ယောက်အနက် (၄) ယောက်မြောက်လည်း ဖြစ်ပါတယ်။
    .
    ငယ်စဉ်ကတည်းက ပညာမှာ ထူးချွန်ခဲ့တဲ့ ဦးရဲမြင့်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံတစ်ငံလုံး ပထမအဆင့် အမှတ်ပေါင်း (၅၅၄ မှတ်) ဖြင့် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
    .
    မန္တလေး ဆေးတက္ကသိုလ်မှာ တတိယနှစ်ထိ ပညာသင်ကြားခဲ့ပြီး နောက်ပိုင်း ရန်ကုန်တက္ကသိုလ်သို့ ကူးပြောင်းလာခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်  M.B.B.S ဘွဲ့ကို ရယူခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်ဌာနတွင် ပထမဆုံး လုပ်ကိုင်ခဲ့ပါတယ်။ ဦးရဲမြင့်ဟာ ခွဲစိတ်ရာမှာ ပါရမီပါသူတစ်ဦးဖြစ်ပြီး ဆရာဝန်ကြီးများ အားကိုးအားထားရသူ တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
    .
    ၁၉၆၆ ခုနှစ်မှာတော့ အိမ်ထောင်ပြုခဲ့ပြီး သားရတနာတစ်ဦး ထွန်းကားခဲ့ပါတယ်။
    .
    ဦးရဲမြင့်ဟာ ရန်ကုန် ဆေးတ္ကသိုလ် (၁) ခွဲစိတ်ကုပညာဌာနမှာ ပါမောက္ခ ဌာနမှူးအဖြစ် အသက် (၆၀)အထိ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
    .
    ထို့အပြင် ဦးရဲမြင့်ဟာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ ဗဟိုစည် ဆေးရုံတို့မှာလည်းကောင်း ခွဲစိတ်ကုဆရာဝန်ကြီးအဖြစ် လူနာပေါင်း များစွာရဲ့ အသက်ကို ကယ်တင်ခဲ့သူလည်း ဖြစ်ပါတယ်။
    .
    အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါမောက္ခ ဒေါက်တာဦးရဲမြင့်ဟာ ဧပြီလ (၂၀) ရက်နေ့ နံနက်မှာ ကွယ်လွန်သွားခဲ့ပြီး  မသေဆုံးမီ သူ့ ကိုယ်ခန္ဓာကို ရန်ကုန်ဆေးတက္ကသိုလ် (၁) ကို လှူဒါန်းထားခဲ့သူလည်း ဖြစ်ပါတယ်။
  • ပြည်တွင်းမှ ထိပ်တန်း အစ္စလာမ်ဘာသာရေး ပညာရှင်ကြီး တစ်ဦး ကွယ်လွန်
    ပြည်တွင်းမှ ထိပ်တန်း အစ္စလာမ်ဘာသာရေး ပညာရှင်ကြီး တစ်ဦး ကွယ်လွန်
    ဧပြီ  ၄ ၊ ၂၀၁၆
    M-Media
    သူရ
    .12439278_443144412545178_8443508469276820498_n
    မြန်မာနိုင်ငံ တဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များ ချစ်ခင်လေးစားရသော ထိပ်တန်း အစ္စလာမ် ဘာသာရေး ပညာရှင်ကြီး တစ်ဦးဖြစ်သူ အလ်ဟဂ်ျ မော်လနာ ဟာဖိဇ် မုဟမ္မဒ် ဟိဒါယသွလ္လဟ် ဆွာဟစ်ဗ် အသက် (၇၆) နှစ်သည် (၄.၄.၂၀၁၆)  မနက်မှာ (အလ္လာဟ်အရှင်မြတ် အမိန့်ခံယူ) ကွယ်လွန် သွားကြောင်း သိရပါသည်။
    .
    အလ်ဟဂ်ျ မော်လနာ ဟာဖိဇ် မုဟမ္မဒ် ဟိဒါယသွလ္လဟ် ဆွာဟစ်ဗ် ကို  ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် မွေးဖွားခဲ့သည်။
    .
    ငယ်စဉ်ဘဝ အသက် ၁၀ နှစ် အရွယ် စတင်ပြီး အစ္စလာမ် ဘာသာရေး ပညာများ သင်ယူဆည်းပူးခဲ့ကြောင်း သိရှိရသည်။
    .
    ကုရ်အာန် ကျမ်းတော်မြတ်ကို အာဂုံဆောင် ကျက်မှတ်နိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
    .
    ပညာသင်ယူသည့် ကျောင်းသားဘဝ ၌ပင် ရန်ကုန်မြို့ ယောက်လမ်းရှိ ဗလီဝတ်ကျောင်းတော်တွင် ရှေ့ဆောင် အီမာမ် အဖြစ် ဆောင်ရွက်ခဲ့ပြီး ကျောင်းသားငယ်များကို အစ္စလာမ်ဘာသာရေး စာပေများ ပို့ချပေးခဲ့သည်။
    .
    ၁၉၇၆ ခုနှစ် မှ ၁၉၈၂ ခုနှစ် အထိ မေမြို့ရှိ ဗလီဝတ်ကျောင်းတော်ကြီးမှာ ရှေ့ဆောင် အီမာမ် အဖြစ် လည်းကောင်း၊ အစ္စလာမ် ဘာသာရေး စာပေများ သင်ကြားပို့ချသည့် တာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။
    .
    ၁၉၈၂ ခုနှစ် နောက်ပိုင်း ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အဇစ်ခြံ ဗလီ (န.ဝ.တ အစိုးရ လက်ထက် ဖျက်သိမ်းခံရ) တွင်  ရှေ့ဆောင် အီမာမ် အဖြစ်လည်းကောင်း ၊ ကုက္ကိုင်းဗလီတွင် ရှေ့ဆောင် အီမာမ် အဖြစ်လည်းကောင်း၊  တာမွေမြို့နယ်ရှိ ဒါရွလ်အုလူးမ် အာရဗီ သာသနာ့ တက္ကသိုလ်တွင် အစ္စလာမ် သာသနာရေး(ဟဒီးစ်) ပညာရပ်များကို  မကွယ်လွန်ခင်အချိန်ထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
    .
    မြန်မာနိုင်ငံ အိုလမာ-အစ္စလာမ့် သာသနာ့ ပညာရှင်များ အဖွဲ့ချူပ်တွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တယောက် ဖြစ်ပြီး   မြန်မာနိုင်ငံရှိ အခြားသော အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းအားလုံး နီးပါး နှင့် မွတ်စလင်မ်အများစု အထူးရိုသေ ကိုင်းရှိုင်းမှုကို ခံရသူ ထိပ်တန်း ဘာသာရေး ပညာရှင်ကြီး တစ်ဦးလည်းဖြစ်ပါသည်။
    .
    ထိုအပြင် ကိုးကွယ်​ရာ အရှင်​ကို အမြဲနှလုံးသွင်းကာ နာမ်​ပိုင်း​ရေးရာ သန့်စင်​ခြင်းနှင်​ ကိုယ်​ကျင့်​တရား​ကောင်းမွန်​​ရေးတို့ အတွက်​ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များကို လမ်းညွှန်ခြင်းကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
    .
    ဆရာကြီးမှာ  အစ္စလာမ့်သာသနာ ပညာထူးချွန်မှုနှင့် ကိုယ်ကျင့်တရား ကောင်းမွန်မှုတို့တွင် အထူးပင် ဂုဏ်သတင်း ကျော်ဇော သူတစ်ယောက်ဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများက လေးစားကြည်ညိုကြသည်။
    .
    .
    ဒေါ်ဇိုင်နဗ်ဘီ (ကွယ်လွန်) နှင့် အိမ်ထောင်ကျခဲ့ပြီး သား ၄ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ကြောင်းသိရှိရပါသည်။
    .
    ** မနက်ဖြန် (၅-၄-၂၀၁၆) အင်္ဂါနေ့ မနက် (၈း၀၀) နာရီတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ရေဝေး အစ္စလာမ် သုသာန် ဥယျာဉ်တော်၌ ဒဖနာ(သင်္ဂြိုလ်) မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
  • ဦးသောင်းညွန့် (သတင်းထောက် သောင်းညွန့်-ဖျာပုံ) ကွယ်လွန်
    ဦးသောင်းညွန့် (သတင်းထောက် သောင်းညွန့်-ဖျာပုံ) ကွယ်လွန်
    ဇန်နဝါရီ ၂၄၊ ၂၀၁၃
    M-Media
    သောင်းထိုက်
    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်တွင် ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ  သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ) သည် ယနေ့ ဇန်နဝါရီ ၂၄ ရက် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် (IRAC) ရဲ့ Facebook စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားကြောင်း တွေ့ရှိရပါသည်။
    ကိုယ်ရေးအကျဉ်းချူပ်
    အဖ ဦးတင်မောင်၊ အမိဒေါ်စိန်တို့မှ ၁၉၄၈-ခုနှစ် မတ်လ(၅)ရက်နေ့တွင် အမှတ်-၁၀၈၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက် ဖျာပုံမြို့၌မွေးဖွားသည်။ ဖျာပုံမြို့ အ.ထ.က(၃)တွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၆၆-ခုနှစ်တွင် ရန်ကုန်သတင်းစာ၊ မြန်မာ့သတင်းစာ၊ ဗိုလ်တထောင်သတင်းစာ၊ ကြေးမုံသတင်းစာ၊ ဂါဒီယန်သတင်းစာများနှင့် သတင်းဂျာနယ်တို့၌ သတင်းနှင့် သတင်းဆောင်းပါးများ စတင်ရေးသားပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ နိုင်ငံသားစိစစ်ရေး အမှတ်မှာ (၁၄/ဖပန(နိုင်) ၀၆၁၉၈၈)ဖြစ်ပြီး စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် အမှတ်-၀၁၇၆ ဖြစ်သည်။
    ၂၀၀၃-ခုနှစ်အတွက် စာပေဗိမာန် စာမူပြိုင်ပွဲတွင် “အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ပထမဆု၊ ၂၀၀၄-ခုနှစ် “စာပေရေးသားခြင်း ဆိုင်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ဒုတိယဆု၊ ၂၀၀၅-ခုနှစ်အတွက် “ထင်ပေါ်ကျော်ကြားမြန်မာ သတင်းစာ ဆရာကြီးများ” စာမူဖြင့် စာပဒေသာ ဒုတိယဆုရရှိခဲ့သည်။မြန်မာ့အလင်း သတင်းစာတွင် သတင်းထောက်အမှတ်-၃၇၉ ဖြင့်လည်းကောင်း၊ကြေးမုံသတင်းစာတွင် သတင်းထောက် အမှတ်-၁၆၈ ဖြင့် လည်းကောင်း သတင်းများ ရေးသားလျက်ရှိပြီး ဂျာနယ်အချို့တွင် သတင်းများ ရေးသားခဲ့သည်။
    အမည်ရင်းမှာ ဦးသောင်းညွန့်ဖြစ်ပြီး ကလောင်အမည်မှာ သတင်းထောက်သောင်းညွန့်(ဖျာပုံ)ဖြစ်ပါသည်။ နေရပ်လိပ်စာမှာအမှတ်(၁၀၈)၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက်၊ ဖျာပုံမြို့နယ် ဖြစ်ပါသည်။
    သတင်းထောက် ဦးသောင်းညွန့်(ဖျာပုံ)သည်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်တွင် -ဗဟိုအန်ဆွာရီနှင့် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
    ကိုးကား ။ ။
    • သတင်းထောက်သောင်းညွန့်(ဖျာပုံ)၏ အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ (ဒုတိယအကြိမ်)
    •  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် (IRAC) ရဲ့ Facebook စာမျက်နှာ
  • X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရသူ ကိုဖြိုးဝေအောင် ကွယ်လွန်
    ဇန်နဝါရီ ၄ ၊ ၂၀၁၂
    ထွန်းတောက်
    M-Media
    Ko-Wai-Phyo-Aung
    ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်လို့မရတော့တဲ့ ဆေးရုံပေါ်က ကိုဖြိုးဝေအောင်ကို ဦးဇင်းဂျောင်းဂျောင်းနှင့် နိုင်/ကျဉ်းအဖွဲ့မှ ၂၀၁၂ သြဂုတ်လအတွင်း သွားရောက်အားပေးတွေ့ဆုံခဲ့စဉ်က
    ၂၀၁၀ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်သည် ယနေ့ ဇန်နဝါရီလ ၄ ရက် မနက်(၃) နာရီတွင် တာမွေမြို့နယ် ၊သီတာလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်း နိုင်/ကျဉ်းအဖွဲ့မှ ဦးထွန်းကြည်ရဲ့ပြောပြချက်အရ သိရှိရပါသည်။
    မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်သည် ကွယ်လွန်သူ ကိုဖြိုးဝေအောင်ရဲ့ ရုပ်ကြွင်းကို ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ရေဝေး မွတ်စလင်မ် သုဿန်တွင် အစ္စလာမ်ဘာသာဝင်တို့၏ ထုံးစံဖြင့် ယနေ့နေလည် (၁) နာရီတွင် သဂြိင်္ုလ်မည်ဖြစ်ကြောင်း သိရပါသည်။
    ကိုဖြိုးဝေအောင်ဟာ အဖမ်းခံနေရချိန်အတွင်း စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ကျန်းမာရေးဆိုးရွားလာခဲ့ပါတယ်။ အသဲကင်ဆာရောဂါခံစားနေရပြီး ခန္ဓာကိုယ်အောက်ပိုင်း သေသလိုဖြစ်သွားပြီး ဆီးပိုက်နဲ့နေရတာကြောင့် ဆီးပိုဝင်ပြီး ကုတင်ပေါ်မှာဘဲ နာတာရှည်ရောဂါသည် သဖွယ်နေရတာကြောင့် ကျောပူနာခေါ်  BED SOLE အနာများလဲ ခံစားခဲ့ရကြောင်း ကျန်ရစ်သူမိသားစုများ၏ ပြောပြချက်အရ သိရှိရပါသည်။