News @ M-Media

Tag: မထသ

  • အမျိုးသမီး ယာဉ်နောက်လိုက်များဖြင့် ယာဉ်လိုင်းများပြေးဆွဲမှု မ.ထ.သ (ဗဟို) မှ လုပ်ဆောင်ခွင့်ပြု

    အမျိုးသမီး ယာဉ်နောက်လိုက်များဖြင့် ယာဉ်လိုင်းများပြေးဆွဲမှု မ.ထ.သ (ဗဟို) မှ လုပ်ဆောင်ခွင့်ပြု

    မေ ၂၀၊ ၂၀၁၄
    M-Media
    လမင်း

    DSC01927-1


    ရန်ကုန်။       ။ အမျိုးသမီးယာဉ်နောက်လိုက်များဖြင့် ယာဉ်လိုင်းများပြေးဆွဲမှုကို ရန်ကုန်တိုင်း မ.ထ.သ (ဗဟို)မှ စမ်းသပ် လုပ်ဆောင် ခွင့်ပြုလိုက်ကြောင်း မ.ထ.သ (ဗဟို)မှ ဥက္ကဌ ဦးလှအောင် ကပြောသည်။ 

    “အမျိုးသမီးတွေမှာလည်း အခွင့်အရေးတွေ ရှိပါတယ်။ အဲတော့ အမျိုးသမီးတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေတိုးမြှင့်လာအောင်၊ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်လို့ရအောင် အခုလို စီစဉ်ပေးရခြင်းဖြစ်ပါတယ်။ အခုလို စမ်းသပ်ပြေးဆွဲနေတာ အောင်မြင်မှု ရလာရင် နောက်ကိုလည်းဒီလိုမျိုး အမျိုးသမီးတွေကို လိုင်စင်တွေ ထုတ်ပေးသွားမှာပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    စတင်စမ်းသပ်ပြေးဆွဲမှုအနေဖြင့် ၄၈ အထူး မော်တော်ယာဉ်လိုင်း တွင် အမျိုးသမီးယာဉ်နောက်လိုက် ၁၁ ဦးဖြင့် စတင်ပြေးဆွဲလျှက် ရှိနေပြီး နောင်တွင် အမျိုးသမီးယာဉ်မောင်းများပါ မောင်းနှင်နိုင်ရန်ကြိုးပမ်းလျှက်ရှိနေကြောင်း သိရသည်။ က.ည.န မှလည်း အမျိုးသမီး အမျိုးသား မခွဲခြားဘဲ အရည်အချင်းပြည့်မှီသူများကို လိုင်စင်များ ထုတ်ပေးလျှက်ရှိနေကြောင်း သိရသည်။

    ယခုကဲ့သို့ ၄၈ ယာဉ်လိုင်းတွင် စတင်စမ်းသပ်မှုအောင်မြင်ပါက အခြား ယာဉ်လိုင်းများအနေဖြင့်လည်း အမျိုးသမီးယာဉ် လုပ်သားများဖြင့် ပြေးဆွဲလိုပါက မ.ထ.သ (ဗဟို)အနေနှင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    ယခုကဲ့သို့ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းသည် ကောင်းမွန်သော အလားအလာတစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်းဖြစ်သည်ဟု အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က သုံးသပ်ပြောဆိုခဲ့သည်။ 

  • ဟိုင်းလတ်များ မြို့တွင်းပြေးဆွဲခွင့် ရက်တိုးပေးထားခြင်း ထပ်ပြောင်းမည် မဟုတ်ဟု မ.ထ.သ (ဗဟို)ပြောကြား

    ဟိုင်းလတ်များ မြို့တွင်းပြေးဆွဲခွင့် ရက်တိုးပေးထားခြင်း ထပ်ပြောင်းမည် မဟုတ်ဟု မ.ထ.သ (ဗဟို)ပြောကြား

    ဧပြီ ၂၄၊ ၂၀၁၄
    M-Media
    လမင်း

    DSC02606

    ရန်ကုန်   ။           ။    ၂၀၁၄ ဧပြီလ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သတ်မှတ်ထားသည့်အတိုင်း ရန်ကုန်မြို့ စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလတ် ယာဉ်များပြေးဆွဲခွင့်ကို ရပ်နားခြင်းသည် ပြောင်းလဲတော့မည် မဟုတ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မ.ထ.သ (ဗဟို)တို့ပူးပေါင်းပြီး ရန်ကုန်မြို့စည်ပင်သာယာ နယ်နမိတ်အတွင်း ဟိုင်းလတ်ယာဉ်များ ၀င်ရောက်ပြေးဆွဲခွင့်ကို မတ်လ ၃၁ ရက်နေ့က ပိတ်သိမ်းခဲ့သော်လည်း ခရီးသည်များနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်တို့၏ အခက်အခဲ အမျိုးမျိုးတို့ကြောင့် ဧပြီလ ၃ ရက်နေ့တွင် တစ်လ ထပ်မံ တိုးမြှင့်ပေးခဲ့သည်။

    “ကျွန်တော်တို့လည်း ဧပြီလ ၁ ရက်နေ့က မြို့ပြင်ကိုသွားပြီး လေ့လာကြည့်တယ်။ အခက်အခဲအမျိုးမျိုးကိုတွေ့ရတော့ အားလုံးတိုင်ပင်ပြီး နောက်ကို တစ်လဆုတ်ပေး လိုက်တယ်။ ယာဉ်လုပ်သားတွေ ဆန္ဒပြလို့နောက်ဆုတ်ပေးလိုက်တာ မဟုတ်ပါဘူး။ အခုဒီလကိုတော့ ထပ်ရွှေ့ပေးမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကယာဉ်တွေကို ပိတ်သိမ်းတာ မဟုတ်ပါဘူး။ ပြေးဆွဲခွင့်ကို ကန့်သတ်လိုက်တာပါ။ လုံလောက်တဲ့ပြင်ဆင်မှုအတွက် အချိန် တစ်ခုပေးထားတာပါ” ဟု မ.ထ.သ (ဗဟို) ဥက္ကဌ က ဆက်လက်ပြောကြားခဲ့သည်။

    စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ်အတွင်း “ခ” လိုင်စင် “ခရီးသည်တင်ဆောင်သည့်ယာဉ်”ဖြင့်ပြေးဆွဲခွင့်ကိုကန့်သတ်ထားခြင်းဖြစ်ပြီး ၎င်းယာဉ်များသည် “က” လိုင်စင် “ကုန်စည်တင်ဆောင်သည့်ယာဉ်” အဖြစ်သို့ပြောင်းလဲမည်ဆိုကာပါ စည်ပင်သာယာနယ်နမိတ်အတွင်းသို့ ၀င်ရောက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

    ရပ်နားမည့်ဟိုင်းလတ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၁၁၉ စီးရှိပြီဖြစ်ပြီး ၁၆ စီးထပ်မံတင်သွားထားကြောင်း သိရသည်။ မီနီဘတ်စ်များတင်သွင်းရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြံ့ကြာမှုများလည်းရှိကြောင်း သိရသည်။