News @ M-Media

Tag: မာန်ထက်သျှံ

  • ဘယ်သူ သမ္မတ ဖြစ်မလဲ ?

    ဘယ်သူ သမ္မတ ဖြစ်မလဲ ?

    007
     သမ္မတ အသစ်ရွေးချယ်တင်မြှောက်မည့် ပြည်ထောင်စုလွှတ်တော်

    မတ်လ ၄  ၊ ၂၀၁၆
    မာန်ထက်သျှံ ရေးသည်။

    ယခုသီတင်းပတ်အတွက် လူအများ စိတ်ဝင်စားသောသတင်းကတော့ မြန်မာပြည်မှာ ဘယ်သူသမ္မတဖြစ်လာမယ် ဆိုတာပါပဲ။ ပြည်ထောင်စုလွှတ်တော်က မကြာမီ ရက်ပိုင်းက သမ္မတရွေးချယ်ရေးကို မတ်လ ၁၇ ရက်နေ့ အစား မတ်လ ၁၀ရက်နေ့တွင် ပြောင်းလဲလုပ်မည်ဟု ကြေညာအပြီး စာနယ်ဇင်း မီဒီယာတွေမှာရော၊ အွန်လိုင်း လူမှုကွန်ရက်များမှာပါ ပိုမို ပွက်လောရိုက်ခဲ့ပါတယ်။

    ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ ထိလွယ်ရှလွယ်ပြီး အလွန်ဖြေးညှင်းစွာ ကိုင်တွယ်နိုင်ဖို့ အရေးကြီးပါတယ်။ သမ္မတရာထူး လက်ခံပြီး သမ္မတတာဝန် ထမ်းဆောင်ခွင့်ရသူဟာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွန်းကန်ဖယ်ရှားရမှာပါ။

    တကယ်တော့ နိုင်ငံတော် သမ္မတရာထူးကိုရယူ၍ တိုင်းပြည်ကို ဦးဆောင်ချင်သူများ ရှိပါတယ်။ စစ်တပ်အကြီးအကဲဟောင်း သူရဦးရွှေမန်းဟာ ၎င်းရဲ့ ပထမအကြိမ် လွှတ်တော် သက်တမ်း ပြည်သူ့လွှတ်တော်ဥက္ကဌ လုပ်စဉ် အမေရိကန် ခရီးစဉ်မှာ မိမိသမ္မတ လုပ်ချင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အလားတူ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း သမ္မတရာထူးအတွက် မျှော်မှန်းကြောင်း အများပြည်သူကို ထုတ်ပြောဖူးပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်မှလည်း အစောပိုင်းကာလများမှာ ပြည်သူက ဆက်တောင်းဆိုလျှင် သမ္မတရာထူး ဆက်ထမ်းဆောင်ပါမယ်လို့ ဆိုခဲ့ပါတယ်။

    သို့သော် သူရဦးရွှေမန်းဟာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ဥက္ကဌရာထူးနဲ့ဦးဆောင်နေပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း သူ့ရဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆက်လက် ဦးဆောင်မယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးဟာလည်း အခြေခံဥပဒေ ပုဒ်မ ၅၉(စ)နဲ့ငြိ နေတဲ့အတွက် နှောင့်နှေးနေရပါတယ်။

    ဤသို့ဆိုလျှင် ဘယ်သူသမ္မတ ဖြစ်လာမယ်ဆိုတာက ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာပါတယ်။

    သမ္မတ ရွေးချယ်တဲ့နေရာမှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒု-သမ္မတလောင်းတစ်ဦး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒု-သမ္မတလောင်း တစ်ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်းမှ တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒု-သမ္မတလောင်းတစ်ဦးရဲ့ အမည်စာရင်းကို အသီးသီး တင်သွင်းရမှာပါ။ ထို ဒု-သမ္မတလောင်း သုံးဦးကို ပြည်ထောင်စုလွှတ်တော်မှာ မဲပေးရွေးချယ်စေပြီး မဲအများဆုံးရသူက သမ္မတ၊ ဒုတိယ မဲအများဆုံး ရသူက ဒု-သမ္မတ (၁)နဲ့ နောက်ဆုံး တစ်ယောက်ကတော့ ဒု-သမ္မတ(၂) ဖြစ်မှာပါ။ မတ်လ ၁၀ရက်နေ့မှာ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဒု-သမ္မတလောင်း အမည်စာရင်းများ တင်သွင်းဖွယ်ရှိနေပြီး အမည်စာရင်းတစ်ဦးထက် ပိုနေပါက ထိုအစုအဖွဲ့ထဲမှာ ပဏာမ စိစစ်ရွေးချယ်ရဦးမှာပါ။

    လက်ရှိကာလမှာ မဲဆန္ဒရှင်ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်ချင်ကြပေမယ့် ဒေါ်စု သမ္မတ ဖြစ်ရေးအတွက် အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ဟာ အဟန့်အတားဖြစ်နေပါတယ်။ ထိုပုဒ်မကို ယာယီဆိုင်းငံ့ဖို့ ဥပဒေထုတ်ပြန်ဖို့ ပညာရှင်တချို့ သုံးသပ်တင်ပြချက်တွေရှိသလို ထိုပုဒ်မကို မပြင်ဖို့ အမျိုးသားရေးဗန်းပြ ဟစ်အော်သူများလည်း တွေ့ရပါတယ်။ လွှတ်တော်ထဲမှာ အနိုင်ရပါတီဟာ NLD ပါတီဖြစ်လို့ ဒု-သမ္မတလောင်း ၂ဦးကတော့NLD ပါတီမှပဲ ဖြစ်လာမယ်လို့ တပ်အပ်ပြောလို့ရပါတယ်။ တပ်ဖက်က ရွေးချယ်ပေးလိုက်တဲ့ ဒု-သမ္မတလောင်းကတော့ တပ်မှ ယူနီဖောင်း ချွတ်မည့်သူ ဒါမှမဟုတ် ယခင် ပြည်ခိုင်းဖြိုးပါတီမှ တစ်ဦးဦး ဖြစ်နိုင်ပါတယ်။ ထို၃ဦးအနက် ထပ်မံရွေးချယ်ရင်လည်း NLD အမတ်အများစု လွှမ်းမိုးထားသော လွှတ်တော်မှ တင်မြှောက်သော ဒု-သမ္မတလောင်းဟာ သမ္မတ ဖြစ်လာမှာတော့ ဧကန်မလွဲပင်။

    မကြာသေးမီ ရက်ပိုင်းက NLD ပါတီရဲ့ ရင်းမြစ်သတင်းများအရ ဦးထင်ကျော်နဲ့ ဦးမျိုးအောင်တို့ကို ဒု-သမ္မတလောင်းများအဖြစ် အမည်စာရင်း တင်သွင်းရန် လျာထားကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အတိအကျကိုတော့ မသိရသေးပါ။ NLD ပါတီမှ ထိုကဲ့သို့ တင်မြှောက်လိုက်ပါက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မည့်သို့ဖြစ်လာမည် ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ သူမဟာ လတ်တလောအချိန် လွှတ်တော်လုပ်ငန်းအတွင်းမှာ အချိန်ကုန်ဆုံးနေပြီး ကျန်ဗဟိုအလုပ်အမှုဆောင် များက ပါတီရေးရာ ကိစ္စရပ်များကို ဆောင်ရွက်နေရပါတယ်။

    NLD ပါတီမှ ဦးဝင်းထိန်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် အနှေးနဲ့ အမြန်သာကြာပြီး သမ္မတဖြစ်ရန်ကိစ္စသည် ဖြစ်ကို ဖြစ်ရမယ်လို့သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။ ထိုနည်းတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာကို ပိတ်ကားပေါ်မှာ ကြည့်ပါလို့ NLD ပါတီ နာယက သူရဦးတင်ဦးက ပြောခဲ့ပါတယ်။

    ဒီလိုဆိုလျှင် ၅၉(စ)နဲ့ ဟန့်တားခံထားရတဲ့ ဒေါ်စု သမ္မတ ဖြစ်ရေးဟာ နီးမလိုနဲ့ဝေး၊ ဝေးမလိုနဲ့ နီးသလို ဖြစ်နေပါတယ်။ NLD အမတ်အများစုရှိရာ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ အနေနဲ့ရော ကျန်ပါတီငယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ် များကို မည်သို့မည်ပုံ စည်းရုံးပြီး ၅၉(စ) ပြင်ဆင်ရေးကိစ္စတွေ ကျန်ကိစ္စတွေမှာပါ မည်သို့မည်ပုံဆက်ဆံဆောင်ရွက်မလဲဆိုတာလည်း စောင့်ကြည့်ရမှာပါ။

    မြန်မာ့အရေးလေ့လာသူ လယ်ရီဂျေဂင်ကတော့ NLD သတင်း ရင်းမြစ်များကို ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည့် ဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ သူမ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာလျှင် သြဇာခံသမ္မတ ဖြစ်လာပြီး နိုင်ငံတကာ ခရီးစဉ်များ သမ္မတသွားသည့်အခါ နိုင်ငံခြားရေးဝန်ကြီး လိုက်ပါ ထိန်းကျောင်း နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ အရေးကြီးသော ကိစ္စရပ်များ၊လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) မှာလည်း ပါဝင်နိုင်မယ့် တစ်ခုတည်းသော အရပ်သား ဝန်ကြီး ရာထူးဖြစ်ပါတယ်။ ဒေါ်စုအနေနဲ့ သူမ လက်ရှိသမ္မတ မဖြစ်နိုင်သေးလျှင် သူမတင်မြှောက်သော သမ္မတရဲ့ အထက်မှာ ရှိနေမှာဖြစ်ပါတယ်။ သက်တမ်းတစ်ခုရောက်ရင်တော့ သမ္မတရာထူးကို လက်ခံဖို့ဖြစ်ပါတယ်။ သို့ဆိုလျှင် သူမဟာ သမ္မတ မဖြစ်သေးဘဲ လက်ရှိမှာ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို လက်ခံမှာလားဆိုတာလည်း ပုစ္ဆာတစ်ပုဒ် ဖြစ်လာပါတယ်။

    ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ၅၉(စ)ကို ပြင်ဆင်စရာမလိုပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးဟာ သူမ သားသမီးများ မြန်မာနိုင်ငံသားများ အဖြစ် လျှောက်ထားရင် ဖြစ်နိုင်ပါတယ်လို့ ထောက်ပြပါတယ်။ အကယ်၍ သူမ သားသမီးများ မြန်မာနိုင်ငံသားအဖြစ် လျှောက်ရင်ရော လက်ခံမှာလားဆိုတာကတော့ ဘာမှ မပြောထားပါဘူး။

    လက်ရှိ နိုင်ငံရေး အနေအထားများနဲ့ ဆက်စပ်တွေးကြည့်ရင် ဘယ်သူဟာ သမ္မတဖြစ်သင့်တယ် ဆိုတာကတော့ သိသာပေါ်လွင်နေပါတယ်။မတ်လ ၁၀ရက်နေ့မှစပြီး သမ္မတရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ ဝန်ကြီးဌာနများ ပြင်ဆင် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်း တင်သွင်း အတည်ပြုမှုများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များ ရွေးချယ် ခန့်အပ်ခြင်းတွေကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မတ်လ ၃၀ရက်နေ့မှာတော့ နိုင်ငံတော် သမ္မတတာဝန် လွှဲပြောင်းရေး အခမ်းအနားကို ကျင်းပမယ်လို့ NLD နဲ့ လက်ရှိ အစိုးရတို့ ပူးပေါင်းထားတဲ့ အသွင်ကူးပြောင်းရေးကော်မတီမှ သိရပါတယ်။

    “ကဲ… ဘယ်သူ သမ္မတ ဖြစ်မလဲ?” ဆိုတာကတော့ လက်ရှိမှာ မြန်မာပြည်သူများ ရင်သပ်ရှုမောဖွယ် စောင့်ဆိုင်းနေရသော လျှိုဝှက်သဲဖို မေးခွန်း တစ်ခုပင်။      ။

  • စစ်မီးလျှံ၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး

    စစ်မီးလျှံ၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး

    နိုဝင်ဘာ ၂၀ ၊ ၂၀၁၅
    M-Media
    မာန်ထက်သျှံ ရေးသည်။
    un-arms
    စစ်တို့မည်သည် လက်နက်ကိုင်သည်။ အကြမ်းဖက်သည်။ အနိုင်ရရေးအတွက် လူ့အသက်ကို သတ်ကြသည်။ လူသားများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံး ပျက်စီးတတ်သည်။ ထို့ကြောင့် စစ်ဆိုသော အရာကို လူသားများမုန်းသည်။

    ပဋိပက္ခ ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး၊ အုပ်စုတစ်ခုနှင့် တစ်ခု အမြင်မကြည်လင်မှု မကျေနပ်မှုများမှ စတင်တတ်သည်။ ပဋိပက္ခကြောင့် လူတို့၏ အသက်ဇီဝိန် ကြွေကျတတ်သည်။ လူ့အဖွဲ့အစည်းများ အတိဒုက္ခရောက်ကြရသည်။ ပဋိပက္ခကို လူတို့မလိုလား လူသားများစက်ဆုပ်ကြသည်။

    ငြိမ်းချမ်းမှုအတိဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီး ဖြစ်စေလိုကြသည်။ ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တကြသည်။ ငြိမ်းချမ်းမှု၏ ဓါတ်သဘောကို ခံစားလိုကြသည်။ လူသားတိုင်းငြိမ်းချမ်းချင်သည်။

    စစ်ဘေးဒဏ်ကြောင့် ကမ္ဘာသူကမ္ဘာသားတို့ အခက်အခဲမျိုးစုံကြုံတွေ့ရသည်။ စစ်မီးလျှံကြောင့် မြန်မာပြည်သားတို့ ဒုက္ခနွံ့နစ်ခဲ့ကြသည်။ စစ်မက်ဖြစ်ပွားမှု၏ ရလဒ်သည် လူသားအားလုံးကို ဘေးတွေ့စေသည်။ စစ်ပွဲတွေကြောင့် ကလေးသူငယ်များ၏ တောက်ပတဲ့ အနာဂတ်ဘ၀ကို ရိုက်ချိုးပစ်သည်။ ဒါကြောင့် စစ်ပွဲတွေ မရှိရင်ကောင်းမည်ဟု ပြောလာကြသည်။

    ပဋိပက္ခတွေ ကမ္ဘာတစ်လွှားဖြစ်သည်။ ပဋိပက္ခတွေ မြန်မာ တ၀ှမ်းဖြစ်ပြန်ပြီ။ လူတွေကြောင့်လား။ မူတွေကြောင့်လား။ ခွဲခြားဆက်ဆံမှုတွေကြောင့်လား။အရောင်အသွေး အဆင်းသဏ္ဍန်ကြောင့်လား။ ပဋိပက္ခ၏ နောက်ဆက်တွဲဖြစ်စဉ်ကြောင့် ဒုက္ခသည်စခန်းတွင် လူအများ ပြည့်ကျပ်နေသည်။

    ငြိမ်းချမ်းရေးဆိုတာ ဘယ်မှာရှာရမည်နည်း။ သတင်းစာဂျာနယ်တွေပေါ်မှာလား။တီဗွီပေါ်မှာလား။ လူကြီးတွေဆီမှာလား။ အစိုးရဆီမှာလား။ လူတွေရဲ့ မျက်နှာပေါ်မှာလား။ဖြေပေးပါ စာရှုသူ။ အပြုံးပီတိမဲ့နေသော မျက်နှာကို ငြိမ်းချမ်းပါတယ်လို့ ပြောနိုင်မလား။ ထိတ်လန့်ခြင်း၊ လွှမ်းဆွေးခြင်းများနှင့် ဖုံးနေတဲ့ မျက်နှာကို အေးချမ်းပါတယ်လို့ ဆိုနိုင်ပါ့မလား။

    စစ်၏ အမည်းစက်ကြောင့် ငိုကြွေးသံနှင့် အတူ ကြောက်ရွံ့ခဲ့ကြသည်။ အနိဠာရုံ မြင်ကွင်းများကြောင့် ၀မ်းနည်းပူဆွေးခဲ့ရသည်။ အမိမဲ့၊ အဖမဲ့ ကလေးသူငယ်များ၏ ဘ၀သည် အသိုက်ပျက် ငှက်ငယ် တစ်ကောင် ကဲ့သို့ ပျံသန်းရာ ခရီးလမ်း ပျောက်ဆုံးနေရရှာသည်။

    ပဋိပက္ခတွေ ဖြစ်နေသည်။ ဘာသာမတူလို့၊ လူမျိုးကွဲလို့၊ အသားအရောင် ကွဲပြားလို့၊ နိုင်ငံရေး အယူအဆချင်း မတူလို့ပေါ့။ ကွဲပြားမှုသည် အင်အားတစ်ရပ်ဟု ခံယူစေချင်သည်။ လူသားများကြား ကွဲလွှဲမှုတွေ ရှိကောင်းရှိမည်။ သို့သော် ကွဲလွှဲမှုကို အခြေခံကာ ကွဲပြဲမှုတော့ မဖြစ်သင့်။ ငါစွဲ၊ ၀ါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ဒေသစွဲ၊ မိရိုးဖလာစွဲ၊ ပတ်ဝန်းကျင်စွဲ စသည့် အချည်အနှောင်များကြောင့်ဆိုလျှင် အဘယ်မှာ ပဋိပက္ခကို ဖြေရှင်းနိုင်အံ့နည်း။

    ငြိမ်းချမ်းသော ဘ၀ဟူသည် စိုးရိမ် ကြောက်ရွံ့မှု ကင်းရမည်။ ၀မ်းနည်း ပူဆွေးမှု ကင်းရမည်။ လုံခြုံမှုရှိပြီး သဟဇာတ ရှိသော လူမှုအသိုက်အ၀န်းထဲမှ ဖြစ်ရမယ်။ မတရားမှုတွေကင်းစင်ပြီး ရင့်ကျက်တည်ငြိမ်သော လူမှုဘ၀၀န်းကျင်ကို လူသားတိုင်း လိုလားကြသည်။

    စစ်ပွဲတွေကို ကြည့်လိုက်ပါ။ စာသင်ခန်းတွင်ရှိရမည့် အရွယ်များ ရှေ့တန်း စစ်မျက်နှာပြင်တွင် တိုက်ခိုက်နေကြသည်။ စာရေးသော လက်များသည် သေနတ်ကိုင်ဆောင်သော လက်များ အဖြစ် အသွင်သဏ္ဍာန်ယူနေကြသည်။ လူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ရမည့် အစား မိုင်းထောင် ဗုံးခွဲနေကြရသည်။အချို့မှာ ပညာရေးဖြင့် ထိတွေ့ရမည့်အစား သွေးထွက်သံယိုမှုများနှင့် ကျင်လည်နေကြရသည်။

    စစ်ပွဲတွေဘာကြောင့်ဖြစ်လာရသနည်း။ ကိုယ့်အယူအဆချင်း မတူညီလို့ လက်နက်စွဲကိုင် တိုက်ကြတာလို့ပြောရင် မှားမည်မထင်။ တစ်ဦးနှင့် တစ်ဦး၊တစ်ဖက်နှင့် တစ်ဖက် တိုက်ကြ ခိုက်ကြ ခုတ်ကြ ထစ်ကြနှင့် စစ်ပွဲဆိုရွံ့ရှာမိလေပြီ။

    ပဋိပက္ခတွေကို ဘယ်သူဖန်တီးသနည်း။ လူတစ်စုဟုဆိုကြသည်။ နောက်ကွယ်မှ ကြိုးကိုင်သူများဟု ပြောကြသည်။ နောက်ကွယ်မှ ကြိုးကိုင်သူ လူတစ်စုဟု ဆိုလျှင် ပိုမှန်မည်။ ဘာကြောင့်များ ဖန်တီးရသနည်း။ အယူဝါဒမှိုင်းတွေကြောင့် အစွဲတွေကြောင့် အမုန်းမီးတွေကြောင့် ဒေါသအမှားတွေကြောင့် အမျိုးမျိုးသုံးသပ်ကြသည်။ သို့ပေမယ် လူသားတိုင်းကတော့ ပဋိပက္ခမှိုင်းတိုက်သော လူအချို့ကို ဆန်ကျင်နေကြရသည်။

    ငြိမ်းချမ်းရေးရမ္မက်သည် ချိုမြိန်သည်။ ခံစားမှု အေးစက်စေသည်။ ရင့်ကျက် တည်ငြိမ်သည်။ လူသားတိုင်း ဆာလောင် တောင့်တကြသည်။ ငြိမ်းချမ်းခြင်း အတိဖြင့် ဖုံးလွှမ်းတဲ့ ကမ္ဘာမြေတခွင်ရှင်သန် အသက်ဆက်လိုကြသည်။

    စစ်ပွဲတွေအကြောင်းမေးချင်သည်။ နှစ်၆၀ကျော် တိုင်အောင် မဖြေရှင်းနိုင်တဲ့ မြန်မာပြည်းတလွှားက သေနတ်သံများ ဘယ်တော့များမှ ရပ်စဲမှာလဲ။ ပြည်ထောင်စု သွေးချင်းညီအစ်ကိုတွေ အကြား ယုံကြည်မှုခိုင်မာစွာ ဘယ်တော့မှတည်ဆောက်နိုင်မှာလဲ။ တမြေတည်းနေ၊ တရေတည်းသောက် မောင်နှမသားချင်းများဟု အဘယ့်ကြောင့် မခံယူနိုင်ဝံ့သနည်း။ စစ်ဒဏ်အလူးအလဲ ခံစားနေရသော ပြည်သူတွေကို မေးကြည့်ပါ။ စစ်တိုက်တာကောင်းကြလားလို့။ အားလုံး အဖြေတစ်ခုတည်း ထွက်မည်မှာ မလွှဲပေ။ ‘စစ်ပွဲဆိုတာကို ကျုပ်တို့ အလိုမရှိ’တဲ့  ။

    ပဋိပက္ခတွေ အကြောင်းဆိုချင်သည်။ မြန်မာပြည် အနောက်ဘက်ခြမ်းကစပြီး အလယ်ပိုင်းတ၀ိုက်ကို မွှေကာ အရှေ့ဘက်ခြမ်းရောက် ထိတိုင်အောင် မငြိမ်းတဲ့ ဘာသာရေး ပဋိပက္ခမီးတွေ ဆက်ပြီး တောက်လောင်နေဦးမှာလား။ ကြောက်ရွံ့မိသည်။ ထိတ်လန့်မိသည်။ လူမှုစီးပွားဘ၀ ပျက်သုဉ်းရသည်။ မည်သည့် လူသားအတွက်မှ အကျိုးမရှိ။ ပဋိပက္ခကြောင့် နေရပ်ရှောင်ခွာ ထွက်လာကြသူများကို မေးကြပါ။ ဖြေကြပါဦးမည်။ ‘ဘာသာရေး၊လူမျိုးရေး ပဋိပက္ခများကို လုံးဝအလိုမရှိ’  လို့။

    ငြိမ်းချမ်းရေး သတင်းစကားဆက်ချင်သည်။ ငြိမ်းချမ်းရေးသည် လူသားတို့၏ အသက်၊ လူသားတို့၏ ဘ၀၊ လူသားတို့၏ မနက်ဖြန်၊ လူသားတို့၏ ပစ္စုပန်၊ လူသားတို့၏ အနာဂတ် ၊လူသားတို့၏ မျှော်လင့်ချက် ရောင်ခြည်သာဖြစ်သည်။ ငြိမ်းချမ်းသော ရွှေပြည်ကြီးရဲ့ လွပ်လပ်ခြင်းကို စံစားရသူတစ်ဦးနှင့် သောက အပူမီးဝိုင်းကာ အသက်လုပြေးရသူတစ်ယောက်တို့၏ ခံစားချက်မှာ မိုးနှင့် မြေပမာ ကွာခြားလှပေသည်။ ထိုသူမှာငြိမ်းချမ်းရေး သတင်းစကားကို အပြည့်အ၀ စောင့်စားနေမိသည်။

    စစ်ပွဲအတွင်း ဓါတုလက်နက်တွေသုံးသည်။ လူသားမျိုးရိုး ဗီဇထိတိုင်အောင် ခြိမ်းခြောက်လာသည်။ ဓါတုလက်နက်ပပျောက်အောင်ဟု ဆိုကာ စစ်ပွဲဆင်နွှဲကြပြန်သည်။ ငြိမ်းချမ်းရေးစစ်ပွဲ ဟုဂုဏ်ယူဝံ့ကြွားစွာ တိုက်ကြခိုက်ကြသည်။ ဘယ်လိုပဲဆိုဆို စစ်ဖြစ်ပြီဆိုလျှင် လူသားတွေ အခက်ကြုံသည်။ နေမှုထိုင်မှု စားမှုသောက်မှု အစစအရာရာမှာ ဒုက္ခတွေ့သည်။ ၀မ်းနည်းစရာကောင်းလှပါသည်။

    ပဋိပက္ခကို ရှောင်ရှားလိုသည်။ စစ်မီးလျှံကို မုန်းသည်။ ငြိမ်းချမ်းမှုကို ပိုင်ဆိုင်လိုကြသည်။ သို့သော် ငြိမ်းချမ်းမှုဆိုတာ အဘယ်မှာနည်း။ သေနတ်သံ ၀န်းရံထားတဲ့ လူမှုဝန်းကျင်မှာ ငြိမ်းချမ်းရေး စကား ထွက်ဆိုနိုင်ပါ့မလား။ ဒေါသသံညံနေတဲ့ လူအုပ်ကြားထဲမှာ ငြိမ်ချမ်းပါစေလို့ ပြောနိုင်မှာလား။
    ငြိမ်းချမ်းရေးမျှော်လင့်ချက်ရော ရှိသေးလား။ မေးလိုက်ချင်သည် မြန်မာပြည်ကြီး။ ငြိမ်းချင်မှုမရှိရင် မလွတ်လပ်ဘူး။ လွတ်လပ်မှုမရှိရင် ၀မ်းနည်းလာမယ်။ ပူဆွေးလာမယ်။ မျှော်လင့်ချက်တွေမဲ့လာမယ်။ ငြိမ်းချမ်းခြင်းနှင့် လွတ်လပ်ခြင်းဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်မှီခိုနေတယ်။ ဒီတော့ ငြိမ်းချမ်းရေးဆောင်ယူနိုင်မှ လွတ်လပ်ခြင်း အရသာကို အပြည့်အ၀ခံစားနိုင်မယ်။

    ကမ္ဘာမြေကြီး ပြန်လည်သင့်မြတ်ချင်ပြီ။ မြန်မာပြည်ကြီး ငြိမ်ချမ်းချင်ပြီ။ မြန်မာပြည်ကြီး ဘယ်တော့ ငြိမ်းချမ်းမှာလဲ။ ဒီနေ့လား။ မနက်ဖြန်လား။ မနေ့ကလား။
    ငြိမ်းချမ်းချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။ ငြိမ်းချမ်းချင်ပြီ။
    စစ်ဘေးသင့် ပြည်သူတစ်ဦး၏ စကားသံ။
    အေးချမ်းချင်ပြီ။ အေးချမ်းချင်ပြီ။ အေးချမ်းချင်ပြီ။
    ပဋိပက္ခကြောင့် ရှောင်ခွာပြေးနေသူတစ်ဦးရဲ့ ထွက်ဆိုသံ။
    ဘာကြောင့် မငြိမ်းချမ်းသနည်း။ မငြိမ်းချမ်းအောင်လုပ်လို့ မငြိမ်းချမ်းသည်။ ဒါဆို ဘာကြောင့် ငြိမ်းချမ်းအောင် မလုပ်ကြသနည်း။ အဖြေကရှင်းသည်။ အတ္တအတားအဆီးတွေကြောင့် ဖြစ်ဟန်တူသည်။ အတ္တမာန်မာနများ၊ အယူသည်းမှုများ၊ မုန်းတီးမှုများ၊ ရန်ငြိုးရန်ဖက်မှုများ၊ မနာလို ၀န်တိုမှုများ ရှိနေဦးမည်ဆိုက အကြမ်းဖက်  သံသရာထဲတွင် တ၀ဲလည်လည် ဖြစ်နေဦးမည်ဖြစ်သည်။ အတ္တအတားအဆီးတွေကို ဘယ်သူဖန်တီးသနည်း။ လူတွေဖြစ်သည်။ ငြိမ်းချမ်းခြင်းကို လိုချင်တာသည် လူသားဖြစ်သည်။ မငြိမ်းချမ်းမှုကို ဆောင်ကျဉ်းသူမှာလည်း လူသားပင်ဖြစ်သည်။ သို့ဆိုလျှင် လူသားအချင်းချင်း ညှိနှိုင်းကာ ငြိမ်းချမ်းမှုကို တည်ဆောက်လို့ မရနိုင်စွမ်းလား။ အချိန်ကြောင့်လား။ ကာလအကန့်အသတ်တွေကြောင့်လား။ ဘေးဘက်က ဘောင်ခတ်ဝန်းရံမှုတွေကြောင့်လား။ အားလုံးကို ရိုက်ချိုးပြီး ငြိမ်းချမ်းရေးတံခါးကို တွန်းဖွင့်ချင်သည်။ အေးချမ်းမှု အလင်းတန်းကို ဖူးတွေ့ချင်ပြီ။ ဒါကမ္ဘာသူကမ္ဘာသားများ၏ စိတ်ဆန္ဒ။ မြန်မာပြည်သားတို့၏ အာသီသ။ငိမ်းချမ်းမှုကို မျှော်လင့်သည်။ မ၀င့်မရဲ တောင့်တမိသည်။
    စစ်ပွဲတွေကို မလိုလား၊ ပဋိပက္ခတွေ မဖြစ်စေချင်၊ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီနှင့်အတူ လွတ်လပ်ငြိမ်းချမ်း မျှတလမ်းသို့ မတူလက်များတွဲကာ အနာဂတ်မြန်မာပြည်ကြီးကို မြန်မာပြည်သူများအားလုံး ၀ိုင်းဝန်းတည်ဆောက်လိုကြသည်။
    အမှောင်တွေပြီးရင် အလင်းပေါက်လာမည်။ ညကုန်ဆုံးရင် နေ့သစ်ရောက်လာမည်။ လှပတဲ့ အာရုံဦးနံနက်ခင်းမှာ ငြိမ်းချမ်းရေး ဂျိုးဖြူငှက်၏ သာယာနာပျော်ဖွယ် တေးသီမှုသံစဉ်ကို ကြားချင်လှပါဘိ။ တို့ချစ်တဲ့ မြန်မာပြည်ကြီး ထာဝရငြိမ်းချမ်းပါစေလို့ ဆုမွန်စကားခြွေလိုက်ချင်သည်။  ငြိမ်းချမ်းမှုအပေါင်း ခညောင်းပါစေ။

    စာဖတ်သူ အပေါင်းလည်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ငြိမ်းချမ်းရေး နှစ်ဖြာသော သုခနှင့် အစဉ် ပြည့်စုံပါစေသတည်း။
    ငြိမ်ချမ်းရေးကို ထာဝရမျှော်လင့်တောင့်တနေသူ

    မာန်ထက်သျှံ

  • အပြောင်းအလဲ၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်း

    အပြောင်းအလဲ၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်း

    အောက်တိုဘာ ၃၁ ၊ ၂၀၁၅
    M-Media
    ရေးသားသူ – မာန်ထက်သျှံ

    2015-Election

    လက်ရှိမြန်မာနိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလဖြစ်သည်။ စနစ်တစ်ခုမှ တစ်ခုသို့ အရွေ့တစ်ခုဖြင့် ပြောင်းလဲနေချိန်ဖြစ်သည်။ အပြောင်းအလဲကို ပြည်သူလူထုက လိုလားသည်။ ကောင်းသောပြောင်းလဲခြင်း ကိုသာ မျှော်လင့်ကြသည်။

    အခြေခံ သဘာတရား
    ———————-
    ဒီမိုကရေစီ ဆိုသော ဝေါဟာရမှာ ဆန်းကြယ်သည်။ ဒီမိုဆိုတာ လူအများ ကရေစီးယား ဆိုတာ အုပ်ချုပ်ခြင်း တနည်းအားဖြင့် ဒီမိုကရေစီဆိုတာ အများဆန္ဒဖြင့် စီမံဆောင်ရွက်ခြင်း ဖြစ်သည်။ အများစုရဲ့ သဘောထား၊ လူနည်းစုရဲ့ ဆန္ဒများကို အလေးထားရသည့် စနစ်တစ်ရပ်ဖြစ်သည်။ Of the people, by the people, for the people ပြည်သူ့အတွက် ပြည်သူရွေးသော ပြည်သူ့အုပ်ချုပ်ရေး စနစ် တစ်ရပ်ပင်ဖြစ်သည်။ ဒီမိုကရေစီသည် တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ တန်းတူညီမျှမှုရှိခြင်း တို့တွင် အခြေခံသည်။

    ဒီမိုကရေစီသည် ပန်းတိုင်တစ်ခုမဟုတ်ဘဲ ယနေ့ မြန်မာပြည်သူများ ကျင့်သုံးရမည့် စနစ်တစ်ခုသာဖြစ်ကြောင်း နားလည်ထားရမည်။ ဒီမိုကရေစီကို အခြေခံအားဖြင့် လူ့အခွင့်အရေး တန်ဖိုးများနှင့် ချိန်ထိုး နှိုင်းယှဉ်ကြည့်ရမည်သာဖြစ်သည်။

    ခါးသီးတဲ့ သမိုင်း
    ———————
    မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကိုကြည့်ပါ။ ဗိုလ်ချုပ်တို့ ဦးဆောင်ကာ လွတ်လပ်ရေး ရဖို့ ။ သူ့ကျွန်ဘဝမှ လွတ်မြောက်ဖို့ အသက် သွေးချွေးများစွာ စတေးအနစ်နာခံပြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ လွတ်လပ်ရေး သမိုင်းမှတ်တိုင် တစ်ရပ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

    ၁၉၄၇-၄၉ ခုနှစ်ကာလများဟာ မြန်မာနိုင်ငံတွင်း  အဆိုးရွားဆုံး ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ရပါတယ်။ စစ်မီးလျှံများ မြန်မာပြည်တဝှမ်းတောက်လောင်ပြီး စစ်၏ အမည်းစက်ကြောင့် ပြည်သူအများ ဒုက္ခများ ခါးသီးစွာ ခံစားခဲ့ရပါတယ်။ လွတ်လပ်ရေး ရပြီး ကတည်းက ရှည်ကြာနေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းဖို့ မကြာခင်က NCA စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဟာ ကောင်းမွန်သော အရွေ့ တစ်ခုကို ချဉ်းကပ်သည်ဖြစ်ရာ ကြိုဆိုရမည်သာဖြစ်သည်။

    အနာဂတ်ကာလတွင် တည်ငြိမ်အေးချမ်းစွာဖြင့် လက်နက်ကိုင် ပဋိပက္ခများ လူမျိုးရေး ဘာသာရေး နှင့် လူ့ဂုဏ်သိက္ခာကို  ခွဲခြားဆက်ဆံမှု များ အကြမ်းဖက်မှုများမရှိဘဲ တိုးတက်ကောင်းမွန်သော လူမှုရပ်ဝန်းနိုင်ငံသစ် တစ်ရပ်ကို လှပစွာ ပုံဖော်လိုကြခြင်းမှာ ပြည်သူအများ ရင်ထဲကိန်းအောင်းနေသော ဆန္ဒအမှန်ပင်ဖြစ်သည်။

    ခေတ်အဆက်ဆက်ရွေးကောက်ပွဲများ
    —————————————
    ကိုလိုနီ နယ်ချဲ့တို့ မြန်မာနိုင်ငံကို သိမ်းပိုက်အပြီး ၁၈၈၆ ခုနှစ်ဧပြီလ ၁ရက်နေ့မှာ မြန်မာဘုရင့် လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။ ကိုလိုနီခေတ် ကာလတလျောက် ၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈နဲ့ ၁၉၃၂ တွေမှာ ရွေးကောက်ပွဲတွေကျင်းပခဲ့ပါတယ်။ အဆိုပါ ရွေးကောက်ပွဲတွေကို မဲပေးခွင့်ရှိသူတွေဟာ အသက် ၁၈နှစ်ပြည့်ရုံသာမက အခွန် ၅ကျပ်ဆောင်ပြီး သူသာဖြစ်ရမယ်လို့ ကန့်သတ်ထားတာကို တွေ့ရပါတယ်။

    လွတ်လပ်ရေး ရဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာ ဗိုလ်ချုပ်တို့ဦးဆောင်ကာ ၁၉၄၇ခုနှစ် တိုင်းကျိုးပြည်ပြုလွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ကာလများမှာ ပထမအကြိမ်ပါလီမန် အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ခုနှစ် ဇွန်လ ၁၂ရက်နေ့ကနေ ၁၉၅၂ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ထိ ၃ကြိမ်ခွဲပြီး ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ၁၉၅၆ခုနှစ် ဧပြီလ ၂၇ရက်နေ့မှာ လည်းကောင်း ၊ တတိယအကြိမ်ရွေးကောက်ပွဲကို ၁၉၆၀ ခုနှစ်ဖေဖော်ဝါရီ ၆ရက်နေ့မှာ လည်းကောင်း အသီးသီး ကျင်းပခဲ့ပါတယ်။

    ၁၉၇၃ခုနှစ်မှာတော့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ပါတယ်။ ၁၉၇၇ခုနှစ်မှာ ဒုတိယအကြိမ် ၊ ၁၉၈၁ ခုနှစ်မှာ တတိယအကြိမ် နဲ့ ၁၉၈၅ခုနှစ်မှာတော့ စတုတ္ထအကြိမ် အသီးသီး ကျင်းပခဲ့ပြန်ပါတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်း ၁၉၉၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။

    ၂၀၁၀ ပြည့်နှစ်မှာ ပထမအကြိမ် လွှတ်တော် သက်တမ်းအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ငံနှင့် အဝှမ်း ကျင်းပခဲ့ပြီး ၂၀၁၂ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြန်ပါတယ်။ ယခုမကြာခင် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမှာကတော့ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် ၂၀၁၅ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲပဲဖြစ်ပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲ
    ———————-
    ၂၀၁၅ခုနှစ် နိုဝင်ဘာလ၈ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်။ မဲဆန္ဒနယ် အသီးသီးတွင် တစ်နိုင်ငံလုံး ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းဦးရေ ၆၁၈၉ဦးရှိသည်။ လွတ်လပ်ရေးရပြီး ကာလများက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများမှာ ဖဆပလပါတီ ၊ အတိုက်အခံအနေဖြင့် ပမညတ နဲ့ ဖြည့်မဲ အဖြစ် ငါးရောင်ခြယ်ပါတီ နှင့် တသီးပုဂ္ဂလ အချို့သာရှိခဲ့ပေမယ့် လက်ရှိမြန်မာ့နိုင်ငံရေး ရွေးကောက်ပွဲမှာ အင်အားကြီး ပါတီနှစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုး ပါတီနှင့် NLD အပါအဝင် ပါတီပေါင်း ၉၀ကျော်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သုံးရာကျော် ပါဝင်တာကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၇၇၂ဦး ၊ အမျိုးသားလွှတ်တော်အတွက် ၉၁၃ဦး ၊ တိုင်းဒေသကြီး /ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အသီးသီး အတွကိ၃၃၄၁ ဦးတို့ အမည်စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ မြန်မာ့သမိုင်းစဉ်တလျောက် ကျင်းပခဲ့သော ရွေးကောက်ပွဲများအနက် လွှတ်တော် အသီးသီးအတွက် ဝင်ရောက် ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်း အများဆုံးဖြင့် ကျင်းပမည့် ရွေးကောက်ပွဲဟု ဆိုနိုင် ပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်သူများလည်း ပါဝင် လာသဖြင့် အလွန် စိတ်ဝင်စားဖွယ်ကောင်းသော ရွေးကောက်ပွဲ တစ်ရပ်လည်း ဖြစ်ပါတယ်။

    သူလို လူကိုရွေးပါ
    ——————–
    ယခုအခါ မဲဆွယ်စည်းရုံးရေး ကာလဖြစ်သည့်အတွက် ပါတီ အစုံစုံမှ ကိုယ်စားလှယ်လောင်း အမျိုးမျိုးမှ မဲဆန္ဒရှင်ပြည်သူများထံ ချဉ်းကပ် မဲဆွယ်ပါလိမ့်မည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိရွေးချယ်လိုသော ကိုယ်စားလှယ်ရဲ့ အရည်အချင်း ၊ လုပ်ရည်ကိုင်ရည် ၊ မိမိဒေသနဲ့ ကိုက်ညီမှုရှိမရှိ စတာတွေကို သုံးသပ်ပါ။ မေးမြန်းပါ။ စဉ်းစားပြီးမှ ရွေးချယ်သင့်ပါတယ်။ မိမိရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်မှာ လွှတ်တော်တွင်းရောက်ပြီး ပြည်သူ့အကျိုး ၊ ရပ်ကျိုးရွာကျိုး ၊ တိုင်းပြည်အကျိုးစတာတွေကို ၎င်း၏ အရည်အချင်း၊ အတွေးအခေါ် အယူအဆများ ၊ အတွေ့အကြုံများဖြင့် ချိန်ထိုးဖြေရှင်းနိုင်သူကိုရွေးချယ်ပါ။

    အတွေ့အကြုံရငိ့ကျက်ပြီး အရညိအချင်းရှိသော လုပ်ကိုင်နိုင်စွမ်းရှိသူ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး ခေါင်းဆောင်ကောင်းဖြစ်ထိုက် သူများ ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပြီး အခက်အခဲ အကျပ်အတည်းများကို  ရင်ဆိုင် ဖြေရှင်းပေးနိုင်သူများသာ လွှတ်တော်တွင်းရောက်ရှိပါမှ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး လှပတဲ့ အနာဂတ်ကို ပုံဖော် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

    2C ပေါ်လစီ
    —————
    အပြောင်းအလဲ ( Change) တစ်ခုလုပ်ဖို့ဆိုလျှင် ရွေးကောက်ပွဲကို မဖြစ်မနေ ကျော်ဖြတ်ရမည်။ ပြည်သူများက ထိုအပြောင်းအလဲ ( Change )ကိုလုပ်ဖို့ မိမိတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ရွေးချယ် (Choice) လုပ်ရမည်။ Change လုပ်ဖို့ Choice လုပ်ရမည်သာဖြစ်သည်။

    မဲစာရင်းကြည့်ပါ
    —————-
    အသက် ၁၈နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားတိုင်း မဲပေးခွင့်ရှိသည်။ အပြောင်းအလဲကို လိုလားသော မြန်မာပြည်သူတိုင်း ရွေးကောက်ပွဲမှာ မဲပေးလိုကြသည်။ မဲပေးဖို့အတွက် မဲပေးခွင့်ရှိသူတိုင်း မိမိနာမည်မဲစာရင်းမှာ ပါ မပါ စစ်ဆေးရပါမည်။ မိမိနာမည် မဲစာရင်းမှာ မပါလျှင်သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှာ ပုံစံ ၃ တောင်းယူ ဖြည့်စွက် လျှောက်ထားရလိမ့်မည်။

    သာသနာ့ဝန်ထမ်းတွေ ၊ ထောင်ကျနေသူတွေ ၊ စိတ်ပေါသွပ်သူတွေ ၊ လူမွဲစာရင်းဝင်သူတွေ ၊ သေဆုံးသူ ၊ ဥပဒေအရ တားမြစ်ထားသူများနှင့် နိုင်ငံခြားသားများကတော့ မဲစာရင်းမှာ ပါဝင်မည်မဟုတ်သလို မဲပေးပိုင်ခွင့်လည်း ရှိမည်မဟုတ်တာကိုတော့ ဂရုပြုရမည်။

    မဲပေးကြမည်
    ————
    ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ ၈ရက်နေ့။ တနင်္ဂနွေနေ့။ မနက် ၆နာရီမှ ညနေ ၄နာရီအတွင်း မဲရုံသို့ သွားကာ မဲပေးကြရမည်။ သက်ဆိုင်ရာမှ နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့ အတွင်း မဲပေးရာတွင် လွယ်ကူစေဖို့ မဲစာရင်းတွင် ပါဝင်သူများကို မဲပေးခွင့် သက်သေခံလက်မှတ် ထုတ်ပေးမည်ဟု ကြားသိရသည်။

    မဲပေးမည့် နေ့တွင် အဆိုပါ သက်သေခံ လက်မှတ်( သို့မဟုတ်)  မှတ်ပုံတင် နိုင်ငံသားကတ် တစ်ခုခု ယူဆောင်ကာမဲရုံ သို့ သွားပါ။ မဲရုံအတွင်း ဆန္ဒပြုလက်မှတ်ထုတ်ပေးပါလိမ့်မည်။ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီး / ပြည်နယ်လွှတ်တော် များအတွက် မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်ကို လျှိုဝှက် ဆန္ဒပြု နေရာတွင် တံဆိပ်တုံးနှိပ် ဆန္ဒပြုပြီး သက်ဆိုင်ရာ မဲပုံးအလိုက် မဲထည့်ရမည်။ လူနည်းစု တိုင်းရင်းသားဖြစ်လျှင် သက်ဆိုင်ရာ တိုငိးရင်းသား ကိုယ်စားလှယ် အတွက်ပါ ဆန္ဒပြု မဲပေးကြရမည်။

    ပယ်မဲမဖြစ်ဖို့ ဂရုပြု
    ——————-
    မိမိပေးလိုက်သော အသည်းကြားက မဲတစ်ပြားသည် တန်ဖိုးရှိသည်။ မိမိပေးလိုက်သော မဲဖြင့် ရွေးချယါလိုက်သော ကိုယ်စားလှယ်သည် မိမိအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံ၏ ကံကြမ္မာကို ဖန်တီးမည်ဖြစ်ရာ ပြည်သူ့ရင်ထဲမှ ပေါကိဖွားလာသော မဲတစ်ပြားချင်းစီအလိုက် ပယ်မဲမဖြစ်စေဖို့ တစ်ဦးချင်း အထူးဂရုပြုမိစေဖို့ အရေးကြီးသည်။

    ပယ်မဲ(၈ )မျိုး
    —————–
    ၁. ဆန္ဒပြုရမည့် အကွက်၏ ပြင်ပတွင် ဆန္ဒပြုထားသော မဲလက်မှတ်
    ၂. တစ်ကြိမ်ထက်ပို၍ ဆန္ဒပြုထားသောမဲလက်မှတ်
    ၃. လုံးဝဆန္ဒပြုမထားသော မဲလက်မှတ်
    ၄. အစွန်းအထင်းများနဲ့ စုတ်ပြဲနေသော မဲလက်မှတ်
    ၅. တစုံတရာ အမှတ်အသားပြုထားသော မဲလက်မှတ်
    ၆. မဲရုံမှူး၏ လက်မှတ်မပါသော မဲလက်မှတ်
    ၇. မည်သူအားဆန္ဒပြုထားသည်ကို ဆုံးဖြတ်ရခက်သည့် မဲလက်မှတ်
    ၈. ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်ထားသော မဲလက်မှတ်
    ( ဥပမာ – မဲရုံမှူးက အတုဖြစ်သည်ဟု သတ်မှတ်ထားသော မဲလက်မှတ်)

    ဖော်ပြပါ ပယ်မဲအမျိုးအစားထဲတွင်မိမိ မဲလက်မှတ် မပါဝင်စေဖို့ မိမိထံ  မဲလက်မှတ်ရရှိလာလျှင် မဲလက်မှတ်ကို သေချာစစ်ဆေးပါ။ အထူးဂရုပြုသင့်ပါသည်။ ထို့နောက် မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း၏ ဘေးအကွက်တွင် တိကျသေချာစွာ တံဆိပ်တုံး ခတ်နှိပ်မဲပေးရမည်ဖြစ်သည်။

    နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်
    ——————————–
    သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်များအလိုက် မဲမျာပေးပြီးပါက မဲရုံမှ မထွက်ခင် (နောက်တစ်ကြိမ် မဲမပေးနိုင်ရန်) လက်သန်းကို မှင်တို့ ပေးပါလိမ့်မည်။

    မဲပေးခြင်းဟာ နိုင်ငံသားတစ်ယောက်ရတဲ့ အခွင့်အရေး တစ်ရပ်ဖြစ်လေရာ မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲရုံသို့သွားကာ မဲသွားပေးကြပါ။ မဲပေးခြင်းဖြင့် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပွန်ကြောင်း ဂုဏ်ယူစွာ ဖော်ထုတ်ကြပါလို့ ဆန္ဒပြုလိုက်ရပါသည်။

  • မင်္ဂလာတောင်ညွှန့်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ?

    မင်္ဂလာတောင်ညွှန့်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ?

    အောက်တိုဘာ ၃၁ ၊ ၂၀၁၅
    M-Media
    ရေးသူ- မာန်ထက်သျှံ
    Min Ga Lar Toung Nyunt copy

    မကြာမီ ကျင်းပတော့မယ့် ၂၀၁၅ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး နီးလာသည်နှင့်အမျှ ပါတီများ ကိုယ်စားလှယ်လောင်းများမှ မဲဆွယ်စည်းရုံးမှုများ မြိုင်ဆိုင်လာပြီ ဖြစ်သည်။ လွှတ်တော် မဲဆန္ဒနယ်များအနက် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့် မြို့နယ်သည်လည်း စောင့်ကြည့် ရမည့် မဲဆန္ဒနယ်တစ်ခုဟု ယူဆလျှင် မှားမည်မထင်ပါ။

    မင်္ဂလာတောင်ညွှန့်ဆိုတာ မဟာရန်ကုန်ရဲ့ အချက်အချာ ဒေသတစ်ခု ၊ လူမျိုးစုံ ဘာသာစုံ တို့ တူယှဉ်တွဲပြီး နေထိုင်လာခဲ့ကြသည့် နယ်မြေတစ်ခုပါ။ လူနည်းစု အစ္စလာမ် ဘာသာဝင် တော်တော်များများ အစဉ်အဆက် နေထိုင်လာခဲ့ကြသည့် နေရာ တစ်ခုလည်းဖြစ်သည်။

    မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် လွှတ်တော် ၃ ခုတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ၇ ဦးရှိရာ အင်အားကြီး ပါတီ၂ ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့အပါအဝင် လူနည်းစုကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက် ယှဉ်ပြိုင်ကြသည်ကိုတွေ့ရသည်။

    ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါက်တာကျော်စိုးဟာ ၂၀၁၀ ခုနှစ်တုန်းက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပြီး Public Adminstration နဲ့ပတ်သက်ပြီး Ph.D ဘွဲ့ယူထားသူတစ်ဦး ဖြစ်ပါတယ်။

    ခေတ် အဆက်ဆက် သမိုင်းအမွေကို ဆက်ခံခဲ့သည့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ UNC မှ ဦးဆန်းတင်ကျော် သည်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မင်္ဂလာတောင်ညွှန့်မှာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ သူသည် လွတ်လပ်ရေးမော်ကွန်းဝင် ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်ရဲ့ သားဖြစ်ပါတယ်။ ၎င်းသည် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးလည်းဖြစ် ပြည်သူ့အတွက် ခါးသီးတဲ့ နိုင်ငံရေး သမိုင်းကို ဖြတ်သန်းခဲ့မှုများကြောင့် အကျဉ်းထောင် အသီးသီးကို ကျော်ဖြတ်ခဲ့ရသူ ဝါရင့် နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးဆန်းတင်ကျော်သည် ဘာသာပေါင်းစုံပါဝင်သော မေတ္တာ ကမ်ပိန်း တွင် အောက်မြန်မာပြည်တာဝန်ခံ အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။

    အတိုက်အခံဟု သတ်မှတ်ထားသည့် NLD ပါတီမှ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း ဆက်လက် ယှဉ်ပြိုင်ဆဲဖြစ်သည်။ သူမသည် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ယခင်က HIV/ AIDS လူနာများကို ပြုစုစောင့်ရှောက်ရင်း ပရဟိတလုပ်ငန်းများ ဆောငိရွက်ခဲ့သူလို့လည်း သိရပါတယ်။

    သင်္ဃန်းကျွန်း ဦးသိန်းညွှန့်ဦးဆောင်တဲ့ NNDP ပါတီမှ ဝင်ပြိုင်မယ့် ဦးဖုန်းမြင့်ကတော့ ဗမာမွတ်စလင်မ် ကွန်ဂရက် ဗမက ဥက္ကဌကြီး ဝန်ကြီးဟောင်း ဦးခင်မောင်လတ်ရဲ့ မြေးတော်စပ်သူတစ်ဦးဖြစ်ပြီး ယခင် မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် ( မအဖ) တွင် ဆရာချယ်နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးလို့လည်း သိရပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့်မှ ဝင်ပြိုင်ခဲ့ပေမယ့် ရွေးချယ်ခံရခြင်းတော့ မရှိခဲ့ပါဘူး။

    လူနည်းစု ကမန် တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးလှတိုးကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းပေးသွင်းထားသည်ကို တွေ့ရသည်။ ၎င်းသည် အငြိမ်းစား ကျောင်းဆရာတစ်ဦးဖြစ်ပြီး တိုင်းရင်းသား ကမန်ရေးရာ ကိစ္စများကို ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

    ခြုံငုံသုံးသပ်ကြည့်လျှင် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ယခု ၂၀၁၅ ရွေးကောက်ပွဲကမတူပါ။ နိုင်ငံတကာကရော ပြည်တွင်း အသိုင်းအဝိုင်းကပါ တရားမျှမှု ရှိမရှိ စောင့်ကြည့်နေကြသလို ပြည်သူလူထုကလည်း အသိအမြင်ပွင့်ပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ပိုမိုကြွယ်ဝလာသည်ကို တွေ့ရသည်။

    လက်ရှိကာလသည် ရွေးကောက်ပွဲ မဲဆွယ်ကာလဖြစ်သည့် အားလျော်စွာ ကိုယ်စားလှယ်လောင်းများက ၎င်းတို့ အနိုင်ရရေးအတွက် ပြည်သူထံချဉ်းကပ်ပြီး ၎င်းတို့၏ မူဝါဒ ရပ်တည်ချက် သဘောထားများကို ချပြနေပြီ ဖြစ်သည်။

    ပြည်သူလူထုဘက်ကလည်း မိမိတို့ ရွေးချယ်ပေးလိုက်သော လွှတ်တော် ကိုယ်စားလှယ်များက အမှန်တကယ်ရော အလုပ်လုပ်မှာလား။ ပြည်သူ့ဘက်ကို ကြည့်မှာလား စတာတွေကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။  ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်း အတွေ့အကြုံ လုပ်ရည်ကိုင်ရည်များကို သုံးသပ်စဉ်းစားနေကြသလို လူနည်းစုများကလည်း ၎င်းတို့၏ ရပိုင်ခွင့် အခွင့်အရေးများကို ဆောင်ကြဉ်းပေးသူများကိုသာ မျှော်ကိုးကြသည်။

    လူနည်းစု အများအပြားရှိသော မင်္ဂလာတောင်ညွှန့်လို နေရာမျိုးမှာ မည်သို့သော ပုဂ္ဂိုလ်က ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာမည် ဆိုတာကတော့ စိတ်ဝင်စားစရာပင် ဖြစ်သည်။ မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များအနေဖြင့်တော့ မိမိတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်ကို လာမည့် နိုဝင်ဘာ (၈ )ရက်နေ့တွင် ဆန္ဒပြုရတော့မည်ဖြစ်သည်။

    မင်္ဂလာတောင်ညွှန့်တွင်၂၀၁၀ ရွေးကောက်ပွဲတွင် ကြံခိုင်ရေးပါတီ အနိုင်ရခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်တွေဟာ အောက်ခြေပြည်သူတွေနဲ့ ထိတွေ့မှုနည်းပါးပြီး လိုအပ်ချက်တွေ ဖြည့်စီးပေးဖို့ ပျက်ကွက်တယ်လို့ ဝေဖန်မှုများလည်းထွက်ပေါ်နေတဲ့ အတွက် အင်အားကြီးပါတီ ၂ ခုကို နောက်ကောက်ချပြီး ပါတီငယ်က အမတ်အသစ်တွေ ရွေးချယ်ခံရမလားဆိုတာ စိတ်ဝင်စားစရာပါ။

    ရွေးကောက်ပွဲမှာ လုပ်ရည်ကိုင်ရည်ရှိသော ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်တည်သော အများပြည်သူ နှစ်ခြိုက်သော ကိုယ်စားလှယ်များ အများအပြား ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာတောင်ညွှန့်မှာ မည်သူက ပြည်သူ့အတွက် အလုပ်အကျွေးပြုမည့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမည်ကိုတော့ လာမည့် ရွေးကောက်ပွဲက အဆုံးအဖြတ်ပြုမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။    ။

    ဆက်စပ်ဆောင်းပါးများ ဖတ်၇န်
    ——————————
    လူနည်းစုထဲက တယောက်လောက် လုပ်ပိုင်ခွင့် ပြန်ရချင်လို့ ရွေးကောက်ပွဲ ဝင်တာ (ဦးဆန်းတင်ကျော်)
    http://www.m-mediagroup.com/news/47073

    ကမန် အမျိုးသား တိုးတက်ရေး ပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုး နှင့် အင်တာဗျူး
    http://www.m-mediagroup.com/news/47599