News @ M-Media
Tag: ရခိုင်
  • အမေရိကန် – မြန်မာပြည်မှ မွတ်စလင်မ်များ အပေါ်ဖိနှိပ် ညှင်းပမ်းမှုများ ရပ်တန့်ပေး
    M-Media
    မတ်လ ၂၆ ရက်၊ ၂၀၁၄
    US panel: End persecution of Muslims in Myanmar
    အမေရိကန် – မြန်မာပြည်မှ မွတ်စလင်မ်များ အပေါ်ဖိနှိပ်ညှင်းပမ်းမှုများ ရပ်တန့်ပေး
    .အေပီသတင်းဌာန
    မက်သရူး ပဲနင်တန် သတင်းတင်ပြသည်။
    yahoonews
    အမေရိကန် ဥပဒေပြုလွှတ်တော် နိုင်ငံခြားရေးကော်မတီမှ မြန်မာပြည်ရှိ မွတ်စလင် ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှင်းပမ်းနေမှုများ အဆုံးသတ်ဖို့ရာ ယမန်နေ့ (မတ်လ ၂၅ ရက်၊ အင်္ဂါ) က တိုက်တွန်း နှိုးဆော်လိုက်ကြောင်း အေပီသတင်းတစ်ရပ်က တင်ပြသည်။
    ရိုဟင်ဂျာအရေးမှာ မြန်မာ အသွင်ပြောင်း အစိုးရအတွက် အမေရိကန်ကွန်ဂရက်မှ အပြင်းထန်ဆုံး ထိုးနှက်ဝေဖန်မှုများထဲတွင် တစ်ခု အပါအ၀င်ဖြစ်ကြောင်း အေပီက တင်ပြသည်။
    အမေရိကန် နိုင်ငံခြားရေးကော်မတီမှ မြန်မာပြည်ရှိ တိုင်းရင်းသားများနှင့် လူနည်းစုဘာသာခြားများကို အကာအကွယ်ပေးရန် တောင်းဆိုဖို့ အတွက် အမေရိကန်နိုင်ငံနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း တိုက်တွန်းလိုက်သည်။
    အမေရိကန် ကွန်ဂရက်တွင်မူ မြန်မာကိစ္စအတွက် အဖြေရှာဖို့ မရေရာဖြစ်နေသော်လည်း ယခုကြေညာချက်ကြောင့် ကွန်ဂရက်၏ မြန်မာအပေါ် စိုးရိမ်မှုကို မီးမောင်းထိုးပြရာရောက်ကြောင်း အေပီက ဆိုသည်။
    ရီပတ်ဘလီကန်ကော်မတီဥက္ကဌ အက်ဒ်ရွိုက်က မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအပေါ် ဆက်ဆံသည့်သဘောထား တိုးတက်အောင် မလုပ်ဆောင်ဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင်မူ တိုးတက် လာပါသည်ဟု ပြော၍ မဖြစ်နိုင်ကြောင်း ဆိုသည်။ သူက အမေရိကန်အစိုးရအနေဖြင့် မြန်မာအပေါ်ထားရှိသည့် နှင်းဆီရောင်သမ်းသော အကောင်းမြင် သဘောထားကို ချွတ်ပစ်လိုက်ဖို့ လိုပြီဖြစ်ကြောင်း တဆက်တည်းပြောကြားသည်။
    “ကျွန်တော်တို့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လက်သင့်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ယို့ယွင်းနေတဲ့ ဒီနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့်ပါပဲ” ဟု ရွိုက်စ်က ဆိုသည်။
    အမေရိကန်၏ ဒီမိုကရက်တစ် ကွန်ဂရက်အမတ်ဟောင်းတစ်ဦးဖြစ်သူ တော်မ်အင်ဒရူးကလည်း မြန်မာအစိုးရက ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို အခြေခံပြီး လာမည့် ၂၀၁၅ အတွက် ပြင်ဆင်နေကြောင်း၊ မြန်မာပြည်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ အတွက် အရိပ်လက္ခဏာများ ရှိနေကြောင်း ရေးသားဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
    Ref: news.yahoo.com/us-panel-end-persecution-muslims-myanmar-195735457.html
  • ကန်အခြေဆိုက် ဂျီနိုဆိုဒ် တိုက်ဖျက်ရေး အဖွဲ့၏ ရခိုင်ကိစ္စ ပြောဆိုတင်ပြချက်မှာ မြန်မာ အစိုးရအား သတိပေးသည်နှင့် တူညီ
    အေပီ သတင်းဌာန
    မကြာသေးမီက မြန်မာရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ကန်အခြေဆိုက် ဂျီနိုဆိုဒ်တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် အမေရိကန် ကွန်ဂရက် အမတ်ဟောင်း တစ်ဦးက ရိုဟင်ဂျာများသည် ဆေးဝါးကုသမှုများ ရရှိဖို့အတွက် အသက်အန္တရာယ် စိုးရိမ် ရသည် အထိ ခက်ခဲနေကြောင်း၊ တိုက်ခိုက်မှုများ ခံရမည့်အရေးကိုလည်း အထိတ်တလန့်ဖြင့် စိုးရိမ်နေရကြောင်း သတိပေးပြောဆိုလိုက်သည်။
    United to End Genocide အဖွဲ့ခေါင်းဆောင် Tom Andrews
    United to End Genocide အဖွဲ့ခေါင်းဆောင် Tom Andrews
    United to End Genocide ဟုအမည်ရသည့် အမေရိကန်အခြေဆိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် တွမ်အင်ဒရူးက ယမန်နေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာကို အေပီက ပြင်းပြင်းထန်ထန် ထိုးနှက်သည့် အစီရင်ခံစာ (hard-hitting report) ဟု ဖော်ပြထားသည်။ United to End Genocide အဖွဲ့သည် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ ခဲ့အပြီးမှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းသည်။
    အမေရိကန် ဒီမိုကရက်တစ်ပါတီ၊ ဥပဒေပြုအမတ်ဟောင်းတစ်ဦးကမူ သမ္မတအိုဘားမားအား သူ၏ တတ်နိုင်သည့် အခန်းကဏ္ဍမှ နိုင်ငံမဲ့ရိုဟင်ဂျာများအား အကာအကွယ်ပေးဖို့ မြန်မာအစိုးရအား တောင်းဆိုသွားရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
    “အန္တရာယ်ရဲ့ အရိပ်လက္ခဏာတွေက ရှင်းရှင်းလင်းလင်းကြီးရှိနေတယ်။ အဲဒီအန္တရာယ် လက္ခဏာတွေက တစတစ တိုးတက်နေသေးတယ်။ ကျွန်တော်တို့ ကပ်ဘေး ဒုက္ခကြီးတစ်ခုကို မြင်တွေ့ ရမယ့်အနေအထားပဲ။ အဲဒီ (ရခိုင်) မှာ အသက်ဆုံးရှုံးသွားရတဲ့ အရေအတွက်ကလည်း ပြောပလောက်အောင်ရှိနေပြီးပြီ။ အဲဒီမှာ ရှိနေတဲ့လူတွေ ဘာမှမလုပ်ဘဲ ဒါတွေဖြစ်လာတာမှ မဟုတ်ဘဲ။ ဘာကြောင့်လဲ၊ အဲဒီ (ရိုဟင်ဂျာ) တွေက (ဘာကြောင့် ဒီလို အလုပ်ခံရတာလဲဆိုတော့) သူတို့က လူမျိုးခြားဖြစ်နေတယ်၊ (တသီးတခြားဖြစ်နေတဲ့) သူတို့လူမျိုးစု၊ သူတို့ကိုးကွယ်တဲ့ ဘုရားရှင် စတဲ့ အကြောင်းများကြောင့် ဖြစ်တယ်။ ဒါကြောင့် သူတို့တွေ ဓါးစာခံဖြစ်နေရတယ်။” ဟု အင်ဒရူးက အေပီသို့ ပြောပြသည်။
    ထို့ပြင် အင်ဒရူးက “အဲဒီရခိုင်မှာ လူမျိုးတုန်း သတ်ဖြတ်ဖို့ အစီအမံ အစိတ်အပိုင်းတွေ ရှိနေတယ်။ ကြီးမားတဲ့ အကြမ်းဖက်မှုကြီးဖြစ်ဖို့  အရိပ်အယောင်တွေ ရှိနေတယ်” ဟု ဆိုသည်။
    ၂၀၁၂ နှစ်လည်ပိုင်းမှစ၍ ရခိုင်ပဋိပက္ခကြောင့် လူပေါင်း ၂၈၀နီးပါး သေဆုံးခဲ့ရသည်။ အများစုမှာ ရိုဟင်ဂျာများဖြစ်သည်။ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းခန့်မှာ လူဦးရေ ပြွပ်သိပ်ကျပ်တည်း နေသည့် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။ ရိုဟင်ဂျာထောင်ပေါင်း များစွာမှာလည်း ပင်လယ်တွင်း လှေစီး ထွက်ပြေးခဲ့ကြရသည်။ အင်ဒရူးကမူ ယခုနှစ်အတွင်း လှေစီးထွက် ပြေးရသည့် ပမာဏမှာ နှစ်ဆမြင့်တက် လာကြောင်း၊ ထိုသို့ ထွက်သွားခြင်းမှာ အန္တရာယ် များလွန်းသလို အခြားနေရာများ၌ ခိုလှုံခွင့်ရနိုင်ရေးမှာလည်း အခွင့်အလမ်း အလွန်နည်းပါးကြောင်း ဆိုသည်။
    ရိုဟင်ဂျာအများစုက မြန်မာပြည်တွင်းမွေးဖွားပြီး မျိုးဆက်ပေါင်း များစွာကပင် မြန်မာပြည်တွင်း နေထိုင်နေကြသော်လည်း မြန်မာ အစိုးရက တရားမ၀င် ခိုးဝင်လာသူများဟုသာ မှတ်ယူနေကြောင်း အေပီက ဆိုသည်။
    ပြီးခဲ့သည့်လအတွင်းကလည်း ရခိုင်ရှိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းစဉ်များအား မြန်မာအစိုးရက အင်အားသုံး ရပ်တန့်ပစ်ခဲ့သည်။ ထိုအဖွဲ့က လူပေါင်း ၇ သိန်းခန့်အား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဖွဲ့ဖြစ်သည်။ ထိုလူပေါင်း ၇ သိန်းတွင် ၂ သိန်းမှာ သွားလာရေးခက်ခဲသည့် ရွာများတွင် နေထိုင်သည့်လူများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ ဖြစ်ကြသည်။ နိုဘယ်ဆုတံဆိပ်ရရှိထားသည့် ထိုအဖွဲ့အစည်းကို မြန်မာ အစိုးရက ဗုဒ္ဓဘာသာများထက် မွတ်စလင်များကို မျက်နှာသာပေးသည်ဟု စွပ်စွဲခဲ့သည်။
    အင်ဒရူးက သူ့အနေဖြင့် စစ်တွေအနီးရှိ ဒုက္ခသည်စခန်းတွင် လေးရက်တိတိ အချိန်ပေးလေ့လာခဲ့ကြောင်း၊ စခန်းတွင်နေထိုင်သူများ၏ ပြောပြချက်အရ ဒုက္ခသည်များက လှေဖြင့်ထွက်ပြေးတိုင်း စခန်းလုံခြုံရေးအစောင့်များက မသိချင်ယောင် ဆောင်နေကြကြောင်း၊ စစ်တွေဆေးရုံသို့ ဆေးကုသလိုသည့် ဒုက္ခသည်တိုင်း လုံခြုံရေးများကို လာဘ်ထိုးဖို့ လိုကြောင်း ပြောပြသည်။ အင်ဒရူးက မကျန်းမမာဖြစ်နေသည့် ဒုက္ခသည်များအတွက် ဆေးဝါး လုံလောက်မှုမရှိသည့်အကြောင်းနှင့် အချို့မှာ မိမိတို့ကိုယ်ကိုပင် သေလူအဖြစ် သတ်မှတ်ထားကြသည့် အချက်များကို လေးလေးနက်နက် ပြောပြခဲ့သည်။
    နယ်စည်းမခြားဆရာဝန်များအဖွဲ့ကလည်း ၄င်းတို့၏ လုပ်ငန်းစဉ်များ ပိတ်ပင်ခံရသည့်အတွက် လူအများ၏အသက် ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ခေါင်းဆောင်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာပြည်သို့ လာခဲ့ပြီး မြန်မာအစိုးရထိပ်ပိုင်း ရခိုင်ပြည်နယ်တွင်း ဆေးကုသရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
    လွန်ခဲ့သည့် သုံးနှစ်အတွင်း မြန်မာပြည်၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကူညီခဲ့သည့် နိုင်ငံတကာ သံအဖွဲ့များအား ဦးဆောင်သူ အမေရိကန်နိုင်ငံက နိုင်ငံတကာ လူ့သားချင်းစာနာ ထောက်ထားရေး အဖွဲ့များအား နိုင်ငံတွင်း အကွပ်အထိန်းမဲ့ သွားလာလှုပ်ရှား ခွင့်ပေးရေးအတွက် မြန်မာအစိုးရအား တိုက်တွန်းလိုက်သလို ရိုဟင်ဂျာများအား နိုင်ငံသားပြုပေးရေး အတွက်လည်း ဆွေးနွေးဆောင်ရွက်ဖို့ တိုက်တွန်းသည်။
    အင်ဒရူးကမူ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင်း ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများအား ကိုင်တွင်ဆောင်ရွက်ဖို့ လုပ်ကိုင်ရာတွင် (ရခိုင် များ၏) ဖိအားပေးမှု  အနည်းငယ်ရှိနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ၌ ဗုဒ္ဓဘာသာ အမျိုးသားရေး ဦးစားပေး မဲဆွယ်မှုကလည်း တိုးတက်မြင့်မားလာနေကြောင်း ဆိုသည်။ သို့သော် အင်ဒရူုးက မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်ပတ်သက်နိုင်ရေး သဘော ဆန္ဒရှိနေသဖြင့် အမေရိကန်ကဲ့သို့သော နိုင်ငံခြားအစိုးရများက ၄င်းတို့၏ အခန်းကဏ္ဍကို ဆုပ်ကိုင်ထား (ပြီး လိုသလို ဆောင်ရွက်) ကြဖို့လိုကြောင်း ဆိုသည်။
    အင်ဒရူးမှာ ၁၉၉၁ မှ ၁၉၉၅ အထိ အမေရိကန် ကွန်ဂရက်တွင် အမှုထမ်းခဲ့သည်။ သူ၏ မြန်မာခရီးစဉ်မှာ တရားဝင်ခရီးစဉ် မဟုတ်သလို ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ရေတွက်ပါက သူ၏ ခရီးစဉ်မှာ ဒုတိယအကြိမ်ဖြစ်သည်။
    United to End Genocide မှာ ဆီးရီးယား၊ ဆူဒန်စသည့် နိုင်ငံများအရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။
  • တိုင်းရင်းသားလူနည်းစု တို့အားကိုးတဲ့ ကင်းတားနား၊ ရိုဟင်ဂျာများ အတွက် အဖြေရှာထုတ်ပေးမည်ဟု ကတိပြု
    M-Media
    သြဂုတ်လ ၁၄ ရက်၊ ၂၀၁၃
    စစ်တွေမြို့၊ အောင်မင်္ဂလာရောက် မစ္စတာ ကင်းတားနား (ဓာတ်ပုံ VOA)
    စစ်တွေမြို့၊ အောင်မင်္ဂလာရောက် မစ္စတာ ကင်းတားနား (ဓာတ်ပုံ VOA)
    ကချင်၊ ချင်းများသာမက ကယမ်းတိုင်းရင်းသားများကပါ အားကိုးတကြီး မျှော်လင့်ချက်ထားနေသည့် ကင်းတားနား၏ ရခိုင်ပြည်နယ် ဒုတိယနေ့ ခရီးစဉ် အခြေအနေကို ဗွီအိုအေမြန်မာပိုင်းက တင်ဆက်ထားပါသည်။
    ရခိုင်များနှင့် အစိုးရတာဝန်ရှိသူအချို့တို့မှလွဲ၍ တိုင်းရင်းသားလူနည်းစုတို့ လိုလားသည့် ကုလကိုယ်စားလှယ် ကင်းတားနားက ရိုဟင်ဂျာများနှင့် တွေ့ဆုံရာ၌ “ခင်ဗျားတို့ မူဆလင် အသိုင်းအ၀ိုင်းမှာလည်း တာဝန်ရှိပါတယ်။ ဒီနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ခင်ဗျားတို့ ကိုယ်တိုင် ဆောင်ရွက်ကြရမှာပါ။ နောက် တသံတည်း၊ တညီတည်းဖြစ်အောင်လို့လည်း စည်းရုံးဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အခြေအနေတွေကတော့ တိုးတက်လာလိမ့်မယ်လို့ ကျနော် တကယ်ပဲ မျှော်လင့်ပါတယ်။ အတော်တော့ ခက်ခဲမယ်လို့ ထင်ပါတယ်။ အခု ဒီနေရာမှာ ခင်ဗျားတို့ နေရထိုင်ရတာလည်း ခက်ခဲတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမဲ့လည်း အဖြေ တစုံတရာ ထွက်လာဖို့ အတွက်တော့ ဆောင်ရွက်သွားမယ်လို့ ကျနော် ကတိပေးပါတယ်။” ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေသတင်းက ဆိုပါသည်။
    ကင်းတားနားက ရိုဟင်ဂျာမလိုလားသည့် ရခိုင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ရွှေစေတီဘုန်းကြီးကျောင်း ဆရာတော်နှင့်လည်း တွေ့ဆုံပြီး အသိုင်းအ၀န်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း၊ သို့သော် ရွှေစေတီဘုန်းကြီးကျောင်း ဆရာတော်ကမူ ရိုဟင်ဂျာ မရှိသည့် သမိုင်းကိုသာ ကင်းတားနားအား ပြောပြဖို့ စိတ်အားထက်သန်နေခဲ့ကြောင်း သတင်းများက ဆိုပါသည်။
    ရခိုင်ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကမူ အစိုးရက အသိုင်းအ၀န်းနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ပေးဖို့ အစီအစဉ်များရှိကြောင်း ကင်းတားနားအား ပြောပြခဲ့ပါသည်။ ဦးလှသိန်းက “ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြုချက်တွေထဲမှာ ပါဝင်တဲ့အတိုင်းပေါ့ ပထမ ကျနော်တို့ ရခိုင်ဘက်က မြို့မိမြို့ဖတွေ၊ နောက် ဘင်္ဂါလီအုပ်စုထဲက သူတို့ရဲ့ ရပ်မိရပ်ဖတွေပေါ့နော် အဲ့ဒီလူတွေကို ဆပ်ကော်မတီတစ်ခုကနေပြီးတော့ သီးသန့်စီ တွေ့ပြီးတော့ အခု ဆွေးနွေးမှုတွေ ရှိပါတယ်။ နောင် ဒီဟာနဲ့ တဆင့်တက်လာလို့ရှိရင်တော့ သူတို့ နှစ်ဘက်ကို မျက်နှာချင်းဆိုင် ပိုပြီးတော့ ရင်းနှီးမှုရှိအောင် လုပ်မယ်။ အဲ့ဒီလို လုပ်လာပြီးတဲ့အခါမှာ ယုံကြည်မှုတွေ တည်ဆောက်ပြီးတော့ လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်လို့၊ လုပ်လည်း လုပ်နေပါတယ်လို့ ၀န်ကြီးချုပ်က ဖြေပါတယ်။” ဟု ပြောကြားခဲ့ကြောင်း ဗွီအိုအေမြန်မာပိုင်းက တင်ပြထားပါသည်။
    ကင်းတားနားက ရခိုင်သို့ တညအိပ် နှစ်ရက်ခရီးသွားရောက်ခဲ့ပြီး နေ့လည်တစ်နာရီတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာကာ လူ့အခွင့်အရေးလှုပ်ရှားများ အပါအ၀င် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။
  • မြန်မာရဲများ ရိုဟင်ဂျာဒုက္ခသည်စခန်းများကိုစီးနင်း၍ ဆက်သွယ်ရေး အီလက်ထရွန်နစ်ပစ္စည်းများအား အာဏာပြသိမ်းဆည်းနေ
    M-Media
    ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၃
    သတင်းအရင်းအမြစ် – မြန်မာတိုင်းမ်စ်
    imagesစစ်တွေအနီးရှိ မွတ်စလင်ဒုက္ခသည်စခန်းများတွင် ရဲများက ညဘက်အချိန်မတော်တွင် လက်တော့ပ်ကွန်ပျူတာနှင့် အဆင့်မြင့်ဖုန်းများကို အာဏာပြ သိမ်းဆည်းနေကြောင်း မြန်မာတိုင်းမ်စ် သတင်းတစ်ရပ်က ဆိုသည်။
    ထိုသို့ သိမ်းဆည်းနေခြင်းမှာ အိုင်ဒီပီစခန်းများရှိ ဒုက္ခသည်များအား အဆက်အသွယ်ပြတ်တောက်ပြီး အထီးတည်းဖြစ်စေရန်ရည်ရွယ်၍ ၄င်းတို့၏ နိုင်ငံရပ်ခြား ဆက်သွယ်မှုများကို တားဆီးခြင်းဖြစ်ကြောင်း မြန်မာတိုင်းမ်စ်က သုံးသပ်ထားသည်။ စစ်တွေရှိ ရိုဟင်ဂျာမွတ်စလင်များမှာ ဒုက္ခသည်စခန်း များ၌ ကျပ်တည်းစွာ ထိန်းသိမ်းခံထားရသလို မြို့ရှိ အစိတ်အပိုင်းအနည်းငယ်နှင့် အင်တာနက်အသုံးပြုမှုများကသာ ၄င်းတို့အတွက် အပြင်ဘက်ပိုင်းကမ္ဘာသို့ ဆက်သွယ်ရာ နည်းလမ်း ဖြစ်နေရသည်။.
    ရခိုင်ပြည်နယ်အစိုးရကမူ ယင်းသို့ ဆောင်ရွက်မှုမျိုးမရှိကြောင်း ငြင်းဆိုထားပြီး ထိုသတင်းများကိုလည်း လုပ်ကြံသတင်းများဟု ပြောဆိုသည်။
    သို့သော် သက်ကယ်ပြင်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ အမည်မဖော်လိုသူတစ်ဦးကမူ ဇွန်လဆန်းပိုင်းမှစပြီး စခန်းသို့ ရဲများ အကြိမ်များစွာလာရောက်ပြီး လက်တော့ပ်ကွန်ပျူတာများနှင့် အင်တာနက်ဆက်သွယ်ရေးပစ္စည်းကိရိယာများကို လိုက်လံရှာဖွေကြကြောင်း ဆိုသည်။
    ရဲများလက်ရောက်တိုင်း ကြမ်းတမ်းခက်ထန်စွာ မေးမြန်းကြောင်း၊ အချို့အခါများတွင် သတင်းရရေးအတွက် ဒုက္ခသည်များကို ရိုက်နှက်ခြင်းမျိုးရှိကြောင်း၊ ၄င်းရဲများလာရောက်တိုင်း စခန်းရှိ ဒုက္ခသည်များကို သတင်းအမှားများဖြန့်ဖြူးသည်ဟု စွပ်စွဲလေ့ရှိကြောင်း သိရသည်။
    အကြမ်းဖက်မှုများ မဖြစ်ပွားမီက တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ယင်းအမျိုးသားက – “သူတို့က ကျနော်တို့ကို နိုင်ငံခြားသားတွေနဲ့ ဆက်သွယ် နေတာတွေကနေ ရပ်ပစ်ဖို့ ကြိုးစားနေတာပါ” ဟု ပြောပြသည်။ သူု့အနေဖြင့် အင်တာနက်ကို သုံးစွဲကာ ဥရောပရှိ အစ်ကိုဖြစ်သူနှင့် လည်းကောင်း၊ မလေးရှိ စာနာကူညီထောက်ပံ့ရေးအသင်းများနှင့်လည်းကောင်း ဆက်သွယ်သည်ဟု ပြောပြခဲ့သည်။
    ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ဝင်း (စစ်တွေတ၀ိုက်တွင် ပုန်းအောင်းနေရသူ)ကမူ လူပေါင်း ၈၀ ထက်မနည်းကို ကွန်ပျူတာ သို့မဟုတ် အဆင့်မြင့်တယ်လီဖုန်းများ လက်ဝယ်တွေ့ရှိသဖြင့် မတရားပုဒ်မများတပ်ကာ ပြီးခဲ့သည့်လအတွင်း ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ အခြားသော သတင်းအရင်း အမြစ်များကလည်း ထိုပမာဏလူဦးရေအတိုင်း ဖမ်းဆီးခံခဲ့ရကြောင်း ဆိုသည်။
    ဦးအောင်ဝင်းက – “ကျနော်လည်း လက်တော့ပ်ကို တိတ်တိတ်လေးသုံးပါတယ်။ လူတိုင်း တိတ်တိတ်လေးသုံးနေကြရတယ်။ အိုင်ဒီပီစခန်းတိုင်းမှာ ဒါက ဖြစ်ပျက်နေတာပါ။” ဟု ဆိုသည်။
    ရခိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်များနေသည့် အိုင်ဒီပီစခန်းများမှာ သန့်ရှင်းမှုမရှိခြင်း၊ ရေနှင့် လျှပ်စစ်မီးမရှိခြင်းများနှင့် ရင်ဆိုင်နေရသည်။ ဒုက္ခသည်စခန်းရှိ လူများ၏ ပြောပြချက်အရ ၄င်းတို့စုပေါင်းပြီး နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ကို ငွေ တစ်သောင်းခွဲဖြင့် ၀ယ်ထားကြောင်း၊ ထိုစက်ဖြင့် ၄င်းတို့၏ လက်တော့ပ်များ၊ ဖုန်းများကို မီးအားသွင်းကြောင်း ပြောပြသည်။
    ရခိုင်ပြည်နယ်အစိုးရ၏ ပြောခွင့်ရ ဦးဝင်းမြိုင်ကမူ ရဲများက ဒုက္ခသည်စခန်းများကို စီးနင်းသည်ဆိုခြင်းကို ငြင်းဆိုခဲ့သည်။ ၄င်းက ဦးအောင်ဝင်းနှင့် အခြားရိုဟင်ဂျာများသည် သတင်းမှားဖြန့်ဖို့ ငွေကြေးဖြင့် စေခိုင်းခံထားရသည်ဟု ပြန်လည် စွပ်စွဲခဲ့သည်။
    မြန်မာသမ္မတဦးသိန်းစိန်၏  ယူကေခရီးစဉ်အပြန်တွင် ပြောဆိုခဲ့သည့် အချက်များထဲ၌ ” မြန်မာပြည်နှင့်ပတ်သတ်ပြီး နိုင်ငံတကာတွင် ဘာသာရေး၊ လူမျိုးရေး ဖိနှိပ်မှုများ အများအပြားဖြစ်နေသယောင် တင်ပြပြောဆိုနေခြင်းများရှိသည် ” ဟူသော အချက်လည်း အပါအ၀င်ဖြစ်ရာ ယခုကဲ့သို့ ဒုက္ခသည်များကို နိုင်ငံခြားသားများနှင့် အဆက်အသွယ်လုပ်ခြင်းမှ အဓမ္မတားမြစ်ခြင်းမှာ ထိုပြောဆိုမှုနှင့် တိုက်ရိုက်ပတ်သတ်မှု ရှိနိုင်ကြောင်း သုံးသပ်ရသည်။
    ထို့ပြင် မြန်မာအစိုးရက အမေရိကန်နိုင်ငံ၏ နစကကို မတရားသင်းမကြေညာမီ လက်မတင်ကလေး အလိုတွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည် ဟု မြန်မာ တိုင်းမ်စ်နှင့် အခြားနိုင်ငံတကာသတင်းဌာနများက ဆိုထားသည်။
    ထို့ကြောင့် သမ္မတဦးသိန်းစိန်၏ လူမျိုးရေး ဘာသာရေး တင်းမာမှုများ ပပျောက်အောင်နှင့် ယင်းကိုအခြေခံကာ အကြမ်းဖက်မှုများ ပပျောက်အောင် ဆောင်ရွက်ရေး ဗျူဟာမှာလည်း သံသယပွားစရာ ကောင်းနေသလို ထိုဗျူဟာသည်ပင် အကြမ်းဖက်အာဏာပြရေး ဖြစ်နေပြီလော ဟု မေးခွန်းထုတ်ကြရမှာဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။