News @ M-Media

Tag: အန္တီအစ္စလာမ်

  • English Defense League အား တည်ထောင်သူ ယင်းအဖွဲ့မှ နုတ်ထွက်၊ အဖွဲ့ဝင်များ လက်ယာ စွန်းရောက် လွန်း၍ နုတ်ထွက်ခြင်း ဖြစ်ကြောင်းဖွင့်ဟ၀န်ခံ

    M-Media
    အောက်တိုဘာလ ၈ ရက်၊ ၂၀၁၃
    www.reuters.com

    Woolwich တိုက်ခိုက်မှု၌ မွတ်စလင်တဦးနှင့်အတူ ဆန္ဒပြနေသည့် ရော်ဘင်ဆင်
    Woolwich တိုက်ခိုက်မှု၌ မွတ်စလင်တဦးနှင့်အတူ ဆန္ဒပြနေသည့် ရော်ဘင်ဆင်

    အငြင်းပွားဖွယ် မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူမှ မိမိကိုယ်တိုင် အတုယူကူးချနေပါသည်ဟု ပြောဆိုခဲ့ဖူးသည့် အင်္ဂလိပ်ကာကွယ်ရေးအဖွဲ့ချုပ် (English Defense League) မှ ခေါင်းဆောင်ဖြစ်သူ တော်မီရော်ဘင်ဆင်နုတ်ထွက်သွားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်က ယနေ့ ဖော်ပြသည်။

    English Defense League (EDL) မှာ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့ကြောင့် လူမျိုးကွဲများအကြား တင်းမာမှုမြင့်မားလာခဲ့ရသည်။ EDL ၏ ခေါင်းဆောင်ဖြစ်သူ ရော်ဘင်ဆင်က မိမိအနေဖြင့် အသင်းဝင်များ၏ လက်ယာစွန်းရောက်မှုကို မထိန်းသိမ်းနိုင်တော့သဖြင့် ဤသို့ နုတ်ထွက်လိုက်ရခြင်းဖြစ်သည်ဟု အင်္ဂါနေ့တွင်(ယနေ့) ပြောကြားခဲ့သည်။

    ရော်ဘင်ဆင်နုတ်ထွက်မှုအား အစွန်းရောက်မှုများတိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် The Quilliam Foundation မှ အကူအညီပေးခဲ့ကြောင်း၊ သို့သော် ကျွမ်းကျင်သူတစ်ဦးကမူ ၄င်းနုတ်ထွက်သွားမှုသည် လက်ယာစွန်းရောက်လွန်းမက ရောက်သွားပြီး အစွန်းရောက်အကြမ်းဖက်မှုများ အဖြစ်သို့ ဦးတည်သွားနိုင်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

    Quilliam Foundation ၏ ဥက္ကဌမှာ မွတ်စလင်တစ်ဦးဖြစ်သူ မာဂျစ်န၀ါးဇ်ဆိုသူဖြစ်ပြီး ၄င်းမှာလည်း အစ္စလာမ်မစ်အစွန်းရောက် အဖြစ်မှ အသွင်ပြောင်း ခဲ့ပြီး အစွန်းရောက်တိုက်ဖျက်ရေးများကို ဦးဆောင်လှုပ်ရှားနေသူဖြစ်သည်။

    EDL သည် ၂၀၀၉ ခုနှစ်မှစတင်၍ အင်္ဂလန်နိုင်ငံ၌ မွတ်စလင်အနေများသည့် ဧရိယာများတွင် လမ်းဘေးဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ထိုဆန္ဒပြပွဲ အများစုမှာ အကြမ်းဖက်မှုဆီသို့သာ ဦးတည်ခဲ့သည်ချည်းဖြစ်သည်။

    “ကျွန်တော်နုတ်ထွက်ဖို့ အချိန်အတော်ကြာယူပြီးစဉ်းစားခဲ့တယ်။ ဒီလို လမ်းဘေးဆန္ဒပြပွဲတွေကနေ သူတို့ (EDL အဖွဲ့ဝင်များ) တွေ အလုပ် သိပ်မဖြစ်တော့ ဘူးဆိုတာ တွေ့လိုက်ရတယ်” ဟု ရော်ဘင်ဆင်က မိမိနုတ်ထွက်ရခြင်းအကြောင်းရင်းကို ရှင်းပြသည်။

    တဆက်တည်း ရော်ဘင်ဆင်က – “လက်ယာစွန်းရောက်မှုရဲ့ အန္တရာယ်ကို ကျွန်တော်သိနားလည်ပါတယ်။ ဒါ့ပြင် အစ္စလာမ်မစ် (အစွန်းရောက်) အတွေးအခေါ်တွေကိုလည်း အကြမ်းမဖက်တော့ဘဲ ဒီမိုကရေစီနည်းလမ်းကျ တုန့်ပြန်ရမယ်ဆိုတာလည်း နားလည်ပါတယ်။” ဟု ပြောပြသည်။

    Quilliam ၏အဆိုအရမူ EDL မှ ရော်ဘင်ဆင်သာမက ၄င်း၏လက်ထောက်ဖြစ်သူ ကဲဗင်ကာရိုးပါ ထွက်သွားခဲ့ခြင်းဖြစ်သည်။ EDL သည် နော်ဝေ အကြမ်း ဖက်လူသတ်သမား ဗရိုင်ဗစ်နှင့် အဆက်အသွယ်ရှိသည့် အသင်းအဖွဲ့လည်း ဖြစ်သည်။

    EDL ကို ရော်ဘင်ဆင် လန်ဒန်မြောက်ဘက် ၃၅ မိုင်အကွာ မြို့တစ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

  • မြန်မာပြည်မှ နာဇီပုံစံ မွတ်စလင်ဆန့်ကျင်ရေး

    မြန်မာပြည်မှ နာဇီပုံစံ မွတ်စလင်ဆန့်ကျင်ရေး

    M-Media

    မတ်လ ၂၂ ရက်၊ ၂၀၁၃

    www.asiasentinel.com

    488057_504354832935478_1313808008_n
    မွတ်စလင်များ မြို့ပြင်သို့ထွက်သွားနေကြသည်ကို အလဲဗင်းမီဒီယာမှ တင်ပြထားပုံ

     

    ပွင့်ပွင့်လင်းလင်းဝေဖန်လေ့ရှိတဲ့ ဒေါက်တာမောင်ဇာနည်က ရခိုင်အရေးအခင်းကို နာဇီလှုပ်ရှားပုံမျိုးလို့ ကင်ပွန်းတပ်ခဲ့တယ်။ ဒါကို မြန်မာအချို့က လိုတာထက် ပုံကြီးချဲ့တယ်လို့ ဆိုကြတယ်။ အနောက်တိုင်းသားတချို  လည်း ဒီလိုအသုံးအနှုံးမျိုးကို ရှောင်ခဲ့တာပေါ့။

    ဒါပေမယ့် အခုမိတ္ထီလာမှာ မွတ်စလင်ဆန့် ကျင်အကြမ်းဖက်မှုတွေဖြစ်တော့ ဒေါက်တာဇာနည်မှန်တယ်ဆိုတာ သက်သေပြနေသလိုပဲ။ မွတ်စလင်ရွှေ ဆိုင်ပိုင်ရှင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ အချင်းများရာကနေ စလိုက်တာဟာ လူပေါင်း ၃၀ ထက်မနည်းသေပြီးဖြစ်သလို၊ ဗလီ ၁၀ လုံးထက်မနည်း၊ အစ္စလာမ့်စာ သင်ကျောင်းတွေ၊ အိမ်တွေ ဖျက်ဆီးခံခဲ့ရတယ်။ မီးခိုးတွေ၊ ပြာတွေနဲ့ မီးလောင်တစပြင်ကြီးလို ဖြစ်နေတဲ့ မိတ္ထီလာကနေ မွတ်စလင်တွေရော၊ ဗုဒ္ဓဘာသာဝင်တွေပါ ထွက်ပြေးကြရတယ်။

     

    262167_504354916268803_1432016672_n
    မွတ်စလင်များ မြို့ပြင်သို့ထွက်သွားနေကြသည်ကို အလဲဗင်းမီဒီယာမှ တင်ပြထားပုံ

     

    မတ်လ ၂၁ ရက်နေ့ကတော့ ရန်ကုန်အခြေစိုက် အလဲဗင်းက မြို့ပြင်ကို မောင်းထုတ်ခံနေရတဲ့ မွတ်စလင်လူတန်းရှည်ကြီးပုံကို ဖော်ပြသွားခဲ့တယ်။ ဒီပုံထဲမှာ ထူးခြားတာက ကလေးတွေ၊ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေအားလုံး သူတို့လက်တွေကို မြှောက်ထားကြရတယ်။ သူတို့ကို လုံခြုံရေးတွေက ကာရံပေးထားတယ်။ အနီးအပါးမှာတော့ ဒုတ်ဓားကိုင် ဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာဝင်တွေက ရာနှစ်ချီပြီး ထွက်သွားနေတဲ့ မွတ်စလင်လူတန်းကြီး ကို စောင့်ကြည့်နေကြတယ်။ ဒါက ဘာကိုအမှတ်ရစေသလဲဆိုရင် ဒုတိယကမ္ဘာစစ်တုန်းက ဂျူးတွေကို ဂျာမန်စစ်သားတွေ ၀န်းရံပြီး နာဇီစစ်စခန်းတွေ ဆီ ပို့နေကြတဲ့ ပုံမျိုးကိုပါပဲ။

    ဒီဓာတ်ပုံတစ်ခုကပဲ မြန်မာပြည်က ဖြစ်စဉ်တွေသည် နာဇီဖြစ်စဉ်နဲ့ ဆင်တူနေတယ်လို့ ပြောပြနေတာမဟုတ်ပါ။ အရေးအခင်းလှုံဆော်ရေး သမားတွေ ရဲ့ လှုပ်ရှားပုံတွေ၊ အကြံအစည်တွေ၊ အထူးသဖြင့် လူမျိုးရေး-ဘာသာရေးအခြေခံတဲ့ အကြံအစည်တွေက ဟစ်တလာလက်အောက်ခံ နာဇီဂျာမနီရဲ့ ပုံပန်းသွင်ပြင်တွေ အတိုင်းပါပဲ။

    ကနဦးကတော့ ပုံမှန်လှုပ်ရှားမှုတွေနဲ့ တကယ့်ကို စောင့်ကြည့်လေ့လာဖို့သင့်တဲ့ ပြုမူဆောင်ရွက်မှုတွေ ရှိနေတယ်။ အဲဒီလိုဖြစ်စဉ်တွေထဲမှာ အရေးအပါဆုံးက ၉၆၉ လှုပ်ရှားမှုပါပဲ။ ဒီ ၉၆၉ ဆိုတာကို ဒီနှစ်အစောပိုင်းက တီထွင်လိုက်ကြတယ်။ မြန်မာပြည်လို ဂဏန်းတွေနဲ့ အတိတ် သဘောင်ကောက်တဲ့နည်း အလွန်တွင်ကျယ်တဲ့နေရာမျိုးမှာ ၉၆၉ က တကယ့်ကို စွမ်းအားထက်တော့တာပါပဲ။ ဒီ ၉၆၉ ကို အစွန်းရောက် ဘုန်းကြီးတွေက ဦးဆောင်ပြီး လှုပ်ရှားကြတယ်။ ဘုန်းကြီးတွေထဲမှာ ၀ီရသူနာမည်နဲ့ ထင်ပေါ်နေတဲ့သူတစ်ဦးလည်းအပါအ၀င်ဖြစ်တယ်။ ၉၆၉ ဆိုတာကတော့ ဘုရားဂုဏ်တော် ၉ပါး၊ တရားဂုဏ်တော် ၆ ပါးနဲ့ သံဃာဂုဏ်တော် ၉ ပါးဆိုပြီး ယူထားကြတာပါ။

    ဒါပေမယ့် ၉၆၉အရေးလှုပ်ရှားသူတွေကတော့ ၉၆၉ သည် ၇၈၆ အတိုင်း လိုက်လုပ်ထားတယ်လို့ ပြောကြတယ်။ ၇၈၆ ဆိုတဲ့ဂဏန်းကို အာရှတောင်ပိုင်းက မွတ်စလင်တွေ သုံးကြတယ်။ အဓိပ္ပါယ်က အလ္လာဟ်၏နာမတော်ဖြင့် အစပြုပါသည် ဆိုတာကို ဂဏန်းနဲ့ ဖော်ပြထားတာပါ။

    မြန်မာတွေက ဒီ ၇၈၆ ကို အဓိပ္ပါယ်တမျိုးဖွင့်တယ်၊ ၇+၈+၆ =  ၂၁ ဆိုတော့ ၂၁ ရာစုမှာ မွတ်စလင်တွေ လွှမ်းမိုးရမယ်၊ ဒါမျိုး အလွဲအဓိပ္ပါယ် ဖွင့်တာပါ။ ဒီတော့ ၇၈၆ ကို ဆန့်ကျင်ဖို့ ၉၆၉ ဆိုတဲ့ လှုပ်ရှားမှု ပေါ်လာတော့တာပါပဲ။ ၉၆၉ စတစ်ကာတွေကတော့ လှုပ်ရှားမှုရဲ့ အလံ လိုဖြစ်နေပြီး မြို့အတော် များများမှာ အဲဒီစတစ်ကာတွေ တွေ့နေရတာပဲ။ ၉၆၉ လှုပ်ရှားမှုကြီးကတော့ လွတ်လွတ်လပ်လပ်ကို လုပ်ကိုင်ခွင့်ရနေတဲ့ လူထုလှုပ်ရှားမှုကြီးပါပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းကတော့ ၉၆၉ စတစ်ကာ ကပ်ထားတဲ့ တက္ကစီတွေ၊ ဆိုင်ကယ်တွေကို တွေ့နေရတယ်။

    ၉၆၉ လှုပ်ရှားသူတွေကတော့ သူတို့လှုပ်ရှားမှုကို ငြိမ်းချမ်းတဲ့အသွင်နဲ့ အမျိုးဘာသာသာသနာကို ကာကွယ်တာပါလို့ ပြောတာပါပဲ။ လက်တွေ့ကတော့ ဒီလှုပ်ရှားမှုက ပွင့်လင်းသိသာတဲ့ မွတ်စလင်ဆန့် ကျင် လှုပ်ရှားမှုကြီးပါပဲ။ ဗုဒ္ဓကိုယ်တိုင်ကျင့်ကြံပြခဲ့တဲ့ လူသားအားလုံး တပြေးညီသဘော တရားမျိုးကို ၉၆၉ လှုပ်ရှားမှုကြီးက ဆက်လက်ပြီး ဟောပြောတင်ပြနေတာမျိုး မဟုတ်ဘူး။ မြို့ကြီးများအပါအ၀င်  မြန်မာနိုင်ငံ တနံတလျားမှာ ၉၆၉ ကော်မတီတွေရှိတယ်၊ သူတို့က အစီအစဉ်တွေ၊ တရားပွဲတွေ လုပ်ကြတယ်။ မွတ်စလင်ဆန့်ကျင်ရေး စာရွက်စာအုပ်တွေ စီဒီတွေ ဖြန့်ကြတယ်။

    သူတို့ကမြန်မာစီးပွားရေးလုပ်ငန်းကို မွတ်စလင်တွေ လက်ဝါးကြီးအုပ်ထားတယ်လို့ စွပ်စွဲကြတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်တွေနဲ့ အရောင်းအ၀ယ်မလုပ်ရဘူးလို့ ဆိုတယ်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်အချင်းချင်း၊ ၉၆၉ တံဆိပ်ကပ်ဆိုင်တွေ မှာပဲ ရောင်းဝယ်ရမယ်၊ ဒါမျိုးဆိုတယ်။ ကရင်ပြည်နယ်မှာတော့ ဗုဒ္ဓဘာသာအချင်းချင်းပဲ အရောင်းအ၀ယ်လုပ်ရမယ်ဆိုပြီး အဓမ္မကို စေခိုင်းနေတယ်။ မွတ်စလင်တွေနဲ့ အရောင်းအ၀ယ်လုပ်တဲ့ ဗုဒ္ဓဘာသာဝင်အချို့ကို ဘုန်းကြီးတွေဝိုင်းရိုက်ကြတယ်ဆိုတဲ့ အကြောင်းကို ပြည်တွင်း သတင်းတွေမှာ တွေ့နေရတယ်။

    အခုထိတော့ ၉၆၉ တံဆိပ်တွေကို စတိုးဆိုင်တွေ၊ အလတ်တန်းစား စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ကုန်ရောင်း တဲ့ ဆိုင်တွေမှာ တွေ့နေရတယ်။ ၉၆၉ အကြောင်းဟောတဲ့ ဘုန်းကြီးတရားပွဲကတော့ မှိုပေါက်သလိုကို ပေါနေတော့တာပဲ။ ဒီလိုတရားပွဲ ပေါသလို၊ မွတ်စလင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ စတစ်ကာတွေကို ကုန်စုံဆိုင်တွေ၊ ဖုန်းဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းကြတယ်။ မွတ်စလင်ဆန့်ကျင်ရေး တရားခွေတွေကို လမ်းတွေမှာ ဖွင့်ကြတယ်။ ရန်ကုန်က ကုန်စုံဆိုင်တွေမှာတောင် ဖွင့်ကြတယ်။ လိုရင်းကတော့ ၉၆၉ သတင်းက တနိုင်ငံလုံးပတ်သွားနေတဲ့ အဲဒီ ၉၆၉ လှုပ်ရှားသူတွေ၊ ဘုန်းကြီးတွေကြောင့်ပဲ ပျံ့နှံ့နေပါပြီ။

    မြန်မာပြည်က မွတ်စလင်တွေကို အန္တရာယ်ရှိ နိုင်ငံခြားသားတွေလို့ ပုံဖော်ကြတယ်။ မြန်မာပြည်ကို နယ်မြေလုဖို့သက်သက်နဲ့ ၀င်လာကြသူတွေလို့ တင်ပြတယ်။ သူတို့တွေကပဲ စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ကြတယ်လို့ စွပ်စွဲတယ်။ လူ့အသိုင်းအ၀န်း အတွင်းက ယဉ်ကျေးမှုကို အစ္စလာမ့်အကြောင်း မကောင်းတာတွေပြောပြီး ဖျက်ဆီးပစ်နေကြတယ်။ ဒီလို အစ္စလာမ်အကြောင်း မကောင်း ပြောတဲ့အထဲမှာ မိန်းမတွေ ကို မြှူဆွယ်တဲ့အကြောင်း၊ ဒီလိုနဲ့ နိုင်ငံရေးအာဏာကို လုယူတဲ့အကြောင်း စတာတွေ ပါတယ်။ မွတ်စလင်တွေကို ခွေးနဲ့နှိုင်းပြီး သခင့်လက် ကို ပြန်ကိုက်တဲ့ခွေးတွေ၊ သူတို့ကို မောင်းမထုတ်ရင်၊ ဒီလူလိမ်တွေ၊ အကျည်းတန်တွေ၊ အရိုင်းအစိုင်းတွေ ကို မောင်းမထုတ် ရင် မြန်မာလူမျိုးတမျိုးလုံး ပြုတ်သွားရချည့်ရဲ့ဆိုတဲ့ စိုးရိမ်မှုက နားထင်ထိ ရောက်နေတယ်။

    သူတို့ကိုယ် သူတို့ ဒုက္ခနွံထဲ ဆွဲထည့်တာက အခရာပဲ။ ပုံမှန်ဝါဒဖြန့်ချက်ကတော့ မွတ်စလင်တွေသည် နိုင်ငံနဲ့ အသိုက်အ၀န်းတစ်ခုလုံး ကို ဖျက်လို့ဖျက် ဆီးလုပ်နေတယ် ဆိုတာပါပဲ။ ငြိမ်းချမ်းရေးလှုပ်ရှားတယ်လို့ နာမည်ကြီးတဲ့ ရှင်ဥာဏိဿရကိုယ်တိုင် မိတ္ထီလာအဓိကရုဏ်း ဒုတိယနေ့၊ မတ်လ ၂၁ ရက်နေ့မှာ ဒီဗွီဘီကို – “မွတ်စလင်တွေသည် ဧည့်သည်တွေဖြစ်တဲ့အတွက်၊ အခုဖြစ်ပျက်နေတဲ့ ဘာသာရေး တင်းမာမှုကလည်း မွတ်စလင်တွေကြောင့် ပဲဖြစ်တာကြောင့် အိမ်ရှင်တွေကို လေးစားရမယ်၊ ယဉ်ကျေးပြရမယ်၊ ” ။ အဲဒါမျိုးပြောခဲ့တယ်။

    တခြားအရေးပါတဲ့ အချက်တွေလည်း ရှိတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေရေးတဲ့ မွတ်စလင်ဆန့် ကျင်ရေး စာအုပ်တွေအားလုံးက အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့ပုံမျိုးတွေချည့် နာမည်မှည့်ထားကြတာပဲ။ ဒါမျိုးစာအုပ်တွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဖြန့်ချိခဲ့ကြတယ်။ ဒါတွေက လက်ရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေအတွက် လမ်းညွှန်တွေပဲ။ အဲဒီထဲမှာ မွတ်စလင်တွေက အလိုမတူဘဲ ဗုဒ္ဓဘာသာဝင် တွေကို လက်ထပ်တယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြထားတယ်။ ပြီးတော့ သူတို့ကို အစ္စလာမ်ထဲ သွင်းဖို့ကြိုးစားတယ်၊ မွတ်စလင်တွေက တကမ္ဘာလုံးကို စီးပွားရေးအရ သာမက နိုင်ငံရေးအရရော၊ ယဉ်ကျေးမှုအရပါ ၀ါးမြိုဖို့ ကြိုးစားနေတယ် ဒါမျိုးတွေ ရေးထားတယ်။ မွတ်စလင်တွေကို ထိထိရောက်ရောက်မတားဆီးရင် သူတို့က ဗုဒ္ဓဘာသာနိုင်ငံတွေကို သိမ်းလိုက်လိမ့်မယ်၊ သူတို့အင်အားမှေးမှိန်စေဖို့ သူတို့ရဲ့ အဆောက်အအုံတွေကို ဖျက်ဆီး ရမယ်၊ နိုင်ငံသားဖြစ်ခွင့် ကို သွေးနဲ့ဆုံးဖြတ်ရမယ်၊ ဒါမျိုးတွေ ၀ါဒဖြန့်တယ်။ နိုင်ငံသားဖြစ်ခွင့်ကို သွေးနဲ့ဆုံးဖြတ်ရမယ်ဆိုတာကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီပြောခဲ့ တာပါ။

    ဒါပေမယ့် ဒီလိုမျိုး နာဇီဖက်ဆစ်ဆန်ဆန်လှုပ်ရှားမှုမျိုးက အထောက်အပံ့ကောင်းကောင်းမရဘဲ ဆက်ပြီး အဓွန့်ရှည်နေမှာမဟုတ်ဘူး။ လူတွေ ရာထောင်ချီပြီး ၉၆၉ တရားတွေနားထောင်ကြတော့ အင်အားကောင်းလာတယ်။ ဒီလိုမျိုးတရားတွေက လူထုလက်ခံယုံနဲ့ ပြီးသွားတာမှ မဟုတ် တာ၊ နောက်ဆက်တွဲအနေနဲ့ ၉၆၉ တရားပွဲအပြီး မွန်ပြည်နယ်မှာ မွတ်စလင်ဆိုင်တွေကို ဖျက်ဆီးတယ်။

    ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေမှာ ၉၆၉ လှုပ်ရှားသူတွေက မြန်မာစာလုံးတွေနဲ့ အုပ်စုတွေ ဖွဲ့ပြီး ၀ါဒဖြန့်ကြတယ်။ အဲဒီထဲမှာ အဖွဲ့ဝင်အရေအ တွက်က ၉၀ ကနေ ရာဂဏန်းထိရှိတယ်။ ဒါပြင် MNMC ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှု ကော်မတီ ဆိုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာကတော့ စံချိန်တင် (Likes) ပေါင်း ၁၅၄၉၉ ရှိနေတယ်။ မြန်မာပြည်ကဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ ကွန်မန့်တွေကတော့ သူတို့အ တွက် ပေါ်ပြူလာအထောက်အပံ့တွေဖြစ်နေတော့တာပါပဲ။ မြန်မာပြည်တွင်းက မွတ်စလင်သတင်းဝက်ဘ်ဆိုက်ဒ်နှစ်ခုမှာ ပေးထားကြတဲ့ မှတ်ချက်တွေကို အင်္ဂလိပ်လို ဖော်ပြပေးပါ့မယ်။ ဒီမှတ်ချက်တွေက ဘယ်လောက်ထိ တာသွားနေလဲ၊ ကြီးကျယ်နေလဲဆိုတာ သိသာအောင်လို့ပါ။

    ပျော်တယ်ဟေ့ပျော်တယ်ဟေ့၊၊ ခွေးမျိုးတွေ၊ ခွေးသားတွေ၊ ပြည့်တန်ဆာမသားတွေကို မောင်းထုတ်ကြစို့

    သတင်းကောင်းပဲ၊ မွတ်စလင်အားလုံး သေရမယ်။

    ၂၀ ပဲသေတာ နည်းတယ်ကွ၊ သူတို့အားလုံးသေရမှာ။ မြန်မာပြည်က ဗလီအားလုံးကို ဖျက်ဆီးပစ်ရမယ်။

    အတိုးချုံးပြောရရင်တော့ ဒေါက်တာဇာနည်ပြောနေခဲ့တဲ့ နာဇီလှုပ်ရှားမှုမျိုးက အဟုန်ပြင်းပြင်းနဲ့ကို ဖြစ်နေပါပြီ။ ဒီလှုပ်ရှားမှုကို နောက်ကွယ်ကနေ ကြိုးကိုင်နေကြသူတွေကတော့ နိုင်ငံအနှံ့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရနေကြတယ်။ ဒီလိုမျိုး အရေးပေါ်အချိန်မှာ သူတို့ကို ထောက်ခံသူတွေက အုံနဲ့ကျင်းနဲ့၊ မုန်းတီးရေးအခြေခံ သတင်းတွေ ဖြန့်နေကြတယ်။

    ဒီလိုမျိုး လှုပ်ရှားမှုတွေကို ထိထိရောက်ရောက်ပြောဆိုတင်ပြတာမျိုးတွေမလုပ်ရင်တော့ လူမျိုးစုအမျိုးမျိုး ကွဲပြားနေတဲ့ မြန်မာပြည်လို နေရာမှာ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးအခြေအနေတင်းမာမှုတွေက ထိန်းလို့မရအောင် ဆက်ဖြစ်နေတော့မှာပါပဲ။ ဆိုင်တစ်ဆိုင်မှာ စကားများတာ ကလေးကနေ အဆုံးသတ်ရလဒ်ကတော့ဗျာ၊ မိတ္ထီလာတမြို့လုံးမှာ ကြီးကျယ်တဲ့ အဓိကရုဏ်းကြီးဖြစ်သွားပါပြီ။း ဒါက တပ်လှန့်နှိုးဆော်မှုတစ်ခုပါပဲ။

  • သီရိလင်္ကာ အရေးအခင်းမျိုး ပြန်ပေါ်လာပြီလား ?

    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၃

    M-Media
    www.mmtimes.com မှ Anti-Muslim monks: Sri Lanka redux? ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၃ ၊ ၂၀၁၂ တွင်တင်ပြခဲ့သော Alex Bookbinder ၏ဆောင်းပါးကို ဆီလျော်သလို မြန်မာပြန်ပါသည်။

     

    protesting_monks_colombo
    သီရိလင်္ကာမှ အန္တီမွတ်စလင် ဘုန်းကြီးများ ဆန္ဒပြနေစဉ်

    လူငယ်တွေကြားမှာလည်း စံပြဖြစ်သလို ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီးလည်း ဗဟုသုတကြွယ်ဝပုံပေါ်တဲ့ ဘုန်းကြီးတစ်ပါးနဲ့ ကျနော်၊ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ခန့်က စိတ်ဝင်စားစရာ စကားစမြည်ဝိုင်းကလေး တစ်ဝိုင်း ဖြစ်ဖူးတယ်။ ဒီဘုန်းကြီးက နိုင်ငံရေးနဲ့ နည်းပညာပိုင်းတွေမှာ စိတ်အားထက်သန်သလို သူ့ရဲ့ဘာသာ၊ သာသနာမှာလည်း ဟင်းလေးအိုးကြီးဖြစ်တဲ့အပြင် ဘာသာရေးတွေ၊ နိုင်ငံရေးတွေနဲ့ လူမှုရေးနယ်ပယ်တွေနဲ့ပတ်သတ်ပြီးတော့လည်း ကုံလုံကျွမ်းဝင်တဲ့ ဘလော့ဂါတစ်ယောက်ပါ။

    ဒီဘုန်းကြီးနဲ့ကျနော် လပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့တယ်၊ အဆုံးမှာတော့ သူနေထိုင်သီတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ တွေ့ဆုံဖို့ အခွင့်အရေးတစ် ခု ရခဲ့တယ်။ လက်ဖက်ရည်ပွဲကလေးနဲ့အတူ ကျနော်တို့နှစ်ယောက် မြန်မာပြည်က မတူကွဲပြားတဲ့လူနည်းစုများရဲ့ နိုင်ငံရေးပေါ်လစီတွေ အကြောင်း တစ်မနက်လုံး ပြောဖြစ်ခဲ့ကြတယ်။

    ဒီလိုနဲ့ဆွေးနွေးလာလိုက်တာ မြန်မာနိုင်ငံကြီးရဲ့ အနာဂတ်တိုင်းပြည်ထူထောင်ရေးမှာ ဒီမတူကွဲပြားတဲ့လူနည်းစုတွေ၊ ဘာသာခြားလူနည်းစုတွေကို အခန်းကဏ္ဍတစ်ခုပေးဖို့ဆိုတဲ့ အကြောင်းရောက် လာပါတယ်၊ ကျနော်က ဒီအကြောင်းအရာကို ဆွေးနွေးရင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို မှားယွင်းစွာ ပြောထွက်လိုက်တဲ့ အချိန်ထိ  စကားဝိုင်းကလေးဟာ ချောချောမွေ့မွေ့ဖြစ်နေခဲ့တာပါ။

    ဒီအခါမှာ ဘုန်းကြီးက ကျနော့်ကို အမှားပြင်ပေးဖို့ ကြိုးစားတော့တာပဲ။ သူပြောပုံက အစ္စလာမ်သာသနာဟာ မြန်မာဗုဒ္ဓအသိုင်းအ၀ိုင်းကြီးကို ၀ါးမြိုတော့မယ့် ကင်ဆာရောဂါလို့ ၀ိသေသပြုသလို ရိုဟင်ဂျာတွေကလည်း တိုင်းတပါးသားတွေဖြစ်ပြီး မြန်မာပြည်ကြီးကို သူတို့ ကိုယ်ပိုင်အဖြစ် သိမ်းသွင်းကြမယ့် လူတွေ၊ အဲသလို ဆိုပါတယ်။ ဒီကိစ္စကလွဲလို့ပေါ့ဗျာ၊ တခြားအကြောင်းတွေမှာ သူပြောတာတွေက ကျိုးကြောင်းဆီလျော်တယ်၊ ဗဟုသုတရှိပုံရတယ်။ သူရဲ့ ဒီမှတ်ချက်မှာ ကျနော်ဘာကို သွားတွေ့သလဲဆိုတော့ဗျာ၊ ဒါက မတူကွဲပြားတဲ့ လူနည်းစုတွေအကြား အခြေအနေဟာ ၀မ်းနည်းဖွယ်အဖြစ် ပုံရိပ်ထင်လာသလို မွတ်စလင်တွေကို ဒီလိုမျိုး ပစ်ပစ်ခါခါကြီးမုန်းတီးနေတာဟာ လက်ခံဖွယ်အခြေအနေတစ်ရပ်အထိ ဘယ်လိုလုပ် ရောက်ရှိတာများပါလဲ။

    အံ့သြစရာ အကောင်းဆုံး အချက်လို့ ဆိုနိုင်တာက ဒီလိုမွတ်စလင်မုန်းတီးရေးကိစ္စမျိုးက မြန်မာပြည်မှာ မဖြစ်ခဲ့ပေမယ့်၊ ၂၀၀၉ အစောပိုင်းလောက်မှာ တမီလ်ကျားသူပုန်တွေကို သီရိလင်္ကာအစိုးရ က နောက်ဆုံးထိုးစစ်ဆင်ခဲ့တဲ့အချိန်၊ အဲဒီအချိန်မှာ ဒီလိုမျိုး မွတ်စလင်မုန်းတီးရေးက သီရိလင်္ကာ မှာ ဖြစ်ခဲ့တယ်။

    မြန်မာနဲ့ သီရိလင်္ကာတို့ဟာ နိုင်ငံရေးမှာရော လူမျိုးရေးအခြေအနေတွေမှာရော တကယ့်ကို ကွဲပြားခြားနားတယ်။ ဒါပေမယ့် သီရိလင်္ကာနိုင်ငံရဲ့ မဟိန္ဒိ ရာဇပသ အစိုးရလက်အောက်မှာ ကြီးထွားတိုးတက် လာတဲ့ အမျိုးသားရေးအစွန်းရောက် နိုင်ငံရေးပေါ်လစီက၊  မြန်မာပြည်က အဆိပ်ပြင်းတဲ့ အန္တီမွတ် စလင်ဘုန်းကြီးတွေ ကိုင်စွဲတဲ့ xenophobia ခေါ် အမုန်းတရားရောပြွမ်းတဲ့ အကြောက်လွန်ရောဂါနဲ့ ထိထိမိမိအံဝင်ဂွင်ကျကြီးကို ထပ်တူညီနေတော့ တာပါပဲ။

    မြန်မာနဲ့ သီရိလင်္ကာတို့အကြားမှာ ရာစုနှစ်များစွာ ယဉ်ကျေးမှုချင်း စိမ့်ဝင်ပျံ့နှံနေခဲ့တယ်။ ဒီလိုမျိုး မြန်မာပြည်တွင်းမှာ အမျိုးသားရေး အစွန်းရောက်တွေ၊ နိုင်ငံရေး အမြင်ပေါ် အခြေခံတဲ့ အန္တီမွတ်စလင် ဘုန်းကြီးတွေ ပေါ်လာတာဟာဆိုရင်ဖြင့် (မြန်မာနဲ့ သီရိလင်္ကာတို့အကြား) ယဉ်ကျေးမှုချင်း ဖလှယ်ကြ တာတွေ ၊ အတွေးအခေါ်ချင်း ဖလှယ်ကြတာတွေအပေါ်မှာ အနည်းအကျဉ်းဖြစ်ဖြစ် တည်မှီနေတယ်။

    အကြမ်းဖျင်းပြောရရင် မြန်မာပြည်က ဘုန်းကြီး ၃၀၀ လောက်ဟာ သီရိလင်္ကာမှာ အခြေချနေထိုင်ကြတယ်၊ ဒီပမာဏက ပြည်ပအခြေ စိုက် မြန်မာဘုန်း ကြီးတွေ ထဲမှာ အများဆုံးပဲ။ ဒီလိုမျိုး သီဟိုဠ်ကျွန်းပေါ်မှာ မြန်မာဘုန်းကြီးတွေ ရောက်နေတာက အသစ်အဆန်း ကိစ္စလည်းမဟုတ် ဘူး။ သီရိလင်္ကာမှာ ကျင့်သုံးလာတဲ့ ဗုဒ္ဓဘာသာအမျိုးအစားကို ကမ္ဘာက (စိတ်ဝင်စားမှုမပြ) သေသေချာ ချာ မစူးစမ်းဘဲထားခဲ့တာဟာဆိုရင် တခြားနေရာတွေနဲ့ ယှဉ်ရင် အချိန်အားဖြင့် တော်တော် ကြာခဲ့ပြီ။ ဒါပေမယ့် မဟာယနကြီးစိုးချိန်နဲ့ ကိုလိုနီခေတ်မှာ အထိန်းချုပ်ခံ ဘ၀ရောက်ခဲ့ရချိန်တွေကြောင့် (ထေရ၀ါဒ) ဗုဒ္ဓဘာသာဟာ ၁၈၀၀ ပြည့်လွန်နှစ်တွေမှာ တဖြည်းဖြည်းနဲ့ အကွယ်ဘက် ဦးတည်သွားခဲ့တယ်။

     

    myanmar.monks201210afp
    ၁၉ ရာစုရောက်တော့၊ သီရိလင်္ကာ ခေါင်းဆောင်တွေက အတိတ်က ကွယ်ခဲ့တဲ့ ထေရ၀ါဒကျောင်းတွေကို ပြန်ပြီး အသက်သွင်းဖို့ လုပ်လာကြတယ်။ ဒီလိုလုပ်လာကြာတော့ မြန်မာပြည် ဘုန်း ကြီးကျောင်း တွေကနေ လိုအပ်တဲ့ အကူအညီကို တောင်းခဲ့တယ်။

    မြန်မာပြည်မှာလိုပဲ၊ သီရိလင်္ကာမှာလည်း ကိုလိုနီခေတ်တွင်း တော်လှန်ရေးတွေလုပ်တော့ ဗုဒ္ဓဘာသာက ထူးခြားတဲ့အခန်းကဏ္ဍကနေ (အသုံးချ ခံ) ဖြစ်ခဲ့တယ်။ ၁၈၉၈ မှာ ဖွဲ့ခဲ့ ဗုဒ္ဓကလျာဏယုဝခေါ် ၀ိုင်အမ်ဘီအေက ခရစ်ယာန်တွေ မောင်ပိုင်စီးလာတာတွေ၊ ကိုလိုနီစနစ်ရဲ့ အခန်းကဏ္ဍတွေကို တန်ပြန်ဖို့ ရည်ရွယ်ခဲ့တာပဲ။ ၁၉၀၆ မှာ မြန်မာကလည်း သူတို့အိမ်နီးချင်း သီရိလင်္ကာနည်းလမ်းအတိုင်း အတုခိုးပြီး ၀ိုင်အမ်ဘီအေကို တည်ထောင်ခဲ့ တယ်။

    လွန်ခဲ့တဲ့နှစ်များမှာတော့ တိုင်းပြည်နိုင်ငံရေးနဲ့ တော်တော်ကြီးနီးနီးစပ်စပ်ရှိတဲ့ အစွန်းရောက် သီရိလင်္ကာဘုန်း ကြီးတွေ တော်တော်အသံကျယ် လာကြတယ်။ သူတို့ရဲ့ သီရိလင်္ကာနိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး သန့်စင်အောင်လုပ်ရမယ်ဆိုတဲ့ ၀ါဒဖြန့်နှိုးဆော်မှုတွေက အစိုးရရဲ့ စစ်ဘက်ဆိုင် ရာ အမျိုးသားလုံခြုံရေး အစီအမံဆောင်ရွက်ချက်တွေကို အထောက်အပံ့သွားဖြစ်နေတယ်။ ဒါ့ပြင် မဟိန္ဒိ ရာဇပသအစိုးရရဲ့ သီရိလင်္ကာနိုင်ငံတွင်း ဒီမိုကရေစီ အစီအမံအလုပ် အကိုင်တွေသာမက civil liberties လို့ခေါ်တဲ့ လွတ်လပ်ခွင့်တွေကို ကျုံ့သွားအောင်၊ လျော့သထက် လျော့သွားအောင် လုပ်ကိုင် နေကြတာတွေရှိနေတယ်။ အဲဒီလို လုပ်ကိုင်နေတဲ့ အပေါ်မှာ (ပြည်သူလူထုက ထားရှိတဲ့) အာရုံစူးစိုက်မှုတွေ ပျောက်သွားအောင် ရည်ရွယ်ပြီး ဒီလိုမျိုး ဘုန်းကြီးတွေရဲ့ ၀ါဒဖြန့်မှုတွေက ၂၀၀၉ ခုနှစ်၊ ပြည်တွင်းစစ်ပြီးကတည်းက စပြီးလုပ်နေကြတာပဲ။

    မြန်မာပြည်က သံဃာထုက အစိုးရကို အကြံပေးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆန့်ကျင်တဲ့နေရာကပဲဖြစ်ဖြစ် တနည်းနည်းနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ် သတ်နေတာကြောင့် သံဃာထုရဲ့ (နိုင်ငံရေး) လှုပ်ရှားမှုတွေ ဟာ စည်းဝင်ဘောင်ဝင် နိုင်ငံရေးနယ်ပယ်ရဲ့ အပြင်မှာ အမြဲလိုလို ရှိနေတတ်တယ်။ အဲ၊ သီရိလင်္ကာမှာကျတော့ ဒီသာသနာပိုင် ဘုန်းကြီးတွေက National Heritage Party, or JHU လို့ခေါ်တဲ့ နိုင်ငံရေးပါတီကို ၂၀၀၄ မှာ ထူထောင်လိုက် တယ်၊ ဒီပါတီက ကိုယ်စားလှယ် (ရဟန်း)တွေဟာ ပါလီမန်မှာ ပါဝင်နေတယ်၊ ၂၀၀၇ ကျတော့ အစိုးရပိုင်းမှာပါ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်လာ တယ်။

    ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သတ်ပြီး အာရုံထားစိတ်ဝင်စားသူတွေအားလုံးက အမှန်ထက်ပိုတဲ့ ချဲ့ကားလံကြုတ်တွေကို ရင်းနှီးကျွမ်း ၀င်လာတယ်။ ဒီလိုဘဲ သီရိလင်္ကာက JHU ပါတီဝင် ရဟန်းတွေဟာ တမီလ်ကျားသူပုန်တွေကို အမြစ်ဖြုတ်ဖို့ ကြိုးစားတဲ့ အစိုးရကို အစွန်းတဖက်ရောက်တဲ့အထိ ထောက်ခံကြတယ်၊ ဒါပြင့် သူတို့တွေက နိုင်ငံရဲ့ (တမီလ်) မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ လက်ရှိရှိနေတဲ့ ကိုယ်ပိုင်အုပ် ချုပ်ရေး အာဏာစက်ကို ကန့်သတ်ဖို့ အဆိုပြုချက်တွေ ဖြစ်လာအောင် တပ်သုတ်ရိုက်ဆောင်ရွက်ရမယ်လို့ ဖိအားပေးကြတယ်။

    မြန်မာရဟန်းတွေကျတော့ JHU လိုပါတီမျိုးထောင်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ဆိုတဲ့ အတွေးအခေါ်မျိုးကို ထက်ထက်သန်သန်ပဲ ဆန့်ကျင်တယ်လို့ ထင်ရတယ်။ ဒါပေမယ့် ထူးခြားတာက သီရိလင်္ကာရဲ့ လောင်းရိပ်အောက်က လှုပ်ရှားနေတဲ့ ဘလော့ဂါ ရဟန်းတွေဟာ ဒါမျိုးကိစ္စကို အတိအကျဆောင်ရွက် ကြဖို့ရာ အကြံပြုတင်ပြလာတာမျိုးတွေကို ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ ပြုလုပ်လာတယ်။

    သီရိလင်္ကာရဲ့ မွတ်စလင်ဦးရေက အနည်းအကျဉ်းပါပဲ၊ အကြမ်းဖျင်းအားဖြင့် ၁၀ ရာခိုင်နှုန်းလောက်ရှိမယ်။ သူတို့တွေက ပြည်တွင်းစစ်ဖြစ်နေတဲ့ ၂၅ နှစ်လုံးလုံး အစိုးရဖက်မှာရော တမီလ်ကျား သူပုန်တွေဘက်မှာပါ ဓားစာခံတွေဖြစ်နေခဲ့တယ်။ နှစ်ဖက်စလုံးက သူတို့ကို ဖမ်းဆီးတယ်။ ဒါတင်မက အမျိုးသားရေးလို့ အော်နေတဲ့ ရဟန်းတွေနဲ့ သူတို့ကို ထောက်ခံသူတွေက ဒီမွတ်စလင်တွေ ကို နိုင်ငံတွင်းကနေ မောင်းထုတ်ပြစ်ဖို့ နှိုးဆော်ကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာတုန်းကလည်း ဒီဘုန်းကြီးတွေနဲ့ သူတို့ကို ထောက်ခံသူတွေပေါင်းပြီး ရှေးဟောင်း တော်ဝင်မြို့တော် အနုရတ္ထပူရမှာ ရှိတဲ့ မွတ်စလင်အဆောက်အဦတွေကို ဖျက်ဆီးပြစ်ခဲ့တယ်။

    ဒီနှစ် (၂၀၁၂) ဧပြီမှာလည်း အချက်အချာကျတဲ့ ဒမ္ဗူလမြို့က ဗလီတလုံးမှာ မွတ်စလင်တွေ သောကြာနေ့ ဘုရားဝတ်ပြုနေစဉ် လူပေါင်း ၂၀၀၀ နီးနီးက အုပ်စုဖွဲ့ပြီး မွတ်စလင်တွေ ကို မောင်းထုတ်ပြစ်ခဲ့ တယ်။ ဒီလူအုပ်ကြီးကိုလည်း ရဟန်းတွေပဲ ဦးဆောင်ခဲ့တာဖြစ်တယ်။

    သီရိလင်္ကာရဲ့ အဓိက မီဒီယာတွေကလည်း သီရိလင်္ကာနိုင်ငံကြီးသည် ဗုဒ္ဓဘာသာနိုင်ငံကြီးဖြစ်တယ်ဆိုတဲ့အကြောင်း၊ ဒီနိုင်ငံကြီးကို အစ္စလာမ်မိုင်ဇေး ရှင်းက ခြိမ်းခြောက်နေတယ်ဆိုတဲ့ အကြောင်းတွေ ချည့် ထပ်တလဲလဲ ထုတ်လွှင့်ပေးတယ်။ ဒီလိုမျိုး တထေရာတည်းဆိုသလို၊ ရခိုင်အရေး ကြီး ထဖြစ်တော့ မြန်မာပြည်တွင်း အန္တီအစ္စလာမ်အုပ်စုတွေက သီရိလင်္ကာမီဒီယာတွေ လိုမျိုး မေးခွန်းတွေထုတ် လာတယ်၊ မြန်မာပြည်ကြီးဟာ ဗုဒ္ဓဘာ သာနိုင်ငံကြီးဖြစ်တယ်၊ အစ္စလာမ်မိုင်ဇေးရှင်းက မြန်မာပြည်ကြီးကို ခြိမ်းခြောက်နေတယ် စတာတွေ (သီရိလင်္ကာနဲ့ ထပ်တူညီ) အသံကျယ်ကျယ် လုပ် လာကြတယ်။

    သီရိလင်္ကာရဲ့ နိုင်ငံရေးရေစီးကြောင်းက ပြည်တွင်းစစ်အရှိန်ကြောင့် နက်နက်ရှိုင်းရှိုင်းကြီး ပြောင်းလဲသွားတယ်။ မတူကွဲပြားတဲ့ လူနည်းစုအရေးတွေ၊ ဘာသာရေးကိစ္စတွေမှာ ထားရှိတဲ့ အပြန်အလှန်နား လည်မှုတွေလည်း ပြောင်းလဲကုန်တယ်။ နိုင်ငံရေးအယူတွေက ပြည်တွင်းစစ်မတိုင်မီကထက် ပိုပြင်းထန် လာသလို ပါတီတစ်ခုနဲ့တစ်ခု ရန်လိုမှုတွေကလည်း ပိုပြင်းထန်လာတယ်။ ပြည်တွင်းစစ်ကြီး တစစ အရှိန်ရလာတာနဲ့အမျှ ခါးခါးသီးသီးကြီး ရန်လိုတဲ့စရိုက်တွေဖြစ် လာတော့တာပဲ။ ကံမကောင်း အကြောင်းမလှဘူးလို့ ဆိုရမှာပဲ၊ သီရိလင်္ကာက အဲဒီလိုမျိုး အဆိပ်ပြင်းပြင်းတွေ ဟာ မြန်မာပြည် ဘက်ကို အအက်အကွဲကြီးအဖြစ် သမိုင်းတွင်မယ့် အချိန်ကောင်းမှာပဲ ကူးပြောင်းဝင်ရောက် သွားတော့တယ်။

    ရိုဟင်ဂျာကိစ္စမှာတော့ သမ္မတဦးသိန်းစိန်တစ်ယောက် ကြိုးတန်းပေါ်လမ်းလျှောက်ရသလို ဖြစ်နေတယ်။ ပထမက ရိုဟင်ဂျာတွေကို လိုချင်တဲ့ တတိ ယနိုင်ငံဆီ ပို့ပေးမယ်၊ ဒီနည်းနဲ့ ရခိုင်အရေး ကို ဖြေရှင်းမယ်လို့ ဆိုတယ်၊ အဲ နောက် လေးလလောက်အကြာ အိုဘာမားမလာခင် နိုဝင်ဘာ ၁၉ ရက်လည်းရောက်ရော၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့ဖြစ်အင်ကို အစိုးရက သေသေချာချာကြီး ကိုင်တွယ်ဖြေရှင်းပေးဖို့ ဆန္ဒရှိတာပါလို့ ဖြစ်သွားပြန်ရော။ သမ္မတဦးသိန်းစိန်ရဲ့ အနောက်တိုင်းနဲ့ ကောင်း မွန်တဲ့အဆက်အဆံလိုလားပုံကိုပဲ ရိုဟင်ဂျာတွေက ကျေးဇူးတင်ရမလိုဖြစ်နေပြန်ရော။ အဲတဖက် မှာတော့ သီရိလင်္ကာ အစိုးရကြီးက တမီလ်သူပုန်တွေကို ထိုးစစ်ဆင်နေတာကြောင့် တရုတ်နဲ့ ပလဲနံပသင့်ဖို့ အရမ်းအရမ်းကို လိုလားနေသလို အနောက်တိုင်းနဲ့ ဆက်သွယ်ထားတဲ့ သံတမန်တံတားတွေ ကိုလည်း လောင်ကျွမ်းဖျက်ဆီးပြစ်လိုက်တယ်။

    သီရိလင်္ကာနဲ့ မြန်မာရဲ့ ယဉ်ကျေးမှုဖလှယ်ခြင်းက နှစ်လမ်းသွား (အပြန်အလှန်) ဖြစ်နေတာကြောင့် နှစ်ဖက်နိုင်ငံ လူမျိုးစုတွေအကြား အဆက်အဆံကို လွှမ်းမိုးချုပ်ကိုင်နိုင်မယ်၊ (ပြီးရင် လိုသလို အသုံးချဖို့) အခွင့်အရေးကောင်းတစ်ခု ရှိနေတယ်ဆိုတာမျိုး ဦးသိန်းစိန်ကို ( တင်ပြ အကြံပေးကြတယ်နဲ့) တူပါတယ်။ အိုဘာမားကတော့ မတူကွဲပြားခြင်းသည် အမေရိကန် အသိုင်းအ၀ိုင်းအတွက် ခွန်အားဖြစ်တယ်လို့ ရန်ကုန်မှာ ပြောတဲ့ သူရဲ့ မိန့်ခွန်းမှာ ထည့်သွင်းဖော်ပြသွားတယ်။ တကယ်လို့သာ မြန်မာအစိုးရ က နိုင်ငံတော်တည်ငြိမ်ရေးကို အမှန်အကန်ကြီးလိုလားတယ်ဆိုရင်၊ စစ်အစိုးရအဆက်ဆက် အမုန်းတရားတွေနဲ့ ပတ်သတ်လို့ အမှန်တကယ်ကြီးကို (ဖယ်ထုတ်ပစ်သွားဖို့) လိုလားတယ်ဆိုရင်၊ အိုဘာမားပြောသွားတဲ့ အသွင်သဏ္ဌာန်ကို သူ့ရဲ့မူရင်းပုံစံမှန်အတိုင်း မဖြစ်မနေလိုက်နာကျင့်သုံးရမှာဖြစ်တယ်။

    အခုအချိန်မှာတော့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာမွတ်စလင်လူထုကြီး တစ်ရပ်လုံးကို မိတ်ဆွေရင်းခြာပမာ ပြန်လည်ဆက်ဆံရမယ်လို့ လှုံဆော်ရင် အဲဒီလှုံဆော်မှုအသံက ဘုန်းကြီးကျောင်းတွေမှာရော၊ ပြည်သူလူထုအမြင်နဲ့ ရပ်တည်တဲ့ တရားရုံးတွေမှာပါ သိပ်ပြီး ကောင်းမွန်တဲ့ (ထောက်ခံမှု) ရလဒ်တွေ ရလာလိမ့်မယ် မဟုတ်ဘူးဆိုတာကို သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။

    သီးပွင့်ဝေဆာတဲ့အသိုက်အ၀န်းမျိုးရဖို့၊ တာရှည်ခံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရဖို့ဆိုရင်တော့ ရိုဟင်ဂျာအရေးကို မြန်မာခေါင်းဆောင်တွေအနေနဲ့ (ဒီအရေးက ကာလတိုမှာ နိုင်ငံရေးရှုထောင့်အတွက် သိပ်ပြီးစိတ်ဝင်စားဖွယ်မရှိပေမယ့်လည်း) ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချပြီး ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်။ ဒီလိုဆိုရင်တော့ သီရိလင်္ကာက လူတွေပါ အမြော်အမြင်ရှိရှိလေ့လာနိုင်မယ့် သင်္ခန်းစာတစ်ခု လည်း ဖြစ်သွားမှာပေါ့။

    (အဲလက်စ် ဘွတ်ဘိုင်းဒါးသည် အရှေ့တောင်အာရှတွင် အခြေစိုက်လှုပ်ရှားသည့် သုတေသီနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်ပါသည်။)