News @ M-Media

Tag: ဦးသိန်းစိန်

  • UNFPA ကို ပေးထားသည့် ကတိနှင့်ဆန့်ကျင်လျက် သန်းခေါင်စာရင်း၌ ရိုဟင်ဂျာ ဖြည့်သွင်းခွင့်မပြုဟု သမ္မတဆို

    M-Media
    မတ်လ ၂၉ ရက်၊ ၂၀၁၄

    သန်းခေါင်စာရင်း အသိပညာ လက်ကမ်းစာစောင်များ (ဓါတ်ပုံ RFA)
    သန်းခေါင်စာရင်း အသိပညာ လက်ကမ်းစာစောင်များ (ဓါတ်ပုံ RFA)

    UNFPA ၏ သန်းခေါင်စာရင်းနှင့် ပတ်သတ်သော ကြေညာချက်ထွက်အပေါ် အပြီး နောက်တစ်နေ့ (ယနေ့) တွင် သမ္မတဦးသိန်းစိန်က သန်းခေါင်စာရင်း ၌ ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းခြင်း ခွင့်မပြုဟု ၄င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွတ်မှ တဆင့် ပြောဆိုလိုက်ကြောင်း ဧရာဝတီနှင့် RFA သတင်း ဌာနများက တင်ပြထားပါသည်။

    ဧရာဝတီသတင်းဌာန၏ “ရိုဟင်ဂျာဟု သန်းခေါင် စာရင်းတွင် ရေးသွင်းမှု ခွင့်မပြုဟု သမ္မတ ပြော” ဟူသော ယနေ့နေ့စွဲဖြင့် တင်ပြထားသည့် သတင်း တွင် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွတ်က “ဒီနေ့ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ စစ်တွေ သွားဖို့ ရှိတယ်။ သူကတော့ အသေးစိတ် သွားရှင်းပြမှာပေါ့။ အဓိကတော့ အိမ်တအိမ်ကို သွားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ အဲဒီအိမ်က ရိုဟင်ဂျာလို့ ဖြည့်မယ် ဆိုရင် ကျနော်တို့က လက်ခံမှာ မဟုတ်ဘူး။ ဘင်္ဂါလီလို့ ဖြည့်မယ်။ တခြား သတ်မှတ်ထားတဲ့ ကုတ်နံပါတ် ဖြည့်ရင် ရမယ်။ ရိုဟင်ဂျာလို့ ပြောရင် စာရင်း ရေးသွင်းမှာ မဟုတ်ပါဘူး”ဟု အတည်ပြု ပြောဆိုသည်ဟု ဖော်ပြထားပါသည်။

    မတ်လ၂၈ ရက်၊ ရက်စွဲဖြင့်ထုတ်ပြန်သော UNFPA ၏ကြေညာချက်တွင် သန်းခေါင်စာရင်း၌ မည်သူမဆို မိမိတို့အလိုရှိသည့် လူမျိုးအမည်ကို လွတ်လပ် စွာ ဖြည့်သွင်းခွင့်ရှိသည်ဟု ဖော်ပြထားသလို ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရကလည်း ထိုသည့်စံနှုန်းအတိုင်း လိုက်နာရန် ကတိက၀တ်ပြု ထားကြောင်း ဖော်ပြပါရှိသည်။

    UNFPA ၏ ဖော်ပြချက်၌ ပါရှိသည်မှာ –

    In accordance with international standards and human rights principles, and as part of its agreement with the UN and donors, the Government has made a commitment that everyone who is in the country will be counted in the census, and all respondents will have the option to self-identify their ethnicity. This commitment cannot be honoured selectively in the face of intimidation or threats of violence.

    မြန်မာပြန် – နိုင်ငံတကာ စံချိန်စံညွှန်းများအရလည်းကောင်း၊ လူ့အခွင့်အရေး စည်းကမ်းနည်းနာများ အရသာမက ကုလနှင့် အလှူရှင်များ၏ သဘောဆန္ဒများအပေါ် မှာပါ အခြေခံ၍ (မြန်မာ) အစိုးရက သန်းခေါင်စာရင်း၌ လူတိုင်းလူတိုင်း ပါဝင်ကောက်ခံမှု ခံယူရရှိရေး အတွက် ကတိက၀တ်ပြုထားသည်။ ထို့ပြင် လူတိုင်း ကလည်း မိမိတို့၏ ကိုယ်ပိုင်လူမျိုးကို ထည့်သွင်းရေးချယ်ခွင့်ရှိကြောင်းကိုပါ ကတိက၀တ်ပြုထားသည်။ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကြောင့် ထိုကတိက၀တ်များကို မျက်နှာလိုက်ကာ ဖြည့်ဆီးခြင်းမျိုး ပြုလုပ်၍ ရလိမ့်မည် မဟုတ်။

    သို့ဖြစ်ရာ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရက UNFPA သို့ နိုင်ငံတကာစံချိန်စံညွှန်းများ လိုက်နာပါမည်ဟု ကတိပေးထားပြီး ပြည်တွင်းတွင်မူ သန်းခေါင်စာရင်းပါ လူမျိုးနေရာဖြည့်စွက်ရာ၌ မည်သည့်အသုံးအနှုံးကို လက်ခံမည်၊ မည်သည့်အသုံးအနှုံးဆိုလျှင် လက်မခံဟု ပြောဆိုနေခြင်းမှာ ကတိက၀တ်ကို မထီမဲ့မြင်ပြု မလေးစားရာရောက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပါသည်။

    Ref:
    ၁) UNFPA ၏ ကြေညာချက် မူရင်း – http://bit.ly/O4JyfL
    ၂) UNFPA ၏ ကြေညာချက် မြန်မာပြန် – http://www.m-mediagroup.com/news/25934
    ၂) ဧရာဝတီသတင်းဌာနမှ သတင်းတင်ပြထားချက် – http://bit.ly/1jjD1dk

  • နိုင်ငံတော်သမ္မတ၏ သြဂုတ် ၁ ရက် ရေဒီယိုမိန့်ခွန်း

    M-Media

    သြဂုတ်လ ၁ ရက်၊ ၂၀၁၃

    099ယနေ့ သြဂုတ် ၁ တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရေဒီယိုမှ မိန့်ခွန်းပြောကြားခဲ့ရာ ဥရောပနိုင်ငံ ခရီးစဉ်အကြောင်း၊ အာဇာနည်နေ့ အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းနဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး၊ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးရေး ကိစ္စ၊ တောင် သူ လယ်သမားအရေး၊ ငြိမ်းချမ်းရေးနဲ့အပစ်အခတ်ရပ်စဲရေး စသည့် များနှင့် ပတ်သတ်ပြီး ၄င်းတို့အစိုးရက လုပ်ဆောင်နေသည်များကို ပြည်သူများအား အသိပေးသွားခဲ့သည်။

    တိုင်းရင်းသားညီရင်းအစ်ကိုမောင်ရင်းနှမများနှင့်သာမက သမိုင်းကြောင်းကောင်းခဲ့သော သစ္စာတော်ခံ မြန်မာမွတ်စလင်များနှင့်ပါ အနီးကပ် လက်တွဲအလုပ်လုပ်ခဲ့သည့် မြန်မာ့တပ်မတော်ဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားကို စစ်အစိုးရအသွင်ပြောင်း ဒီမိုကရေစီအစိုးရသစ်မှ အာဏာပိုင်များ ကိုးကားတင်ပြခြင်းမှာ မရှိသလောက် နည်းပါးခဲ့ပါသည်။

    အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာက ပြန်လည် ကူးယူဖော်ပြအပ်ပါသည်။

    (ဓာတ်ပုံ – ဧရာဝတီ သတင်းဌာန)

     

    မိဘပြည်သူများခင်ဗျား

    ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး
    ပြောကြားနေကျဖြစ်တဲ့ အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြား ရခြင်းဖြစ်ပါတယ်။

    မိဘပြည်သူများသိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံများကို ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ အလုပ် သဘောခရီးသွားရောက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ သမိုင်းကြောင်း ရှည်ကြာ ပတ်သက်မှုတွေရှိခဲ့ကြတဲ့ ဗြိတိန်နဲ့ပြင်သစ်နိုင်ငံများကို မြန်မာနိုင်ငံရဲ့ သမိုင်း အလှည့်အပြောင်း
    ဖြစ်တဲ့ ယခုလိုအချိန်မှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

    အစိုးရအဖွဲ့ခေါင်းဆောင်များ၊ လွှတ်တော်ခေါင်းဆောင် များနဲ့ တွေ့ဆုံ ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ကိစ္စတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသားကိစ္စတွေနဲ့ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခ ကိစ္စတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့ဆွေးနွေးမှုတွေ ပြု လုပ်နိုင်ခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ထဲမှာ အဓိက လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကိစ္စရပ်တွေအတွက် တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင် မယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

    ဒါ့အပြင် စီးပွားရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီကြီးများနဲ့လည်း တွေ့ဆုံပြီး မြန်မာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက် အလိုအပ်ဆုံးဖြစ်တဲ့ တာဝန်သိပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ တိုးတက်စေ ဖို့ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါတယ်။

    နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနီးချစ်ကြည်မှု တိုးတက်စေဖို့အတွက် အရပ်ဘက် အဖွဲ့အစည်းများကို လည်း တွေ့ဆုံခဲ့ပါတယ်။

    အပြောင်းအလဲကာလမှာလိုအပ်တဲ့ နိုင်ငံတကာအကူအညီတွေ၊ ထောက်ခံမှုတွေနဲ့ နားလည်ပေးမှုတွေကို ရရှိဖို့အတွက် အရေးကြီးတဲ့ နိုင်ငံခြားခရီးစဉ်များကိုလည်း ကျွန်တော့်အနေနဲ့ အချိန်ပေးသွားရောက်နေခြင်း လည်းဖြစ်ပါတယ်။

    ဇူလိုင်လဟာဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတစ်ရပ်ဖြစ်ပါတယ်။ ဝမ်းနည်းစရာတွေ၊ သံဝေဂရစရာတွေ ရှိနေသလို တိုင်းပြည်ရဲ့ အနာဂတ်အတွက် သမိုင်းသင်ခန်းစာ ယူစရာတွေ လည်း အပြည့်ရှိနေပါတယ်။

    နိုင်ငံရေးအကျပ်အတည်းတွေကို အကြမ်းဖက် တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာတွေကို ကြုံတွေ့ခဲ့ ရပြီး နောက်ဆုံးမှာ တိုင်းပြည်အတွက် ဘယ်လောက်ထိခိုက်နစ်နာစေခဲ့တယ်ဆိုတာ မိဘပြည်သူများ အသိပဲဖြစ်ပါတယ်။

    မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီ အလေ့အထရဲ့ အဓိက စံတန်ဖိုးတွေဖြစ်တဲ့ မတူညီတဲ့ အယူအဆ
    တွေကို ထုတ်ဖော်ပြောဆိုခွင့် ၊ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ၊ ဆွေးနွေးငြင်းခုံခွင့်တွေကို လက်မခံနိုင်တဲ့သူများ အစွန်းရောက်နိုင်ငံရေးသမားများရဲ့ အန္တရာယ်ဟာ တိုင်းပြည်အတွက် ဘယ်လောက်
    တောင် ဆိုးကျိုးကြီးမားနိုင်တယ်ဆိုတာကို အမြဲသတိပေးနေတာလည်း ဖြစ်ပါတယ်။

    တိုင်းပြည် လွတ်လပ်ရေးရအောင် ဆောင်ကြည်းပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ အာဇာနည်ကြီးတွေကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဆိုရင် မြန်မာ့သမိုင်း မှာ မမေ့ထိုက် တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများ၊ ကျဆုံးလေပြီးတဲ့ ခေါင်းဆောင်များရဲ့ ကျေးဇူးတရားတွေကို အမြဲအမှတ် ရနေ ရမယ့် နေ့ရက်တစ်ရက်လည်းဖြစ်ပါတယ်။ ဒီလိုဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေကို အစိုးရအနေနဲ့ လည်း နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား ဂါရ၀ပြုခဲ့သလို အများပြည်သူလူထုကလည်း အထူးသဖြင့် လူငယ်တွေကိုယ်တိုင် တက်တက်ကြွကြွနဲ့ တစ်ခဲနက် ဂုဏ်ပြုနိုင်ခဲ့တာ ဟာလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေရဲ့ အောင်မြင်မှုတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

    ပြည်သူအများသိရှိပြီး ဖြစ်တဲ့ အတိုင်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံခြားခရီးစဉ်မထွက်ခွာမီမှာ တစ်ကြိမ်၊ နိုင်ငံခြား ခရီးစဉ်က ပြည်ရောက်ချင်း ၂၂ ရက်နေ့မှာ တစ်ကြိမ် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ခေါင်းဆောင်လူကြီးများ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ၊ လူ့အခွင့် အရေးကော်မရှင် က တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးနဲ့ ပဋိပက္ခကာကွယ်တားဆီးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

    အကြောင်းတိုက်ဆိုင်တဲ့အတွက် ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီး ပြောကြားလို ပါတယ်။

    အဲ့ဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်က လွတ်လပ်စွာ ဘာသာ ကိုးကွယ်နိုင်မှုဟာ နိုင်ငံသားအခွင့်အရေးတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ မြွက်ကြားခဲ့တဲ့အပြင် ဘာသာတရားက သစ္စာ ၊ မေတ္တာ နဲ့ သမ္မာ အာဇီဝ၊ သမ္မာကမ္မန္တတို့ကို ဓမ္မအနေနဲ့ဟောကြားပြီး လူမှုမှာလည်း ဒီဓမ္မတွေကိုလေးစားကြောင်း လူမှုတိုးတက်ရေး နဲ့ ဘာသာရေးတို့ဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်သဘော မဆောင်ကြောင်း၊ ဒါပေမယ့် ဘာသာ တရားရဲ့နာမကို အလွဲသုံးစားလုပ်ပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို အကြောင်းပြုပြီး၊ မတရားတဲ့ အမှုတွေကိုပြုရင်တော့ လူ့အဖွဲ့ အစည်းက အဲဒီမတရားမှုကိုလျစ်လျူရှုနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။

    လူအများကို နစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောမှုတွေ၊ လုပ်ဆောင်မှုတွေကိုလည်း တားမြစ် သွားရ မယ်လို့ အဲဒီမိန့်ခွန်းမှာ ထင်ထင်ရှားရှားကြီးဖော်ပြခဲ့ပါတယ်။

    အဲသလိုပဲ လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှု ဆိုတဲ့ အခွင့်အရေးကို ပေးတဲ့နေရာမှာတော့ နိုင်ငံရေးနဲ့ ကိုးကွယ်သည့် ဘာသာရေး နှစ်ဌာန စပ်ကြား စည်းတားရပေလိမ့်မည်လို့ ဆိုခဲ့ပါတယ်။ ဘာသာရေး နဲ့ နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏ လို့ဆိုခဲ့ပါတယ်။

    ဗိုလ်ချုပ်ရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းဟာ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံအခြေအနေမှာ များစွာ စဉ်းစားစရာ၊ များစွာ သင်ခန်းစာယူစရာ ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

    ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ တိုးတက်လာမှုအချို့ကိုလည်း အသိပေးပြောကြားလိုပါတယ်။ လတ်တလောအခြေအနေမှာ ပြည်တွင်းငြိမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များဟာ SSPP/ SSA အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

    “ဝ” အထူးဒေသ (၂) ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်ခဲ့သလို နှစ်ဖက် သဘောတူညီချက်တွေလည်း ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှာလည်း ကေအိုင်အေ အဖွဲ့ ရဲ့ နည်းပညာအဖွဲ့ အကြံပေးရုံးကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးဆွေးနွေး ရာမှာ ထိထိရောက်ရောက်ရှိစေမယ့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပွင့်လင်းလာပြီးလို့ ဆိုရမှာဖြစ်ပါ တယ်။။

    တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးနဲ့ လိုအပ်တဲ့ ဆွေးနွေးညှိနိုင်းမှုတွေ ဆက်လက်လုပ်ဆောင်
    နေပြီး မကြာမီမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု လက်မှတ်
    ရေးထိုးနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ နောက်တစ်ဆင့် နိုင်ငံရေးဆွေးနွေး မှုတွေပြုလုပ်တဲ့ အခါ မှာလည်း သက်ဆိုင်တဲ့အင်အားစုတွေအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် ဖို့အတွက် လိုအပ်တဲ့ ပြင် ဆင် မှုတွေကို ဆောင်ရွက်လျက်ရှိနေပါတယ်။

    ကျွန်တော်တို့ ရဲ့ ပြုပြင်ပြောင်းလဲ့ရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်
    ရေး ကို ရှေးရှုပြီး လက်ကျန်နိုင်ငံရေးအကျဉ်း သားစိစစ်ရေး ကော်မတီကနေ နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပါတယ်။

    ဆက်လက်ပြီး ကျွန်တော့်အနေနဲ့ ကျွန်တော်ကတိ ပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက် မှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း မိဘပြည်သူများကို အသိပေး
    ပြောကြားလိုပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး တချို့ မြို့နယ်တွေမှာ မိုးခေါင်မှုတွေကြောင့် စိုက်ပျိုးထားတဲ့ သီးနှံအချို့ပျက်စီးဆုံးရှုံးမှု ရှိကြောင်း သိရှိရပါတယ်။

    တောင်သူလယ်သမားများ များ ဆုံးရှုံးနစ်နာမှုမရှိစေရန်နှင့် သီးနှံအသစ်များ ပြန်လည်စိုက်ပျိုးနိုင်ရေး အတွက် ကျွန်တော်တို့ အစိုးရ အဖွဲ့အနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။

    ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျပြီး စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင် ကျွန်တော်တို့ရဲ့မျိုးဆက်သစ်လူငယ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်းနိဂုံးချုပ်ပါတယ်။

    မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

  • သမ္မတဦးသိန်းစိန် ဗြိတိန်အောက်လွှတ်တော်ဥက္ကဌအား လက်ခံတွေ့ဆုံ

    M-Media

    နေပြည်တော် ဇူလိုင် ၃ဝ၊၂၀၁၃

    20130730-2-5နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ ညနေ ၃ နာရီက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြောင်း သမ္မတရုံး အင်တာနက်စာမျက်နှာက ဖော်ပြထားသည်။

    ထိုသို့တွေ့ဆုံရာ၌ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် ဒေသ အချို့တွင် ဖြစ်ပွားခဲ့သော နှစ်ဖက် လူ့အဖွဲ့အစည်း နှစ်ရပ် အကြား ပဋိပက္ခ ဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ် ချမှတ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများရှိ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားသော အကူအညီများ အဆင်ပြေ ချောမွေ့အောင် ပေးအပ်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးခွဲ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

    သမ္မတဦးသိန်းစိန်က မြန်မာပြည်တွင် အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်းနှင့် ရခိုင်အပါအ၀င် အခြားဒေသများ၌ ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများမှာ ရာဇ၀တ်မှု တစ်ခုအပေါ် အခြေခံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ မှ သွေးထိုးလှုံဆော်မှု များကြောင့် ပြဿနာကြီး ထွားခဲ့ကြောင်း၊  ယခုအခါ တည်ငြိမ် အေးချမ်းအောင် ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား လူမျိုး/ဘာသာမခွဲခြားဘဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

    နိုင်ငံတော်သမ္မတရုံးက ထိုပဋိပက္ခများ စဖြစ်ကတည်းက ပြည်တွင်းပြည်ပသွေးထိုး လှုံဆော်မှုများကြောင့် ပြဿနာ ကြီးထွားလာသည်ဟု တွင်တွင်ပြောနေသော်လည်း ယခုအချိန်ထိ ပြဿနာ ကြီးထွားအောင် ပြုလုပ်ခဲ့ကြသည့် သွေးထိုး လှုံဆော်သူများကို အများပြည်သူရှေ့မှောက် တရားဝင် ချပြခြင်းမျိုး မရှိသေးပေ။

    သတင်းဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံး

     

     

     

  • နိုင်ငံတော်၏ ဂေဇက်ဝင်နေ့ကြီးတွင် ပြင်ပရောက်နေသည့် သမ္မတဦးသိန်းစိန်က မြန်မာပြည်တွင်း မွတ်စလင်နှိပ်ကွပ်ရေး ပဋိပက္ခများတွင် ၄င်းတို့အစိုးရ အပြစ်မရှိကြောင်းဆို

    M-Media
    ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃

    meikhtila

    ဓာတ်ပုံ – အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်၏ ၂၀၁၃ နှစ်ပတ်လည်အစီရင်ခံစာမျက်နှာဖုံးမှ ကူးယူပါသည်။

    ပညာရှင်နှင့် ကျွမ်းကျင်သူများ၏ စနစ်ကျသော ထောက်ပြမှုများသာမက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ အစီရင်ခံစာများနှင့် အမေရိ ကန်ပြည်ထောင်စု၏ USCIRF အစီရင်ခံစာ ၂၀၁၃ (စာမျက်နှာ ၂၀ မှ ၂၆ အထိ) တို့အရ မြန်မာအစိုးရ၏ မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင် များအပေါ် စနစ်ကျသော နှိပ်ကွပ် ညှဉ်းဆဲမှုများ ရှိနေသော်လည်း သမ္မတဦးသိန်းစိန်က မိမိတို့အစိုးရတွင် အပြစ်မရှိကြောင်း ပြင်သစ်တီဗွီ France 24 သို့ ပြောကြားခဲ့သည်။

    “အပြင်ဘက်က အချက်အလက်တွေက ဖွတာတွေ၊ သတင်းမှားတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာမျိုး လုံးဝမရှိဘူး” ဟု ဦးသိန်းစိန်က ရခိုင်ရှိ ရိုဟင်ဂျာ အရေးကို ရည်ညွှန်းပြောကြားခဲ့သေးသည်။ ထို့ပြင် ဦးသိန်းစိန်က ပြည်ပက သတင်းများသည် အပုတ်ချမှုများဖြစ်သည်ဟု ပြည်ပမီဒီယာများကို ရည်ညွှန်းကာ ပြောကြားခဲ့သေးသည်။

    AFP သတင်းကမူ နယူးယောက်အခြေဆိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က ဧပြီလ၌ မြန်မာအစိုးရအား “လူမျိုးတုန်းသတ်ဖြတ်မှု စစ် ဆင်ရေး” ဆင်နွဲနေသည်ဟု စွပ်စွဲခဲ့ကြောင်း၊ သို့စွပ်စွဲရာ၌ HRW က အလောင်းကောင်အမြောက်အမြားနှင့် လူထောင်ပေါင်းများစွာအား အင်အား သုံး မောင်း ထုတ်ပြစ်မှုများကို သက်သေအဖြစ်တင်ပြခဲ့ကြောင်း၊ မြန်မာအစိုးရ၊ အဖွဲ့အစည်းခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဘုန်းကြီးများက အဓိကရုဏ်းများ ကို ခေါင်းဆောင်ခဲ့ကြောင်း၊ ၄င်းအဓိကရုဏ်းတို့ကို အစိုးရအင်အားစုများက ထောက်ပံ့ထားကြောင်း ဖော်ပြထားသည်။ (ရည်ညွှန်း – http://www.channelnewsasia.com/news/asiapacific/myanmar-leader-says/750042.html)

    အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ (၂၀၁၃) တွင်လည်း မြန်မာမွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားတို့၏ အဖိနှိပ်ခံ အခြေအနေမှန်များကို စနစ်တကျမီးမောင်း ထိုးထောက်ပြထားပြီး မြန်မာအစိုးရအား ဖိအားပေးထားသည်။ (ရည်ညွှန်း – http://www.uscirf.gov/images/2013%20USCIRF%20Annual%20Report%20%282%29.pdf)

    ဦးသိန်းစိန်ကမူ ၄င်း၏ဥရောခရီးစဉ်အတွင်း နိုင်ငံတကာအား ပဋိပက္ခထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်းကိုသာ တွင်တွင်ပြောကြားလျက်ရှိသည်။ သို့သော် ဦးသိန်းစိန် အစိုးရက အပြောသာရှိပြီး အလုပ်မဖြစ်ကြောင်း ဝေဖန်မှုများ ဆက်တိုက် ထွက်ပေါ်နေသလို မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင်များကိုသာ အပြစ်ပေး အရေးယူနေပြီး အဓိကတရားခံ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်များကိုမူ ထိရောက်သည့် အရေးယူမှု၊ ဖိအားပေးမှုများ မရှိကြောင်း နိုင်ငံတကာ မီဒီယာများက ဆက်တိုက်ထောက်ပြလျက်ရှိသည်။

    ဦးသိန်းစိန်က ၄င်းတို့အစိုးရအနေဖြင့် စုံစမ်းရေးကော်မတီများဖွဲ့စည်းဆောင်ရွက်နေသည်ဟု ပြင်သစ်တီဗွီအား ပြောကြားခဲ့သေးသည်။ ဦးသိန်းစိန် ၏ နိုင်ငံခြားခရီးစဉ်တိုင်း၌ ထူးခြားမှုများရှိနေပြီး ယခုခရီးစဉ်တွင်လည်း သက်သေမရှိသဖြင့် အရေးယူနိုင်ခြင်းမရှိပါဟု သတင်းထုတ်ပြန် ခဲ့ဖူး သည့် တောင်ကုတ်အကြမ်းဖက် လူသတ်ကောင်များကို ဖမ်းဆီးပြခြင်းမှာလည်း အလွန်တိုက်ဆိုင် ထူးခြားလျက်ရှိကြောင်း သုံးသပ်ရရှိပါသည်။

    ထို့ပြင် ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားအားလုံးကို ယခုနှစ်ကုန်တွင် လွတ်လပ်စေရမည်ဟု ကတိပေးသော်လည်း ပြည်တွင်း၌မူ ဦးဘရန်ရှောင်နှင့် ဒေါ်ဘောက်ဂျာတို့အား အငြင်းပွားဖွယ် ဖမ်းဆီးခဲ့သည်။

  • သြစတေးလျက မြန်မာသမ္မတကို ဖိတ်မန္တက ပြုသော်လည်း ရခိုင်အရေးအတွက် စိုးရိမ်ထိတ်လန့်

    သြစတေးလျက မြန်မာသမ္မတကို ဖိတ်မန္တက ပြုသော်လည်း ရခိုင်အရေးအတွက် စိုးရိမ်ထိတ်လန့်

    M-Media
    နိုဝင်ဘာ ၅ ရက်၊ ၂၀၁၂
    The Australian

    ဒီဇင်ဘာ ၁၀ မှ ၁၂ ရက်အတွင်း သြစတေးလျနိုင်ငံသို့ အလည်အပတ်လာရောက်ရန် သြစတေးလျဝန်ကြီးချုပ်က သူမ၏ဗီယန်ကျင်းခရီးစဉ် အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်သို့ ဖိတ်ကြားလိုက်သည်။

    သို့ရာတွင် သူမအနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်း တွင်ဖြစ်ပျက်လျက်ရှိသော တိုင်းရင်းသား လူနည်းစုများ၏ ကြမ္မာအတွက်မူ စိုးရိမ်ကြောက်လန့် မိကြောင်း သမ္မတဦးသိန်းစိန်နှင့် တနင်္လာနေ့ က တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သည်သြစတေးလီးယန်းသတင်းက ဖော်ပြသည်။

    ထိုတိုင်းရင်းသားလူနည်းစုပြဿနာသည် သမ္မတဦးသိန်းစိန်နှင့် သြဇီဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲတွင် အရိပ်ပမာဖြစ်ခဲ့သလို ထိုဆွေးနွေးပွဲ ၌ နှစ်နိုင်ငံမိတ်သင်္ဂဟတိုးတက်ဖြစ်ထွန်းရေးအတွက် အလေးပေးခဲ့ကြောင်း ဖော်ပြသည်။

    သြဇီဝန်ကြီးချုပ် ဂီလ်လားဒ်အနေဖြင့် မြန်မာသမ္မတအား သြစတေးလျသို့ ဖိတ်ကြားခဲ့သော်လည်း သူမက မြန်မာနိုင်ငံအနေဖြင့် အပေါင်းလက္ခဏာ အနေအထားသို့ တိုးတက်ခြေလှမ်းဖို့ အလေးပေးပြောကြားခဲ့သည်။

    ၁၉၈၄တွင် သြဇီနှင့် မြန်မာနှစ်နိုင်ငံအကြား နောက်ဆုံးတွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီး မစ္စဂီလ်လားဒ်က မြန်မာသမ္မတဦးသိန်စိန် ကို နိုင်ငံအသွင် ပြောင်းလဲမှု၌ ခေါင်းဆောင်အရည်အသွေးကို ဂုဏ်ယူကြောင်း၊ ထိုအထဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    သြဇီအနေဖြင့် မြန်မာအပေါ်ပိတ်ဆို့ထားခြင်းများ ဖြေလျော့ခဲ့ပြီး အကူအညီများကို ၂၀၁၅ တွင် နှစ်ဆတိုးမြင့်ပေးဖို့ မြှော်မှန်းထားကြောင်းလည်း သိရသည်။

    သတင်းအချက်အလက်များအရမူ သြဇီဝန်ကြီးချုပ်က မြန်မာနိုင်ငံအား တိုင်းရင်းသားများပါဝင်သည့် လူ့အခွင့်အရေးအတွက် ခြေလှမ်းတိုးတက်လှမ်းဖို့ တွန်းအားပေးခဲ့သည်။

    ရခိုင်ဒေသရှိ မြန်မာနှင့် ဘင်္ဂလားနယ်စပ်အကြားနေထိုင်သော မွတ်စလင်မ်ရိုဟင်ဂျာများအပေါ် ယခုနှစ်ထဲ၌ လူမျိုးရေးပဋိပက္ခအပေါ်အခြေခံကာ တိုက်ခိုက်မှုများ အများအပြားရှိခဲ့ကြောင်း အဆိုပါသတင်းက ဖော်ပြသည်။

    မစ္စဂီလ်လားဒ်က သတင်းထောက်များကို မြန်မာအနေဖြင့် လူ့အခွင့်အရေးအတွက် တိုးတက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    “ဖြစ်လာစရာအများအပြားလိုအပ်နေသေးတယ် – လူနည်းစုတိုင်းရင်းသားတွေ အခွင့်အရေးအတွက် ပိုပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ မြန်မာရဲ့ ခရီးရှည်ကြီးကို ကြိုဆိုသင့်ပါတယ်။” ဟု မစ္စဂီလ်လားဒ်က မြန်မာသမ္မတနှင့် မတွေ့ဆုံမီ ဗီယန်ကျင်းတွင် ပြောကြားခဲ့သည်။