News @ M-Media

Tag: ပြည်ချစ်ပို

  • ရုန်းမထွက်သမျှ  အခိုင်းခံ နေကြရဦးမည့် ပညာရှင်များ

    ရုန်းမထွက်သမျှ အခိုင်းခံ နေကြရဦးမည့် ပညာရှင်များ

    ဇန်နဝါရီ ၁၇ ၊ ၂၀၁၇
    ရေးသူ- ပြည်ချစ်ပို

    ပညာရဲရင့်ပွဲလယ်တင့် ဟူသောမြန်မာစကားပုံသည် ပညာတတ်ခြင်း၏ ဂုဏ်ကိုဖေါ်ညွန်းသောစကားပုံ ဖြစ် သည်။ ယခုခေတ်ကြီးသည် ပညာရေးခေတ်ဖြစ်သည်။ နည်းပညာ၊ စဉ်းစားတွေးခေါ်မှု တီထွင်မှု၊ စမ်းသပ်မှု၊ ဖန်တီးမှု၊ ထုတ်လုပ်မှုစသည်တို့ တိုးတက်မှုမြန်ဆန်လွန်းလှသည်။  စဉ်းစားတွေးခေါ်မှု တီထွင်မှု၊ စမ်းသပ်မှု၊ ဖန်တီးမှု၊ ထုတ်လုပ်မှု အစရှိသည်တို့အားလုံးသည် ပညာအဝန်းအဝိုင်းမှ ဖြစ်ပေါ်မှုများဖြစ်သည်။ ဤအရာတို့ သည် ပညာ၏အစွမ်းပကားများဖြစ်သည်။ အဆင့်မြှင့်ပညာရေးစနစ်ကို ပိုင်ဆိုင်ထားသည့်နိုင်ငံသည် ကမ္ဘာ့ အလယ်တွင် ပွဲလယ်တင့်ကြသည်။ လွတ်လပ်သည့်ပညာရေးစနစ်ရှိမှ၊ ပညာရှင်များ၏ ရပ်တည်ချက်အား   အစိုးရတရပ်ကသော်လည်းကောင်း၊ အစိုးရဌာန၏ အစိတ်အပိုင်းကသော်လည်းကောင်း လွမ်းမိုးထိမ်းချုပ်ခြင်း ကင်းမှသာလျှင် အဆင့်အတန်းမြှင့်သော ပညာရေးစနစ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

    မြန်မာ့ပညာရေး စနစ်လွမ်းမိုးထိန်းချုပ်ခံခဲ့ရသည်မှာ ရာစုနှစ်ထက်ဝက်ကျော်ရှိခဲ့ပြီဖြစ်သည်။ စစ်အာဏာရှင် အုပ်ချုပ်ရေးယန္တယားအား အထောက်အကူပြုသည့် ပညာရေးမျိုးဖန်တီးရန် ၁၉၆၅ ခုနှစ်ခန့်က အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းမှ  လွတ်လပ်သည့်ပညာရေးစနစ်ကို ကန့်သတ်ထိန်းချုပ်ခဲ့သည်။ တနည်းအားဖြင့် ဘောင် ခတ် ပညာရေးမျိုးကိုဖန်တီးခဲ့သည်။

    ဦးနေဝင်း ထိန်းချုပ်မှုကာလ မတိုင်မီကမူ မြန်မာ့ပညာရေးသည်  ထိပ်တန်းနံပါတ်ဝမ်း မဟုတ်သည့်တိုင် အ ဆင့်မနိမ့်ကြောင်း အာမခံရဲကြသည်။ အိမ်နားနီးချင်း၊ နိုင်ငံများက မြန်မာနိုင်ငံသို့ လာရောက်ပညာသင်ကြား သူများရှိခဲ့ကြောင်းကြားဖူးနားဝရှိပါသည်။ စာရေးသူ ကိုယ်တိုင်လည်း ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့မှ မြန်မာ နိုင်ငံတွင် ပညာသင်ယူခဲ့ဖူးသူ မြူနီစီပယ်အရာရှိ ကြီးတစ်ဦးကိုတွေ့ဆုံခဲ့ဖူးသည်။

    သို့သော် ယခုကာလ၌မူ  အနေအထားပြောင်းသွားသည်။ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ပညာသင်ယူ ကြရသော အနေအထားဖြစ်သွားသည်။  ဤသို့ ပြောင်းလဲသွားရခြင်းသည် မြန်မာ့ပညာရေး စနစ် အဆင့်နိမ့်ကျ သွားကြောင်းဖေါ်ပြနေခြင်းဖြစ်သည်။ မည်မျှနိမ့်ကျသွားကိုပြောရလျှင် ဆိုးရွားစွာနိမ့်ကျသွားသည်ဟု ဆိုရပေ မည်။  ကျောင်းသားများသည် သင်္ချာကိုပင် အလွတ်ကျက်သည့်အဆင့်၊ ၁၀တန်း စာမေးပွဲတွင် ပြဌာန်းစာအုပ်ပါ စာသားအတိုင်း တထပ်တည်းကျအောင် ရေးဖြေကြရသည့်အဆင့်ရောက်သွားသည်။ သတင်းကြေညာသူများ လည်း တီဗွီဖန်သားပြင်ပေါ်တွင် သတင်းဖတ်ကြားသည့်အဆင့်၊ ထို့အတူ ဆွေးနွေးပွဲ ဟောပြောပွဲများတွင် လည်း စာရွက်ကြည့်ဖတ်သည့်အဆင့်၊ စသည်ဖြင့်ရောက်သွားပေသည်။ ဘောင်ခတ်ပညာရေးက ထိုအဆင့်သို့ ရောက်အောင် တွန်းပို့ပေးလိုက်ခြင်းဖြစ်သည်။

    စစ်အာဏာရှင်စနစ်အောက်တွင် ဘာသာရပ်ဆိုင်ရာ ပညာရှင်တို့၏အမြင်များ လွတ်လပ်စွာထုတ်ဖေါ်ခွင့်၊ လွတ်လပ်စွာ သုသေသနပြုခွင့်၊ တွေ့ရှိချက်များကို လွတ်လပ်စွာ အသုံးချခွင့်များ မရ သည့်အတွက် ပညာရှင်များ နိုင်ငံခြားထွက်ကုန်ကြသည်။ ထို့ကြောင့် ပြည်တွင်း၌ တကယ်ထက်မြက်သော မြန်မာ့ပညာရှင်များ တစ်နေ့တ ခြားနည်းပါးသွားရပေသည်။

    ပြည်တွင်း၌ကျန်ရှိသည့် ပညာရှင်တို့သည်လည်း ဘောင်ခတ်ထားသည့် ပညာရေးစနစ် အဝန်းအဝိုင်းတွင်း အလိုက်သင့်နေရင်း ပညာရေးစနစ်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သူများရှိသည်။ သို့သော် အများစုမှာ ရေရှည်တွင် စစ်အာဏာရှင်တို့အသုံးချခံ၊ အခိုင်းခံများဖြစ်ကုန်ကြသည်။ ထိုပညာရှင်များသည် အုပ်ချုပ်သူ အာဏာရှင်တို့ အသုံးတည့်မည့်အရာမှ ကျော်လွန်တွေးခေါ်ခြင်း၊ ထင်မြင်ချက်များဖေါ်ထုတ်ခြင်း၊ စူးစမ်း ရှာ ဖွေခြင်းမျိုးကို အားမသန်တော့ပေ။ သို့ဖြင့်ကာလကြာမြင့်သည်နှင့် အမျှ မြန်မာ့ပညာရေး စနစ်သည်ကား လက်ရှိ မြင်တွေ့နေရသည့်အတိုင်း အဆင့်မမီပညာရေးဖြစ်ခဲ့ရသည်။ ဆိုရပါလျှင် ဘောင်ခတ်ပညာရေးအဝန်း အဝိုင်း အတွင်းက အခိုင်းခံပညာရှင်များ၏ အစွမ်းပကားအားဖြင့် ခပ်ညံ့ညံ့ပညာရေး ဘဝရောက်သွားရပေသည်။
    မကြာသေးမီက သာသနာရေးဝန်ကြီး သူရဦးအောင်ကိုမှ ရိုဟင်ဂျာမရှိကြောင်း စာအုပ်ထုတ်ဝေသွားမည့် အကြောင်း၊ သမိုင်းမှန် ပြုစုရေးအဖွဲ့လည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၁၉၆၂ နောက်ပိုင်းဖြစ်ပျက်ခဲ့မှု၊ ၁၉၈၈ အရေးအခင်းနှင့် နဝတခေတ် စသည့် သမိုင်းများကို ရေးသားမည့်အကြောင်း၊ သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်ကို ကြားသိ ရသည်။ ရေးသားပြီးပါက လွှတ်တော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံထံမှ အတည်ပြုချက် ရယူမည်ဟုဆိုသည်။ အကယ်၍ ရေးသား အတည်ပြုပြီးပါက ဤသမိုင်းများသည် ကျောင်းသင်္ခန်းစာ ဖြစ်လာမည်မှာ သေချာပေသည်။

    သာသနာရေး ဝန်ကြီးပြောသော သမိုင်းပြုစုရေး အဖွဲ့က ရေးသားမည့် သမိုင်းသည်လည်း အစဉ်အလာအတိုင်း ဆောင်ရွက်ရေးသားပေး သည့် သမိုင်းသာဖြစ်ပေမည်။  မြန်မာနိုင်ငံတွင် အစိုးရဖွဲ့ပေးသော ကော်မရှင်များ၊ အဖွဲ့ အစည်းများသည်၊ မှန်သည် မှားသည်ထက် အစိုးရ အလိုကျ၊ အစိုးရအာဘော်ကိုသာ၊ ဇောင်းပေးဆောင်ရွက် ပေးရသည့် အစဉ်အလာရှိသည်မဟုတ်ပါလား။

    ယခုကိစ္စ ကွက်ကွက်ကွင်းကွင်းမြင်သာသည်မှာ ရိုဟင်ဂျာ မရှိကြောင်းကို ရေးသားရန် ဝန်ကြီးက ပညာရှင်အဖွဲ့ အား ခိုင်းစေလိုက်သည်။ တနည်းအားဖြင့် အကြောင်းအရာကို ဘောင်ခတ်ပေးလိုက်သည်။  ပညာရှင်များမှာ သမိုင်းမှန်ခြင်း မမှန်ခြင်း ဆိုသည်ထက် ဝန်ကြီးအလိုကျ၊ ရိုဟင်ဂျာ မရှိဟူသည့် ဘောင်အတွင်းက ရေးသားပေး ရပေတော့မည်။ နိုင်ငံတကာပညာရှင်များ စံနှင့်ချိန်ထိုးကြည့်လျှင် ဤသည်ကား ပညာရှင်ရပ်တည်ချက်နှင့် ပညာရှင်လွတ်လပ်ခွင့်ကို ထိခိုက်စေသည်။

    ယခုကာလသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ transition အပြောင်းအလဲ ကာလဖြစ်သည်။ transition ကာလတွင်မြန်မာ့ပညာရေးစနစ်ကို နိုင်ငံတကာ ပညာရေးစံမီအောင်ဆောင်ရွက်ရန် အစပျိုးနေ သည့်အချိန်ဟုဆိုရပေမည်။ ဤကာလမျိုးတွင် ပညာရှင်များအနေဖြင့် ဘောင်ခတ်ခံရသည့် အဖြစ်မျိုး၊ လွမ်းမိုး ခံရသည့်ဖြစ်မျိုး၊ အခိုင်းခံပညာရှင်ဘဝမျိုးမှ ရုံးထွက်သင့်ပေသည်။ ထို့အပြင် တဆက်တည်းတွင် ပညာရှင်များ သည် Intellectual ethic ကိုလက်ကိုင်ပြုလျှက်၊ မြန်မာ့ ပညာရေးလောကမှ ပေါ်ထွက်လာမည့် နောင်လာ နောက်သား လူငယ်ပညာရှင်များကို နိုင်ငံတကာပညာရှင်များနှင့် ပုခုံးချင်းယှဉ်နိုင်စေမည့် အစဉ်အလာများကို အစပျိုး မျိုးစေ့ချပေးရန်လိုအပ်ပေသည်။ သို့မှသာ အဆင့်မြင့်နိုင်ငံတကာ ပညာရေးစံနစ်ကို သွက် လက်မြန်စွာ တက်လှမ်းနိုင်မည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

    ပြည်ချစ်ပို
    ၂၀၁၇၊ ဇန္နဝါရီလ၊ ၁၄ ရက်။