News @ M-Media

Tag: မြန်မာ့ရုပ်ရှင်

  • အကယ်ဒမီရ “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာ

    အကယ်ဒမီရ “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာ

    လူ့အသိုင်းအ၀ိုင်းကို နည်းမျိုးစုံနှင့် ထိခိုက်နစ်နာအောင် လုပ်ဆောင်နေသူများသည် “အုတ်ကြားမြက်ပေါက်”များသာ..

    မတ်လ ၁၉ ၊ ၂၀၁၇
    သိန်းမိုးဝင်းရေးသည်။

    (တစ်နည်း။ အုတ်ကြားမြက်ပေါက်ဘ၀ ဖြတ်သန်းလာသူတွေရဲ့ လွယ်လင့်တကူဖြစ်ပေါ်လာတတ်သော တစ်ဖက်သားအပေါ် မကောင်းမြင်မှု၊ အမုန်းတရားလိုလားမှု၊ နှုတ်မစောင့်စည်ဘဲ နိမ့်ချပြောတတ်မှု၊ အကောင်းအဆိုး အကြောင်းအကျိုး မခွဲခြားတတ်မှု၊ မိမိ ကိုယ်နှုတ်အမူအယာနှင့် တစ်ဖက်စောင်းနှင်း ပြောဆိုလို့ သူတစ်ပါးထိခိုက်သွားသည်ကိုပင် ဟုတ်လှပြီဟု အထင်ကြီးမှု၊ ပညာမဲ့ ဘ၀ကြမ်းမှုကြောင့် လူ့အသိုင်းအ၀ိုင်းအတွက် အကျိုးမဖြစ်စေပဲ အဆိုးဖြစ်စေမှု) တို့ကို ထင်ဟပ်ပြ သင်္ခန်းစာပေးသည့်
    ဇာတ်ကား)

    2016 “အုတ်ကြားမြတ်ပေါက်” ဇာတ်ကားရုံတင်ချိန်။ ။

    “အုတ်ကြားမြက်ပေါက်” ဇာတ်ကား (တစ်နည်း။ လူနည်းစုဘာသာဝင်ကို မျက်မုန်းကျိုး ပုတ်ခတ်သည့် အမုန်းတရားကို စောင်းပေးဖော်ပြခြင်းဟုယူဆကြသော) ဤဇာတ်ကားကို 2016 မှာရုံတင်လိုက်သည့်အချိန်သည် တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့လူ့အဖွဲ့အစည်းများအကြား အလွန်တစ်ရာအကဲဆတ်သည့် ဘာသာရေး၊လူမျိုးရေးယောင်ယောင် ပြဿနာများနှင့် ရှုပ်ထွေးနေချိန်ဖြစ်သည့်အတွက် လူ့အသိုင်းအ၀ိုင်းက မလိုလားအပ်သည့် ပြဿနာများဖြစ်လာမည်ကို အစိုးရိမ်ကြီးနေခဲ့ကြသည်မှာအမှန်။

    စာရေးသူပင်လျှင် ရိုက်ကူးသည့်ဒါရိုက်တာ၊ဇာတ်ဆောင်များ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤဇာတ်ဝင်ခန်းတွေ ထည့်သွင်းရိုက်ကူးကြပါလိမ့်၊ အခုလိုမတည်ငြိမ်အခါသမယမှာ အမုန်းတရားဖြန့်ဖြူးသူတို့အကြိုက် ပြည်သူအငိုက်ဖြစ်အောင် တမင်တကာ ရည်ရွယ်ရိုက်ကူးခြင်းလော၊ စသဖြင့် တွေဝေနေခဲ့မိသည် အမှန်။

    တစ်ဖန် 18-မတ်လ-2017 အကယ်ဒမီပေးပွဲ  အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် ဆု(၃)ဆုကို  “အုတ်ကြားမြတ်ပေါက်”ဇာတ်ကားမှဆွတ်ခူးသွားပြန်တော့ အကယ်ဒမီဇာတ်ကား အကဲဖြတ်လူကြီးမင်းများပင် အမုန်းတရား မှိုင်းမိသွားလေရော့သလား တွေးမိပြန်ခဲ့သည်မှာ အမှန်။

    သို့ပေမယ့်…
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ခဲ့သောသ၀ဏ်လွှာပါ “မတူကွဲပြားသည့် လူ့အသိုင်းအ၀ိုင်းကြား ပိုမိုသဟဇာတဖြစ်လာရေးကို ကျွန်မတို့ အနုပညာရှင်များက ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း….” ဖတ်ကြားသွားချိန်- တစ်ဆက်ထဲမှာပဲ ဤဇာတ်ကားကို အဓိက အကယ်ဒမီပေးရခြင်း အကြောင်းအရင်းနဲ့ပက်သက်ပြီး Stage ပေါ်မှာရှင်းပြသည်ကို နားထောင်လိုက်ရချိန်-

    စာရေးသူအတွက် နက်နက်နဲနဲ အသိတစ်ခုဝင်လာခဲ့သည်။ အဲဒါကတော့ “အုတ်ကြားမြတ်ပေါက်” ဇာတ်ကားမှ ပေးသောသင်္ခန်းစာပါပဲ။ သေချာပြန်ကြည့်ရင် ဒီဇာတ်ကားသည် “ဒူးရသီးတစ်လုံးပမာ”ပါပဲ။ အပြင်ပန်းကြည့်ရင် အဆူးအဖုံ၊ ခွဲကြည့်ရင် ရနံ့အထုံ၊ စားကြည့်ရင် အရသာစုံ နဲ့ပေါ့.။

    ဒီဇာတ်ကားက အပြင်ပန်းကြည့်ရင် “လူ့အသိုင်းအ၀ိုင်းကို ထိခိုက်စေတယ်၊အမုန်းပွားစေတယ်ပေါ့။” နောက်တစ်ဆင့် သုံးသပ်ကြည့်ရင်  “ခက်ခဲစွာဖြတ်သန်းရတဲ့ ဘ၀ကြမ်းတွေကိုထင်ဟပ်ပြတာပေါ့” အစပိုင်းမှာသုံးသပ်ခဲ့သလိုပဲ ဇာတ်ကားတင်ချိန်မှ အကယ်ဒမီပေးချိန်အထိကို ခြုံငုံကြည့်ရင်တော့ဖြင့်-

    “အုတ်ကြားမြက်ပေါက်ဘ၀ ဖြတ်သန်းလာသူတွေရဲ့ ပညာမဲ့ ဆင်ခြင်တုံ တရားကင်း လက်လွတ်စပယ် ပြောဆိုပြုမူဆက်ဆံရင်း လူ့အသိုင်းအ၀ိုင်းကို ထိခိုက်စေသူတွေဖြစ်မှန်း မသိဖြစ်လာခြင်း…

    တစ်နည်းဆိုရသော် “လူ့အသိုင်းအ၀ိုင်းကို နည်းမျိုးစုံနှင့် ထိခိုက်အောင်လုပ်ဆောင်နေသူများသည် “အုတ်ကြားမြက်ပေါက်များသာ….”ဟု မီးမောင်းထိုးပြရင်း ပြည်သူတွေဆင်ခြင်နိုင်စေဖို့ ရည်ရွယ်၍  ဤဇာတ်ကားကြီးအား အကယ်ဒမီပေးလိုက်ခြင်းသာဖြစ်နိုင်ကြောင်း စာရေးသူသုံးသပ်မိပါသည်။

  • မြန်မာရုပ်ရှင်နှင့် လူတန်းစားပြသာနာ

    မြန်မာရုပ်ရှင်နှင့် လူတန်းစားပြသာနာ

    2012_myanmar_academy_award_ceremony
    ကျောင်းစာတွေနဲ့ချည်းရှုပ်နေလို့ မြန်မာရုပ်ရှင်တွေနဲ့ဝေးနေတာ ၈ လလောက်ရှိပါပြီ၊ ကျောင်း ဖွင့်နေတုန်းမှာ Chatting လည်းမလုပ်ဖြစ်။ အရင်ကလို Shwedream တို့ Pansagar တို့လို ၀က်ဘ်ဆိုက်တွေလဲ ဝေးဝေးတခါ မှပဲဝင်ဖြစ်တော့ မြန်မာမှန်သမျှ လွမ်းမိ ပါတယ်။ မြင်သာမြင် မကြင်ရဆိုသလို ရုပ်ရှင်တွေသီချင်းတွေရှိမှန်းသိ ပေမဲ့လည်း မကြည့်ဖြစ်ပါဘူး၊ ဒါနဲ့ စာမေးပွဲတွေ Assignment တွေ အားလုံးပြီးတဲ့နေ့မှပဲ YAMC တို့ Myanmarpyithar.com တို့ကရုပ်ရှင်တွေကို တစ်ကားပြီးတစ်ကား ဆက်တိုက်ကြည့်လိုက် တာ ခေါင်းကိုက်လို့ ဆေးတောင်သောက်ယူရပါတယ်။ ဒီ website ပိုင်ရှင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့လို နိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေအတွက် ကိုယ့်ပြည်ကိုယ့်ရွာကို အလွမ်းဖြေဖို့ကြည့်စရာလေး တွေကို အခမဲ့ စုဆောင်းပေးလို့ပါ။ ပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်ပြီး ဘာတွေပြောင်းနေတယ် ဆိုတာလည်း နည်းနည်းပါးပါးသိရတာပေါ့။ မြန်မာရုပ်ရှင်တွေကို ဒီထက်ပိုပြီး တင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်
    .
    ရုပ်ရှင်လောကမှာ Technical နဲ့ပတ်သက်ပြီး တိုးတက်လာတာတွေ့ရတော့ ၀မ်းသာပါတယ်။ အရင်ကလို ဂဂျိုး ဂဂျောင် Background Music တွေ၊ ကြည့်သာကြည့်ရတာ မျက်နှာကိုမမြင်ရလောက်အောင် အလင်းများတာ တွေတော့ သိပ်မရှိတော့ဘူး။ အသံတွေဆိုရင်လည်း ရှင်းရှင်းလင်းလင်းကြားရ၊ နားထောင်ရဆိုတော့ ပိုအရသာ ရှိတာပေါ့။ ဒါပေမဲ့ ဗဟုသုတရမဲ့ရှပ်ရှင်ဆိုရင် မရှိသလောက်ရှားတယ်လို့ထင်ပါတယ်။ ပြီးတော့ မြန်မာပြည်သူ အများစုကို အောက်တန်းစား ဆိုပြီး နှစ်ပေါင်း များစွာ စော်ကားလာခဲ့တဲ့ ကိစ္စလည်း မလျော့သေးဘူးမြင်မိပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်ထင်သလိုပဲ သူများတွေရောထင်သလား၊ ဒါမှမဟုတ် ကျနော်တစ်ယောက် တည်း အဲ့ဒီလိုထင်နေတာလားဆိုတာသိချင်လို့ ဒီဆောင်းပါးလေးကိုရေးလိုက်တာပါ။ ဖတ်ကြည့်ပြီးတော့ အကို၊ အမ၊ ညီ၊ ညီမတို့ထင်တာလေးတွေကိုလည်း ပြောပြပါအုံးလို့။
    .
    ပြောချင်တာလေးတွေကို စပြောရမယ်ဆိုရင်ဗျာ — ရုပ်ရှင်ကြည့်လိုက်တိုင်း ကုမ္မဏီပိုင်ရှင်တွေ၊ မီလျံနာတွေ၊ သူဌေးသား သူဌေးသမီးတွေချည်းပဲ။ အခုနောက်ပိုင်း ရာဇာနေ၀င်း ကိုး ယိုကားယားလုပ်ပြတာခေတ်စားလာပြီး ကတည်းက Request တွေ၊ Good Morning တွေ၊ နိုင်ငံခြားတွေ မှိုလိုပေါက်လာသလားလို့၊ တစ်ကားလာ လည်း နိုင်ငံခြားမှာပညာသင်၊ နောက် တစ်ကားလာလည်း နိုင်ငံခြားမှာ ကုမ္မဏီထောင်။ ပြောလိုက်ရင်လည်း သိန်းတွေ သန်းတွေနဲ့ချည်းပဲ။ ပြီးတော့ ရုပ်ရှင်ကားတိုင်း လိုလိုကလည်း လူချမ်းသာအကြောင်းချည်းပဲ။
    .
    တကယ်တမ်းတော့ မြန်မာပြည်သူအများစုဟာ ဆင်းရဲတွင်းနက်ပြီးတော့ ရုန်းကန်နေရတာပါ။ ဒါကြောင့် အချစ် ကားတွေအပြင် လူ့အဖွဲ့အစည်းထဲမှာဖြစ်နေတဲ့ ပြသနာလေးတွေကိုလည်း မီးမောင်းထိုးပြရင် ပိုကောင်းမလား လို့ပါ။ အဲ့ဒါထက်ဆိုးတာက ဆင်းရဲတဲ့လူတွေကို အောက်တန်းစားဆိုပြီး စော်ကားတဲ့ကိစ္စပါ။ ရုပ်ရှင်အတော်များ များမှာ ငွေရှိတဲ့လူကို ဂုဏ်သရေရှိ အထက်တန်းစားလို့ ရည်ညွှန်းပြီး ဆင်းရဲတဲ့လူကို အောက်တန်းစားလို့ ပြောတတ်ကြပါတယ်၊ အမှန်ဆိုရင် အောက်တန်းစားဆိုတာ ဆင်းရဲတာထက် နှက်ရှိင်းပါတယ်။ အဆင့်အတန်းမဲ့၊ ဂုဏ်သ ရေမဲ့၊ အကျင့်ပျက်၊ ဆိုးသွမ်း၊ ကလေကချေ စတဲ့ စတဲ့ အဓိပါယ်တွေ ကပ်ပါလာတယ် ဆိုတာကို စာရေးဆရာတွေ၊ ဇာတ်ညွှန်းသမားတွေ ကျနော်တို့ထက်ပိုနားလည်ပါတယ်၊၊ ဒါပေမဲ့ ပညာရှိ သတိ ဖြစ်ခဲဆိုသလို သတိထားမိပုံရဟန် မတူဘူး။
    .
    အဆင့်အတန်းမရှိဘူးဆိုပြီး ငွေကြေးမချမ်းသာသူတွေကိုစော်ကားတဲ့ရုပ်ရှင်တစ်ခုကို ဥပမာပေးရရင် “မဆုံခဲ့ ကြရင်” ဆိုတဲ့ ဗီဒီယိုဇာတ်ကားက အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်။ အဲ့ဒီထဲမှာ လွင်ပြင် (မင်းမော်ကွန်း) က နှလုံးရောဂါသည်၊ ငယ်ငယ်စိုး (အိနြာကျော်ဇင်) က လွင်ပြင့်ကို ဆေးတိုက်ရတဲ့ သူနာပြုဆရာမအတုလေး ပါ။ ဖြစ်ပုံက ဒီလိုပါ၊ တစ်ရက်မှာ ငယ် က ကားဓာတ်ဆီကုန်သွားလို့ အကူအညီ တောင်းဖို့ဆိုပြီး လွင်ပြင်တို့အိမ် အ၀င် လွင်ပြင့်ကိုဆေးတိုက်ပေးရမဲ့ Nurse အသစ်နဲ့မှားပြီး သူ့ကို အိမ်ထဲခေါ်သွားရာက နေ လွင်ပြင့်ကိုဂရု ဏာသက်ပြီး သူနာပြုဆရာမအတုဘ၀ရောက်သွားရတာပါ။ နှစ်ယောက်စလုံးရဲ့  မိဘတွေက ချမ်းသာပါတယ်။ ဒါပေမဲ့ သူနာပြုဆိုတဲ့ ငယ့်ကို လွင်ပြင့်အမေက ဆင်းရဲတယ်လို့ တရားသေတွက်ထားပါတယ်။ အချိန်တခနအ တွင်းမှာ လူငယ်ချင်းမေတ္တာမျှသွားကြတာကို လွင်ပြင်ရဲ့မိခင်သိတော့ ဘာမဟုတ်တဲ့မိန်းကလေး၊ ဘာ အဆင့်အတန်းမှမရှိတဲ့မိန်းကလေးနဲ့ သူ့သားကိုသဘောမတူဘူးတဲ့။ အဲ့ဒါကို ငယ်ရဲ့ ရှေ့ မှာပြောတာ။ အဲ့ဒီအချိန် အထိ ငယ်ဟာသူနာပြုအစစ်မဟုတ်မှန်း လွင်ပြင့်မိခင်မသိသေးဘူး။ ဟန်ဆောင်မှန်းသိလို့ အကျင့်မကောင်းဘူး ဆိုပြီး သဘောမတူရင်တော့တမျိုးပေါ့။ အခုဟာက ငွေကြေးကြောင့်မလို့ အဆင့်မရှိဘူးဆိုပြီး ကံယာကံရှင် မိန်း ကလေးကို ရှေ့ မှာထားပြီး နှိမ်ချတာကတော့ အရမ်းရုပ်ဆိုးလွန်းလှပါတယ်။
    .
    ငယ်ကလည်း “အန်တီပြောသလို မျိုး ကျမတို့က အန်တီတို့လောက် မချမ်းသာပါဘူး၊ ဒါပေမဲ့ ဆင်းရဲမွဲတေနေတဲ့ အ တန်းစားထဲကတော့မဟုတ်ပါ ဘူး။ သာမန်လူတန်းစားထက်တော့ပိုပါတယ်” တဲ့။ လွင်ပြင့်မိခင်ပြောတာနဲ့ ငယ်ပြောတာတွေက ဘာကိုပြနေ လည်းဆိုတော့ သူဌေးမဟုတ်ရင် အဆင့်အတန်းမရှိဘူး၊ အောက်တန်းစားဆိုတာကိုပေါ့ဗျာ။ ဒါနဲ့ Nurse ဆိုရင် ဆင်းရဲပြီး အဆင့်မရှိတော့ဘူးတဲ့လားဗျာ။ သူနာပြုဆိုရင် အဆင့်မရှိဘူးလို့ပြောတာဟာ စေတနာ၊ ၀ါသနာနဲ့ ဂရုဏာဆိုတဲ့ နာသုံးနာကိုစားပြီး အားရှိတဲ့ သူနာပြုဆရာမတွေအားလုံးကို သိမ်းကြုံးစော်ကားလိုက်တာလို့ ကျ နော်ထင်ပါတယ်၊ သူနာပြုဆရာမတွေသာမရှိရင် နယ်မှာမပြောနဲ့ ရန်ကုန်လို မြို့ကြီးပြကြီးကလူနာတွေတောင် အသက်မှီမှာမဟုတ်ဘူး၊ ဖိလစ်ပိုင်နိုင်ငံကတချို့ ဒေသနဲ့ အာဖရိကနိုင်ငံတွေမှာဆိုရင် သူနာပြုဆရာမတွေ နိုင်ငံ ခြားထွက်ကုန်ကြလို့ နိုင်ငံထဲမှာ ကျန်းမာရေးဝန်ထမ်းအလုံအလောက်မရှိပဲ လူသေနှုန်းမြင့်လာနေတာကို ဇာတ် ညွှန်းဆရာတွေ၊ ဒါရိုက်တာတွေ၊ မင်းသား မင်းသမီးတွေ အလေးထားပုံမရပါဘူး။ လူ့အသက်ကယ်တဲ့ စေတနာ့ဝန်ထမ်းတွေကိုစော်ကားရဲတဲ့သတ္တိကိုတော့ ချီးကျူးရမလိုပါပဲဗျာ။
    .
    အဲ—ငွေကြေးဆင်းရဲတော့ကော ဘာဖြစ်လဲဗျာ။ ငွေမရှိပေမဲ့ စိတ်ဓာတ်နဲ့ အကျင့်သီလရှိတဲ့သူတွေ သန်း နဲ့ချီရှိ ပါတယ်။ မြန်မာပြည်အခြေအနေကိုပြန်ကြည့်ရင်လည်း ချမ်းသာသမားက လက်တစ်ဆုတ်စာပဲရှိတာပါ၊ သန်းပေါင်းများ စွာသောပြည်သူတွေက လယ်သမား၊ အလုပ်သမား၊ လက်လုပ်လက်စားဆင်းရဲသားတွေပါ။ ဒီလူ တွေကပဲ တစ်နိုင်ငံလုံး စားဖို့၊ ၀တ်ဖို့၊ သုံးဖို့အတွက် လယ်ကွင်းတွေမှာ၊ စက်ရုံတွေမှာ၊ လမ်းဘေးတွေမှာ နဖူး ချွှေးခြေမကျအောင် ရုန်းကန်နေကြတာပါဗျာ။ အဆင့်အတန်းလို့ပြောတဲ့နေရာမှာရော အကျင့်စာရိတတို့၊ ကိုယ် ကျိုးစွန့်ပြီး အများအကျိုးဆောင်တာတို့ ဘယ်ရောက်သွားလဲ ဆိုတာကို မေးချင်ပါတယ်။ ကျနော်ကလည်း နယ် ကပါ။ မြို့ကြီးထက်စာရင် နယ်တွေမှာ ငွေကြေးဆင်းရဲသမားပိုများတယ်ဆိုတာကို အထူးပြောစရာမလိုပါဘူး။ ဒါပေမဲ့ မြို့ကြီးကလူတွေထက် မပိုရင်တောင် နယ်သူနယ်သားတွေရဲ့ ရိုးသားမှုက မြို့ကြီးသားတွေထက် တော့မနည်းပါဘူး။ စိတ်ဓာတ်မြင့်မားကြပါတယ်။ ကြားသလောက်၊ ဖတ်မိသလောက်ဆိုရင် ဘိန်းမှောင်ခိုကူး သမားတွေ၊ လူမှောင်ခိုကူးသမားတွေ၊ နိုက်ကလက်ထောင်သမားတွေ၊ ရှယ်ယာလိမ်သမား အများစုဟာ မြို့ကြီး တွေမှာနေတဲ့ သူဌေးတွေပါ။ ဒီလိုပြောလို့ သူဌေးတိုင်းမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊
    .
    ဆိုလိုတာကတော့ဗျာ အဆင့်အတန်းဆိုတာနဲ့ ငွေကြေးချမ်းသာတာနဲ့ကို ညီမျှခြင်းမချကြပါနဲ့လို့။ ငွေကြေးကို ပါဝါလိုသုံးပြီး လူတွေကိုအမျိုးမျိုးဒုခပေးတဲ့ အောက်တန်းကျတဲ့ သူဌေးတွေရှိသလို၊ ငွေကြေးမချမ်းသာပေမဲ့ စိတ် ဓာတ်နဲ့ ကိုယ်ကျင့်တရားမြင့်မားသူတွေ ဒုနဲ့ဒေးပါ။ မြန်မာပြည်သူတွေက သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရုပ်ရှင် ကြည့်ခါမှ သြော်— ငါတို့ကဆင်းရဲတယ်။ ဒါကြောင့် ငါတို့ကအောက်တန်းစားတွေပါလားဆိုတဲ့ သိမ်ငယ်မှုမျိုး တွေကို မြန်မာရုပ်ရှင်တွေက မပေးသင့်ဘူးလို့ ထင်ပါတယ်။ ကျေးဇူးရှင်ကို ကျေးစွပ်ဆိုသလိုမျိုး ကိုယ့်ကိုထမင်း ကျွေးတဲ့ ကိုယ့်ပရိတ်သတ်တွေကို အောက်တန်းစားလူဆင်းရဲတွေဆိုပြီး ဖန်သားပြင်ကနေ မစော်ကားကြပါနဲ့ တော့လို့—
    .
    ဆောင်းပါးရှင် အေကေရဲ့  မျိုးဆက်သစ် ဝေဖန်ရေးမဂ္ဂဇင်းမှာ  ၂၀၀၉ ခုနှစ်တွင် ဖော်ပြခဲ့သော ဆောင်းပါးကို ကူးယူဖော်ပြပါသည်။