News @ M-Media

Tag: မြန်မာ့သမိုင်း

  • အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို

    ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ  လူထုအစည်းအဝေးပွဲကြီးသို့ အမျိုးသားတပ်ပေါင်းစုအသွင်ဖြင့် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ခဲ့ကြပါသည်။ ယင်းအဖွဲ့အစည်းများတွင် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၊ ဦးဖေခင်၊ ဦးခင်မောင်လတ်တို့ ဦးဆောင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) လည်း အပါအ၀င် ဖြစ်သည်။ ထိုညီလာခံသဘင်ကြီး၌ ဖဆပလအဖွဲ့မှ ကိုယ်စားလှယ် ဆရာကြီးဒီးဒုတ်ဦးဘချိုက တင်သွင်းခဲ့သည့် အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့်သက်ဆိုင်သည့် အဆိုအကြောင်းကို ၄၊ ၂၊ ၁၉၄၆ ရက်စွဲထုတ်ဒီးဒုတ်ဂျာနယ်တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။ (စာလုံးပေါင်းအား မူရင်းစာသားအတိုင်း ကူးယူဖော်ပြထားပါသည်။)

    ဗမာမူဆလင်သည် ဗမာ

    “ ကျွန်တော်၏ စာဆို စတုတ္ထပိုင်းကတော့ ဗမာမူဆလင်များနှင့် ပတ်သက်ပါတယ်။ ဗမာမူဆလင်များဟာ ရှေးက ဗမာများနှင့် အယူဘာသာခြားရုံနှင့် မိမိတို့ကိုယ်ကို နိုင်ငံခြားသားများ စာရင်းတွင် သွတ်သွင်းကာ ဗမာနိုင်ငံရေးတွင် မပါဝင်ဘဲ လျစ်လျူရှုခဲ့ကြပါသည်။ ယခုစီးပွားရေး ပေါင်းသင်းဆက်ဆံရေး၊ ယဉ်ကျေးမှုအစစမှာ ဗမာတို့နှင့်ခွဲလို့မရသော မြန်မာလူမျိုးများပင် ဖြစ်နေကြောင်း၊ အယူမှန် အမြင်မှန်သို့ ရောက်ရှိလာကြသည့်အတိုင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာဗမာမူဆလင် ပျဉ်းမနားကွန်ဖရင့်ကြီးက ငါတို့သည်ဗမာများပင်ဖြစ်သည်ဟု ကြွေးကြော်ဆုံးဖြတ်ခဲ့ကြသည်ကို ဤညီလာခံကြီးက အထူးချီးကျူးဝမ်းမြောက်ကြောင်း၊ ဤသို့သဘောထားကြသော ဗမာမူဆလင်များကို တိုင်းရင်းသားလူနည်းစုတို့ရထိုက်သော အခွင့်အရေးများကိုပေးရန် သဘောတူကြောင်းဟူသော အဆိုဖြစ်ပါတယ် ””။

    မူလာအစ်စမေလ်

    ဤကိစ္စနှင့်စပ်လျဉ်း၍ ကျွန်တော် ပြောလိုသည့်မှာ ကျွန်တော်တို့ကို သွေးခွဲသူမှာ နယ်ချဲ့စနစ်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်၌ သက်ဦးဆံပိုင်မြန်မာဘုရင်များ အုပ်စိုးစဉ်က လူနည်းစုံများကို မနှိမ်ခဲ့ပါ။ ကုလားလူမျိုးများထဲမှ မူလာအီစမေလ်သည် မြန်မာဘုရင်ထံတွင် အမှုတော်ကို ထမ်းရွက်သောအခါ ဘောဂသေဋ္ဌိ သူဌေးဘွဲ့ကို အပ်နှင်းခဲ့သည့်ပြင်၊ ကျောက်ရဲမြို့ကို အပိုင်စားပေး၍ အထောက်တော်ဝန် ခန့်ထားခဲ့ပါသည်။ ထိုအခါမှစ၍ ၎င်းတို့၏ အဆက်အနွယ်များသည်၊ မြန်မာထီးနန်းထုံးတမ်းစဉ်လာယဉ်ကျေးမှုများကို လိုက်နာကျင့်သုံးစွဲခဲ့ကြခြင်းဖြင့် အယုဘာသာမျှသာ ကွာခြားသော ဗမာလူမျိုးများဖြစ်လာကြပါသည်။ မြန်မာပြည်တွင် မင်းတုန်းမင်း တရားကြီး သီပေါမင်းတရားကြီးလက်ထက်မင်း(၂)ဆက်တွင် စောင်းနှင့် အမှုတော် ထမ်းခဲ့ရသော စောင်းဆရာကြိး ဒေ၀ဣန္ဒာ၏ တပည့်ရင်းမှာ မူလာအစ်စမေလ်တို့၏ အနွယ်အဆက် စောင်းဆရာကြီး မောင်မောင်လတ် ဟူသော ဗမာမူဆလင်ပင်ဖြစ်၍ ယခု မန္တလေးတွင် ထင်ရှားရှိနေပါသည်။ မြန်မာစောင်းပညာကို ထိုပုဂ္ဂိုလ်ကြီးထံမှ သင်ယူလေ့လာကြရပါသည်။ ထိုမှတစ်ပါး မဟာဂီတကျမ်းဝင် ရွှေနားတော်သွင်းဖြစ်သော မြန်မာရှေးသီချင်းကြီးများကို ကောင်းစွာ တက်ကျွမ်းကြသော  ကျိုက်လပ် ဦးအီစမာအင်၊ ကြည့်မြင်တိုင် ဦးဘူးတား၊ ဟင်္သာတ ဦးဘအိုစသော ဂီတပါရဂူတို့မှာ ဗမာမူဆလင်များဖြစ်ကြပါသည်။ ဗမာမူဆလင်တို့မှာ ဤသို့ပင် ဗမာ့အလှယဉ်ကျေးမှုများကို လေ့လာလိုက်စားခဲ့ကြခြင်းဖြင့်ပင် ဗမာလူမျိုးဖြစ်ကြောင်း သက်သေခံကြီး ထင်ရှားလှပါသည်။

    ဗမာမူဆလင် ထိမ်းမြားပွဲ

    မြန်မာလူမျိုးတို့၏ လက်ထပ်ထိမ်းမြားပွဲကား ဘာသာရေးမဟုတ် ပေါင်းသင်းဆက်ဆံရေး သက်သက်မျှ ဖြစ်ပါသည်။ မူဆလင်ဘာသာဝင်တို့ကား ဘာသာတရားအရ လက်ထပ်ရပါသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ တွံတေးမြို့၌ ခေတ္တနေစဉ်က ကျွန်တော် တွေ့ခဲ့ရသော ၀မ်းမြောက်ဖွယ်တစ်ရပ် ကို အစီရင်ခံလိုပါသည်။ မူလာအစ်စမေလ်၊ မူလာဒါဝတ်တို့၏ အဆက်အနွယ်များဖြစ်သော ဗမာမူဆလင်လက်ထပ်ပွဲတစ်ခုတွင်၊ နံနက်ပိုင်း၌ မူဆလင်ဘာသာတရားပညတ်ချက်အရ လက်ထပ် ပြီးစီးသောအခါ မြန်မာယဉ်ကျေးမှုဆိုင်ရာ မြန်မာတို့ ထုံးတမ်းအရ အမျိုးသမီးကလေးမှာ ဗမာထဘီ အင်္ကျီလက်ရှည် ဆံမြိတ်ချနှင့် သတို့သားမှာလည်း ပုဆိုးတောင်ရှည်၊ ရင်ဖုန်းအင်္ကျီခေါင်းပေါင်းနှင့် ၀တ်ဆင်လျှင် မြန်မာပီပီပွဲထုတ် ဧည့်ခံကျွေးမွေးထိမ်းမြာခြင်းပြုသဖြင့် ကျွန်တော်ကိုယ်တိုင်ပင် ၀မ်းမြောက်ဝမ်းသာ သြဘာစာများ ဘတ်ကြားချီးမြှင့်ခဲ့ပါသည်။ ဤသို့ဗမာမူဆလင်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း ဤညီလာခံကြီးက ကြွေးကြော်လိုက်ပါ သည်။

    (ကိုးကား – အံ့ဖွယ် အက္ကဆာကျောက်ဖျာနှင့် အစ္စလာမ့်သုတ မဂ္ဂဇင်း)

  • ဘုံပြတ် ခေါ် မြင်းလှည်း ဘယ်ကစ

    “ဘုံပြတ် ခေါ် မြင်းလှည်း လေးနဲ့ ယဉ်ယဉ်ကျေးကျေးထိုင် မမတို့ မော်ရွှေမြိုင် မမတို့ မော်ရွှေမြိုင်” ဒီသီချင်းကတော့ မော်လမြိုင် သားတိုင်း နီးပါးလောက် ကြားဖူးကြမယ်လို့ ထင်ပါတယ်။

    မြင်းလှည်းများကို ဘုံပြတ်လို့ ခေါ်တွင်ဖြစ်ခဲ့တဲ့ သမိုင်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ထို့အတူ မြန်မာစာတတ် ပေတတ် လူမျိုးခြား ဘာသာခြား တစ်ဦးအကြောင်းကိုလည်း ချန်လှပ်ထားလို့ မရပါဘူး ။

    ထိုသူကား ဦအလီ(1837-1907)(ကျူလယာလူမျိုး) ပင်တည်း။ ဖခင်ဖြစ်သူမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အင်္ဂလိပ်တပ်များနှင့် ပါလာပြီး စစ်ပြီးသော်လည်း မပြန်တော့ပဲ မော်လမြိုင်တွင်အခြချ နေထိုင်သူတစ်ဦးဖြစ်သည်။ဦးအလီ၏ အိမ်ကား ဦးဇိန ဘုရားလမ်း ရွှေပရိယတ္တိ စာသင်တိုက်၏ တောင်ဘက်ကပ်လျက်ရှိသည်။

    ထိုစဉ်က ရွှေကျောင်းဆရာတော်မှာ လေကီ လောကုတ် ပညာများကို စွယ်စုံတတ်မြောက်သည့် ဆရာတော်ဖြစ်သလို ယနေ့ ထိတိုင် ထင်ပေါ်ကြော်ကြားသော ဘုန်းကြီးဘိုး လျှာပွတ်ဆေးကို ဖေါ်စပ်ခဲ့သည့် ဆရာတော်လည်းဖြသ်သည်။

    ဦအလီ စာသင်သည့် အရွယ်တွင်ဆရာတော်ထံ နေ့စဉ်ဆွပ်အုပ်ပို့ရင်း မြန်မာစာနှင့် ပါဠိစာပေကို သင်ယူသည်။ ထိုအပြင် ဆရာတော်ထံမှ သီချင်းကြီး သီချင်းခန့် ကဗျာ လင်္ကာများကိုပါ သင်ယုတတ်မြောက်သည်။ဆရာတော်ထံ သွားလာရေးလွယ်ကူစေရန် ကျောင်းနှင့်အိမ်ကြား တံခါး ဖေါက်ထားရာ ယနေ့တိုင်တွေ့နိုင်သည်။

    ရပ်ရွာတွင် အလှူအတန်းလုပ်သည့်အခါတိုင်း ရတုရကန် ဧချင်းများကို ဦးအလီထံ လာရောက် စပ်ခိုင်းရသည်အထိ မြန်မာစာ ထူးချွန်သူဖြစ်သည်။တခါတရံ သူကိုယ်တိုင် သွားရောက်ရွတ်ဆိုပေးရသည် အထိ သူမပါလျင် ပွဲမစည်ပေ။

    စာတတ်ပေတတ်ဖြစ်လာသော ဦးအလီသည် အလုပ်လျှောက်ရာ အရေးပိုင်ရုံးတွင် လက်ထောက် ဘီလစ်အဖြစ် အလုပ်ရသည်။လစာမှာ ၁၂ကျပ် ၈ပဲ ဖြစ်သည်။(ရွှေတစ်ကျပ်သား ၂၀-၂၅ ကျပ်ခေတ်)

    1840 နောက်ပိုင်းတွင် မော်လမြိုင် တရားရုံးများ၌ ရှေ့ နေများစတင်ပေါ်ပေါက်လာသည်။ထိုစဉ်က ရှေ့ နေ များသည် အင်္ဂလန်မှလာသော ဝတ်လုံများဖြစ်သည်။ အမူကို အင်္ဂလိပ်လိုစစ်ရသည်အတွက် အမူသည်များမှာ ရှေ့ နေခရော စကားပြန်ခပါ ပေးရသည်။အချိန်လည်း ကြန်ကြာကြရသည်။

    မြန်မာ-မွန်-အင်္ဂလိပ်-ကုလား စကားတတ်သော ဦးအလီသည် ရှေ့ နေ အလုပ်ကိုလျှောက်ထားရာ အရေးပိုင်က တစ်နှစ်အစမ်းခန့် သည်။ စကားပြန်မပါပဲ အမူလျှောက်ထားနိုင်သဖြင့် အမူသည်များလည်းကုန်ကျစရိတ် သက်သာလာကာ အမူစစ်ရာတွင်လည်းမြန်ဆန်လာသည်။ ဦးအလီသည် 1870 တွင် အထက်တန်းရှေ့ နေအဖြစ် ခန့်အပ်ခြင်းခံရသည်။

    ဦးအလီထင်ပေါ် ကျော်ကြားလာသည့်အတွက် ဦအလီ၏ အိမ်တွင် ရပ်ဝေးရပ်နီးမှ အမူသည်များ အဝင်အထွက်များ လာသည်။ သိုသော် ကျိုက်မရော နှင့် မုဒုံမှ အမူသည်များ လွယ်လွယ်ကူကူ မလာနိုင်ချေ။
    လှည်းဖြင့်လာလျင် လမ်းတွင်ညအိပ်ရသည်။ထိုစဉ်က မော်လမြိုင်တွင် မော်တော်ကား မရှိပေ။ 1914 ခန့် အထိ မော်လမြိုင်တွင် ကိုယ်ပိုင်မော်တော်ကား ford အမျိုးစား ၁၀ စီးခန့်သာ ရှိသည်။

    ဦးအလီသည် ဘီးလေးဘီး နှင့် မြန်းနှစ်ကောင်တပ် မြင်းရထားကြီးနှစ်စီးကို တီထွင်ပြုလုပ်ပြီး မော်လမြိုင်-ကျိုက်မရော၊ မော်လမြိုင်-မုဒုံ အသွားအပြန် ကို ပြေးဆွဲသည်။ ထိုမြင်းလှည်း နှစ်စီး၏ အမည်ကိုလည်း ဘုံပြန် နှင့် ဘုံဆောင် ဟူ၍ မြန်မာ ဆန်ဆန် အမည်ပေးသည်။ အရှည် ၁၅ ပေခန့် ရှိပြီး လူ ၂၀ ခန့် ချောင်ချောင် စီးနိုင်သည်။

    နံနက် ၅ နာရီတွင် အိမ်ရှေ့  မှ မြင်းရထာကြီးတစီး စထွက်သည်။ မော်လမြိုင်မြို့ မှ ၇ မိုင်ဝေးသော ခရွန်းရွာတွင် ခေတ္တနားသည်။ မြင်းအသစ် နှစ်ကောင်လဲ၍ ဆက်လက်ခရီးဆက်ရာ မော်လမြိုင်မှ ၁၂ မိုင်ဝေးသော ကျောက်တစ်လုံးရွာတွင် ခေတ္တနားသည်။ တဖန် မြင်းအသစ်နှစ်ကောင်လဲ၍ ခရီးဆက်ပြန်ရာ မုဒုံတွင် ခရီးဆုံးလေသည်။ မော်လမြိုင်မှ မုဒုံသို့ အသွား မြင်းခြောက်ကောင် အပြန် မြင်းခြောက်ကောင် ပေါင်း မြင်း ၁၂ ကောင် အသုံးပြုသည်။မြင်းလှည်းခမှာ လူတစ်ယောက်လျှင် အသွား ၁ ကျပ် အပြန် ၁ ကျပ် ယူသည်။

    (မြန်မာနိင်ငံရဲ့  ပထမဆုံးသော ခရီးသည်တင် မြင်းလှည်းလိုင်းလို့ ပြောရမလားပဲ။ ကျွန်တော်ခပ်ငယ်ငယ် လွန်ခဲ့သော အနှစ် ၃၀ လောက်က မော်လမြိုင်တွင် ထိုကဲ့သို့ သော ယာဉ်တစ်စီး ဟိန္ဒူ လူမျိုးများ အသုဘချရာတွင် မသာယာဉ်အဖြစ် အသုံးပြုသည်ကို မြင်ဖူးသည်)

    ဦးအလီ အသက်ကြီးလာသော် နလုံးရောဂါ စွဲကပ်လာပြီး ဘုံပြန် နှင့် ဘုံဆောင်ကို လှည်မကြည့်နိုင်တော့ချေ။
    လှည်းကြီးနှစ်စီးကို မွေးစားသား ၂ ဦးအားပေးလိုက်ရသည်။ သား ၂ ဦးလည်း ရထားကြီး ၂ စီးကို ထိန်းသိမ်းနိုင်စွမ်း မရှိသဖြင့် ဦးအလီ၏ သဘောတူညီချက်ရယူကာ မြင်းလှည်းနှစ်စီးကို အလယ်မှ တိတိဖြတ်ပြီး ဘီး ၂ ဘီး မြင်း ၁ ကောင် မြင်းလှည်းငယ် ၄ စီးဖန်တီးကာ မော်လမြိုင်တွင် ပြေးဆွဲလေသည်။

    မြင်းလှည်းငယ် ၄ စီး အမည်ပေးရာတွင် ဦးအလီက မူလ ဘုံဆောင် နှင့် ဘုံပြန် တို့ ၏ အပြတ်များ ဖြစ်သောကြောင့် မူလအမည် “ဘုံ” လည်းပါရအောင် ရထားပြတ်မှ “ပြတ်” လည်းပါအောင် “ဘုံပြတ် ” ဟုသာ ခေါ်ကြပေတော့ဟု အမည်ပေးရာမှ မော်လမြိုင်တွင် မြင်းလှည်းများကို “ဘုံပြတ် ” ဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

    ဦးအလီသည် မွတ်ဆလင် ဘာသာဝင် ဖြစ်သော်လည်း မိမိဆရာ ရွှေကျောင်းဆရာတော် ထံ နေ့စဉ် ဆွမ်းအုပ်ပို့ သည်။ ရွှေကျောင်းဆရာတော် ပျံလွန်သောအခါ ဦးအလီ ကမကထ လုပ်ပြီး လောင်တိုက်နှင့် ပြသာဒ် တို့ ကို ဆောက်လုပ်လှူဒါန်းသည်။ ဘုန်းကြီးပျံ ပွဲ တွင် ဇာတ်ပွဲ ၇ ရက် ခံပေးသည်။ဤတွင် မွတ်ဆလင် ဘာသာဝင်တို့ က ဦးအလီအား ဝိုင်းဝန်းကဲ့ရဲ့ ကာ ဝိုင်းပယ်လိုက်ကြလေတော့သည်။ဦးအလီက တရားရုံးအနီးတွင် ကိုယ်ပိုင်သစ်သားဗလီ ဆောက်ကာ မှန်မှန်တက်သည်။

    ဦးအလီ သည် အသက် ၇၀ အရွယ် 1907 တွင် ကွယ်လွန်ခဲ့လေသည်။

    (ဆရာအံ့ကျော်၏ မော်လမြိုင် ရွှေတောင်ကျောင်းတိုက် သမိုင်းမှ)