News @ M-Media

Tag: မမေးလည်းဖြေ

  • မမေးလည်းဖြေ (၇) – နွားသတ်တာ ရက်စက်မှုတဲ့လား

    မမေးလည်းဖြေ (၇) – နွားသတ်တာ ရက်စက်မှုတဲ့လား

    ရေးသူ- သုတမောင်

    ဇူလိုင်-၂၄-၂၀၁၂

    ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာအပေါ် စော်ကားတိုက်ခိုက်မှုတွေမှာ သူတို့ ကုသိုလ်က နွားသတ်မှ ရတာလားလို့ ၊ အစ္စလာမ် ဘာသာဟာ ရက်စက်တဲ့ဘာသာလို့ ဆိုပြီး စွပ်စွဲတိုက်ခိုက်နေကြပါတယ်။

    ဘာကြောင့် နွားကိုသတ်တာလဲ၊ ဘာအတွက်လဲ၊ စတဲ့ မေးခွန်းတွေ မမေးတော့ပဲ မစဉ်းစားတော့ပဲ ကုလားကိုမုန်းတာနဲ့  ငါ့စကားနွားရ အပေါစား စကားလုံးတွေ အကြောင်းပြချက်မပါတဲ့ စွပ်စွဲချက်တွေနဲ့  ပြောချင်ရာပြောနေကြပါတယ်။ နှစ်ပေါင်း ၁၄၀၀ ကျော်တည်မြဲလာတဲ့ဘာသာ၊ ကမ္ဘာတ၀မ်းက လူ သန်း ၁၀၀၀ ကျော် ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို အခြေအမြစ်မရှိ၊ သဘာဝမကျတဲ့ဘာသာသဖွယ် ကချွတ်ကလွတ် အတွေးတွေနဲ့  မဆင်မခြင် မစဉ်းမစား ပြောနေကြပါတယ်။

    လူတွေဟာ အတွေးအခေါ် အဆင်အခြင်စွမ်းအား အမြင့်ဆုံးသတ္တ၀ါတွေဖြစ်တယ်။ အစ္စလာမ်ဘာသာဟာ သဘာဝမကျတဲ့၊ အခြေအမြစ်မရှိတဲ့ ဘာသာဆိုရင် နှစ်ပေါင်း ၁၄၀၀ ကျော် မတည်မြဲပါ။ လူသန်း ၁၀၀၀ ကျော် လည်း ကိုးကွယ်စရာအကြောင်းမရှိပါ။

    ဘာကြောင့် နွားသတ်တာလဲဆိုတာ မပြောခင် မေးခွန်းတခုမေးချင်ပါတယ်။ မွတ်စလင်မ်တွေကို နွားသတ်တယ်၊ ရက်စက်တယ်လို့  ပုတ်ခတ်နေ တဲ့ လူတွေအသားမစားဘူးလား။ သင့်လို အသားစားတဲ့လူမရှိရင် သားကောင်ကို သတ်စရာလိုမလား။ သတ်တဲ့လူက ရက်စက်တယ်ဆိုရင် စားတဲ့ လူက အဲ့ဒီ အသားကို ကိုယ့်အသွေး ကိုယ့်အသားထဲ ထည့်တာကျတော့ ပိုမဆိုးဘူးလား။ သတ္တိရှိရှိ ရဲရဲဖြေကြည့်ပါ။ အဓိကပြောချင်တာက အသားတော့စားတယ် အသားဖော်တာကိုတော့ ရက်စက်တယ်ထင်တဲ့ တလွဲအတွေးတွေပါ။

    (၁) တနှစ်တခါ အိဒ်ပွဲတော်မှာ သားကောင်သတ်တာရဲ့  အဓိကရည်ရွယ်ချက် ၏တခုက မရှိဆင်းရဲသားတွေအတွက် လှူဒါန်းခြင်းဖြစ်တယ်။ မမြင်ရတဲ့ ကုသိုလ်အတွက် အ ကြောင်းမဲ့ သူတပါး အသက်သတ်ခြင်းမဟုတ်ပါ။

    မြန်မာနိုင်ငံလို အသားငါးရှားပါးတဲ့နိုင်ငံတွေမှာ အသားငါးမစားနိုင်တဲ့ လူတွေ အများကြီးရှိတယ်။ ဥပမာ ထိုင်းလို နိုင်ငံတွေမှာ တရားမ၀င် ခိုးပြီး အလုပ်လုပ်နေရတဲ့ မြန်မာတွေအတွက် အသားမဆိုနှင့် ထမင်းတောင် နှပ်မမှန်ကြပါ။ အခုလို ဆင်းရဲတဲ့ နေရာတွေမှာ တနှစ်တခါ ပွဲလုပ်ပေးခြင်းဟာ အသားမ၀ယ်စားနိုင်တဲ့ လူတွေကို အသားစားရအောင် ဖန်တီးထားခြင်းပါ။

    ငွေတတ်နိုင်တဲ့လူတွေက သားကောင်ဝယ်ပြီး ဆင်းရဲတဲ့ လူတွေအသားငါးစားနိုင်အောင် လှူဒါန်းတဲ့ ကိစ္စ။ ရက်ရက်စက်စက် သတ်ဖြတ်ပြီး ပျော်ပါးတဲ့ ပွဲမဟုတ်ပါ။ ကိုယ်ပိုင်ငွေကို စွန့် ပြီး လိုအပ်တဲ့လူတွေအတွက် လှူတဲ့ အလှူဒါန။ မွတ်စလင်မ်အတွက်မှ မဟုတ် ဘာသာမတူတဲ့ လူတွေကိုပါ ပေးကမ်းတဲ့ အလှူ။ မုန်းတီးစိတ်ကဖုံးနေတော့ ဘာမှ မမြင်နိုင်တော့ဘဲ ထင်ရာတွေပြောနေကြတဲ့ လူတွေ သတင်းနဲ့ မီဒီယာကွန်ယက်က သတင်းကို ဆက်ပြီး ဖတ်ကြည့်ပါ။

    ကုရ်ဘာနီအိဒ်ပွဲတော် မဲဆောက်တွင် ကျင်းပ အလှူခံသူ တသောင်းခန့် လာကြ

    သီတာထွန်း။
    ဒီဇင်ဘာလ ၉ရက်၊ ၂၀၀၈ ခုနှစ်။

    ယမန်နေ့က ကျရောက်သည့် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအိဒ်ပွဲတော်ကို ထိုင်းနယ်စပ် မဲဆောက်မြို့ တွင် ကျင်းပရာ အလှူခံသူ တသောင်းခန့် လာရောက် ခဲ့ကြသည်။

    မဲဆောက်မြို့မှ အလှူရှင်များက အမဲသားများ ပေးဝေလှူဒါန်းကြသဖြင့် မြန်မာဖက်ခြမ်း မြ၀တီမြို့နှင့် ဒေသ တွင်းမှ လာရောက်အလှူခံသူများမှာ လူဦးရေ တသောင်းနီးပါးရှိပြီး ယခင်နှစ်ကထက် ပိုများသည်ဟု အလှူရှင် တဦးဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင် အစည်းအရုံး ဥက္ကဌ ဦီးတင်မောင်သက်က ပြောသည်။

    “လာတာ များတယ်၊ ကျနော်ထင်တယ်၊ အနည်းဆုံးဆို သောင်းနဲ့ရှိတယ်၊ ဒီနှစ်ပိုများ မယ်ထင်တယ်။ ”

    ယမန်နှစ်က မြန်မာဖက်ခြမ်း မြ၀တီမြို့မှ အလှူခံသူ(၂၀၀၀)ကျော်ခန့်သာ လာရောက် ခဲ့ကြသည်။

    မြ၀တီမြို့မှ လာရောက်သူ ကိုလှမောင်က “ အားလုံးအေးအေးဆေးဆေးပါပဲ၊ ပြည့်ပြည့်စုံစုံ လည်း ရသင့် သလောက် ရကြပါတယ်၊ စားဝတ်နေရေး လတ်တလောတော့ အဆင်ပြေသွား တာပေါ့၊ မိသားစုဘ၀ လည်း စားစားသောက်သောက် အဆင်ပြေသွားတာပေါ့။” ဟု ပြောသည်။

    မြန်မာဖက်ခြမ်းတွင် အမဲသားတပိသာလျှင် ကျပ်လေးထောင်ခန့်ရှိသဖြင့် အလှူခံရရှိ လာသော ပိုလျှံသည့် အသားများကို အသားဝယ်မစားနိုင်သည့် နီးစပ်ရာမိတ်ဆွေများကို ပြန်လည်ဝေငှသွားမည်ဟု ကိုလှမောင်က ဆက်ပြောသည်။

    မရှိဆင်းရဲသားများကို နှစ်စဉ် လှူဒါန်းရသည့်အတွက် ၀မ်းသာပီတိ ဖြစ်သည်ဟု ဦးတင်မောင်သက်က ပြော သည်။

    “ကျနော်တို့ရဲ့ တရားတော်ကလည်း အဓိကကတော့ မရှိဆင်းရဲသားကို မစားရမသောက်ရ တဲ့လူကို ပိုပြီးဦးစားပေးတဲ့ အနေအထားမှာရှိတယ်။ အဓိကကတော့ ဒီလှူဒါန်းမှုက မရှိ ဆင်းရဲသားကို ဦးစားပေးပြီးတော့ ကျနော်တို့လှူတာပဲလေ၊ သူတို့လာတယ်၊ မစားရတဲ့ လူလည်း စားရတယ်ဆိုတော့ ကျနော်တို့ သိပ်ဝမ်းသာတယ်။”

    အလှူပွဲတော်တွင် အစ္စလာမ် ဘာသာဝင်များအပြင် အခြား မရှိဆင်းရဲသား လာရောက်သူ အားလုံးကို နှစ်စဉ် ပေးကမ်းလှူဒါန်း လျှက်ရှိသည်။

    ကုရ်ဘာနီအိဒ်ပွဲတော်ကို ယခုလ (၈)ရက်နေ့မှ စတင်ကာ သုံးရက်တိတိမဲ ဆောက်မြို့တွင် ကျင်းပသွားမည် ဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအိဒ်ပွဲတော်သည် ထိုင်းနိုင်ငံတွင် ယမန်နေ့က ကျရောက်ပြီး မြန်မာနိုင်ငံ တွင် ယနေ့ကျရောက်သည်။

    Source: http://www.nmg-news.com/nmg/news091208.html

    (၂) သားကောင်ကိုသတ်ပြီး ယစ်ပူဇော်ခြင်းမဟုတ်ပါ။ သောက်စားပျော်ပါးပစ်ခြင်းမဟုတ်ပါ။

    ဖော်ထားတဲ့အသားကို အိမ်အတွက် သတ်မှတ်ထား သလောက်သာယူပြီး အများစုကို လှူဒါန်းရပါတယ်။ တကယ်လို့  အဲ့ဒီ အကောင်တွေကို သတ်ပြီး ဖြုန်းတီးပြစ်တယ်ဆိုရင်တော့ လက်ခံစရာ အကြောင်းလုံးဝမရှိပါ။ ဒါပေမဲ့ အခုက ဈေးမှာ ၀ယ်ခြမ်းခြင်း ဆိုတာကို အလှုလက်ခံရရှိခြင်းနဲ့  အစားထိုးလိုက်တဲ့ သဘောပါပဲ။ ဒါကြောင့် ကုသိုလ်ရဲ့  အရင်းမြစ်က အကောင် ဖော် အသက်သေလို့ မဟုတ်ဘဲ မျှဝေလှူဒါန်းလို့  ပဲဖြစ်ပါတယ်။

    မွတ်စလင်မ်တွေရဲ့  လှူဒါန်းမှုကိုဒိန်းမတ်က ဝေလငါးသတ်ပွဲနဲ့  ယှဉ်ကြည့်ပါ။ ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ် ဝေလငါးသတ်ပွဲလုပ်လေ့ရှိတယ်။

    ဆင်းရဲသားတွေကိုလှူဒါန်းဖို့ မဟုတ်ဘူး။ အရွယ်ရောက်ပြီးတဲ့ ယောင်္ကျားလေးတွေ အရွယ်ရောက်ပြီးကြောင်းပြသတဲ့ပွဲဖြစ်တယ်။ လူငယ်တွေ လူငယ်အဖွဲ့ တွေ အများဆုံးပါကြတယ်။ အောက်က ဖော်ဝေါ့မေးကိုဆက်ဖတ်ပါ။ ကုလားပြောတာမှန်သမျှ လုပ်ကြံပြောတာဆိုတဲ့လူတွေ အတွက် ဖော်ဝေါ့မေးလ်မတိုင်ခင် youtube video အရင်ကြည့်ပါ။

    Forward Email:

    ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။

    သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။
    လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။

    ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။

    ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။

    လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။

    သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။

    ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။

    ————————————————————————————————————–

    တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပဲ။ မွတ်စလင်တွေက ဘာကြောင့် အသားကိုမှ စားကြရတာလဲ။ဆိုတဲ့ အမေးကို ကမ္ဘာကျော်  Dr Zakir Naik ဖြေဆိုထားသော အဖြေကို ဖတ်လိုလျှင် Click Here

     

  • မမေးလည်းဖြေ (၆)- ကျိန်ဆဲခြင်းလော?

    မမေးလည်းဖြေ (၆)- ကျိန်ဆဲခြင်းလော?

    ကျော်မိုးအောင်

    Photo Link – http://goo.gl/sxDvq

    အထက်ပါပုံကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာဝင်များအပေါ် အထင်အမြင်လွဲနေရစေသည့် အဓိကလက်သည်တရားခံ မုသာဝါဒဖြန့်ဝေရာ၊ အမုန်းတရားကြီးထွားစရာတို့၏ ဇစ်မြစ် အမျိုးပြောက်မှာ စိုးကြောက်စရာ အပါအဝင် (တရားဝင်ထုတ်ဝေခြင်းမဟုတ်သော်လည်း အလွန်တွင်ကျယ်စွာ ပြန့်နှံ့သည့်) ဝါဒမှိုင်းတိုက် စာစဉ်များတွင် ဖတ်ခဲ့ရဖူးပါသည်။ ယခုအခါ Facebook နှင့် အခြား အင်တာနက်စာမျက်နှာများတွင် တွေ့လာရပြီ။ တစ်ဆင့် ပြန် share လုပ်သူဦးရေလည်း မနည်းမနော။

    အစ္စလာမ်ဘာသာဝင် မဟုတ်သူ သာမန် စာဖတ်သူတစ်ဦး ဖတ်မိပါက ကြက်သီးမွေးညင်းထောင်ထစရာ၊ မွတ်စလင်မ်ဆိုသူတွေက အလွန်ကြောက်စရာ သတ္တဝါများဟုပင် တထစ်ချ ယူမှတ်လိုက်ဖွယ်ရာ အနေအထားဖြစ်သည်။

    ဟစ်တလာက ပြောခဲ့ဖူးပါသည်။ အမှားတစ်ခုကို လူထုကြားမှာ ရဲရဲပြော၊ အကြိမ်ကြိမ်ပြော၊ စကာစက မယုံသူတွေတောင် တစ်ဖြည်းဖြည်း အမှန်ဟု ထင်လာလိမ့်မည်တဲ့။ အဆိုပါ စာအုပ် ထုတ်ဝေဖြန့်ချိသူတို့၏ လုပ်ရပ် အတော်ပင် အောင်မြင်ပါသည်။ မွတ်စလင်မ်ဆိုတာ ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာအဖြစ် မြင်နေကြသူတွေ မနည်းလှကြောင်း facebook နှင့် internet သုံးသူများမှတစ်ဆင့် တွေ့နေရပါသည်။ ကမ္ဘာ့နားလည်မှု လွဲမှားမှု အခံရဆုံး နံပါတ်(၁)သာသနာအဖြစ် အစ္စလာမ် ရှိနေရပါပြီ။

    အစ္စလာမ်ကတော့ သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် သင်တို့ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် သင်တို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။

    (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

    အခြားအကြောင်းအရာတွေ မဆွေးနွေးမီ ပထမဆုံး အစ္စလာမ်ကို မည်သည်က အစစ်အမှန် ကိုယ်စားပြုသည်ဆိုသည်ကို ပြောလိုပါသည်။ အစ္စလာမ်၏ စစ်မှန်သော အဆုံးအမများကို (၁)ကျမ်းတော်မြတ်ကုရ်အာန်နှင့် (၂)ထိုကျမ်းမြတ်ကို လက်တွေ့အကောင်အထည်ဖော် သွန်သင်လမ်းညွှန်ထားသော မဟာတမန်တော်မြတ်၏ ပုံဖော်သွန်သင်ချက်များကသာလျင် ကိုယ်စားပြုပါသည်။ ထိုနှစ်ချက်ကို ဆန့်ကျင်သည့် အကြောင်းခြင်းရာတစ်ရပ်ကို မွတ်စလင်မ်အမည်ခံသူ တစ်သန်းက လက်မှတ်ထိုး ထုတ်ဝေပါစေ ထိုအကြောင်းအရာသည် အစ္စလာမ်ကို ကိုယ်စားမပြုပါ၊ ထိုလူတစ်သန်းနှင့်သာ ဆိုင်ပါမည်။

    ထို့အတွက်ကြောင့် အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များတွင် မွတ်စလင်မ်မဟုတ်သူ ဘာသာခြားများနှင့် ပတ်သက်၍ မည်သို့ ဆိုထားကြောင်း ဦးစွာ တင်ပြပါမည်။

    ဘာသာတရားများ တစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ကျင့်သုံးဆောက်တည်မှုများ မတူညီ ကွဲပြားကြပါသည်။ မတူညီမှုကို တန်းညှိနေရန် မလိုပါ။ မိမိတို့လုပ်ရပ်အတိုင်း ကိုယ့်ပြုသည့်ကံ ကိုယ်နှင့်ဆိုင်ပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ ကိုယ့်သာသနာနှင့်ကိုယ်ပါ။ ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာပါ။

    “ အသင် ပြောကြားပါလေ။

    အို (အစ္စလာမ်ကို) မယုံကြည်သူအပေါင်းတို့…

    ကျွန်ုပ်သည် သင်တို့ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်သည်မဟုတ်ပေ။

    ထို့ပြင် သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြသူများ မဟုတ်ပေ။

    ထို့ပြင် ကျွန်ုပ်သည် သင်တို့ကိုးကွယ်ကြကုန်သော ကိုးကွယ်ရာများကို ကိုးကွယ် ဆည်းကပ်မည့်သူ မဟုတ်ပေ။

    ထိုနည်းတုစွာ သင်တို့်သည်လည်း ကျွန်ုပ်ကိုးကွယ်လျက်ရှိကြသော ကိုးကွယ်ရာကို ကိုးကွယ် ဆည်းကပ်ကြမည့်သူများ မဟုတ်ပေ။

    စင်စစ်သော်ကား သင်တို့အဖို့ သင်တို့၏ အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ကျွန်ုပ်အဖို့ ကျွန်ုပ်၏ အကျိုး၊ လမ်းစဉ်၊ သာသနာပင် ဖြစ်ပေသည်။”

    (ကျမ်းမြတ်ကုရ်အာန် ၁၀၉း၁-၆)

     ထိုသို့ ကိုယ့်ခရီးကိုယ်သွားနေကြသူ အချင်းချင်း မည်သို့မည်ပုံ ဆက်ဆံရမည်ကိုလည်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပြီး ဖြစ်ပါသည်။

     “အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း တားမြစတော်မူသည်မဟုတ်ပေ။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်းမဟုတ်ပေ၊ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်းမဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသူတို့အား နှစ်သက်ချစ်ခင်တော်မူ၏။

    အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သို့သောသူတို့ကို အဆွေခင်ပွန်း ပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် အသင်တို့အား သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည့်အပြင် အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့် စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ရိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၄င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျင် မတရားသောသူများ  ဖြစ်ကြကုန်သတည်း။” 

    (ကျမ်းမြတ်ကုရ်အာန် ၆၀း၈-၉)

    အစ္စလာမ့် အနှစ်ချုပ်တရားသည် တရားမျှတရန်၊ ကောင်းမွန်စွာ ပြုမူဆက်ဆံရန်၊ ပေးကမ်းလျူဒါန်းရန်၊ မကောင်းမှုမတရားမှုတို့မှ ရှောင်ကျဉ်ရန်ဖြစ်သည်။

    (ကျမ်းမြတ်ကုရ်အာန် ၁၆း၆၀)

    ဘာသာ မတူသူများနှင့် လူသားချင်းအတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ရမည်တို့ တစ်ပုံတစ်ပင် ရှိပါသည်။

    အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။

    အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။ အများလူထု ၁၃နှစ်ကျော် နှိပ်စက်ညှင်းပမ်းသတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံ ရန်သူတို့ အရေးနိမ့်သွားချိန်တွင် အားလုံးတို့အား ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်။ မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။

    မတရားပြုမူခံနေရစဉ် မတရားမှုကို တွန်းလှန်ရာနိုင်စေဖို့ အင်အား လိုပါသည်။ ရုပ်ပိုင်းဆိုင်ရာ အင်အားများကို ဖြည့်ဆည်းရသလို စိတ်ပိုင်းဆိုင်ရာ အင်အားကလည်း အင်မတန် အရေးကြီးလှသည်။ ရုပ်ကို စိတ်က ဦးဆောင်သည် မဟုတ်ပါလော။ ထိုသို့သော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အတွက် မိမိတို့ ယုံကြည် ကိုးကွယ်အားထားရာ အလ္လာဟ်အရှင်မြတ်ထံမှ ဆုပန်ကြရပါသည်။ အစ္စလာမ့် ဝတ်ပြုဆုတောင်းမှုတိုင်း၏ အဆုံးသတ်သည် မိမိဝဲယာရှိ အရာခပ်သိမ်း ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးခြင်းဖြစ်သည်။ မိမိတို့ အကြပ်အတည်း ကြုံတွေ့နေရပါက၊ မတရား ပြုမူခံနေရပါကလည်း မိမိတို့ကိုးကွယ်အားထားရာ ဘုရားသခင်ထံ တိုင်တည်ကာ ဆုပန်ကြသည်။ ထိုဆုတောင်း အပြည့်အစုံ အမှန်မှာ အောက်ပါအတိုင်းဖြစ်သည်။

    ဆုတောင်း အပြည့်အစုံ နှင့် အဓိပ္ပါယ်အမှန်

    နောက်တစ်ချက်က ထိုစာအုပ်တွင် ဖော်ပြထားသလို သောကြာနေ့ ဝတ်ပြုရာ၌ တောင်းသည့် ဆုတောင်းလည်း မဟုတ်ပါ။ သာမန်အားဖြင့် တောင်းဆိုလေ့ မရှိဘဲ မွတ်စလင်မ်ညီနောင်များ အတိဒုက္ခရောက်နေခိုက် အန္တရာယ်ပြုမည့် ရန်သူ ပြုသမျှ မနုရစေရန် အခိုက်အတန့် တောင်းသည့် ဆုမွန်သာဖြစ်ပါသည်။ သာမန် အများမွတ်စလင်မ်တို့ အလွတ်တောင်မရကြပါ။

    အေးချမ်းစွာ အတူလက်တွဲနေထိုင်ကာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြသူ ဘာသာတူသူများအား ညီနောင်အဖြစ်လည်းကောင်း၊ ဘာသာမတူသူများအား ဝမ်းကွဲဆွေမျိုးရင်းချာအဖြစ်လည်းကောင်း၊ ဘာသာမဲ့တို့အား မိတ်ဆွေအဖြစ်လည်းကောင်း သဘောထားပါသည်။ ထိုသူတို့အားလုံးတို့အပေါ် ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကြရောက်ပါစေ။ ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေသား။

    ဘာသာမတူခြင်းကို ခုတုံးလုပ်လျက် လူ့ဘောင်အသိုင်းအဝိုင်း ပျက်စီးရာပျက်စီးကြောင်း၊ အမှောင့်ပယောဂလုပ် နှောက်ယှက်ဖျက်ဆီးနေသူများ၊ မတရားပြုမူကြသူများ၊ အဖျက်သမားများ၊ အကြောင်းမဲ့ အငြိုးထားနေကြသူများ၊ မကောင်းကြံနေကြသူများ၊ ဝါဒဖြန့်အမုန်းပွား ပဋိပက္ခဖြစ်စေကြသူများ (လူမျိုးဘာသာမရွေး) ပျက်သုဉ်းပါစေသား။

     

    ကိုကျော်မိုးအောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • မမေးလည်းဖြေ (၅)- မရှိတာထက် မသိတာခက်၊ မသိတာထက် ‘မလိုတမာ’ခက်

    မောင်စီမံ (မဟာသိပ္ပံ)

    “Hi Myanmar” ဆိုတဲ့ Facebook Account က ဇွန်လ ၃၀-ရက် (စနေနေ့)မှာ “တို့မြန်မာ ဘယ်သွားမှာလဲ”နှင့် ဇူလိုင်လ ၁-ရက် (တနင်္ဂနွေနေ့)မှာ “အစ္စလာမ်ဘာသာ သွတ်သွင်းလွှမ်းမိုးခြင်းခံရသော နိုင်ငံများ” အစရှိတဲ့ အချက်အလက်ပြဇယားပုံတွေကို Wall Photos အဖြစ်တင်ထားခဲ့ပါတယ်။

    Original Source: http://goo.gl/Wztiu

    “အစ္စလာမ်ဘာသာ သွတ်သွင်းလွှမ်းမိုးခြင်းခံရသော နိုင်ငံများ” ပုံမှာ Status Message ရေးထားတာကတော့ –

    “အစ္စလာမ်ဘာသာ သွတ်သွင်းလွှမ်းမိုးခြင်းခံရသော နိုင်ငံများ” ပုံမှာ Status Message ရေးထားတာကတော့ –
    “သို့…မဏ္ဍိုင်အသီးသီး
    လူသားဝါဒီဆရာများသည် ဗမာနှင့်တိုင်းရင်းသားများကို လူနုံတွေလိုလို၊အမြင်ကျဉ်းသူတွေလိုလို၊
    ငြိမ်းချမ်းရေးကိုဖျက်ဆီးသူတွေလိုလို Copy စကား၊စာသားတွေနဲ့ စော်ကားကြပါသည်။ ဗမာနှင့်တိုင်းရင်းသားများ မနုံအောင်၊ မအအောင် သမိုင်းသင်ထားကြပါတယ်…
    ငြိမ်းချမ်းရေးကိုမြတ်နိုးပါတယ် ၊ ဗမာနှင့်တိုင်းရင်းသားတွေကိုးကွယ်တဲ့ဘာသာများ’sကို
    လွတ်လပ်စွာလွှမ်းမိုး ခွင့်မျိုးမဖြစ်အောင် မဏ္ဍိုင်အသီးသီးကသတိပြုစေလိုပါကြောင်း” ပါတဲ့။

     

    ဟုတ်ကဲ့ပါ။ Hi Myanmar နောက်ကွယ်က အဖျက်သမားတွေ မနုံသလို မအပါဘူး။

    မျက်စိကန်းနေတာပါ။ ဉာဏ်မျက်စိ (လုံးဝ) ကန်းနေတာပါ။

    သို့တည်းမဟုတ် ဘာသာရေးမုန်းတီးမှု၊ လူမျိုးရေးမုန်းတီးမှုဝါဒဖြန့်နေတဲ့ တိုင်းပြည်ကောင်းစားတာကို အမှန်တကယ် မလိုလားတဲ့ အသားထဲက လောက်တွေပါ။

    သိုးရေခြုံတဲ့ ဝံပုလွေတွေပါ။ ဒေါင်းယောင်ဆောင်သော ကျီးတွေပါ။

    ကျွန်တော်သမိုင်း ပညာရှင်မဟုတ်သလို ဘာသာရေးပညာတတ်လည်းမဟုတ်ပါ။ ဖတ်ဖူးမှတ်ဖူး အနည်းငယ်လောက် ဖလှယ်ပါရစေ။

     

    တူရကီ

    အာရှမိုင်းနားဒေသမှာ အစောပိုင်းကာလကတည်းက ရောက်ရှိအခြေချခဲ့ကြတဲ့ မွန်ဂိုတာတာလူမျိုးတွေဟာ အလွန်အင်အားကြီးမား တန်ခိုးထွားခဲ့ကြပါတယ်။

    ခရစ်ယာန်ဘာသာကို လက်မခံမီက ရှေးဟောင်းရိုးရာကိုးကွယ်မှုများရှိခဲ့ကြပြီး နောက်ပိုင်း အစ္စလာမ်သာသနာအတွင်းသို့ သူတို့ဘာသာသူတို့သဘောနဲ့ သက်ဝင်ယုံကြည်ခဲ့ကြတာပါ။ သမိုင်းမှတ်တမ်းများအရ တစ်နေ့တာအတွင်းမှာပဲ လူဦးရေသိန်းပေါင်းများစွာ သစ္စာခံခဲ့ကြောင်း သိရှိရပါတယ်။

    ဘယ်မွတ်စလင်နိုင်ငံ၊ ဘယ်မွတ်စလင်စစ်တပ်ကမှ မွန်ဂိုတာတာလူမျိုးတွေကို သိမ်းသွင်းခဲ့တာမဟုတ်ပါ။ အဲဒီလိုမဆိုထားနဲ့ လက်ဖျားနဲ့သွားတို့မိရင်တောင် စိစိညက်ညက်ကျေသွားလောက်အောင် အင်အားကြီးမား တန်ခိုးထွားခဲ့ကြပါတယ်။

    အင်ဒိုနီးရှား နှင့် မလေးရှား

    ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ အနီးက မလေးရှားနိုင်ငံတို့ကတော့ သစ္စာသမာဓိ အခြေတည်ပြီး နှလုံးရည်ဖြင့် ငြိမ်းချမ်းစွာ သာသနာပြုခဲ့ကြတဲ့ အာရပ်၊ ပါရှားကုန်သည်တို့ရဲ့ ဖျောက်ဖျက်မရတဲ့ သမိုင်းရဲ့သက်သေပါပဲ။

    ငြိမ်းချမ်းရေးအမှန် အစ္စလာမ်သာသနာရဲ့ မဟာအောင်ပွဲကြီးဆိုလည်း မှားမယ်မထင်။ အရှေ့တောင်အာရှဒေသ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ကမ္ဘာ့ မွတ်စလင်ဦးရေရဲ့ ၆-ပုံ ၁-ပုံမက ရှိပါတယ်။

    အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဟာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်မှုမရှိခင်အရင် အိန္ဒိယတောင်ပိုင်းသား ကုန်သည်များထံကနေ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာများကိုရရှိခဲ့ပြီး  ဟိန္ဒူဘာသာနဲ့ယဉ်ကျေးမှုများ၊ ရှေးဟောင်းနတ်ကိုးကွယ်မှုများက ပိုမိုလွှမ်းမိုးခဲ့တယ်ဆိုတာကို သိသိသာသာမြင်တွေ့နိုင်ပါတယ်။

    Hi Myanmar နောက်ကွယ်က အဖျက်သမားတွေ တစ်ခေါက်လောက်ဖြင့် “ဘာလီကျွန်း” အလည်သွားရင်း လေ့လာဖို့ တိုက်တွန်းလိုပါတယ်။

    (ဉာဏ်မျက်စိ နဲနဲ ပွင့်သွားအောင်လို့။)

     

    အိန္ဒိယ၊ အာဖဂန်နှင့် ပါကစ္စတန်

    ဒီနိုင်ငံတွေအားလုံးကိုခြုံပြီး တောင်အာရှဒေသလို့ခေါ်ပါတယ်။ အိန္ဒိယတိုက်ငယ်လို့လည်း ပညာရှင်တစ်ချို့က အမည်ပေးထားပါတယ်။ နေမဝင်အင်ပါယာခေတ်မှာတော့ British India, British Raj စသဖြင့် သုံးနှုန်းခဲ့ကြပြီး တစ်ချိန်က ကျွန်တော်တို့မြန်မာပြည်တောင် ပါဝင်ခဲ့ပါတယ်။ ငယ်ငယ်က အလယ်တန်းသမိုင်းဘာသာမှာ ခွဲရေးတွဲရေးတို့၊ ဒိုင်အာခီအုပ်ချုပ်ရေးတို့ အားလုံးသင်ခဲ့ကြရဖူးမှာပါ။

    ဒီဒေသတစ်ခုလုံးမှာ အစ္စလာမ်သာသနာ၊ ခရစ်ယာန်ဘာသာမဆိုပါနဲ့ဦး၊ ဗုဒ္ဓဘာသာဖြစ်ပေါ်မလာခင် ဗုဒ္ဓကိုယ်တော် မဖွားမြင်ခင် ရာစုနှစ်ပေါင်းများစွာ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ အခြားကိုးကွယ်မှုများ အမြစ်တွယ်တည်ရှိနေပါတယ်။ ဗုဒ္ဓကိုယ်တော်ခေတ်က ဂျိန်းဘာသာ လွှမ်းမိုးအောင်မြင်နေချိန်ပါ။

    အသောကမင်းကြီးဆိုတာ အရှေ့တိုင်းမှာ မသိသူ မရှိသလောက်နည်းပါတယ်။ မဟာမောရိယ အင်ပါယာကြီးကိုတည်ထောင်ခဲ့သူဖြစ်ပြီး သူ့အင်ပါယာနိုင်ငံတော်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခဲ့သူ၊ ဗုဒ္ဓဘာသာကို စတင်ပြန့်ပွါးစေခဲ့သူ။ နဂိုက ဂျိန်းဘာသာဝင်ဖြစ်ပြီး အစောဦးပိုင်း နန်းလုပွဲ ရှုံးနိမ့်ထွက်ပြေးချိန် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ တံငါရွာကလေးတစ်ခုကို ရောက်ရှိပြီး စတင်သက်ဝင်ယုံကြည်ခဲ့တာပါ။

    သူကွယ်လွန်တဲ့အခါ သူ့သားတော်၊ ညီတော်၊ ဆွေတော်မျိုးတော်တွေ နန်းလုပြီး အင်ပါယာပြိုကွဲကာ ဂျိန်းဘာသာနဲ့ ဟိန္ဒူဘာသာတို့ ပြန်လွှမ်းမိုးသွားပါတယ်။ ယနေ့ ရှေးဟောင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအမွေအနှစ် အများဆုံးတည်ရှိနေတာ ပါကစ္စတန်နိုင်ငံမှာပါ။ အကယ်၍ ပါကစ္စတန်နိုင်ငံသား မွတ်စလင်တွေဟာ စိတ်ကောင်းစေတနာမရှိရင်၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးမထားတတ်ရင်၊ အခြားဘာသာဝင်တွေအပေါ် နိုင်လိုမင်းထက်သာပြုလိုတယ်ဆိုရင် ဒီ ” ရှေးဟောင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအမွေအနှစ် ” မြောက်များစွာကို နှစ်ပေါင်းတစ်ထောင်ကျော် ဘာကြောင့်များ အမြတ်တနိုး ထိန်းသိမ်းထားကြပါသလဲ။

    ဘာသာတရားတိုင်းမှာ သူတော်စင်တွေရှိသလို သူယုတ်မာတွေရှိတာ အမှန်တရားပါ။ ဒါဟာ ဘာသာတရားကြောင့်မဟုတ်ဘဲ လူ့ဗီဇကြောင့်ဆိုတာကို အထူးရှင်းပြနေဖို့ လိုမယ်မထင်ပါ။ Hi Myanmar နောက်ကွယ်က အဖျက်သမားတွေ မူလတန်း မအောင်ထားရင်တောင် အလယ်တန်းဖတ်စာ နည်းနည်းလောက်ရှာဖတ်ပါလို့ နှိုးဆော်အပ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်

    ဘင်္ဂလားပြည်လို့ပြောရင် ဘင်္ဂလားဒေ့ရှ်လောက်သာ သိကြပြီး လက်ရှိ အိန္ဒိယနိုင်ငံတွင်းက အနောက် ဘင်္ဂလားပြည်နယ်ကို သိပ်မသိကြပါဘူး။ ဘင်္ဂလားဒေ့ရှ် (ယခင် အရှေ့ပါကစ္စတန်)က အရှေ့ဘင်္ဂလားပြည်နယ်မျှသာဖြစ်ပြီး ယခု ကမ္ဘာမှာ တတိယမွတ်စလင်ဦးရေအများဆုံး မွတ်စလင်နိုင်ငံပါ။ (တကယ်တမ်း တတိယမွတ်စလင်ဦးရေအများဆုံးက အိန္ဒိယဖြစ်ပြီး မွတ်စလင်နိုင်ငံမဟုတ်ပါ။)

    အနောက် ဘင်္ဂလားပြည်နယ်ဆိုတာ အလွန်အယူသီးတဲ့ လင်သေရင် မယားပါ မီးပုံးတဲ့ ခုန်ချသေရတဲ့ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပြီး ဘင်္ဂလားပြည်မှာ ဗုဒ္ဓဘာသာလွှမ်းမိုးခဲ့တာ ယခင် ရခိုင်ဘုရင်တွေ နန်းစံခဲ့ကြတဲ့ စစ်တကောင်း၊ အာသံဒေသတွေမှာသာဖြစ်ပါတယ်။

    မည်သို့ပင်ဆိုစေ ဤဒေသမှာလည်း ဘယ်မွတ်စလင်နိုင်ငံ၊ ဘယ်မွတ်စလင်စစ်တပ်ကမှ သိမ်းသွင်းခဲ့တာမဟုတ်ဘဲ ယခုခေတ် ရေပန်းစား ‘ဂျိဟာ့ဒ်’ဆိုတာလည်း ယောင်လို့တောင် ရှိခဲ့ပုံမပေါ်။ ဘာအထောက်အထားမှလည်း မရှိပါ။

    ဖွဲ့စည်းပုံအခြေခံဥပဒေ- အခန်း(၈) ဥပဒေနံပါတ်-၃၆၂

     

    ကဲ. . . Hi Myanmar နောက်ကွယ်က အဖျက်သမားတို့ရေ

    ကျွန်တော်တို့ အမိမြန်မာပြည်တွင်းမှာ ရာစုနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ အေးအတူပူအမျှ နေထိုင်လာကြတဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကို ဥကွဲသိုက်ပျက်အောင် စိတ်ဝမ်းကွဲပြားအောင် ဘယ်နည်းနဲ့မှ လုပ်လို့မရနိုင်ပါဘူး။ တနပ်စားကြံလို့ရတဲ့ ခေတ်ကြီးလဲ ကုန်ခါနီးနေပါပြီ။

    တွံတေးသိန်းတန်ရဲ့ ‘ပျင်းတောင်ပျင်းသေးတယ်’ သီချင်းလေးပဲ ဖွင့်ပြလိုက်ချင်ပါတယ် ခင်ဗျာ။

     

    [ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ကြောင်းပါ။]

  • မမေးလည်းဖြေ (၄) – ဘာကြောင့် ကုလားမဟုတ်ချင်တာလဲ

    နေမျိုး

     

    ဒီကြွေးကြော်ချက်နဲ့  စချင်ပါတယ်။ ကုလားမဟုတ်  မြန်မာမွတ်စလင်မ်ဖြစ်သည်။

    တောင်ကုတ်မှာ ဗုဒ္ဓဘာသာ ရခိုင်အစွန်းရောက်တွေ ရက်ရက်စက်စက် အကြမ်းဖက်အသတ်ခံလိုက်ရတဲ့ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကိစ္စ သတင်းကြေညာ ရာမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာသတင်းစာတွေက “မူစလင် ကုလား” ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး ကြေညာသွားပါတယ်။ ဒါကို မြန်မာမွတ်စ လင်မ်တွေက မကျေနပ်လို့  မကျေနပ်တဲ့အကြောင်း ဆန္ဒထုတ်ဖော်တော့ ကုလားမလို့ ကုလားခေါ်တာဘာဖြစ်လဲတို့ ၊ ကုလားလို့  မခေါ်ရင် ဘယ်လို ခေါ်ရလဲ လို့  ရိုးရိုးသားသားမေးတဲ့လူရှိသလို ဒီလောက် ပူလောင်နေတဲ့ အချိန်မှာတောင် ကုလားကို ရမရာမရှိ မိဘမောင်နှမများရှေ့  မပြောရဲတဲ့ စကားလုံးများနဲ့  ဆက်ပြီး ဆဲနေတာတွေတွေ့ ရတယ်။

    ဘာကြောင့် ကုလားဆိုပြီး အခေါ်မခံချင်ကြတာလဲ။

    ဒီမေးခွန်းကို ကုလားဆိုပြီး မွေးကတည်းက အခေါ်ခံ အနှိမ်ခံလာရတဲ့ ကျနော်တယောက် ရှင်းပြပါမယ်။ ကျနော်ပြောတာ မသိလို့ လေ့လာချင်လို့ ဆိုရင် ဆက်ဖတ်ပါ။ လူတယောက်တည်းမဟုတ်ပဲ လူပေါင်းများစွာရဲ့  ခံစားနာကျည်းချက်ကို သူတို့ အားလုံးကိုယ်စား ကျနော်ပြောပါမယ်။ မွတ်စလင်မ်တွေ ကျနော်ပြောတာ လက်ခံရင် ခံစားချက်ချင်းတူတယ်ဆိုရင် Like လုပ်ခြင်း၊ Share ပေးခြင်း၊ ယဉ်ကျေးစွာ ကော်မန့် ချခြင်ဖြင့် ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ပြပါ။

    ဘာကြောင့် ကုလားဆိုတဲ့ စကားလုံးကို မုန်းတာလဲ။ မဖြေခင် မေးခွန်းတခုမေးပါမယ်။ သင်သိပ်ချစ်ရမဲ့ သင့်သားလေးကို သန်းရွေဆိုပြီး နာမည်ပေး မလား။ သန်းနဲ့  ရွှေ စကားလုံး ၂ လုံးအကောင်းချည်းပဲ။ ဒါပေမဲ့ အဲ့ဒီနာမည်ပေးမလား။ ဒါနဲ့ တင် ပြည့်စုံပါပြီ။ အဲ့ဒီ စကားလုံးတွေရဲ့  နောက်ကွယ်က အဓိပ္ဗါယ်တွေကြောင့် အဲ့ဒီနာမည်ကို မထားချင်တာ မဟုတ်ဘူးလား။ ဒီလိုပါပဲ —

    ရုပ်ရှင်ဒါရိုက်တာဆိုတဲ့ ပညာတတ် နိုင်ငံခြားမှာလဲ နေနေတဲ့ မြန်မာတယောက်တောင် ကုလားလို့ ခေါ်တာ လက်မခံနိုင်တဲ့ လူတွေက မခေါ်ပါနဲ့ လို့  ပြောတာတောင် သူ့ စိတ်ထဲဘာမှမရှိလို့  ဆက်ခေါ်မယ်ဆိုမှတော့  နိုင်ငံခြားလည်းမရောက်ဘူး၊ ပညာလည်းအားနည်းတဲ့ မြန်မာအများစု နားလည် မပေးနိုင်တာလောက်တော့ မဆန်းပါဘူး။ ခံရတဲ့လူမဟုတ်တော့ ဘယ်နာပါ့မလဲ။ နာတဲ့လူတွေ နာတယ်လို့ အော်တာလည်း ဘယ်ကြားပါ့မလဲ။  ပညာရှိ သတိဖြစ်ခဲလား ငါအသိအတတ်ဆိုပြီး သူများတကာရဲ့  နေ့စဉ်နဲ့ အမျှ ထိတွေ့ ခံစားချက်ကို နားမလည်နိုင်အောင် အသိတရားတွေ စိုင်ခဲနေပြီး အသည်းမာကြောတာလားတော့ ပြောမတတ်ပါ။

    ဒါပေမဲ့ မြန်မာတွေဟာ ယဉ်ကျေးပျူငှာပြီး အေးချမ်းတဲ့ လူတွေမလို့  နားမလည်သေးတဲ့ ကျနော်တို့  ခံစားချက်ကို နားလည်ပေးအောင် တတ်နိုင်သလောက်ရှင်းပြပါမယ်။

    ကုလားဆိုတာ ဘယ်ကလာတယ်ဆိုတာ အမျိုးမျိုး အဓိပ္ဗါယ်ဖွင့်ကြတယ်။

    အနောက်ဖက်ကနေ မြန်မာပြည်ကို ကူးလာတဲ့လူတွေမလို့  ကုလားလို့ ခေါ်တာလို့ ပြောရင်

    (၁) ကျနော်တို့ ဟာ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးတာပါ။ မိဘ မပြောနဲ့  အဖိုးအဖွားတွေတောင် မြန်မာပြည်မှာ မွေးကြတာ။ မကူးလာတဲ့ အတွက် ကျနော်တို့ ကုလားမဟုတ်ပါ။

    (၂) ကျနော်တို့ က ကုလားတွေဆိုရင် နှစ်ရာပေါင်းများစွာက တိဘက်၊ အန္ဒိယ၊ မွန်ဂို၊ တရုတ်တောင်ပိုင်းကနေ စတင်အခြေခံ ဆင်းလာတဲ့ ဗမာတွေရော တိုင်းရင်းသားတွေရော အားလုံး တနေနေရာက ကူးလာတာမလို့  ကုလားတွေချည်းမဟုတ်ဘူးလား။

    (၃) ထိုင်းနဲ့ မလေးရှားမှာ မြန်မာပြည်ကကူးလာတဲ့ ဗမာတွေ တိုင်းရင်းသားတွေရှိတယ်။ သူတို့ လည်း ကူးလာတဲ့ ကုလားတွေမဟုတ်ဘူးလား။ ဒါတွေထားလိုက်ပါ။ အဲ့ဒီစကားလုံး ဘယ်ကလာလာ ကျနော့်ကို ကုလားလို့ ခေါ်ရင် အသေနာတယ်။ အရင်က အဲ့ဒီလောက်မနာပေမဲ့ ခုဆိုရင် ရင်ထဲ အသည်းထဲကထိနာတယ်။ ဘာကြောင့်လဲ။ အွန်လိုင်းပေါ်မှာ ကုလားကို အကောင်းဖက်က ဘယ်တုန်းက သုံးလို့ လဲ။ ကုလားဆိုရင် Negative တွေက အလိုလို ပါပြီးသားပဲ။

    ကုလားပြီး အမေနှမတွေနဲ့ ကိုင်ဆဲတယ်။ (သီးခံပါ) အခုဆိုရင် မအေ -ိုးကုလား၊ ငါ -ိုးမကုလား။ သောက်ကုလား၊ -ီး ကုလား၊ ခွေးကုလား  ဆိုပြီး တွင်တွင်ကြီးဆဲနေကြတာ အားလုံးအသိပဲ။

    နေ့ တဓူဝ အပြင်လောကမှာလည်း ဆဲချင်ရင် ကုလားလို့ သုံးတယ်။ ချစ်တီးကုလား၊ ကုလားကျင့် ကုလားကြံ၊ ကလေးကုလား၊ သောက်ကုလား စသဖြင့်။ ကုလားဆိုတဲ့ စကားလုံးမှာ မကောင်းတဲ့အနေနဲ့  Negative အနေနဲ့ ပဲ သုံးတော့တယ်။ သီချင်းထဲမှာတောင် ကုလားတို့ စိတ်ဓာတ် အားကြီးမုန်းတယ်ဆိုပြီး ဆိုသမား ဆိုတယ်မလား။ ရုပ်ရှင်တွေထဲမှာလည်း ကုလားဆို နှိမ်ဖို့ လောက်ပဲ ပြောကြတယ်။

    ကုလားလို့ အခေါ်ခံလိုက်ရရင် နာမ၀ိသေသနာ ဘာမှမပါရင်တောင် နှိမ်ချပြီး ခေါ်သလို ခံစားရတယ်။ ဆဲတဲ့ စကားလုံးတွေ အော်တိုပါပြီးသားလို ခံစားရ တယ်။ အလွန်အမင်းနှိမ်ချပြီး ခေါ်တဲ့အခေါ်အဝေါ်လို့ ပဲ ခံစားရတယ်။

    ငယ်ငယ်တုန်းကတည်းက သူငယ်ချင်းတွေက ကုလားဆိုပြီးဆဲတယ်။ ဆရာဆရာမတွေကလည်း ဟဲ့ကုလား ဆိုပြီး ခေါ်တယ်။ ကုလားလေး ကုလားလေးဆိုပြီး သူငယ်ချင်းတွေက နောက်တယ် ပြောင်တယ်။ သူငယ်တန်းကအစ ၁၀ အောင်ပြီး အဲ့ဒီသူငယ်ချင်းတွေနဲ့  လမ်းခွဲတဲ့အထိပဲ။

    ကုလားဆိုတာ အနောက်တိုင်းမှာ အာဖရိကတွေကို ခေါ်တဲ့ နစ်ဂါတို့  နီဂရိုး လို ခွဲခြားတဲ့အသုံးအနှုန်းဖြစ်တယ်။ အနောက်တိုင်းမှာ နေ့ တဓူဝမှာတောင် သူငယ်ချင်း အချင်းချင်းကြားမှာတောင် နစ်ဂါလို့ ခေါ်လို့ မရဘူး။ သတင်းတွေ စာတွေ ရုပ်ရှပ်တွေမှာ သုံးရင် တရားစွဲခံရသလို အလုပ်လဲပြုတ်တယ်။

    ဒါပေမဲ့ မြန်မာပြည်မှာတော့ ကုလားဆိုတာကို နေရာတိုင်းမှာ တွင်တွင်ကြီးသုံးနေလေရဲ့ ။ အစိုးရသတင်းစာမှာရော အတိုက်အခံသတင်းဌာနတွေမှာပါ သုံးနေလေရဲ့ ။

    ကုလားဆိုတဲ့ အသံကြားရင် အဆဲခံရသလို ခံစားရတဲ့အတွက် မွတ်စလင်မ်တွေအားလုံး ကုလားဆိုပြီး အခေါ်ခံရရင် ရင်ထဲအသည်းထဲကထိနာတယ်။ ဒါကြောင့် မြန်မာတွေ ကိုယ်ချင်းစာစိတ်ဓာတ်ရှိတယ်ဆိုရင် ကျနော်တို့  ကို ကုလားလို့ မခေါ်ကြပါနဲ့ ။

    ဒါဆို ဘယ်လိုခေါ်ရမှာလဲ —

    လွတ်လပ်ရေးကာလတုန်းက အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေကို ဗမာမွတ်စလင်မ်လို့ ခေါ်တယ်။ ဗမာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ် သူတွေလို့ ဆိုလိုတာပါ။ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ကိုယ်တိုင် အဲ့ဒီလို ခေါ်ဝေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီတုန်းက ခေါင်းဆောင်တွေ အသိအ မှတ်ပြုခဲ့တယ်။ အခု ဗမာနိုင်ငံအစား မြန်မာနိုင်ငံလို့ သုံးနှုန်းတဲ့အတွက် ဗမာအစား မြန်မာလို့ သုံးပြီး မြန်မာမွတ်စလင်မ် လို့  ခေါ်ဝေါ်စေချင်ကြ တာပါ။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ အစ္စလာမ် ဘာသာဝင်တွေဆိုတာပါပဲ။ မြန်မာမွတ်စလင်မ်ဆိုတာ လူမျိုးမဟုတ်ပါ။ မြန်မာပြည်မှာနေထိုင်ပြီး အစ္စလာမ် ဘာသာတွေကို ခြုံငုံပြီး ခေါ်ဝေါ်တဲ့ ယေဘုယျ နာမည်တခုပါပဲ။

    ကုလားမဟုတ်ပါ – မြန်မာမွတ်စလင်မ်ဖြစ်သည်။

  • မမေးလည်းဖြေ (၂) – အာဖဂန်မှာ ရုပ်ပွားတော် ဖျက်တာ မြန်မာမွတ်စလင်မ်တွေလား

    မမေးလည်းဖြေ (၂) – အာဖဂန်မှာ ရုပ်ပွားတော် ဖျက်တာ မြန်မာမွတ်စလင်မ်တွေလား

    နေမျိုး

    အာဖဂန်က တာလီဘန်တွေ ဗုဒ္ဓရုပ်ပွားတော်ကို လောင်ချာနဲ့  ထုဖျက်ဆီး လိုက်တာနဲ့ပတ်သက်ပြီး မြန်မာပြည်က မွတ်စလင်မ်တွေကို တဖက်သက် စွပ် စွဲဆဲဆိုနေတာ အများအသိပါပဲ။ တာလီဘန်တွေ စစ်သွေးကြွပြီး ထင်ရာစိုင်း တာ မြန်မာပြည်က မွတ်စလင်မ်တွေရဲ့ အပြစ်လား။ သူတို့ ကို ကျနော်တို့  က လုပ်ခိုင်းတာလား။ ကျနော်တို့ ကိုယ် စား သူတို့ လုပ်ပေးခဲ့တာလား။

    တာလီဘန်နဲ့ မြန်မာမွတ်စလင်မ် ဘာမှမဆိုင်ဘူး။ လူမျိုးမတူဘူး ဘာသာစ ကားလည်းမတူဘူး။ ဆွေ မျိုးတွေ လည်းမဟုတ်ဘူး။ နိုင်ငံရေးခံယူ ချက် လည်းမတူဘူး။ ယဉ်ကျေးမှုခြင်းလည်းမတူဘူး။ တာလီဘန်တွေ သွေးအေး စစ်ပွဲဒဏ်ကြောင့် ပါဝါလုကြရင်း ဘာသာရေး အစွန်းရောက်တွေဖြစ် ပြီး ထင်ရာစိုင်းတာ မိုင်ရာပေါင်းများစွာက ကျနော်တို့  အပြစ်လား။ တာလီဘန်တွေ ကိုမွေးပေးခဲ့တဲ့ CIA ကို သာ အပြစ်မတင်သင့်ဘူးလား။ မဆီမဆိုင် မြန်မာမွတ်စလင်မ်တွေကို ထိုင်ဆဲနေမဲ့အစား တာလီ ဘန်ကိုသာ သွားမတိုက်သင့်ဘူးလား။

    တာလီဘန်တွေ အဲ့ဒီရုပ်ပွားတော်ဖျက်ဆီးတုန်းက ကျနော်တို့ တွေကန့် ကွက်ခဲ့ တယ်။ ကမ္ဘာအနှံ့ က မွတ်စလင်မ် တွေလည်း ဆန္ဓပြခဲ့တယ်။ အခုလည်း ဗုဒ္ဓ ဘာသာကိုစော်ကားတဲ့ ကိစ္စတွေရှိလာရင် မွတ်စလင်မ်တွေ ကန့် ကွက် တယ်။ Rude Buddha ဆိုတဲ့ ဗုဒ္ဓကို တဏာသမားအနေနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်း (ဒီမှာ) ကို မွတ်စလင်မ်တွေ ကန့် ကွက်ခဲ့တယ် (ဒီမှာဖတ်ပါ)။ ရွေဝါရောင်တုန်း ကလည်း သံဃာတော်တွေကို မွတ်စလင်မ်တွေ ၀ိုင်းရံခဲ့တယ်။

    ကဲ ဒါနဲ့ သူတို့ လည်း အစ္စလာမ်ဘာသာဝင်တွေပဲဆိုတာနဲ့  သူတို့ လုပ်သမျှ ကျနော်တို့ တာဝန်၊ ကျနော်တို့ အ ပြစ်ဖြစ်သွား ရောလား?

    ဒီလိုဆို မေးမယ်။ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးအခင်းတုန်းက ဘုန်းကြီးတွေအကြမ်းဖက်ခံရတဲ့ကိစ္စ အတွက်   မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိလား။ အဲ့ဒါ လူမျိုးတူ ဘာသာတူ စကားတူ ဒေသတူချင်းတွေပဲ။

    နောက်တခု — စစ်အစိုးရခေတ်တုန်းက တိုင်းရင်းသားဒေသတွေမှာ ရွာမီးရှို့ ၊ လူသတ်၊ မုဒိန်းကျင့်၊ ရွာသားတွေ မောင်းထုတ် အကုန်လုပ်တယ်။ အခုလဲ ကချင်ဒေသမှာဖြစ်နေတုန်းပါပဲ။

    ဒီကိစ္စ ၂ ခုလုံးအတွက် မြန်မာပြည်က ဗမာတွေနဲ့  ဗုဒ္ဓဘာသာဝင်တွေအားလုံး အပြစ်ရှိလား။ အပြစ်ပေးမယ်ဆို ရင် ဗမာဗုဒ္ဓဘာသာတိုင်း အပြစ်ခံကြရမှာ လား။ စဉ်းစားကြပါ။ မြန်မာတွေ ခေါင်းဒီလောက်မတုံးပါဘူး။

    အစ္စလာမ်က ဘာသာမတူရင်သတ်ဆိုတဲ့ အမိန့် ရှိတယ်လို့  တလွဲစပင် မပြောပါနဲ့ ။ မမေးလည်းဖြေ ပါမယ်။ အစ္စလာမ်မှာ ကျူးကျော်စစ်၊ ကိုယ်ကစ မတရားလုပ်တာကို လုံးဝ (လုံးဝ) ခွင့်မလွတ်ဘူးဆိုတာ အတိအလင်း မိန့် ထားပါတယ်။ နံပတ် (၃) မှာ ဆက်ဖတ်ပါ။

    [မှတ်ချက် – စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်]