News @ M-Media

Tag: 1001

  •  ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

     ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

    နိုဝင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda)

    –  စူးစမ်းလေ့လာရေးစင်တာတွေ ပေါများလားမှု၊ ညဖက် ကောင်းကင်ယံကို စိတ်ဝင်စားမှု မြင့်တက်လာတာနဲ့အတူ ၉ ရာစုနဲ့ နောက်ပိုင်း မွတ်စလင်နက္ခတ္တဗေဒပညာရှင်တွေဟာ ကောင်းကင်ယံကြီးကို ထဲထဲဝင်ဝင် လေ့လာစူးစမ်းခဲ့ကြပြီး ကြယ်နက္ခတ်တွေ၊ ကြယ်စင်စုကြီးတွေအကြောင်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီလို ဖော်ထုတ်မှုတွေထဲမှာ ၁၀ ရာစု ပါရှန် ပညာရှင်ကြီး အဘ်ဒဲလ် ရဟ်မန် အလ်-ဆူဖီ (Abd al-Rahman) လည်း ပါဝင်ပါတယ်။ အလ်-ဆူဖီဟာ တကယ့်ကို တစ်ဖက်ကမ်းခတ်တဲ့ နက္ခတ္တဗေဒသမားကြီးဖြစ်ပြီး သက္ကရာဇ် ၉၆၄ ခုနှစ်မှာ ကမ္ဘာနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda) အကြောင်းကို ရေးသားခဲ့ပြီး ‘တိမ်မရှိတဲ့ ဂလက်ဆီ’လို့ ဖော်ညွှန်းခဲ့ပါတယ်။

    ဒီဖော်ပြချက်ဟာ မိမိတို့ရဲ့ ဂလက်ဆီအပြင်ဘက်က အရာတွေအကြောင်းကို ပထမဆုံးဖော်ပြချက်လည်း ဖြစ်ပါတယ်။ အလ်-ဆူဖီဟာ ကြယ်တွေရဲ့ အနေအထား၊ အရွယ်အစား၊ အရောင်အဆင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကြယ်အစုအဝေးတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကြယ်အစုအဝေး တစ်ခုချင်းစီအတွက်လည်း ကမ္ဘာကနေ မြင်ရတဲ့ပုံစံ၊ အာကာသကနေ မြင်ရတဲ့ပုံစံ စသဖြင့် နှစ်မျိုး ရေးဆွဲခဲ့ပါတယ်။ အလ်-ဆူဖီဟာ နက္ခတ္တအိမ်မြှောင်နဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေအကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။

    ဒီလိုလေ့လာမှုတွေကြောင့် ကြယ်တွေနဲ့ ကြယ်အစုအဝေး တော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒါတွေအတွက် အခုအချိန်အထိ မူရင်းအာရဘီအမည်တွေကို သုံးစွဲနေကြတုန်းဖြစ်ပါတယ်။ မွတ်စလင် နက္ခတဗေဒပညာရှင်ကြီးတွေဟာ ကြယ်တွေကို နာမည်ပေးတာ၊ အကွာအဝေးသတ်မှတ်တာတွေ လုပ်ကြပြီး ဒီကနေ့မှာ ကြယ်တော်တော်များများကို မူရင်း အာရဘီအမည်ရဲ့ အငွေ့အသက်ပါတဲ့ အမည်တွေနဲ့ အခုအချိန်အထိ ခေါ်ဝေါ်နေကြတုန်း ဖြစ်ပါတယ်။

    မွတ်စလင်ပညာရှင်ကြီးတွေဟာ ကြယ်ပြမြေပုံတွေကိုလည်း တီထွင်ရေးဆွဲခဲ့ကြပြီး ဒါတွေကို ဥရောပနဲ့ အရှေ့တိုင်းမှာ ရာစုနှစ်နဲ့ချီ အသုံးပြုခဲ့ကြပါတယ်။ အာကာသကောင်းကင်ကို ဖော်ကျူးရေးဆွဲမှုတွေဟာ မွတ်စလင်ကမ္ဘာမှာ အနုပညာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ၈ ရာစုက ဆောက်လုပ်ခဲ့တဲ့ ဂျော်ဒန်နန်းတော်ကြီး ‘ကူဆီရ် အမ်ရာ’ (Qusayr’ Amra) ရဲ့ ရေချိုးခန်းအမိုးခုံးမှာ အင်မတန် လက်ရာမြောက်တဲ့ စက်လုံးသဏ္ဍာန် မိုးကောင်းကင်ပြမြေပုံ ရေးချယ်ထားပါတယ်။ အဲဒီရေးဆွဲထားမှုထဲက အကောင်းပကတိအတိုင်းရှိနေတဲ့ အစိတ်အပိုင်းတွေမှာ ကြယ်အစုအဝေး ၃၇ ခုနဲ့ ကြယ်ပေါင်း ၄၀၀ လောက်ကို တွေ့မြင်နိုင်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • ဘူမိသိပ္ပံ –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၈)

    ဘူမိသိပ္ပံ –  ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၈)

    ဇူလိုင် ၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    – ရှေးခေတ် မွတ်စလင်လူ့အဖွဲ့အစည်းဟာ စကြာဝဠာ၊ လူသားထုနဲ့ သက်ရှိတွေအပေါ် သဘာဝကျကျ စူးစမ်းလေ့လာမှုမှာ တော်တော်လေး ပြောင်မြောက်ခဲ့ကြပါတယ်။ သတ္တုတွေ၊ ကျောက်သားတွေ၊ တောင်တန်းတွေ၊ ရေပြင်တွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ ပတ်သက်လို့ မွတ်စလင် သိပ္ပံပညာရှင်တွေဟာ တွေးခေါ်စဉ်းစား အဖြေထုတ်ခဲ့ကြပါတယ်။

    ရှေးဟောင်း အီဂျစ်တွေ၊ မက်ဆိုပိုတေးမီးယားတွေ၊ အိန္ဒိယသားတွေ၊ ဂရိတွေ၊ ရောမတွေဟာ သတ္တုပစ္စည်း၊ ကျောက်သံပတ္တမြား တစ်ချို့အကြောင်းကို သိရှိကြပါတယ်။ ဒီလူမျိုးတွေရဲ့ ဒေသတွေဟာ နောက်ပိုင်းမှာ အစ္စလာမ့်ခလီဖာရဲ့ အုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး ပထမ နှစ် ၃၀၀ အတွင်း သူတို့ရဲ့ လေ့လာတွေ့ရှိမှုတွေကို အာရဘီဘာသာ ပြန်ဆိုခဲ့ကြပါတယ်။ အဲဒီနောက် မွတ်စလင် သိပ္ပံပညာရှင်တွေ၊ စူးစမ်းလေ့လာသူတွေဟာ သုတေသနပြု ဖော်ထုတ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

    အစ္စလာမ်ကမ္ဘာ ကျယ်ပြန့်လာတာကြောင့် မွတ်စလင်တွေရဲ့ ဘူမိဗေဒ လေ့လာဆန်းစစ်မှုတွေဟာ ဂရိတွေလို မြေထဲပင်လယ်ဒေသမှာတင် မဟုတ်တော့ဘဲ၊ ဥရောပ၊ အာရှနဲ့ အာဖရိကဒေသတွေအထိ ဖြန့်ကျက်နိုင်ခဲ့ပါတယ်။ ၁၁ ရာစု မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ဆီနာ (Ibn Sina)  ရေးသားတဲ့ The Book of Cure (ကုသမှုဆိုင်ရာကျမ်း) မှာ မလေးကျွန်းဆွယ်လောက်အထိ ဝေးလွန်းတဲ့ နေရာက တွင်းထွက်သတ္တု၊ ကျောက်သံပတ္တမြား၊ အပင်တွေနဲ့ သက်ရှိတိရစ္ဆာန်တွေအကြောင်း အသိပညာတွေကိုပါ ထည့်သွင်းဖော်ပြထားတာကို တွေ့ရပါတယ်။

    ၁၀ ရာစု မွတ်စလင်ပညာရှင်များဖြစ်သော အစ်ခ်ဝမ် အလ်-ဆာဖာ (ဖြူစင်သော ညီအစ်ကိုများ) အဖွဲ့ကို အာရဘီကျမ်းတစ်ခုတွင် ဖော်ကျူးထားပုံ

     

    အနောက်တိုင်းမှာ အဗီဆီနာ (Avicenna) လို့သိတဲ့ အစ်ဗနေ့ဆီနာဟာ မွတ်စလင်လူ့အဖွဲ့အစည်း အထွတ်အထိပ် ရောက်နေတဲ့ကာလရဲ့ ထွက်ကုန်စစ်စစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ သူ့ကို ဘူမိဗေဒထက်စာရင် ဆေးပညာနဲ့ ဒဿနနယ်ပယ်လောက်မှာသာ လူတွေက ပိုသိကြပါတယ်။ သူ့ရဲ့ The Book of Cure စာအုပ်မှာ တွင်းထွက်ဗေဒ၊ မိုးလေ၀သဗေနဲ့ ပတ်သက်တဲ့ အရေးပါတဲ့ အခန်းတွေ ပါဝင်ပါတယ်။ အဲဒီအခန်းမှာ အစ်ဗနေ့ဆီနာဟာ သူ့ခေတ်သူ့အခါက ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ် လက်တင်ဘာသာပြန်ဟာ ဉာဏ်သစ်လောင်းဥရောပမှာ ကျော်ကြားခဲ့ပြီး ၁၅ ရာစုက လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci)၊ ၁၇ ရာစုက နီကိုလက်စ် ဆတီနို (Nicolas Steno)၊ ၁၈ ရာစုက ဂျိမ်းစ် ဟတ်တန် (James Hutton) တို့လို ဥရောပ ဘူမိဗေဒတွေးအခေါ်ကို အုတ်မြစ်ချပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တွန်းအားဖြစ်စေခဲ့တဲ့ ရင်းမြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။

    အသိပညာနယ်ပယ်ကို ချဲ့ထွင်ပေးခဲ့တဲ့ မွတ်စလင်ပညာရှင်ဟာ အစ်ဗနေ့ဆီနာတစ်ယောက်တည်း မဟုတ်ပါဘူး။ ဘူဗိဗေဒနယ်ပယ်က ကျော်ကြားတဲ့ မွတ်စလင်ပညာရှင်တွေထဲမှာ အလ်-ဘီရူနီ (Al-Biruni) လည်းပါဝင်ပြီး အစ်ဗနေ့ဆီနာနဲ့ ခေတ်ပြိုင်ဖြစ်ပါတယ်။

    သက္ကရာဇ် ၉၇၃ ခုနှစ် ခွါရီဇမ်မှာ မွေးဖွားခဲ့တဲ့ အလ်-ဘီရူနီကို နယ်ပယ်တစ်ခုတည်းမှာ ကန့်သတ်လို့မရဘဲ သူဟာ သင်္ချာ၊ နက္ခတ္တဗေဒ၊ ဆေးပညာ၊ ဒဿနိက၊ သမိုင်း၊ ဆေးဝါး၊ တွင်းထွက်သတ္တုဗေဒနဲ့ ဘူမိဗေဒ စတဲ့ နယ်ပယ်တွေမှာပါ စာအုပ်စာပေတွေ မြောက်များစွာ ရေးသားခဲ့သူဖြစ်ပါတယ်။

    ၉ ရာစု မွတ်စလင် ဘူမိဗေဒ ပညာရှင်ကြီး အစ်ဗနေ့ မာဆာဝေ

    သိပ္ပံ၊ ၀ိဇ္ဇာနယ်ပယ်မှာ သူ့ရဲ့ အကြီးအကျယ်ဆုံး အောင်မြင်မှုရတဲ့အချိန်က အိန္ဒိယကို ရောက်သွားတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီမှာ အလ်-ဘီရူနီဟာ လူမျိုးနွယ်၊ ဘာသာတရား၊ ဘာသာစကားနဲ့ ဒေသတွေအကြောင်းကို လေ့လာခဲ့ပြီး Chronicles of India (အိန္ဒိယရာဇ၀င်ကျမ်း) လို့ခေါ်တဲ့ ကျမ်းကြီးတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဟင်ဒီဘာသာစကားကို ပြောဆိုတတ်သလို အလ်-ဘီရူနီဟာ ဂရိ၊ သက္ကတနဲ့ ဆီရီအက် ဘာသာစကားတွေကိုလည်း တတ်ကျွမ်းပါတယ်။ စာအုပ်စာပေတွေ ရေးသားတဲ့အခါမှာတော့ ပါရှန်နဲ့ အာရဘီကို သူက အသုံးပြုပါတယ်။ အိန္ဒိယမှာ ရှိနေတဲ့အချိန် သူဟာ သဘာဝသမိုင်းနဲ့ ဘူမိဗေဒတွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ အလ်-ဘီရူနီဟာ ဂင်္ဂါမြစ်ဝှမ်းရဲ့ နုန်းပို့ချမှုသဘာဝကို မှန်ကန်စွာ ဖော်ပြနိုင်ခဲ့ပါတယ်။ တွင်းထွက်သတ္တုဗေဒနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြီးကျယ်တဲ့ ကျမ်းကြီးက Treatises on How to Recognize Gems (ကျောက်မြတ်များ မှတ်ကျောက်တင်မှုဆိုင်ရာကျမ်း) ဖြစ်ပြီး၊ ဒီကျမ်းကြောင့်ပဲ တွင်းထွက်သတ္တုဗေဒမှာ အလ်-ဘီရူနီဟာ ထိပ်တန်းပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

    ဒီနေ့ ဘူမိဗေဒလို့သိကြတဲ့ နယ်ပယ်မှာ အားထုတ်ကြိုးပမ်းခဲ့တဲ့ အခြား မွတ်စလင် သိပ္ပံပညာရှင်ကြီးတွေလည်း ရှိနေပါသေးတယ်။

    (၈၅၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့) ယဟ်ယာ အစ်ဗနေ့ မာဆာဝေဟ် (Ibn Masawayh) ဟာ Gems and Their Properties (ကျောက်မြတ်နှင့် ၎င်း၏တို့၏ ဂုဏ်သတ္တိများကျမ်း) ကို ရေးသားခဲ့ပြီး၊ (၈၇၃ ခုနှစ်မှာ ကွယ်လွန်တဲ့) အလ်-ကင်ဒီ (Al-Kindi) ကလည်း တွင်းထွက်ဗေဒနဲ့ပတ်သက်လို့ စာအုပ် ၃ အုပ်ရေးသားခဲ့ကာ Gems and the Likes (ကျောက်မြတ်နှင့် ထိုကဲ့သို့သောအရများကျမ်း) က အကျော်ကြားဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီစာအုပ်ဟာ ပျောက်ဆုံးနေပါတယ်။

    ၁၀ ရာစု မွတ်စလင်သိပ္ပံပညာရှင်ကြီး အလ်-ဟမ်ဒါနီ (Al-Hamdani) က ရွှေ၊ ငွေနဲ့ အခြားသော တွင်းထွက်သတ္တုတွေ၊ ကျောက်သံပတ္တမြား တည်ရှိရာဒေသနဲ့ ရှာဖွေတူးဖော်မှု၊ သူတို့ရဲ့ ဂုဏ်သတ္တိတွေအကြောင်း အာရေဗျဒေသမှာ စာအုပ် ၃ အုပ် ရေးသားခဲ့ပါတယ်။ အစ်ခ်ဝမ် အလ်-ဆာဖာ (ဖြူစင်သော ညီအစ်ကိုများအဖွဲ့) လို့ အမည်ရတဲ့ ၁၀ ရာစု ပညာရှင်အုပ်စုတစ်ခုက တွင်းထွက်သတ္တုဗေဒအကြောင်း အထူးသဖြင့် သတ္တုတွေကို အမျိုးအစားခွဲမှုအကြောင်း ပါဝင်တဲ့ စွမ်စုံကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။

    မွတ်စလင်ပညာရှင်တွေဟာ တွင်းထွက်ဗေဒ၊ ကျောက်သံပတ္တမြားတွေအကြောင်း စာအုပ်စာတမ်းတွေ တော်တော်များများ ရေးသားခဲ့ပေမယ့် အများစုကတော့ ပျောက်ဆုံးနေကာ အခုအချိန်မှာ နည်းနည်းလောက်သာ ကျန်ရှိပါတော့တယ်။

    ပတ္တမြားဖြစ်ကြောင်း စမ်းသပ်ခြင်း

    “အိန္ဒိယကထွက်တဲ့ ကျောက်ရိုင်းတုံးတစ်ချို့ကို ကျွန်တော်ဝယ်ခဲ့ပါတယ်။ အဲဒီထဲကတစ်ချို့ကို အပူပေးတဲ့အခါ အဲဒီကျောက်တုံးတွေက အနီရောင်ပိုသန်းလာပါတယ်။ အနက်ဖက် တော်တော်သန်းတဲ့ ကျောက်တုံးနှစ်တုံးကို တွေ့ရပြီး တစ်တုံးက နီညိုရောင်ဖြစ်ကာ၊ နောက်တစ်ခုက အနီဖျော့ရောင်ဖြစ်ပါတယ်။ ဒီကျောက်တုံးနှစ်ခုစလုံးကို ဖားဖိုပေါ်တင်ပြီး ရွှေ ၅၀ မစ်ကဲလ် (mithqal – အာရပ်များ ရွှေကိုတိုင်းသာသည့် ယူနစ်ဖြစ်ပြီး 1 mithqal လျင် ၄.၂၅ ဂရမ် အလေးချိန်ရှိသည်) ကို ပျော်လောက်တဲ့ မီးအရှိန်နဲ့ တိုက်ရိုက်အပူပေးပါတယ်။ အအေးခံပြီး ပြန်ကြည့်တဲ့အခါ အနီဖျော့ရောင်က ကြည်လင်ပြီး နှင်းဆီနီရောင် သန်းလာတာကို သတိပြုမိခဲ့ပါတယ်။ အခြားတစ်တုံးဖြစ်တဲ့ နီညိုရောင်ကတော့ အရောင်ပျောက်သွားပြီး ဆာရာဒစ်ဘ် (သီရိလင်္ကာ) က နှမ်းဖက်ကျောက်လို ဖြစ်သွားပါတယ်။ ဒုတိယကျောက်တုံးကို နောက်ပိုင်း ဆန်းစစ်ကြည့်တဲ့အခါ ယာကွတ် (yaqut – ပတ္တမြား) ထက် ပျော့ပြောင်းတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အပူပေးလို့ အနီရောက်ပျောက်သွားရင် ဒါဟာ ပတ္တမြားမဟုတ်ဘူးဆိုတာကို ကျွန်တော် ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီကောက်ချက်က ပြောင်းပြန်တော့ အဓိပ္ပါယ်မသက်ရောက်ပါဘူး – ဆိုလိုတာက အပူပေးလို့ အနီရောင်မှာ ဆက်ရှိနေမယ်ဆိုရင် ဒါဟာ ပတ္တမြားပဲလို့ ကောက်ချက်ချလို့ မရနိုင်တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သံကလည်း အပူပေးပြီးသွားရင် အနီရောင်ဖြစ်နေတတ်လို့ပါ” (၁၁ ရာစု မွတ်စလင်ပညာရှင် အလ်-ဘီရူနီရေးသားသည့် Treatises on How to Recognize Gems ကျမ်းမှ ပတ္တမြားဖြစ်ကြောင်း စမ်းသပ်မှု)

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • စာသင်ကျောင်းများ ဘယ်ကစ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၁)

    စာသင်ကျောင်းများ ဘယ်ကစ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၁၁)

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    samarkand
    ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာရ်ကန်ဒေသမှ မွတ်စလင်များ တည်ဆောက်ခဲ့သည့် ရှေးဟောင်း စာသင်ကျောင်းတစ်ခု

    – ကျွန်တော်တို့ရဲ့ ကလေးဘ၀ကို စာသင်ကျောင်းမှာ ကုန်ဆုံးပြီးတဲ့နောက်ပိုင်း အနှစ်သက်ဆုံး ဆရာ၊ ဆရာမတွေ၊ စိတ်အပျက်ဆုံးဘာသာရပ်တွေ စသဖြင့် ကျွန်တော်တို့မှာ ရှိခဲ့သလို ကာယအချိန်ကနေ စာမေးပွဲအထိ တသသပြောဆိုနေကြရမယ့် အမှတ်တရပေါင်းများစွာလည်း ကျန်ရစ်နေမှာ မလွဲမသွေဘဲ ဖြစ်ပါတယ်။ ကျောင်းသားဘ၀ အချိန်စာရင်းရဲ့ ပုံသွင်းမှုနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ နောက်ဆုံးမှာတော့ ပညာရည်ပြည့်ဝတဲ့ လူသားတစ်ယောက်အဖြစ် လူ့လောကအလယ် ၀င့်ထည် ရပ်တည် နိုင်ခဲ့ပါတော့တယ်။

    လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာအရင်က မွတ်စလင်တိုင်းပြည်တွေမှာ ဗလီဝတ်ကျောင်းတော်တွေဟာ စာသင်ကျောင်းတွေ ဖြစ်ခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်တွေဟာ ၀တ်ပြုရာနေရာနဲ့ ပညာသင်ကြားရာနေရာတွေ ဖြစ်တာကြောင့် အဲဒီအချိန်တုန်းက ဘာသာတရားနဲ့ အသိပညာမှာ ခြားနားမှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။ ဗလီသင်ရိုးညွှန်းတမ်းတွေမှာ ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်တွင် ပါဝင်ပြီး ဘာသာတရားနဲ့ သိပ္ပံပညာဟာ တစ်ပူးပူးတစ်တွဲတွဲရှိခဲ့ကာ ဒီလိုအခြေအနေမျိုးကို ကမ္ဘာ့ရဲ့ အခြားဒေသတွေမှာ မြင်တွေ့ရခြင်း မရှိခဲ့ပါဘူး။ ဒိန်းမတ်လူမျိုး သမိုင်းပညာရှင် ယိုဟန်နက်စ် ပက်ဒါဆန် (Johannes Pedersen) က “တစ်ဦးတစ်ယောက်အဖို့ နှစ်ခုစလုံး လေ့လာဆည်းပူးလိုရအောင် ပညာရေးဟာ ဘာသာတရားနဲ့ ပူးပူးကပ်ကပ် ဆက်နွယ်နေခဲ့ပါတယ်။ အဲဒီပညာရေးက အတွင်းအဇ္ဈတ ငြိမ်းအေးမှု၊ ဘုရားသခင်ရဲ့ အမိန့်တော်ကို နာခံမှုတွေကိုလည်း ဖြစ်ထွန်းစေပါတယ်။ ပြီးတော့ ပညာရှိတွေဟာ ရောင်းရဲတင်းတိမ်မှု ရှိကြယုံသာမက အခြားသူတွေအတွက် ပေးဆပ်အနစ်နာခံဖို့ လှုံ့ဆော်ပေးတဲ့ ပညာရေးမျိုးလည်း ဖြစ်ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်သာယာမှု သက်ရောက်ပါစေ) က ဗလီဝတ်ကျောင်းတော်တွေကို အသိပညာမျှဝေရေးစင်တာ၊ သင်ကြားရေးစင်တာနဲ့ ပညာရေးဆိုင်ရာ စီမံခန့်ခွဲရေးစင်တာတွေအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ဘယ်နေရာမှာပဲ ဗလီဆောက်ဆောက် အခြေခံပညာရေးကို သင်ပေးကြပါတယ်။ မုဟမ္မသခင်ဟာ အာရပ်မျိုးနွယ်စုတိုင်းကို ကုရ်အာန်ကျမ်းတော်မြတ် သင်ကြားပို့ချပေးတဲ့ ဆရာတွေ စေလွှတ်ခဲ့ပြီး အဲဒီဆရာတွေကို အာလင်မ် (Ahl al-’ilm) လို့ ခေါ်ဆိုကာ ‘အသိပညာ ပြည့်စုံကြသူများ’ လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနည်းလမ်းနဲ့ပဲ ပညာရေးဟာ နေရာတိုင်းကို ပြန့်နှံ့ရောက်ရှိသွားခဲ့ပြီး နေရာအနှံ့ခြေဆန့်ကြတဲ့ အာလင်မ်တွေဟာ သူတို့ရဲ့ အသိပညာကို မျှဝေပေးရင်း ဘ၀အသက်တာကို ကုန်ဆုံးခဲ့ကြပါတယ်။ ၁၀ ရာစု ပထ၀ီပညာရှင်၊ ကုန်သည်နဲ့ ခရီးသွားဖြစ်သူ အစ်ဗနေ့ ဟော်ကဲလ် (Ibn Hawqal) က အီတလီနိုင်ငံ ပါလာမိုကို သူရောက်ရှိခဲ့တဲ့အချိန်မှာ မူလတန်းဆရာ ၃၀၀ လောက် ရှိတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။

    ၇ ရာစု တမန်တော် မုဟမ္မဒ်သခင် ခေတ်ကာလတုန်းက မဒီနာမှာ ဗလီဝတ်ကျောင်းတော် ၉ လုံး ရှိခဲ့ပါတယ်။ မဒီနာက ပထမဆုံး စာသင်ကျောင်းဟာ သက္ကရာဇ် ၆၂၂ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပြီး အဲဒီ ပညာသင်ကြားရေး အယူအဆဟာ ပြန့်နှံ့သွားခဲ့ကာ ၇၄၄ ခုနှစ်မှာတော့ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ နောက်ထပ် စာသင်ကျောင်းတစ်ကျောင်း ပေါ်ပေါက်လာခဲ့ပါတယ်။ ၈ ရာစု စပိန်နိုင်ငံ ကော်ဒိုဘာမြို့မှာလည်း စာသင်ကျောင်းတွေ ပေါ်ပေါက်လာခဲ့ပြီး ၉ ရာစုမှာတော့ အစ္စလာမ့်အင်ပါယာ လက်အောက်မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တိုင်းမှာ အမျိုးသား၊ အမျိုးသမီးတွေအတွက် မူလတန်းစာသင်ကျောင်း တစ်ခုစီ ရှိလာခဲ့ပါတော့တယ်။

    အဲဒီခေတ်ကာလမှာ အသက် ၆ နှစ်ပြည့်ပြီဆိုတာနဲ့ ချမ်းသာတဲ့ ကလေးတွေကလွဲလို့ ယောက်ျားလေးတွေနဲ့ မိန်းကလေးအချို့ဟာ မူလတန်းပညာရေးကို စတင်သင်ယူရပါတယ်။ (ချမ်းသာတဲ့ ကလေးတွေကတော့ အိမ်မှာ ဆရာခေါ်သင်ကြတာ ဖြစ်ပါတယ်) ကျူရှင်တွေက များသောအားဖြင့် အခမဲ့ဖြစ်ပြီး လခပေးရရင်လည်း အနည်းငယ်သာဖြစ်တာကြောင့် အခြေခံလူတန်းစားအားလုံး တက်ရောက်နိုင်ကြပါတယ်။ အစ္စလာမ့်အင်ပါယာလက်ထက်က ပညာရေးစနစ်မှာ အရေးအသား လေ့ကျင့်ခန်းရဲ့ ပထမဆုံးသင်ခန်းစာက အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော် ၉၉ ပါးနဲ့ ကုရ်အာန်ကျမ်းတော်မြတ်ထဲက လွယ်ကူတဲ့ ပါဒတော်အချို့ကို ရေးသားလေ့ကျင့်ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကုန်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးနဲ့ အရစ်မသစ် သင်္ချာပညာတွေကို အဆင့်လိုက် သင်ကြားရပါတယ်။

    ၁၀ ရာစု ရောက်တဲ့အချိန်မှာ အစ္စလာမ့်အင်ပါယာရဲ့ ပညာရေးစနစ်ဟာ ဗလီဝတ်ကျောင်းတော်တွေက ဖယ်ခွာပြီး ဆရာတွေရဲ့အိမ်မှာ သင်ကြားတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။ ဒီလိုနည်းလမ်းနဲ့ပဲ သီးသန့်စာသင်ကျောင်းတွေဟာ တစ်ဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီး ဒီ စာသင်ကျောင်းတွေကို ပါရှားပြည်မှာ ပထမဆုံး တွေ့မြင်နိုင်ပါတယ်။ နောက်ပိုင်း ၁၀၆၆ ခုနှစ် ရောက်တဲ့အခါမှာတော့ ဆဲလ်ဂျုက် (Seljuk-တူရကီ) တွေဟာ နီဇမ်မီယာစာသင်ကျောင်း (Nizamiyah) ကို တည်ထောင်ခဲ့ပြီး ဒီနာမည်ဟာ ဘဂ္ဂဒတ်မှာ စာသင်ကျောင်းတည်ထောင်သူ ဗီဇီယာ နီဇမ် အလ်-မွလ်က် (Vizier Nizam al-Mulk) ရဲ့ အမည်ကို မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ဒီ နီဇမ်မီယာ စာသင်ကျောင်းဟာ သီးခြားစာသင်ဆောင်တွေရှိတဲ့ ကမ္ဘာ့ ပထမဆုံး စာသင်ကျောင်းဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ကျောင်းတွေကို တည်ထောင်တာ၊ ကျောင်းဆရာတွေကို လစာသတ်မှတ်ပြီး ခန့်ထားတာ စတဲ့ စနစ်တွေကတော့ အစ္စလာမ်ပေါ်ထွန်းစ စောစောပိုင်းကာလကတည်းက ရှိခဲ့တာဖြစ်ပါတယ်။

    မွတ်စလင်တွေဟာ အခြားအဆောက်အဦးတွေလိုပဲ စာသင်ကျောင်းတွေကိုလည်း အကုန်အကျခံကာ အလှပဆုံးဖြစ်အောင် ဖန်တီးတည်ဆောက်ကြပါတယ်။ ကျောင်းတစ်ကျောင်းချင်းစီမှာ ကစားကွင်းတစ်ခု ပန်းဥယျာဉ် တစ်ခုကနေ ၄ ခုအထိ ပါဝင်တတ်ပြီး၊ ကစားကွင်းအများစုဟာလည်း အမိုးခုံးပါဝင်တဲ့ ဟောခန်းနဲ့ တစ်ဆက်တည်း ဆက်သွယ်ထားတတ်ပါတယ်။ အဲဒီဟောခန်းကိုတော့ စာသင်ကြားဖို့ ဒါမှမဟုတ် စုပေါင်းဝတ်ပြုဖို့အတွက် အသုံးပြုကြပါတယ်။ အစ္စလာမ့်အင်ပါယာလက်ထက်က စာသင်ကျောင်းတွေကို နိုင်ငံတော် ဒါမှမဟုတ် အုပ်ချုပ်သူဘုရင်က တိုက်ရိုက်ကွပ်ကဲဖြစ်ပြီး အဲဒီကျောင်းတွေမှာ ပညာသင်ကြားတဲ့ ဆရာတွေဟာ သတ်မှတ်ထားတဲ့ အသိအမှတ်ပြုလက်မှတ် ရှိရပါတယ်။

    ၁၄ ရာစုက စာသင်ကျောင်းတွေကို ကြီးကြပ်ကွပ်ကဲသူ အစ်ဗနေ့ အလ်-ဟာဂ်ျ (Ibn al-Hajj) ကတော့ သူ့ခေတ်သူ့အခါက စာသင်ကျောင်းစည်းကမ်းတွေကို ဒီလိုသတ်မှတ်ခဲ့ပါတယ်။

    “စာသင်ကျောင်းများမှာ ဈေးများ၊ သို့မဟုတ် လူသွားလူလာများသည့် နေရာတွင် ရှိရမည်။ သီးသန့်နေရာ မဖြစ်စေရ။ စာသင်ကျောင်းများမှာ စာသင်ကြားရာနေရာဖြစ်ပြီး ပျော်ပွဲစားရုံမဟုတ်သဖြင့် ကျောင်းသားများအနေဖြင့် မုန့်များ ကျောင်းအတွင်းသို့ မယူလာရ။ အတန်းများအား စီမံခန့်ခွဲရန်နှင့် လာရောက်လေ့လာသူများအား ၎င်းတို့၏ အဆင့်အလိုက် နေရာချထားပေးရန် အတန်းပိုင်များတွင် လက်ထောက်တစ်ဦးစီ ရှိရမည်။ အဆိုပါလက်ထောက်မှာ အိပ်ငိုက်နေသူများကို နှိုးပေးရမည်။ စာသင်ခန်းတွင် လုပ်ဆောင်ရမည်များကို မလုပ်ဘဲ၊ မလုပ်ဆောင်ရမည်များကို လုပ်ဆောင်သူများအား ၎င်းက သတိပေးရမည်။ ဆရာ၏သင်ကြားချက်များကို နာယူမှတ်သားနိုင်စေရန် ကျောင်းသားများကို ၎င်းက သတိပေးရမည်။ စာသင်ခန်းအတွင်း စကားပြောခြင်း၊ ရယ်မောခြင်း၊ လှောင်ပြောင်ခြင်းတို့ကို ပိတ်ပင်တားမြစ်သည်။”

    ၁၅ ရာစုလောက်မှာတော့ အော်တိုမန်တွေဟာ စာသင်ကျောင်းစနစ်ကို တော်လှန်ပြောင်းလဲခဲ့ပြီး အစ္စတန်ဘူလ် (Istanbul) နဲ့  အီဒါရ်နီ (Edirne) မြို့တွေမှာ ခြံနဲ့ဝန်းနဲ့ တည်ဆောက်ထားတဲ့ စာသင်ကျောင်းတွေကို ဆောက်လုပ်ခဲ့ပါတယ်။ အော်တိုမန်တွေရဲ့ ပညာရေးစနစ်ကို ကူလီယီ (Kulliye) လို့ ခေါ်ဆိုပြီး အဆောင်တစ်ဆောင်နဲ့တစ်ဆောင် ပြောင်းတက်ရတဲ့ ပညာရေးမျိုးလည်း ဖြစ်ပါတယ်။ ကျောင်းရဲ့ ပရ၀ုဏ်အတွင်းမှာတော့ ဗလီဝတ်ကျောင်းတော် တစ်လုံး၊ ဆေးရုံတစ်ခု၊ အများသုံး မီးဖိုဆောင်နဲ့ စားသောက်ခန်းတို့ ပါဝင်ပါတယ်။ ဒီလို အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ပေးထားတာကြောင့် အော်တိုမန်ခေတ်မှာ လူတန်းစားအားလုံးဟာ ပညာသင်ယူခွင့် ရရှိခဲ့ကြပါတယ်။ နောက်ပြီး အစားအသောက် အခမဲ့ကျွေးမွေးတာ၊ ကျန်းမာရေး အခမဲ့စောင့်ရှောက်ပေးတာနဲ့ တစ်ခါတစ်ရံမှာ နေရာထိုင်ခင်း အခမဲ့စီစဉ်ပေးတာတွေကို အဲဒီကျောင်းတွေက ဆောင်ရွက်ပေးပါသေးတယ်။ အစ္စတန်ဘူလ်မြို့က ဖာသီဟ် ကူလီယီ (Fatih Kulliye) ကတော့ အဆောင်ပေါင်း ၁၆ ခုပါဝင်ပြီး ၀ိဇ္ဇာသိပ္ပံနဲ့ ဘာသာအယူဝါဒဆိုင်ရာ ဘာသာရပ်ပေါင်းစုံကို သင်ကြားပေးတဲ့ ကျောင်းတော်ကြီး ဖြစ်ခဲ့ပါတယ်။

    turkey
    တူရကီနိုင်ငံ အီဒါရ်နီမြို့ရှိ ဘာယာဇစ်ဒ် ၂ ကူလီယီ (Bayazid II Kulliye) တက္ကသိုလ်။ အဆိုပါတက္ကသိုလ်တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး၊ အခြေခံစာသင်ကျောင်းတစ်ခုနှင့် ဆေးရုံတစ်ရုံတို့ ပါဝင်သည်။

    ဒီကျောင်းတွေအတွက် ငွေကြေးထောက်ပံ့မှုတွေ ဘယ်က လာပါသလဲ? အခွန်ငွေတွေထဲက အနည်းငယ်သာ ပါဝင်ပြီး ၀ကားဖ် (waqf) လို့ခေါ်တဲ့ ပြည်သူတွေလှူဒါန်းတဲ့ ရန်ပုံငွေနဲ့ တည်ဆောက်လည်ပတ်တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အစ္စလာမ့်ရဲ့ ယုံကြည်ချက်တွေကို လိုက်နာသမျှ ကာလပတ်လုံး လူတိုင်းဟာ အဖွဲ့အစည်းတစ်ခုအောက်မှာ စာသင်ကျောင်း တစ်ကျောင်းကို တည်ထောင်လို့ ရပါတယ်။ ၀ကားဖ်ထဲက ရန်ပုံငွေတွေကိုတော့ ကျောင်းပြုပြင်ထိန်းသိမ်းမှု၊ ဆရာတွေအတွက်လစာ၊ နေရာထိုင်ခင်း၊ ကျောင်းသားတွေအတွက် အစားအသောက်နဲ့ ချို့တဲ့သူအတွက် ပညာသင်ဆု စတာတွေအတွက် အသုံးပြုတာ ဖြစ်ပါတယ်။

    အဲဒီအချိန်ခေတ်ကာလက ပညာရေးကို အလွန်လေးစား တန်ဖိုးထားတာကြောင့် ပြည်သူတွေက ငွေကြေးတွေကို ပညာရေးအတွက် ဖောဖောသီသီသုံးစွဲကြပြီး၊ ပညာပန်းဟာလည်း ပွင့်လန်း လန်းဆန်းခဲ့ပါတယ်။ ၁၄ ရာစုက မွတ်စလင်ခရီးသွားတစ်ဦးဖြစ်သူ အစ်ဗနေ့ ဘာတူတာ (Ibn Battuta) က မွတ်စလင်ပြည်သူတွေ ပညာရေးကို အားပေးပုံကို အောက်ပါအတိုင်း မှတ်တမ်းတင် ဖော်ပြခဲ့ပါတယ်။

    “ပညာရပ်တစ်ခုခုကို သင်ကြားဖို့ စိတ်အားထက်သန်သူ ဒါမှမဟုတ် ဘာသာရေးနယ်ပယ်မှာ ဘ၀ကို နှစ်မြှုပ်ဖို့ ဆန္ဒရှိသူတစ်ယောက်ဟာ သူ့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အထောက်အပံ့အားလုံး ရရှိပါတယ်”

    ၂၁ ရာစုရဲ့ ကျောင်းသား တော်တော်များများဟာ ဒီလို အခမဲ့ပညာရေးကို ရရှိချင်ကြပါလိမ့်မယ်။ ၁၄ ရာစုဆိုတာ ကြာညောင်းခဲ့ပြီးတဲ့ အတိတ်ကာလတစ်ခု ဖြစ်ပေမယ့်လည်း အဲဒီခေတ်က ပညာရေးကဏ္ဍမှာ အသုံးပြုခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ထောက်ပံ့မှုတွေနဲ့ အသင်းအဖွဲ့စနစ်တွေဟာ ဒီနေ့ခေတ်အခါအထိ တန်းဝင်နေဆဲ ဖြစ်ပါတယ်။

    အစ္စလာမ့်ပညာရေးစနစ်မှ အဆင့် ၄ ဆင့်

    baghadad
    ၁၈၉၀ ပြည့်နှစ်က ဘဂ္ဂဒတ်မြို့ရှိ တက္ကသိုလ်တစ်ခု

    မွတ်စလင်တွေဟာ စာသင်ကျောင်းတွေကို စတင် တည်ထောင်တဲ့အခါ သူတို့ဘာတွေ သင်ကြားမယ်၊ ဘယ်လိုအဆင့် သတ်မှတ်မယ်ဆိုတဲ့အပေါ် မူတည်ပြီး ပညာရေးအဆင့် ၄ ခု ခွဲခြား သတ်မှတ်ကြပါတယ်။ အဲဒီ ၄ ခုကတော့ ပုံမှန်စာသင်ကျောင်း (Regular School)၊ အထက်တန်းကျောင်း သို့မဟုတ် စာဖတ်သူများ သင်တန်းကျောင်း (House of readers)၊ ဟဒီးဆ်သင်တန်းကျောင်းနဲ့ ဆေးကျောင်းတို့ ဖြစ်ပါတယ်။

    ပုံမှန်စာသင်ကျောင်းဟာ အခြေခံဘာသာရပ်တွေကို သင်ကြားပေးပြီး မူလတန်းပညာရေးနဲ့ ညီမျှပါတယ်။  ကျောင်းသားတွေဟာ ဒီအဆင့် အောင်မြင်သွားတဲ့အခါမှာ အသိအမှတ်ပြုလက်မှတ် ရရှိပြီး အထက်တန်းကျောင်းကို တက်ရောက်ခွင့် ရရှိကြပါတယ်။ အဲဒီ ပုံမှန်စာသင်ကျောင်းတွေကို ကျေးရွာတွေမှာ အများဆုံး တွေ့ရပါတယ်။

    ဒါရ်-အလ်-ကွာရာ (Dar-al-Qurra) သို့မဟုတ် စာဖတ်သူများသင်တန်းကျောင်းဟာ အထက်တန်းကျောင်းသဘောမျိုးဖြစ်ပြီး အာရဘီဘာသာစကားကျွမ်းကျင်မှု၊ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်သရဇ္ဈာယ်မှုကို သင်ကြားပို့ချပေးပါတယ်။ ဒီအထက်တန်းကျောင်းမှာ ရှေ့ဆောင်အီမာမ်တွေနဲ့ မုအ်ဇင် (၀တ်ပြုရန်နှိုးဆော်သူ) တွေကိုလည်း လေ့ကျင့်သင်ကြားပေးပါတယ်။

    ဒါရ်-အလ်-ဟဒီးဆ် (Dar-al-Hadith) သို့မဟုတ် ဟဒီးဆ်သင်တန်းကျောင်းကတော့ တမန်တော် မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တွေ သင်ကြားမှုနဲ့ သုတေသနပြုမှုကို အထိကထားပြုလုပ်တဲ့ ကျောင်း ဖြစ်ပါတယ်။ ဒီကျောင်းက ပြီးဆုံးသူတွေဟာ တက္ကသိုလ်ဘွဲ့နဲ့ တူညီတဲ့ အသိအမှတ်ပြုလက်မှတ်ကို ရရှိပြီး၊ ဘာသာရေးအသင်းအဖွဲ့တွေမှာ ၀င်ရောက်လုပ်ကိုင်နိုင်တဲ့ အဆင့်ကို ရရှိတာဖြစ်ပါတယ်။

    ဆေးပညာရပ်တစ်ခုတည်းကိုသာ သီးသန့်သင်ကြားတဲ့ ကျောင်းကို ၁၂၃၁ ခုနှစ်က ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင်တုန်းက ဆေးပညာသင်ကြားမှုကို ဆေးရုံတွေမှာ ပြုလုပ်ပြီး အလုပ်သင်သဘောမျိုး သင်ကြားပေးတာ ဖြစ်ပါတယ်။ ဆေးကျောင်းတွေကို ၁၆ ရာစု အော်တိုမန်ဘုရင်တစ်ပါးဖြစ်တဲ့ ဆူလ်တန် ဆူလေမန်ရဲ့ လက်ထက်နောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်လာခဲ့ကြပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    madrasa
    ၁၇ ရာစုမှ မဟ်မဒ် အစ်ဗနေ့ အမီရ်ရှားဟ် (Mehmed ibn Amirshah) ရေးဆွဲခဲ့သည့် အစ္စတန်ဘူလ်မြို့မှ ဂါဇန်ဖာရ် အဂ္ဂါ (Ghazanfar Aga) မဒ်ရာဆာ စာသင်ကျောင်း ပုံတူ။

    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်

    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်

    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်

    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်

    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန် 

    အပိုင်း (၆) – တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ဖတ်ရန် 
    အပိုင်း (၇) – ဉာဏ်လှည့်စားကိရိယာများဖတ်ရန်

    အပိုင်း (၈) – အလင်းပညာရပ်နှင့် ကင်မရာ – ဖတ်ရန်

    အပိုင်း (၉) – ဖက်ရှင်နှင့် စတိုင်ဖတ်ရန်

    အပိုင်း (၁၀) – ကော်ဇောထုတ်လုပ်မှု – ဖတ်ရန်