News @ M-Media
Tag: 11
  • “အဝါရောင် ဂျာနယ်လစ်ဇင် နှင့် အနာဂတ် မြန်မာနိုင်ငံ”
    ဇန်နဝါရီ ၉၊ ၂၀၁၄
    ဆောင်းပါးရှင် – ဝါးလုံးရှည်-အတီး
    yellow journalism
    အင်္ဂလိပ် စကားလုံး ဝေါဟာရဖြစ်သော yellow journalism အဝါ ရောင် ဂျာနယ်လစ်ဇင် ကို မြန်မာလို အဓိပ္ပာယ် ရိုးရိုးရှင်းရှင်း ဖွင့်ဆိုရရင်ဖြင့် တနပ်စား လူပြိန်းကြိုက် စာနယ်ဇင်း လို့ပဲ ဆိုရမှာဖြစ်ပါတယ်။
    မဂ္ဂဇင်းဂျာနယ်တွေရဲ့ သဘောသဘာဝ အရ နိုင်ငံပိုင် သတင်းစာ ဒါမှမဟုတ် အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက အထောက်အပံ့ အကူအညီ ဖြင့် လုပ်ကိုင်နေကြသော ဂျာနယ်၊စာစောင် လိုမျိုးမှ လွဲ၍ ကျန်ရှိသည့် စီးပွါးဖြစ် လုပ်ကိုင်နေကြသော ပုဂ္ဂလိက ဂျာနယ် အားလုံးသည် ကိုယ့်ဆီကို စာဖတ်ပရိသတ် များများရောက်လာအောင်၊တနည်းအားဖြင့် ကိုယ့်ရဲ့ ဂျာနယ်ကို လူကြိုက်များ ရေပန်းစားပြီး ဂျာနယ်စောင်ရေ ရောင်းအားကောင်းဖို့ မှာ အဓိက အခရာ ကျသည့်အချက်ဖြစ်ပါသည်။
    ထိုသို့ဂျာနယ်ရောင်းအား ကောင်းအောင် လုပ်ဆောင်ရာတွင် သင့်တင့်လျှော်ကန်သော နည်းများ ဖြင့်သာမက တခါတရံတွင်တော့ မသင့်တော်သော နည်းလမ်းများ၊ စာနယ်ဇင်းကျင့်ဝတ်ကို သိသိကြီးနဲ့ပင် တမင်တကာ ချိုးဖောက်လျှက် မိမိတို့ဂျာနယ် ဈေးကွက် အတွင်း ဝေစုရရန် အတွက် အလျှင်အမြန် ခြေကုန်သုတ် ရတတ်တာမျိုးလည်း ရှိပါသည်။
    ထိုသို့ ကျင့်သုံးရာတွင် မမှန်ကန်သော သတင်းဌာနတစ်ခု သို့ မဟုတ်၊ သတင်းစာ၊ဂျာနယ်စာစောင် သို့မဟုတ် သတင်းထောက် ဂျာနယ်လစ် သည် ၎င်းတို့ တင်ပြသည့် သတင်း အချက်အလက်များကို လိုအပ်သည်ထက် ချဲ့ကားခြင်း သို့မဟုတ် ထိန်ချန်ပြီး ရေးသားတတ်ကြလေသည် ။
    ဤကဲ့သို့ ရေးသားကြရာတွင် ပညာရှင် ဆန်ဆန် သတင်း ပုံစံမဟုတ်ဘဲ မိမိ၏ ပုဂ္ဂလိက ခံစားချက်များ ကို အသားပေး၍ ရေးသားသော သတင်းဌာန (သို့မဟုတ်) သတင်းထောက် သည် အဝါရောင် ဂျာနယ်လစ်ဇင် ကို ကျင့်သုံး ခြင်းဟုခေါ်ဆိုနိုင်ပေသည်။
    ဘာမှ မထူးခြားသော ပုံမှန် ဖြစ်ရိုးဖြစ်စဉ် သတင်းတစ်ခုကို အချိန် ကာလတစ်ခုတွင် လူအများ အာရုံစိုက် လာစေရန် ခေါင်းစဉ် အကြီးကြီး၊စာလုံး အမည်းများဖြင့် ခေါင်းစဉ်တပ်ရေးသားကာ မီးမောင်းထိုး ဟိုက်လိုက်ပြုလုပ်ခြင်း၊မူလ သတင်းဖြစ်စဉ်မှ ပါဝင်သည်များကို ထိန်ချန်၍ရေးသားခြင်း၊ ပိုမိုချဲ့ကားရေးသားခြင်းများ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုအား မတိကျ မသေချာသော အချက်အလက်များနှင့် စွပ်စွဲတိုက်ခိုက်ခြင်း၊(နာမည်ကျော် ဆီလီဘရစ်တီများ အဖို့ အများဆုံး ခုတုံးလုပ် ခံရတတ်ပါသည်။) ထိုသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် မိမိတို့၏ဂျာနယ်စောင်ရေ ရောင်းအား တက်လာနိုင်သော်လည်း တခါတရံတွင်တော့ တဖက်သားလူရဲ့ ဆုံးရှုံးမှုကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ မျက်နှာလွဲ ခဲပစ် လက်လွတ်စံပယ် လုပ်တတ်ကြလေသည်။
    အနီးစပ်ဆုံး ဥပမာပြရလျှင် နာမည်ကျော် ခရိုနီ သူဌေးကြီး ဦးတေဇမှ နေ၍ အာဏာရှင် ဟောင်းကြီး၏ မိသားစုအား ဂေါက်ကွင်း ကားလေးဖြင့် ကိုယ်တိုင် ကိုယ်ကျ ဒရိုင်ဘာလုပ်ကာ တယုတယ မောင်းနှင်ပေးနေပုံကို သူရိယနေဝန်း ဂျာနယ်မှ မျက်နှာဖုံးတွင် စာလုံး အကြီးကြီး တပ်ကာ မင်းတို့ ခရိုနီတွေ ဘင်္ဂလားပင်လယ်အော် အတွင်းသာ ခုန်ချလိုက်တော့ ဟူ၍ ဈေးထဲမှ ငါးစိမ်းသည်များ ရန်ဖြစ်သည့်လေသံမျိုးဖြင့် ပညာရှင် မဆန်စွာ တင်ထားသည်ကိုတွေ့နိုင်ပါသည်။ ရိုးရှင်းစွာ တွေးကြည့်ပါက ပုံထဲတွင်ပါဝင်သော လူများသည် ထင်ရှားကျော်ကြားသည့် အလျောက် ထိုသူတို့၏ လှုပ်ရှားသွားလာမှု ပုံရိပ်များသည် သတင်းဖြစ်နိုင်သော်လည်း ထို သတင်းသည် သာမန် သတင်း မျိုးသာဖြစ်ပြီး မျက်နှာဖုံးတွင် တင်ရလောက်အောင် အထိ ဘာမှ အရေးမကြီး စာဖတ်သူအား မည်သို့မှ အကျိုးမရှိသော သတင်းမျိုးသာ ဖြစ်သော်လည်း အဝါရောင် ဂျာနယ်လစ်ဇင်ကို ကျင့်သုံးကာ စာဖတ်ပရိသတ် ၏ မိမိတို့ဂျာနယ်အပေါ် သုံးစွဲသော ငွေကြေးအား နှင့် တန်ဖိုးရှိလှသော အချိန်များကို အချည်းနှီး ဖြစ်စေပါသည်။ထိုသို့သော သတင်းမျိုး၏ မူရင်း စိတ်စေတနာ မှန်မမှန် ပုဂ္ဂိုလ်ရေး မုန်းတီးမှုများ ပါမပါကိုကို ရေးသားသူ ကာယကံရှင်သည်သာ အသိနိုင်ဆုံးဖြစ်သော်လည်း သေချာသည်ကတော့ ထိုကဲ့သို့သော ရေးသားမှုသည် အစိုးရနှင့် အတိုက်အခံကိုလည်း အပြုသဘောမဆောင်၊ စာဖတ်ပရိတ်သတ် ကိုလည်း မည်သို့မှ အကျိုးမရှိ ဘယ်ဘက်ကကြည့်ကြည့် ကောင်းကျိုး မမြင်ရသည့် လုပ်ရပ်သာဖြစ်လေသည်။
    တခါတရံတွင်တော့ အဝါရောင် ဂျာနယ်လစ်ဇင်တွင် သမိုင်း ရာဇဝင် ဆိုင်ရာ၊ဆောင်းပါးများ စာတမ်းများ ကိုတင်ပြရာတွင် မိမိတို့ သဘောထားနှင့် မတိုက်ဆိုင်၊မကြိုက်နှစ်သက်ခြင်း သို့မဟုတ် လူထု အများ မကြိုက်နှစ်သက်သော ဖြစ်ရပ်များကို ထိန်ချန်ခြင်း၊ ချဲ့ကားခြင်း၊ အမှားအယွင်းများ ရေးသားခြင်းများပြုလုပ်ကာ အမှန်တရားကိုလက်မခံဝံ့ပဲ စာဖတ် ပရိတ်သတ်အား မလိမ့်တပတ်လုပ် စော်ကားခြင်းမျိုးလည်းရှိတတ်ပါသည်။
    အနီးစပ်ဆုံး ဥပမာပြရလျှင် Eleven Media Group ၏ ၃ ရက်နေ့ ဇန်နဝါရီ ၂၀၁၃ တွင် တင်ထားသော ဆောင်းပါးရှင် လှမြင့် (ရန်ကုန်တက္ကသိုလ်)”ပထမဆုံး လွတ်လပ်ရေးနေ့၏ ဦးတည်ချက်များ” ဆောင်းပါးတွင် ပါရှိသော “ဝန်ကြီးချူပ် သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်” ဆိုရာ၌ “ယနေ့ရရှိသော လွတ်လပ်ရေးသည် အသင်းအဖွဲ့အစည်း တစ်ခုတည်း၏ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ အစည်းအရုံး၊ သမဂ္ဂ အစရှိသော များမြောင်လှသော အသင်းအဖွဲ့ အားလုံး၏ လွတ်လပ်ရေးဖြစ်သည်။” ဟု ရေးသားထားပါသည်။
    32
    ဝန်ကြီးချူပ် သခင်နု မိန့်ကြားချက် မူရင်း အပြည့်အစုံဖတ်လိုလျင် Click Here
    တကယ်တမ်းမှာတော့ မူရင်းအမှန်ဖြစ်သော “သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်”တွင် ပါရှိသော “ဗမာမူစလင်” ဟူသော ဝေါဟာရ စကားလုံး အသုံးအနှုံးကို ဖယ်ရှားကာ မူရင်း သမိုင်းဝင် မိန့်ကြားချက်ကိုပင် ကိုယ် အလိုရှိသလို ထုတ်နှုတ်တည်းဖြတ်ကာ လိုတိုးပိုလျှော့ လုပ်သွားသည်ကို တွေ့နိုင်ပါသည်။ အဓိပ္ပာယ်ကတော့ ရှင်းပါသည်။
    ယနေ့ကာလတွင် အထိအရှလွယ် sensitive ဖြစ်နေသောထို “ဗမာ မူစလင်” ဟူသော အသုံးအနှုန်းကို ရှောင်ရှား လိုက်ခြင်းအားဖြင့် သမိုင်း အမှန်၊သတင်းအမှန်ဖြစ်ဖို့ အရေးထက် စာဖတ်ပရိသတ်၏ အငြိုအငြင်ကို မခံရရေး၊မိမိ စာစောင် မျက်နှာပန်း လှရေးကိုသာ အဓိကထားကာ အဝါရောင် ဂျာနယ်လစ်ဇင်ကို ကျင့်သုံး သွားသည်ကို တွေ့နိုင်ပါသည်။သမိုင်းကို လိမ်လည်ခြင်း၊ထိန်ချန်ရေးသားခြင်းမျိုးသည် အနာဂတ်မျိုးဆက် များအပေါ်တွင် သစ္စာဖောက်သော လုပ်ရပ်မှားသာဖြစ်ပြီး အင်မတန်မှ ရှက်ရွံဖွယ်လည်းကောင်းလှပါသည်။
    ယနေ့ တိုးတက်ပွင့်လင်းရန် အရှိန်ယူကာစပြုလာပြီ ဖြစ်သော ကျွန်တော်တို့၏ ဒီမိုကရေစီ အမိမြန်မာနိုင်ငံတော်ကြီးတွင် နိုင်ငံတကာမှ သတ်မှတ်ထားသော စံချိန်စံညွန်းများနှင့် အညီ စာပေလွတ်လပ်ခွင့်များ မီဒီယာဖိနှိပ် ချုပ်ချယ်မှုများကို တလေးတစား အရေးပေး၍ တောင်းဆိုနေကြရာ ကျွန်တော်တို့ စာဖတ်ပရိတ်သတ် ပြည်သူတို့မှနေ၍ ထောက်ခံအားပေး ကူညီသင့်သလို အပြန်အလှန် အားဖြင့် စာနယ်ဇင်း လောကသားများ အနေဖြင့် မြန်မာပြည်သူတို့ အပေါ် စိတ်ရင်းစေတနာ အမှန် ဖြင့်သတင်း အမှန်များအား တင်ပြပေးနိုင်ရန်လိုအပ်ပြီး ပွဲဆူရုံ ရောင်းအားကောင်းရုံ သက်သက် တနပ်စား အဝါရောင် ဂျာနယ်လစ်ဇင် ကျင့်သုံးမှုများကို ရှောင်ရှားသင့်ပေသည်။ ထိုသို့ ကျင့်သုံးသော သူများရှိပါကလည်း မိမိနှင့် မဆိုင်သလို မနေသင့် စာနယ်ဇင်းလောကအတွင်း လက်မခံပဲ ဖော်ထုတ်တားဆီး ရှုတ်ချ သင့်ပေသည်။
    သိပ်မကြာလှသေးသော အတိတ်ကာလမှ ဂျာနယ်လစ် တစ်ယောက်အဖို့ မိမိ စိတ်စွမ်းအင်မှ ညှစ်ထုတ် ရရှိကာ လုံ့လ ဝီရိယအားစိုက်၍ ကြိုးစားပမ်းစား ရေးသားထားသော သတင်း တစ်ပုဒ်အား စာပေကင်ပေတိုင်ခေါ် စိစစ်ရေး တင်လိုက်သော အခါကျမှ အမြီးဖြတ် ခေါင်းဖြတ်ဖြစ်လိုဖြစ် အချို့ဆိုလျှင် လုံးဝ ခွင့်ပြုချက်မရရှိသလို ကြုံတွေ့ရရင် ခဲလေသမျှ သဲရေကျဖြစ်ကာ အတော်ကြီးကို ခြေကုန်လက်ပန်းကျ စိတ်မကောင်းဖြစ်ခဲ့ရသည်ကို ပြန်လည် သတိရ ဆင်ခြင်သင့်ပေသည်။
    မဝေးတော့သော အနာဂါတ် မြန်မာနိုင်ငံတွင်လည်း ပွင့်လင်းလာသော စာပေလွတ်လပ်ခွင့် နှင့် အတူ ကြီးမား ကျယ်ပြန့်လာနေသော စာနယ်ဇင်း ဈေးကွက် အတွင်းတွင် မိမိတို့ ဈေးကွက် ဝေစု ရရှိရေးအတွက် ယှဉ်ပြိုင်မှူများလည်း ပြင်းထန်လာနိုင်ဖွယ်ရှိရာ ယေဘုယျအားဖြင့် ထိုသို့သော တနပ်စား အဝါရောင် ဂျာနယ်လစ်ဇင် လုပ်ရပ်များလည်း ရေတက် ငါးဇင်ရိုင်းများလို အပြိုင်းအရိုင်း ခါတော်မှီ ပေါ်ထွက်လာနိုင်ဖွယ် ရှိနိုင်ပါသည်။
    စစ်မှန်သော ဒီမိုကရေစီ စနစ်တွင် သတင်းလွတ်လပ်ခွင့်သည် အသက်တမျှ အရေးကြီးသလို မိမိရေးသားလိုက်သော သတင်း၏ တိကျသေချာမှူနှင့် တာဝန်ယူမှူတို့ကိုလည်း မမေ့လျော့သင့်ပေ။
    နိဂုံးချုပ်အနေဖြင့် ဆိုရသော် ကျွန်တော်တို့၏ အနာဂတ် မြန်မာနိုင်ငံတော်တွင် ရဟန်းရှင်လူ ပြည်သူလူထုတို့ အနေဖြင့်အထိရောက်ဆုံးနဲ့ အကောင်းဆုံး ကာကွယ်နိုင်ရန် နည်းလမ်း ကတော့ ထိုသို့သော အဝါရောင် ဂျာနယ်လစ်ဇင် ကျင့်သုံးလေ့သုံးထရှိသော ဂျာနယ်၊ မဂ္ဂဇင်းများကို မိမိတို့၏ ချွေးနှဲစာ ငွေကြေးထဲကို အသုံးပြုပြီး ဝယ်ယူကာ အဆိပ်ပင် ရေလောင်းခြင်းမျိုးမှ ရှောင်ရှားခြင်းမှသာလျှင် အကောင်းဆုံးဖြစ်ပေသည်။ ထို့အပြင် စစ်မှန်သော စာနယ်ဇင်း လောကသား များအနေဖြင့် မိမိတို့ တိုင်းပြည်ကို တကယ် တိုးတက်စေချင်သော စေတနာ အမှန်ရှိလျှင် ထို့သို့ တနပ်စား အကြံရှိသော သတင်းထောက်၊ဂျာနယ်လစ် ၊ဆောင်းပါးရှင်များအားလည်း စာနယ်ဇင်း လောကသား အချင်းချင်းမို့ မသိချင်ယောင်ဆောင် မျက်နှာလွှဲ မနေသင့်ပဲအရေးယူဖော်ထုတ် ရှုတ်ချ သင့်ပါသည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည် ခင်မျာ။
    အညွှန်း
    • Eleven Media Group ၏ “ပထမဆုံး လွတ်လပ်ရေးနေ့၏ ဦးတည်ချက်များ” ဆောင်းပါး လင့်=> http://goo.gl/wC6lne
    • “ဝန်ကြီးချူပ် သခင်နု၏ လွတ်လပ်ရေးနေ့ မိန့်ကြားချက်” လင့် =>http://www.m-mediagroup.com/news/22435
  • ကောလဟလ အားပေး သတင်းများကို မြန်မာပြည်တွင်း မီဒီယာများ ဦးဆောင်၍ ဖြန့်နေကြ
    သြဂုတ်လ-၂၉ ရက်၊ ၂၀၁၃
    M-Media
    အောင်ကောင်းထက်
    သံဃာ၊ အမျိုးသမီးနှင့်ဆိုင်သော မှုခင်းများတွင် ကျူးလွန်သူများမှာ မွတ်စလင် သို့မဟုတ် ကုလားလူမျိုးများဟူသော ကောလဟလ အားပေး သတင်းများကို  မြန်မာပြည်တွင်း မီဒီယာများ ဦးဆောင်၍ ဖြန့်နေကြ
    tarkay ta
    နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမခံထားရသူ ဘင်္ဂလီဟု သမုတ်ခံထားရသည့် ရိုဟင်ဂျာများကို နိုင်ငံတော်သီချင်းသီဆိုရမည် သို့မဟုတ် နိုင်ငံတော် အလံအား အလေးပြုရမည်ဟု အလဲဗင်း မီဒီယာမှ ဆွဲချက်တင်ပြီး နိုင်ငံအုပ်ချုပ်သူများနှင့် ဥပဒေပြုအမတ်များ ပြုလုပ်ရမည်အလုပ်ကို ကြားဝင်ဆောင် ရွက်နေသည်မှာ မဖွယ်မရာသော လုပ်ရပ်အဖြစ် မြန်မာ့အရေးလေ့လာ သူများက ရှုမြင်ကြပါသည်။
    ဆေးကုဆရာဝန် ဦးသန်းထွဋ်အောင်ခေါင်းဆောင်သည့် အလဲဗင်းဂရုမှာ ယခုကဲ့သို့သော အချိန်မျိုး၌ပင် ပြည်တွင်းနိုင်ငံသား မွတ်စလင်များအပေါ် အခြားသူများ အထင်အမြင်လွဲမှားစေဖို့ ရည်သန်လျက် ရိုဟင်ဂျာ အရေးအား တစိုက်မတ်မတ်ဖော်ပြနေပေသည်။
    ထို့ကြောင့် နိုင်ငံအုပ်ချုပ်သူများက တမင်တကာ လွှတ်ပေးထားသည့်အလား ဆက်တိုက်ဝါဒဖြန့် လုပ်ဆောင်နေကြသည့် အလဲဗင်းကဲ့သို့သော မီဒီယာများကြောင့် မြန်မာပြည်ဖွား နိုင်ငံသား အစ္စလာမ် ဘာသာဝင်များအဖို့ အထူးသတိထားကာ သတိဝီရိယကြီးစွာဖြင့် နေထိုင်ကြရမည်ဖြစ်ပါသည်။
    တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပျက်ခဲ့သည့် သံပြားဝိုင်းဖြင့် အမျိုးသမီး ၂ ဦးအား ပါးတွင်ခြစ်ကာ ဒဏ်ရာရစေသော အမှုတွင် ကျူးလွန်သူများမှာ ကုလားလူမျိုးများဖြစ် သည်ဟု မြန်မာပြည်တွင်းအခြေဆိုက် The Voice မီဒီယာများက ၀ါဒဖြန့်ချိထားခဲ့ကြရာ သြဂုတ် ၂၆ တွင် ရန်ကုန်တိုင်း ရဲဌာနမှ တင်ပြခဲ့သော သတင်းအရ ထိုသတင်းမှာ မှန်ကန်သော်လည်း ကျူးလွန်သူများမှာ ကုလားလူမျိုးပုံသဏ္ဌာန် မဟုတ်ကြောင်း သိရသည်။
    တဖန်မိတ္ထီလာတွင်ဖြစ်ပျက်ခဲ့သော သံဃာတစ်ပါးသေဆုံးခဲ့ရသည့် သုံးဘီးဆိုင်ကယ်တိုက်မှု၌ တရားခံမှာ မွတ်စလင်တစ်ဦးဖြစ်သည်ဟု ကောလဟာလ သတင်းများ ၀ါဒဖြန့်ထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တရားခံယာဉ်မောင်း မျိုးဆန်းမှာ မြန်မာ/ဗုဒ္ဓတစ်ဦးသာဖြစ်ကြောင်း မန္တလေးမြို့မ ရဲစခန်းက အတည်ပြုပေးခဲ့သည်။
    ယခုတဖန် အလဲဗင်းမီဒီယာဂရုသည် ချိန်သားကိုက်၍ ဆက်တိုက်ဆိုသလို သာကေတ၌ မြကန်သာရေကန်ထဲသို့ အစ္စလာမ်ဘာသာဝင်များ အဆိပ်ခပ်သည်ဟု သံသယဖြစ်ဖွယ်သတင်းကို သက်ဆိုင်ရာက တရားခံမည်သူဖြစ်သည်အား အတည်မပြုမီတင်ပြထားပါသည်။
    ပြည်တွင်းမီဒီယာများအနေဖြင့် ကောလဟာလ သတင်းများပါ ကျူးလွန်သူ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းကို သွေးထိုးလှုံဆော်သည့် အရေးအသားများ ဖြင့် ဖော်ပြသော်လဲ ၄င်းသတင်းမှာ မှန်/မမှန် လေ့လာဆန်းစစ်ခြင်း မပြု၊ သတင်းမှားဖြစ်နေသည့်တိုင် နောက်ဆက်တွဲ အမှန်ကို ထုတ်ပြန်ကြေညာရေးသာခြင်းများ ပြုလုပ်ခြင်းမရှိတာကို လေ့လာတွေ့ရှိရသည်။
    သံဃာ၊ အမျိုးသမီးများနှင့် သက်ဆိုင်သော မှုခင်းဖြစ်ရပ်များတွင် မွတ်စလင်များပြုသည်ဟု ကောလဟလ ထုတ်လွှတ်ကြံစည်မှုများ အွန်လိုင်းတွင်သာမက နေရာအနှံ့ဖြစ်ပေါ်နေပေ ရာ မြန်မာပြည်ဖွား နိုင်ငံသားမွတ်စလင်များသာမက တာဝန်သိပြည်သူများကပါ အထူးအလေးကရုပြုကြဖို့ရာ တိုက်တွန်းအပ်ပါသည်။
    ရည်ညွှန်း ။
    တောင်ဥက္ကလာသတင်း The Voice ဂျာနယ်မှ ရေးသားမှု >>http://goo.gl/vOsjFn
    ရန်ကုန်တိုင်း ရဲတပ်ဖွဲသတင်းထုတ်ပြန်မှု့ >>https://www.facebook.com/yangonpolice/posts/371109059685034
    မိတ္ထီလာ မှ သံဃာဆိုက်ကယ်တိုက်ခံရမှု >>http://goo.gl/keJGqv
    သာကေတမှ ရေကန်အဆိပ်ခပ်သည့် သတင်း Eleven >>http://www.news-eleven.com/local/yangon-news/22690
  • ကင်းတားနား ရခိုင်မှ ဘုန်းကြီးများကို ဂါရ၀မထားဟူသည့် သတင်းကို ဦးရဲထွဋ်နှင့် ပုဂ္ဂလိက သတင်းသမားများ အပြန်အလှန်ငြင်းခုံနေကြ
    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media
    quentanar
    “ကင်တားနားသည် ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးအပေါ် ဂါရ၀တရား မထားကြောင်း ဒေသခံများက ပြောကြား” ဟူသော သတင်းခေါင်းစဉ်ဖြင့် အလဲဗင်းမီဒီယာမှ စတင်ရေးသားခဲ့သည့် အွန်လိုင်းတွင် ပြန့်နှံနေသော သတင်းနှင့် ပတ်သက်ပြီး “ဘုန်းကြီးနဲ့ အတူတူ ရှိနေတဲ့ အချိန် တလျောက်လုံး မြန်မာတွေ ထိုင်သလို ထိုင်နေပေမယ့် ခြေထောက် ဟိုဘက် ဒီဘက် ပြောင်းတဲ့ အချိန်ကို အမိအရ ဓာတ်ပုံရိုက်ပြီး ဘုန်းကြီးရှေ့ မရိုမသေ ထိုင်သလို ပုံဖြစ်အောင် ဂျာနယ်ထဲထည့်တယ်။ အဲဒီပွဲကို အပြင်မီဒီယာတွေ တစ်ယောက်မှ ဝင်ခွင့်မရဘူး။ အစိုးရ မီဒီယာတွေသာဝင်ခွင့်ရပြီး လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်ကြောင်း” ဟု ဓာတ်ပုံသတင်းသမားတစ်ဦးက ဖေ့ဘွတ်တွင် ရေးသားထားပါသည်။
    အဆိုပါ ရခိုင် ဘုန်းတော်ကြီးများနှင့် ကင်တားနားတွေ့ဆုံတဲ့ပွဲကို ပြန်ကြားရေး မီဒီယာသမားနှစ်ယောက် အပါအ၀င် ဌာနဆိုင်ရာက ဓာတ်ပုံ၊ ဗီဒီယိုသမား ၆ ဦး၊ ပြင်ပ မီဒီယာ သမား ၄ ဦး ပါဝင်ခဲ့သလို အခြားပါဝင်ခဲ့တဲ့သူတွေကလည်း မိုဘုန်းဖုန်းတွေနဲ့ ဓါတ်ပုံရိုက်နိုင်တဲ့အကြောင်း ဦးရဲထွဋ်က ဆိုပါသည်။
    အလဲဗင်းမီဒီယာရဲ့ အဆိုပါ “ကင်တားနားသည် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအပေါ် ဂါရ၀တရား မထားကြောင်း ဒေသခံများက ပြောကြား” ရေးသားသည့် သတင်းနှင့် ပတ်သက်ပြီး မြန်မာတိုင်းမ် အင်္ဂလိပ်ပိုင်း မှ “Media should focus on the real issues in Rakhine State ” ခေါင်းစဉ်ဖြင့် တန်ပြန်ထောက်ပြရေးသားခဲ့တာကို တွေ့ရပါသည်။
    ဓါတ်ပုံ ရှင်းလင်းချက်-  ကင်တားနာဟာ ခရီးစဉ်တခုအတွင်း ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် လေယာဉ်တစီးတည်းစီးခဲ့စဉ်က (ဓါတ်ပုံ United Nations Information Centre Yangon)
    စာကြွင်း- မြန်မာတိုင်း(မ်)ရဲ့ “Media should focus on the real issues in Rakhine State ” ဆောင်းပါး ကို M-Media မှ “ရခိုင်ပြည်နယ်၏ ပကတိဖြစ်အင် အပေါ်၌သာ မီဒီယာများမှ ဖော်ပြသင့်” ခေါင်းစဉ်ဖြင့် မြန်မာပြန် ဆိုထားချက်အား အောက်ပါလင်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
    http://www.m-mediagroup.com/news/17315
  • ဘင်္ဂလားဒေ့ရှ်မှ သံဃာအယောင်ဆောင် ၀င်လာသူများမှာ ဗုဒ္ဓဘာသာများသာဖြစ်၊ အလဲဗင်းမီဒီယာမှ ၄င်းတို့အား ခိုးသွင်းပေးသည့် သူများကိုသာ ကိုးကွယ်ရာ ဘာသာနှင့်တွဲ၍ သတင်းဖော်ပြထား
    ဇူလိုင်-၁၁၊ ၂၀၁၃
    M-Media
    မောင်ပုည
    BG2
    ဘင်္ဂလားဒေ့ရှ်မှ ၀င်လာသူ သံဃာအယောင်ဆောင် ဗုဒ္ဓဘာသာဝင်နှစ်ဦးကိစ္စနှင့် ပတ်သတ်ပြီး အလဲဗင်းမီဒီယာက ယခုလ ၁၀ ရက်နှင့် ၁၁ ရက် တို့တွင် သတင်း နှစ်ပုဒ် ဖော်ပြခဲ့ပါသည်။
    ထိုသတင်းမှန်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ FB စာမျက်နှာများတွင် တရားဝင်ဖော်ပြထားသလို တရားခံ ခိုးဝင်နှစ်ဦးမှာ Parsujit Barua (၂၇)နှစ်၊ (ဘ)Rjin Barua နှင့် Antar Barua၊ (၂၉)နှစ်၊ (ဘ) Dulal Barua နှစ်ဦးစလုံးမှာ ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ ဟု ထည့်သွင်း ရေးသားထားပါသည်။[1]
    ယင်းကို Eleven မီဒီယာမှ လုံးဝဖော်ပြခဲ့ခြင်းမရှိဘဲ ၊ ဆက်စပ်သံသယ ရှိသူများ၏ ကိုးကွယ်ရာ ဘာသာ (မွတ်စလင်)ကို ပထမသတင်းတွင် ၄ ကြိမ်၊ ဒုတိယ သတင်းတွင် ၇ ကြိမ်တိတိ အသုံးပြုထားကြောင်း တွေ့ရှိရသည်။[2][3]
    ထိုသည်နှင့် စပ်လျဉ်း၍ အမ်-မီဒီယာ၏ တာဝန်ခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ ၄င်းက –
    “မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာဆရာများအသင်း ညီလာခံပေါ့ဗျာ။ အဲဒီညီလာခံမှာ စာနယ်ဇင်း ကျင့်ဝတ် ၁၁ ချက်ကိုချမှတ်ခဲ့တယ်။ ဒါကို ကျနော်တို့ထက် သူတို့ ပိုသိမှာပေါ့။ သူတို့ ပြောနေကျ စကားလုံးတွေပဲလေ။ အဲဒီကျင့်ဝတ် အမှတ်စဉ် ၈ မှာ စာနယ်ဇင်းများ ဟာ တမင်ကြံရွယ် တွက်ဆပြီး ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများကို လှုံ့ဆော်ခြင်းမပြုရ။ ဇာတိကို သော်၎င်း၊ ကိုးကွယ်ရာဘာသာကို၎င်း အကြောင်းပြု၍ မတရား ဝေဖန်ရေးသားခြင်းမပြုရ။ လို့ ပါရှိတယ်။ ဒါကို သူတို့ မသိတာလား ဘာလားတော့ ဝေခွဲမရဘူး။ အခုလို profitable time လို့ ခေါ်ရမယ့် အခွင့်ကောင်း အခါကောင်းမှာပေါ့၊ ဒါမျိုး လုပ်တာဟာ တော်တော်ဆိုးသလို လက်ယာစွန်းရောက် လုပ်ရပ်လို့ မှတ်ချက်ပြုရပါမယ်။” ဟု ဝေဖန်ပြောကြားခဲ့သည်။
    အစ္စလာမ်ဘာသာဝင်များအနေဖြင့် ယခုကဲ့သို့သော ဥပုသ်လတွင် ငြိမ်းချမ်းစွာ တရားဘာဝနာအားထုတ်နေကြရသည့် အချိန်လည်း ဖြစ်ပါသည်။ ထိုသို့သော အခါမျိုး၌ တမင်ချိန်ဆကာ မလိုလားအပ်သည်ကို အကျယ်ဖော်ပြ၍ သတင်း တင်ဆက်ထားသည်မှာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အတွက် ရတက်မအေးဖွယ် ဖြစ်စေသလို အစိုးရကလည်း တစုံတရာ အရေးယူတားဆီးခြင်းမျိုး လုံးဝမပြုခဲ့သလို ပြုလုပ်ရန် အရိပ်အယောင်လည်း မတွေ့ရသေးကြောင်း တင်ပြအပ်ပါသည်။
    ရည်ညွှန်း-
    Photo Credit -ရန်ကုန်တိုင်းရဲတပ်ဖွဲ့ FB
    ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်မှုလင်ခ်
    [1] http://goo.gl/NI4mu
    Eleven Media သတင်းလင်ခ်များ –
    [2] http://www.weeklyeleven.com/local/20908
    [3] http://www.news-eleven.com/local/20953
  • အလဲဗင်း၊ ဦးသန်းထွဋ်အောင်နှင့် မြန်မာ့ မီဒီယာရှေ့ရေး (အပိုင်း ၁)
    ဇွန်- ၁၆၊၂၀၁၃
    M-Media
    ဆောင်းပါးရှင် -ဒန်ငြာရှိန်း
    Than Htut Aungမကြာသေးမီက WAN-IFRA မှ ရွှေကလောင်ဆုချီးမြှင့်ခံခဲ့ရသည့် ဦးသန်းထွတ်အောင်ဦးဆောင်သော အလဲဗင်းမီဒီယာဂရုသည် မြန်မာပြည်ရှိ နိုင်ငံသား မွတ်စလင်မ်များအား တဘက်သတ်အမြင်စောင်းမှု ကြီးထွားလာနိုင်စေသော သတင်းခေါင်းစဉ်များဖြင့် မလေးရောက်မြန်မာများသတင်းကို ပုံကြီးချဲ့ကား ခဲ့ပါသည်။ (အပိုင်း ၂ တွင် အသေးစိတ် ဖော်ပြပါမည်။)
    ဦးသန်းထွတ်အောင်၏ အဆိုပါ ရွှေကလောင်ဆုနှင့် ပတ်သက်၍ ဟောင်ကောင် အခြေဆိုက် asiasentinel.com မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ၄င်းအနေဖြင့် မွတ်စလင်မ်များ အရေးတွင် ကမ္ဘာ့သက်တမ်းရင့် မီဒီယာကြီးများကိုပင် စွပ်စွဲဝေဖန်ရေးသားခဲ့ကြောင်း၊ မျက်မြင်သက်သေ ဓာတ်ပုံများဖြင့် တင်ပြသည့် မွတ်စလင်ဆန့်ကျင်အကြမ်းဖက် သတင်းများကို ၄င်းက ငြင်းဆန်ခဲ့ကြောင်း စသဖြင့် ရေးသားဖော်ပြထားပါသည်။
    ထို asiasentinel.com ပါသတင်းကို မြန်မာတိုင်းမ်စ် အင်္ဂလိပ်ပိုင်းမှလည်း ထပ်မံတင်ဆက်ခဲ့ပါသည်။ ယင်းသို့သော အငြင်းပွားဖွယ်ရာကောင်းလှသည့် ဦးသန်းထွတ်အောင်၏ အလဲဗင်း ဂရုမှာ မကြာသေးမီကလည်း ပြည်တွင်း ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုတွင် မတူကွဲပြားခြင်းအား လက်သင့်ခံနိုင်ခြင်းမရှိဘဲ အရည်အချင်းမပြည့်မီသည့် သတင်းထောက်တဦး ကို စေလွှတ်ကာ သတင်းရယူခဲ့ပါသည်။ ထို့နောက် မြန်မာပြည်ရှိ နိုင်ငံသား မွတ်စလင်များအား အထင်အမြင်လွဲမှားသွားစေနိုင်သော အရေးအသားများ၊ သတင်းခေါင်းစဉ်များဖြင့် သတင်းကို ကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ကာ ၄င်းတို့၏ နေ့စဉ်ထုတ်သတင်း စာ၌ ဖော်ပြခဲ့ပါသည်။
    ဦးသန်းထွတ်အောင်အတွက် မီဒီယာသည် ငွေလော
    တောင်ကုတ်အရေးမှ စတင်၍ မြန်မာနိုင်ငံသား မွတ်စလင်များအား နိုင်ငံနှင့်အ၀ှမ်း ဆက်တိုက်အကြမ်းဖက်ခဲ့ကြရာ၌ အလဲဗင်းမီဒီယာက မည်သို့သော သတင်းအသေးစိတ်ကိုမှ တင်ပြခဲ့ခြင်းမရှိပါ။ ထို့ပြင် မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးစသည့်မြို့များ၌ အကြမ်းဖက်ခံခဲ့ရသော အပြစ်မဲ့ နိုင်ငံသားမွတ်စလင်များအရေးကိုလည်း အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့သလို ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းရေးသားမှုများကိုသာ ပြုလုပ်ခဲ့ပါသည်။
    အလဲဗင်းဘောလုံးဂျာနယ်သည် ယခင်ကတည်းက မြန်မာဘောလုံး အသင်း၏ စာရိတ္တပိုင်းနှင့် စည်းကမ်းပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကို အမှန်အတိုင်း မထောက်ပြဘဲ မြန်မာပရိသတ် အများစု၏ သဘောဆန္ဒနှင့် လိုက်လျောညီထွေဖြစ်စေရန် သတင်းကို ထိန်ချန်ဖုံးကွယ်၍ တင်ပြခဲ့ခြင်းမျိုး ရှိခဲ့ဖူးပါသည်။
    ၂၀၀၄ တိုက်ဂါးဖလားဘောလုံးပြိုင်ပွဲဝင်မြန်မာအသင်းမှာ အလွန်ဆိုးဝါးသည့် စည်းကမ်းဖောက်ဖျက်ခြင်းမျိုးရှိခဲ့သော်လည်း အလဲဗင်းဂရုက မိမိတို့ဂျာနယ် ရောင်းကောင်းရေးကိုသာ ရှေးရှုပြီး ၀ါရင့်ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကို အသုံးချကာ အခြားအားကစားဂျာနယ်များ၏ အမှန်ထောက်ပြ ရေးသားခဲ့မှုများကို အတိုက်အခံပြု ရေးသားခြင်းမျိုး ရှိခဲ့ဖူးပါသည်။
    ထို့ကြောင့် မြန်မာပြည်သူအများစု၏ စိတ်သဘောထားကိုလိုက်၍ တင်ပြလေ့ရှိသည့် အလဲဗင်းဂရုမှာ ယခုမြန်မာနိုင်ငံသားမွတ်စလင်များ အရေးတွင်လည်း “ဘူး” တလုံးဆောင်ကာ နိုင်ငံတကာ မီဒီယာများကို မျက်နှာပြောင်တိုက် ရှုံ့ချခဲ့ခြင်း၏ အဖြေမှာ ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာပါတော့သည်။
    နိုင်ငံတကာနှင့် ကိုယ်တွေ့ဆက်ဆံရသည့် အခြေအနေမှ ဦးသန်းထွတ်အောင်
    ရခိုင်အရေးမှ စတင်ကာ မြန်မာပြည်တွင်း နိုင်ငံသားမွတ်စလင်များအား အများအမြင်တွင် သို့လောသို့လောအခြေအနေသို့ အဓိကတွန်းပို့ခဲ့သည့် အလဲဗင်းဥသျှောင် ဦးသန်းထွတ်အောင်နှင့် ၄င်း၏မီဒီယာသည် WAN-IFRA မှ ရွှေကလောင်ဆု မရရှိသေးမီ ကာလများအထိ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှုများအား မည်သို့သောသုံးသပ်ချက်တစုံတရာကိုမှ ပရိသတ်အား ချပြခဲ့ခြင်းမျိုးမရှိခဲ့ပါ။
    သို့သော် WAN-IFRA မှ ဆုချီးမြှင့်ခြင်းမခံရမီ တစ်လခန့်အလိုတွင်မူ မြန်မာနိုင်ငံသား မွတ်စလင်များအား အံ့အားသင့်စေမည့် “ခေတ်သစ်ငရဲခွေးကြီးလွတ်နေသည်” ဆိုသည့် သတင်းဆောင်းပါးမျိုးကို စတင်ရေးသားခဲ့ပါသည်။ ထိုသို့ ရေးသားမှုမှာ နိုင်ငံတကာတွင် လူတောတိုးဖို့ အရံသင့်ပြင်ဆင်သည့် သဘောမျိုး သက်ရောက်နေပါသည်။
    ဘန်ကောက်တွင် ကျင်းပသည့် WAN-IFRA ၏ ဆုပေးပွဲတွင်မူ ဦးသန်းထွတ်အောင်က ၄င်းတို့အနေဖြင့် အခက်အခဲများအကြား၌ မီဒီယာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေရကြောင်းဖြင့် “ဒီမိုကရေစီ” ဟူသော စကားလုံးကို သုံးကာ နိုင်ငံတကာဂျာနယ်လစ်များ၊ အယ်ဒီတာများကို ရင်ဆိုင်သွားခဲ့ပါသည်။
    သို့သော် မီဒီယာသမားအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသော ဦးသန်းထွတ်အောင်မှာ WAN-IFRA ရွှေကလောင်ဆုရရှိကြောင်း အကြောင်းကြားခြင်းမခံရခင် အထိ မြန်မာနာမည်ကြီး ဂါးဒီးယန်းဦးစိန်ဝင်း ဆွတ်ခူးခဲ့ဖူးသည့် WAN-IFRA ဆုအား မိမိ မသိရှိခဲ့ကြောင်းကိုမူ နိုင်ငံတကာပရိသတ်အားဝန်ခံခဲ့ရပါသည်။
    ခေတ်သစ်ငရဲခွေးကြီးလွတ်နေသည်ဆောင်းပါးကြောင့် ၄င်းတို့မီဒီယာဝက်ဘ်ဆိုက် အတိုက်ခိုက်ခံခဲ့ရသည်ဟူသော အလဲဗင်း၏ သတင်းတွင်မူ ယခင်မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ၀က်ဘ်ဆိုက်များနှင့် အခြားအစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်သည့် နိုင်ငံများ၏ အစိုးရ၀က်ဘ်ဆိုက်များအား မင်းမဲ့စရိုက်ဆန်စွာ တိုက်ခိုက်ခဲ့ဖူးသည့် BHG ဟက်ကာ ဂရုအား ပြစ်တင်ဝေဖန်ခဲ့ပါသည်။
    ထို ဘလင့်ဟက်ကာဂရု (BHG) မှာ သက်တမ်းရင့် မင်းမဲ့စရိုက်ဆန်သော ဟက်ကာအဖွဲ့ အဖြစ် ရပ်တည်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ဦးသန်းထွတ်အောင်၏ ၀က်ဘ်ဆိုက်ကို အတိုက်ခိုက်ခံရမှ ပြည်သူအတွက် သတင်းဖြစ်ခဲ့ရပါတော့သည်။
    ဘလင့်ဟက်ကာဂရု (BHG) က အလဲဗင်း အင်္ဂလိပ်ပိုင်းကို တိုက်ခိုက်ခဲ့သည့် သတင်းတွင် ဦးသန်းထွတ်အောင်က “ဘန်ကောက်မှာ ကျင်းပတဲ့ (၆၅)ကြိမ်မြောက် ကမ္ဘာ့သတင်းစာများ ညီလာခံမှာ နိုင်ငံတကာ မီဒီယာတွေကို မြန်မာနိုင်ငံက ပဋိပက္ခ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြားက အမုန်းတရားကြောင့် မဟုတ်ဘဲ နောက်ကွယ်က ဖန်တီးလှုံ့ဆော် မှုတွေကြောင့်ဆိုတာ ရှင်းပြခဲ့ပါတယ်။ ” ဟု ထည့်သွင်းရေးသားထားပါသည်။
    ဤသို့သော စကားလုံးများမှာ WAN-IFRA ရွှေကလောင်ဆုအတွက် နိုင်ငံတကာအား ရင်ဆိုင်ဖို့ အရောင်ပြောင်းခဲ့သော အလဲဗင်းမီဒီယာဂရု၏ ကလောင် အကြမ်းဖက်မှု အရည်ခြုံ စကားလုံးများအဖြစ်သာ သုံးသပ်ကြရမည် ဖြစ်ပါသည်။
    အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်။