News @ M-Media

Tag: 2014_Hajj

  • ဟဂ်ျ မသွားလိုက်ရသူများအား ပတ်စ်ပို့များပြန်ပေး၊ ငွေကြေးများ ပြန်ပေးမည်ဟုသိရ

    ဟဂ်ျ မသွားလိုက်ရသူများအား ပတ်စ်ပို့များပြန်ပေး၊ ငွေကြေးများ ပြန်ပေးမည်ဟုသိရ

    အောက်တိုဘာ ၂၁ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ၂၀၁၄-ခုနှစ် ဟဂ်ျခရီးစဉ် သွားရောက်ရန် လိမ်လည်ခံရသူများအတွက် ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ကူညီ၍ဆောင်ရွက်ပေးနေရာ ယခုအခါ ပတ်စ်ပို့ များကို ပြန်လည် ပေးအပ်နေပြီဖြစ်ပြီး ကူညီရေး အဖွဲ့သို့ တိုက်ရိုက် ဆက်သွယ်လာသူများအား ငွေကြေးများ ပြန်လည် ပေးအပ်တော့မည်ဖြစ်ကြောင်း သိရသည်။

    “ဟဂ်ျ ခရီးစဉ်အတွက် နစ်နာသွားသူတွေ အနေနဲ့ ကျွန်တော်တို့ဆီကို ၁၉-ရက်နေ့နောက်ဆုံးထား ဆက်သွယ်ဖို့ ကျွန်တော်တို့ စာထုတ်ခဲ့ပါတယ်။ အခုထိ စာရွက်စာတမ်းတဲ့ တင်ပြ ဆက်သွယ်လာသူ ၁၄၀ ကျော်ရှိပါတယ်။

    ကျွန်တော်တို့ ပထမအဆင့် အနေနဲ့ မနေ့ ၂၀-ရက်နေ့ကစပြီး ပတ်စ်ပို့တွေကို ပြန်ပေးနေပါတယ်။ ပတ်စ်ပို့ ၂၆၀၊ အိမ်ထောင်စု စာရင်းမူရင်း ၉-ခု ကျွန်တော်တို့ လက်ခံရရှိထားတယ်။ အဲ့ဒါတွေကို ကာယကံရှင်တွေ ကိုယ်တိုင်ထံပြန်ပေးနေပါတယ်။ ဒီပတ်စ်ပို့တွေက ဟာဂျီရော်နီ ကုမ္ပဏီတစ်ခုတည်းက မဟုတ်ပဲ တခြား ကုမ္ပဏီတွေကလည်းပါပြီး ဟာဂျီရော်နီရဲ့ ကုမ္ပဏီ တာဝန်ရှိသူက ကျွန်တော်တို့ဆီ လာပြန်အပ်ထားတာပါ။ ကျွန်တော်တို့က လက်ခံသိမ်းဆည်းပြီး ကာယကံရှင်တွေကို အကြောင်းကြားပြီး ပြန်ပေးနေတာပါ။”လို့ ဟဂ်ျခရီးစဉ်ကူညီရေး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။

    နစ်နာသူများအနေနှင့် ငွေကြေး ကုန်ကျမှုများလည်း ရှိခဲ့သည့်အတွက် ငွေကြေးပြန်လည် ရရှိနိုင်မှုအား မေးမြန်းရာတွင် ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့သို့ ဟာဂျီရော်နီကုမ္ပဏီက လာရောက်ပေးအပ်ထားသည့် သိန်းနှစ်ထောင့် ကိုးရာကျော်အား အဖွဲ့ထံ ဆက်သွယ်ထားသည့် လူ ၁၄၀ ကျော်သို့ အချိုးကျ ပြန်လည်ပေးအပ်သွားမည်ဟုလည်း သိရသည်။

    “ငွေကြေးကတော့ ၂၄-ရက်နေ့ နောက်ပိုင်းကို ပြန်ပေးမယ်။ ဟာဂျီရော်နီကုမ္ပဏီ တာဝန်ရှိသူက ကျွန်တော်တို့ဆီကို သိန်းနှစ်ထောင့်ကိုးရာကျော် လာလွှဲပေးထားတယ်။ အဲ့ဒါကို ကျွန်တော်တို့ဆီ ဆက်သွယ်ထားတဲ့ လူ ၁၄၀ ကျော်ကို သူတို့ပေးထားတဲ့ ငွေပမာဏအလိုက် စနစ်တစ်ခုသတ်မှတ်ပြီး ပြန်ပေးမယ်။ ဒီသိန်းနှစ်ထောင့်ကိုးရာကျော်ကို လူ ၁၄၀ ကျော်ကို ပထမအရစ်အနေနဲ့ အချိုးကျ ပြန်ပေးမှာပါ။

    နောက်ပြီးတော့ ကျွန်တော်တို့ဆီမှာ လေယာဉ်လက်မှတ် အစောင် ၁၈၀ ရှိတယ်။ အဲ့ဒါအတွက် သက်ဆိုင်ရာ လေယာဉ်တွေနဲ့ဆက်သွယ်ပြီး ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ဆက်သွယ်မေးမြန်းပြီး အဲ့ဒီက ငွေပြန်ရလာရင် ဒုတိယအရစ် အနေနဲ့ ထပ်ပေးမယ်။

    တတိယအရစ်ကတော့ ဟာဂျီရော်နီတို့ကုမ္ပဏီတွေနဲ့ တိုက်ရိုက် ဆက်ပြီး ရှင်းပေးမယ်။”ဟု ဟဂ်ျခရီးစဉ်ကူညီရေး အဖွဲ့ချုပ် ရုံးအဖွဲ့မှူး ဦးသန်းဦးက ပြောသည်။

    ဟဂ်ျမသွားလိုက်ရပဲ နစ်နာသူ ၃၀၀ ကျော်ရှိသည့်အနက် ၁၄၀ ကျော်ပဲ ငွေကြေးပြန်လည် ရရှိနိုင်မည်လားဟု မေးမြန်းမှုအား “ဟဂ်ျမသွားလိုက်ရပဲ နစ်နာသူ ၃၀၀ ကျော်ဆိုပေမယ့် ကျွန်တော်တို့ ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ကို ဆက်သွယ် အကူအညီတောင်းလာတာက ၁၄၀ ကျော်ပဲရှိပါတယ်။ ကျွန်တော်တို့ဆီ ဆက်သွယ်လာသူတွေ အတွက်သာ ကျွန်တော်တို့ လုပ်ပေးခြင်းဖြစ်လို့ ၁၄၀ ကျော်ကို ကျွန်တော့်တို့ဘက်ကနေ ကူညီပြီး ငွေကြေးပြန်လည် ပေးအပ်မယ်လို့ ဆိုလိုတာပါ။ ကျွန်တော်တို့ ကြေညာထားတဲ့ အောက်တိုဘာ ၁၉-ရက်နေ့အတွင်း ကျွန်တော်တို့ဆီ ရောက်လာတဲ့ လူ ၁၄၀ ကျော်ကိုပဲ ကျွန်တော်တို့ လုပ်ဆောင်ပေးနိုင်တာပါ။”ဟု ဟဂ်ျခရီးစဉ်ကူညီရေးအဖွဲ့ချုပ် ရုံးအဖွဲ့မှူး ဦးသန်းဦးကပင် ထပ်မံ ရှင်းလင်းပြောသည်။

    လာမည့်နှစ် ဟဂ်ျရာသီကာလတွင် ယခုကဲ့သို့ လိမ်လည်မှုများ မပေါ်ပေါက်စေရေးအတွက် ကုမ္ပဏီများအား ချုပ်ကိုင်သည့် ဟဂ်ျအေးဂျင့်တစ်ခု အကောင်အထည်ပေါ်လာရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

  • မသမာမှုများကြောင့် ဟဂ်ျ မသွားရဘဲ နစ်နာခဲ့သူများကို ကူညီရန် ဟဂ်ျကူညီရေး အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်

    မသမာမှုများကြောင့် ဟဂ်ျ မသွားရဘဲ နစ်နာခဲ့သူများကို ကူညီရန် ဟဂ်ျကူညီရေး အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    ဟဂ်ျကူညီရေးအဖွဲ့မှ ၂၀၁၄-ခုနှစ် ဟာဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွား ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီအချို့၏ မသမာမှုကြောင့် ဟဂ်ျ သွားရောက်ပြုလုပ်ခွင့် မရကြဘဲ နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရခြင်းနှင့် စပ်လျဉ်း၍ အသိပေး ကြေညာချက်တစ်ရပ်ကို အောက်တိုဘာလ ၂- ရက်နေ့က ထုတ်ဝေခဲ့ပြီး အောက်တိုဘာလ ၇-ရက်နေ့မှာ လည်း ၂၀၁၄-ခုနှစ် ဟဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွား ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများသို့ ၀န်ဆောင်ခများ ပေးသွင်းပြီး ဟဂ်ျ ခရီးသွားရောက်ခွင့် မရခဲ့ကြသော ဟာဂျီလောင်းများ၏ တင်ပြ အကူအညီတောင်းခံမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း အသိပေးခြင်းဟူသော ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရပါတယ်။

    သက်ဆိုင်ရာ တာဝန်ရှိတဲ့ အေးဂျင်တွေအနေနဲ့ အောက်တိုဘာ ၁၇ ရက် နေ့ နောက်ဆုံးထား ဆက်သွယ်ပေးရန်နှင့် နစ်နာခဲ့တဲ့ ဟာဂျီလောင်းများ အောက်တိုဘာ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး စာရွက်စာတန်းများဖြင့် တင်ပြပေးရန် ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။

    နစ်နာခဲ့သူ ဟာဂျီလောင်းများနှင့် သက်ဆိုင်ရာ အေးဂျင့်တွေကို ကြားထဲကနေ ညှိနှိုင်းပေးဖို့ ကြိုးစားနေတာဖြစ်ကြောင်းကို ဟဂ်ျ ခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    ယခုအချိန်ထိ နစ်နာခဲ့သူပေါင်း ၁၀၀ ကျော် လာရောက် ဆက်သွယ်ပြီး ဖြစ်ကြောင်းကို ၄င်းက ဆက်လက်ပြီးပြောကြားခဲ့ပါတယ်။

    ဆက်စပ် သတင်းဆောင်းပါးဖတ်လိုလျှင်
    ———————————————-
    ဟဂ်ျ ခရီးစဉ် သွားမည့် သူများ အလိမ်ခံရမှု ပပျောက်စေရေး ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုပြီ။

    http://www.m-mediagroup.com/news/32977

    Ft536EEe1dSUFCPyhHX74fLC

    9WDr7fBh3N9NgY6gX7yLa455

  • ဟဂ်ျ ခရီးစဉ် သွားမည့် သူများ အလိမ်ခံရမှု ပပျောက်စေရေး ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုပြီ။

    ဟဂ်ျ ခရီးစဉ် သွားမည့် သူများ အလိမ်ခံရမှု ပပျောက်စေရေး ဝိုင်းဝန်း ဖြေရှင်းကြဖို့ လိုပြီ။

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄
    M-Media
    .ဇေယျာသူ ရေးသည်။

    2014 Hajj
    2014 ခုနှစ် ဟဂ်ျ ခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ခရီးစဉ် တနေရာ ၌ တွေ့ရစဉ် ( Photo Zawminlatt Pfm FB)

    နှစ်စဉ် ဟာဂ်ျခရီးသွား ရာသီရောက်လာတိုင်း အနည်းနဲ့အများ ကြားဖူးနေကျစကားသံကို ဒီနှစ် ဟဂ်ျကာလ အရောက်မှာလည်း ကြားရပြန်တယ်။ ‘ဟာဂျီတွေ ဒီနှစ်လည်း အလိမ်ခံရပြန်ပြီ။ ဟာဂ်ျသွားဖို့လုပ်ပြီးမှ မသွားလိုက်ရပဲ ကုမ္ပဏီက လိမ်ပြေးသွားလို့’ဆိုတဲ့ စကားသံတွေ၊ စာသားတွေကို မြင်ရ ဖတ်ရ ကြားရတော့ စိတ်ထဲမှာ ဘ၀င်မကျမိဘူး။

    ဒါပေမယ့် ဒီလို ဟဂ်ျကုမ္ပဏီတချို့ လိမ်တယ်ဆိုတာကြားရတိုင်း ‘သြော် အများစုစိတ်သောကနဲ့ ကိုယ့်ဘ၀ကောင်းစားရေး ဖလှယ်ဝံ့ကြပါလား၊ ပြီးပြည့်စုံတဲ့ ဘာသာတရားရဲ့ သွန်သင်ချက်က ဒီလိုလူတွေကြောင့် အများလက်ညှိုး ထိုးစရာတစ်ခု ထပ်ဖြစ်ရပါလား’လို့ ကရုဏာဒေါသဖြစ်မိတယ်။

    တချို့ ရှိစုမဲ့စုငွေလေးကို ကုပ်ခြစ်ပြီး ဟဂ်ျသွားဖို့ ကြိုးပမ်းကြတော့ အလိမ်လည်း ခံရရော ငွေကြေးအတွက် ဗျာများရတဲ့သူတွေ၊ တချို့လည်း သွားရဖို့ မျှော်လင့်ခဲ့ပြီး မသွားရတော့လို့ ခံစားရတဲ့ သောကတွေ ဒါဆိုကို သိရတော့ စိတ်မကောင်းဖြစ်မိပြန်တယ်။ အဲ့ဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က ပြောပြလာတယ်။ သူ့မိတ်ဆွေက နယ်မှာနေတဲ့အဒေါ်ကို ဟဂ်ျသွားဖို့ လုပ်ပေးထားပြီး အလိမ်ခံရလို့ မသွားလိုက်ရဘူး၊ အဲ့ဒါ ပြောပြချင်နေတယ်ဆိုပြီး ဆက်သွယ်လာတော့ သူတို့နဲ့ တွေ့ပြီး စကားပြောဖြစ်ခဲ့တယ်။ သူတို့ပြောပြတာတွေကနေ ဆိုလိုရင်းကိုတော့ နားထဲစွဲနေခဲ့တယ်။

    “ကျွန်မတို့က နယ်ကပါ။ ရှမ်းပြည်နယ်မှာနေတယ်။ ကျွန်မတို့က ရှမ်း+အင်းသား ကပြား တွေပါ။ အသက် ၆၅-နှစ်အရွယ် ကျွန်မအဒေါ်ကို ဟဂ်ျပြုစေချင်လို့ ကျွန်မတို့ ညီအစ်တစ်တွေ ဈေးဆိုင်ရောင်း လို့ရတဲ့ငွေကို စုပြီး လုပ်ပေးခဲ့တာ။ ကျွန်မ အခုပြောပြတာကလည်း ဟဂ်ျသွားဖို့ စီစဉ်ပြီးမှ မသွားလိုက်ရတာကို ခံစားရတာရယ်၊ နောက်နှစ်တွေမှာ ဟဂ်ျသွားမယ့် ဟာဂျီလောင်းတွေ ကျွန်မတို့လို အလိမ်မခံရအောင် သတိထားမိစေဖို့ ပြောပြချင်တာပါ။ ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေလိုတဲ့စိတ် မဟုတ်ပါဘူး။

    ရန်ကုန်မှာရှိတဲ့ အစ်မတစ်ယောက်ကလည်း ဟဂ်ျသွားမယ်ဆိုတာနဲ့ ကျွန်မတို့က နယ်ကဆိုတော့ သူနဲ့ ဆက်စပ်ပြီး သူလုပ်နေတယ်ဆိုတဲ့ ကုမ္ပဏီမှာ အပ်ခဲ့တယ်။ အဒေါ်ကလည်း ၆၅-နှစ်ဆိုတော့ သူက ဘာမှ မလုပ်တတ်တော့ အစပိုင်းကတော့ အဲ့ဒီအစ်မက လုပ်ပေးတယ်။ နောက်ပိုင်းကျ ကျွန်မတို့က လုပ်ပေးတယ်။ ဟဂ်ျသွားဖို့ ငွေသွင်းရတာက ၄၅-သိန်းပေါ့နော်။ အဲ့ဒါကို ကျွန်မတို့ အကုန်သွင်းပြီးသားပါ။ ဟဂ်ျသွားတယ်ဆိုတာလည်း ဟိုမှာဝတ်ဆင်ဖို့ဝယ်ရပြုရ၊ နောက် ရန်ကုန်လာပြီး ပတ်စ်ပို့ လုပ်ရ ဘာညာနဲ့ အားလုံးက ၁၀-သိန်းလောက်တော့ ကုန်တယ်။ ဒီတော့ စုစုပေါင်း ၅၅ သိန်းလောက်တော့ ကုန်တာပေါ့။ ကုမ္ပဏီကို ပေးရတာက ၄၅-သိန်းပါ။ ဟုတ်ပါတယ်။ အဒေါ်သွားမယ့် ကုမ္ပဏီက ဟာဂျီရော်နီ ခေါ် ဦးခင်မောင်အေး (Arrow Lane Travels & Tours ကုမ္ပဏီ) လက်ခွဲ လို့ပြောတယ်။ ကျောက်တံတားမြို့နယ် ထဲမှာနေတယ် ဟာဂျီဇော်မင်းလို့ခေါ်တယ်။ သူ့ဆီကနေ စုစုပေါင်း ၁၇-ယောက်သွားဖို့လုပ်တာ အခုက တစ်ယောက်မှ မသွားရပဲ အလိမ်ခံရတယ်။ စက်တင်ဘာ ၂၂-ရက်နေ့မှာ ရန်ကုန်လေယာဉ်ကွင်းကနေ ထွက်ရမယ်ဆိုတော့ အဲ့ဒီမတိုင်ခင် ၁၀-ရက်လောက်မှာ ကုမ္ပဏီက လမ်း ၃၀ ဘက်က ဗလီမှာ ဟာဂျီလောင်းတွေကိုတွေ့ပြီး အိတ်တွေ ဘာတွေ ပေးလိုက်တယ်။ နောက် ၂၂-ရက်နေ့ လေယာဉ်ကွင်းရောက်တော့ လေယာဉ် ထွက်ချိန်စောင့်ရင်း စောင့်ရင်း မသွားရတော့ဘူးဆိုပြီး ဖြစ်သွားတယ်။ ဗီဇာမရလို့ မသွားရတော့တာလို့ပြောတယ်။ ကျွန်မအဒေါ်လည်း တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ တချို့ကတော့ပြောတယ် ဒါဟာ နဆစ်(ကံ)မပါလို့ မသွားရတာပါတဲ့။ တခြားအကြောင်းကြောင့် မသွားလိုက်ရဘူးဆို ကျွန်မတို့ ဖြေသာတယ်။ ကျွန်မတို့လည်း နားမလည်တော့ နီးစပ်ရာနဲ့ အဆင်ပြေမယ်ထင်လို့ လုပ်လိုက်တာပါ။ ဟာဂျီရော်နီဆီက လူ ၃၀၀ လောက် မသွားရဘူးလို့ပြောတယ်။ အခုဟာက ဒီလို အလ္လာ့ဟ်လမ်းသွားဖို့ စီစဉ်နေတာမှာ လိမ်တာကတော့ မလုပ်သင့်ဘူးလို့ ကျွန်မထင်တယ်။

    ကျွန်မက အခုလိုဖြစ်တော့ မော်လ၀ီအဖွဲ့ချုပ်ကိုလည်း ဆက်သွယ်တယ်၊ အိုလမာအဖွဲ့ချုပ်ကိုလည်း ဆက်သွယ်တယ်။ သူတို့ကပြောတယ်။ အဲ့ဒါက သူတို့နဲ့မဆိုင်ဘူး ဟဂ်ျကော်မတီကို ဆက်သွယ်ပါလို့ပြောတာနဲ့ ဟဂ်ျကော်မတီကို ဆက်သွယ်တယ်။ ဟဂ်ျကော်မတီကလည်း သူတို့နဲ့လည်း မဆိုင်ဘူးလို့ပြောတယ်။ ဒါနဲ့ ကျွန်မလည်း ကိုယ်တိုင်ပဲ ဟာဂျီဇော်မင်းကို ဆက်သွယ်ပြီးပြောတယ်။ အခုတော့ ကျွန်မတို့ကို ၂၅-သိန်း ပြန်ပေးထားတယ်။ ကျန်တဲ့ သိန်း ၂၀ ကိုလည်း ပြန်ပေးမယ်ပြောတယ်။ ရန်ကုန်က ကျွန်မတို့ အစ်မကိုတော့ ၅-သိန်း ပြန်ပေးတယ်ပြောတယ်။  ကျွန်မက ဖုန်းဆက်ဆက်ပြီးပြောတော့ ကုမ္ပဏီနဲ့ စကားများရတယ်။ ကျွန်မလည်း ဖုန်းခတင် ၁-သိန်းလောက် ကုန်နေပြီ။ နောက်နှစ်တွေမှာ ဟဂ်ျသွားမယ့် ဟာဂျီလောင်းတွေအနေနဲ့ ဘယ်သူ့ကိုမှ မယုံကြည်ပဲ တကယ်ကို သေချာယုံကြည်စိတ်ချရလောက် သူတွေနဲ့ ဆက်သွယ်မေးမြန်းပြီးမှ ဟဂ်ျသွားဖို့ လုပ်စေချင်ပါတယ်။”

    ဒီလိုစကားတွေ ကြားရတော့ ထပ်ပြီး အတွေးပွားမိတယ်။ မြန်မာနိုင်ငံမှာ ဟဂ်ျကော်မတီရှိပေမယ့် ဟဂ်ျကော်မတီအနေနဲ့ မြန်မာနိုင်ငံ အစိုးရက ခွင့်ပြုပေးတဲ့ ဟာဂျီဦးရေ (မဲဟာဂျီ) ကို ခွဲတမ်းနဲ့ လွှဲပြောင်း စီစဉ်ပေးနိုင်ပေမယ့် သီးခြား ပုဂ္ဂလိက ဟဂ်ျ ကုမ္ပဏီတွေကိုတော့ ဘယ်သူမှ ထိန်းချုပ်ကိုင်တွယ်မှုမရှိပဲ နှစ်စဉ်နှစ်တိုင်း ဒီလိုပဲ လိမ်လည်မှုတွေ၊ အလိမ်ခံရမှုတွေ ဖြစ်နေဦးမယ်ဆိုရင် မြန်မာနိုင်ငံက ဟဂ်ျသွားမယ့်သူတွေအတွက် ဟဂ်ျရည်ရွယ်ချက်တွေ စိတ်ရည်စူးချက်(နီယသ်)တွေ ဘာတွေ ဖြစ်ကုန် မလဲလို့ တွေးမိတယ်။ ဟဂ်ျမသွားလိုက်ရပဲ အလိမ်ခံရတယ်ဆိုသူရဲ့ စကားတွေ နားထောင်အပြီးမှာ သူတို့ကို လိမ်သွားတယ်ဆိုတဲ့ ကုမ္ပဏီကလည်း ဘာအကြောင်းတွေကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကို သိချင်လာပြန်တာနဲ့ ဟာဂျီဇော်မင်းကို ဆက်သွယ်တွေ့ဆုံပြီး မေးကြည့်ပြန်တယ်။

    “ကျွန်တော်က ကုမ္ပဏီမဟုတ်ပါဘူး။ ဟာဂျီရော်နီနဲ့ ကျွန်တော်ကလည်း ဆွေမျိုးမကင်းဘူးလို့ ပြောလို့ရပါတယ်။ ကျွန်တော် အရင်ကလည်း ဟဂ်ျသွားဖူးတယ်။ tRQPPN3Qd9a0ggE8f5M5bedLဟာဂျီရော်နီက Arrow Lane Travels & Tours ကုမ္ပဏီနဲ့ အရင်နှစ်တွေကလည်း ဟာဂျီတွေကို ပို့နေတာရှိတယ်။ ဒီနှစ်လည်း ကျွန်တော်က ဟဂ်ျသွားချင်တယ်။ ဒါနဲ့ ဟာဂျီရော်နီကပြောတယ်။ ဟဂ်ျသွားချင်တဲ့ ဟာဂျီတွေကို လူစုပေး။ လူစုပေးရင် စုပေးတဲ့သူအတွက် စရိတ်နည်းနည်းနဲ့ သူစီစဉ်ပေးမယ်ဆိုတော့ ကျွန်တော်လည်း အဲ့ဒါကို လုပ်ဖြစ်လိုက်တယ်။ ကုမ္ပဏီအနေနဲ့ မဟုတ်ပါဘူး။ ကျွန်တော် ဦးဆောင်ပြီး လူစုတဲ့အနေနဲ့ပါ။ ကျွန်တော့်လိုပဲ တခြား ၄-၅ ယောက်လောက်လည်း အဲ့လိုပဲ လူစုပေးကြတယ်။ ကျွန်တော်ကတော့ ၁၇-ယောက် စုဖြစ်တယ်။ စက်တင်ဘာ ၂၂-ရက်နေ့မှာ ရန်ကုန်လေယာဉ်ကွင်းကနေ ထွက်မယ်စီစဉ်ထားတယ်။ အဲ့ဒါ မတိုင်ခင် ၁၀-ရက်လောက်မှာ လမ်း ၃၀က ဗလီမှာ ဟာဂျီလောင်းတွေကို စုပြီး ကျွန်တော်တို့ဆုံတယ်။ အိတ်တွေဘာတွေလည်း ကျွန်တော် အကုန်ပေးလိုက်တယ်။

    P6DNbDSFF70H0TFHaBhCaDBY ဟာဂျီရော်နီဆီမှာ ကျွန်တော်အပါအ၀င် ၁၇-ယောက်ပေါ့ဗျာ။ ကျွန်တော်စုပေးတဲ့သူတွေဆီကနေ ကောက်ပြီးတော့ သူ့ဆီ ငွေတွေ အကုန်သွင်းပေးပြီးပြီ။ သူ့ဘက်က ငွေလက်ခံဖြတ်ပိုင်းလည်း ကျွန်တော့်မှာရှိတယ်။ စက်တင်ဘာ ၂၂ ရက်နေ့ လေယာဉ်ကွင်းရောက်တော့မှ ဗီဇာ မရလို့ဆိုပြီး မသွားရဘူး။ ကျွန်တော်တို့ အားလုံးရဲ့ ပတ်စ်ပို့တွေလည်း ပြန်မရသေးဘူး။ စက်တင်ဘာ ၂၄-ရက်နေ့အထိ ဟာဂျီရော်နီက သူစီစဉ်ပေးမယ် ပြောတယ်။ စက်တင်ဘာ ၂၆-ရက်နေ့ကစပြီး ကျွန်တော် သူနဲ့ အဆက်အသွယ်မရတော့တာ။ ဟာဂျီရော်နီကတော့ ဘယ်ရောက်နေလဲ မသိဘူး။ ကျွန်တော် ဆက်သွယ်တော့လည်း လုံးဝ မရဘူး။ သူ့အမျိုးသမီးနဲ့ ဖုန်းအဆက်အသွယ်ရတော့ ဟာဂ်ျကော်မတီကို ဒီကိစ္စတွေ လွှဲပေးလိုက်တယ်ပြောတယ်။ ကျွန်တော်စုပေးတဲ့ ၁၇-ယောက်ကိုတော့ ကျွန်တော်လည်း တတ်နိုင်သမျှ ငွေပြန်အမ်းပေးချင်တယ်။ ရှမ်းပြည်ဘက်က တစ်ယောက်ကတော့ ကျွန်တော့်ကို တစ်ချိန်လုံး ဖုန်းဆက်ဆက်ပြီးပြောနေတော့ ကျွန်တော် ဒဏ် မခံနိုင်တော့လို့ ရသလောက်ငွေစုပြီး ၂၅-သိန်း ပြန်အမ်းပေးထားတယ်။ နောက်တစ်ယောက်ကိုတော့ ၅-သိန်း ပြန်ပေးထားတယ်။ ကျန်တဲ့သူတွေကိုလည်း အတတ်နိုင်ဆုံးပြန်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ဟာဂျီရော်နီကိုလည်း ပန်းဘဲတန်း ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကျွန်တော်လည်း ကိုယ့်အတွက် သက်သာမလားလို့ လုပ်လိုက်မိတယ်။ ကိုယ်ပါ လိမ်တဲ့အထဲ ပါသွားရတယ်။ အခုတော့ ဟဂ်ျအဖွဲ့ကလည်း ဟာဂျီတွေအလိမ်ခံရတဲ့ကိစ္စကို ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။”

    သူတို့ပြောတာတွေ နားထောင်ပြီးအချိန်အထိ ဟာဂျီတွေ အလိမ်ခံရတာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ရေရေရာရာ မသိသေးတဲ့အတွက် ဟာဂျီဇော်မင်း ပြောသည့် ဟဂ်ျအဖွဲ့က ကူညီဆောင်ရွက်နေတယ် ဆိုတာနဲ့ ဟာဂျီရော်နီထံ ဆက်သွယ်ဖို့ ကြိုးစားမိပြန်တယ်။

    ဟာဂျီရော်နီရဲ့ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့ ကုမ္ပဏီဖုန်းကို ဆက်သွယ်တာမှာ ဖုန်းပိတ်ထားတဲ့ အတွက် ဟာဂျီရော်နီရဲ့ အမျိုးသမီး ကိုင်ဆောင်ထားတဲ့ ဖုန်းကို ဆက်သွယ်တော့ ဟာဂျီရော်နီရဲ့ သမီးဖြစ်သူက ဖုန်းလက်ခံပြောပြီး အခု ဟာဂျီတွေ အလိမ်ခံရမှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ “တရားဥပဒေကြောင်း အရ ရင်ဆိုင်ဖြေရှင်းဖို့ လုပ်နေပါတယ်”လို့ ပြန်လည်ဖြေကြားပါတယ်။

    ဒါနဲ့ ဟာဂ်ျကော်မတီကို ထပ်ပြီးဆက်သွယ်ပါတယ်။ ဟာဂ်ျကော်မတီက တာဝန်ရှိသူ လူကြီးတစ်ယောက်က ပြောပါတယ်။ “အန်ကယ်လ်တို့အနေနဲ့ ဒီကိစ္စကို မလုပ်ဆောင်နေပါဘူး။ ဟဂ်ျကော်မတီလို့ ပြောလိုက်တာဟာ ဟာဂ်ျကူညီရေး အဖွဲ့ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ အကယ်၍ တစ်စုံတစ်ယောက်က အန်ကယ်လ်တို့ ကော်မတီကို ဆက်သွယ် အကူအညီတောင်းလာခဲ့ရင်တော့ အန်ကယ်လ်တို့ တတ်နိုင်သမျှ ကူညီသွားမှာပါ”လို့ ပြောခဲ့ပြန်ပါတယ်။

    9WDr7fBh3N9NgY6gX7yLa455

    ဒါနဲ့ပဲ ဟဂ်ျကူညီရေးအဖွဲ့ကို ဆက်သွယ်ဖြစ်ပြန်ပါတယ်။ ဟဂ်ျကူညီရေးအဖွဲ့အနေနဲ့ ၂၀၁၄-ခုနှစ် ဟာဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွား ၀န်ဆောင်မှုလုပ်ငန်း ကုမ္ပဏီအချို့၏ မသမာမှုကြောင့် ဟဂ်ျ သွားရောက်ပြုလုပ်ခွင့် မရကြဘဲ နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရခြင်းနှင့် စပ်လျဉ်း၍ အသိပေး ကြေညာချက်တစ်ရပ်ကို အောက်တိုဘာလ ၂- ရက်နေ့က ထုတ်ဝေခဲ့ပြီး အောက်တိုဘာလ ၇-ရက်နေ့မှာလည်း ၂၀၁၄-ခုနှစ် ဟာဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွား ၀န်ဆောင်မှု လုပ်ငန်း ကုမ္ပဏီများသို့ ၀န်ဆောင်ခများပေးသွင်းပြီး ဟဂ်ျခရီး သွားရောက်ခွင့် မရခဲ့ကြသော ဟာဂျီလောင်းများ၏ တင်ပြ အကူအညီတောင်းခံမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း အသိပေးခြင်းဟူသော ကြေညာချက်တို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်းနဲ့ အောက်တိုဘာ ၁၉-ရက်နေ့ နောက်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားကြောင်း သိရပြန်ပါတယ်။

     

    11

    ဟဂ်ျ ခရီးစဉ် ကူညီရေးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကတော့ “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စာထုတ်ထားတယ်။ ဟာဂျီရော်နီနဲ့ပတ်သက်ပြီး ဆက်နွယ်နေတဲ့ အေးဂျင့်တွေက ဒီလ ၁၇-ရက်နေ့မှာ လာဆက်သွယ်ပေးပါ။ သူတို့လက်ခံထားတာတွေကို ဘယ်လိုဖြေရှင်းပေး မလဲဆိုတာ မေးထားတယ်။ နောက်တစ်ခုက နစ်နာသူတွေအနေနဲ့ ဟာဂ်ျ ကူညီရေးအဖွဲ့ကို ဆက်သွယ်ဖို့ ပြောထားတာတွေမှာ တစ်နေ့ကို ၂-၃ ယောက် ဆက်သွယ်လာနေကြတာ အခုထိ စာရွက်စာတမ်းနဲ့ တင်လာတာ လူ ၁၀၀ ကျော် ဖြစ်သွားပြီ။ ၁၇-ရက်နေ့ကို အေးဂျင့်တွေ ဆက်သွယ်ပါ၊ ၁၉-ရက်နေ့မှာ နစ်နာသူတွေ နောက်ဆုံးထား ဆက်သွယ်ပါလို့ကြေညာထားတယ်။ ဆက်သွယ်လာတဲ့ အေးဂျင့်နဲ့ ဟာဂျီတွေနဲ့ကို ကြားထဲကနေ ညှိနှိုင်းပေးဖို့ ကြိုးစားနေတာပါ။ လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၁ တုန်းကလည်း ဒါမျိုးတွေဖြစ်ခဲ့တာ အများစုသိပြီးသားပါ။ ဟာဂျီရော်နီ ကုမ္ပဏီဘက်ကတော့ ကျွန်တော်တို့ အဖွဲ့ကို ဆက်သွယ်လာတာမျိုးရှိတယ်။ ၈၇-လမ်းက ဦးမြင့်မောင် ကုမ္ပဏီနဲ့ပတ်သက်ပြီး တာဝန်ခံ ဖြေရှင်းပေးမယ့်သူတော့ မပေါ်လာသေးဘူး။ သူ့ကုမ္ပဏီက ကျွန်တော် တာဝန်ခံ ရှင်းပါမယ်ဆိုသူတော့ မပေါ်လာသေးဘူး။ ကြားထဲကနေ မခိုင်လုံတဲ့သူတွေတော့ ကြားနေရတာမျိုးရှိပေမယ့် ကျွန်တော်တို့က လက်မခံဘူး။ တာဝန်ခံပြီး ဖြေရှင်းပေးမယ့် သူတော့ ပေါ်လာရမယ်လေ။ ဒါမှ ပြေလည်မှု ရမှာပေါ့။ ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့ အေးဂျင့်တွေနဲ့ ကျွန်တော်တို့ ညှိနှိုင်းမယ်။ သူတို့ဘက်က ဘာအခက်အခဲတွေရှိလဲဆိုတာ ဆွေးနွေးမယ်။ ဟိုဘက်မှာ ဘယ်လောက်သုံးထားလဲ။ ဘယ်လောက်ကုန်ထားလဲ။ ဒီဟာဂျီတွေကို ဘယ်လိုလုပ်မလဲဆိုတာ ညှိနှိုင်းတဲ့သဘောပါ။

    ဟုတ်ကဲ့ ၂၀၁၁-ခုနှစ်ကလည်း ဒီလိုဖြစ်ခဲ့တော့ ဟဂ်ျ သွားမယ့်သူတွေအနေနဲ့ ဒီလိုကိစ္စရပ်တွေအတွက် ဘယ်လိုသိနားလည်ထားဖို့ လိုသလဲဆိုတော့ ကျွန်တော်တို့ ဟဂ်ျ ခရီးစဉ်ကူညီရေးဖွဲ့ထားတာ ၃-နှစ်လောက်ရှိပြီ။ ကျွန်တော်တို့အနေနဲ့ကတော့ ဖြစ်နိုင်ရင် ဟဂ်ျ မစ်ရှင်တစ်ခု ပေါ်ပေါက်စေချင်တယ်။ ဒီဟဂ်ျမစ်ရှင်ကနေမှ သွားမယ့်ဟာဂျီတွေနဲ့ အေးဂျင့်တွေ အတွက် တိကျခိုင်မာတဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်ပေးတာမျိုးပေါ်လာရင် အကောင်းဆုံးဖြစ်မယ်လို့ သတ်မှတ်ပြီး ကျွန်တော်တို့ ကြိုးစားကြည့်နေတယ်။

    ဟုတ်ကဲ့ အခုလက်ရှိ ရှိနေတဲ့ ဟဂ်ျကော်မတီနဲ့ ကျွန်တော်ပြောတဲ့ ဟာဂ်ျမစ်ရှင်နဲ့ မတူပါဘူး။ ဟဂ်ျမစ်ရှင်ဆိုတာက သွားမယ့်ဟာဂျီတွေ အေးဂျင့်တွေကို ချုပ်ကိုင်ထားမယ့် အဖွဲ့ကိုဆိုလိုတာပါ။ အဲ့ဒီအဖွဲ့ကသာ သံရုံးနဲ့ဆက်သွယ်ပြီး လုပ်ဆောင်မယ်ဆိုရင် ဒီလိုကိစ္စတွေ ပေါ်လာစရာအကြောင်းမရှိပါဘူး။”လို့ ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ဦးသန်းဦးက ပြောကြားခဲ့ပြန်ပါတယ်။

    အားလုံးဆီက စကားတွေနားထောင်အပြီးမှာတော့ ဒီလိုပုံစံသာ နှစ်စဉ် ဖြစ်နေရင် ဘယ်သူတွေမှာ တာဝန်ရှိတာလဲ၊ ကုမ္ပဏီတွေလိမ်သွားပြန်ပြီ၊ လိမ်ခံရသူတွေလည်း ဒီလိုပုံစံနဲ့ ပြီးသွားရပြန်ပြီဆိုရင် ဟဂ်ျသွားဖို့ ဘယ်လိုများ လုပ်ဆောင်ကြမလဲ။ စစ်မှန်တဲ့ ဟဂ်ျ ဝန်ဆောင်မှု ကုမ္ပဏီတွေ အနေနဲ့လည်း ကိုယ်တွေနဲ့ မဆိုင်ဘူးလို့ မှတ်ယူလို့မရပဲ အားလုံး ၀ိုင်းဝန်းအဖြေရှာ ဖြေရှင်းမှသာ ဒီလို မသမာမှုတွေကနေ လွတ်ကင်းနိုင်မှာဖြစ်တယ်လို့ တွေးရင်းနဲ့သာ သက်ပြင်းမော ချမိတော့တယ် …. ။

    *  ဒီအကြောင်းအရာတွေဟာ ဘယ်သူတစ်ဦး တစ်ယောက် နစ်နာစေလိုတဲ့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ဒီလို လိမ်လည်မှုတွေ နှစ်စဉ်ဖြစ်နေတာကို သိရှိဂရုထားကြဖို့ရယ် အမှန်တရား တစ်ခုပေါ်ထွန်းလာစေဖို့ရယ် ရည်ရွယ်ပြီး ရေးခဲ့ခြင်းဖြစ်ပါတယ်။

    ဆက်စပ် ဆောင်းပါး ဖတ်ရှုလိုလျှင်

    ဆောင်းပါးရှင်-  ကျော်နေမင်း (မြို့ပြ) ရဲ့
    ရှက်ဖွယ်ရယ်ကြုံ၊ လုပ်ဇာတ်တွေ အစုံအလင်နဲ့ နင်လားဟဲ့ “ဟဂ်ျ” ဒုက္ခ  Click Here

  • ဟဂ်ျ သွားမည့် စင်ကာပူ နိုင်ငံသားများကို မွတ်စလင်ရေးရာ ၀န်ကြီးမှ ပို့ဆောင်နှုတ်ဆက်ခဲ့

    ဟဂ်ျ သွားမည့် စင်ကာပူ နိုင်ငံသားများကို မွတ်စလင်ရေးရာ ၀န်ကြီးမှ ပို့ဆောင်နှုတ်ဆက်ခဲ့

    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    1474512_837165856317924_4319437620620355415_n
    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့သို့ ဟဂ်ျပြုလုပ်ရန် သွားရောက်ကြမည့် စင်ကာပူနိုင်ငံသား နောက်ဆုံးအသုတ်အား စင်ကာပူ မွတ်စလင်ရေးရာ ၀န်ကြီး ဒေါက်တာ ယာကွဘ် အီဗရာဟင်က လေဆိပ်တွင် သွားရောက်နှုတ်ဆက်ခဲ့သည်ဟု သိရသည်။

    စုစုပေါင်း ၂၃၁ ဦးပါဝင်သည့် အဆိုပါအုပ်စုမှာ နောက်ဆုံးနှင့်အကြီးဆုံးအုပ်စုဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် သောကြာနေ့က ချန်ဂီလေဆိပ်မှ ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား ဒေါက်တာ အီဗရာဟင်က သွားရောက် တွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့သည်။

    စင်ကာပူမှ ဟဂ်ျခရီးစဉ်သို့ သွားရောက်ခွင့်ရသည့် ဦးရေမှာ ၆၈၀ ရှိပြီး ဒေါက်တာ အီဗရာဟင်ကမူ ၎င်းတို့အားလုံး ကျန်းမာ ချမ်းသာစွာဖြင့် ဟဂ်ျ လုပ်နိုင်ကာ အန္တရာယ် ကင်းစွာ စင်ကာပူသို့ ပြန်လည်ရောက်ရှိနိုင်ပါစေကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    စင်ကာပူမှ ဟဂ်ျခရီးစဉ်သို့ သွားရောက်နိုင်မည့် အရေအတွက် ပိုမိုရရှိရန် ဆော်ဒီအာဏာပိုင်များသို့ တောင်းဆိုခဲ့သော်လည်း ကအ်ဗာ ကျောင်းတော်ပရ၀ုဏ် တိုးချဲ့နေမှုကြောင့် တောင်းဆိုမှုကို လက်မခံခဲ့ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးဆုံးသွားပါက လိုက်လျောလိ့မ်မည်ဟု မျှော်လင့်ပါကြောင်း၊ စင်ကာပူမှ ဟဂ်ျခရီးသွားများ အဆင်ပြေစေရန် ကူညီပေးသည့် ဆော်ဒီသံရုံးနှင့် စင်ကာပူဆိုင်ရာ ဆောဒီသံအမတ်ကြီးကိုလည်း ကျေးဇူး တင်ပါကြောင်း ဒေါက်တာ အီဗရာဟင်က ထည့်သွင်းရေးသားခဲ့သည်။

    စင်ကာပူနိုင်ငံ၏ လူဦးရေမှာ ၅.၃ သန်းကျော်ရှိပြီး မလေး၊ တရုတ်၊ အိန္ဒိယ နွယ်ဖွားများ အပါအ၀င် စုစုပေါင်း အစ္စလာမ် ဘာသာဝင်ဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

    အစ္စလာမ့်သာသနာရေးရာကောင်စီက မွတ်စလင်တို့၏ ကိစ္စအ၀၀ကို စီမံခန့်ခွဲသည်။

    ထို့ပြင် အစ္စလာမ်ဘာသာဝင်များ အစ္စလာမ့် ရှရီအာတရားဥပဒေအတိုင်း ဆုံးဖြတ်နိုင်ရန်အတွက် ရှရီအာခုံရုံးကိုလည်း အစိုးရက ထားရှိပေးထားသည်။ စင်ကာပူနိုင်ငံတစ်ဝှမ်းတွင် ဗလီဝတ်ကျောင်းတော်ပေါင်း ၆၉ ခုခန့်ရှိပြီး အစ္စလာမ့်ရေးရာများကို ထုတ်လွှင့်တင်ဆက်သည့် အစ္စလာမ့်ရုပ်သံလိုင်းများလည်း ရှိသည်။

    ref_ Islamic Religious Council of Singapore (MUIS)

  • ဟဂ်ျပြုရန် လာရောက်ကြသူများ အတွက် ကျန်းမာရေး အသိ ပညာပေးရေး အစီအစဉ်များကို ဆော်ဒီ ပြုလုပ်

    ဟဂ်ျပြုရန် လာရောက်ကြသူများ အတွက် ကျန်းမာရေး အသိ ပညာပေးရေး အစီအစဉ်များကို ဆော်ဒီ ပြုလုပ်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    1410466191390206900
    – ကမ္ဘာတစ်ဝှမ်းမှ လာရောက်ကြမည့် ဟဂ်ျဘုရားဖူးခရီးသည်များအတွက် ကျန်မာရေးဆိုင်ရာ အသိပညာပေးရေး လှုပ်ရှားမှုများကို ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက နည်းလမ်းပေါင်းစုံဖြင့် တိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။

    ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ်များကို ဆော်ဒီရှိ ရုပ်သံလိုင်းပေါင်းစုံမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဟဂ်ျခရီးသည်များအတွင်း လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေသွားရန် စီစဉ်နေသည်။

    “ရုပ်သံလိုင်းတွေအပြင် ဟဂ်ျပြုကြမယ့် သူတွေအကြား ကူးစက်ရောဂါ ပြန့်နှံ့မှုကို တားဆီးဖို့နဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ အကြံပြုထားတဲ့ လက်ကမ်းစာစောင် ၁ သန်းကျော်ကို ဘာသာစကားမျိုးစုံနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေသွားမှာဖြစ်ပြီး သက်ဆိုင်ရာ ဘာသာစကားအလိုက် ဖြန့်ဝေသွားမှာပါ” ဟု ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ခါလစ် အလ်-မီရ်ဂါလာနီက Arab News သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုလက်ကမ်းစာစောင်များကို အာရဗီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ အူရဒူနှင့် အင်ဒိုနီးရှား ဘာသာစကားများဖြင့် ထုတ်ဝေသွားမည်ဖြစ်သည်။

ုထို့ပြင် ဟဂ်ျကာလ မက္ကာနှင့် မဒီနာမြို့များ၌ နေထိုင်စဉ် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ဆောင်ရန်ရှောင်ရန်များကိုလည်း ထိုလက်ကမ်းစာစောင်များတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

    ဟဂ်ျပြုရန်လာရောက်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာများ ရရှိရန်အတွက် အီလက်ထရောနစ်မီဒီယာများကိုလည်း အသုံးပြုသွားမည်ဖြစ်ပြီး လမ်း၏ အဓိကနေရာများတွင် ကျန်းမာရေးအသိပညာပေး ကြော်ညာဆိုင်းဘုတ်များကိုလည်း ချိန်ဆွဲသွားမည်ဖြစ်သည်။

    အီဘိုလာဗိုင်းရပ်စ်ပိုး ပြဿနာကြောင့် ဆော်ဒီအစိုးရမှာ ယခုနှစ် ဟဂ်ျကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုများကို တင်းကြပ်စွာ ဆောင်ရွက်ထားပြီး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အကြံဥာဏ်များရယူနိုင်ရန်အတွက်လည်း အခမဲ့ ဖုန်းလိုင်းတစ်ခုကို စီစဉ်ပေးထားသည်။

    ref_Arab news