News @ M-Media

Tag: 2018 World Cup

  • ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီ ကမ္ဘာ့ဖလားဆုကြေးကို ဗလီဆောက်ရန် လှူဒါန်းမည်

    ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီ ကမ္ဘာ့ဖလားဆုကြေးကို ဗလီဆောက်ရန် လှူဒါန်းမည်

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – ကမ္ဘာ့ဖလားရ ပြင်သစ်အသင်းက အလယ်တန်းကစားသမား အူစမာနီ ဒမ်ဘီလီဟာ ရရှိတဲ့ ဆုကြေးတွေကို သူ့ရဲ့ဇာတိ မော်ရီတေးနီးယားနိုင်ငံက မြို့တစ်ခုမှာ ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ဖို့ လှူဒါန်းမယ်လို့ သိရပါတယ်။

    မော်ရီးတေးနီးယားနိုင်ငံ ဗာနွန်မြို့မှာ မွေးဖွားပြီး ပြင်သစ်မှာ ကြီးပြင်းခဲ့တဲ့ ဒမ်ဘီလီဟာ ကမ္ဘာ့ဖလားရ ပြင်သစ်အသင်းက အာဖရိကနွယ်ဖွား ၁၅ ဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။

    ဒမ်ဘီလီရဲ့မိခင်ဟာ မော်ရီတေးနီးယားနဲ့ ဆီနီဂေါလ်အနွယ်က ဆင်းသက်လာပြီး ဖခင်က မာလီက ဖြစ်ပါတယ်။ မော်ရီတေးနီးယားဟာ တစ်ချိန်က ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးပြီး ၁၉၆၀ ပြည့်နှစ်မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

    ကမ္ဘာ့ဖလားဆုကြေးကို ဒမ်ဘီလီက မော်ရီတေးနီးယားနိုင်ငံ ဒီအာဂူလီမြို့မှာ ဗလီဝတ်ကျောင်းတော်တစ်လုံးဆောက်လုပ်ဖို့ လှူဒါန်းမှာဖြစ်ပြီး သူ့ရဲ့ ဒီဆုံးဖြတ်ချက်အတွက် ချီးကျူးမှုတွေလည်း ရရှိနေပါတယ်။

    အသက် ၂၁ နှစ်အရွယ် ဒမ်ဘီလီဟာ လက်ရှိ ဘာစီလိုနာမှာ ကစားနေသူဖြစ်ပါတယ်။

    သူ့ရဲ့ ပြင်သစ်အသင်းဖော် အမ်ဘက်ပေဟာလည်း ကမ္ဘာ့ဖလားဆုကြေးကို ပြင်သစ်က ပရဟိတအဖွဲ့ကို လှူဒါန်းမှုကြောင့် ချီးကျူးခံခဲ့ရပါတယ်။

    Ref: Times Now

  • ပြင်သစ်တိုက်စစ်မှူး အမ်ဘက်ပေ ကမ္ဘာ့ဖလားဆုကြေးအားလုံးကို ပရဟိတအဖွဲ့သို့ လှူဒါန်းမည်

    ပြင်သစ်တိုက်စစ်မှူး အမ်ဘက်ပေ ကမ္ဘာ့ဖလားဆုကြေးအားလုံးကို ပရဟိတအဖွဲ့သို့ လှူဒါန်းမည်

    ဇူလိုင် ၁၇၊ ၂၀၁၈
    M-Media

    – ပြင်သစ်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ကီလီယန် အမ်ဘက်ပေဟာ ကမ္ဘာ့ဖလားက ရရှိတဲ့ ဆုကြေးအားလုံးကို ကလေးငယ်တွေကို ကူညီနေတဲ့ ပရဟိတအဖွဲ့ကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

    အသက် ၁၉ နှစ်အရွယ် အမ်ဘက်ပေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ပွဲအတွက် ကန်ဒေါ်လာ ၂၂၃၀၀ ဆုကြေးရပြီး၊ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့အတွက် နောက်ထပ် ဒေါ်လာ ၃ သိန်း ၅ သောင်း ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ပြိုင်ပွဲတစ်ခုလုံးမှာ ဆုကြေး ကန်ဒေါ်လာ ၅ သိန်းကျော်လောက် ရရှိခဲ့တာပါ။

    ပြင်သစ်သတင်းစာ L’Equipe က အမ်ဘက်ပေဟာ သူ အမြဲတမ်း ကူညီထောက်ပံ့နေတဲ့ Premiers de Cordee ပရဟိတအဖွဲ့ကို ဆုကြေးငွေတွေအားလုံး လှူဒါန်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

    Premiers de Cordee အဖွဲ့ဟာ မသန်စွမ်း ကလေးငယ်တွေအတွက် အားကစားပွဲတွေကို ကျင်းပပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

    အဖွဲ့ရဲ့ မန်နေဂျာဖြစ်သူ ဆီဘက်စတီယန် ရူဖင်က အမ်ဘက်ပေဟာ လေးစားထိုက်တဲ့ လူငယ်တစ်ဦးဖြစ်တယ်လို့ Le Parisien သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “အချိန်ရတိုင်း ကျွန်တော်တိုနဲ့အတူ လာရောက်ပါဝင်တယ်။ သူဟာ ကလေးတွေနဲ့ တော်တော်လေး တည့်ပါတယ်။ ကလေးတွေကို အားတက်စေမယ့် စကားတွေကိုပဲ သူက ပြောတယ်။ ကလေးတွေချင်း ကစားတာထက် သူနဲ့ ကစားမယ်ဆိုရင် ပိုပြီး ပျော်ကြလိမ့်မယ်လို့ ကျွန်တော် တစ်ခါတစ်ခါ တွေးမိပါတယ်”

    အမ်ဘက်ပေဟာ ဗိုလ်ပွဲအပါအ၀င် ၂၀၁၈ ကမ္ဘာ့ဖလားမှာ ၄ ဂိုး သွင်းယူခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဗိုလ်လုပွဲ ခရိုအေးရှားဖက်ကို သွင်းယူတဲ့ဂိုးဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားမှာ ပထမဆုံးဂိုးသွင်းယူနိုင်တဲ့ ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

    ပီအက်စ်ဂျီအသင်းမှာ ကစားနေတဲ့သူဟာ ဘောလုံးလောကမှာ နေးမာပြီးရင် ဒုတိယမြောက် ပြောင်းရွှေ့ကြေးအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

    Ref: CNA

  • စနေနေ့ ကမ္ဘာ့ဖလား သတင်းများ

    စနေနေ့ ကမ္ဘာ့ဖလား သတင်းများ

    ဇူလိုင် ၁၄၊ ၂၀၁၈
    M-Media

    အင်္ဂလန်ကိုအနိုင်ယူကာ ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့ဖလား တတိယဆု ဆွတ်ခူး
    ==========
    ဒီနေ့ည ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်တို့ရဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ဘယ်လ်ဂျီယံအသင်းက ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ မူနီယာက ဘယ်လ်ဂျီယံအသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးပြီး ၈၂ မိနစ်မှာ ဟဇာ့ဒ်က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားမှာ အမြင့်ဆုံးအဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ကတော့ ၁၉၉၀ ပြည့်နှစ်ကလိုပဲ စတုတ္ထနဲ့ ကျေနပ်ခဲ့ရပါတယ်။

    ကမ္ဘာ့ဖလားဗိုလ်စွဲလျှင် ရာကီတစ် နဖူးတွင် တက်တူးထိုးမည်
    ==================
    ဒီနေ့ညကစားမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ သူတို့အသင်းသာ အနိုင်ရခဲ့မယ်ဆိုရင် နဖူးမှာ တက်တူးထိုးမယ်လို့ ခရိုအေးရှားကွင်းလယ်လူ အိုင်ဗန် ရာကီတစ်က အရွှန်းဖောက် ပြောကြားလိုက်ပါတယ်။ သမိုင်းမှတ်တိုင်သစ် စိုက်ထူဖို့ လက်တစ်ကမ်းသာလိုတော့တဲ့ ခရိုအေးရှားအသင်းဟာ အစဉ်အလာကြီးမားတဲ့
    ပြင်သစ်ကို ရင်ဆိုင်ရမှာပါ။ လူကာမိုဒရစ်နဲ့အတူ ခရိုအေးရှားအသင်းရဲ့ အဓိကကစားသမား ဖြစ်နေတဲ့ ရာကီတစ်က ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိသတ်တွေရဲ့ ချီးကျူးစကားတွေကို ရရှိခဲ့ပြီး အလွန်ပျော်ရွှင်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    နေးမာကိုဝေဖန်မှု လွန်လွန်းသည်ဟု ဂီဘာတို ဆေးလ်ဗားပြော
    ===========
    တိုက်စစ်မှူး နေးမားကို ဝေဖန်မှုတွေဟာ လွန်လွန်းတယ်လို့ ဘရာဇီးလ်ကစာသမားဟောင်း ဂီဘာတိုဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင်လေးမှာမှ ဒဏ်ရာက သက်သာလာတဲ့ နေးမာဟာ ကွာတားမှာပြုတ်သွားတဲ့ ဘရာဇီးလ်အသင်းအတွက် ၅ ပွဲကစားပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ နေးမာကို ဘရာဇီးလ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဘက်ပ်တစ္စတာ၊ ရော်နယ်ဒိုတို့အပါအ၀င် တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။ ဆေးလ်ဗားက နေးမာဟာ တိုးတက်ဆဲကစားသမားဖြစ်ပြီး သင်ယူစရာတွေ အများကြီး ရှိသေးကြောင်း၊ ဝေဖန်တာကို အတိုင်းအတာတစ်ခုအထိ လက်ခံပေမယ့် နေးမာကိစ္စကတော့ လွန်လွန်းနေကြောင်း ပြောဆိုခဲ့ပါတယ်။

    Ref: Goal

  • သောကြာနေ့ ကမ္ဘာ့ဖလားသတင်းများ

    သောကြာနေ့ ကမ္ဘာ့ဖလားသတင်းများ

    ဇူလိုင် ၆၊ ၂၀၁၈
    M-Media

    ဂူထဲတွင် ပိတ်မိနေသည့် ထိုင်းလူငယ် ဘောလုံးအသင်း

    အခွင့်အရေးကို အမိအရဖမ်းဆုပ်ရန် အင်္ဂလန်နည်းပြ တိုက်တွန်း
    =============
    ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်တာဟာ ရတောင့်ရခဲ အခွင့်အရေးတစ်ခု ဖြစ်ပြီး အမိအရ ဆုပ်ကိုင်ကြဖို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်ဟာ ကွာတားဖိုင်နယ်အဖြစ် မနက်ဖြန်မှာ ဆွီဒင်နဲ့ ကစားရမှာဖြစ်ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း အင်္ဂလန်အသင်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ကွားတားဖိုင်နယ် ဖြစ်ပါတယ်။ ဆောက်ဂိတ်က အသင်းဟာ ၂ နှစ်အတွင်းမှာ ပိုကောင်းလာမှာ ဖြစ်ပေမယ့် ဒီလိုအခွင့်အရေးမျိုး ထပ်မရနိုင်ဘူးလို့ ဆိုပါတယ်။ အင်္ဂလန်ဟာ အနိုင်ရရင် ရုရှား ဒါမှမဟုတ် ခရိုအေးရှားနဲ့ ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။

    ဂူထဲတွင် ပိတ်မိသည့် ထိုင်းကလေးများကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြည့်ရန် ဖီဖာ ကမ်းလှမ်း
    ==========
    ထိုင်း-မြန်မာ နယ်စပ်က ဂူထဲမှာ ပိတ်မိနေတဲ့ ဘောလုံးသမား လူငယ် ၁၂ ဦးနဲ့ နည်းပြတို့ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ လာရောက်ကြည့်ရှုဖို့အတွက် ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ဖိတ်ကြားလိုက်ပါတယ်။ သူတို့အဖွဲ့ဟာ ၁၀ ရက်ကြာ ဂူထဲမှာ ပိတ်မိနေခဲ့ပြီးတဲ့နောက် တနင်္လာနေ့မှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

    ထိုင်းဘောလုံးအဖွဲ့ချုပ်ကို ပေးပို့တဲ့ အင်ဖန်တီနိုရဲ့စာမှာ ဒီကလေးတွေကို ပြန်တွေ့တဲ့အတွက် စိတ်သက်သာရ ရခဲ့ကြောင်း၊ မိမိရဲ့ ဒီစာဟာ ဒီကလေးတွေအတွက် အားတစ်ခု ဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း၊ သူတို့လေးတွေသာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို လာကြည့်နိုင်မယ်ဆိုရင် အမှတ်ရစရာ အချိန်တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အားသွန်ခွန်စိုက် ကြိုးစားနေပေမယ့် အခုရက်ပိုင်းအတွင်း ကလေးငယ်တွေ အပြင်ရောက်ဖို့ အလားအလာ နည်းနေပါတယ်။

    အာဖရိကအသင်းများ ကျရှုံးမှုအတွက် ဘောလုံးအဖွဲ့ချုပ်များကို ယာယာတိုးယေး အပြစ်တင်
    ==========
    ကမ္ဘာ့ဖလားမှာ အာဖရိကအသင်းတွေ အခြေအနေဆိုးရွားရခြင်းဟာ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အပြစ်ကြောင့်ဖြစ်တယ်လို့ အိုက်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုးယေးက ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဟာ အာဖရိကအသင်းတွေရဲ့သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပြီး အီဂျစ်၊ မော်ရိုကို၊ တူနီးရှား၊
    နိုက်ဂျီးရီးယားနဲ့ ဆီနီဂေါလ် ၅ သင်းစလုံး အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ တိုးယေးက အာဖရိက ဘောလုံးအဖွဲ့ချုပ်တွေအနေနဲ့ ဆင်ခြေဆင်လက်တွေ ပေးနေမယ့်အစား အပြောနဲ့အလုပ်ညီအောင် ဆောင်ရွက်ဖို့လိုကြောင်း ထောက်ပြခဲ့ပါတယ်။

    Ref: Goal, BBC

  • တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားသတင်းများ

    တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားသတင်းများ

    ဇူလိုင် ၁၊ ၂၀၁၈
    M-Media

    နည်းပြဆောက်ဂိတ်၏ ပြုပြင်ပြောင်းလဲရေးကို အင်္ဂလန်ကွင်းလယ်လူ ချီးကျူး
    ==============
    နည်းပြဆောက်ဂိတ်လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် အသင်းဟာ တိုးတက်လာခဲ့တယ်လို့ အင်္ဂလန်ကွင်းလယ်လူ ဂျီဆီ လင်ဂါ့တ်က ချီးကျူးပြောကြားလိုက်ပါတယ်။ ဆောက်ဂိတ်ဟာ အသင်းမှာ လူငယ်ကစားသမားတွေကို ဦးစားပေး ရွေးချယ်ခဲ့ပြီး ကစားပုံကိုလည်း ၃-၁-၄-၂ ပုံစံ ပြောင်းလဲကာ အုပ်စုအတွင်းမှာ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လင်ဂါ့တ်ကတော့ ဒီလို ပြောင်းလဲမှုတွေဟာ အသင်းနဲ့ လိုက်ဖက်ခဲ့ပြီး၊ အသင်းရဲ့ စိတ်ဓာတ်တွေကလည်း အမြင့်ဆုံးကို ရောက်ခဲ့တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စည်းကမ်းဖောက်သည့် ပရိတ်သတ်များကြောင့် ကမ္ဘာ့ဖလားအသင်းများ ဒဏ်ရိုက်ခံရ
    ===============
    ဥရုဂွေးအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပရိတ်သတ်တွေက လူမျိုးရေးခွဲခြားတဲ့ ပိုစတာ ထောင်ပြခဲ့တဲ့အတွက် ရုရှားဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက ဆွစ်ဇ်ဖရန့် တစ်သောင်း (ပေါင် ၇၆၄၅) ဒဏ်ရိုက်ခဲ့ပါတယ်။ ဆာဘီးယားအသင်း ဘရာဇီးလ်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ဆားဘီးယား ပရိတ်သတ်တွေက နိုင်ငံရေးနဲ့ ရန်လိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့တဲ့အတွက် ဖီဖာက ဆားဘီးယားစအသင်းကို ပေါင် ၁၅၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။ ဆွီဒင်နဲ့ပွဲမှာ ပရိတ်သတ်တွေ ကွင်းထဲကို ပစ္စည်းတွေပစ်ပေါက်ခဲ့ပြီး အဲဒီအတွက် မက္ကဆီကိုက ပေါင် ၁၁၅၀၀ ဒဏ်ရိုက်ခံရပြီး၊ စပိန်နဲ့ပွဲမှာ ပရိတ်သတ်က နှောက်ယှက်တဲ့ အပြုအမူတွေအတွက် မော်ရိုကိုအသင်းလည်း ဒဏ်ငွေ ပေါင် ၅ သောင်း ရိုက်ခံခဲ့ရပါတယ်။

    နေးမာကိုကျော်၍ ခြေစွမ်းပြနေသည့် ကော်တင်ဟိုကို ကားလို့စ် ချီးကျူး
    ==========
    တိုက်စစ်မှူး ကော်တင်ဟိုဟာ နေးမာရဲ့ လောင်းရိပ်အောက်မှာ ရှိနေပေမယ့် တောက်ပလာခဲ့ပြီး အသင်းရဲ့ အဓိကမောင်းနှင်အားတစ်ခု ဖြစ်လာနိုင်တယ်လို့ ဘရာဇီးလ်နောက်ခံလူဟောင်း ရောဘတ်တိုကားလို့စ်က ပြောကြားလိုက်ပါတယ်။ အုပ်စု ၃ ပွဲကစားပြီး နေးမာက ၁ ဂိုး သွင်းထားချိန်မှာ ကော်တင်ဟိုက ၂ ဂိုး သွင်းထားနိုင်ပြီး ခြေစွမ်းပိုင်းမှာလည်း နေးမာထက် ပိုမိုကောင်းမွန်နေပါတယ်။ ကားလို့စ်က ဖိအားတွေအားလုံး နေးမာအပေါ် ရောက်နေတာကြောင့် ကော်တင်ဟိုက ထင်ရှားလာပြီး ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ အခွင့်အလမ်း အလွန်ကောင်းနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal, BBC