News @ M-Media

Tag: 2020MyanmarElection

  • မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီထွန်းကားရေး အစိုးရသစ်က ဘာတွေလုပ်ဖို့လိုမလဲ?

    မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီထွန်းကားရေး အစိုးရသစ်က ဘာတွေလုပ်ဖို့လိုမလဲ?

    ဒီဇင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    -ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုက အစိုးရဟာ လူများစုတွေနည်းတူ လူနည်းစုတွေအပေါ်မှာ သာတူညီမျှ ဆက်ဆံမလားဆိုတဲ့ ကိစ္စပါ။

    နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအတွက် တစ်ခဲနက် မဲပေးခဲ့ကြပါတယ်။ တစ်ချို့မဲဆန္ဒနယ်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ရပ်ဆိုင်းခဲ့တာလို ချို့ယွင်းချက်မျိုး ရှိခဲ့ပေမယ့် ရွေးကောက်ပွဲတစ်ခုလုံးကို ခြုံကြည့်ရင် ပြည်သူလူထုရဲ့ဆန္ဒကို အပြည့်အ၀ ဖော်ကျူးနိုင်တယ်ဆိုတာ တွေ့ရမှာပါ။

    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ကစပြီး ကျင်းပတဲ့ တတိယမြောက် ရွေးကောက်ပွဲ ဖြစ်သလို၊ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အရပ်သားအစိုးရကကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး မဲပေးသူအရေအတွက် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က ပမာဏနဲ့ အတူတူပါပဲ။ ဘယ်သူ့ကို အစိုးရအဖြစ် တင်မြှောက်မလဲဆိုတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စိတ်အားထက်သန်မှု ဆက်ရှိနေတုန်းပဲဆိုတာကို ဒါက ပြသနေပါတယ်။

    ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ရွေးကောက်ပွဲသက်သက်နဲ့ ဒီမိုကရေစီကို မတည်ဆောက်နိုင်ပါဘူး။ အခြေခံဥပဒေသစ် ပေါ်ထွက်တာ ၁၂ နှစ်ကျော်ကြာလာပြီး၊ ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပေမယ့် စစ်တပ်ဟာ အစိုးရယန္တရားမှာ အာဏာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

    ၂၀၀၈ အခြေခံဥပဒေကြောင့် ပြည်နယ်၊ တိုင်းနဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်က မိုးကျရွှေကိုယ် အမတ်တွေအတွက် အမတ်နေရာ ၄ ပုံ ၁ ပုံ ဖယ်ထားပေးရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေ ထိန်းချုပ်ခွင့်၊ ဒုတိယသမ္မတတစ်နေရာ ခန့်အပ်ခွင့်ကိုလည်း အခြေခံဥပဒေက စစ်တပ်ကို ပေးထားပါတယ်။

    ​တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ရွေးချယ်ခန့်အပ်တယ်လို့ ဆိုထားပေမယ့် လုပ်ငန်းစဉ်ကိုကြည့်ရင် ​အမည်ခံပဲဆိုတာ တွေ့ရပါတယ်။ တကယ်တော့ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ကာ ​ရွေးချယ်၊ အတည်ပြု၊ ခန့်အပ်ရတာဖြစ်ပြီး အဲဒီအဖွဲ့ဝင် ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကလာတာ ဖြစ်ပါတယ်။

    စနစ်အရ စစ်တပ်ဟာ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အရပ်သားအစိုးရက အမည်ခံလောက်တောင် တာဝန်မခံရပါဘူး။ ဒါ့ကြောင့် ကျွမ်းကျင်သူတွေက မြန်မာနိုင်ငံမှာ စင်ပြိုင်အစိုးရနှစ်ရပ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

    စစ်တပ်ဟာ ခါးပိုက်ဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကနေတစ်ဆင့် အရပ်သားအစိုးရကို သွယ်ဝိုက်ထိန်းချုပ်တာမျိုးလည်း ရှိခဲ့ပါတယ်။ USDP ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အခြေအနေပြောင်းသွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုအနိုင်ရပြီး အာဏာရခဲ့ပါတယ်။ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာလည်း ဒီအခြေအနေအတိုင်းပဲ ဆက်ဖြစ်ခဲ့ပါတယ်။

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်​တော်ကို ခန့်ခန့်ထည်ထည် ထိန်းချုပ်နိုင်ခဲ့ပြီး သမ္မတ တင်မြှောက်ခွင့်လည်း ရခဲ့ပါတယ်။ NLD ရဲ့ ဒီလို အပြတ်အသတ်အနိုင်ရမှုဟာ တစ်ချိန်က အင်အားကောင်းခဲ့တဲ့ USDP ကို ဘေးဖယ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမတ်နေရာ ၄၁ နေရာရာခဲ့တဲ့ USDP ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နေရာ ၃၀ သာ ရပါတယ်။

    စာနယ်ဇင်းလွတ်လပ်ခွင့်ကနေ ရိုဟင်ဂျာတွေ၊ အခြား လူနည်းစု တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ စစ်တပ်ရဲ့ ပေါ်လစီတွေအထိ ကိစ္စတော်တော်များများမှာ တပ်မတော်နဲ့ ပုလင်းတူဗူးဆို့ ဖြစ်လာပြီး ဒီမိုကရေစီ စံညွှန်းတွေကနေ ဖယ်ခွာသွားတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေဒဏ်ကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ခံခဲ့ရပါတယ်။

    လာမယ့်မတ်လ အစိုးရသစ်ဖွဲ့မယ့်အချိန်မှာ NLD က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်မယ်၊ လုပ်ကိုလုပ်ရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို စစ်တပ်ထိန်းချုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ဆွဲထုတ်ပြီး အရပ်ဖက် အုပ်ချုပ်ရေး ယန္တရားမှာ NLD က အဓိကအောင်ပွဲတစ်ခုကို ရယူထားပါတယ်။

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးမှာ အဓိက စိန်ခေါ်မှုတစ်ခုက တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို ဖြေရှင်းပေးနိုင်မယ့် စစ်မှန်တဲ့ ဖက်ဒရယ်မူတစ်ခု ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ပင်လုံညီလာခံဆိုတဲ့ လုငန်းစဉ်နဲ့ ဒီကိစ္စကို အကောင်အထည်ဖော်ထားပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာရင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဆယ်စုနှစ်ချီ လက်နက်ကိုင်တိုက်ခိုက်မှုကို အဆုံးသတ်ရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။

    အစိုးရက အရပ်သားခေါင်းဆောင်တွေဟာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုဆိုင်ရာ ထိလွယ်ရှလွယ်ပြီး ရှုပ်ထွေးတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စစ်တပ်ရဲ့ သဘောထားတင်းမာတဲ့ ရပ်တည်ချက်တွေကို သံခင်းတမန်ခင်းနဲ့ အလိမ္မာသုံးပြီး ဖြေရှင်းရပါလိမ့်မယ်။ ပြည်သူလူထုက​ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးအတွက် အားလုံးလက်ခံတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခု ရရှိရေးလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ရှိနေတဲ့ နိုင်ငံရေးအင်အားကို အသုံးချပြီး NLD ဟာ တိုင်းရင်းသားတွေကို နေရာပေးရပါလိမ့်မယ်။ ပြည်နယ်အစိုးရတွေကို ခေါင်းဆောင်ခိုင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ကျင့်သုံးခိုင်းတာမျိုးပါ။ NLD က အပြတ်အသတ်နိုင်ရတဲ့အတွက် ရွေးကောက်ပွဲမှာ ဘေးရောက်သွားပြီး အစိုးရအဖွဲ့မှာ ပါဝင်ရေး မျှော်လင့်ချက်မရှိတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကို NLD က ပြန်စဉ်းစားဖို့ လိုပါတယ်။

    စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်က အစိုးရအဖွဲ့မှာ ခြေကုပ်ယူထားမှုကို ဖယ်ရှားရေးတို့အတွက် အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ပြင်ဆင်လိုသူတွေအနေနဲ့ လွှတ်တော်မှာ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ထောက်ခံမဲလိုအပ်သလို၊ ပြင်ဆင်လိုတဲ့အချက်ကိုလိုက်ပြီး ပြည်သူ့ဆန္ဒခံယူပွဲလုပ်ကာ အများစုထောက်ခံရမယ်ဆိုတဲ့ အချက်တွေလည်း ရှိပါသေးတယ်။

    ဒီကိစ္စအတွက် အနာဂတ်မှာ USDP ကို အနိုင်ယူထားဖို့၊ စစ်တပ်ရဲ့ခြေကုပ်ယူမှု၊ အစိုးရမှာပါဝင်နေမှုကို တွန်းလှန်ဖို့ လိုအပ်ပြီး NLD က တိုင်းရင်းသားပါတီတွေနဲ့သာ ပူးပေါင်းရင် လွှတ်တော်မှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ရနိုင်ပါတယ်။

    နောက်ဆုံးတစ်ချက်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ သူတို့နေအိမ်၊ နေရာဒေသတွေကနေ ထွက်သွားအောင် စနစ်တကျ လုပ်ဆောင်နေမှုကို တက်လာမယ့်အစိုးရသစ်က ရပ်တန့်ရပါလိမ့်မယ်။ အခြားသော တိုင်းရင်းသားလူမျိုးစုတွေ ဒီလိုအခြေအနေ ကြုံတွေ့နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း ဒါကို လုပ်ဆောင်ရမှာပါ။

    ရာစုနှစ်များစွာ နေထိုင်ခဲ့တဲ့ ဇာတိမြေကနေ ရိုဟင်ဂျာတွေကို မောင်းထုတ်ရေးဟာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက စတင်ခဲ့တဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး တိုင်းပြည်ကို ၁၉၆၂ ခုနှစ်ကတည်းက အကြောက်တရားနဲ့ ဖိနှိပ်အုပ်စိုးလာတဲ့ စစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးလည်း ဖြစ်ပါတယ်။

    အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် ညှမ်းပမ်းနှိပ်စက်တာကို ထိုင်ကြည့်နေတာမျိုးကိုက စက်ဆုပ်ဖွယ်ရာကောင်းတယ်လို့ အနိမ့်ဆုံး ပြောလို့ရပါတယ်။ ဒီမိုကရေစီအလင်းရောင်သန်းလာတဲ့ အခုလိုအချိန်မျိုးမှာ ဒီအလင်းရောင်ကို မီးရှုးတန်ဆောင်ဖြစ်အောင် ထွန်းညှိကာ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်ရမယ့်ကိစ္စဟာ ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။

    ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုက အစိုးရဟာ လူများစုတွေနည်းတူ လူနည်းစုတွေအပေါ်မှာ သာတူညီမျှ ဆက်ဆံမလားဆိုတဲ့ ကိစ္စပါ။

    အရင်က ဒီမိုကရေစီရဲ့ အမှတ်သညာဖြစ်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ပါစကားတစ်ခွန်းကို တက်ကြွလှုပ်ရှားသူတွေက မကြာခဏ ကိုးကားပြောဆိုတတ်ပါတယ်။

    “မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မှုဟာ ​ဘ၀နဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်တာ ဖြစ်သလို၊ ကျွန်မတို့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လိုလားတောင့်တမှုတွေအတွက် တိုက်တဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်”

    တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ထပ်လောင်းတာဝန်ပေးခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိကိုယ်ကို ပြန်အဖတ်ဆယ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု ပန်းတိုင်ဆီ ပြည်သူတွေကို ဦးဆောင်ခေါ်သွားနိုင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်မိကြောင်းပါ …..

    Ref: The Diplomat

    (The Diplomat တွင် ဖော်ပြထားသည့် Challenges to Democracy and Hopes for Peace and Justice in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ဘာသာရေး၊လူမျိုးရေးလှုံ့ဆော်မှု (သို့) မြန်မာ့နိုင်ငံရေးတွင် တည်တံ့နေဆဲ ဓလေ့တစ်ခု

    ဘာသာရေး၊လူမျိုးရေးလှုံ့ဆော်မှု (သို့) မြန်မာ့နိုင်ငံရေးတွင် တည်တံ့နေဆဲ ဓလေ့တစ်ခု

    နိုဝင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -NLD ပါတီဟာ မွတ်စလင်တွေနဲ့ပေါင်းကြံစည်ကာ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်ဆိုပြီး
    ကြံ့ခိုင်ရေးပါတီ USDP အမတ်လောင်းတွေ၊ သူတို့ကိုထောက်ခံသူတွေက ဝါဒဖြန့်ခဲ့မှုဟာ NLD အဖွဲ့ဝင်တွေအပေါ် အကြမ်းဖက်ဖို့ အားပေးအားမြှောက်ပြုရာ ရောက်နေပါတယ်။

    အောက်တိုဘာလနှောင်းပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ သဘောထားတူတဲ့ USDP ပါတီထောက်ခံသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပ​ြီးတဲ့နောက် ကိုမျိုးဝင်းစိုးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ ဒါဟာ ကိုမျိုးဝင်းစိုးထောက်ခံတဲ့ NLD ပါတီနဲ့ USDP ပါတီတို့အကြား မဲဆွယ်စဉ်ကာလမှာ သီတင်းပတ်ချီ ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုရဲ့ ရေချိန်အမြင့်ဆုံး အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    ညီမဖြစ်သူ ဝေမာစိုးက သူ့အစ်ကို ကိုမျိုးဝင်းစိုးဟာ ကလေးတွေကို ကာကွယ်ပေးရင်း USDP ထောက်ခံသူတွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရတာလို့ ဖွင့်ဟပါတယ်။

    “ကျွန်မအစ်ကိုက အနေအေးသူတစ်ယောက်ပါ။ ကလေးတွေကို ခြိမ်းခြောက်ရိုက်နှက်တာမျိုး မလုပ်ဖို့ ကျွန်မအစ်ကိုက ပြောတယ်။ သူတို့က ‘ဒါဆို လူကြီးတွေကိုရိုက်ကွာ’ ဆိုပြီး ရိုက်ကြတာပါ”

    ခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့ ကိုမျိုးဝင်းစိုးကို ဆေးရုံတင်ခဲ့ရပြီး နောက်ပိုင်းမှာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပါတယ်။

    “​အိမ်ကိုပြန်ခေါ်လာတဲ့အချိန်မှာ သူ ​စကား ကောင်းကောင်း မပြောနိုင်တော့ဘူး။ နားကလည်း သွေးတွေထွက်နေပြီး ၂ ခါတောင် အန်ပါတယ်” လို့ ညီမဖြစ်သူက ပြောပါတယ်။ ၂ ရက်ကြာမှာတော့ မျိုးဝင်းစိုးတစ်ယောက် ကွယ်လွန်သွားပါတယ်။

    NLD ထောက်ခံသူတွေ ဆေးရုံတက်ရပြီး သူတို့ရဲ့နေအိမ်အဆောက်အဦးတွေ ဖျက်ဆီးခံရတဲ့ တိုက်ခိုက်မှု အများအပြားဖြစ်ပွားပြီးတဲ့နောက် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကိုမျိုးဝင်စိုး အသတ်ခံရမှု ပေါ်ပေါက်လာတာပါ။ ဒီအဖြစ်အပျက်တွေအတွက် NLD နဲ့ USDP ပါတီတို့က အပြန်အလှန် ပြစ်တင်ပြောဆိုကြပေမယ့် ဗီဒီယိုမှတ်တမ်းမှာတော့ USDP ထောက်ခံသူတွေက အကြမ်းဖက်မှုဖြစ်အောင်လှုံဆော်တာ၊ တုတ်တွေကိုင်ပြီး၊ NLD ထောက်ခံသူတွေနောက် လိုက်လံတိုက်ခိုက်တာမျိုးကို တွေ့ရပါတယ်။

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်ထုတ်ပြန်နေပြီး NLD ပါတီက တောင်ပြိုကမ်းပြိုအနိုင်ရနေပါတယ်။ ရှမ်းပြည်နယ်ကလွဲရင် တစ်ခြားနေရာတွေမှာ USDP အရင်ကရထားတဲ့ နေရာတော်တော်များများကိုလည်း ပြန်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာတော့ USDP ဟာ အများဆုံးအနိုင်ရတဲ့ ပါတီအဖြစ် ဆက်ရှိမယ့် အနေအထားပါ။ အရှက်ကွဲအကျိုးနည်းခဲ့ရတဲ့ USDP ကတော့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ မသမာမှုတွေရှိတယ်လို့ စွပ်စွဲကာ တပ်မတော်ရဲ့အကူအညီနဲ့ ရွေးကောက်ပွဲပြန်လုပ်ဖို့ တောင်းဆိုထားပါတယ်။

    ရှုံးနိမ့်မှုကို USDP ပါတီက လက်မခံတာကြောင့် မဲဆွယ်မှုမှာ တွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုပုံစံမျိုး ပြန်မြင်လာရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဗမာလူမျိုးအများစုရှိရာဒေသမှာ USDP နဲ့ NLD ပြိုင်ဘက်ပါတီနှစ်ခုအကြား ဖြစ်ပွားတဲ့ ဒီရုန်းရင်းဆန်ခတ်မှုတွေဟာ မြန်မာ့ရွေးကောက်ပွဲမှာ အရင်ကမမြင်ရဘူးတဲ့ ပုံစံမျိုးဖြစ်ပြီး လေ့လာဆန်းစစ်သူတွေက ဖြေရှင်းပြဖို့ အမျိုးမျိုး ကြိုးစားကြပါတယ်။ ဒါတွေဖြစ်လာစေမယ့် အကြောင်းတရားတွေ အများကြီးရှိပေမယ့် NLD ထောက်ခံသူတွေကို အကြမ်းဖက်ဖို့ လှုံဆော်ရာမှာ အကြောင်းအရင်းတစ်ရပ် ဖြစ်စေနိုင်မယ့် အမုန်းစကားတွေကို ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ်အနည်းငယ်အလိုမှာ USDP ဘက်ယိမ်းတဲ့ အဖွဲ့တွေက ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြ့န် ဖြန့်ဝေဝါဒဖြန့်တာကို Frontier က ဖော်ထုတ်သိရှိခဲ့ပါတယ်။

    NLD ပါတီဟာ မွတ်စလင်တွေနဲ့ ပူးပေါင်းကြံစည်နေပြီး မြန်မာဗုဒ္ဓဘာသာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး ပေါ်လာအောင် USDP အမတ်လောင်းတွေနဲ့ ထောက်ခံသူတွေက သတင်းအမှားတွေ၊ အမုန်းစကားတွေကို Facebook မှာ ဖြန့်ဝေကြပါတယ်။ ဒါဟာ အရင်ကတည်းက ဓားစာခံဖြစ်နေတဲ့ မွတ်စလင်တွေကို နိုင်ငံရ​ေးပါတီတွေရဲ့ ယှဉ်ပြိုင်မှုကြားမှာ မြေစာပင်ဖြစ်အောင် လုပ်လိုက်သလိုမျိုး ဖြစ်ခဲ့ပါတယ်။

    ကျောက်ဆယ်မဲဆန္ဒနယ် (၂) ကနေ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ USDP အမတ်လောင်း ဦးစိုးစိုးထွန်းက ​USDP ထောက်ခံသူတွေနဲ့ ဘယ်သူ့ကို မဲထည့်ရမှန်း မသိသေးတဲ့ လူငယ်တစ်ဦး အပြန်အလှန်စကားပြောတဲ့ပုံစံ ပို့စ်တစ်ခုကို စက်တင်ဘာ ၂၃ ရက်နေ့က Facebook မှာ လွှင့်တင်ခဲ့ပါတယ်။ NLD ဟာ OIC အဖွဲ့ထံကနေ ‘ဒေါ်လာသန်းချီ’ လက်ခံရယူထားတယ်လို့ ဒီပို့စ်မှာ မှားယွင်းစွပ်စွဲထားပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လူမျိုးရေး စော်ကားတိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။

    “မြန်မာအမျိုးသမီးတစ်ယောက် အင်္ဂလိပ်နဲ့ရပြီး မွေးလာတဲ့ကလေးက ဘယ်လိုပုံစံမျိုးဖြစ်မလဲဗျ။ သူဟာဘာလူမျိုးလဲဆိုတာကို မပြောနိုင်တော့ဘူးဆိုတော့ အမျိုးပျောက်သွားတာပဲ။ အမျိုးပျောက်ရင် ဘာသာလည်းပျောက်ပါပြီ”

    မန္တလေးတိုင်းဒေသကြီးလွှတ်တော် အမတ်နေရာအတွက် ပြည်ကြီးတံခွန် (၁) မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်သွားတဲ့ USDP အမတ်လောင်း ဒေါ်လှလှအေးကလည်း ‘ခိုးဝင်ဘင်္ဂါလီတွေ’ အတွက် မှတ်ပုံတင်အတုလုပ်ပေးတဲ့ အဖွဲ့တစ်ခု ဖမ်းဆီးခံရတယ်ဆိုပြီး ရာဇဝတ်မှုကို လူမျိုးရေးခေါင်းစဉ်တပ်ကာ Facebook မှာ Share ပါတယ်။ ‘ခိုးဝင်ဘင်္ဂါလီ’ ဆိုတဲ့အသုံးအနှုန်းဟာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် နှိမ့်ချပြီး သုံးနှုန်းတဲ့ စကားလုံးပါ။ NLD ပါတီက ဒီကိစ္စကို သိပေမယ့် မတားဘဲ ဆက်လုပ်ခွင့်ပေးခဲ့တယ်လို့လည်း ဒီပို့စ်မှာ ထည့်သွင်းရေးသားထားပါတယ်။ အဲဒီပို့စ်ကို စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အတွက် အဓိကလော်ဘီလုပ်ပေးတဲ့ အကောင့်ကနေ စ,တင်တာ ဖြစ်ပါတယ်။

    အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ ‘လောကအလင်း’ က စက်တင်ဘာ ၈ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ သူတို့ရဲ့ စောင့်ကြည့်မှုအတွင်း နိုင်ငံရေးပေ့ဂျ် ၉၉ ခုကနေ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ပို့စ်ပေါင်း ၁၈၈ ခု တင်ခဲ့ပြီး အများစုက မုန်းတီးရေးအကြောင်းတွေ ဖြစ်တယ်ဆိုတာ တွေ့ရကြောင်း ထုတ်ပြန်ပါတယ်။ လူမျိုးရေးသွေးထိုးတဲ့ ဒီပို့စ်တွေကို အဓိက ဝါဒဖြန့်တဲ့ နိုင်ငံရေးပါတီဟာ USDP ဖြစ်ပြီး အကြိမ် ၄၀ လောက် တင်တယ်လို့ လောကအလင်းက ဆိုပါတယ်။ သိပ်မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၂၅ ကြိမ်တင်ကာ ဒုတိယနေရာမှာ ရှိနေပါတယ်။

    USDP ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်ဟာ ဒီအကြောင်းအရာတွေကို မပြတ်တမ်း မျှဝေသူတစ်ယောက်ဖြစ်ခဲ့ပြီး ပို့စ်တစ်ခုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ‘တိုင်းပြည်သစ္စာဖောက်’ လို့တောင် ခေါ်ဝေါ် သမုတ်ခဲ့ပါတယ်။

    USDP ကိုထောက်ခံတဲ့ Facebook Group တွေဟာ အမုန်းစကားနဲ့ သတင်းမှား အဓိကဖြန့်ဝေရာ ရေခံမြေခံတွေ ဖြစ်ပါတယ်။ ‘ဘိုကလေး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ’ ဆိုတဲ့ Group ကတော့ အလွန်ဆိုးရွားတာကို Frontier က တွေ့ရှိခဲ့ရပြီး၊ ခြိမ်းခြောက်တာ၊ တစ်ခါတစ်ရံမှာ အကြမ်းဖက်ဖို့ လှုံဆော်တာတွေပါဝင်တဲ့ အကြောင်းအရာတွေကို အကြိမ်ကြိမ်အခါခါ မျှဝေခဲ့တာကြောင့် Facebook က ဒီဂရုကို လုံး၀ ဖျက်ချခဲ့ပါတယ်။ အကြိမ်ရေ တစ်ထောင်ကျော်လောက် ပြန် Share ပြီး၊ Like ငါးထောင်နီးပါးလောက်ရခဲ့တဲ့ ပို့စ်တစ်ခုမှာဆိုရင် “​ဒေါက်ဖိနပ်အောက်မှာ ကုလားစာသင်ရတာထက်၊ စစ်ဖိနပ်အောက်မှာ ဓမ္မစာပေသင်မယ်” ဆိုတာမျိုး ရေးသားထားပါတယ်။

    ဒေါက်ဖိနပ်ဆိုတဲ့ အသုံးအနှုန်းဟာ များသောအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရည်ညွှန်းသုံးနှုန်းတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ‘ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသည်းပွတ်ကို ဖျက်ဆီးသူ’ လို့ စွပ်စွဲတဲ့ပို့စ်တွေလည်း ရှိပါတယ်။

    “မှတ်ထားပါ။ ဒါဟာ တို့တိုင်းတို့ပြည်ဖြစ်တယ်။ ငါတို့ရဲ့ အမျိုးဘာသာ သာသနာအပေါ် တိုက်ခိုက်မှုကို သည်းခံမှာမဟုတ်ဘူး” ဆိုတဲ့ ပို့စ်ကိုတော့ Share သူ ၁၇၀၀ ကျော်ရှိပြီး Like လုပ်သူက ၂၀၀၀ နီးပါး ရှိပါတယ်။

    ‘ဘိုကလေး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ’ ရဲ့ အွန်လိုင်းထိတွေ့မှု၊ Follower အရေအတွက်နဲ့ ပို့စ်တင်မှုအားလုံးဟာ ရွေးကောက်ပွဲနီးလာတဲ့ စက်တင်ဘာလ အစောပိုင်းကစတင်ကာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၂၄ ရက်အတွင်း အွန်လိုင်းမှာ ထိတွေ့ပြောဆိုမှုပေါင်း ၅၇၅၀၀၀ ကျော် ရှိခဲ့ပြီး အောက်တိုဘာ နောက်ဆုံးတစ်ပတ်မှာတင် ပို့စ်ပေါင်း ၂၆၀၀ ကျော် တင်ခဲ့ပါတယ်။

    Facebook ကတော့ ဒီဂရုပ်ဟာ ‘Community Standards သတ်မှတ်ချက်ကို အကြိမ်ကြိမ် ချိုးဖောက်တာကြောင့် အလိုအလျောက် အရေးယူရေးနည်းပညာက ဖျက်ချသွားတာဖြစ်တယ်’ လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကေအခြေစိုက် ဘားမားလူ့အခွင့်အရေးကွန်ယက် (Burma Human Rights Network) က အမုန်းစကားနဲ့ သတင်းအမှားတွေ Facebook စာမျက်နှာမှာ အများအပြား ပြန့်နှံ့တာကို တွေ့ရပြီး အများစုက “NLD နဲ့ မွတ်စလင်တွေ ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဖြစ်တယ်” လို့ ပြောပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့ BHRN က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ “ဒီအမုန်းစကားတွေ ရွေးကောက်ပွဲပြီးတဲ့အထိ တာရှည်နေရင် ဒါကိုအသုံးချပြီး အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှု အကြီးအကျယ်ဖြစ်လာနိုင်တယ်” လို့ သတိပေးထားပါတယ်။

    BHRN အဖွဲ့က သတိပြုမိပြီး Share လုပ်မှုပေါင်း ၁၃၀၀ ကျော်လောက်ရှိခဲ့တဲ့ ပို့စ်တစ်ခုမှာဆိုရင် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ NLD နဲ့ USDP အကြားက ပြိုင်ဆိုင်မှုတစ်ခုထက် ပိုတယ်ဆိုတာမျိုး ရေးသားထားပါတယ်။

    “ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် နောက်ဆုံးတိုက်ပွဲပါ။ ဒီတစ်ကြိမ်ငါတို့ရှုံးရင် ငါတို့လူမျိုးတစ်ခုလုံး ပျောက်သွားလိမ့်မယ်”

    BHRN ရဲ့ ဒါရိုက်တာ ဦးကျော်ဝင်းက NLD နဲ့ မွတ်စလင်တွေ ပူးပေါင်းကြံစည်နေတယ်လို့ ပြောဆိုမှုဟာ “USDP ထောက်ခံသူတွေရဲ့ ဝါဒဖြန့်မှုထဲမှာ အလွန်အန္တရာယ်ရှိတဲ့ ဝါဒဖြန့်မှုဖြစ်ပြီး” NLD ထောက်ခံသူတွေ တိုက်ခိုက်ခံရမှုမှာ ဒီအချက်က တွန်းအားဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

    ၂၀၁၃ ခုနှစ်တုန်းက မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်မှာ ရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။ မိတ္ထီလာဟာ ရွေးကောက်ပွဲမတိုင်ခင်အထိ USDP ပါတီခြေကုပ်ဖြစ်ခဲ့ပေမယ့် အခုတော့ လွှတ်တော်နေရာ ၄ ခုစလုံးကို NLD က အနိုင်သွားပါတယ်။ ဒီဆောင်းပါးတင်ချိန်အထိ USDP ကိုယ်စားလှယ်လောင်းတွေက ပါတီရဲ့ သဘောထားအတိုင်း ရလဒ်ကို လက်ခံဖို့ ငြင်းဆိုကာ ရွေးကောက်ပွဲတရားမဝင်ကြောင်း ပြောဆိုနေကြဆဲပါ။

    စက်တင်ဘာလကထွက်လာတဲ့ ဗီဒီယိုတစ်ခုမှာ USDP ထောက်ခံသူတွေဟာ တုတ်တွေကိုင်ဆောင်ကာ NLD ထောက်ခံသူတွေရဲ့ နေအိမ်တွေကို ခဲနဲ့ပေါက်တာတွေ တွေ့ရပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အမျိုးသားတစ်ဦး ဓားနဲ့အထိုးခံရပြီး USDP ထောက်ခံသူတွေက ဆူပူလှုံ့ဆော်တာ၊ တုတ်တွေကိုင်ပြီး NLD ထောက်ခံသူတွေနောက် လိုက်လံတိုက်ခိုက်တာတွေပါတဲ့ ဗီဒီယိုတစ်ခု ထွက်လာပါတယ်။

    နောက်ပိုင်းမှာ Facebook က ဖျက်ချလိုက်တဲ့ ‘မိတ္ထီလာသားများစုံစည်းရာ’ ဆိုတဲ့ Facebook Group မှာ USDP ထောက်ခံသူတစ်ဦးက အကြမ်းဖက်ဖို့ တိုက်တွန်းဆော်ဩတာမျိုးတောင် ရှိခဲ့ပါတယ်။

    “မြို့ရဲ့ နောက်ဆုံးတိုက်ပွဲမှာ ငါတို့နိုင်ရမယ်။ ခဲတွေ၊ တုတ်ဓားလက်နက်တွေ သူတို့ ယူလာနိုင်တယ်။ သွေးချောင်းစီးတာ မမြင်ချင်ဘူးဆိုရင်တော့ အခြားပါတီတွေ ငါတို့ကို နှောက်ယှက်ဖို့ မကြိုးစားပါနဲ့” လို့ အဲဒီ ပို့စ်မှာ ရေးသားထားပါတယ်။ နောက်ပိုင်းမှာ ဒီပို့စ်ကို ဖျက်လိုက်ပါတယ်။

    NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က USDP ရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်ယိမ်းတဲ့ ဒီပါတီဟာ “အင်အားသုံးနေပြီး” “ထောက်ခံသူတွေကို ထိန်းသိမ်းဖို့ ဆန္ဒမရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုဖြစ်စေတဲ့ အမုန်းစကားတွေ ဖြန့်တာမှာ USDP ပါတီကို ထောက်ခံသူတွေတင်မဟုတ်ဘူးလို့ ‘လောကအလင်း’ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ PPP ပါတီ အမတ်လောင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးကနေ ပြည်သူ့လွှတ်တော်နေရာဝင်ပြိုင်ကာ ရှုံးနိမ့်ခဲ့တဲ့ ဒေါ်စောယုမာဟာ အောက်တိုဘာ ၁ ရက်နေ့မှာ သွေးထိုးလှုံ့ဆော်တဲ့ ပုံတစ်ပုံကို အွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။

    “မျိုးချစ်တွေအတွက် သတင်းစကား။ နိုးထလော့ ညီအစ်ကိုတို့။ ဓားသွေးထားကြ။ မိစ္ဆာလူမျိုးနဲ့ အကျင့်မကောင်းတဲ့ မြန်မာလူမျိုးတွေက တို့ပြည်တို့မြေကို သစ္စာဖောက်နေကြပြီ။ သူတို့ကို သင်ခန်းစာပေးကြစို့” လို့ ဒီပုံမှာ ရေးသားထားပါတယ်။

    NLD ကနေထွက်သွားတဲ့လူတွေ ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိ USDP နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force) ထောက်ခံသူတစ်ဦးက ‘ခြင်္သေ့’ ဟာ NLD ရဲ့ ခြိမ်း​ခြောက်မှုကို ခံနေရတယ်လို့ USDP တံဆိပ်ကို ရည်ညွှန်းကာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဝါးခမောက်တွေလည်း တုတ်တွေ၊ ဓားတွေ ဆောင်ထားရတော့မှာပါ”

    သူတို့ပါတီရဲ့ တံဆိပ်ကို ရည်ညွှန်းပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ကိုမျိုးဝင်းစိုး ရိုက်သတ်ခံလိုက်ရတဲ့ ကာဘိုးကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက USDP ထောက်ခံသူတွေဟာ အဲဒီနေ့က တုတ်တွေဓားတွေကိုင်ဆောင်ကာ ရောက်လာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလိုအကြမ်းဖက်မှုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ ဒီဒေသမှာ အရင်က ဒါမျိုး မဖြစ်ခဲ့ဖူးပါဘူး” လို့ ရွေးကောက်ပွဲမတိုင်ခင်မှာ ကြေားခဲ့ပါတယ်။

    ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ​ပြည်သူတွေမှာ ရှိနေတယ်လို့လည်းက သူက ဆိုပါတယ်။

    “ကျွန်တော်လည်း ဒါကို စိုးရိမ်တယ်ဗျ”

    Ref: Frontier Myanmar

    (Frontier Myanmar တွင်ဖော်ပြထားသည့် Online campaign of hate lurked behind campaign trail brawls ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်လင့်ချက်တွေ ရိုက်ချိုးခံနေရပြီလား

    တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမျှော်လင့်ချက်တွေ ရိုက်ချိုးခံနေရပြီလား

    အောက်တိုဘာ ၂၅၊ ၂၀၂၀
    M-Media

    -မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာနေထိုင်တဲ့ ဖယ်ကျဉ်ခံ တိုင်းရင်းသားလူနည်းစုတွေအတွက် လာမယ့်လ ရွေးကောက်ပွဲဟာ အနည်းဆုံးတော့ ကိုယ်စားပြုခွင့်ရရေး မှိန်ပျပျ မျှော်လင့်ချက်လေးတစ်ခု ဖြစ်ပါတယ်။

    ဒါပေမယ့် သူတို့နေထိုင်ရာဒေသတစ်ချို့မှာ လုံခြုံရေးစိုးရိမ်ရမှုဆိုတဲ့ခေါင်းစဉ်နဲ့ ရွေးကောက်ပွဲမကျင်းပဖို့ ဆုံးဖြတ်ချက်ထွက်လာတဲ့အခါမှာတော့ လူနှစ်သန်းလောက် မဲပေးခွင့်ဆုံးရှုံးခဲ့ပြီး တိုင်းရင်းသားတွေမှာလည်း မျှော်လင့်ချက်ဆုံးရှုံးမှု၊ ဒေါသတွေ ဖြစ်တည်လာပါတယ်။

    နိုင်ဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းပြီးတဲ့နောက် ဒုတိအကြိမ်မြောက် ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကပဲ အာဏာထပ်ရလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြပါတယ်။

    တိုင်းရင်းသားဒေသတွေမှာ NLD ပါတီအပေါ် ထောက်ခံမှု ကျင်ဆင်းလာပြီး အခုအချိန်မှာတော့ မကျေနပ်မှုပါ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမယ့် မဲဆန္ဒနယ်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ လူပေါင်း ၁ သန်းကျော်နဲ့ တစ်ခြားဒေသတွေမှာ လူသိန်းချီ မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။

    “အလွန်ကို ဆိုးရွားပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်လည်း စိတ်ပျက်ရပါတယ်။ ​ဘာ့ကြောင့်လဲဆိုတော့ ဘယ်သူကိုမဲပေးရမလဲဆိုတာ ကျွန်တော် အစကတည်းက ဆုံးဖြတ်ထားပြီးသား မို့လိုပါ” လို့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရဲ့အကြီးအကဲ ရခိုင်တိုင်းရင်းသား ဦးလှမောင်ဦးက ပြောကြားခဲ့ပါတယ်။

    ရွေးကော်ရဲ့ကြေငြာချက် ထွက်မလာခင်ကတည်းက ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေက မြင့်တက်နေတာပါ။

    ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုရရေး တိုက်ပွဲဝင်နေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူ ရာချီရှိခဲ့ပြီး လူ ၂ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    ကျူးလွန်မှုတွေရှိတယ်လို့ နှစ်ဖွဲ့စလုံးက အပြန်အလှန်စွပ်စွဲကြပေမယ့် တိုင်းပြည်ရဲ့ အဆင်းရဲဆုံးပြည်နယ်မှာနေထိုင်ရပြီး လူများစု ဗမာလူမျိုးတွေရဲ့ ဖယ်ကျဉ်မှုဒဏ်ကို ကြာရှည်ခံစားလာရတဲ့ ရခိုင်လူမျိုးတွေရဲ့ ထောက်ခံမှုကို AA က အခိုင်အမာ ရရှိထားပါတယ်။

    ​တိုက်ခိုက်မှုတွေထဲမှာ ကြားညပ်နေပြီး၊ မဲပေးခွင့်ပါ ထပ်ဆုံးခဲ့ရတဲ့ တိုင်းရင်းသားလူနည်းစုတွေ အများအပြား ရှိနေပြီး အဲဒီအထဲမှာ မြို၊ ခမီနဲ့ ဒိုင်းနက်တို့လည်း ပါဝင်ပါတယ်။

    “ကျွန်တော်တို့ဟာ အဖွဲ့နှစ်ခုကြားထဲမှာ ညပ်နေပြီး၊ နှစ်ဖက်စလုံးရဲ့ရန်ကိုလည်း ကြောက်ရပါတယ်။ ​တိုက်ခိုက်နေမယ့်အစား နိုင်ငံရေးအရအဖြေရှာတာကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်” လို့ ကျောက်တော်မြို့နယ်က မြိုတိုင်းရင်းသား ဦးစိန်လှထွန်းက ပြောပါတယ်။

    မျှော်လင့်ချက်မဲ့ပြီ

    အရင်ကတည်းက မဲပေးခွင့်ဆုံးရှုံးထားတဲ့ ရခိုင်ပြည်နယ်က လူမျိုးစုတစ်ခုအပေါ်မှာတော့ ရွေးကော်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဟာ သက်ရောက်မှု မရှိပါဘူး။

    မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ အခြားအခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ ဆယ်စုနှစ်ချီ ကြာခဲ့ပြီ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပြီး ဒီကိစ္စကြောင့်ပဲ မြန်မာနိုင်ငံဟာ ကုလရဲ့ အမြင့်ဆုံးတရားရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ တရားရင်ဆိုင်နေရပါတယ်။

    ဒါပေမယ့် ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်နေကြပြီး အများစုက ရခိုင်ပြည်နယ်မှာ ဖြစ်ပါတယ်။ သူတို့ဟာ စနစ်တကျ ခွဲခြားဖိနှိပ်မှုအောက်မှာ နေထိုင်နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

    “အရင်တုန်းကလည်းကျွန်တော်တို့မှာ မျှော်လင့်ချက်မရှိခဲ့ဘူး။ အခုလည်း မရှိပါဘူး။ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမယ့်လည်း ကျွန်တော်တို့ရဲ့အခြေအနေဟာ တိုးတက်လာခြင်း မရှိပါဘူး” လို့ မင်းပြားမြို့နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာအမျိုးသား စောအောင်က ပြောပါတယ်။

    အပြန်အလှန်အပြစ်တင်

    စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၂ သန်းနီးပါးလောက် မဲပေးခွင့်မရတော့ဘဲ ဒါဟာ မဲဆန္ဒရှင်အရေအတွက်ရဲ့ ၅ ရာခိုင်နှုန်းခန့် ဖြစ်ပါတယ်။

    အခြားပြည်နယ်တွေ အထူးသဖြင့် ရှမ်းပြည်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ အစိုးရရဲ့ ဒီထုတ်ပြန်ချက်ကို အံ့ဩကြသူတွေလည်း ရှိပါတယ်။

    ကချင်ပြည်နယ် ပြည်သူ့ပါတီ လွှတ်တော်အမတ် ဒေါ်ဘွဲဘူက အစိုးရဟာ တိုင်းရင်းသားလူနည်းစုတွေကို အလေးမထားဘူးလို့ စွပ်စွဲပါတယ်။

    “NLD အစိုးရဟာ ဒီမိုကရေစီအတွက် ကြိုးစားပြီး ပြည့်သူ့အတွက် အလုပ်လုပ်မယ်လို့ ယုံကြည်ခဲ့တာပါ။ ဒါပေမယ့် ပိုဆိုးလာတယ်လို့ အခု ကျွန်မ မြင်ပါတယ်”

    အစိုးရက ရွေးချယ်ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မျှတမှုနဲ့ပတ်သက်ပြီး လူသိရှင်ကြား မေးခွန်းထုတ်တာတွေလည်း ရှိလာပါတယ်။

    ရွေးကောက်ပွဲဖျက်သိမ်းတဲ့ ဒေသအားလုံးနီးပါးဟာ တိုင်းရင်းသားပါတီတွေ အားကောင်းတဲ့နေရာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ မဲအသာရအောင် လုပ်တာမျိုး ဖြစ်ဖွယ်ရှိတယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြီး ပဋိပက္ခတွေ၊ နိုင်ငံရေးအကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    ကော်မရှင်ဟာ “လူနည်းစုတွေရဲ့ ကိုယ်စားပြုခွင့်ကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်တာဖြစ်တယ်” လို့ Burma Human Rights Network က ဦးကျော်ဝင်းက ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက် ပြန်ရုပ်သိမ်းဖို့လည်း တောင်းဆိုပါတယ်။

    ကြားဝင်စွက်ဖက်မှုရှိတယ်ဆိုတဲ့ ပြောကြားချက်ကို NLD က ငြင်းဆိုပါတယ်။ ရွေးကော်က ရွေးကောက်ပွဲ ဖျက်သိမ်းတာကို စစ်တပ်ထိန်းချုပ်တဲ့ ဝန်ကြီးဌာနနှစ်ခုထံကနေ အကြံပြုချက်ယူပြီး ဆုံးဖြတ်တာဖြစ်တယ်လို့ အခုတစ်ပတ်မှာ ထုတ်ပြန်ကာ ပြစ်တင်ပြောဆိုမှုတွေကို ကာကွယ်ခဲ့ပါတယ်။

    ဘယ်သူတွေကပဲ ဆုံးဖြတ်ချက်ချချ စစ်တပ်တဲ့ ကချင်လက်နက်ကိုင်တွေအကြား တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ Htoi Aung တစ်ယောက် လာမယ့်လ ရွေးကောက်ပွဲမှာ မဲမပေးနိုင်တော့ပါဘူး။

    “ကျွန်တော်တို့လူမျိုးတွေဟာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေသလို၊ ကျွန်တော်တို့ တိုင်းရင်းသားပါတီကလည်း ရွေးကောက်ပွဲ မဝင်နိုင်တော့ပါဘူး”

    Ref: AFP

    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် Myanmar’s vote ban extinguishes hope for ethnic minorities ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို တရုတ်က ဘာ့ကြောင့် ရွေးကောက်ပွဲ နိုင်စေချင်တာလဲ

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို တရုတ်က ဘာ့ကြောင့် ရွေးကောက်ပွဲ နိုင်စေချင်တာလဲ

    စက်တင်ဘာ ၆၊ ၂၀၂၀
    M-Media

    တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

    -စစ်တပ်လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ် တစ်ကျော့ပြန်လာတာထက် ​ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ရှိအနေအထားက တရုတ်အကျိုးစီးပွားကို ပိုပြီး အမြတ်ထွက်စေပါလိမ့်မယ်။

    ရွေးကောက်ပွဲကာလကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး၊ ကိုဗစ်အရေး၊ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးတွေဟာ လာမယ့် ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာ လွမ်းမိုးဖို့ ရှိနေပါတယ်။

    ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲအပြီး နိုင်ငံခြားရေးမူဝါဒ ဘယ်လားရာကို သွားမလဲဆိုတာအပေါ်မှာ အဓိကထား သုံးသပ်ပြောဆိုနေကြပါတယ်။ တရုတ်နဲ့ ပိုပြီး နီးနီးကပ်ကပ် ခိုင်ခိုင်မာမာ ရှိသွားမလား၊ ဒါမဟုတ် အမှီအခိုကင်းတဲ့ အခြေအနေကို ပိုသွားမလား ဆိုတာမျိုးပါ။

    တရုတ်ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်အုပ်စုကို ပ,စားပေးပြီး တစ်ချိန်က ဒီမိုကရေစီပြယုဂ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံသယမျက်လုံးနဲ့ကြည့်တဲ့ အနေအထားမျိုးဟာ အပြောင်းအလဲကြီး ပြောင်းလဲသွားပါပြီ။

    ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီကို ပိုအနိုင်ရစေချင်ပြီး လွှမ်းမိုးထိန်းချုပ်ရခက်တဲ့ ဗိုလ်ချုပ်တွေအပေါ် ယုံကြည်မှုမရှိဘူးဆိုတာမျိုး မကြာသေးခင်က ဆွေးနွေးမှုတွေမှာ တရုတ်အစိုးရ ကိုယ်စားလှယ်တွေက ပွင့်ပွင့်လင်းလင် ထုတ်ပြောတာမျိုးလည်း ရှိလာပါတယ်။

    စစ်တပ်နဲ့ နှစ်ကိုယ့်တစ်စိတ်ဖြစ်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီ (USDP) ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပါမှာ ဒီထက်ပိုပြီး ခရီးရောက်မလားဆိုတာကလည်း မသေချာသေးပါဘူး။

    တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေး၊ တရုတ်အပေါ် မှီခိုမှုလျော့ချရေးဟာ သူတို့ရဲ့တာဝန်လို့ မြန်မာစစ်တပ်က ခံယူထားတဲ့အချိန်မှာ၊ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကြောင့် အနောက်တိုင်းက မဟာမိတ်တွေ၊ ထောက်ခံသူတွေရဲ့မျက်နှာလွှဲခြင်းကို ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးနဲ့ တစ်ခြားအကူအညီတွေအတွက် တရုတ်ဖက်ကို လှည့်လာပါတယ်။

    ၂၀၁၇ ခုနှစ် ဩဂုတ်လကစတင်ပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အသတ်ခံခဲ့ရပြီး သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့အခြေအနေဟာ ဒီကနေ့အချိန်အထိ ဆက်ဖြစ်နေတုန်းပါ။

    တစ်ချိန်က လူ့အခွင့်အရေးချန်ပီယံအဖြစ် ရှုမြင်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလနဲ့ အခြားအဖွဲ့တွေက “လူမျိုးတုန်းသတ်ဖြတ်မှု” ဖြစ်ဖွယ်ရာရှိတယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ သတ်ဖြတ်မှုကို ရှုတ်ချပြစ်တင်မှု မရှိခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ အနောက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချစ်တော်ဘ၀ကနေ၊ ဝေဖန်ခံဘ၀ကို တမဟုတ်ချင်း ရောက်သွားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ခိုင်ခိုင်မာမာမရှိတဲ့ နိုင်ငံခြားဆက်ဆံရေးမှာ တတိယအင်အားစုတစ်ခုက ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်ဟာ ဒေသတွင်း ပထဝီနိုင်ငံရေးအပြောင်းအလဲအန္တရာယ်ကို သတိပြုမိတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ မပါခဲ့ပါဘူး။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီဟာ ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပါပူအာ နယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ကို လာရောက်လည်ပတ်ခဲ့ပြီး ဒီနိုင်ငံတွေမှာ ဂျပန်ရဲ့တည်ရှိမှုကို ပိုမိုအား​ကောင်းစေဖို့ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ ဒီလည်ပတ်မှုဟာ ဒေသတွင်း အဓိကကျလာတဲ့ တရုတ်ကို တန်ပြန်ရေးဆိုတဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို ပိုမို ပေါ်လွင်စေပါတယ်။

    မြန်မာနိုင်ငံမှာ မိုတီဂီဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ Covid-19 ပြန့်နှံ့မှု ထိန်းချုပ်ရေး နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ်လို့ မိုတီဂီက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရာမှာ ကတိပြုခဲ့ပြီး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသားတွေ ​ခရီးသွားလာရေး ပိုကောင်းအောင် စီစဉ်ပေးဖို့လည်း နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုမှာတော့ မိုတီဂီက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ကူညီပေးမယ်လို့ ကတိ​ပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်ကတော့ ထူးဆန်းနေပါတယ်။ မိုတီဂီနဲ့ ဗိုလ်ချုပ်မှူးကြီးတို့ဟာ တောင်တရုတ်ပင်လယ်အရေး အပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျင်းသာ ဖော်ပြခဲ့ပါတယ်။

    မိုတီဂီရဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တဲ့ကတိဟာ မြန်မာနိုင်ငံအပေါ်မှာရှိတဲ့နေတဲ့ တရုတ်ရဲ့ ခိုင်မာတဲ့ လွှမ်းမိုးမှုကို လှုပ်ခတ်ဖို့ လုံလောက်မှုရှိလားဆိုတာ ဆက်ကြည့်ရမှာပါ။ အမြန်ရထားလိုင်း၊ အဝေးပြေးကားလမ်းတွေဆောက်လုပ်ရေး၊ မြစ်တွေက ရေလမ်းကြောင်းတွေကို အဆင့်မြှင့်တင်ရေးတွေ ပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းကို ဒါကို ထင်ထင်ရှားရှား မြင်ရမှာပါ။

    ဒီစီမံကိန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကမ္ဘာ့အခြေခံအဆောက်အဦး စီမံကိန်း Belt and Road Initiative (BRI) နဲ့ အဓိကကျတဲ့ ချိတ်ဆက်မှုတစ်ခု ဖြစ်ပါတယ်။
    စစ်အေးခေတ်သစ်မှာ အမေရိကန်နဲ့ တင်းမာမှု မြင့်တက်လာတဲ့အချိန် BRI ဟာ အိမ်နီးချင်း အရှေ့တောင်အာရှဒေသမှာ ပိုပ​ြီး အရေးပါလာမှာပါ။

    အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရှိတဲ့ မြန်မာနိုင်ငံဟာ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပတိုနဲ့ တရုတ်ရဲ့ ကုန်သွယ်မှုမှာ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ဟာ ဒီကုန်သွယ်မှုအတွက် တင်းမာမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်၊ လမ်းကြောင်းရှုပ်တဲ့ မလကာရေလက်ကြားတို့လို မလုံခြုံတဲ့ လမ်းကြောင်းကို သုံးနေရတာပါ။

    ဇန်နဝါရီလက သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ
    ဒေါ်အောင်ဆန်းစုကြည်၊ အခြားအရပ်ဖက်တာဝန်ရှိသူ အများစုနဲ့ တွေ့ဆုံရာမှာ အခြေခံအဆောက်အဦး စီမံကိန်း ၁၃ ခုအပါအဝင် အနည်းဆုံး နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ဒီသဘောတူညီချက်တွေထဲမှာ ကျောက်ဖြူမြို့နယ်အနီး ဒေါ်လာ ဘီလီယံချီတန်တဲ့ အထူးစီးပွားရေးဇုန်နဲ့ စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။ လက်ရှိ ကျောက်ဖြူမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပါတယ်။

    အခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လက မော်စကိုခရီးစဉ်အတွင်း ရုရှားသတင်းဌာနနဲ့ အင်တာဗျူးမှာ ‘အင်အားကြီးတိုင်းပြည်တွေရဲ့ ထောက်ပံ့မှုကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့တွေ တည်ရှိနေတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးဟာ အဖွဲ့အစည်းအမည်၊ အင်အားကြီးနိုင်ငံတွေကို ထုတ်မပြောခဲ့ပေမယ့် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်က တရုတ်ထုတ်လုပ်နက်တွေ အသုံးပြုနေတဲ့ အာရကန်အာမီ (AA) ကို ညွှန်းဆိုတယ်ဆိုတာ ထင်ရှားပါတယ်။

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ ​အသစ်ချက်ချွပ် လောင်ချာတွေ၊ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်တွေအပါအဝင် တရုတ်လက်နက် အမြောက်အများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုထံကနေ သိမ်းဆည်းရမိခဲ့ပါတယ်။

    မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ‘မုန့်တစ်ဖက် တုတ်တစ်ဖက်ပေါ်လစီ’ က တစ်ဖက်မှာ ချေးငွေ၊ ထောက်ပံ့ငွေ၊ ၊ ကိုဗစ်တိုက်ဖျက်ရေး အထောက်အပံ့တွေပေးပြီး တစ်ဖက်မှာတော့ သူတို့ရဲ့ တရားမဝင် လက်နက်စျေးကွက်ကြီးမှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ကို ဝင်ရောက်လှုပ်ရှားခွင့် ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒီလက်စျေးကွက်ဟာ Black Market ဆိုတာထက် Grey Market ဖြစ်ပါတယ်။

    Covid-19 ပြဿနာရှိနေပြီး၊ အစိုးရ၊ စစ်ဖက်တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှု အမြောက်အများ လုပ်ခဲ့ပေမယ့် နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်က ဆက်ဖြစ်နေပြီး ဒီကိစ္စမှာ တရုတ်ရဲ့လွှမ်းမိုးမှု အကြီးအကျယ် ပါဝင်နေတယ်ဆိုတာ ထင်ထင်ရှားရှားကို တွေ့ရပါတယ်။

    အရင်သမ္မတ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် ၂၀၁၁ ခုနှစ်မတ်လ အာဏာရပြီးမကြာခင်မှာ စတင်ခဲ့ပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်အထိ ဆက်လက်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့က လိုလိုလားလား အားပေးထောက်ခံခဲ့ပါတယ်။

    ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာတော့ လက်နက်ကိုင်အဖွဲ့ လက်တစ်ဆုပ်သာ ပါဝင်ပြီး အဲဒီအထဲကတစ်ချို့ဟာ လက်နက်မရှိ၊ ထိန်းချုပ်နယ်မြေမရှိတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း နောက်ထပ်ဆွေးနွေးမှုထပ်လုပ်ဖို့ သဘောတူညီချက်ရတာ​လောက်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်လောက်ရှိမယ့် အဖွဲ့တွေဟာ NCA မှာ လက်မှတ်မထိုးထားဘဲ နောက်ပိုင်းလည်း ထိုးဖို့မရှိဘူးဆိုတဲ့ အခြေအနေတစ်ရပ်လည်း ရှိနေပါတယ်။ အဖွဲ့ ၇ ခုပါဝင်တဲ့ အဲဒီအုပ်စုဟာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ဆိုတဲ့ ခေါင်းစဉ်နဲ့စုစည်းထားကြပြီး အဖွဲ့အားလုံးဟာ တရုတ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။

    အဲဒီအဖွဲ့တွေထဲက အင်အားအတောင့်တင်းဆုံးက ၀ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ဖြစ်ပါတယ်။ ချေမှုန်းရေးရိုင်ဖယ်၊ စက်သေနက်၊ မော်တာသေနတ်၊ မြေပြင်ကဝေဟင်ပစ်ဒုံးကျည်၊ အပေါ့စားနဲ့ အခြားစစ်သုံးယာဉ်တွေ တပ်ဆင်ထားပြီး အကုန်လုံးက တရုတ်လုပ်တွေ ဖြစ်ပါတယ်။

    အဓိကမဟာမိတ်ဖြစ်တဲ့ AA ဟာ FPNCC က အခြားအဖွဲ့ဝင်တွေကနေတစ်ဆင့် UWSA ထံကနေ လက်နက်တွေ ရရှိပါတယ်။ နိုင်ငံမြောက်ပိုင်းက အင်အားကောင်းတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေတစ်ချို့ကို ထိန်းချုပ်ထားတဲ့ ပလောင်အဖွဲ့ တအန်းလွတ်မြောက်ရေးတပ် (TNLA) တို့ကလည်း ဒီလိုနည်းလမ်းတွေနဲ့ လက်နက်တွေ ရနေပါတယ်။

    အနောက်နိုင်ငံတွေနဲ့ ဂျပန်တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကာ ဆယ်စုနှစ်ချီကြာနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး ကြိုးပမ်းမှုတွေကို ပိုမိုထောက်ပံ့ကူညီဖို့ ကတိပြုကောင်းပြုနိုင်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က FPNCC အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှုအတွင်း တရုတ်တာဝန်ရှိသူတွေက အနောက်နိုင်ငံတွေ ဒါမှမဟုတ် ဂျပန်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးသူတွေ၊ အခြားတာဝန်ရှိသူတွေနဲ့ ဘယ်လိုသဘောတူညီမှုမျိုးမှမယူဖို့ ပြောခဲ့ပါတယ်။

    ဒါ့ကြောင့် တရုတ်ဟာ သူ့ရဲ့ တုတ်ကြီးကြီးကို စွန်လွှတ်မယ့် ရည်ချက်မျိုး မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေကလည်း အခြားနိုင်ငံတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုမှ တိုးလို့မရဘူးဆိုတာကို ပြသနေပါတယ်။

    အနောက်နိုင်ငံတွေ ရိုဟင်ဂျာကိစ္စမှာ နစ်မွန်းနေပြီး ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းကာ ပိုမိုကောင်းမွန်အောင် အစွမ်းကုန်ကြိုးပမ်းနေတဲ့အချိန် တရုတ်ကတော့ ‘ချက်ကောင်း’ ကို ကိုင်ထားနိုင်တုန်းပါ။ နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ အာဏာထပ်ရပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဆက်ရှိနေစေမယ့် အခြေအနေကို တရုတ်က ဘာ့ကြောင့် ထောက်ခံအားပေးနေလဲဆိုတာ ဒီုအချက်တွေကိုကြည့်ရင် ထင်ထင်ရှားရှား သိနိုင်မှာ ဖြစ်ကြောင်းပါ။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် Why China wants Suu Kyi to win Myanmar’s polls ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)