News @ M-Media

Tag: 2022 World Cup

  • ၂၀၂၂ ကမ္ဘာ့ဖလားကို ၄၈ သင်းဖြင့်ကျင်းပရေး ဖီဖာက ကူဝိတ်နှင့် ဆွေးနွေး

    ၂၀၂၂ ကမ္ဘာ့ဖလားကို ၄၈ သင်းဖြင့်ကျင်းပရေး ဖီဖာက ကူဝိတ်နှင့် ဆွေးနွေး

    ဧပြီ ၁၅၊ ၂၀၁၉
    M-Media

    ကူဝိတ်စီးတီးမြို့ရှိ ဂျာဘာရ် အလ်-အဟ်မဒ် အားကစားကွင်း

    – လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို ၃၂ သင်းကနေ ၄၈ သင်း တိုးချဲ့ကာ ကျင်းပနိုင်ရေး အိမ်ရှင်တစ်နိုင်ငံ ထပ်ရဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌက ကူဝိတ်နိုင်ငံကို မနေ့က သွားရောက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး နောက်ထပ် ၁၆ သင်း ထပ်တိုးမယ်ဆိုရင် ပင်လယ်ကွေ့နိုင်ငံတွေထဲက အနည်းဆုံး တစ်နိုင်ငံဟာ ပူးတွဲအိမ်ရှင်အဖြစ် ပါဝင်ဖို့ လိုအပ်ပါတယ်။ ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုဟာ မနေ့က ကူဝိတ်ဘုရင်၊ ကူဝိတ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီကနေ့မှာတော့ ကာတာကို သွားရောက်မှာ ဖြစ်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေထဲက ယူအေအီး၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်ကစလို့ ကာတာကို သံတမန်ရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားတာကြောင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ဖီဖာရဲ့ ပြီးခဲ့တဲ့လ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒါ့ကြောင့် ကူဝိတ်နဲ့ အိုမန်တို့သာ ရွေးချယ်စရာအဖြစ် ကျန်ရှိပါတယ်။ ဒါပေမယ့် အိုမန်က သူ့နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်အတွက် အချိန်မီ မပြင်ဆင်နိုင်ဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့တာကြောင့် ဖီဖာဥက္ကဌဟာ ကူဝိတ်တစ်နိုင်ငံတည်းနဲ့သာ ညှိနှိုင်းရတာ ဖြစ်ပါတယ်။

    ဖီဖာက အင်ဖန်တီနိုရဲ့ ကူဝိတ်ခရီးစဉ်အတွင်း တိုင်းပြည်က ဘောလုံးအကြောင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားကို နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပဖို့ ပြင်ဆင်ထားပြီး ၄၈ သင်းဖြစ်မယ်ဆိုရင် ပွဲပေါင်း ၈၀ ကစားရမှာ ဖြစ်ပါတယ်။

    ထပ်တိုးလာတဲ့ ၁၆ သင်းအတွက် အနည်းဆုံး ဘောလုံးကွင်း ၂ ကွင်း လိုအပ်မှာပါ။ ကူဝိတ်စီးတီးက လူ ၆ သောင်းဆန့် ဂျာဘာရ် အလ်-အဟ်မဒ် အားကစားကွင်းဟာ ကမ္ဘာ့ဖလားကို လက်ခံကစားလို့ ရပေမယ့် ဆာဘာဟ် အလ်-စလင်မ် အားကစားကွင်းကတော့ ၂၆၀၀၀ သာဆန့်ကာ အဆင့်မြှင့်တင်မှုတွေလုပ်ဖို့ လိုအပ်နေပါတယ်။

    လက်ရှိ ကာတာဟာ ကမ္ဘာ့ဖလားအတွက် အားကစားကွင်း ၈ ကွင်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ အင်ဖန်တီနိုက ၄၈ သင်း တိုးချဲ့ရေးဟာ ၅၀-၅၀ အနေအထားသာ ရှိတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကစားသမားများ၏ ရိုင်းပြသည့် အမူအရာအတွက် ဆော်ဒီပြန်လည်တောင်းပန်

    ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကစားသမားများ၏ ရိုင်းပြသည့် အမူအရာအတွက် ဆော်ဒီပြန်လည်တောင်းပန်

    ဇွန် ၉၊ ၂၀၁၇
    M-Media

    – ယမန်နေ့က သြစတေးလျနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် လန်ဒန်အကြမ်းဖက်တိုက်ခိုက်ခံရသူများ အတွက် ၁ မိနစ်ငြိမ်သက်မှုအား အလေးမထားခဲ့သည့် ကစားသမားများနှင့် ပတ်သက်၍ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က တောင်းပန်လိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သည့် လန်ဒန်တိုက်ခိုက်မှုတွင် သြစတေးလျနိုင်ငံသား ၂ ဦးအပါအ၀င် လူ ၈ ဦး သေဆုံးခဲ့ပြီး ကွင်းအတွင်း အစီအစဉ်ကြေငြာသူက ပွဲမစခင် အဆိုပါသေဆုံးသူများအတွက် ၁ မိနစ် ငြိမ်သက်ဂါရ၀ပြုရန် ကြေငြာခဲ့သည်။

    သြစတေးလျအသင်းသားများမှာ ကွင်းလယ်စက်ဝိုင်းအနီးတွင် စီတန်းကာ တစ်ဦးကိုတစ်ဦး ပုခုံးဖက်လျက် ငြိမ်သက်ခဲ့ကြပြီး၊ ပွဲကြည့်စင်မှ ပရိတ်သတ်များကလည်း ထိုအစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။ သို့သော် ဆော်ဒီအသင်းသားများမှာ ငြိမ်သက်မှုကို လစ်လျူရှုကာ ကွင်းအတွင်း လှည့်လည်သွားလာနေခဲ့ကြသည်။

    ထိုအဖြစ်အပျက်၏ ဓာတ်ပုံများ၊ ဗီဒီယိုများမှာ ဆိုရှယ်မီဒီယာတွင် လျင်မြန်စွာ ပြန့်နှံ့သွားပြီးနောက် ဆော်ဒီဘောလုံးအသင်းမှာ ဝေဖန်မှုများကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။

    ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သော ကြေငြာချက်တွင် မိမိတို့အနေဖြင့် “အလွန်အမင်း စိတ်မကောင်းဖြစ်မိပြီး၊ ထိုအမှားအယွင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်း” ဖော်ပြခဲ့သည်။

    “သေဆုံးသွားသူတွေအတွက် အောက်မေ့သတိရမှုကို မလေးမစားလုပ်ဖို့ ကစားသမားတွေက ရည်ရွယ်ချက်မရှိသလို၊ ကျန်ရစ်သူမိသားစု၊ မိတ်ဆွေတွေနဲ့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသူတွေကို မကျေမနပ်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူ။ ဆော်ဒီဘောလုံအဖွဲ့ချုပ်ဟာ အကြမ်းဖက်မှု၊ အစွန်းရောက်မှု ပုံစံအားလုံးကို ရှုတ်ချပြီး ထိခိုက်ခဲ့သူအားလုံးရဲ့ ကျန်ရစ်သူမိသာစုနဲ့အတူ ၀မ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပါတယ်” ဟု ကြေငြာချက်က ဆိုသည်။

    သြစတေးလျဘောလုံးအဖွဲ့ချုပ်က ပွဲမစခင် တစ်မိနစ်ငြိမ်သက်မည့်အစီအစဉ်ကို ဆော်ဒီဘောလုံးအသင်း၏ အုပ်ချုပ်ရေးအဖွဲ့ကို အသိပေးထားသော်လည်း၊ ကစားသမားများအား ပါဝင်ခြင်းမပြုရန် အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဆော်ဒီဘောလုံးအသင်း၏ ထိုကိစ္စနှင့်ပတ်သက်၍ FIFA နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့က မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    Ref: Aljazeera

  • ၂၀၂၂ နှစ် ကမ္ဘာ့ဖလားကျင်းပမည့် ကွင်းတစ်ခုကို ကာတာက ဖွင့်လှစ်

    ၂၀၂၂ နှစ် ကမ္ဘာ့ဖလားကျင်းပမည့် ကွင်းတစ်ခုကို ကာတာက ဖွင့်လှစ်

    မေ ၂၀၊ ၂၀၁၇
    M-Media

    – ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံးကွင်းများထဲမှ တစ်ခုကို ပြင်ဆင်ပြီးနောက် ကာတာက ယမန်နေ့တွင် အများပြည်သူသို့ ဖွင့်လှစ်ပြသခဲ့သည်ဟု သိရသည်။

    မြို့တော်ဒိုဟာမှ ‘ခါလီဖာ နိုင်ငံတကာ အားကစားကွင်း’ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုမည့် ကွင်းများတွင် ပထမဆုံး ပြီးစီးသွားသည့် ကွင်းလည်းဖြစ်သည်။

    ၁၉၇၆ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အဆိုပါ ဘောလုံးကွင်းကို ကြည့်ရှုသူ ၄ သောင်းကျော် ၀င်ဆံ့နိုင်ငံရန် တိုးချဲ့ခဲ့ပြီး၊ မြက်ခင်းပြင်အတွင်း အပူချိန် ၂၆ ဒီဂရီဆဲလ်စီးယက်စ်၊ ပွဲကြည့်စင်တွင် ၂၈ ဒီဂရီဆဲလ်စီးယက်စ် ရှိနေအောင် အအေးပေးစနစ်ကိုလည်း တပ်ဆင်ထားသည်။

    ထို့ပြင် ပထမဆုံးပွဲအဖြစ် ပြည်တွင်း Emir Cup ဖလားပြိုင်ပွဲ ဗိုလ်ပွဲကိုလည်း ယမန်နေ့တွင် ကစားခဲ့သည်။

    Ref : Alarabiya

  • ၂၀၂၆ မှစ၍ ကမ္ဘာဖလားကို နိုင်ငံ ၄ နိုင်ငံအထိ ပူးတွဲကျင်းပရန် ရှိနေ

    ၂၀၂၆ မှစ၍ ကမ္ဘာဖလားကို နိုင်ငံ ၄ နိုင်ငံအထိ ပူးတွဲကျင်းပရန် ရှိနေ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ဖလားပြိုင်ပွဲအား တစ်နိုင်ငံတည်းက လက်ခံကျင်းပခြင်းမှာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားက နောက်ဆုံးဖြစ်နိုင်ပြီး ထိုနောက်ပိုင်းတွင် နိုင်ငံ ၄ နိုင်ငံအထိ ပူးတွဲကျင်းပရန် ဆန္ဒရှိနေသည်ဟု ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ဖီဖာဟာ မျှတတယ်၊ ရေရှည်တည်တံ့ရေးကို စဉ်းစားတယ်ဆိုတာ ပြသဖို့ လိုတာကြောင့် ကမ္ဘာ့ဖလား ပူးတွဲကျင်းပမှုအတွက် ကျွန်တော်တို့ တွန်းအားပေးသွားမှာပါ။ ၂ နိုင်ငံ၊ ၃ နိုင်ငံ၊ ၄ နိုင်ငံက ဒီပြိုင်ပွဲကို တစ်နိုင်ငံ ကွင်း ၃၊ ၄၊ ၅ ကွင်းလောက်နဲ့ ပူးတွဲကျင်းပတာမျိုး ဖြစ်နိုင်ပါတယ်” ဟု အင်ဖန်တီနိုက ပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲအား တစ်နိုင်ငံတည်း ကျင်းပပါက ဘဏ္ဍာရေးဆိုင်ရာ ၀န်ထုတ်ဝန်ပိုး ဖြစ်မည်ဆိုသည့် စိုးရိမ်မှုများ ရှိနေပြီး၊ ဘောလုံးကွင်းများ တည်ဆောက်ကာ ပြိုင်ပွဲပြီးဆုံးသည့်အခါ မသုံးစွဲဘဲ ပစ်ထားရမှုကလည်း ပြည်သူများ၏ မနှစ်မြို့မှုကို ဖြစ်စေသည်။

    ယခင်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၀၂ ခုနှစ်တွင် ဂျပန်နှင့် တောင်ကိုရီးယားတို့တွင်သာ ပူးတွဲကျင်းပခဲ့ပြီး အောင်မြင်သည်ဟု မှတ်ယူခံခဲ့ရသည်။

    ယူရိုပြိုင်ပွဲတွင်မူ ၂၀၀၀ ခုနှစ်က ဘယ်လ်ဂျီယံနှင့် နယ်သာလန်၊ ၂၀၀၈ ခုနှစ်က သြစတြီးယားနှင့် ဆွစ်ဇာလန်၊ ၂၀၀၁၂ ခုနှစ်တွင် ပိုလန်နှင့် ယူကရိန်းတို့တွင် အသီးသီး ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက်မူ ယူရိုဖြတ်ကျော်ပြိုင်ပွဲအဖြစ် သတ်မှတ်ထားကာ ဥရောပနိုင်ငံ ၁၃ နိုင်ငံမှ မြို့ပေါင်း ၁၃ မြို့တွင် ကျင်းပမည်ဖြစ်သည်။ အင်ဖန်တီနို၏ ယခု အယူအဆမှာ ယူရိုပြိုင်ပွဲအား အတုယူခြင်းဖြစ်သည်။

    ၎င်း၏ အယူအဆအား လက်ရှိတွင် ဆွီဒင်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အာရ်လ်-အဲရစ် နီလ်ဆန်က ထောက်ခံထားသည်။

    REF: Arabian Business

  • ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူမြင်ကွင်း၌ အရက်သောက်သုံးမှု ကာတာပိတ်မည်

    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူမြင်ကွင်း၌ အရက်သောက်သုံးမှု ကာတာပိတ်မည်

    နိုဝင်ဘာ ၁၂၊ ၂၀၁၆
    M-Media

    qatar

    – ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာဖလားပြိုင်ပွဲအတွင်း လမ်းများ၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်သောက်သုံးခြင်းကို ပိတ်ပင်သွားမည်ဟု ကာတာနိုင်ငံက ကြေငြာလိုက်သည်။

    အဆိုပါပိတ်ပင်မှုမှာ ကွင်းအတွင်းအထိ တိုးချဲ့လာနိုင်ပြီး ကာတာ ထောက်ပံ့ရေးနှင့် အမွေအနှစ်ဆိုင်ရာ ဗဟိုကော်မတီ SCDL ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဟာဆန် အလ်-သာဝါဒီကမူ အရက်သောက်သုံးမှုကို အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၊ လမ်းများမဟုတ်သည့် ‘အခြားနေရာများ’ တွင်သာ ခွင့်ပြုသွားမည်ဟုဆိုသည်။

    “လမ်းတွေ၊ ရင်ပြင်တွေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ အရက်သောက်သုံးခွင့် ပြုမှာမဟုတ်ပါဘူး။ ဒါ အတည်ပါ။ ပြိုင်ပွဲအတွင်း အရက်ရရောင်းချမှုနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမှာပါ။ ကျွန်တော့် တစ်ကိုယ်ရေအရဆိုရင်တော့ ကွင်းထဲမှာ အရက်ရောင်းတာကိုလည်း ဆန့်ကျင်ပါတယ်။ (SCDL) ရဲ့ ရည်ရွယ်ချက်က အရက်သောက်သုံးမှုကို သီးခြားနေရာတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ဝေးတဲ့နေရာတွေမှာ ဖြစ်လာအောင် ဆောင်ရွက်ဖို့ပါပဲ” ဟု အလ်-သာဝါဒီက ပြောကြားခဲ့သည်။

    ကာတာ၏ ပူပြင်းလွန်းသော အပူချိန်ကြောင့် ပြိုင်ပွဲကို ဆောင်းရာသီသို့ ရွှေ့ခဲ့မှုအတွက် ဝေဖန်ခံနေရသည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ နိုင်ငံခြား ပရိသတ်များ မနှစ်မြို့နိုင်သည့် ယခုကဲ့သို့ အရက်ပိတ်ပင်မှုကြောင့် အကြပ်အတည်းနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

    ကာတာနိုင်ငံတွင် အရက်မှာ တရားမ၀င်ဘဲ ရောင်းချမှုနှင့် သောက်သုံးမှုကို အလွန်အမင်း ထိန်းချုပ်ထားသည်။ ထို့ပြင် လူမြင်ကွင်းတွင် အရက်သောက်သုံးခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ ရာဇ၀တ်မှုမြောက်သည်ဟု သတ်မှတ်ထားသည်။

    နိုင်ငံအတွင်းနေနိုင်သည့် နိုင်ငံခြားသားများမှာ အရက်သောက်သုံးရန်အတွက် သီးခြားခွင့်ပြုချက် ရယူရပြီး ဟိုတယ်များကလည်း ၎င်းတို့အတွက် အရက်ဝန်ဆောင်မှုပေးနိုင်သည်။

    ကာတာနိုင်ငံက ထိုကဲ့သို့ ပိတ်ပင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဘရာဇီးလ်ကမ္ဘာ့ဖလားကဲ့သို့ ဖီဖာက ကြားဝင်ဆောင်ရွက်ရန် ပရိတ်သတ်များက မျှော်လင့်နေသည်။ ဘရာဇီးလ်တွင် ဘောလုံးကွင်းများ၌ အရက်သောက်သုံးမှုကို ပိတ်ပင်လိုက်သော်ကြောင့် ဖီဖာ၏ စပွန်ဆာဖြစ်သည့် အရက်ကုမ္ပဏီ Budweiser က ဖီဖာကို ဖိအားပေးခဲ့ပြီး ညှိနှိုင်းမှုကြောင့် နောက်ပိုင်းတွင် အရက်ရောင်းချခွင့် ပြုခဲ့သည်။

    အလ်-သာဝါဒကမူ ယခုကဲ့သို့ ပိတ်ပင်မှုကို ဖီဖာနှင့် မဆွေးနွေးရသေးဟု ၀န်ခံပြောကြားခဲ့သည်။

    Ref: RT