News @ M-Media

Tag: 82Law

  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲ

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲ

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media
    လင်းလင်း

    ရန်ကုန်   ။        ။      ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှင်းလင်းပွဲနှင့် လူထုဆန္ဒခံယူပွဲကို အောက်တိုဘာ ၂၅-ရက် ည ၇း၀၀-နာရီက အရိုးကုန်းရပ်ကွက်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဒီနေ့ အခြေခံဥပဒေအတွက် ရှင်းလင်းတင်ပြခြင်းဟာ အင်မတန်မှလိုအပ်ချက်တစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီချုပ်ဟာ ပြည်သူတွေအတွက် အရှေ့ကနေ မားမားမတ်မတ် ရပ်တည်သလို ပြည်သူတွေရဲ့အကျိုးပြုလုပ်ငန်းများကိုလည်း အားကုန်ခွန်စိုက်ဆောင်ရွက်နေပါတယ်၊ ဒါကြောင့် ၂၀၀၈ အခြေခံ ဥပဒေသည် ပြည်သူတွေအတွက် ဘယ်လောက် အကျိုးတက်ရောက်မှုတွေရှိလဲ၊ ပြည်သူတွေအတွက် ဘယ်လောက်အကာကွယ်ပေးလဲ၊ ပြည်သူတွေအတွက် ဘယ်လောက် အားထားရာ ဘယ်လောက်ရုံကြည်ရာဖြစ်နေသလဲ၊ ပြည်သူရဲ့ လိုအပ်ချက်တွေ ဘယ်လောက်ကာကွယ်နိုင်သလဲ၊ လူ့အခွင့်အရေးတွေအနေနဲ့ ပက်သက်ပြီး ဘယ်လောက်အာမခံနိုင်သလဲ။ နိုင်ငံတကာရဲ့ဥပဒေများနှင့် ဘယ်လောက်စံနှုန်းတွေနဲ့ ပြည့်ဝနေမလဲဆိုတာ ပြည်သူတွေသိရှိဖို့အတွက် အင်မတန် လိုအပ်ပါတယ်။

    ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ အခြေခံဥပဒေအတွက်၊ ပြည်သူများသိရှိနိုင်ရန်အတွက် လိုအပ်ပါတယ်၊ ဒီနေ့ ဒီအချိန်အခါဟာ နိုင်ငံတော်အတွက် ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ၊ ပြည်သူသာလျှင်အဒိကဖြစ်ပါတယ်၊ ဒါကြောင့်မိုလို့ ပြည်သူသဘော ဆန္ဒတွေကို ခံယူပြီး ပြည်သူရဲ့ အဆုံးအဖြတ်၊ ပြည်သူရဲ့သဘောထားများကို ရယူခြင်းဖြစ်ပါတယ်၊ ဘာဖြစ်လို့်လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေသည်များသောအားဖြင့် ပြည်သူတွေအတွက်အကျိုးမဖြစ်ဘူး။ မကောင်းဘူး ပြည်သူအတွက်အကာကွယ်မပေးဘူး နိုင်ငံတော်ရဲ့စံညွန်းစံချိန်များ မညီတဲ့အတွက် မကောင်းဘူး ဆိုတဲ့အစိတ်အပိုင်းလောက်ဘဲ သိနေပါတယ်။
    ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ အခြေခံဥပဒေနှင့်ပတ်သက်လို့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင် ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ ဆောင်ရွက်ချင်းဖြစ်ပါတယ် “ဟု ဦးလှသိန်းမှပြောကြားခဲ့သည်။
    ဆက်လက်ပြီး အရှေ့ပိုင်းခရိုင် ဥပဒေ အထောက်အကူပြုအဖွဲ့မှ ဦးဖြိုးသူရိန်ဌေး ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပက်သက်ပြီး ဆက်လက်ရှင်းလင်းတင်ပြခဲ့ရာ “၂၀၀၈ အခြေခံဥပဒေဆိုသာ ဘာလဲ၊ ဘယ်လောက်အရေးကြီးသလဲ။ ဖွဲ့စည်းပုံဥပဒေအရ ဒီမိုကရေစီစံနှုန်းနဲ့ လွဲနေတာကိုကျွန်တော်အနည်းငယ် ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲဆိုတော့ လက်ရှိုအပ်ချုပ်နေတဲ့ အစိုးရနဲ့ ပြည်သူလူထုနဲ့ ချုပ်ဆိုထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ လွဲချော်နေတဲ့ကိစ္စရပ်လေးတွေကို ကျွန်တော်အနည်းငယ် တင်ပြချင်ပါတယ်၊ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေ ၃-ရပ် ရေးဆွဲခဲ့ ပါတယ်၊ ပထမဆုံးရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေကို ၁၉၄၇ ခုနှစ်ကရေးဆွဲခဲ့တယ် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် ကိုယ်စားလှယ် တွေ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ ၁၉၇၄ မဆလ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဖြစ်ပါတယ်၊ နောက်ဆုံးတစ်ခုကတော့ ယခုသုံးဆွဲနေတဲ့ ၂၀၀၈ အခြေခံဥပဒေပဲဖြစ်ပါတယ်၊ လက်ရှိ ဖွဲ့စည်းပုံ ဥပဒေမှာ အကြောင်းအရာအနည်းငယ်ကို ရှင်းလင်းတင်ပြပေးချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မယ်ဆိုရင် လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၀% အဆိုတင်သွင်း ရမယ်လို့ ဆိုထားပါတယ်၊ ပြီးတဲ့အခါကြတော့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ်တွေ ၂၀%က အဆိုတင်သွင်းပြီးသွားရင် ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ ကိုယ်စားလည်တွေ ၇၅% ကျော်ကထောက်ခံမဲ ပေးရမယ်လို့လဲဆိုထားပါတယ်၊ နောက်ဆုံးတစ်ခုကတော့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ် ၇၅% ကျော် က ထောက်ခံမဲပေးပြီးသွားပြီဆိုရင် လက်ရှိပြည်သူလူထုအနေနဲ့ ဆန္ဒခံယူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၅၀% ကဆန္ဒမဲပေးကမယ်ဆိုပြီးတော့ဆိုထားပါတယ်။ အဲဒီအပိုင်းမှာလဲ ပြည်သူလူထုအနေနဲ့ ဆန္ဒမဲပေးသူမဟုတ်ပဲနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၀% ကျော်က ဆန္ဒမဲပေးကမယ်ဆိုတော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ နည်းနည်းများ လွဲနေသလားလို့ ကျွန်တော်ထင်မိပါတယ်” ဟု ဦးဖြိုးသူရိန်ဌေးက ပြောကြားခဲ့ပါသည်။

    ၎င်းနောက် နိဂုံးချုပ်စကားပြောကြားခဲ့ပြီး တက်ရောက်လာသူများကို ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ချင်ပါသလားလို့ မေးမြန်းခဲ့ရာ ပြင်ဆင်လိုကြောင်း တညီတညွှတ် တည်းဖြေကြားခဲ့ကြပါသည်။ ယခုပြုလုပ်ခဲ့သည့် သဘောထားခံယူပွဲတွင် လူဦးရေ ၃၅၀-ကျော် တက်ရောက်ခဲ့ကြပါသည်။

  • ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးဆွေးနွေးပွဲ ဒလမြို့နယ် NLD ပြုလုပ်

    ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးဆွေးနွေးပွဲ ဒလမြို့နယ် NLD ပြုလုပ်

    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    အငယ်လေး

    DSC00385

    ဒလ  ။       ။      ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တောင်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ၂၀၀၈-ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးဟောပြောပွဲတစ်ရပ်ကို ယနေ့ နံနက် ၉း၀၀-နာရီ အချိန်၌ ပြုလုပ်ခဲ့သည်။

    ဆွေးနွေးပွဲတွင် ဦးကိုနီမှ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပေဒတစ်ခု သတ်မှတ်ဖို့ ပထမဆုံး စဉ်းစားရမယ့် တစ်ခုက ပြည်သူ့ဆန္ဒနှင့် အညီရေးရန်၊ စဉ်းစားရမည့် အချက်အနေနှင့် ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ပါလီမန် ဒီမိုကရေစီစနစ် နဲ့အုပ်ချူပ်တဲ့နိုင်ငံတိုင်းမှာ နိုင်ငံတော်ရဲ့ မူလ အာဏာပိုင်ရှင်က ပြည်သူလူထုဖြစ်ကြောင်း၊ ပြည်သူ ရွေးချယ်သည့် သူသည်သာ လွှတ်တော်အမတ်ဖြစ်ခွင့်ရှိတယ်ပြီး လွှတ်တော်ကို သွားခွင့်ရှိကြောင်းနှင့် ဥပဒေကို ပေးခွင့်မရှိကြောင်း ပြောပါတယ်။  ဆက်လက်၍ ပြည်သူကပဲ နိုင်ငံတော် အာဏာကိုပိုင်လို့ ပြည်သူရွေးတဲ့သူကပဲ နိုင်ငံတော်ကိုအုပ်ချူပ်ခွင့်ရှိကြောင်းတို့ကို ရှင်းလင်း ဆွေးခဲ့ပါတယ်။

    ၎င်းနောက် ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင် ဦးထွန်းရင်ကလည်း “ဒီနေ့ ၁၃.၁၀.၂၀၁၃ ရက်နေ့မှာ ကျင်းပတဲ့ အဓိက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒလမြို့နယ် တောင်ပိုင်းခရိုင် ရန်ကုန်တိုင်းဒေသကြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာဟောပြောပွဲ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့အသံ လွတ်တော်အသံ၊ လွတ်တော်အသံဟာ ပြည်သူလူထုရဲ့အသံလို့ ပြောထားပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုရဲ့အသံကိုနားထောင်နေပါတယ်။  အထူးသဖြင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကို ဘယ်လောက် ကိုယ်စားပြုသလဲ၊ ပြည်သူလူထုရဲ့ ဆန္ဒ ဘယ်လောက်ထိပါသလဲ၊ ပြည်သူလူထုရဲ့ ဆန္ဒဟာ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ်မှာ ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုမြင်သလဲ ဆိုတဲ့အသံပါ။ ဒီရည်ရွယ်ချက်ကို ကျွန်တော်တို့က အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါတယ်။ ဒီနေ့ ပြည်သူ လူထု တက်လာတဲ့ ၁၀၀၀ ဝန်းကျင် လောက် လူထုမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး အသစ်ရေးဆွဲမလား ဒါမှမဟုတ် ပြင်မလား ဒါမှမဟုတ် အစားထိုးဖြည့်စွက်မလား ဒါသူတို့ရဲ့ သဘောထား ဆန္ဒအမှန်ကို ကျွန်တော်တို့သိချင်လို့ လူထုရဲ့သဘောထား ဆန္ဒအမှန်ကိုထင်ဟပ်စေချင်လို့ ဒီပွဲကို စီစဉ်ခြင်းဖြစ်ပါတယ်လို့ ဒလမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စား ဦးထွန်းရင်ကပြောကြားသွားခဲ့ ပါတယ်။

    ထို့နောက် ပြည်သူလူထုရဲ့သဘောထား ဆန္ဒအမှန်ကိုကောက်ခံရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲဖို့အတွက် ၉၀% ကျော်ထောက်ခံခဲ့ပြီး ၊ အသစ်ရေးဆွဲရာမှာ တော့ ၁၀% ကျော်သာ ထောက်ခံခဲ့ကြောင်း ဤကောက်ခံမှုကို ၎င်းအခမ်းနားရဲ့ သဘာပတိ ဦးမြင့်ဌေးမှ အတည်ပြုပေးခဲ့ပါတယ်။

    အခမ်းအနားသို့ လူအင်အား ၁၀၀၀ ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြပါတယ်။