News @ M-Media

Tag: Africa

  • သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဖရိကဖလားတွင် ဆီနီဂေါ  ဗိုလ်စွဲ

    သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဖရိကဖလားတွင် ဆီနီဂေါ ဗိုလ်စွဲ

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    -မနေ့က ကစားခဲ့တဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

    ဒါဟာ သမိုင်းတစ်လျှောက် အာဖရိကဖလားကို ပထမဆုံးအကြိမ် ရရှိမှုပါ။ ဒီအောင်မြင်မှုအတွက် ဆီနီဂေါတစ်နိုင်လုံးက အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

    ပွဲကစားချိန်အတွင်း ဆီနီဂေါဟာ အီဂျစ်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲအစ ၇ မိနစ်မှာရတဲ့ ပင်နယ်တီကိုလည်း တိုက်စစ်မှူး ဆာဒီယိုမာနေး လွဲလျော်ခဲ့ပါတယ်။

    ဒါပေမယ့် ပင်နယ်တီမှာ မာနေးက အဆုံးအဖြတ် ဂိုးကို ကန်သွင်းယူကာ အီဂျစ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နောက်ဆုံးဗိုလ်လုပွဲမှာ အလ်ဂျီးရီးယားကို ရှုံးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ကြမ္မာဆိုးကို ဆီနီဂေါတို့ ဒီတစ်ကြိမ်မှာ ချိုးဖျက်နိုင်ခဲ့ပါတယ်။

    “ဆီနီဂေါဟာ ဗိုလ်လုပွဲမှာရှုံးပြီး ဖလားလက်လွှတ်ရတာတွေ များနေပါပြီ။ အခု အလုံးကြီး ကျသွားပြီ။ နောက်ဆုံးတော့ ချန်ပီယံဖြစ်ပြီပေါ့ဗျာ” လို့ ဆီနီဂေါမြို့တော် ဒါကာမှာ သူငယ်ချင်းတွေနဲ့အတူ အောင်ပွဲခံနေတဲ့ အသက် ၃၁ နှစ်အရွယ် ပါပီ မာလစ် ဒီဘာက ပြောပါတယ်။

    အီဂျစ်က ၂၀၁၇ ခုနှစ် ဖိုင်နယ်မှာ ကင်မရွန်းကို ရှုံးပြီး ဒုတိယသာ ရခဲ့သလို အဲဒီနောက်ပိုင်း ပထမဆုံး ဖိုင်နယ်တက်လာတဲ့ အခုနှစ်မှာလည်း ဒုတိယနဲ့သာ ထပ်မံကျေနပ်ခဲ့ရပါတယ်။ နာမည်ကြီး တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ပွဲအပြီးမှာ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့ပါတယ်။

    Ref: Reuters

  • တရုတ်တိုင်းရင်းဆေးကြောင့် အာဖရိက ရှားပါးတိရစ္ဆာန်များ မျိုးတုန်းမည့် အန္တရာယ်ရှိလာ

    တရုတ်တိုင်းရင်းဆေးကြောင့် အာဖရိက ရှားပါးတိရစ္ဆာန်များ မျိုးတုန်းမည့် အန္တရာယ်ရှိလာ

    နိုဝင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -အာဖရိကတိုက်မှာ တရုတ်က သူတို့ရဲ့ တိုင်းရင်းဆေးဝါးကို မိတ်ဆက်မြှင့်တင်မှု နောက်ဆက်တွဲအဖြစ် တရားမဝင် သားရိုင်းတိရစ္ဆာန် ကုန်ကူးမှု မြင့်တက်လာပြီး ရှားပါးတိရစ္ဆာန်တွေ မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။

    တရုတ်ဟာ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း ဖွံ့ဖြိုးရေး စီမံကိန်း (Belt and Road) နဲ့အတူ အာဖရိကတိုက်မှာ တရုတ်တိုင်းရင်းဆေးကိုပါ မိတ်ဆက်တင်သွင်းလာတာ ဖြစ်ပါတယ်။ တရုတ်တိုင်းရင်းဆေး အများစုဟာ အပင်တွေကို အခြေခံပေမယ့် တစ်ချို့ဆေးတွေက သင်းခွေချပ်နဲ့ ကြံ့လို ရှားပါးတိရစ္ဆာန်တွေနဲ့ ဖော်စပ်ရတာပါ။

    လန်ဒန်အခြေစိုက် သဘာ၀ပတ်ဝန်းကျင်နဲ့ သားရိုင်တိရစ္ဆာန် ရာဇဝတ်မှု စောင့်ကြည့်အဖွဲ့ EIA ရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အာဖရိကနိုင်ငံတွေအတွင်း တရုတ်တိုင်းရင်းဆေး ကျယ်ပြန့်လာတာ၊ အဲဒီတိုင်းရင်းဆေးမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ရနိုင်တဲ့ရင်းမြစ်အဖြစ် ရှုမြင်ခံလာရတာကြောင့် ကျားသစ်၊ သင်းခွေချပ်နဲ့ ကြံ့တို့လို ရှားပါး တိရစ္ဆာန်တွေအတွက် ဘေးအန္တရာယ်ဖြစ်လာတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

    “တရုတ်တိုင်းရင်းဆေး အထိန်းအကွပ်မရှိ ကျယ်ပြန့်လာတာဟာ အာဖရိကတိုင်းပြည် တော်တော်များများမှာ တွေ့ရတဲ့ ဇီ၀ညီညွတ်မှုအတွက် ဆိုးရွားတဲ့ ခြိမ်းခြောက်မှု ဖြစ်​စေတာကတော့ အသေအချာပါပဲ။ ရှားပါး တိရစ္ဆာန်တွေကို တရုတ်တိုင်းရင်းဆေးမှာ အသုံးပြုမှုကြောင့် ဒီတိရစ္ဆာန်တွေရဲ့ ဝယ်လိုအား တက်လာတာ၊ သားရိုင်းတိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို တွန်းအားပေးတာကနေ အမြတ်ထုတ်တဲ့အထိ ဖြစ်လာစေနိုင်ပါတယ်”

    ကိုဗစ်ကပ်ရောဂါ တွန်းလှန်ရေး တရုတ်က ဆောင်ရွက်မှုနဲ့အတူ အာဖရိကမှာ ​တရုတ်တိုင်းရင်းဆေး ကုမ္ပဏီတွေ၊ ဆေးခန်းတွေဟာ အရင်တုန်းက မရှိခဲ့ဘူးတဲ့ အနေအထားမျိုးအထိရောက်အောင် များပြားလာကြောင်း၊ တစ်ချို့ ကုမ္ပဏီတွေဟာ ကုန်ကြမ်းရှာတာကနေ၊ ကုန်ချောထုတ်ရောင်းတဲ့အထိ လုပ်ငန်းအားလုံး တစ်ဦးတည်း လုပ်ဆောင်နိုင်အောင် ဆောင်ရွက်လာကြကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တရုတ်တိုင်းရင်းဆေးလုပ်ငန်းကို ကြပ်ကြပ်မတ်မတ်စောင့်ကြည့်ဖို့ ဒီလုပ်ငန်းကြောင့် ရှားပါးတိရစ္ဆာန် မျိုးတုန်းတာတွေမဖြစ်အောင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ တားဆီးဖို့လည်း အာဖရိက နိုင်ငံတွေကို EIA က တိုက်တွန်းခဲ့ပါတယ်။

    တိုင်းရင်းဆေးတွေမှာ ရှားပါးတိရစ္ဆာန်ထွက် ပစ္စည်းတွေ အသုံးပြုတာကို တရုတ်အစိုးရက တားမြစ်ထားပေမယ့် ကာမအားတိုးဆေး၊ ကင်ဆာကုဆေးကနေ အရေပြားရောဂါ ပျောက်ဆေးအထိ တရုတ်တိုင်းရင်းဆေးတွေမှာ သားရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေကို ဆက်လက် အသုံးပြုနေဆဲဖြစ်ပါတယ်။

    တရုတ်တိုင်းရင်းဆေးဝါး ထွန်းကားရေး ဆောင်ရွက်ဖို့ တောင်အာဖရိက၊ ကင်မရွန်း၊ တန်ဇန်းနီးယားနဲ့ တိုဂိုတို့ အပါအဝင် အာဖရိကနိုင်ငံတစ်ချို့က တရုတ်နဲ့ လက်မှတ်ရေးထိုးထားပြီး၊ တောင်အာဖရိကနဲ့ နမီးဘီးယားတို့က တရုတ်တိုင်းရင်းဆေးကို အစိုးရ ကျန်းမာရေးစနစ်မှာ ထည့်သွင်းအသုံးပြုနေပါတယ်။

    တရုတ်ဟာ အမေရိကန်ကိုကျော်ပြီး ၂၀၀၉ ခုနှစ်ကတည်း အာဖရိကရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အာဖရိကတွင် ၆ လအတွင်း လူသန်းချီ ကိုဗစ်ကူးနိုင်ဟု WHO သတိပေး

    အာဖရိကတွင် ၆ လအတွင်း လူသန်းချီ ကိုဗစ်ကူးနိုင်ဟု WHO သတိပေး

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -အာဖရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၆ လအတွင်း သန်းချီ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

    လက်ရှိ အာဖရိက တစ်တိုက်လုံးမှာ ကူးစက်သူ ၁၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၀ လောက်သာ ရှိသေးတဲ့အတွက် အခြားဒေသတွေနဲ့ယှဉ်ရင် အလွန်အမင်း နည်းပါးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင်းရဲဆုံးတိုက်ဖြစ်ပြီး ကောင်းမွန်တဲ့ ကျန်းမာရေးစနစ်တွေ မရှိတဲ့အတွက် ကူးစက်သူ အလွန်အမင်း များလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

    “ဗိုင်းရပ်တွေဟာ နိုင်ငံတွေအလိုက် ဆက်လက် ကူးစက်ပြန့်နှံ့သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ကူးစက်သူ အရေအတွက်ဟာ တစ်နေ့တစ်ခြား တိုးလာပါတယ်” လို့ WHO အာဖရိကဒေသ ဒါရိုက်တာ မက်ရှီဒီဆို မိုတီက ပြောကြားခဲ့ပါတယ်။

    လန်ဒန်မြို့ Imperial ကောလိပ်ရဲ့ ခန့်မှန်းတွက်ချက်မှုမှာတော့ အာဖရိကမှာ Covid-19 ကူးစက်မှုကို အကောင်းဆုံး တုန့်ပြန်နိုင်ရင်တောင် လူ ၃ သိန်းလောက် သေဆုံးနိုင်ခြေရှိပြီး အဆိုးဆုံးအခြေအနေမှာ လူ ၃.၃ သန်းလောက် သေဆုံးကာ သန်း ၁၂၀၀ လောက် ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

    အာဖရိကတိုက်အတွင်း ကူးစက်မှုအများဆုံးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံမှာ တိုင်းပြည်ကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်ထားတာကြောင့် ကူးစက်မှုအရေအတွက် ကျဆင်းနေပေမယ့် ဘာကီနာဖာဆို၊ ကွန်ဂို၊ အလ်ဂျီရီးယားတို့လို အခြား အာဖရိက နိုင်ငံတွေမှာတော့ ကူးစက်မှု၊ ပျမ်းမျှသေဆုံးမှုအရေအတွက်တွေဟာ မြင့်မားနေပါတယ်။

    Ref: Aljazeera

  • တစ်ကျော့ပြန် အီဘိုလာကြောင့် ကွန်ဂိုတွင် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    တစ်ကျော့ပြန် အီဘိုလာကြောင့် ကွန်ဂိုတွင် သေဆုံးသူ တစ်ထောင်ကျော်ပြီ

    မေ ၄၊ ၂၀၁၉
    M-Media

    -တစ်ကျော့ပြန်ဖြစ်ပွားတဲ့ အီဘိုလာရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ထောင်ကျော်ရှိပြီလို့ အာဖရိကတိုက် ကွန်ဂိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ကွန်ဂိုမှာပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက အီဘိုလာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
    ရောဂါကူးစက်နေသူတွေထဲက ၁၄ ဦး သောကြာနေ့မှာ ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၀၀၈ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်နေသူ ၁၄၅၀ က တစ်ထောင်ကျော် သေဆုံးခဲ့တာပါ။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကုန်ဆုံးခဲ့တဲ့ သီတင်းတစ်ပတ်တာ ကာလအတွင်း အီဘိုလာ နောက်ထပ် ကူးစက်မှု အရေအတွက်ဟာ ၁၂၆ ဦးအထိ ရှိလာတာကြောင့် သောကြာနေ့မနက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးခဲ့ပါတယ်။

    ကွန်ဂိုကျန်းမာရေးန်ဝကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီဘိုလာကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လက်နက်ကိုင်တွေက တိုက်ခိုက်တာ၊ ကုသမှုကို နှောက်ယှက်တာကြောင့် ကူးစက်သူ အရေအတွက် တိုးမြင့်လာရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကွန်ဂိုမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ အီဘိုလာကာကွယ်ဆေး လိုက်လံထိုးနှံပေးနေပြီး ယနေ့အချိန်အထိ လူ တစ်သိန်းတစ်သောင်းနီးပါး ကာကွယ်ဆေး ထိုးထားပါတယ်။ ကာကွယ်ဆေးဟာ စမ်းသပ်ဆဲအဆင့်မှာသာ ရှိပေမယ့် ၉၇.၅ ရာခိုင်နှုန်းလောက် အောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ်။

    အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂီရီ၊ ဆီရာလီယိုနီနဲ့ လိုက်ဘေးရီးယားတို့မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အီဘိုလာကူးစက်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက် အာဖရိကမှာ အီဘိုလာကြောင့်သေဆုံးမှု ဒုတိယမြောက်အများဆုံး ဖြစ်ပါတယ်။

    Ref: Aljazeera

  • အာဖရိကတိုက် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးဇုန် ဖြစ်လာတော့မည်

    အာဖရိကတိုက် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်ရေးဇုန် ဖြစ်လာတော့မည်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၈
    M-Media

    – အာဖရိကတိုက် လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် AfCFTA ဖန်တီးရေး သဘောတူညီချက်မှာ ပါဝင်ဖို့အတွက် တောင်အာဖရိကနဲ့ တိုဂိုနိုင်ငံတို့ရဲ့ လွှတ်တော်တွေက အခုလအတွင်း ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အာဖရိကဟာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်မှုဧရိယာ ဖြစ်လာမယ့် လမ်းကြောင်းပေါ် ရောက်လာပြီ ဖြစ်ပါတယ်။

    AfCFTA သဘောတူညီချက်ဟာ လက်ရှိ ရှိနေတဲ့ ပို့ကုန်ခွန် ၆.၁ ရာခိုင်နှုန်းကို လျှော့ချပေးမှာဖြစ်ပြီး သွင်းကုန်ခွန်ကို ဖယ်ရှားပေးပြီးတဲ့နောက် အာဖရိကတိုက်အတွင်း ကုန်သွယ်ရေးတန်ဖိုးဟာ ၅၂ ရာခိုင်နှုန်းကျော် မြင့်တက်လာဖို့ ရှိနေပါတယ်။ အငယ်စားနဲ့ အလယ်စား စီးပွားရေးလုပ်ငန်းတွေ အာဖရိကတိုက်အနှံ့ ခြေဆန့်နိုင်ဖို့လည်း ဒီသဘောတူညီချက်က ရည်ရွယ်ပါတယ်။

    လက်ရှိမှာ AfCFTA သဘောတူညီချက်ကို လက်ခံကြောင်းပြောကြားတဲ့ အာဖရိကနိုင်ငံပေါင်း ၄၉ နိုင်ငံအထိ ရှိလာပြီး အကောင်အထည်ဖော်တဲ့အချိန်မှာ နိုင်ငံပေါင်း ၅၅ နိုင်ငံက လူပေါင်း ၁.၂ ဘီလီယံအထိ ဈေးကွက်ရှိမှာဖြစ်ကာ GDP တန်ဖိုးကလည်း ကန်ဒေါ်လာ ၃ ထရီလီယံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    စီးပွားရေးပညာရှင်တွေက အခွန်ကင်းလွတ်တဲ့ စနစ်ကြောင့် အာဖရိကတိုက်ရဲ့ ဈေးကွက်ကို စုစည်းမိပြီး ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

    အာဖရိက လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် ဖန်တီးဖို့အတွက် အနည်းဆုံး နိုင်ငံ ၂၂ နိုင်ငံက လက်မှတ်ရေးထိုးရမှာဖြစ်ပြီး လက်ရှိ ၁၅ နိုင်ငံက လက်မှတ်ရေးထိုးထားကာ ၇ နိုင်ငံ လိုအပ်နေတာ ဖြစ်ပါတယ်။

    အာဖရိက လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် AfCFTA တည်ထောင်ရေး လိုအပ်နေတဲ့မဲတွေကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာလုပ်မယ့် အာဖရိကသမဂ္ဂ (AU) ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ရမယ်လို့ ယုံကြည်ကြောင်း AU ရဲ့ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ကော်မရှင်နာမင်းကြီး အဲလ်ဘတ် မူချန်ဂါက ပြောကြားခဲ့ပါတယ်။

    Ref: RT