News @ M-Media

Tag: Al-Nuri Mosque

  • အီရတ်တွင် IS လက်ချက်ကြောင့် ပျက်ဆီးသွားသည့် သမိုင်းဝင် အလ်-နူရီဗလီကို ယူအေအီး ပြန်ဆောက်ပေးမည်

    အီရတ်တွင် IS လက်ချက်ကြောင့် ပျက်ဆီးသွားသည့် သမိုင်းဝင် အလ်-နူရီဗလီကို ယူအေအီး ပြန်ဆောက်ပေးမည်

    မတ် ၁၂၊ ၂၀၁၈
    M-Media

    IS ၏ ဖောက်ခွဲမှုခံရပြီးနောက် တွေ့ရသည့် အလ်-နူရီဗလီ

    – IS အကြမ်းဖက်သမားများ၏လက်ချက်ကြောင့် အီရတ်နိုင်ငံ မူဆိုးလ်မြို့တွင် ပျက်ဆီးသွားခဲ့သည့် သမိုင်းဝင် အလ်-နူရီ ဗလီကြီးနှင့် မင်နာရတ်မျှော်စင်တို့ကို ပြန်လည်တည်ဆောက်ပေးရန် အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံက ကမ်းလှမ်းထားသည်ဟု အီရတ်ဝန်ကြီးချုပ်ရုံးက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီနှင့် စနေနေ့တွေ့ဆုံမှုအတွင်း အီရတ်နိုင်ငံဆိုင်ရာ ယူအေအီးသံအမတ် အဘ်ဒူလာ အီဘရာဟင် အလ်-ရှီဟီက ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

    “အီရတ်တစ်နိုင်ငံလုံး လွတ်မြာက်မှုအတွက် ချီးကျူးကြောင်းနဲ့ နှုတ်ခွန်းဆက်သပါကြောင်း ယူအေအီးနိုင်ငံနဲ့ ပြည်သူတွေရဲ့ အမှာစကားကို ယူအေအီးသံအမတ်က ပါးခဲ့ပြီး အီရတ်နိုင်ငံမှာ ရရှိနေတဲ့ တည်ငြိမ်လုံခြုံမှုကိုလည်း ချီးကျူးခဲ့ပါတယ်” ဟု ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးကို ‘နှစ်နိုင်ငံက ညီရင်းအစ်ကိုစိတ်ဓာတ်ကို အခြေခံကာ’ တည်ဆောက်ပေးရန် အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇေယဒ်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး၊ ထိုလုပ်ငန်းအတွက် ယူအေအီးမှ အထူးကိုယ်စားလှယ်အဖွဲ့လည်း အီရတ်သို့ လာရောက်ရန် ရှိနေသည်။

    ၂၀၁၄ ခုနှစ်မှစ၍ အီရတ်နိုင်ငံရှိ နယ်မြေအများအပြားကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် IS အကြမ်းဖက်အဖွဲ့မှာ အီရတ်စစ်တပ်၏ ထိုးစစ်အတွင်း မရှုမလှ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မူဆိုးလ်မြို့ရှိ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးအား ဖောက်ခွဲဖျက်ဆီးခဲ့သည်။

    အီရတ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ယူအေအီးနှင့် ဆက်ဆံရေးခိုင်မာရန် စိတ်အားထက်သန်ကြောင်း၊ IS အဖွဲ့အား အောင်မြင်ခဲ့ပြီးနောက် လက်ရှိ မိမိတို့နိုင်ငံတွင် အကြမ်းဖက်ဝါဒကို တွန်းလှန်နေရကြောင်း၊ အီရတ်ပြည်သူများမှာ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူအေအီး သံအမတ်အား ပြောကြားခဲ့သည်ဟု ၀န်ကြီးချုပ်ရုံး ကြေငြာချက်တွင် ဖော်ပြထားသည်။

    အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးကို ၁၁၇၀ ပြည့်နှစ်တွင် မူဆိုးလ်နှင့် အလက်ပိုမြို့များအား အုပ်စိုးသည့် ကာ့ဒ်ဘုရင် နူရ် အလ်-ဒင် မဟ်မူးဒ် ဇန်ဂီက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    Ref: Xinhua

  • IS က ဖျက်ဆီးခဲ့သည့် ရှေးဟောင်း အလ်-နူရီ ဗလီဝတ်ကျောင်းတော်၏ သမိုင်းအကျဉ်း

    IS က ဖျက်ဆီးခဲ့သည့် ရှေးဟောင်း အလ်-နူရီ ဗလီဝတ်ကျောင်းတော်၏ သမိုင်းအကျဉ်း

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    IS ၏ ဖောက်ခွဲဖျက်ဆီးခြင်းကို ခံလိုက်ရသည့် အလ်-နူရီ ဗလီဝတ်ကျောင်းတော်

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့က နှစ်ပေါင်း ၈၀၀ ကျော် သက်တမ်းရှိပြီး ယူနက်စကိုရဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးဟာ ဗုဒ္ဓဟူးနေ့က ဖောက်ခွဲဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။

    အီရတ်အစိုးရက IS အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပြောကြားခဲ့ပြီး၊ IS ကတော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတာလို့ ဆိုပါတယ်။

    ၂၀၁၄ ခုနှစ်က မူဆိုးလ်မြို့ကို IS က သိမ်းပိုက်စဉ်အတွင်းမှာ ဒီ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးကို ဖျက်ဆီးဖို့ တစ်ကြိမ်ကြိုးစားခဲ့ဖူးပြီး ဒေသခံတွေက လက်ချင်းချိတ်ကာ ၀န်းရံကာကွယ်ခဲ့ကြတာကြောင့် IS ရဲ့ အကြံအစည် အထမမြောက်ခဲ့ဘူးလို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်ကြီးကို တူရကီ ဆဲလ်ဂျုတ်အင်ပါယာက မူဆိုးလ်နဲ့ အလက်ပိုကို အုပ်စိုးရတဲ့ ဘုရင် နူရ် အလ်-ဒင် မဟ်မူဒ် ဇန်ဂီက သူ မကွယ်လွန်ခင် ၂ နှစ်အရင် ၁၁၇၂ ခုနှစ်မှာ ဆောက်လုပ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ အမည်ကို အစွဲပြုကာ အလ်-နူရီ ဗလီဝတ်ကျောင်းတော်လို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

    နူရ် အလ်-ဒင်ဟာ ဥရောပကနေ ကျူးကျော်လာတဲ့ ခရစ်ယာန် ခရူးတ်ဆိတ် သာသနာပြု စစ်သည်တွေကို ပြောင်ပြောင်မြောက်မြောက် တိုက်ထုတ်နိုင်တဲ့အတွက် ကျော်ကြားသူလည်းဖြစ်ပါတယ်။

    အလ်-ဒင်ဟာ အဘူဟိုင်ဒါဆိုတဲ့ဗလီက မင်နာရတ်စင်မြင့်ကပေါ်ကနေ အလ်-နူရီဗလီ တည်ဆောက်မယ့် မြေနေရာကိုကြည့်ပြီး ပတ်ဝန်းကျင်က အိမ်တွေ၊ ဈေးဆိုင်တွေရဲ့ မြေတွေကိုပါ စီမံကိန်းနယ်မြေထဲ ထည့်သွင်းခဲ့ကာ ဒီလူတွေရဲ့ ခွင့်ပြုချက်ရမှ သူတို့ရဲ့မြေကို ၀ယ်ယူပြီး ဗလီဆောက်ဖို့ အမိန့်ပေးခဲ့တယ်လို့ သမိုင်းဆရာတွေက မှတ်တမ်းတင်ထားပါတယ်။

    ဗလီကြီးဆောက်လုပ်မှုဟာ ၁၁၇၃ ခုနှစ်မှာ ပြီးစီးခဲ့ပြီး သူ့ရဲ့ ပေ ၁၅၀ ရှည်ပြီး စောင်းနေတဲ့ မင်နာရတ်မျှော်စင်ကြောင့် အလ်-ဟဘ်ဒါ (ခါးကုန်ကြီး) ဆိုတဲ့ အမည်ပြောင်ကို ရရှိခဲ့ပါတယ်။ ဒီမင်နာရတ်ကို အီရန် ဗိသုကာလက်ရာအတိုင်း တည်ဆောက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်စဉ်က မစောင်းပေမယ့် ၁၄ ရာစုနှစ် မူဆိုးလ်မြို့ကို ရောက်ရှိခဲ့တဲ့ သမိုင်းပညာရှင် အစ်ဗနေ့ ဘတ်တူတာက မင်နာရတ်စောင်းနေမှုကို ပထမဆုံး မှတ်တမ်းတင်ခဲ့ပါတယ်။

    ပညာရှင်တွေက မင်နာရတ် စောင်းသွားမှုဟာ လေဒဏ်၊ ပူပြင်းလွန်းတဲ့နေဒဏ်နဲ့ အင်္ဂတေရဲ့ စေးကပ်မှု အားနည်းတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၁၉၃၂ ခုနှစ်က ရိုက်ကူးထားသည့် အလ်-နူရီ ဗလီဝတ်ကျောင်းတော်

    ၂၀၁၂ ခုနှစ်မှာ ကုလရဲ့ ယူနက်စကိုက ဒီ မင်နာရတ်ဟာ ၂.၅ မီတာ ၈.၃ ပေလောက် စောင်းနေတယ်လို့ တွက်ချက်ခဲ့ပြီး ပြိုကျနိုင်တဲ့အန္တရာယ်ရှိတာကြောင့် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်မယ့် အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် IS က မူဆိုးလ်မြို့ကို သိမ်းပိုက်ခဲ့တာကြောင့် အစီအစဉ် အထမမြောက်ခဲ့ပါဘူး။

    ဇွန်လ ၁၂ ရက်နေ့မှာ အလ်-နူရီရဲ့ ဗလီကြီးရဲ့ ရှေ့ဆောင်အီမာမ် မိုဟာမက် အလ်-မန်ဆူရီကို သူတို့နဲ့ မပူးပေါင်းတဲ့အတွက် IS က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ UN က ပြောကြားခဲ့ပါတယ်။

    အလ်-နူရီ ဗလီကြီးရဲ့ နှစ်ပေါင်း ၈၀၀ ကျော်သက်တမ်းမှာ ပြင်ဆင်ထိန်းသိမ်းမှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ IS အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်နဲ့ အီရတ်သမိုင်း၊ အစ္စလာမ့်သမိုင်းနဲ့ ကမ္ဘာသမိုင်းမှာပါ အထင်ကရ ဖြစ်တဲ့ အလ်-နူရီဗလီကြီးဟာ ပြိုကျပျက်ဆီးသွားခဲ့ရပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ သူတို့သိမ်းပိုက်တဲ့ နယ်မြေတွေမှာရှိတဲ့ အစ္စလာမ့်သမိုင်းဝင်နေရာတွေ၊ မွတ်စလင်သူတော်စဉ်တွေရဲ့ ဂူဗိမာန်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ အခြားလူမျိုးတွေရဲ့ သမိုင်းဝင်နေရာတွေကို ဖောက်ခွဲဖျက်ဆီးလေ့ ရှိပါတယ်။

    IS က မဖျက်ဆီးခင် (အပေါ်ပုံ) နှင့် ဖျက်ဆီးပြီး (အောက်ပုံ)

    Ref: BBC, Wiki