News @ M-Media

Tag: anti-Muslim violence

  • အာဆီယံ၏ တိုးတက်မှုကို ခြိမ်းခြောက်လာတဲ့ ဘာသာရေးအစွန်းရောက်ဝါဒ

    အာဆီယံ၏ တိုးတက်မှုကို ခြိမ်းခြောက်လာတဲ့ ဘာသာရေးအစွန်းရောက်ဝါဒ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    မိတ္ထီလာ အကြမ်းဖက်မှု မြင်ကွင်းတစ်ခု

    – ဘာလီက သူ့အိမ်ကောင်းကင်ပေါ်မှာ အဂွန်တောင်က မီးတောင်ပြာတွေ ပြည့်နှက်နေတာကြောင့် ဂျကာတာက သမ္မတအိမ်တော်အနီးမှာ အခြား သိန်းနဲ့ချီတဲ့သူတွေနဲ့အတူ ဆန္ဒပြခဲ့တဲ့ ခိုင်ရီ ဆူဆန်ဆိုတစ်ယောက် လေယာဉ်နဲ့ အိမ်ပြန်ဖို့အရေးဟာ မသေမချာ ဖြစ်နေပါတယ်။

    “ဘုရားသခင်အလိုတူရင် ကျွန်တော်တို့ ပြန်နိုင်မှာပါ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒီမှာလည်း အဆင်ပြေပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အောင်ပွဲအတွက် ဒီမှာရှိရတာ ပျော်ရွှင်မိပါတယ်” လို့ ဆူဆန်တိုက ပြောပါတယ်။

    ဆူဆန်တို ပါဝင်ခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ ဆန္ဒပြပွဲကြီးဟာ လွန်ခဲ့တဲ့တစ်နှစ်အရင်က ဂျကာတာအုပ်ချုပ်ရေမှူး ဘာဆူကီ ဂျာဟာဂျာ ပူရ်နာမာကို ဖမ်းဆီးခဲ့တဲ့ နှစ်ပတ်လည်အထိမ်းအမှတ်ဖြစ်ပြီး လူပေါင်း သန်းဝက်လောက် မိုးထဲရေထဲမှာ ချီတက်ခဲ့ကြပါတယ်။ အဟော့က်လို့ ချစ်စနိုးခေါ်ကြပြီး တရုတ်လူမျိုး ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ပူရ်နာမာတစ်ယောက် အဲဒီအချိန်ကစလို့ ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သလို သာသနာညှိုးနွမ်းစေမှုနဲ့ ထောင် ၂ နှစ်လည်း ချမှတ်ခံခဲ့ရပါတယ်။ ဒီကိစ္စကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ သိန်းနဲ့ချီတဲ့လူတွေဟာ ဂျကာတာက လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

    ဒီအနေအထားက အင်ဒိုးနီးရှားနိုင်ငံမှာ ဘာသာရေးသည်းခံမှုရှိတဲ့ စံမီအစ္စလာမ်သာသနာနဲ့ ဘာသာရေးမစွက်တဲ့ ဒီမိုကရေစီစနစ်တို့ တိုက်ခိုက်ခံရပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ကမ္ဘာတစ်ဝှမ်းမှာ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားမှာ အစ္စလာမ်မစ်အုပ်စုတွေရဲ့ အင်အားကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီဆန္ဒပြမှုတွေကို စီစဉ်သူတွေထဲမှာ FPI လို့ခေါ်တဲ့ Islamic Defenders Front နဲ့ Islamic Ummah Forum တို့လို အဖွဲ့တွေလည်း ပါဝင်နေပါတယ်။

    အဲ့ဒီအုပ်စုတွေဟာ ၂၀၀၂ ခုနှစ် ဘာလီမှာ လူပေါင်း ၂၀၂ ဦး သေဆုံးတဲ့ ဗုံးခွဲမှုကို ပြုလုပ်ခဲ့တဲ့ အလ်ကိုင်းဒါးနွယ် စစ်သွေးကြွတွေနဲ့ ဆက်စပ်မှု မရှိသလို၊ ဆီးရီးယားနဲ့ အီရတ်တို့မှာ IS အကြမ်းဖက်အဖွဲ့တွေနဲ့ သွားပေါင်းတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၁၅၀ နဲ့လည်း ချိတ်ဆက်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရကတော့ အဟော့က်ကို ဆန့်ကျင်မှုမှာ ပါဝင်ခဲ့ပြီး ခါလီဖိတ်ပုံစံမျိုး ပုံဖော်ချင်နေတဲ့ ပြည်တွင်းက Hizbut Tahrir အဖွဲ့ကို ပိတ်ပင်ကာ ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ပြသခဲ့ပါတယ်။

    အာရှတစ်ဝှမ်းမှာ သဘောထားတင်းမာတဲ့ ဘာသာရေးအခြေပြု လှုပ်ရှားမှုတွေဟာ ရန်လိုတဲ့အမျိုးသားရေးဝါဒကို မီးထိုးပေးနေပြီး လူ့အဖွဲ့အစည်းတွေကြားမှာ အန္တရာယ်ရှိတဲ့ အကွဲအပြဲတွေ ဖြစ်လာစေပါတယ်။ သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေရှိတဲ့ အင်ဒိုနီးရှားအပြင် မြန်မာနိုင်ငံက အစွန်းထွက် ဗုဒ္ဓဘာသာအဖွဲ့တွေဟာလည်း မွတ်စလင်ဆန့်ကျင်ရေး သဘောထားကို မီးထိုးပေးနေပြီး ဆိုးဆိုးဝါးဝါး တိုက်ခိုက်မှုတွေအထိ လုပ်လာပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ Hefazat-e-Islam အပါအ၀င် အခြေခံ အစ္စလာမ်ဝါဒီတွေ ခေါင်းထောင်လာပြီး၊ သီရိလင်္ကာမှာတော့ အစွန်းရောက် ဆင်ဟာလီ ဗုဒ္ဓဘာသာအဖွဲ့ Bodu Bala Sena ရှိနေပါတယ်။

    အာရှတစ်လွှား ဒါဇင်နဲ့ချီတဲ့ ဒီလို ဗုဒ္ဓဘာသာ၊ အစ္စလာမ်နဲ့ ဟိန္ဒူအခြေခံဝါဒီ အုပ်စုတွေဟာ အရင်က ရှိခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ မီးတောက်အပေါ်မှာ ဓာတ်ဆီလောင်းပေးနေကြတာပါ။ တစ်ချို့အုပ်စုတွေဟာ ဆိုရှယ်မီဒီယာအကူအညီ၊ အထောက်အပံ့တွေ၊ ထိရောက်တဲ့ ရန်ပုံငွေ ရှာဖွေမှုတွေနဲ့အတူ အဖွဲ့ဝင် သိန်းနဲ့ချီရအောင် လုပ်လာခဲ့ကြပါတယ်။ ဆင်းရဲတဲ့ နောက်လိုက်တွေက နည်းနည်းပါးပါး ထည့်ဝင်တာအပါအ၀င် ရရှိတဲ့အလှူငွေတွေက သဘောထားတင်းမာတဲ့ ခေါင်းဆောင်တွေ ရပ်တည်ဖို့အတွက် ရင်းမြစ်တစ်ခု ဖြစ်လာပါတယ်။

    ဒီလို လူမျိုးကြီး၊ ဘာသာကြီးဝါဒဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒေသတွင်းမှာ ရရှိခဲ့တဲ့ စီးပွားရေးတိုးတက်မှု၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးကိစ္စတွေမှာ ပိုမို နီးနီးကပ်ကပ် ဆောင်ရွက်နိုင်ရေး ရည်မှန်းချက်အတွက် အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ပညာရှင်တွေက သတိပေးလာကြပါတယ်။

    “ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း စီးပွာရေး လျင်လျင်မြန်မြန် တိုးတက်မှုတွေက အာရှဒေသတော်တော်များများမှာ လူနေမှုအဆင့်အတန်းကို မြင့်တက်ခဲ့ပေမယ့် ဖိလစ်ပိုင်က မင်ဒါနာအိုပြည်နယ်၊ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်လို တစ်သီးတစ်ခြား ဒေသတွေကတော့ ဒီအကျိုးကျေးဇူးကို မခံစားရဘဲ ကျန်တဲ့ဒေသတွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီး ဆင်းရဲတွင်း နက်ခဲ့ပါတယ်။ ဒါဟာ ဒီဒေသတွေမှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ ပဋိပက္ခနဲ့ သွားတိုက်ဆိုင်တာမျိုး မဟုတ်ပါဘူး” လို့ Centre for Humnitarian Dialogue အဖွဲ့ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ မီခေးလ် ဗာတီကီယိုတစ်က ပြောကြားခဲ့ပါတယ်။

    စီးပွားရေးမညီမျှ၊ ခါးသီးတဲ့ နိုင်ငံရေးအကွဲအပြဲတွေ မြင့်တက်လာမှုက အဓိက လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးမှာ ပဋိပက္ခတွေ ပိုဖြစ်ဖို့ လေပင့်ပေးတာမျိုး ဖြစ်နိုင်တယ်လို့လည်း ဗာတီကီယိုတစ်က သတိပေးခဲ့ပါတယ်။ IS၊ အခြား ဂျီဟတ်အဖွဲ့တွေနဲ့ မတူတာက အာရှဒေသတွင်း ဘာသာရေးအစွန်းရောက်အုပ်စုတွေဟာ ဆန္ဒပြမှု၊ ၀ါဒဖြန့်မှု၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်မှုတွေကို ပိုအဓိက ထားတာပါ။ လူရိုသေ ရှင်ရိုသေ ခေါင်းဆောင်တွေကနေ တစ်ဆင့် သူတို့တွေဟာ တော်တော်လေး အလယ်အလတ်ကျတဲ့ လူ့အဖွဲ့အစည်းတွေထံကပါ ရန်ပုံငွေရတာ၊ ထောက်ခံမှုရတာတွေ ရှိနေပါတယ်။

    အောက်စဖို့ဒ်တက္ကသိုလ် စိန့်အန်ထော်နီကောလိပ်ရဲ့ မြန်မာ့ရေးရာကျွမ်းကျင်သူ မက်သယူး ဂျေ ဝေါလ်တန်က တစ်ချို့ သဘောထားတင်းမာတဲ့ အုပ်စုတွေဟာ ဘာသာရေးနဲ့ လူ့အဖွဲ့အစည်းပေါင်းကူးရေး အပြုသဘောဆောင်တဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ ထောက်ပြပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသားရေး လှုပ်ရှားမှုဟာ ‘ဘာသာရေး၊ နိုင်ငံရေး လှုံ့ဆော်မှုတွေ ပါးပါးနဲ့ အပြင်ပန်းက မမြင်ရတဲ့ အသိုင်းအ၀ိုင်းမှာ ကျင်လည်နေတဲ့’ လူတွေ၊ အုပ်စုတွေ ရောနှောဆောင်ရွက်နေတာဖြစ်တယ်လို ဝေါလ်တန်က ဆိုပါတယ်။

    အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့လို့ခေါ်တဲ့ မဘသအဖွဲ့မှာ နိုင်ငံတစ်ဝှမ်းက ဘုန်းကြီးတွေနဲ့ လူဝတ်ကြောင် သိန်းချီပါဝင်ပါတယ်။ ဒါပေမယ့် သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေရဲ့ ထောက်ခံမှုက အဓိကဖြစ်နေပြီး ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို ကာကွယ်ဖို့လို့ ဒီအဖွဲ့က ဆိုပါတယ်။

    ၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လတွေက ရခိုင်ပြည်နယ်မှာ မွတ်စလင်စစ်သွေးကြွတွေ တိုက်ခိုက်မှုပြုလုပ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အဲဒီက ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းတွေကို ကူညီဖို့ဆိုပြီး ကန်ဒေါ်လာ ၃ သန်းလောက်နဲ့ညီတဲ့ ငွေပမာဏကို ရှာဖွေနိုင်ခဲ့တယ်လို့ မဘသက ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို စစ်တပ်က ရက်ရက်စက်စက် တုန့်ပြန်တာကြောင့် ရိုဟဟင်ဂျာ ၈ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရပြီး ဆိုးဆိုးဝါးဝါး ကျူးလွန်မှုတွေ ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

    မြန်မာနိုင်ငံဟာ ရိုဟင်ဂျာဆိုတဲ့ အမှတ်သညာကို လက်မခံဘဲ ဗုဒ္ဓဘာသာဝင်တွေက သူတို့ကို ‘ခိုးဝင် ဘင်္ဂါလီ’ အဖြစ် တံဆိပ်ကပ်ကြပါတယ်။ မွတ်စလင်လူ့အဖွဲ့အစည်းဟာ များပြားလာပြီး ဗုဒ္ဓဘာသာဝင်တွေအပေါ် လွှမ်းမိုးသွားမယ်ဆိုတဲ့ အယူအဆတွေကလည်း မြန်မာနိုင်ငံမှာ အမြစ်တွယ်နေပါတယ်။ တကယ်တော့ မွတ်စလင်လူ့အဖွဲ့အစည်းဟာ ၅ ရာခိုင်နှုန်းအောက်သာ ရှိတာပါ။ မဘသလို အဖွဲ့မျိုးတွေဟာ ဒီလိုအယူအဆတွေကို ၂၀၁၁ ခုနှစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်အကောင်အထည်ဖော်ကတည်းက ၀ါဒဖြန့်လာတာ ဖြစ်ပါတယ်။

    မဘသရဲ့ စီမံကိန်းက ‘ဗုဒ္ဓဘာသာဟာ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေရဲ့ ဖိအားအောက်ရောက်နေတယ်ဆိုတဲ့ သူတို့ရဲ့ ၀ါဒဖြန့်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပြောကြားရေး’ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ ဘာသာရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပါဝင်မှုနဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ မီလန် မက်ကေးက ပြောကြားခဲ့ပါတယ်။

    ဂျကာတာက ငါတို့ဟာ

    အင်ဒိုနီးရှားမှာတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေပါတယ်။ အစ္စလာမ့်မစ် သဘောထားတင်းမာသူတွေဟာ ခရစ်ယာန်တွေ၊ တရုတ်တွေနဲ့ အခြား လူနည်းစုတွေကို ပစ်မှတ်ထားနေကြတာပါ။ သူတို့တွေရဲ့ ဆန္ဒပြမှုအတွက် ပူရ်နာမာရဲ့ နိုင်ငံရေးအတိုက်အခံအဖွဲ့က ငွေကြေးထောက်ပံ့ပြီး ဧပြီလ ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပညာရေးဝန်ကြီးဟောင်း မွတ်စလင်တစ်ဦးဖြစ်တဲ့ အန်နီးစ် ဘက်စ်ဝီဒန်က ပူရ်နာမာကို အနိုင်ရရှိခဲ့ပါတယ်။

    အဟော့က်ဆန့်ကျင်ရေး လှုပ်ရှားမှုက သူ့ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုမှာ အဓိကကျခဲ့တယ်လို့ ဘက်စ်ဝီဒန်က ၀န်ခံခဲ့ပြီး ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ‘ဂျကာတာဟာ ငါတို့မြို့ပါ။ တစ်ချို့လူတွေနဲ့သာ ဆိုင်တာမဟုတ်ပါဘူး’ လို့ သူ့ကိုထောက်ခံသူတွေကို ပြောကြားခဲ့ပြီး အခြားသော ဘာသာရေးလူနည်းစုတွေ၊ အခြားလူမျိုးတွေအပေါ် ရည်ညွှန်းတယ်လို့ ယူဆရပါတယ်။

    ယီမင်မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ ဘက်စ်ဝီဒန်က သူ့ရဲ့ အောင်ပွဲခံမိန့်ခွန်းမှာ ‘ဌာနေလူမျိုးစုတွေ’ ရဲ့ အခွင့်အရေးကို အသားပေးပြောကြားသွားပြီး ဒါဟာ အင်ဒိုနီးရှားရဲ့ အမျိုးသားအယူအဆ ‘လူမျိုးစုံ ဘာသာစုံညီညွတ်ရေး၊ တန်းတူအခွင့်အရေး’ နဲ့ ဆန့်ကျင်နေပါတယ်။

    ၂၀၁၆ ခုနှစ်က ဆန္ဒပြမှုမှာ ဆိုးဆိုးရွားရွားတွေကို မြင်ရပြီး ပူရ်နာမာကို ကွပ်မျက်ဖို့ တောင်းဆိုတဲ့ စာတမ်းတွေကိုလည်း တွေ့ရပါတယ်။ ဒါဟာ ဆယ်စုနှစ်ချီ အုပ်စိုးခဲ့တဲ့ အာဏာရှင် ဆူဟာတို ပြုတ်ကျသွားစေတဲ့ ၁၉၉၈ ခုနှစ်က အဖြစ်အပျက်တွေကို အမှတ်ရစေပါတယ်။ ဆန္ဒပြမှုမှာ နိုင်ငံအတွင်းက တရုတ်လူနည်းစုတွေ
    အပေါ် လူမျိုးရေးခွဲခြားတဲ့ အသံတွေလည်း ညံခဲ့ပါတယ်။

    “သူ (ပူရ်နာမာ) ထောင်ကျသွားတာ ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ဒါမှ ကျွန်တော်တို့အပေါ် ရန်လိုတာတွေ၊ ခြိမ်းခြောက်တာတွေ လျော့သွားမှာပါ” လို့ တရုတ်-အင်ဒို ပညာရှင်တစ်ယောက်က ပြောပါတယ်။

    အဟော့က် ပြုတ်သွားမှုဟာ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ဘာသာရေးအရ ၀ါဒဖြန့်မှုတွေက အကျိုးဖြစ်ထွန်းစေမယ်ဆိုတာ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အဓိကပြိုင်ဘက်တွေကို လမ်းပြသလိုမျိုး ဖြစ်ခဲ့ပါတယ်။ ၀ီဒိုဒိုရဲ့ နိုင်ငံရေးဆိုင်ပြိုင်ဘက်တွေဟာ လူမျိုးအခြေခံတဲ့ နိုင်ငံရေးအပေါ် မူတည်ပြီး သူ့ကို စိန်ခေါ်နိုင်မယ့် အခွင့်အလမ်းမျိုးကို မြင်နေပါပြီ။

    “သူတို့လည်း ဒီလမ်းအတိုင်းလိုက်ဖို့ ကြိုးစားနေပြီး လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါတယ်” လို့ အင်ဒိုနီးရှားမှာ ဘာသာရေးနဲ့ နိုင်ငံရေးဆိုင်ရာတွေကို လေ့လာနေတဲ့ Setara Institute က ဘိုနာ တီဂေါ်ရ် နိုင်ပို့စ်ပို့စ်က ပြောကြားခဲ့ပါတယ်။

    FPI လို သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေဟာ ရှေ့တန်းရောက်လာပြီး ပူရ်နာမာကို အောင်မြင်စွာ ဖြုတ်ချနိုင်ရုံသာမက အဓိကနိုင်ငံရေးသမားတွေဟာ သူတို့အပေါ် လက်ခံမှုမြင့်တက်လာတာကြောင့် သူတို့ဟာ အားလည်း ကောင်းလာပါတယ်။

    ဘက်စ်ဝီဒန်ဟာ ဘာသာသာသနာ ညှိုးနွမ်းစေမှုကိစ္စကို ‘လက်နက်တစ်ခုအဖြစ်’ အသုံးချခဲ့ပြီး FPI ကိုလည်း ပိုမိုအားကောင်းစေခဲ့တယ်လို့ Islam and Democracy in Indonesia: Tolerance without Liberalism စာအုပ်ကို ရေးသားခဲ့တဲ့ Boston တက္ကသိုလ်က ဂျယ်ရီမီ မန်ချစ်က်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အီဂျစ်က မွတ်စလင် ညီအစ်ကိုတော်များအဖွဲ့လို အစ္စလာမ်နွယ်တဲ့ နိုင်ငံရေးပုံစံနဲ့ တိုင်းပြည်မှာ အာဏာရရေး ပုံဖော်တာမျိုး မတွေ့ရပါဘူး။ ဒါပေမယ့် ဒီထက်နည်းနည်းလျော့တဲ့ Taliban Nusantara ပုံစံမျိုးပါ။ အင်ဒိုနီးရှားအစိုးရက တည်ငြိမ်မှု၊ နိုင်ငံရေးနဲ့ကင်းရှင်းတဲ့ အစ္စလာမ်သာသနာတို့ကို လိုလားနေပြီး အခြေခံအဆောက်အဦးနဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် စိတ်ပျက်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ညိုညင်တာမျိုး အဖြစ်မခံချင်ပါဘူး။

    မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရဟာ တည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်။ သံဃမဟာနာယကအဖွဲ့ဟာ မဘသအဖွဲ့ဝင်ဖြစ်တဲ့ အစွန်းရောက်ဘုန်းကြီး ၀ီရသူကို တစ်နှစ်တာ တရားဟောခွင့် ပိတ်ခဲ့ပါတယ်။ မေလမှာ မဘသဟာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်အဖြစ် အမည်ပြောင်းခဲ့ပြီး သံဃမဟာနာယကအဖွဲ့ရဲ့ မဘသဖျက်သိမ်းဖို့အမိန့်ကို ရှောင်လွှဲဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    တင်းကြပ်တဲ့ ထေရ၀ဒါဒဗုဒ္ဓဘာသာကိုပဲ ကျင့်သုံးနဲ့ သီရိလင်္ကာက ဘုန်းကြီးတွေနဲ့ မတူတာက မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေ နိုင်ငံရေးမှာ ၀င်မစွက်ရဆိုတဲ့ စည်းမျဉ်းရှိနေတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက မျိုးချစ်ရဟန်းတော်လို့ဆိုသူတွေကတော့ သီရိလင်္ကာက အာကြမ်းလျှာကြမ်းဘုန်းကြီး Galogadaththe Gnanasara ဦးဆောင်ပြီး ဗုဒ္ဓတပ်ဖွဲ့လို့ အမည်ရတဲ့ Bodu Bla Sena အစွန်းရောက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို အတုယူဆောင်ရွက်နေကြပါတယ်။

    သီရိလင်္ကာက ကွန်ဆာဗေးတစ်တွေရဲ့ တောင်းလွန်းမက တောင်းဆိုမှုကြောင့် ဘုန်းကြီးတွေဟာ နိုင်ငံရေးမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဗုဒ္ဓဘာသာဝင်တွေ ကြီးစိုးတဲ့ Jathika Hela Urumaya ပါတီသစ်ဟာ ဘုန်းကြီးအမတ်လောင်းတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လွှတ်တော်အမတ် ၂၂၅ နေရာမှာ ဒီပါတီက ၉ နေရာ အနိုင်ရခဲ့ပြီး သီရိလင်္ကာမှာ ပထမဆုံး ဖြစ်ပါတယ်။ ဘုန်းကြီးတွေ လွှတ်တော်အမတ်ဖြစ်သွားတယ်ဆိုတဲ့ အခင်းအကျင်းဟာ သီရိလင်္ကာရဲ့ ထေရ၀ါဒအယူအဆကို တစ်မျိုးတစ်ဘာသာ ပြောင်းလဲစေခဲ့ပြီး ထေရ၀ါဒကျင့်သုံးတဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုတို့နဲ့ ခြားနားသွားစေပါတယ်။ စစ်သွေးကြွ ရန်လိုမှုလည်း မြင့်တက်လာခဲ့ပြီး ဘုန်းကြီးတွေဟာ မြို့တော် ကိုလံဘိုက ရိုဟင်ဂျာ ဒုက္ခသည်တွေကို တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့တွေက နိုင်ငံကနေ အဲဒီရိုဟင်ဂျာတွေကို မောင်းထုတ်ဖို့ သန္ဓိဌာန်ချခဲ့ပြီး ဟိန္ဒူလူများစုဖြစ်တဲ့ အိန္ဒိယရဲ့ နယ်ပယ်တစ်ချို့က သဘောထားတွေ ရောင်ပြန်ဟပ်တာ ဖြစ်ပါတယ်။

    အက်ကြောင်းနက်လာမယ်

    စစ်သွေကြွဖက်ယိမ်းတဲ့ လူမျိုးကြီး၊ ဘာသာကြီးဝါဒ ပိုမိုပြန့်နှံ့လာမှုက သယံဇာတ ပေါကြွယ်ဝတဲ့ အာရှရဲ့ စီးပွားရေးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။

    ဆစ်ဒနီအခြေစိုက် Institute for Economics & Peace က ထုတ်ပြန်တဲ့ ‘၂၀၁၇ ခုနှစ် ကမ္ဘာ့ အကြမ်းဖက်ဝါဒအညွှန်းကိန်း’ အရ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း စစ်သွေးကြွတိုက်ခိုက်မှုတွေမှာ အရှေ့အလယ်ပိုင်းပြီးရင် အရှေ့တောင်အာရှနဲ့ အရှေ့အာရှတို့ဟာ အနောက်ကလိုက်နေတယ်ဆိုတာ တွေ့ရပါတယ်။ အခုနှစ်အတွင်း ဖိလစ်ပိုင်တောင်ပိုင်းက မာရာဝီမြို့ အသိမ်းခံရတာ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာတွေဟာ အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီး လာမယ့်တွက်ချက်မှုတွေမှာ အရှေ့တောင်အာရှဒေသကို ပိုမိုအဆင့်တက်လာစေမယ့် ကိစ္စတွေပါ။

    ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ်ရဲ့ Institute of Security and International Studies က အကြီးတန်းလေ့လာသူ ကာဗီ ချောင်ကစ်တာဗွန်က ဒီအဖြစ်အပျက်တွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဘာသာရေးဆိုင်ရာ အက်ကြောင်းတွေကို ဘယ်တုန်းကမှနဲ့မတူအောင် ဖြစ်လာစေတယ်လို့ သုံးသပ်ပါတယ်။

    “အာဆီယံရဲ့ လူဦးရေ သန်းပေါင်း ၆၄၀ လောက်မှာ ၆၀ ရာခိုင်နှုန်းက မွတ်စလင်တွေဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေက (ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်) ၅ နိုင်ငံမှာ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ ဖိလစ်ပိုင်မှာ ခရစ်ယာန် သန်း ၁၁၀ ရှိနေပါတယ်။ ခေါင်းဆောင်တွေက ရိုဟင်ဂျာမွတ်စလင်ကိစ္စကို အာရုံစိုက်ပြီပဲထား။ ဒါဟာ ဘာသာရေးအုပ်စုတွေ တစ်ခုနဲ့တစ်ခုကြားထဲမှာ မကျေမချမ်းမှုတွေ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်” လို့ ကာဗီက ဆိုပါတယ်။

    လတ်တလော မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ဆောင်ရွက်နေတာဟာ အတိုက်အခံတွေနဲ့ အခြား တိုင်းရင်းသားအုပ်စုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကြောင့် ပြည်သူတွေရဲ့အမြင်မှာ ကာလရှည် ကျဆင်းနေတဲ့ သူတို့ရဲ့ ပုံရိပ် ပြန်တက်လာမယ့်ပုံ ရှိနေပါတယ်။ မဘသနဲ့ သူ့ရဲ့ရှေ့ပြေး ၉၆၉ လှုပ်ရှားမှုက လမ်းကြောင်းပေးတဲ့ ကြက်သီးထစရာ ၀ါဒဖြန့်မှုအချို့ကို လက်ခံလာတဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေလည်း ပိုများလာပါတယ်။

    တစ်ချိန်တည်းမှာ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသည်သုက္ခတွေက မွတ်စလင်ကမ္ဘာကို အုံကြွလာစေပြီး အလ်ကိုင်းဒါးနဲ့ အခြား ဂျီဟတ်အုပ်စုတွေက မြန်မာနိုင်ငံနဲ့ အစိုးရခေါင်းဆောင်တွေကို တိုက်ခိုက်ဖို့ ပေါ်ပေါ်တင်တင် ဆော်သြလာတာမျိုးတွေ ရှိတယ်လို့ International Crisis Group ရဲ့ မကြာသေးခင်က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ဂျီဟတ်အုပ်စုတွေက တိုက်ရိုက်ဖြစ်စေ၊ သူတို့ကို အားကျတဲ့လူတွေက တစ်ဆင့်ဖြစ်စေ လုပ်လာနိုင်တဲ့ အဲဒီလိုတိုက်ခိုက်မှုမျိုးကို တားဆီးဖို့၊ ကိုင်တွယ်ဖို့ မြန်မာနိုင်ငံက မပြင်ဆင်ထားပါဘူး” လို့ အစီရင်ခံစာက ဖော်ပြထားပြီး ဒါမျိုးဖြစ်လာရင် လူမျိုးရေးအကြမ်းဖက်မှုတွေဆီ ဦးတည်လာမယ်လို့လည်း သတိပေးထားပါတယ်။

    လတ်တလော စိုးရိမ်မှုဟာ မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်က ကော့ဇ်ဘဇားဒေသမှာရှိတဲ့ ပြွတ်သိပ် ကြပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းတွေ ဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဓိကစိုးရိမ်မှုက အဲဒီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ အစွန်းရောက်သွားနိုင်တဲ့ကိစ္စနဲ့ ဒေသတွင်း နောက်ထပ် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု ဖြစ်လာမလားဆိုတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ သြဂုတ်လမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့နောက်လိုက်တွေကို ‘အာဇာနည်ဘ၀’ ခံယူကြဖို့ တိုက်တွန်းနေပြီး တစ်ချိန်တည်းမှာပဲ သူတို့ဟာ နိုင်ငံတကာ ဂျီဟတ်အုပ်စုတွေနဲ့ ပတ်သတ်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

    “လူပေါင်း ၆ သိန်းကျော်လောက် ဒုက္ခသည်စခန်းမှာ ပိတ်မိနေပြီး စိတ်ဒဏ်ရာတွေရနေတာ၊ အနာဂတ်အတွက် မျှော်လင့်ချက်မရှိတွေက ARSA လို စစ်သွေးကြွအဖွဲ့တွေရဲ့ လူသစ်စုဆောင်းမှုအန္တရာယ်၊ ပိုပြီး အန္တရာယ်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တစ်ခြားနိုင်ငံတွေက အစ္စလာမ့်မစ်အုပ်စုတွေရဲ့ အစွန်းရောက်အောင်လုပ်မယ့်၊ သိမ်းသွမ်းမယ့် အန္တရာယ်တွေ အပါအ၀င် အန္တရာယ်တော်တော်များများ ရှိနေတာပါ” လို့ ရန်ကုန်အခြေစိုက် အကြံပေးတစ်ဦးဖြစ်တဲ့ ရစ်ချက် ဟော်ဆေးက ပြောကြားခဲ့ပါတယ်။ အာရှမှာ ခါလီဖိတ်တစ်ခု ထူထောင်ရေးဆိုတဲ့ IS ထောက်ခံသူတွေရဲ့ ရည်မှန်းချက်နဲ့ မတူတာက ရိုဟင်ဂျာအများစုဟာ နေ့စဉ်အသက်ရှင်နေထိုင်ရေးဖြစ်ပြီး ဒီထက်ပိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရရေး၊ မြန်မာနိုင်ငံမှာ နေထိုင်ရှင်သန်ခွင့်ရရေးအတွက်သာ ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။

    ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေကို အကြံပေးနေတဲ့ လုံခြုံရေးကျွမ်းကျင်သူတွေကတော့ ဒီထက်ပိုပြီး အဆိုးမြင်နေပါတယ်။

    “အာရှဒေသတွင်းမှာ အစွန်းရောက်နိုင်ခြေဟာ အခုအချိန်လောက် ဘယ်တုန်းကမှ မမြင့်မားခဲ့ပါဘူး။ ရိုဟင်ဂျာတွေရဲ့အခြေအနေ ပိုမိုဆိုးရွားလာတာနဲ့အတူ ကျွန်တော်တို့ဟာ ထိန်းမရသိမ်းမရ အခြေအနေမျိုးမှာ ရောက်နေပါပြီ” လို့ ဟောင်ကောင်အခြေစိုက် အကြံပေးအဖွဲ့ ISS Risk က နိုင်ငံရေးအန္တရာယ်နဲ့ လေ့လာဆန်းစစ်မှု အကြီးအကဲ ဖီလ်ဟိုင်းစ်က ပြောပါတယ်။

    Centre for Humanitarian Dialogue က ဗာတီကီယိုတစ်က တကယ့်အန္တရာယ်ဟာ ဘာသာရေးအုပ်စုကြီးတွေကြားထဲမှာ စွဲကိုင်ထားတဲ့ ကြီးနိုင်ငယ်ညှင်းဝါဒနဲ့ အစွန်းရောက်အပြုအမူတွေအပေါ်မှာ တည်ရှိနေတယ်လို့ ဆိုပါတယ်။

    “လူ့အဖွဲ့အစည်းတွေကြားထဲမှာ အကွဲအပြဲတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်မလာခင် ဒီလို အန္တရာယ်ရှိတဲ့ ဘာသာရေးဆိုင်ရာ သပ်လျှိုမှုတွေ ပြန့်နှံ့နေတာကို ရပ်တန်ဖို့ အချိန်တန်ပါပြီ။ ဒါပေမယ့် နောက်နှစ်အနည်းငယ်အတွင်း အင်ဒိုနီးရှားနဲ့ မြန်မာတို့လို အဆိုးဝါးဆုံးနိုင်ငံတစ်ချို့မှာ ရွေးကောက်ပွဲတွေရှိနေတာက ပြဿနာကို ပိုဆိုးလာစေမယ့် အနေအထားပါပဲ”

    Ref: Nikkei

    (Nikkei တွင် ဖော်ပြထားသည့် Religious extremism poses threat to ASEAN’s growth ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာများမှာ ဆောင်းပါးရှင်များ၏ အမြင်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)

  • ပဋိပက္ခဖုံး… ပြည်သူချင်းအမုန်းမှ…. နိုင်ငံ့အရှုံးဆီသို့ မဖြစ်ရေး..

    ပဋိပက္ခဖုံး… ပြည်သူချင်းအမုန်းမှ…. နိုင်ငံ့အရှုံးဆီသို့ မဖြစ်ရေး..

    မေ ၁၀၊ ၂၀၁၇
    M-Media

    ဒေါက်တာ သိန်းမိုးဝင်း (၀၇-မေလ-၂၀၁၇)

    ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ မ.ဆ.လ၊ န.အ.ဖ၊ န.၀.တ၊ ဦးသိန်းစိန်အစိုးရ လက်ထက်အထိ အစိုးရအဆက်ဆက် “အသီးအရွက် ကိုယ်ကျိုးမျှော်၊ရေသောက်မြစ်တွေဖော်ဆောင်ရပြီး ပဋိပက္ခရေလောင်းနေသည့်”  အခြေအနေအနေတွေ နောက်ဆက်တွဲနှင့် လက်ရှိကာလ NLD အစိုးရ ခောတ် ကြုံတွေ့နေရသည့် တိုင်းပြည်နှင့် ပြည်သူများ ထိခိုက်နစ်နာရမှုတို့ကို ပုံ-စာများနှင့်  စာဖတ်ပရိတ်သတ် မြင်သာအောင်မီးမောင်းထိုးပြရင်း “မုန်းစကိုတိုစေ ချစ်စကိုရှည်စေ” ဆိုသည့် ဆိုရိုးအတိုင်း ပြည်သူအချင်းချင်း မေတ္တာထားကာ ပဋိပက္ခရှောင် နိုင်ငံ့အကျိုးဆောင်စေဖို့ ရည်ရွယ်ဖော်ပြခြင်းဖြစ်သည်။

    ပဋိပက္ခတွေ ဖုံးနေစဉ်ကာလ

    ယခင်ခောတ်အဆက် မဆလ-န၀တ-နအဖ-ဦးသိန်းစိန်အစိုးရလက်ထက်တိုင် အစိုးရအကျပ်အတည်းဖြစ်လေတိုင်း ဘာသာရေး၊လူမျိုးရေး၊နိုင်ငံရေး ပဋိပက္ခများ ထူးဆန်းစွာပေါ်ပေါက်လာလေ့ရှိခဲ့သည်။ အသေးအဖွဲ ပဋိပက္ခမှ အထိကရုဏ်းကြီးများအထိ ဖြစ်ခဲ့သော သမိုင်းသက်သေသာဓကများအရ ၂-မျိုးသော ပဋိပက္ခဟု ယူဆနိုင်သည်။ ၁)-အစိုးရအာဏာစက်တည်ရေးနှင့် အကျပ်အတည်းဖြေရှင်းရေးတို့အတွက် ထွက်ပေါက်ရှာအာရုံလွဲစေဖို့ ရည်ရွယ် ဖန်တီးခြင်းဖြစ်နိုင်သည့်အခြေအနေ၊(သို့တည်းမဟုတ်)၂)-ပြည်သူလူထု၏ အခြေအနေခံစားမှုမှ ဖြစ်ပေါ်လာသောအခြေအနေ ဟူ၍ပင်။ ဥပမာ- ၁၉၆၂ ကျောင်းသားအရေးတော်ပုံ၊ တရုတ်-ဗမာအရေးအခင်း၊ ၈၈၈၈ ကျောင်းသားအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ လက်နက်ကိုင်တိုက်ပွဲများ၊ မြန်မာပြည်အနှံ့ ကြိမ်ဖန်များစွာသော ဘာသာရေး-လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခ-အထိကရုဏ်းများ ဖြစ်ပေါ်ခဲ့သည်။ တစ်ခေတ်ချင်းစီ၏ အခြေအနေကို အတိုခြုံးသုံးးသပ်ရပါလျှင်-

    ၁) နေ၀င်း မ-ဆ-လ ခေတ် (၁၉၆၂-၁၉၈၈)

    အကျိုးမျှော်ကိုး။ ။ အာဏာပါဝါ ရှည်ခိုင်မာရေး

    အမုန်းမျိုးစေ့။ ။ အာဏာရှင် နေ၀င်း တစ်ယောက် မိမိအာဏာပါဝါ ရေရှည်ခိုင်မာစေဖို့ Divide-and-Rule Policy ကိုသုံး “ပြည်သူတွေအကြား အမုန်း”ဆိုတဲ့ မျိုးစေ့ကို စချခဲ့သည်။

    ရေသောက်မြစ် ၃-သွယ်။ ။ တိုင်းရင်းသားများ မစည်းလုံးရေး၊ ဘာသာမတူ လူများစု-လူနည်းစုတွေအကြား “ကုလား ဝေါဟာရ” တွင်တွင်သုံးရင်း အနာဂတ်မှာ သင်းကွဲဖြစ်လာကြရေး၊ တွန်းလှန်မည့် နိုင်ငံရေးသမားများအား နှိပ်ကွပ်ထားရေး စသည့် ရေသောက်မြစ် ၃-သွယ် ပေါ်ပေါက်လာခဲ့သည်။

    ပဋိပက္ခလောင်စာရေ။ ။ နိုင်ငံရေးအကျပ်အတည်း-အာဏာထိပါးမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာတိုင်း ပဋိပက္ခ-အထိကရုဏ်း စသည့် လောင်စာရေကို အလျင်းသင့်သလိုလောင်းရင်း ၂၇-နှစ်တာကာလတစ်ခုကို ဖြတ်သန်းခဲ့သည်မှာ သမိုင်းသက်သေပင်။

    ၂) န-၀-တ၊ န-အ-ဖ ခေတ် (၁၉၉၀-၂၀၁၀)

     အကျိုးမျှော်ကိုး။ ။ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကိုအာရုံလွှဲရေး၊ တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်သည့် Project ကြီးများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ အာဏာစက် တည်ရေး။

    ရေသောက်မြစ် အသွယ်သွယ်။ ။ တိုင်းရင်းသားမစည်းလုံးမှု ရှည်ကြာရေး၊ ဘာသာမတူ လူများစု-လူနည်းစုတွေအကြား အမုန်းတရားအခြေခံသည့် အိမ်ရှင်-ဧည့်သည်အသွင် သင်းကွဲလာကြရေး၊ လူနည်းစုဘာသာဝင်များအား နည်းမျိုးစုံသုံး နှိပ်ကွတ်ရေး၊ တွန်းလှန်ရန်ကြိုးစားသည့် နိုင်ငံရေးသမားများအား ဖိနှိပ်ခြေမှုန်းရေး၊ နိုင်ငံ၏ အရေးပါအခမ်းကဏ္ဍများအား တပ်မတော်မှ ရေရှည်ပါဝင်ပက်သက်နိုင်မည့် အခြေခံဥပဒေ ဖြစ်ပေါ်လာရေး။

    ပဋိပက္ခလောင်စာရေ။ ။ မိမိတို့ အကျိုးမျှော်ကိုးကိစ္စများအား ထိပါးလာတိုင်း ပဋိပက္ခ-အထိကရုဏ်း စသည့် လောင်စာရေကို အလျင်းသင့်သလိုလောင်းရင်း ၂၀-နှစ်တာကာလတစ်ခုကို ဖြတ်သန်းခဲ့သည်မှာလည်း သမိုင်းသက်သေပင်။

    ၃) ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရ ခောတ် (၂၀၁၀-မှ- မတ်လ၊၂၀၁၆)

    အကျိုးမျှော်ကိုး။ ။ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကိုအာရုံလွှဲရေး၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Project များ အောင်မြင်စွာရေရရှည်လုပ်ဆောင်နိုင်ရေး၊ ခြေဥ-၂၀၀၈ ကို အခြေခံသည့် တပ်မတော်အခန်းကဏ္ဍ အစဉ်အရေးပါစေရေး။

    ရေသောက်မြစ် အသွယ်သွယ်။ ။ တိုင်းရင်းသားစည်းလုံးမှုကို ရေမှုတ်တစ်ဖက် မီးစာတစ်ဖက် အထိုက်အလျှောက်ကြိုးစားရေး၊ ဘာသာမတူ လူများစု-လူနည်းစုတွေအကြား အမုန်းတရားအခြေခံသည့် အိမ်ရှင်-ဧည့်သည်အသွင် ဆက်လက်ဝါဒဖြန့် သင်းကွဲနေကြရေး၊ လူနည်းစုဘာသာဝင်များအား နည်းမျိုးစုံသုံး နှိပ်ကွတ်ထားရေး၊ နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်အား မလျှော့မတင်းထားရေးး၊ ခြေဥ-၂၀၀၈ အစဉ်ခိုင်မာနေစေရေး။

    ပဋိပက္ခလောင်စာရေ။ ။အစိုးရ၏ အကျိုးမျှော်ကိုးကိစ္စများမှ တစ်စုံတစ်ရာထိပါးမှု အခြေအနေဖြစ်ပေါ်လာတိုင်း တိုက်တိုက်ဆိုင်ဆိုင် အမျိုးသားရေးဝါဒီ-၉၆၉-မဘသ-အစွန်းရောက်မျိုးချစ် စသည့်အုပ်စုများ အလျိုလျိုပေါ်ထွက်လာကာ နောက်ဆက်တွဲ ပဋိပက္ခ-အထိကရုဏ်းများ ဖြစ်ပေါ်လာခြင်း၊ လက်နက်ကိုင်တိုက်ပွဲများပေါ်ပေါက်လာစေခြင်း စသည်တို့ကို မြန်မာပြည်သူများ ခါးစည်းခံ ဖြတ်သန်းခဲ့ရသည်မှာလည်း သမိုင်းသက်သေပင်။

    အခါးသီး။ ။သာသနာအရောင်စွန်းခံရသဖွယ် နိုင်ငံတကာမှရှုမြင်၊ တရားဥပဒေစိုးမိုးမှုအားနည်း

    ခေတ်သုံးခေတ် ဖြတ်သန်းခဲ့မှုပုံရိပ်တွေကို ပြန်လည်ခြုံငုံသုံးသပ်ရလျှင် အကျိုးမျှော်ကိုးမှု ပိုများလာခြင်း၊ ပဋိပက္ခလောင်စာရေတိုးလာခြင်းတို့ကြောင့် ရေသောက်မြစ်ပိုကြီးထွားလာသည်သာမက အခါးသီးများပိုမို သီးလာခြင်းတို့ကိုပါ စာဖတ်ပရိတ်သတ်တို့ ပုံဖော်နိုင်ပေလိမ့်သည်။  ယခုလို နှစ် (၅၀)ကျော်ကြာ ပြည်တွင်းအခြေအနေတစ်ခုလုံး တစ်ဖြည်းဖြည်းယိုယွင်းလာသည့် အနေအထားရောက်နေချိန် NLD ဦးဆောင်သည့် အစိုးရတက်လာသောအခါ…..

    ၄) ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့အစိုးရ ခေတ် (ပြီ/၂၀၁၆-လက်ရှိ)

    ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ ရလာဒ်အရ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရမှ ၀၁-ဧပြီလ-၂၀၁၆ ရက်နေ့မှ တရားဝင်အစိုးရဖြစ်လာခဲ့သည်။

    အကျိုးမျှော်ကိုး။ ။ခေတ်အဆက်ဆက် ပုံ(၁-၂-၃)ပါ အရှိန်များ

    ကြောင့် အခါးသီးများပင်ပိုမိုလာသည့် လက်ရှိ ၁-နှစ်တာသောကာလ

    အတွင်း တိုင်းပြည်၏ ဘက်ပေါင်းစုံ ဒီမိုကရေစီနည်းကျကျ တိုးတက်ရေး အကျိုးမျှော်ကိုးထားသော NLD အစိုးရအတွက် ကြီးမားသောပြောင်းလဲမှုမျိုး ပြုလုပ်ရန်မှာ လွန်စွာခက်ခဲလှပေသေးသည်။

    ပဋိပက္ခရပ် ရေသောက်မြစ်ဖြတ်။ ။တစ်နည်းတည်းသော ဖြေရှင်းနိုင်မှုမှာ- တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဘာသာ-လူမျိုးပေါင်းစုံ ဥမကွဲသိုက်မပျက် ညီညီညွတ်ညွတ် ၀ါးစည်းမပြေပဲနဲ့ ပဋိပက္ခလောင်စာရေကိုသုတ်၊ ရေသောက်မြစ်ကြီးများကိုနှုတ်မှသာ မြန်မာပြည်ကြီးတိုးတက်မည်ကို သတိပြုဖို့လိုပါသည်။

    အချိုသီး။ ။သို့မှသာ စစ်မှန်သည့် Federal Democracy၊ တိုက်ပွဲတွေရပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်မှု၊ ရာဇ၀တ်မှုလျှော့နည်းပြီး တရားဥပဒေစိုးမိုးနိုင်မှု စသည့် ဒီမိုကရေစီ အသီးအပွင့်များကို မျှော်ကိုးခံစားနိုင်ပေလိမ့်မည်။

    ဆိုတော့ကာ စာရေးသူထပ်လောင်းအကြံပြုလိုတာက-ပဋိပက္ခလောင်စာရေဆိုသည် အချိန်အတိုင်းအတာ

    တစ်ခုတွင် ခြောက်သွေ့ပျက်ပြယ်သွားစမြဲမို့ မျက်ဖြူစိုက်လေ၊ဆရာကြိုက်လေဖြစ်စေမည့် လောင်စာဘ၀တော့ အဖြစ်မခံပါနှင့်။ ကံ ကံ၏အကျိုးကို ကြောက်ကြပါ။ အာရှကျားဘ၀မှ အာရှဖားဘ၀သို့ ပြောင်းလဲခံခဲရသော မြန်မာပြည်ကြီးနှင့် ပြည်သူတွေ၏ဘ၀ကို သနားသောအားဖြင့် ကောင်းသောအကျိုးမျှော်ကိုး ပဋိပက္ခရပ် ရေသောက်မြစ်ဖြတ်ရင်း အချိုသီးတွေ အနာဂတ်မှာ ဝေဆာနိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားကြပါစို့…..လို့။။

    လောင်စာရေဘ၀ကိုရှောင်ရှားနိုင်ဖို့ အောက်ပါ “လောင်စာရေ”ကဗျာလေးကိုလည်း သီကုံးပေးလိုက်ပါသည်။

     လောင်စာရေ”

    အထိကရုဏ်းဖန်တီးရေး၊

    အထိတ်တလန့် မညိမ်သက်ဖြစ်စေရေးတို့သည်

    အာဏာတည်ရေး၊

    အကျပ်အတည်းဖြေရှင်းရေးတို့အတွက်တော့ လောင်စာရေ..ပေါ့။

     

    ဘာသာခြားနှိပ်ကွတ်ရေး၊

    အာဏာရှင်ကြိုက် ထင်ရာစိုင်းရေးတို့သည်

    မျက်ကန်းမျိုးချစ်တို့ ၀မ်းစာအရေး၊

    လူပိန်းကြိုက်လုပ်ဆောင်ရေးတို့အတွက်တော့ လောင်စာရေ..ပေါ့။

     

    ပြည်တွင်းမငြိမ်းချမ်းရေး၊

    တိုင်းရင်းသားစည်းလုံးမှုမရှိရေးတို့သည်

    ဖဒရလ်ဒီမိုကရေစီနှင့်အလှမ်းဝေး၊

    ပြည်သူ့ဘ၀ဆုတ်ရုတ်မြဲဖြစ်ရေးတို့အတွက်တော့ လောင်စာရေ..ပေါ့။

     

    ဒေါက်တာ သိန်းမိုးဝင်း

    (၀၇-မေလ-၂၀၁၇)

    The University of New South Wales (UNSW)

     

  • လုံးခင်းအကြမ်းဖက်မှုအတွက် လူ ၅ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

    လုံးခင်းအကြမ်းဖက်မှုအတွက် လူ ၅ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

    ဇူလိုင် ၆၊ ၂၀၁၆
    M-Media

    pk

    – ကချင်ပြည်နယ် ဖားကန့်မြို့ရှိ လုံးခင်းကျေးရွာတွင် ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သည့် မွတ်စလင်ဝတ်ပြုဆောင်အား ဖျက်ဆီးမီးရှို့မှုနှင့်ပတ်သက်၍ အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖားကန့်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း လူပေါင်း ၅၀၀ နီးပါး ပါဝင်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ယမန်နေ့ညနေ့တွင် လူ ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပါဝင်သူများကို ဖော်ထုတ်ရန် ဆက်လက်ကြိုးစားနေသည်ဟု ဆိုသည်။

    “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအရ သူတို့ကို ကျွန်တော်တို့ အရေးယူမှာပါ။ ပြီးတော့ ဒီဝတ်ပြုဆောင်ကို ဘာ့ကြောင့် သူတို့ မီးရှို့လဲဆိုတာကို ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ” ဟု ရဲအရာရှိ ဦးမျိုးလွင်က ပြောကြားခဲ့သည်။

    ဇူလိုင် ၁ ရက်နေ့က လုံးခင်းကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်မှာ လွန်ခဲ့သည့်နှစ်ပတ်အတွင်း နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသည့် လူအုပ်စုဖြင့် အကြမ်းဖက်မှုများမှ ဒုတိယမြောက် အကြမ်းဖက်မှုလည်းဖြစ်သည်။ ပထမတစ်ခုမှာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်တစ်ခုနှင့် မွတ်စလင် သင်္ချီုင်းတစ်ခုတို့ ဖျက်ဆီးခံခဲ့ရသည်။

    ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့သည့် ရွာသားတစ်ဦးကမူ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ရွှေ့ပြောင်းလုပ်သားလူ့အဖွဲ့အစည်း အထူးသဖြင့် ဖားကန့်သို့ လာရောက်၍ ရေမဆေးကျောက် တူးဖော်ကြသူများကို ဦးတည် ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။ ဒေသခံပြည်သူများကမူ ထိုအကြမ်းဖက်မှုတွင် ပါဝင်ကြသူများမှာ မြို့ပြင်မှ ဗမာနှင့် ရခိုင်လူမျိုးများဖြစ်သည်ဟု ယုံကြည်ရကြောင်း စောစောပိုင်းက ပြောကြားခဲ့သည်။

    လုံးခင်းရှိ မွတ်စလင်ဝတ်ပြုဆောင်အား တိုက်ခိုက်မှုအတွင်း ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း သူရဲသူမိန်ကျေးရွာ အကြမ်းဖက်မှုအတွက်မူ မည်သည့် အရေးယူဆောင်ရွက်မှုမှ မပြုလုပ်ပေ။

    Ref : mmtimes

  • Structural Determinism နှင့် လက်တွေ့ဘ၀ လွတ်မြောက်မှု

    Structural Determinism နှင့် လက်တွေ့ဘ၀ လွတ်မြောက်မှု

    ဇူလိုင် ၄ ၊ ၂၀၁၅
    M-Media
    ကျော်ဇေယျာဝင်း ရေးသည်။
    11535932_807973652650381_4931150769034438710_n
    ၂၀၁၂ တုန်းက Anti-Muslim Violence တွေ အဆက်မပြတ် ဖြစ်ပွားနေတာနဲ့ပက်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ မှုးဇော် (ဗိုလ်မှုးဇော်ဌေး) တို့ နှစ်ယောက်လုံးက ဒါဟာ ဒီမိုကရက် တိုက်ဇေးရှင်းရဲ့ Risk တစ်ခုပဲလို့ ဆိုခဲ့တယ်။ ဒီမိုကရက် တိုက်ဇေးရှင်းဖြစ်စဉ် တစ်ခုမှာ ဒါမျိုး ပဋိပက္ခတွေဟာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ပြောလိုရင်းပေါ့။ (တကယ်တမ်း မြန်မာပြည်နိုင်ငံရေး အလှည့်အပြောင်းက ဒီမိုကရက်တိုက်ဇေးရှင်း ဟုတ်၊ မဟုတ် ဒီနေရာမှာ ရှည်ရှည်ဝေးဝေး မရေးတော့ဘူး။ ကျနော်ရေးမှာ အဲဒီအကြောင်းနဲ့လည်း မသက်ဆိုင်လို့)။ အဲဒီဆင်ခြေနဲ့အတူ နောက်ထပ်ပေါ်လာတာက “Rule of Law မရှိလို့ Anti-Muslim Violence တွေဖြစ်နေတာ” ဆိုတဲ့ဆင်ခြေပဲ။ အဲဒီ arguments တွေကို ဆန်းစစ်ကြည့်ဖို့ကောင်းတယ်။

    အခုဆောင်းပါးမှာ `မွတ်ဆလင် ဆန့်ကျင်မုန်းတီးမှုတွေ၊ Anti-Muslim Violence တွေ ဖြစ်နေတာဟာ Rule of Law မရှိလို့´ဆိုတဲ့ ဆင်ခြေနဲ့ပက်သက်ပြီး အခြေခံကျတဲ့ Hypothesis ၊ causal mechanism နဲ့ construct တွေ premise တွေက ဘာဖြစ်နိုင်မလဲ… ကိုယ့်ဟာကိုယ် ဥာဏ်မီသလောက် စဉ်းစားကြည့်တယ်။

    # ပထမဆုံးအနေနဲ့ “ဒီမိုကရက်တစ်အင်စတီကျုးရှင်းတွေ အားမကောင်းတဲ့အခါ “Rule of Law” မရှိတဲ့ အတွက် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားတယ်” ဆိုတဲ့ အနုမာနတွေးဆချက် (Hypothesis)ကို စတင်ဖန်တီးတယ်။ အဲဒီ Hypothesis ကို သီအိုရီအဖြစ် တည်ဆောက်ဖို့ အတွက် အကြောင်းရင်း၊ အကျိုးရလဒ် နဲ့ အဲဒီနှစ်ခုကြားက ကြောင်း-ကျိုးဆက်သွယ်ချက်တွေကို အောက်ပါ အတိုင်း တွေးမိတယ်။

    ၁ – (အကြောင်းရင်း) – ဒီမိုကရေစီစနစ် မထွန်းကားတဲ့အတွက် “Rule of Law” ထိထိရောက်ရောက် မကျင့်သုံးနိုင်ဘူး။

    ၂ – (ကြောင်း-ကျိုး ဆက်သွယ်ချက်) – “Rule of Law” မရှိတဲ့ အခြေအနေမျိုးမှာ ပြစ်မှုကျူးလွန်သူတွေက အရေးယူ အပြစ်ပေးခံရမှုကနေ လွှတ်ကင်းနေလေ့ရှိတဲ့အတွက် ပြစ်မှုကျူးလွန်နိုင်ချေပိုများတယ်။

    ၃ – (အကျိုးဆက်) – ဒါကြောင့် “Rule of Law” အားမကောင်းတဲ့အတွက် Anti-Muslim Violence တွေ ဖြစ်ပွားနေခြင်း ဖြစ်တယ်။

    ### အဲဒီကနေ နောက်ဆုံးကောက်ချက်ချလိုက်တော့ – “ဒီမိုကရေစီစနစ် ပီပီပြင်ပြင်ဖြစ်လာရင် ဒီလို မွတ်ဆလင် ဆန့်ကျင်မုန်းတီးရေး လှုပ်ရှားမှုတွေ ပပျောက်သွားမယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ် အပီအပြင် ဖြစ်လာဖို့ အင်စတီကျူးရှင်းတွေ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ဖို့လိုတယ်” ဆိုတဲ့ဆင်ခြေတစ်ရပ် ဆွဲထုတ်လာတယ်။ ဒီဆင်ခြေတွေက ဘယ်လောက်ထိ မှန်ကန်မှုရှိသလဲ၊ ဘယ်အရာတွေကို မသိကျိုးကျွန် ပြုထားသလဲဆိုတာ ပေါ်လွင်လာစေဖို့ ကျနော်မေးခွန်းထုတ်ရင်း ဆန်းစစ်ကြည့်မယ်။

    ပထမဆုံး စ မေးရမှာက ဘယ်အင်စတီကျူးရှင်းတွေ အားကောင်းအောင် လုပ်မှာလဲ? လက်ရှိ မြန်မာပြည်မှာ ရှိနေတာတွေက ၂၀၀၈ အခြေခံဥပဒေ အရဖြစ်လာတဲ့ စစ်တပိုင်း အင်စတီကျူးရှင်းတွေချည်းပဲ။ ဒါကို အားကောင်းအောင်လုပ်ရင် ဒီမိုကရေစီစနစ် ပီပြင်လာနိုင်မလား။ ထားပါတော့.. မပြောကောင်း မဆိုကောင်း ဒီမိုကရေစီစနစ် ခန့်ခန့်ထည်ထည်ကြီး ပေါ်ထွန်းလာပြီဆိုရင်ကော လူ့အဖွဲ့အစည်းတွင်းမှာ အမြစ်တွယ်နေတဲ့ လူမျိုး၊ ဘာသာ၊ အသားအရောင် စတဲ့အပေါ်မူတည်တဲ့ ခွဲခြားဆက်ဆံမှုတွေ ဆုံးခန်းတိုင်သွားလိမ့်မယ်လို့ အမှန်တကယ် ယုံကြည်ပါသလား။

    ဆိုပါတော့ဗျာ… နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံဥပဒေဆိုတာလည်း အဓိကကျတဲ့ အင်စတီကျူးရှင်း တစ်ရပ်ပဲ။ ဒီတော့  ၂၀၀၈ အခြေခံဥပဒေထဲက အခန်း(၈) နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုတဲ့ အခန်းက ပုဒ်မ(၃၄၇)မှာ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။” လို့ ရေးထားတယ်။ ပုဒ်မ(၃၄၈)မှာလည်း နိုင်ငံသားတွေကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ယဉ်ကျေးမှု စတာတွေကို အကြောင်းပြုပြီး ခွဲခြားမှုမရှိစေရလို့ ဖေါ်ပြထားတယ်။ နိုင်ငံသားအားလုံး တန်းတူဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ညွှန်းထားတဲ့ တခြားပုဒ်မတွေလည်း ရှိသေးတယ်။ ဒါတွေ တကယ်လက်တွေ့မှာရော သက်ရောက်မှုရှိသလား..။ အခြား ဘာသာဝင်တစ်ယောက်က ဗုဒ္ဓဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရလို့ဆိုပြီး ဒီပုဒ်မတွေကိုင်ပြီး အရေးဆိုရင်ရော လွယ်မတဲ့လား..။ ပုဒ်မ(၃၅၅)မှာ နိုင်ငံသား မှန်ရင် နိုင်ငံတော်ရဲ့ဘယ်နေရာမှာမဆို အခြေဆိုက်နေထိုင်ခွင့်ရှိတယ်လို့ ထည့်ရေးထားပေမယ့် တကယ့်လက်တွေ့မှာ မွတ်ဆလင်ဆိုရင် အိမ်ခန်း မရောင်းဘူး ဆိုတာတွေ၊ မွတ်ဆလင်ကင်းမဲ့ဇုံ ဆိုတာတွေ ဘယ်လိုကြောင့် ဖြစ်နေတာလဲ…။

    ကျနော့်အမြင်ပြောရရင် အပေါ်မှာပြောခဲ့တဲ့ ဆင်ခြေတွေက Structural Determinism (စနစ်ရဲ့ပြဌာန်းခံ) ဆိုတဲ့ အယူအဆ သက်သက်ပဲ ဖြစ်တယ်။ ဦးသိန်းစိန်၊ မှုးဇော်တို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ မကြာသေးခင် က ဒီဗွီဘီအင်တာဗျူးမှာ ဦးခင်ညွှန့်က `သူကျူးလွန်ခဲ့တာတွေက စစ်အစိုးရခေတ်မို့လို့ပါ´ လို့ ပြောသွားတာမှာလဲ ဆိုလိုရင်းက ဒါပဲဗျ။ ခင်ဗျား၊ ကျနော် ကြုံတွေ့ခံစားနေရတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ဒုက္ခတွေက ဘယ်သူ့ကြောင့်မှ မဟုတ်၊ တကယ့်လက်သည်က စနစ်ဆိုးကြောင့်လို့ ဆိုချင်တာ။ ဒါဟာ အမှန်တ၀က်နဲ့ နှစ်ပေါက်တစ်ပေါက် ရိုက်တာ။ နိုင်ငံရေးပါဝါယူထားတဲ့ Actors တွေ၊ လူတွေရဲ့ စိတ်နေသဘာဝနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို လုံးဝထည့်မတွက်တဲ့ သဘောဖြစ်နေတယ်။

    ဒီအကြောင်းနဲ့ပက်သက်ပြီး သမိုင်းတစ်ကွက်ကို ကျနော်တို့တို့ ပြန်ကြည့်ဖို့လိုမယ်။ ၁၈၆၀ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု သမိုင်းရဲ့ လူအသေအပျောက် အများဆုံး ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တယ်။ ဒီစစ်ကြီး ဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်း တစ်ချက်တည်းကိုပြော ပါဆိုရင် ပြောဖို့ ခက်တယ်။ သို့ပေမယ့် အဓိကကျတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်စနစ်ဖျက်သိမ်းမှုနဲ့ သက်ဆိုင်တယ်။ ကျွန်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ ရီဗက်ဗလစ်ကန်သမ္မတ အေဘရာဟမ်လင်ကွန်း အာဏာရလာတဲ့အချိန်မှာ စစ်ကြီး စဖြစ် ခဲ့တယ်။ အတိုချုပ်ပြောရရင် ၁၈၆၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်ကို တရားဝင်ဖျက်သိမ်း ပေးခဲ့တယ်။ စစ်ပွဲ တရားဝင်ပြီးဆုံးသွားတာကတော့ ၁၈၆၅ ခုနှစ်မှာပါ။ အဲဒီနောက်ပိုင်း အမေရိကန်မှာ လူမည်းကျွန်ဆိုတာ မရှိတော့ဘူး။ လူဖြူဖြစ်ဖြစ် လူမည်းဖြစ်ဖြစ် ဥပဒေအရ နိုင်ငံသားချင်း အတူတူပဲလို့ ပြောလို့ရပြီ ဆိုပါတော့။ ဒါပေမယ့် ဒီလိုပြောတာဟာ လက်တွေ့အခြေအနေကို အမှန်တကယ်ရော ထင်ဟပ် သလား။ တကယ့်လက်တွေ့မှာလည်း ဒီတိုင်းပဲဆိုရင် နောင်နှစ်ပေါင်း ၁၀၀ လောက်မှာ `မာတင်လူသာကင်း´ လို ပုဂ္ဂိုလ်မျိုးလည်း ပေါ်ထွက်လာစရာ အကြောင်းမရှိဘူး။ “I had a dream” ဆိုတဲ့ ကမ္ဘာကျော်မိန့်ခွန်းရှည် ကြီးလည်း ကျနော်တို့ ကြားခွင့်ရမှာမဟုတ်ဘူး။ တကယ်တမ်း ပြန်ကြည့်ရင် ကျွန်စနစ်ဖျက်သိမ်းပြီး နှစ်ပေါင်း (၁၀၀)ကျော်ထိတိုင် ၁၉၆၀ ပြည့်လွန်နှစ်များအထိ အမေရိကန် လူမည်းတွေက နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲ ၀င်နေကြရတုန်းပဲ။ မနေ့တနေ့ကထိတောင် လူမည်းတွေ ပစ်သတ် ခံရတဲ့ သတင်းတွေ မြင်နေရသေးတာပဲ။ အဲဒါ ဘာကြောင့်လဲ..။ အမေရိကန်နိုင်ငံလို Strong State တစ်ခုမှာ အင်စတီကျူးရှင်းအားမကောင်းလို့၊ Rule of Law မရှိလို့ ဒါမျိုးတွေ ဖြစ်နေတာလို့ပြောရင် လူရယ်စရာဖြစ်မယ်။ အမှန်က ကျနော်တို့ကိုယ်တိုင် ကိုယ်ကျင်လည်ရာ လူ့အဖွဲ့အစည်းအတွင်းက social norms သဖွယ်ဖြစ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေ မမျှတမှုတွေကို မေ့ထားကြတာပါ။
    1011869_215918698599765_1966441398_n
    ဒီနေရာမှာ ကျနော်ထောက်ပြချင်တဲ့အချက်က ခွဲခြားဆက်ဆံဖိနှိပ်ထားတဲ့ ဥပဒေတွေနိဂုံးချုပ်သွားတာဟာ လူ့အဖွဲ့အစည်းအတွင်းက လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားဆက်ဆံမှုတွေ ဆုံးခန်းတိုင်သွားတာ မဟုတ်ဘူး ဆိုတာပါ။ ဒီလို ခွဲခြားဖိနှိပ်ထားတဲ့ဥပဒေတွေ ပယ်ဖျက်ပေးလိုက်တဲ့အတွက် `အမေရိကန်မှာ လူ လူချင်း ခွဲခြားဆက်ဆံမှုတွေ မရှိတော့ဘူး´ဆိုတဲ့ အပေါ်ယံ အမြင်မှားမှု ဖြစ်လာစေတယ်။ အဲဒီ အမြင်မှောက်မှား မှုက တကယ်တမ်း လူ့အဖွဲ့အစည်းထဲက ခွဲခြားဆက်ဆံနေမှုတွေကို ပိုပြီး မသိကျိုးကျွန်ပြု လာကြတယ်။

    ဒီအမေရိကန် လူဖြူလူမည်းသမိုင်းက `ဥပဒေအရလွတ်မြောက်မှု´နဲ့ `တကယ့်ကျင်လည်ရတဲ့ နေ့စဉ် လူမှုဘဝမှာ လွတ်မြောက်မှု´… ဒီနှစ်ခုဟာ တခုနဲ့တခု ဘယ်လိုမှမဆက်စပ်ဘူးဆိုတာ ဖေါ်ညွှန်းနေတယ်။ နိုင်ငံတော်အတွင်းမှာ ခွဲခြားဖိနှိပ်တဲ့ဥပဒေတွေမရှိတော့လို့ တန်းတူဖြစ်သွားပြီ ဆိုရင်တောင်၊ ကျနော်တို့ တကယ်ကျင်လည်နေရတဲ့ နေ့စဉ်ဘဝမှာ ခွဲခြားဆက်ဆံခံရတာတွေ၊ ဖိနှိပ်ခံရတာတွေကနေ အမှန်တကယ် လွတ်မြောက်ဖို့ အာမမခံနိုင်ဘူးလို့ ပြောနိုင်တယ်။ ဥပဒေအားဖြင့် ခွဲခြားဆက်ဆံမှုက လွတ်မြောက်ပေမယ့် တကယ့်ကျင်လည်ရတဲ့ နေ့စဉ်လူမှုဘဝမှာ လွတ်မြောက်ချင်မှ လွတ်မြောက်မှာ။

    အမှန်တကယ်က နိုင်ငံတော်ကို ဒီမိုကရေစီစနစ် အားကောင်းအောင်လုပ်ယုံနဲ့ ဒီလိုခွဲခြားဆက်ဆံမှုတွေ၊ အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြေလည် သွားလိမ့်မယ် မဟုတ်ဘူး။ Rule of Law ရှိယုံသက်သက်နဲ့လည်း မရနိုင်သေးဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမှန်တကယ် ရှင်သန်ကြီးထွားနေတဲ့ မုန်းတီးမှုတွေ၊ ခွဲခြားမှုတွေ ရှိနေတယ်ဆိုတာ ၀န်ခံအသိအမှတ်ပြုဖို့လိုတယ်။ ဒါကိုမျက်ကွယ်ပြုပြီး စနစ်ကိုချည်း လွှဲချနေလို့ မရပေဘူး။ နှစ်ပေါင်းများစွာ socialized လုပ်ခံထားရတဲ့အတွက် အမြစ်တွယ်ခိုင်မာနေပြီဖြစ်တဲ့ narratives တွေ၊ မှားယွင်းနေတဲ့ အချက်အလက်တွေ၊ ခံစားချက်တွေကို ပြန်လည်ဖေါ်ထုတ်ဖို့လိုတယ်။ ဒါတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြမယ့်သူတွေလည်း များများပေါ်ထွက်လာဖို့ လိုအပ်တယ်။ ပိုပြီးတိတိကျကျပြောရရင် လူ့အဖွဲ့အစည်း ထဲမှာပျော်ဝင်နေတဲ့ တချို့သောနှုန်းစံတန်ဖိုးတွေ၊ ideas တွေ၊ social norms တွေကို တော်လှန်ပြောင်းလဲပစ်ဖို့ လိုမယ်။ ဒီလိုပြောင်းလဲဖို့ဆိုရင် ပညာရေးသင်ရိုးတွေကို အခြေခံက စ ပြောင်းလဲပစ်ရမယ်။ လွတ်လပ်ပွင့်လင်း တဲ့ သုတေသနလုပ်ငန်းတွေ များများလုပ်ဖို့လိုမယ်။ ရင်ဘတ်ကျယ်ပြီး အမှန်တရားကို လက်ခံရဲတဲ့သတ္တိရှိ ဖို့လည်း လိုမယ်။

    ဒီလိုမှမဟုတ်ရင်တော့ ဘယ်ခေတ်ဘယ်အခြေအနေမျိုးပဲ ရောက်ရောက်၊ ဘယ်လို အင်စတီကျူးရှင်းတွေပဲ အားကောင်းလာ ပါစေ.. နိုင်ငံရေးအရ ဒီမိုကရေစီ စနစ်ဖြစ်လာပြီ.. ခွဲခြားဖိနှိပ်ထားတဲ့ဥပဒေတွေ ပယ်ဖျက် လိုက်ပြီ.. တန်းတူညီမျှမှုတွေ ရှိလာပြီဆိုစေဦးတော့၊ ကျနော်တို့ တကယ်ကျင်လည်နေရတဲ့ နေ့စဉ်လူမှုဘ၀ တွေမှာ တန်းတူညီမျှမှုတို့ တရားမျှတမှုတို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်လို့မရနိုင်ပေဘူး။     ။

    ကျော်ဇေယျာဝင်း
    July 3, 2015

  • လူသတ်မှုတစ်ခုကိုအကြောင်းပြ၍ အိန္ဒိယတွင် မွတ်စလင်ရွာတစ်ခုကို ဟိန္ဒူများမီးရှို့ဖျက်ဆီး

    လူသတ်မှုတစ်ခုကိုအကြောင်းပြ၍ အိန္ဒိယတွင် မွတ်စလင်ရွာတစ်ခုကို ဟိန္ဒူများမီးရှို့ဖျက်ဆီး

    ဇန်န၀ါရီ ၁၉၊ ၂၀၁၅
    M-Media

    ind

    – စုံစမ်းစစ်ဆေးမှု မပြုလုပ်ရသေးသည့် လူသတ်မှုတစ်ခုကို အကြောင်းပြု၍ အိန္ဒိယတွင် ဟိန္ဒူများက မွတ်စလင်ရွာတစ်ရွာကို မီးရှို့ကာ ဒေသခံမွတ်စလင်များ အား သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု အိန္ဒိယအာဏာပိုင်များက ပြောကြားလိုက်သည်။

    နိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သည့် တစ်ပတ်ကျော်က ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဟိန္ဒူအမျိုးသားတစ်ဦး၏ အလောင်းကို ပြည်နယ်မြို့တော် ပတ္တနာမှ ကီလိုမီတာ ၁၀၀ ကျော်ဝေးသည့် ဆာရာယီယန် ရွာတွင် တွေ့ရှိခဲ့ခြင်းမှ အစပြုခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး အတူလ် ပရာဆတ်က ပြောကြားခဲ့သည်။

    အဆိုပါ ဟိန္ဒူလူငယ်မှာ အနီးအနားရှိ ဘာဟီလ်ဝါဒါ ဘူဝဲလ်ရွာမှ မွတ်စလင် အမျိုးသမီးတစ်ဦးနှင့် ဆက်ဆံရေးရှိနေကာ ၎င်းပျောက်ဆုံးသွားခြင်းမှာ မွတ်စလင် အမျိုးသမီး၏ ဆွေမျိုးများက ပြန်ပေးဆွဲသွားခြင်းကြောင့်ဖြစ်သည်ဟု အဆိုပါ ဟိန္ဒူလူငယ်၏ မိသားစုက စွပ်စွဲပြောကြားခဲ့သည်။

    ထို့နောက် ဟိန္ဒူလူအုပ်စုကြီးက ဘာဟီလ်ဝါဒါဘူဝဲလ်ရွာအတွင်းသို့ ၀င်ရောက်ကာ နေအိမ်များ၊ မွတ်စလင်များ၏ ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာသား မွတ်စလင်အချို့ကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။

    တစ်နာရီခန့်ကြာသည့် အဆိုပါ မီးရှို့ဖျက်ဆီးမှုအတွင်း ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဟန့်တားနိုင်ခြင်း မရှိဘဲ ရွာအတွင်းရှိ မွတ်စလင်များမှာလည်း မိမိတို့၏ အိုးအိမ်များကို စွန့်ကာ ထွက်ပြေးခဲ့ရသည်ဟု အိန္ဓိယသတင်းဌာန NDTV က ဖော်ပြခဲ့သည်။

    ဒေသတွင်းမီဒီယာတစ်ခုကမူ အဆိုပါ လူအုပ်စုကြီးတွင် လူ ၅၀၀၀ ခန့် ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

    ဟိန္ဒူလူငယ် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်သေးဘဲ ရဲတပ်ဖွဲ့ကမူ မွတ်စလင်ရွာအား မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ လူ ၈ ဦးကို ဖမ်းဆီးထားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    အိန္ဒိယလူဦးရေး သန်းပေါင်း ၁၂၀၀ ကျော်တွင် ၁၃ ရာခိုင်နှုန်းရှိသည့် အစ္စလာမ် ဘာသာဝင်များမှာ ဟိန္ဒူအမျိုးသားရေးဝါဒီများ၏ ပစ်မှတ်ထားမှုကို မကြာခဏ ခံနေရပြီး၊ အာဏာပိုင်များကလည်း ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

    အလ်ကိုင်းဒါးခေါင်းဆောင် အလ်ဇ၀ါဟီရီကမူ အိန္ဒိယတိုက်ငယ်တွင် ၎င်းတို့ အဖွဲ့ခွဲဖွင့်ကာ မွတ်စလင်များ၏ ခံစားရမှုများအတွက် လက်တုံ့ပြန်သွားမည်ဟု ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့ပြီး အိန္ဒိယမွတ်စလင်အဖွဲ့များကမူ ထိုပြောဆိုမှုကို ရှုတ်ချခဲ့ကာ မိမိတို့ မွတ်စလင်များအား အိန္ဒိယ အခြေခံဥပဒေက အကာအကွယ်ပေးထားသည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    Ref: aljazeera