News @ M-Media
Tag: anti_discrimination
  • ဘာသာရေး ဖိနှိပ်မှုများ ချုပ်ငြိမ်းရေး လန်ဒန်မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြ
    ဘာသာရေး ဖိနှိပ်မှုများ ချုပ်ငြိမ်းရေး လန်ဒန်မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြ
    ဇွန် ၃၀ ၊ ၂၀၁၆
    M-Media
    သော်တာလွင်- သတင်းပေးပို့သည်။
    .13552804_10154382885718395_1375826484_n
    ယနေ့ ၃၀-၆-၂၀၁၆ လန်ဒန်မြန်မာ သံရုံးရှေ့တွင် မြန်မာမွတ်စလင် အစည်းအရုံး (B.M.A) မှ ဦးဆောင်ပြီး ဘာသာရေး ဖိနှိပ်မှုများ ချုပ်ငြိမ်းရေး၊ သာသနိက အဆောက်အအုံများ ဖျက်ဆီးမှုရပ်တန့်ရေး အတွက် ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။
    ဆန္ဒပြပွဲသို့ လန်ဒန်မှ မြန်မာ့မိတ်ဆွေများအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊မြန်မာ့ရိုဟင်ဂျာအစည်းအရုံး တို့မှ တက်ရောက်ပြီး NLD အစိုးရလက်ထက် ဘာသာရေးပဋိပက္ခများ ဆက်လက်ဖန်တီးပြီး ဗလီများဖျက်ဆီးခြင်း အခြားဘာသာဝင်များအား ဖိနှိပ်ခြင်းကို
    ရပ်တန့်ရန်တောင်းဆိုသည့်အပြင် အရှင်ဂမ္ဘီရ၊ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်တို့နှင့် အခြားလူမျိုးရေး၊နိုင်ငံရေး၊ ဘာသာရေး ပုဒ်မများဖြင့် မတရား အကျဉ်းချခံထားရသော အကျဉ်းသားများ လွတ်မြောက်ရေး အတွက်လည်း တောင်းဆိုခဲ့ကြပါသည်။
    13550923_10154382563443395_789757534_n 13552506_10154382565083395_287427244_n 13553299_10154382863633395_1335504079_n 13553374_10154382905488395_163262696_n
  • No-Hate Speech ခေါ် အမုန်းမဲ့စကားပရောဂျက်
    No-Hate Speech ခေါ် အမုန်းမဲ့စကားပရောဂျက်
    M-Media
    မေလ ၂ ရက်၊ ၂၀၁၆
    ပုံကို အမုန်းမဲ့စကားပရောဂျက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တဆင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။
    ပုံကို အမုန်းမဲ့စကားပရောဂျက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တဆင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။
    No-Hate Speech Project ခေါ် အမုန်းမဲ့စကားလို့အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုကို အမုန်းတရားလျော့နည်းပပျောက်စေဖို့ လှုပ်ရှားဆောင်ရွက်နေကြသူတွေက တည်ထောင်ထားပါတယ်။ အဲဒီစာမျက်နှာကိုတော့ ၂၀၁၆ မတ်လအတွင်းက အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ တည်ထောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။
    လေ့လာသူအချို့ရဲ့အဆိုအရ ၂၀၀၈ ခုနှစ် နိုင်ငံတော်အခြေခံဥပဒေဟာ ခွဲခြားဆက်ဆံတာတွေအတွက် တိကျသေချာတဲ့ ဥပဒေကို ပြဌာန်းပေးထားခြင်းမရှိဘူးလို့ သိရပါတယ်။ “Interfaith Understanding and Peace Advocacy” လို့ အမည်ပေးထားတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တစ်ခုဟာ ဧပြီ ၂၆ ရက်နေ့က နိုင်ငံလုံးဆိုင်ရာ ကွန်ဖရင့်ကို ကျင်းပခဲ့ပြီး အမုန်းစကားတိုက်ဖျက်ဖို့ တိကျတဲ့ ဥပဒေပြဌာန်းနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
    ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ အွန်လိုင်းပေါ်က အမုန်းစကားတွေ ပပျောက်စေဖို့ ပန်းစကားစီမံချက် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေ ပေါင်းပြီး #Say_No_to_Racism #2016_OnlineCampaign စတဲ့ hash tag တွေနဲ့ အမုန်းစကားတိုက်ဖျက်ရေး လှုံဆော်မှုကို ပြုလုပ်ခဲ့ကြပြီး မြန်မာပြည်တွင်းက ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ထောင်ဂဏန်းကျော်ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ အမုန်းစကားတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ကိုမိုးသွေးက စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
    အမုန်းစကားဖြန့်ချိတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က စာသားများတွေကို globalvoices.org နဲ့ ဆောင်းပါးရှင် ကိုသန့်စင်က အခုလို သုံးသပ်ထားပါတယ်။ No-Hate Speech ခေါ် အမုန်းမဲ့စကားပရောဂျက်က အမုန်းစကားဖြန့်ဖြူးတဲ့ အွန်လိုင်း ပို့စ်တွေကို မှန်ကန်တိကျတဲ့ အချက်အလက်တွေ၊ ဆန့်ကျင်ဘက် အမြင်တွေနဲ့တုန့်ပြန်ကြောင်း၊ မတ်လကတည်းစတင်ပြီး မွတ်စလင်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ရည်ညွှန်းစော်ကားတဲ့ အမုန်းစကားစာသားတွေကို အမုန်းမဲ့စကားပရောဂျက်က တုန့်ပြန်ခဲ့တဲ့အကြောင်း၊ အမုန်းစကားဖြန့်ချိတဲ့ စာသားကို တွေ့တာတဲ့ အမုန်းမဲ့စကားပရောဂျက်က မှန်ကန်တဲ့ အချက်အလက်များနဲ့ တုန့်ပြန်ခဲ့ကြောင်း၊ ဥပမာ မတ်လ ၃၁ ရက်နေ့က လူတစ်ဦးဖြန့်ဖြူးခဲ့တဲ့ အစ္စလာမ်ကင်းမဲ့ဇုန်လို့ ရေးထားတဲ့ ဓါတ်ပုံနဲ့ပတ်သတ်ပြီး အမုန်းမဲ့စကားပရောဂျက်ကအောက်ပါတိုင်း တုန့်ပြန်ထားကြောင်း ကိုသန့်စင်က ရေးသားထားပါတယ်။
    “…ဤနေရာတွင် ဗုဒ္ဓဘာသာဝင်များကိုသာ ဈေးရောင်းချခွင့်ပြုမည်
    https://www.facebook.com/photo.php?fbid=1586414375013933&set=a.1419320498389989.1073741828.100009361582669&type=3&theater
    မတ်လ ၁၃ ရက်တွင် Soe Naing အမည်ရှိ facebook account တွင် ယနေ့ အကြိုက်ဆုံးပုံ ဟူသော ခေါင်းစဉ်ဖြင့် ဘာသာရေးခွဲခြားသည့် ဓာတ်ပုံကို ဖော်ပြခဲ့သည်။ ဓာတ်ပုံတွင် “ဤ ဘုရားပွဲတော်တွင် ဗုဒ္ဓဘာသာ ဈေးသည်များသာ ရောင်းချခွင့်ပြု သည် မုတ္တမမြို့ ကော့စိုင် ” ဟူသော ဗီနိုင်းကို ဖော်ပြခဲ့သည်။ ၎င်းဗီနိုင်းအောက်တွင် မြတ်နိုးမင်္ဂလာ ဇာတ်အဖွဲ့၏ ဗီနိုင်း ကြော်ငြာကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ မုတ္တမမြို့သည် မွန်ပြည်နယ်၊ ရေး ခရိုင်လက်အောက်တွင် တည်ရှိသည့် မြို့ဖြစ်သည်။ မြန်မာ့နိုင်ငံတွင် ဘုရားပွဲတော်များသည် ပွင့်လင်းရာသီများဖြစ်သည့် နိုဝင်ဘာလမှ မတ်လအထိ ဒေသအသီးသီးရှိ ဘုရားစေတီပုထိုးများကို အကြောင်းပြု၍ ပွဲတော်များ ကျင်းပပြုလုပ်လေ့ရှိသည်။ ဘုရားပွဲတော်များသည် ဒေသအလိုက်၊ နာမည်ကျော်ကြားမှုအလိုက် ရက်ကာလများ ကြာရှည်တတ်ပါသည်။ ထိုသို့သော ဘုရားပွဲတော်များတွင် ဆယ်နှစ်ရာသီပွဲဈေးသည်များ၊ ဇာတ်ပွဲသဘင်များကို တွေ့မြင်ရလေ့ရှိပါသည်။ပြန်လည်ဝေမျှမှု ၁၀၄၅ ခုရှိခဲ့ပြီး၊ Like လုပ်သူပေါင်း ၃၃၀၀ ကျော်ခန့်ရှိခဲ့သည်။ ဝေဖန်မှတ်ချက်ပြုမှု ၁၉၄ ခုခန့်ရှိခဲ့သည်။ ဝေဖန်မှတ်ချက်ပြုသူ Nay Thu Rain က ” ဒီနှစ် ပိုစတာလဲ ဟုတ်ဘူး၊ မနှစ်က ပိုစတာကြီး ” ဟု မှတ်ချက်ပြုခဲ့သည်။ အဆိုပါဓာတ်ပုံကို ထောက်ခံသူ Nay Myo က ” ဒါက အယူသည်းတာ မဟုတ်ဘူး။ ဘာသာတရားနဲ့ လာမကိုင်ပေါက်နဲ့။ မေတ္တာတရားဆိုတာ တန်ရာ တန်ရာ ထားရတယ်။ ကုလားကို သတ်ဖို့ ပြောနေတာ မဟုတ်ဘူး။ ဝေးဝေးနေဖို့ ပြောတာ။ လူချင်းအတူတူပဲ လို့ မပြောနဲ့။ အမျိုးပြုတ်သွားမယ်။ ငါးချင်း အတူတူ ဆိုပြီး အာဖရိကငါးခူနဲ့ ငါးသလဲထိုး အတူထားပါလား မျိုးကန်းသွားမယ် ” ဟု ထောက်ခံ ရေးသား ထားသည်။ အနူတောက လူချောဆိုသူကမူ ” မြတ်စွာဘုရားရှင်က ဘာသာခြားမုန်းတီးရေး၊ ဘာသာခြားဆန့်ကျင်ရေးကို လုံးဝ ဟောကြား မထားပါဘူး။ ဘာသာတိုင်းကို လေးစားဖို့၊ အသိအမှတ်ပြုဖို့ပဲ ဟောကြားထားပါတယ်။ လူတိုင်းသိတဲ့ မေတ္တသုတ်မှာ မေတ္တာဆိုတာ ဘာသာအကန့်အသတ်မရှိ၊ လူမျိုး အကန့်အသတ်မရှိ၊ တခြား ဘာ အကန့်အသတ်မှ မရှိတိဲ့ အကန့်အသတ်မဲ့ မေတ္တာ မျိုး ဖြစ်ရမယ်။ အကန့်အသတ်မဲ့ ကူညီစောင့်ရှောက်မှုမျိုးဖြစ်ရမယ်လို့ ဟောကြား ထားပါတယ် ” ဟူသော ကောက်စာကို ရိုက်ကူးထားသည့် ဓာတ်ပုံဖြင့် လာရောက်ပြီး မှတ်ချက်ပြု ရေးသား ထားသည်။ ဤဓာတ်ပုံတွင် ပါဝင်သည့် ဗီးနိုင်းသည် ဗုဒ္ဓဘာသာ ဈေးသည်များသာ ရောင်းချခွင့်ပြုမည် ဟူသော စာသားက ဘာသာရေးအရ ခွဲခြားဆက်ဆံမှု တစ်ရပ်ပင်ဖြစ်သည်။ Soe Naing အမည်ရှိ facebook account ပိုင်ရှင်သည် follower ပေါင်း ၂၄ ၂၆၈ ဦးခန့်ရှိသည်။…”
    No-Hate Speech ခေါ် အမုန်းမဲ့စကားပရောဂျက်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကတော့ ဒီမှာပါ။
    မြန်မာ – https://www.facebook.com/NoHateSpeechMyanmar/timeline
    အင်္ဂလိပ် – https://www.facebook.com/NoHateSpeechProject/timeline
  • “လူ့အခွင့်အရေး၊ ခွဲခြားဆက်ဆံခြင်း အမူအကျင့် နှင့် မြန်မာ့ရုပ်ရှင် မီဒီယာ”
    “လူ့အခွင့်အရေး၊ ခွဲခြားဆက်ဆံခြင်း အမူအကျင့် နှင့် မြန်မာ့ရုပ်ရှင် မီဒီယာ”
    against
    (ဒီမိုကရေစီနှင့်လူ့အခွင့်ရေးဂျာနယ်) မှ ကူးယူဖော်ပြသည်။
    မှူးသစ် ရေးသည်။
    .
    Violence ( အကြမ်းဖက်မှု)တွေ ကို လေ့လာကြည့်မယ်ဆိုရင် အကြမ်းအားဖြင့် Structure Violence နဲ့ Culture Violence ရယ်လို့ တွေ့နိုင်တယ်။ Structure Violence နဲ့ ပတ်သက်ပြီး အဓိက ရည်ညွန်းချင်တာက လက်နက်ကိုင် တိုက်ပွဲတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အထိကရုဏ်းတွေ နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ စတာတွေပဲဖြစ်တယ်။ Culture Violence ကတော့ အထက်မှာ ဆိုခဲ့တဲ့ Structure Violence ထက် ပိုပြီး နက်နဲလိမ့်မယ်လို့ ယူဆပါတယ်။
    .
    Structure အားဖြင့် ဖြစ်ပေါ်နေတဲ့ Violence တွေကို ဖြေရှင်းဖို့က စစ်ပွဲတစ်ပွဲ လူသတ်ပွဲတစ်ပွဲ လက်နက်ကိုင် အထိကရုဏ်းပွဲတစ်ပွဲ စတဲ့ ဖြစ်စဉ်တွေကို စေ့စပ်ညှိုနိုင်းနိုင်မယ်ဆိုရင် အချိန်ကာလတစ်ခုနဲ့ ရည်မှန်းပြီး လုပ်ဆောင်နိုင်မယ်။ Culture Violence ကတော့ ဒီလိုမဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်နေတဲ့ အကြမ်းဖက်စိတ်တွေဖြစ်တဲ့ အတွက် ဖြေရှင်းရဖို့ အချိန်ကြာတတ်သလို ဖြေရှင်းနိုင်ရင်တောင် အကြမ်းဖက်စိတ်မီး တွေဟာ အချိန်မရွေး ထလောင်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ဆိုရရင် Culture Violence တွေ အပြီးသတ်ပျောက်သွားဖို့က လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေကိုပါ ပြောင်းဖို့လိုအပ်တယ်။
    .
    နောက်ထပ် သတိထားဖို့ လိုတာက လူ့အဖွဲ့အစည်းအတွင်းမှာ မမြင်ရတဲ့ အကြမ်းဖက်စိတ်တွေ၊ စိမ့်ဝင်တွေနဲ့ အကြမ်းဖက်မှု အမူအကျင့်တွေဟာ လက်နက်ကိုင်တိုက်ပွဲတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ ဘာသာရေး လူမျိုးရေး အထိကရုဏ်းတွေစသည့်ဖြင့် (Structure) အားဖြင့် ဖြစ်ပေါ်လာမယ့် (Violence) အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖို့ ကို အဓိက တွန်းအားပေးနေတာပဲဖြစ်တယ်။
    .
    ဒီနေရာမှာ အဓိက ပြောချင်တာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ စိမ့်ဝင်နေတဲ့ အကြမ်းဖက်စိတ်(Culture Violence ) ပဲဖြစ်တယ်။
    .
    Culture Violence တွေဖြစ်ပေါ်လာဖို့ ဘယ်က အခြေခံလာသလဲဆိုရင်တော့ ခွဲခြားဆက်ဆံမှု (Discrimination) တွေကြောင့်လို့ ပြောရလိမ့်မယ်။
    .
    လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ စိမ့်ဝင်ဆွဲကပ် နေသမျှ ကာလပတ်လုံး အထက်မှာ ဆိုခဲ့တဲ့ Structure Violence နဲ့ Culture Violence တွေ ဖြစ်ပေါ်လာဖို့ လွယ်ကူနေမှာပဲဖြစ်တယ်။
    .
    အကြမ်းဖက်မှုလို့ ဆိုလိုက်ရင် လက်နက်ကိုင် အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ်မှု ၊ အုပ်စုဖွဲ့ ဗိုလ်ကျ ဖိနှိပ်မှုလို့ မြင်ကြမှာအမှန်ပါပဲ။ သို့ပေမယ့် လူ့အဖွဲ့အစည်းကြားထဲမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ကြတဲ့ အကြမ်းဖက်မှုတွေ ရှိနေသလို နူတ်အားဖြင့်အကြမ်းဖက်မှု၊ အမူအရာအားဖြင့် အကြမ်းဖက်မှုတွေကလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ နေရာတိုင်း အချိန်တိုင်း လိုလို တွေ့ကြုံနေရပြန်တယ်။
    .
    ကျွန်တော့်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်လိုက်မယ်ဆိုရင် ခွဲခြားဆက်ဆံခြင်း(Discrimination) အမူအကျင့်တွေ အများကြီး စွဲကပ်နေတာ စိမ့်ဝင်နေတာကို မလွဲမသွေ တွေ့ရမှာပဲဖြစ်တယ်။ အနီးကပ်ဆုံး ဥပမာပေးပြရမယ်ဆိုရင် လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း၊ အခုလို ၀ါတွင်းကာလမှာ အချို့သော အလှူခံမဏ္ဍပ်တွေရဲ့ အချိန်ပြည့်နီးပါးဖွင့်လေ့ရှိတဲ့ “ငါတို့ အရိုး စည်းရိုးထိုး ” ဆိုတဲ့ စာသားတွေပါ၊ ဘာသူတူရာဈေးဆိုင်မှာသာ ဈေးဝယ်ပါ၊ အိမ်ရှင်စော်ကား” စတဲ့စာသားတွေပါတဲ့ သီချင်းတွေကို ကျယ်ကျယ်လောင်လောင်ဖွင့်နေတာကို ပြရ မှာပဲဖြစ်တယ်။
    .
    ဒါဟာ တနည်းအားဖြင့်တွေးမယ်ဆိုရင် လူမျိုးမတူ ဘာသာမတူသူတွေအပေါ် လူများစုတွေက နူတ်အားဖြင့် အကြမ်းဖက်မှုပဲဖြစ်တယ်။ သို့ပေမဲ့လည်း ဒီသီချင်းတွေကို ဘာသာရေးဆိုင်ရာ မဏ္ဍပ်တွေမှာ ကျေကျေနပ်နပ်ဖွင့်နေကြရုံသာမက မြို့ရွာ ရပ်ကွက်အနှံ့ ကားနဲ့လှည့်ပြီးလို့တောင် ဖွင့်ကြတယ်။
    .
    ဒီအပြုအမှုတွေ ဘာကြောင့် ရှိနေရသလဲ၊ ဘာကြောင့် ဖြစ်ပေါ်နေရသလဲဆိုတဲ့ လားရာ အခြေခံအကြောင်းအရင်းတွေကို ကြည့်လိုက်ရင်တော့ လူ့အဖွဲ့အစည်းအတွင်းက သိစိတ်၊မသိစိတ်တွေထဲမှာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ စွဲကပ်နေတာကို အထင်အရှားတွေ့ရလိမ့်မယ်။
    .
    ခွဲခြားဆက်ဆံမှုဟာ sensitive ဖြစ်တဲ့ issue တစ်ခုလည်းဖြစ်ပြီး နေရာတိုင်းလိုလိုမှာ ရှိနေတယ်။ ခွဲခြားဆက်ဆံမှုတွေကနေတဆင့် ဘာသာ၊ လူမျိုး၊ စတဲ့မတူညီတဲ့ Identity တွေအပေါ် အကောင်းဘက်က မရှုမြင်နိုင်တာတွေ၊ လေးစားမှုမရှိတော့တာတွေနဲ့ ရန်သူသဖွယ် သတ်မှတ် ပြုမှုလာကြတော့တာပဲဖြစ်တယ်။
    .
    ခွဲခြားဆက်ဆံမှုတွေဟာ ဒေါသစိတ်တွေကို မွေးမြူပေးတယ်။ ဒေါသစိတ်တွေကတဆင့် မတူညီတဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ပဋိပက္ခမီးတွေဟာ တောက်လောင်စေတော့တာပဲဖြစ်တယ်။
    .
    ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ သာလျှင် ကြီးကျယ်မြင့်မြတ်တယ် ကိုယ်နဲ့မတူညီတဲ့ လူမျိုး၊ဘာသာ၊နိုင်ငံသားတွေဟာ နိမ့်ကျတယ် ဆိုတဲ့ အစွန်းရောက် ဘာသာရေး အမျိုးသားရေး စိတ်ဓါတ်တွေကြီးထွားလာဖို့အတွက် ခွဲခြားဆက်ဆံမှုတွေက အဓိက တွန်းအားပေးနေတယ်လို့ဆိုရမယ်။
    .
    ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေကို ဘယ်လိုအရင်းအမြစ်တွေကနေ စွဲကပ်စေသလဲ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ လူ့အဖွဲ့အစည်းအတွင်းကို အရိုးစွဲ စိမ့်ဝင်စေတဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေလဲ စတဲ့ အရင်းအမြစ်တွေကို ရှာဖွေကြည့်ရင်တော့ အများကြီးတွေ့နိုင်တယ်။ စာပေတွေ၊ ကျောင်းစာသင်ခန်းတွေ၊ လူမှုပတ်ဝန်းကျင်တွေ၊ မိဘဘိုးဘွားတွေ၊ ရုပ်ရှင်ဖျော်ဖြေရေးတွေ စသည့်ဖြင့် အများကြီးပါပဲ။
    .
    လူ့အဖွဲ့အစည်းအတွင်းကို ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ စွဲကပ်စေတဲ့ အရင်းအမြစ်တွေအားလုံးကို ဖေါ်ပြရေးသားရမယ်ဆိုရင်တော့ လေ့လာမှုများစွာနဲ့ အရမ်းကျယ်ပြန့်ပါလိမ့်မယ်။
    .
    အဲ့ဒီထဲကမှ ရုပ်ရှင်ဗီဒီယို ဖျော်ဖြေရေးတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းကို ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ဘယ်လို ရိုက်သွင်းနေတယ်၊ ဘယ်လိုဆွဲကပ်စေတယ်ဆိုတာနဲ့ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးချင်ပါတယ်။
    .
    အာဏာရှင်လက်ထက်တစ်ခုလုံးမှာ ထွက်ပေါ်လာတဲ့ မြန်မာ့ရုပ်ရှင်ဗီဒီယို ဇတ်လမ်းတွေကို ကြည့်လိုက်မယ်ဆိုရင် လူ့အခွင့်အရေးတန်ဖိုးစံနူန်းနဲ့ပတ်သက်ပြီး ထုတ်ဖေါ်ပြသနိုင်တဲ့ ဇတ်ကားတွေဟာ မရှိသလောက် ရှားပါးခဲ့ပေမဲ့ လူ့အခွင့်အရေးတွေကို မသိလိုက်မသိသာနဲ့ သိသိသာသာချိုးဖေါက်မှုတွေကတော့ အများအပြားရှိနေတာကို တွေ့မြင်နိုင်တယ်။
    .
    အထင်ရှားဆုံးညွှန်းရရင် အခုလက်ရှိ အောင်မြင်မှုရနေတဲ့ ဟာသ ဇတ်ကားတွေနဲ့ အငြိမ့်ပြဇတ်တွေမှာ လိင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာစကား စတာ တွေကို လှောင်ပြောင်တာ၊ နှိမ်ချ ဟာသ လုပ်တာ အများဆုံးတွေ့ရလေ့ရှိတယ်။
    .
    ဂေးတွေကို လှောင်ပြောင်တာ ၊ မိန်းမလျာပုံစံနဲ့ ဟာသ လုပ်တာ၊ အသားမည်းတာကို ဟာသ လုပ်တာ တိုင်းရင်းသား ဘာသာစကားအသံတွေကို မပီမသအသံ တုပပြောဆိုတာတွေက မြန်မာ ရုပ်ရှင်ဗီဒီယို၊ အငြိမ့်တွေအတွက် ပြတ်လုံး ဖန်တီးတဲ့ ဖေါ်မျူလာ တစ်ခုလိုတောင်ဖြစ်နေတယ်လို့ ဆိုနိုင်တယ်။
    .
    ဒီအပေါ်မှာကြည့်ရှုသူတွေအနေနဲ့ သဘောတကျ ရယ်မောကြသလို၊ ကိုယ့်နေထိုင်တဲ့ လူမှု ပတ်ဝန်းကျင်တွေမှာ အဲ့ဒီ ဟာသ ပြတ်လုံးတွေကို အသုံးပြုပြီး ကိုယ်နဲ့ မတူညီသူတွေကို ပြန်ပြီး လှောင်ပြောင်လေ့ရှိကြတယ်။ ဒါဟာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်စွဲကပ်ခံရခြင်း အရာတစ်ခုလို့လည်း ဆိုနိုင်တယ်။
    .
    အထူးသဖြင့် ဒီလို ခွဲခြားဆက်ဆံပြီး လှောင်ပြောင်တဲ့ စကားလုံးတွေဟာ အသိဥာဏ်နုနယ်သေးတယ် ကလေးတွေအတွက် အတုယုဖွယ်ရာ တစ်ခုဖြစ်လာပြီး၊ ကျောင်းစာသင်ခန်းတွေထဲအထိ သယ်ဆောင်လာတော့တယ်။ အဲ့ဒီမှာပဲ အခန်းဖေါ်တွေထဲက အသားမည်းတဲ့ ကျောင်းသားတွေ၊ နေထိုင်မှုပုံစံမတူတဲ့ သူငယ်ချင်းတွေ၊ ဘာသာကွဲ လူမျိုးကွဲ အတန်းဖေါ်တွေအပေါ်မှာ ခွဲခြားဆက်ဆံခြင်း စကားလုံးတွေကို အသုံးပြုပြီး စနောက် လှောင်ပြောင်ကြတော့တာပဲဖြစ်တယ်။
    .
    မြန်မာရုပ်ရှင်ဇတ်လမ်းတွေဟာ ဖျော်ဖြေရေးအရာတစ်ခုလို့ ဆိုပေမယ့်လည်း အဲ့ဒီ ဖျော်ဖြေရုပ်ရှင်တွေထဲက ဘယ်လိုဇတ်ကွက်တွေကတော့ဖြင့် ကြည့်ရှုသူတွေအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်စေတယ် လူ့အဖွဲ့အစည်းကို ဘယ်လို စရိုက်တွေ ကူးဆက်စေတယ်ဆိုတာကို ဇတ်ကားရိုက်ကူးသူတွေ ကိုယ်တိုင်က လေ့လာဆန်းစစ်ကြည့်ဖို့ သတိရကြဟန်တော့မရှိပါဘူး။
    .
    ဒါ့အပြင် ပညာပေးဇတ်ကားလို့ဆိုလိုက်ရင်၊ မိဘမေတ္တာနဲ့ ရိုးသားမှု ၊မတော်လောဘရဲ့ အကျိုးအပြစ်တွေ၊ ဥပဒေချိုးဖေါက်မှုတွေ စတာတွေလာက်ကိုသာ အသားပေးပြသကြပြီး။ လူ့အခွင့်အရေးတန်ဖိုးတွေ၊ တရားမျှတမှုတွေ၊ လူသားခြင်းစာနာမှုတွေ၊ လူလူခြင်းတန်ဖိုးထားမှုတွေကို ပြသနိုင်တဲ့ ဇတ်ကားတွေက မရှိသလောက် ရှားနေစဲဖြစ်တယ်။
    .
    အစိုးရသစ်ပြောင်းပြီးတဲ့နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်တွေနဲ့အတ ဆင်ဆာလွတ်လပ်ခွင့်တွေရလာပေမယ့်လည်း မြန်မာရုပ်ရှင်ဗီဒီယိုဇတ်ကားတွေရဲ့ တိုးတက်မှုကတော့ မေးခွန်းထုတ်စရာကောင်းတဲ့ အခြေအနေတွေမှာ ရှိနေတုန်းလို့ပဲ ဆိုရမယ်။
    .
    ဆင်ဆာ လွတ်လပ်ခွင့်ရပြီးတဲ့နောက်မှာ စကားလုံးအားဖြင့် ခွဲခြားဆက်ဆံခြင်းပြုလုပ်တာတွေက ပိုလို့တောင်များလာတယ်လို့ ဆိုမယ်။
    .
    အင်တာနက်ပေါ်မှာ ဝေဖန်မှုခံခဲ့ရတဲ့ ဒါရိုက်တာ နေပိုင်ရဲ့ “ဂျောင်း”ဆိုတဲ့ ဇတ်ကားမှာဆိုရင် လူမျိုးနှစ်မျိုးကို ထိခိုက်ပြီး ဟာသလုပ်တဲ့ ဇာတ်ဝင်ခန်းကို တွေ့ရမယ်။ ဒီဇာတ်ကားကို ရခိုင် တိုင်းရင်းသားတွေက တရားဝင်ကန့်ကွက် ဝေဖန်လို့သာ အများပြည်သူကြားကို ကျယ်ကျယ်ပြန့်ပြန့်ရောက်လာပြီး ပြန်လည်တောင်းပန်မှုတွေ ရှိခဲ့တာပဲဖြစ်တယ်။ အခြားသော ဇာတ်ကားတွေမှာလည်း ရုပ်ရှင်ကြည့်သူတွေကြားမှာ မသိလိုက်မသိသာ ရယ်ပွဲတွေနဲ့တင် ပြီးဆုံးသွားတဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်လှောင်ပြောင်မှု ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ အများကြီး ကျန်နေနိုင်သေးတယ်။
    .
    “ဂျောင်း” ဆိုတဲ့ ဇာတ်ကားက ဇာတ်ဝင်ခန်းပြောစကားနဲ့ပတ်သက်ပြီး သရုပ်ဆောင် မြင့်မြတ်ရဲ့ တောင်းပန်တဲ့ စကားကို ကြည့်မယ် ဆိုရင် ရုပ်ရှင်လောကသား သရုပ်ဆောင် တစ်ယောက်ရဲ့ အမြင်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရလိမ့်မယ်။
    .
    “ကျနော် ဒီဇာတ်ကားကို ရိုက်တုန်းက သိပ်တောင် သတိမထားမိခဲ့ပါဘူး။ ကျနော်တို့က အနုပညာ တခုအပေါ်မှာ ဟာသ တခုကို ဖန်တီးလိုက်တဲ့ သဘောပါပဲ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာပါစေလို့ မရည်ရွယ်ပါဘူး။” ဒါဟာ မြင့်မြတ်ရဲ့ တောင်းပန်မှု စကားကို ပေါ်ပြူလာဂျာနယ်ရဲ့ ဖေါ်ပြချက်ထဲက ဖြစ်ပါတယ်။
    .
    ဆိုရရင် သူအနေနဲ့ ဒီဇာတ်ဝင်ခန်းက စကားနဲ့ ပတ်သက်ပြီး သတိမထားမိခဲ့ဘူး၊ ဒါကို သူက အနုပညာ တစ်ခုအပေါ် ဟာသာတစ်ခုအနေနဲ့ ဖန်တီးတယ်လို့ ဆိုထားတယ်။ ကိုယ်နဲ့ မတူညီတဲ့ လူမျိုးစု နှစ်ခုဟာ ဟာသ ပြုလုပ်စရာမဟုတ်ဘူးဆိုတာ ဒါရိုက်တာရော သရုပ်ဆောင်ရော မသိရှာဘူး။ အနုပညာအရလည်း မလုပ်သင့်ဘူးဆိုတာ မသိရှာဘူး။ ဒါက ခွဲခြားဆက်ဆံမှု တစ်ခုဖြစ်တယ်ဆိုတာလည်း သူတို့ သတိမထားမိရှာဘူး။ မြန်မာ့ လူ့အဖွဲ့အစည်း အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့တောင် ဆိုရမယ်။
    ဒါဟာ ဥပမာအားဖြင့် ထုတ်နုတ်ပြတာဖြစ်ပြီး အဲ့ဒီထက်ပိုမိုပြီး လူမျိုးရေးအရ လှောင်ပြောင်တဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ ဇာတ်ကားတွေ အများကြီးရှိနေတယ်ဆိုတာ သတိပြုဖို့လိုနေမှာဖြစ်တယ်။
    .
    မြန်မာ့ရုပ်ရှင်ဗီဒီယို ဇာတ်လမ်းတွေမှာ အလှောင်ပြောင်ခံရဆုံး၊ ဟာသ အလုပ်ခံရဆုံးသူတွေကို ပြပါဆိုရင်၊ မိန်းမလျာ(ဂေး)တွေနဲ့ အသားမည်းသူတွေပဲ ဖြစ်တယ်။ အထူးသဖြင့် ဂေးတွေဟာ မြန်မာဟာသ ဇာတ်ကားတွေအတွက် ပြက်လုံး ထုတ်ကုန်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ လူတွေ အပန်းဖြေကြည့်ရှုကြတဲ့ ရုပ်ရှင်ဗီဒီယို ဇတ်လမ်းတွေကနေတဆင့် မိန်းမလျာတွေကို ခွဲခြားဆက်ဆံဖို့ သင်ယူကြတဲ့အခြေအနေလို့ ဆိုရမှာပါ။
    .
    သရုပ်ဆောင် မိုးအောင်ရင် ၊ ဒိန်းဒေါင် နဲ့ နန်းခင်ဇေယျာတို့ ပါဝင်တဲ့ ဗီဒီယို ဇာတ်ကား တစ်ခုရဲ့ နာမည်ဆိုရင် “အခြောက်တို့ရဲ့ မာယာ”လို့ ပေးထားတာကို တွေ့ရတယ်။ ဇာတ်လမ်းတစ်လုံးကိုမကြည့်ဖြစ်ခဲ့ပေမယ့် ဇတ်ကားအမည်အရတော့ မိန်းမလျာ သဘာဝတွေကို ဟာသ လုပ်တော့မယ် ဆိုတာ ကြိုတင် မှန်းစလို့ရနေပါပြီ။
    .
    သရုပ်ဆောင်မိုးအောင်ရင်ပဲ အဓိက မင်းသားအဖြစ် ပါဝင်တဲ့ ဇာတ်ကားတစ်ရဲ့ အမည်ကိုဆိုရင်လည်း မိန်းမလျာတွေကို နှိမ်ချလှောင်ပြောင်တဲ့အခါ သုံးလေ့ရှိတဲ့ စကားလုံး“ဂျော်ဒကီး”လို့ ပေးထားတာတွေရပြန်တယ်။
    .
    ဒါရိုက်တာ ကိုဇော်(အာရုဏ်းဦး) ရိုက်ပြီး နေတိုး၊ ဝေဠုကျော်၊သက်မွန်မြင့်တို့ အဓိက သရုပ်ဆောင်ထားပြီး လူကြိုက်များလှတဲ့ ရုံတင်ကား “လာထား အာဘွား”ဆိုတဲ့ ဇာတ်ကားတစ်ခုလုံးမှာဆိုရင် သရုပ်ဆောင် ခင်လှိုင်ဟာ မိန်းမလျာအဖြစ် သရုပ်ဆောင်ပြီး၊ ကြည့်ရှုသူတွေ ရယ်ရအောင် ဖန်တီးထားတာ တွေ့ရပြန်တယ်။
    .
    ဒီလိုပဲ အငြိမ့်တွေမှာလည်း ဟာသ ပြတ်လုံးထုတ်တဲ့အခါမျိုးမှာ လိင်ကွဲပြားမှု၊ အမျိုးသမီးတွေ၊ မိန်းမလျာတွေ။ အသားမည်းသူတွေ၊ လူမျိုးခြား ၊ဘာသာခြားတွေ၊ တိုင်းရင်းသား ဘာသာစကားတွေကို ဟာသလုပ် ပြတ်လုံးထုတ်လေ့ရှိတာကို တွေ့နိုင်တယ်။
    ခင်လှိုင်၊ဒိန်းဒေါင် တို့ အဓိက ပါဝင်တဲ့ အငြိမ့်တစ်ခုမှာဆိုရင် ပြတ်လုံးအနေနဲ့ ပြောတဲ့စကားမှာ “မင်းတို့လို နိမ့်ကျတဲ့ မိန်းကလေးတစ်ယောက် လက်ကို ဒို့လို မြင့်မြတ်တဲ့ ယောက်ကျားကလေးတစ်ယောက်က ကိုင်တာ ဂုဏ်တောင်ယူရဦးမယ် ဟိုက်ရှားး ” ဆိုပြီး ကျားမ ခွဲခြားမှုနဲ့ ဟာသ လုပ်ကြပြန်တာကို တွေ့ရပြန်တယ်။
    .
    ဒါကို ပွဲကြည့်ပရိတ်သတ်တွေကလည်း သဘောတကျ ရယ်မောကြတယ် ဆိုတာ က ခွဲခြားဆက်ဆံမှုကို အားပေးအားမြှောက်ပြုနေတဲ့ပုံစံကို သက်ရောက်နေတယ်။
    .
    အဲ့ဒီ အငြိမ့်မှာပဲ “အခု ၂၀၁၃ ရောက်နေပြီ မင်းတို့ မိန်းမတွေ ရင်ထုပြီး လင်လုရမယ်”လို့ ဆိုပြီး ပိုပြီးဆိုတဲ့ စကားလုံးတွေကိုတောင် ဟာသအနေနဲ့ ပြက်ထားပါသေးတယ်။
    .
    ဒီလို နာမည်ရ သရုပ်ဆောင်တွေ၊ လူရွှင်တော် အနေနဲ့တောင် သူတို့ ပြောဆိုသရုပ်ဆောင်လိုက်တဲ့ ဇာတ်ဝင်ခန်းတွေ၊ သူတို့ ဟသအဖြစ် လုပ်လိုက်တဲ့ ပြက်လုံးတွေဟာ ဘယ်လို ခွဲခြားဆက်ဆံမှုတွေဖြစ်စေတယ်၊ လူ့အဖွဲ့အစည်းအတွက်ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာကို သတိမထားမိဘဲ နေကြတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာ အခြေအနေလို့လည်းဆိုနိုင်တယ်။
    .
    Five Star အငြိမ့်က လူရွှင်တော်အချို့ပါဝင်တဲ့ ဇာတ်ကားတစ်ခုမှာ ဆိုရင် “လူကောင်းနဲ့ လူမည်း မခွဲတတ်ဘူးလား”ဆိုတဲ့ စကားလုံးအပါအ၀င် သားရောင်မည်းတာကို ဇာတ်ဝင်ခန်းတစ်ခုလုံး ဟာသ လုပ်သွားတာ တွေ့ရပြန်တယ်။
    .
    ဒီထုတ်နုတ်ပြတဲ့ ဇာတ်ဝင်ခန်းတွေဟာ ဇတ်ကားအနည်းစုတွေထဲကသာ ဖြစ်ပြီး ဇတ်ကားအများစုမှာလည်း ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ တော်တော်များများပါနေတာကို မြန်မာ ရုပ်ရှင်ဗီဒီယိုတွေ မှာ သတိထားကြည့်ရင် တွေ့နိုင်တယ်။
    .
    ခွဲခြားဆက်ဆံမှုတွေကနေတဆင့်၊ မသိစိတ်တွေမှာ အကြမ်းဖက်စိတ်တွေ ဖြစ်လာမယ်၊ ကိုယ်နဲ့ လူမျိုး၊ဘာသာ မတူညီတဲ့ သူတွေကို ဖိနှိပ်ဖို့ လှောင်ပြောင်ဖို့၊ မုန်းတီးဖို့ အကြမ်းဖက်ဖို့ လွယ်ကူလာမယ်ဆိုတာကို သတိပြုရမယ့်အစား ရုပ်ရှင်ဗီဒီယိုတွေက လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ရလာဖို့ ပိုလို့တောင် တွန်းအားပေးနေတယ်လို့ ဆိုရမှာပါ။
    .
    တစ်ချို့အငြိမ့်ပြက်လုံးတွေမှာဆိုရင်လည်း တိုင်းရင်းသားတွေရဲ့  ပင်ကိုစကားဝဲတတ်တဲ့ အသံကို ဟာသ လုပ်တတ်ကြတာ တွေ့နိုင်တယ်။
    .
    ဥပမာအနေနဲ့ ပြရရင် အခုချိန်မှာ အရမ်းရိုးသွားတဲ့ ပြက်လုံးတစ်ခုကို ပြရရင် စပါကရင်ဆိုတဲ့ အချိုရည်အမည်ကို ကရင်တိုင်းရင်းသားတွေ စကားသံဝဲ၀ဲနဲ့ ဆဲဆိုမှုအသံနဲ့ ပြက်ကြ တယ်။ ဒါတင်မကသေးဘူး တရုတ်အနွှယ်တွေရဲ့လူမျိုးရေး စကားအသံဟန်တွေ၊ အိန္ဒိယအနွယ်တွေရဲ့ လူမျိုးရေး စကားအသံဟန်တွေကိုလည်း ပြက်လုံးထုတ်ကြလေ့ရှိတယ်။
    .
    မြန်မာ့လူ့အဖွဲ့အစည်းကို နောက်ထပ် အဆိပ်အတောက်ဖြစ်စေတဲ့ ဇတ်ကားမျိုးကတော့ အာဏာရှင်အကြိုက် အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ထားတဲ့ ဇတ်ကားတွေနဲ့ ၊ တော်လှန်ရေးဇတ်ကားတွေပါပဲ။ တော်လှန်ရေး ဇတ်ကားတွေမှာဆိုရင် သမိုင်းကြောင်းတွေထက် လူမျိုးခြားမုန်းတီးမှု အပြည့်အ၀ အသုံးပြုထားတာတွေ့ရမယ်။ အဲ့ဒီဇတ်ကားတွေမှာ သူတစ်ပါးလူမျိုးကို အထင်သေး ရွံမုန်းအောင် ပြုလုပ်တဲ့ နည်းနဲ့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို တန်ဖိုးထားစိတ်ကို ပြသလေ့ရှိကြတယ်။
    .
    သာမန်ချစ်ကြိုက်ကွဲညား ဇတ်လမ်းတွေမှာဆိုရင်လည်း ဗီလိန်ဇတ်ဆောင် နေရာကို ဖန်တီးတဲ့နေရာမှာ ကြည့်ရှုသူတွေအနေနဲ့ အဖွဲ့အစည်း နယ်ပယ်တစ်ခုကို ကိုယ်စားပြုပြီး မြင်အောင် ဖေါ်ပြလေ့ရှိကြတယ်။ ဥပမာပေးပြောရမယ်ဆိုရင် မိဘသဘောတူသူ ဗီလိန်သရုပ်ဆောင်တွေနေရာမှာ သင်္ဘောသားတွေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်တွေလို့သာ ရိုက်ကူးလေ့ရှိကြတယ်။ အထူးသဖြင့် သဘောင်္သားဇာတ်ဆောင်ဆိုရင် ရှုပ်ပွေသူ HIV ကူးဆက်ခံရသူလို့တောင် ရိုက်ကူးပြကြတာကိုတွေ့ရတယ်။ ဘယ်သောအခါမှ ဗီလိန်သရုပ်ဆောင်နေရာမှာ မရှိတဲ့ ဇာတ်ရုပ်တွေကတော့ စစ်ဗိုလ်လို၊ ရဲဝန်ထမ်းလို ဇတ်ဆောင်မျိုးတွေပဲဖြစ်တယ်။ ဆိုလိုချင်တာကတော့ ကောင်းမှု၊မကောင်းမှု၊ ကောင်းသူ၊မကောင်းသူ ဆိုတာကို ရိုက်ကူးပြတာမှာ ယူနီဖေါင်းနဲ့ တွဲပြီးကြည့်တတ်တဲ့ အမူအကျင့်တွေရအောင် တွန်းပို့နေတဲ့ ဇာတ်ကားတွေလို့ ဆိုရမယ်။
    .
    .
    ဆရာဝန်တစ်ယောက်မှားရင် အနည်းဆုံး လူနာတစ်ယောက်  အသက်ဆုံးရှုံးနိုင်တယ်။
    .
    အင်ဂျင်နီယာတစ်ယောက်မှားရင် လူရာနဲ့ ချီအောင် ထိခိုက်ဒဏ်ရာရ အသက်ဆုံးရှုံးရနိုင်တယ်။ မီဒီယာတစ်ခုမှားရင် လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်ဆီးသွားနိုင်တယ်။
    .
    ဒါကတော့ ကျွမ်းကျင်လုပ်ကိုင်ရာ နယ်ပယ်တွေရဲ့ တာဝန်ခံမှု တာဝန်ယူမှုတွေနဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုတွေအပေါ် သတိပေးလေ့ရှိကြတဲ့ ဥပမာတွေပဲဖြစ်ပါတယ်။
    .
    မီဒီယာတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေက လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုအများကြီး ရှိနေနိုင်တယ်လို့ ဆိုရမယ်။
    .
    မီဒီယာတွေထဲကမှ ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာရုပ်ရှင်ဗီဒီယို ဇာတ်လမ်းတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လိုအခြေအနေမျိုးရောက်အောင် တွန်းပို့နေသလဲ၊ ဘယ်လိုလူ့အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် ဆွဲခေါ်နေသလဲဆိုတာ ဆန်းစစ်ကြည့်ဖို့တော့ လိုနေပါတယ်။ မြန်မာ့ရုပ်ရှင် အင်စတီးကျူးရှင်းတစ်ခုလုံးအနေနဲ့လည်း ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ ပြုပြင်ဖို့ လိုအပ်နေမှာဖြစ်တယ်။
    .
    ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေနဲ့ အကြမ်းဖက်စိတ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခု အတွက် ထိတ်လန့်စရာအကောင်းဆုံး အရာတွေလို့ ဆိုရမယ်။ လူ့အဖွဲ့အစည်းတစ်ခု အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်စိတ်တွေ၊ လူ့အခွင့်အရေးတန်ဖိုး စံနူန်းလျော့ကျမှုတွေ ရှိနေရင် အဲ့ဒီလူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမဖြစ်တော့ပါဘူး။ စိုးရိမ်စရာကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ကို ရောက်နေပြီလို့ ပဲ ကောက်ချက်ချရမှာပါ။
    Discrimination Act ကို ဒီမိုကရေစီနိုင်ငံတွေမှာ ပြဌန်းလေ့ရှိကြတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၄၈) မှာလည်း “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။” လို့ဆိုပြီး ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ပြဌန်းထားတာကို တွေ့ရမယ်။
    .
    ခွဲခြားဆက်ဆံခြင်းဆိုတာဟာ “လူ့အခွင့်အရေးတည်ရှိမှုကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ကြီး က အဓိပါယ်ဖွင့်ဆိုမှုမှာ ထည့်သွင်းဖွင့်ဆိုထားတယ်။ ဆိုရရင်တော့ မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွေဟာ ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေပါဝင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ ဒိုင်ယာလော့တွေကို အသုံးပြုနေဦးမယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးကို ချိုးဖေါက်နေတာဖြစ်သလို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ချိုးဖေါက်ရာရောက်တယ်လို့ သတ်မှတ်ရမယ်။ အဲ့ဒီ ဇာတ်လမ်းရုပ်ရှင်တွေဟာ လူ့အခွင့်အရေးကို ချိုးဖေါက်ဖို့ အားပေးအားမြှောက်ပြုနေတဲ့ အရာတွေလို့လည်း ဆိုနိုင်တယ်။
    .
    ခွဲခြားဆက်ဆံမှုတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပဋိပက္ခတွေဖြစ်စေတယ်။ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေကတဆင့် လူတွေရဲ့ မသိစိတ်ထဲကို ကိုယ်နဲ့မတူညီတဲ့ လူတွေအပေါ် အကြမ်းဖက်လိုစိတ်၊ နှိမ်ချလိုစိတ်နဲ့ မုန်းတီးစိတ်တွေ ဖြစ်ပေါ်လာတယ်။ တနည်းအားဖြင့် ပုန်းကွယ်နေတဲ့ အကြမ်းဖက်စိတ်လို့ ပြောရမယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွင်းမှာအကြမ်းဖက် ပဋိပက္ခတွေဖြစ်ပေါ်စေဖို့ အဓိက အကြောင်းအရင်းတစ်ချက်လည်းဖြစ်တယ်။ ယုံကြည်ကိုးကွယ်မှု မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုကြားက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြန်သုံးသပ်လိုက်မယ်ဆိုရင်လည်း ဖြစ်ပေါ်ရတဲ့ အခြေခံအကြောင်းအရင်းတွေထဲမှာ ပုန်းကွယ်နေတဲ့ အကြမ်းဖက်စိတ်နဲ့ ခွဲခြားဆက်ဆံမှု အမူအကျင့်တွေက အဓိက ကျတဲ့ အချက်ထဲမှာ ပါနေတယ်လို ဆိုရမယ်။
    .
    အချုပ်အားဖြင့် ဆိုရရင်တော့ လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးနိုင်တဲ့ ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာရုပ်ရှင်ဗီဒီယိုကားတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေသလဲဆိုတာကို ရုပ်ရှင် အင်စတီးကျူးရှင်းတစ်ခုလုံးက လေ့လာဆန်းစစ်ကြည့်ဖို့ လိုနေပြီလို့ ဆိုရပါမယ်။
    .
    မြန်မာရုပ်ရှင်ဗီဒီယိုဇတ်ကားတွေနဲ့ ဇတ်ဝင်ခန်းသရုပ်ဆောင်မှုတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၄၈) ရဲ့ “နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။” ဆိုတဲ့ စံနဲ့ ကိုက်ညီမှုရှိကြရဲ့လားဆိုတာ မဖြစ်မနေ ဆန်းစစ်ကြည့်ဖို့ လိုနေတယ်လို့ဆိုရမယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်နေတာကြောင့်ပါပဲ
  • ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားစော်ကားမှုများ ထိရောက်စွာ အရေးယူမည့် ဥပဒေ ယူအေအီး ပြဌာန်း
    ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားစော်ကားမှုများ ထိရောက်စွာ အရေးယူမည့် ဥပဒေ ယူအေအီး ပြဌာန်း
    ဇူလိုင် ၂၃ ၊ ၂၀၁၅
    M-Media
    2159272628
    – ဘာသာရေး၊ ဇာတ်၊ ယုံကြည်မှု၊ အယူဝါဒ၊ အသားအရောင် သို့မဟုတ် တိုင်းရင်းဇာတိတို့ကို အခြေခံ၍ မည်သည့်ခွဲခြားမှု ပုံစံမျိုးကိုမဆို အပြစ်ပေး အရေးယူနိုင်မည့် ဥပဒေတစ်ခုကို သမ္မတ ခါလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်၏ အမိန့်ဖြင့် ယူအေအီးနိုင်ငံက ပြဌာန်း လိုက်သည်။
    ၀၂/၂၀၁၅ ဖြင့် ထုတ်ပြန်လိုက်သော အဆိုပါ ဥပဒေသစ်တွင် ဘာသာရေး အမုန်းတရားများ ဖြစ်လာအောင် မီးထိုးပေးခြင်း၊ စကား၊ ရေးသားထားသည့်စာ၊ စာအုပ်များ၊ လက်ကမ်းစာစောင်များ သို့မဟုတ် အွန်လိုင်းမီဒီယာ စသဖြင့် မည်သည့်ပုံစံမျိုးဖြင့်မဆို ဘာသာတရားအား စော်ကားခြင်းတို့ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။
    အဘူဒါဘီ၏ တရားသူကြီးချုပ်ဖြစ်သူ အလီ မိုဟာမက် အလ် ဘာလူရှီက အဆိုပါဥပဒေမှာ နိုင်ငံ၏ စည်းလုံးပြီး၊ မတူညီကွဲပြားစွာ ညီညွတ်နေသော လူ့အဖွဲ့အစည်းအတွင်း သွေးကွဲမှုမျိုးစေ့များအား စိုက်ပျိုးရန် မည်သည့်ကြိုးပမ်းမှုကိုမဆို တားမြစ်ဟန့်တားနိုင်မည်ဟု ယမန်နေ့က အခိုင်အမာ ပြောကြားခဲ့သည်။
    ၎င်း၏ ကြေညာချက်တွင် အလ် ဘာလူရှီက အဆိုပါ ခွဲခြားမှုဆန့်ကျင်ရေးဥပဒေမှာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတိုင်းကို ကာကွယ်ရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် ကိုက်ညီသော လေးစားမှု မူဘောင်အတွင်း ထို့ပြင် ပို၍ အရေးကြီးသည့် အာရပ်လူ့အဖွဲ့အစည်း၊ အစ္စလာမ့်လူ့အဖွဲ့တို့အတွင်း ၎င်းတို့၏ တစ်ကိုယ်ရည်လုံခြုံမှုကို အာမခံပေးရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ထိုဥပဒေတွင် ပြဌာန်ထားသော အပြစ်ပေးမှုများမှာလည်း နိုင်ငံရှိ လူ့အဖွဲ့အစည်းက လက်ခံထားပြီး အမုန်းတရားနှင့် ခွဲခြားမှုတို့ကို ငြင်းပယ်သော အစ္စလာမ့်ယဉ်ကျေးမှု အနှစ်သာရနှင့် ကိုက်ညီသည်ဟုလည်း အလ် ဘာလူရှီက ဆိုသည်။
    ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး အဆိုပါဥပဒေသစ်က ခန္တီတရားပြည့်ဝသော၊ သဘောထားကြီးသော၊ နားလည်လက်ခံတတ်သော ယူအေအီး၏ လူ့ပတ်ဝန်းကျင်အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ချပေးရန်အတွက်ဖြစ်ပြီး၊ ဘာသာရေးအမုန်းတရားနှင့် သည်းမခံနိုင်မှုတို့ကို လှုံ့ဆော်သော လုပ်ရပ်များမှ မွေးဖွားရာဇာတိ၊ ယုံကြည်မှု၊ လူမျိုးတို့ကို ထည့်မတွက်ဘဲ ပြည်သူများအား လုံခြုံဘေးကင်းစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
    ထို့ပြင် နိုင်ငံ၏ လုံခြုံရေးကို ပျက်ဆီးစေသော ကြိုးပမ်းမှုပေါင်းစုံမှ လူ့အဖွဲ့အစည်းအား ကာကွယ်ရန် မည်သည့်ပုံစံဖြင့်မဆို အမုန်းတရားဖြန့်ဖြူးမှု၊ သို့မဟုတ် အမုန်းတရားအခြေခံသော ရာဇ၀တ်မှုများဖြစ်စေရန် လှုံ့ဆော်မှု၊ အပြောအဆိုနှင့် မီဒီယာများမှတစ်ဆင့် ပြန့်နှံ့စေမှုတို့အပေါ် တင်းကျပ်သော အရေးယူမှုများကို ပြုလုပ်သွားမည်ဟု အလ် ဘာလူရှီက ထည့်သွင်းပြောကြားခဲ့သည်။
    ဥပဒေ
    ——–
    ယူအေအီးမှ ပြဌာန်းလိုက်သော ထိုဥပဒေသစ်တွင် အခြားသော ဘာသာရေးအုပ်စု သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီကို ဒိဌိများ သို့မဟုတ် သွေဖည်သူများအဖြစ် သမုတ်သည့် မည်သူ့ကိုမဆို အပြစ်ပေးရန် ပြဌာန်းမှုများလည်း ပါဝင်သည်။
    ဥပဒေတွင် ပါဝင်သည့် ပြဌာန်းချက်များကို ချိုးဖောက်မှုအတွက် အပြစ်ပေးအရေးယူမှုများတွင် ထောင်ဒဏ် ၆ လမှ ၁၀ နှစ်အထိနှင့် ငွေဒဏ် ဒီနာ ၅၀၀၀၀ မှ ၂ သန်းအထိ ပေးဆောင်ရန်တို့ ပါဝင်သည်။
    အဆိုပါ ခွဲခြားမှုဆန့်ကျင်ရေး ဥပဒေတွင် ဘုရားသခင်၊ တမန်တော်များ၊ သူတော်စင်များ၊ ကျမ်းစာများ၊ ၀တ်ပြုရာနေရာများနှင့် သုဿာန်များအား စော်ကားခြင်းဟု မှတ်ယူ၍ရနိုင်သော မည်သည့် ဆောင်ရွက်မှုမျိုးကိုမဆို တားမြစ်ပိတ်ပင်ထားသည်။
    ထို့ပြင် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် လူအစုအဖွဲ့များအပေါ် ဘာသာရေး၊ ဇာတ်၊ အယူဝါဒ၊ လူမျိုး၊ တိုင်းရင်းဇာတိ စသည်တို့ကို အခြေခံ၍ ခွဲခြားဆက်ဆံခြင်းကို တွန်းလှန်ရန် ပြဌာန်းချက်များလည်း ပါဝင်သည်။
    အမုန်းစကားကို ဖြစ်စေသော လုပ်ရပ်များ၊ အွန်လိုင်း၊ ပုံနှိပ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့အပါအ၀င် မည်သည့် မီဒီယာပုံစံမျိုးကိုမဆို အသုံးပြု၍ အခြားသူများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် မြှင့်တင်ဆောင်ရွက်ပေးခြင်းတို့ကိုလည်း ထိုဥပဒေက ရှုတ်ချထားသည်။
    အထူးသဖြင့် ဘာသာရေးအမုန်းတရားကို လှုံ့ဆော်ရန် တည်ဆောက်ထားသော မည်သည့် အသင်း၊ အဖွဲ့ကိုမဆို ထိုဥပဒေက တားမြစ်ထားပြီး၊ အမုန်းအခြေခံ ရာဇ၀တ်မှုများနှင့် ဆက်နွယ်သည့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် အုပ်စု၊ အသင်းအဖွဲ့များနှင့် ၎င်းတို့အား ထောက်ခံသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူရန်လည်း အကြံပြုထားသည်။
    ထို့ပြင် ခွဲခြားမှုမျိုးစေ့များ၊ ဘာသာရေး၊ ဇာတိနှင့် လူမျိုးရေးကို အခြေခံကာ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့အပေါ် အမုန်းမျိုးစေ့များ စိုက်ပျိုးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယူအေအီးနိုင်ငံအတွင်း ပြုလုပ်ကျင်းပသည့် ညီလာခံများ၊ အစည်းအဝေးများကဲ့သို့ မည်သည့်အခမ်းအနားမျိုးကိုမဆို ထိုဥပဒေက တားမြစ်ထားသည်။
    ထိုလုပ်ရပ်များအတွက် ဘဏ္ဍာရေးထောက်ပံ့မှု ရယူခြင်းကိုလည်း အဆိုပါ ဥပဒေသစ်အရ အပြစ်ပေးနိုင်သည်။
    ထိုဥပဒေအား ချိုးဖောက်သော လုပ်ရပ်တွင် ပါဝင်သည့် မည်သူမဆို အာဏာပိုင်များ၏ ရှေ့မှောက်တွင် ကိုယ်တိုင်ကိုယ်ကျ ၀န်ခံရန် ထိုဥပဒေက တိုက်တွန်းထားပြီး၊ ထိုသို့ ဖြောင့်ချက်ပေးပါက ထိုအမှုများအတွက် ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးနိုင်ရန် တရားရုံးများကို ခွင့်ပြုထားသည့် ပြဌာန်းချက်များလည်း ပါဝင်သည်။
    အမျိုးသမီးများ၊ ကလေးငယ်များ၊ မသန်စွမ်းသူများနှင့် အခြားသူများကဲ့သို့ ယူအေအီးလူ့အဖွဲ့အစည်းရှိ အထူးအခွင့်အရေးပေးထားသော အုပ်စုများကို ကာကွယ်ရန် ရည်ရွယ်ရေးဆွဲထားသည့် ရှိပြီးသား အခြားဥပဒေများနှင့် ထိုဥပဒေသစ်က ဆန့်ကျင်ဘက်ဖြစ်မည် မဟုတ်ချေ။
    ဥပဒေအား အကောင်အထည်ဖော်ခြင်း
    —————————————–
    ခွဲခြားမှုနှင့် အမုန်းတရားဆန့်ကျင်ရေး ယခုဥပဒေသစ်ကို အကောင်အထည်ဖော်ရန် ယူအေအီး၏ ဆောင်ရွက်မှုမှာ နိုင်ငံသားများနှင့် နိုင်ငံ နယ်နမိတ်အတွင်း နေထိုင်ကြသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် သိမ်မွေ့သည့်ခြေလှမ်းဖြစ်သည်ဟု အီမရိတ် လူ့အခွင့်အရေးအသင်း EHRA မှ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ မိုဟာမက် ဆလီမ်း အလ် ကာဘီက ပြောကြားခဲ့သည်။
    ထို့ပြင် အဆိုပါဥပဒေက အမုန်းတရားကို လှုံ့ဆော်ပြီး၊ လူ့အဖွဲ့အစည်းအတွင်း အဖျက်သဘောဆောင်သော၊ သည်းမခံနိုင်သည့် သဘောထားများကို ဖြန့်ချီသူများကို အဆိုပါ ဥပဒေက အပြစ်ပေးသွားမည်ဟု အချို့သောနိုင်ငံများတွင် အဖျက်သဘောဆောင်သည့် အယူအဆများကြောင့် ၀ရုန်းသုန်းကားဖြစ်နေမှုများကို ထောက်ပြ၍ အလ် ကာဘီက ထည့်သွင်းပြောကြားခဲ့သည်။
    “ဒီလိုဥပဒေမျိုးတည်ရှိခြင်းဟာ နိုင်ငံအားလုံးအတွက် အရေးတကြီး လိုအပ်ချက်ပါ။ အထူးသဖြင့် ဆိုရှက်နက်ဝက်တွေမှာ လူမျိုးရေးအမုန်းတရားကို လှုံ့ဆော်နေတဲ့ စိုးရိမ်ဖွယ်ရာ အခုလို အချိန်မျိုးမှာပါ”
    ထို့ပြင် အလ်ကာဘီက ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၂၀၀ ကျော်မှ နိုင်ငံခြားသားများ နေထိုင်ကြသည့် ယူအေအီးတွင် နိုင်ငံသားများနှင့် လာရောက်နေထိုင်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို မီးမောင်းထိုးပြခဲ့ကာ ကုလ၏ ငြိမ်းချမ်းရေး ပြုစုစောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး နိုင်ငံတကာအဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာနှင့်အညီ မတူညီသော နိုင်ငံပေါင်းစုံမှ နိုင်ငံသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော ကမ္ဘာ့တစ်ဝှမ်းရှိနိုင်ငံများတွင် ယူအေအီးမှာ ထိပ်တန်းအဆင့် ရှိနေသည်ဟု ထောက်ပြခဲ့သည်။
    ထောက်ခံကြိုဆို
    —————–
    လူ့အခွင့်ရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ဂျီနီဗာစင်တာမှ ဒေါက်တာ ဟာနစ်ဖ် အလ် ကာစင်မ်ကမူ ခွဲခြားမှု၊ အမုန်းတရားနှင့် ဘာသာရေးမထိလေးစားပြုမှု လုပ်ရပ်အားလုံးကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည့် အဆိုပါဥပဒေကို ထောက်ခံချီးကျူးခဲ့သည်။
    “ဒီတန်ဖိုးတွေဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအမှတ်သညာရဲ့ မဏ္ဍိုင်တွေပါပဲ။ ဒါတွေကို မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းသွားဖို့ နိုင်ငံတော်က ထိန်းသိမ်းထားပါတယ်”
    ဖက်ဒရယ်အမျိုးသားကောင်စီ FNC မှာ ပထမလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်၊ အဘူဒါဘီအစိုးရ အမှုဆောင်အာဏာပိုင်အဖွဲ့ဝင်ဖြစ်ပြီး အဘူဒါဘီ ပညာရေးကောင်စီ၏ အထွေထွေဒါရိုက်တာဖြစ်သူ  ဒေါက်တာ အမာလ် အလ် ကွာဘိုင်စီကလည်း ထိုဥပဒေသစ်ကို ချီးကျူးခဲ့သည်။
    သူမက ဘာသာရေးသည်းခံမှုမှာ ယူအေအီးနိုင်ငံ စတင်တည်ထောင်ကတည်းက ထိန်းသိမ်းလာခဲ့သည့် အဓိကတန်ဖိုးဖြစ်ပြီး အပြန်အလှန်နားလည်မှုရှိသော လူ့အဖွဲ့အစည်းတွင် ကမ္ဘာတစ်ဝှမ်းမှ လူမျိုးပေါင်းစုံ ငြိမ်းချမ်း၊ တည်ငြိမ်စွာ နေထိုင်နေမှုအား ထောက်ပြခဲ့သည်။
    ထို့ပြင် ခွဲခြားမှုနှင့် အမုန်းစကားများကို တိုက်ထုန်ရန် ခေါင်းဆောင်မှုပိုင်းမှ ညွှန်ကြားချက်များကို ယူအေအီးက အမြဲတမ်း အလေးထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အီမရိတ် စာရေးဆရာများသမဂ္ဂကလည်း ယခုဥပဒေသစ်ကို ချီးကျူးခဲ့ပြီး အဆိုပါဥပဒေမှာ ယူအေအီးနိုင်ငံအား စတင်တည်ဆောက်ခဲ့သည့် အချိန်ကတည်းက ဖြစ်တည်ခဲ့သော လွတ်လပ်မှု၊ သည်းခံမှု၊ အခြားသူများအား လက်ခံမှု၊ အမြင်၊ အယူအဆ၊ ယုံကြည်ချက်နှင့် အခြားသူများ၏ တန်ဖိုးများကို လေးစားမှု စသည့် စည်းမျဉ်းစည်းကမ်းများကို စုစည်းခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    ယူအေအီးနိုင်ငံမှာ အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ဥပဒေစိုးမိုးမှုဖြင့် အာမခံ၊ ကာကွယ်ပေးထားသည်။
    ref: Emirates 24/7 News