News @ M-Media
Tag: anti_Muslim_in_Myanmar
  • ကချင်ပြည်နယ် တနိုင်း တွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျ စီစဉ် ပြုလုပ်နေ
    ဇွန် ၁၅၊ ၂၀၁၃
    M-Media
    ရဲရင့်သူ
    တနိုင်း ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး တနိုင်းမြို့တွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျစီစဉ် ပြုလုပ်နေကြာင်းသိရသည်။
    Ta Nai, Kachin, Burma
    ကချင်ပြည်နယ် ဖားကန့်မြို့အနီး တနိုင်းတွင် ၂၀၁၃-ခု သင်္ကြန်ရက်အတွင်းမှစတင်၍ ၃-၄ ရက်ဆက်တိုက် မြို့ထဲတွင် ၉၆၉ စာများဖြန့်ဝေခြင်း၊ တရားဟောခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။ ထို့အတွက် မြို့နယ်ဥက္ကဌ၊ မြို့နယ်ဦးစီးမှူး၊ SB တို့နှင့်အတူ မြို့နယ်သံဃာ့နာယကထံ ပြောကြားသော်လည်း မြို့နယ်သံဃာ့နာယကမှ သိရှိ၍ အမျိုးဘာသာ သာသနာအတွက် ပြုလုပ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းပြောသည်။ စာရွက်စာတမ်းဝေငှသည်မှာ တရားဥပဒေနှင့် ငြိစွန်းသည်ဟု ပြောကြားသော်လည်း မိမိတိုင်းပြည် မိမိလူမျိုးအတွက် ပြုလုပ်ခြင်းဖြစ်သည့်အတွက် မည်သည်မှ ဖြစ်စရာအကြောင်းမရှိဟု ပြန်လည်ပြောကြားခဲ့သည်။
    မွတ်စလင်မ်လူနည်းစုများအပေါ် ယခုကဲ့သို့ ဖိနှိပ်မှုများပြုလုပ်နေသည်မှာ မသင့်တော်ကြောင်း၊ အကယ်၍ မိမိတို့ ဗုဒ္ဓဘာသာတရားအား ဤကဲ့သို့ ဖိနှိပ်မည်ဆိုပါက မည်သို့ ခံစားရမည်ဖြစ်ကြောင်းကို မြို့နယ်ဥက္ကဌ ခရစ်ယာန်ဘာသာဝင်မှ ရှင်းလင်းပြောဆိုခဲ့သော်လည်း သံဃာနာယကနှင့် အချေအတင်ဖြစ်ပြီး ပြန်လာခဲ့ရကြောင်းသိရသည်။
    ယင်းကဲ့သို့နေလာခဲ့ရာမှ လွန်ခဲ့သည့် မေလ ၂၈-ရက်ဝန်းကျင်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးများကို ဘုန်းကြီးကျောင်း၌ခေါ်ယူ၍ တနိုင်းမှ မွတ်စလင်မ်များကို မောင်းထုတ်ပေးရန်၊ ဆောက်လုပ်ရေးဝင်းအတွင်း နေထိုင်သော မွတ်စလင်များနှင့် ရုံးတန်းလျားများတွင် ဆိုင်ဖွင့်ထားသော မွတ်စလင်များအားလည်း မောင်းထုတ်ပေးဟု တောင်းဆိုခဲ့ကြောင်းသိရသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဤကဲ့သို့ ပြုလုပ်၍မရကြောင်း၊ ဥပဒေနှင့် မညီညွတ်ကြောင်း၊ ငှားရမ်းထားသော စာချုပ်သက်တမ်းကုန်ဆုံးပါက နောက်ထပ် ငှားရမ်းခွင့်မပြုရန်သာ ပြုလုပ်နိုင်ကြောင်းပြောပြခဲ့သည်ဟုလည်း သိရသည်။
    အဆိုပါကိစ္စကို မကျေနပ်၍ ပြီးခဲ့သော စနေနေ့တွင် ဘုန်းကြီးကျောင်းသို့ မြို့နယ် အာဏာပိုင်ကို ဖိတ်ခေါ်၍ လူအစုအဝေးပြုလုပ်ပြီး ဘုန်းကြီးမှ ‘မြို့မိ မြို့ဖ ဒကာ ဒကာမတို့ ကိုယ့်မြို့အတွက် ပြောစရာရှိတာပြော’ဟုဆိုသဖြင့် ရတနာစည်ဘီယာနှင့် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်နုနုဝေမှ အချက်(၅)ချက်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။ အဆိုပါ အချက်များမှာ
    (၁) တနိုင်းရှိ မွတ်စလင်မ်များအားလုံး မောင်းထုတ်ပေးရေး၊
    (၂) တနိုင်းသို့ မွတ်စလင်မ်များ နောက်ထပ် ၀င်မလာရေး၊
    (၃) မည်သည့်မွတ်စလင်မ်အိမ်တွင်မှ ဘုရားရှိခိုးခြင်း(နမားဇ်ဖတ်) မပြုရန်၊
    (၄) ဆောက်လုပ်ရေးဝင်းအတွင်းတွင် ဖွင့်ထားသော လ္ဘက်ရည်ဆိုင်အား ချက်ချင်းပိတ်သိမ်းပေးရန်၊
    (၅) ရယကရုံးတွင် ဆိုင်ခန်းငှားရမ်းဖွင့်လှစ်ထားသော ဆိုင်ကယ်ပစ္စည်းဆိုင်အား ပိတ်သိမ်းပေးရေး တို့ဖြစ်သည်။
    ဥက္ကဋ္ဌနှင့်အဖွဲ့လည်း ထိုအစည်းအဝေးမှ ပြန်လာပြီးနောက် ချက်ချင်းပင် မွတ်စလင်မ်ဆိုင်ပိုင်ရှင်များအား ဆိုင်ချက်ချင်း ပိတ်ပေးရန်ပြောသည့် အတွက် သက်ဆိုင်ရာသို့ ပြောသော်လည်း ပြဿနာမဖြစ်စေရန် ပိတ်ပေးရန်စေခိုင်းမှုကြောင့် မွတ်စလင်မ်များမှ ယခုကဲ့သို့ တစ်ဆိုင်ပိတ်ပေးလိုက်ပါက နောက်ထပ် အခြားသောဆိုင်များ ပိတ်သိမ်းပေးရန် ဖြစ်လာနိုင်မည်ကို ပြောသော်လည်း အခြားဆိုင်များ ပိတ်သိမ်းမှု မဖြစ်စေရန် ကြံရွယ်ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများမှ အာမခံသည့်အတွက် ပိတ်သိမ်းပေးလိုက်ကြောင်းသိရသည်။ ထိုသို့ ပိတ်သိမ်းပေးလိုက်ပြီး နောက်ရက်တွင်ပင် အခြားဆိုင်များအားလည်း ပိတ်သိမ်းခိုင်းပြီး ထိုမှတဆင့် ပစ္စည်းများနှင့် လူများအား ချက်ချင်းပင် ပြောင်းရွေှ့ခိုင်းလာကြောင်း သိရသည်။ ရွေှ့ပြောင်းရသော မွတ်စလင်မ်ဆိုင်ရှင်မှ မိမိမြေကွက်တွင် အိမ်ဆောက်ပြီးလျှင် ရွှေ့ပြောင်းပေးမည်ပြောသော်လည်း အခြားနေရာတွင် ငှားရမ်းနေထိုင်ပါဟု ပြောဆိုသောကြောင့် အိမ်ငှားရမ်းသော်လည်း မည်သူမှ မငှားရမ်းသောကြောင့် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
    ထို့နောက် တနိုင်းတွင် နေ့စဉ်လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် တနိုင်းတွင် အိမ်ထောင်စုတွင် နာမည်မပါရှိသူများပါ မနေပဲ ပြန်ခိုင်းကြောင်း၊ ရယက၊ မယကတွင် ထောက်ခံချက်တောင်းသော်လည်း မရရှိသောကြောင်း၊ မယကမှ ပြောသည်မှာ ‘ဗုဒ္ဓဘာသာများသည် မွတ်စလင်မ်များအား တနိုင်းမှထွက်ခွာသွားစေလိုကြောင်း၊ ဤရွာတွင် ဆက်နေပါက ဖျက်ဆီးပြီး ဒုက္ခရောက်အောင် ပြုလုပ်မည်သောကြောင့်’ တနိုင်းတွင် မနေရန် မောင်းထုတ်သကဲ့သို့ ပြုလုပ်လာကြောင်း၊ အာဏာပိုင်မှလည်း မွတ်စလင်မ်များအား ကာကွယ်ပေးမှု မရှိကြောင်း၊ ဥပဒေကြောင်းအရ မည်သို့မှ ကာကွယ်မှု မပြုပေးနိုင်ပဲရှိနေကြောင်း၊ လာမည့် ၂၀-ရက်နေ့တွင် ဗုဒ္ဓဘာသာ လူငယ်အဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းနေ့တ၀ိုက်တွင်ပင် တနိုင်းရှိ မွတ်စလင်မ်ဆိုင်များအား လိုက်လံဖျက်ဆီးမည်ဖြစ်ပြီး ဆိုင်ခန်းများအားလည်း ဓါတ်ပုံများရိုက်ယူထားသည်ဟု သတင်းများထွက်ပေါ်နေပြီး မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျစီစဉ် ပြုလုပ်နေသောကြောင့် တနိုင်းမြို့ခံမွတ်စလင်မ်များ စိတ်သောကရောက် အခက်အခဲကြုံတွေ့နေရကြောင်းကို တနိုင်းမြို့ခံများထံမှ ဆက်သွယ်သိရှိရပါသည်။
  • အကြမ်းဖက်ခံရမှုကြောင့် ဥက္ကံမှ ရွှေပြောင်းလာသူအား ကူညီထောက်ပံ့
    ဇွန်လ-၅၊၂၀၁၃
    M-Media
    သတင်း – ဆူးထက်
    ဥက္ကံမြို့တွင် နေအိမ်များ အကြမ်းဖက်ခံရသော အစ္စလာမ်ဘာသာဝင် များထဲမှ ရန်ကုန်မြို့သို့ ရွှေ့ပြောင်း နေထိုင်လာသော မိသားစုတစ်စုအား အမည်မဖော်လိုသူ အစ္စလာမ် ဘာသာဝင် အလှူရှင် တစ်ဦးမှ မဖရီဒါ မှတဆင့်  မစိုးစိုး ဦးဆောင်သော လူသားခြင်း စာနာ ထောက်ထားမှု ဆိုင်ရာ အစ္စလာမ် အမျိုးသမီးများ ကွန်ယက် မြန်မာ (Islamic Women humanitrian Network Myanmar) နှင့် ချိတ်ဆက်၍ ဇွန်လ ၄ရက်နေ့က နေ့လည် (၁)နာရီတွင် အဆိုပါ မိသားစု နေထိုင်ရာသို့ ငွေကျပ် နှစ်သိန်းတိတိ သွားရောက် လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    11
    မီးလောင်သွားတဲ့ နေအိမ်ကို ကြည့်ပြီး ဝမ်းနည်းပူဆွေးနေသည့် သားအမိ
    ဓါတ်ပုံ – AP
    “အရမ်းပဲ ပြောမပြတတ်အောင် ၀မ်းနည်း၊ ၀မ်းသာဖြစ်ရပါတယ်၊ အခုလို လာရောက် အားပေးစကားပြောတဲ့ အတွက်ရော၊ အကူအညီပေးတဲ့ အလှူရှင်ကိုရော ဒီ့ထက် အလ္ဘာဟ်ရှင်မြတ်ဘက်က ပြန်ပေးပါစေ လို့ဆုတောင်းပေးပါတယ်၊ အခု ဒီပတ်ဝန်းကျင်က အန်တီတို့ အတွက် အရမ်းကို စိမ်းပါတယ်၊ နေသား မကျသေးပါဘူး၊ အခု ဒီပိုက်ဆံလေးက အန်တီတို့ မိသားစု စားဝတ်နေရေး အတွက် အရင်းအနှီးရတာပါ၊ အရမ်းကို ကျေးဇူးတင်ရှိပါတယ်၊ အန်တီ ခင်ပွန်းကလည်း စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရလို့ ကျန်းမာရေးကုသမှု ခံယူနေရတာပါ၊ အန်တီတို့က မိသားစု ငါးယောက်ရှိပါတယ်၊ အန်တီတို့က ပြည်ဇာတိပါ၊ ပြည်မှာ အရေးအခင်း ဖြစ်လို့ ဥက္ကံမြို့ကိုပြောင်းရွှေ့နေထိုင်လာတာ အနှစ် ၂၀နီးပါး ရှိပါပြီ၊ အခုလို ဥက္ကံမြို့ပေါ်မှာ ဒီလို အဖြစ်မျိုးကြုံရတော့ မနေရဲတော့ပဲ ပြောင်းလာကြတာပါ၊ ပစ္စည်းလည်း ဘာမှ ပြန်မရပါဘူး၊ ပစ္စည်းတွေကအစ အိမ်ကိုရော ထုရိုက် ဖျက်ဆီး ထားကြတာပါ၊ ဘာမှကို ပြန်မရပါဘူး၊ လူပဲ ကိုယ်လွတ်ရုန်း ပြေးခဲ့ရတာပါ ” ဟု M-Media သို့ပြောသည်။
    ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဥက္ကံဈေးထဲတွင် အလံတိုင် ဘုန်းကြီးကျောင်းမှ အသက် ၁၁ နှစ်အရွယ် ကိုရင်လေး ရှင်ပုည၏ သပိတ်ကို ဥက္ကံမြို့ ပါးနီပြင် ကျေးရွာမှ အစ္စလာမ် ဘာသာဝင် မ၀င်းဝင်းစိန်က မတော်တဆ ၀င်တိုက်မိရာ သပိတ်ကျကွဲသွားခဲ့မှုကို အစပြုပြီး ဥက္ကံမြို့ရှိ အစ္စလာမ်ဘာသာဝင်တို့အား အကြမ်းဖက်မီးရှို့တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
    ဧပြီလ ၃၀ ရက် ဥက္ကံမြို့နယ် အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှိုမှုများကြောင့် ဥက္ကံမြို့ပေါ်မှာ ဗလီ ၂ လုံး၊ ဘာသာရေးစာသင်ကျောင်း ၁ ခု ဈေးဆိုင်ခန်း ၂၀ ခု၊ လူနေအိမ် ၅၃ လုံး ပျက်ဆီ ခဲ့ပြီး ၊ ဒေသတွင်း ကျေးရွာတွေဖြစ်တဲ့ မီးလောင်စခန်း၊ ပနီပင်၊ ကျွဲပုံလေး၊ ခြောက်တဲနဲ့ ရတနာကုန်းကျေးရွာစတဲ့ ကျေးရွာ ၅ ရွာမှာတော့ ဗလီ ၁ လုံး၊ ဘာသာရေးစာသင်ကျောင်း ၂ ကျောင်း မီးလောင်၊ပျက်ဆီးခဲ့တဲ့အပြင် လူနေအိမ် ၁၅၁ လုံး မီးလောင်၊ ပျက်ဆီးမှုခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အစ္စလာမ်ဘာသာဝင် ၈ ဦး ဒဏ်ရာရရှိပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ မှတ်တမ်းများအရ သိရှိရပါသည်။
    အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်သည့်ဟု သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသောလဲ ယနေ့အချိန်ထိ တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှု ယနေ့အထိ ထင်သာမြင်သာရှိအောင် လုပ်ဆောင်တာ မတွေ့ရှိရသေးပေ။
  • ရ၀မ်ဒါမျိုးဖြုတ် သုတ်သင်မှုနှင့် ဆင်တူနေသည့် မြန်မာပြည် (ဘာသာပြန် ဆောင်းပါး)
    ဇွန်-၂၊၂၀၁၃
    ဘာသာပြန်-သာကီထက်ကောင်း
    မျိုးဖြုတ်သုတ်သင်ခြင်း၏ရှေ့ပြေးလက္ခဏာများဖြစ်သော လူမျိုးစုသန့်စင်ဖယ်ရှားရေးနှင့်  လူသားဖြစ်မှုကိုဆန့် ကျင် ကျူးလွန်သည့်ပြစ်မှုများမှာ မြန်မာနိုင်ငံတွင် ပေါ်လွင် ထင်ရှားလျက်ရှိသည်။ သို့ သော် မြန်မာအများစုက ငြင်းဆန်ပယ်ချနေဆဲ။
    49
    လားရှိုးအကြမ်းဖက်မှု
    လူ့အခွင့်အရေး လှုပ်ရှားသူများလည်း ၄င်းတို့အထဲပါဝင်နေသည်။ Human Rights Education Institute of Burma (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က လွန်ခဲ့သောလ အတွင်း ထုတ်ပြန်သည့် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ Human Rights Watch ၏ ရခိုင်အကြမ်းဖက်မှုအစီရင်ခံစာ၌ ပါဝင်သော      လူမျိုးစုသန့်စင်ဖယ်ရှားရေး (“ethnic cleansing”) ဟူသည့် အသုံးအနှုန်းကို လက်မခံနိုင်ကြောင်း ဆိုသည်။
    ထိုအသုံးအနှုန်းကို ကန့်ကွက်ငြင်းဆိုခြင်း (၀ါ) HRW အစီရင်ခံစာကို သွယ်ဝိုက်ငြင်းဆိုခြင်း သည် ရိုဟင်ဂျာများအပေါ် ကြီးမားသောချိုးဖောက်မှုများ၊ စိတ်တိုင်းကျ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေနိုင်သည့် အခြေအနေများရှိနိုင်သည်ဆိုသည့်အချက်ကို ဖုံးကွယ်ပေးလိုက်ခြင်း ဖြစ်သည်။ ဤသို့ ဖြင့် ရာဇ၀တ်သားတို့ကို ကာကွယ်ပေးရာရောက်စေသည့် အပြင် ကျူးလွန်ဖောက်ဖျက်မှုများကို စုံစမ်း စစ်ဆေးရန်နှင့် ကာကွယ်သင့် ကာကွယ်ထိုက်သည်များကို ပြင်ဆင်ရန်လိုအပ်ပြီဟူသော သတိပေးချက်ကို ကြိုတင် ပိတ်ဆို့ လိုက်ခြင်းသာဖြစ်သည်။
    ကြီးမားသောချိုးဖောက်မှုများထင်ရှားနေပါလျက် ဆိတ်ဆိတ်နေခြင်းက လူမိုက်အားပေးအ ဆိပ်ပင်ရေလောင်းခြင်းဖြစ်သည်။
    ဂျီနိုဆိုဒ် သည်  “ဖြစ်ရပ်”ချည်းမဟုတ်၊ လှုပ်ရှားမှု “ဖြစ်စဉ်” ဖြစ်
    မြန်မာပြည်သူများသည် “လူမျိုးစုသန်စင်ဖယ်ရှားရေး” နှင့် “မျိုးဖြုတ်သုတ်သင်မှု” ကို ရောထွေးကာ အတူတူဟုပင် ထင်မြင်ကြသည်။ ဤမျှမက မျိုးဖြတ်သုတ်သင်မှုသည် ရုတ်ခြည်း ပွင့်အံဖြစ်ပေါ်သော၊ လူထောင်ပေါင်းများစွာ တချိန်တည်း အသတ်ခံရသော ဖြစ်ရပ်ဟုအမြင်မှားကြသည်။
    ယင်းသို့အမြင်မှားစေခြင်းကြောင့် မြန်မာလူမျိုးများစွာတို့မှာ မိမိတို့တိုင်းပြည်၌ မျိုးဖြုတ်သုတ် သင်မှု မရှိဟု ယူဆသွားစေသည်။ သို့ ရှိရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်လာအောင် လှုပ်ရှားနေသည့် “ဖြစ်စဉ်” ကို အလေးမပြုတော့ပေ။
    တနည်းဆိုရသော် မျိုးဖြုတ်သုတ်သင်ရေး (genocide) ဆိုသည်မှာ ရုတ်တရက်ထဖြစ်သော၊ တချိန်တည်းထောင်ပေါင်းများစွာအသတ်ခံရသော “ဖြစ်ရပ်”(outbreak) မဟုတ်။ လူပေါင်းများစွာကို သတ်နိုင်သည့် အခြေအနေ ရရှိလာအောင် အချိန်တစုံတရာယူကာ ဖန်တီးသော လှုပ်ရှားမှု “ဖြစ်စဉ်” ဖြစ်သည်။
    သို့သော် အပြည်ပြည်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ သတ်ခြင်းထက် ပို၍ ကျယ်ဝန်းသည်။ လူမျိုးနွယ်တစ်ရပ် သို့မဟုတ် လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာရေးအုပ်စုတစ်စုအား တမင်ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးလုပ်ဆောင်ခြင်းက မျိုးဖြုတ်သုတ်သင်မှု – Genocide ကျူးလွန်ခြင်း အထမြောက်သည်ဟု 1948 Genocide Convention မှ သတ်မှတ်ထားသည်။ ယင်းဖွင့်ဆိုချက်တွင် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေခြင်း၊ မွေးဖွားမှုကို တားဆီးထိန်းချုပ်ခြင်း၊ အုပ်စုတစ်စု၏တည်ရှိမှုကို ပျက်စီးစေရန် ကလေးငယ်များအား ရွှေ့ပြောင်းခြင်း စသည်တို့လည်း ပါဝင်နေ၏။
    3
    ဥက္ကံ
    ဧပြီလ ၂၉ ရက်တွင်ထုတ်ပြန်သော အစိုးရ လက်အောက်ခံ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင် အစီရင်ခံစာသည်ပင်လျှင် အထက်ပါဖွင့်ဆိုချက်များအရ မျိုးဖြုတ်သုတ်သင်မှု၏ အစိတ်အပိုင်းပုံဟန် တစ်ရပ်အဖြစ် ယူဆသုံးသပ်၍ ရနေသည်။ အစီရင်ခံစာပါ ပျက်လိုဖျက်ဆီးဖြစ်စေသည့်မှတ်ချက်များစွာအနက်တစ်ခုမှာ ရိုဟင်ဂျာ အမျိုးသမီးများ အကြား မွေးဖွားနှုန်းကို တိုးမြှင့်ကန့်သတ် ထိန်းချုပ်ထားချက်ပင် ဖြစ်သည်။ တမင်ရည်ရွယ်ကြံဆောင်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ရိုဟင်ဂျာတို့ ၏ မွေးဖွားနှုန်းများရသည့် အခြေအနေကို ဘက်ပေါင်းစုံမှမကြည့်ပဲ မွေးဖွားနှုန်းထိန်းချုပ်စေခြင်းသည် မျိုးဖြုတ်သုတ်သင်မှုစာရင်းဝင်နေပါတော့သည်။
    ရ၀မ်ဒါနှင့် ဆင်တူနေသည့် မြန်မာပြည်
    မြို့ကြီးမြို့ငယ်များတွင်လည်း အကြမ်းဖက်ခြင်းများ၊ လူ့မြင်ကွင်း၌သတ်ဖြတ်နေမှုများကို မယုံကြည်နိုင်အောင် တွေ့နေရသည်။ ဤသည်မှာ ၁၉၉၄ ခုနှစ်၊ ရ၀မ်ဒါနိုင်ငံ၌ ရက်ပေါင်း ၁၀၀ အတွင်း လူပေါင်း ၈ သိန်းကျော် သတ်ဖြတ်သည့် ဖြစ်ရပ် အလားသဏ္ဍာန်မျိုးဖြစ်နေသည်။ ယင်းသတ်ဖြတ်ခံရသူအများစုမှာ တွတ်စီ လူနည်းစုဝင်များ ဖြစ်ကြသည်။ ရ၀မ်ဒါ၏ မျိုးဖြုတ်သုတ်သင်မှုသည်လည်း ရုတ်ခြည်းပွင့်အံခဲ့ခြင်းမျိုးမဟုတ်။ တစ်အုံတစ်ကျင်း အပြည့်အ၀စိတ်တိုင်းကျသတ်ဖြတ်မှုအနေအထားဖြစ်ပေါ်လာစေအောင် နှစ်များစွာကတည်းက ၊ အထူးသဖြင့် ၁၉၉၄ ခုနှစ်၊ ဧပြီလမတိုင်မီ လပေါင်း ၄၀ ကတည်းက  ကြိုတင်စီမံထားခဲ့ခြင်းဖြစ်သည်။
    Aiding Violence စာအုပ်ရေးသားသူ ကုလသမဂ္ဂအရာရှိဟောင်း Peter Uvin မှ ဤဖြစ်ရပ်ကို ရှင်းပြထားသည်။ တုန်လှုပ်ဖွယ်ရာများမှာ အဖြစ်အပျက်များသာမဟုတ်၊ မျိုးဖြုတ် သုတ်သင်မှု၏ လက္ခဏာများအား လျစ်လျူရှုခဲ့ခြင်းသည် အကြီးအကျယ် တုန်လှုပ်ဖွယ်ကောင်းသည်။ ယင်းနိမိတ်လက္ခဏာများကို ယခုအခါ မြန်မာနိုင်ငံ၌ ရှင်းလင်းပြတ်သားစွာ တွေ့မြင်လာရသည်။ မြန်မာနိုင်ငံသည် ရ၀မ်ဒါကဲ့သို့ မလွဲမသွေဖြစ်လာလိမ့်မည်ဟု မဆိုလိုသော်လည်း   ၁၉၉၄ ခုနှစ်၊ ဧပြီလမတိုင်မှီ ရ၀မ်ဒါရှိ နိမိတ်လက္ခဏာများကို ယနေ့မြန်မာနိုင်ငံတွင် စစ်ဆေးတွေ့ရှိနေရသည်။
    by Sithu Lwin  1
    မိတ္ထီလာ
    ရ၀မ်ဒါနှင့်မြန်မာ – နိုင်ငံတကာဆက်ဆံရေး
    ၁၉၉၄ ခုနှစ်၊ ဧပြီလ မတိုင်မီက ဟူတူးလူမျိုးစုကြီးစိုးသော ရ၀မ်ဒါအစိုးရကို နိုင်ငံတော်တိုးတက်စေရေး အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ငွေကြေး အထောက်အပံ့များစွာဖြင့် ဂုဏ်ပြုအားပေးခဲ့သည်။ မည်သည့် အတွက်ကြောင့် ချီးမြှင့်ကူညီကြပါသနည်း ? စီးပွားရေးပြုပြင်ပြောင်းလဲမှု ဟူသောအကြောင်းရပ်ကြောင့် ဖြစ်သည်။ သန်းနှင့်ချီသော ဒေါ်လာ လှိုင်းလုံးတို့သည် နိုင်ငံတွင်းသို့ အတောမသတ် စီးဝင်လာကြသည်။ ရ၀မ်ဒါအစိုးရက ယင်းဖွံ့ဖြိုးရေး အထောက် အကူပြု နိုင်ငံခြား ကူညီထောက်ပံ့ငွေများ အပေါ် အပြည့်အ၀ ချုပ်ကိုင်ထားခဲ့ကြသည်။ ၈၀ % နှုန်းအထက်မှာ အစိုးရပိုင်းသို့ ရောက်ရှိသွားပြီး ကျန်ငွေများ သုံးစွဲရန် အစိုးရ ထောက်ခံချက်ပါရသည်။ ဥပမာအားဖြင့် ယင်းသို့အသားတင်အမြတ်ထုတ်နေခြင်းအပေါ် အမေရိကန်က ပြစ်တင်ရှုတ်ချမှု မပြုသည့်အပြင် စစ်တပ်ဆက်ဆံရေး၊ စစ်ရေးကူညီရေးတို့ ကိုပင် မလျော့ချခဲ့။
    လက်ရှိတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပတ်သက်မှုလက်ရှိအနေအထား၊ ထောက်ပံ့ငွေများ စီးဝင်နေမှု၊  International Crisis Group မှ သမ္မတဦးသိန်းစိန်အား ဆုချီးမြှင့်မှု၊ အမေရိကန်၏စစ်ရေးအရပါဝင်လာမှုတို့ မှာ ရ၀မ်ဒါ နှင့် မြန်မာနိုင်ငံ ထပ်တူနီးပါး ဖြစ်နေသည်။
    ရ၀မ်ဒါ၌ US ၊ EU ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံအတွင်းအပြင်အလှူရှင်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအားလုံးသည် လူထုနှင့်ပူးပေါင်းဆောင်ရွက်မှုကိုဖယ်ခွာ၍ အစိုးရနှင့်သာ တိုက်ရိုက်ပတ်သက်ဆောင်ရွက်ခဲ့ကြသည်။ အစီအမံပရိုဂရမ်များမှာ အစိုးရ၏အားကောင်းရေးအတွက်သာ ဆင်ယင်ခံရသည်။ အစိုးရပိုင်းကလည်း မျိုးဖြုတ်သုတ်သင်ရေးကိစ္စကို ဌာနဆိုင်ရာအစည်းအဝေးများတွင် ပြောင်ပြောင်တင်းတင်း ဆွေးနွေးစီစဉ်ခဲ့ကြသည်။ သို့ သော် ဒလဟောတိုးဝင်လာသော နိုင်ငံတကာလှူဒါန်းပံ့ပိုးငွေများမှာမူ အစိုးရကို ပိုမိုခိုင်မာအားကောင်းအောင် အဆုံးစွန်ထိ ကူညီရာရောက်သွားခဲ့သည်။ အစိုးရပိုင်းကလည်း သစ်ခုတ်ဓားကဲ့သို့လူသတ်လက်နက်ပေါင်း ၅၈၁,၀၀၀ ကို တရုတ်ပြည်မှ ၀ယ်ယူတင်သွင်းသည်။ ဗြိတိသျှ ဂျာနယ်လစ် Linda Melvern ၏အဆိုအရ ၁၉၉၀ ခုနှစ်တွင် ဒေါ်လာ ၂၆ သန်း တန်ကြေးရှိလက်နက်အရောင်းအ၀ယ်တစ် ရပ်ကို အီဂျစ်၌ လက်မှတ်ရေးထိုးခဲ့သည်။
    A body is seen on a street in Meikhtila 21 match
    မိတ္ထီလာ
    ရ၀မ်ဒါနှင့်မြန်မာ – လူ့ အခွင့်အရေးအစီရင်ခံစာများ
    ရ၀မ်ဒါ၌ ဖြစ်ပျက်နေမှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းအကြား သြဇာထွားသူများ မည်ရွေ့မည်မျှ သိမသိကို အတိအကျမသိနိုင်သော်လည်း  ၁၉၉၃ ခုနှစ်တွင် NGO အဖွဲ့ကြီးလေးဖွဲ့မှလည်း ကောင်း၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထံမှ လည်းကောင်း အစီရင်ခံစာတစ်စောင်စီ ထွက်ပေါ်ခဲ့သည်။ ၄င်းတို့၌ တအုံတကျင်းလက်နက်ဖြန့်ဝေနေမှု၊ တူစီဆန့်ကျင်ရေး အစွန်းရောက်နေမှု၊ အစိုးရမှကျောထောက်နောက်ခံပြု၍ တူစီတို့အား အဓိကဦးတည်သတ်ဖြတ်နေမှု များကို အသေးစိပ် ဖော်ပြထားသည်။ သို့သော် မည်သူတစ်ဦးမျှ မတုန့်ပြန် အရေးမယူခဲ့ကြချေ။
    မြန်မာနိုင်ငံနှင့်ဆင်တူသည်မှာ ကုလသမဂ္ဂသံတမန်များဖြစ်သော မစ္စတာ သောမတ်စ် ကင်တားနား နှင့် မစ္စတာ ဗီဂျေးနမ်ဘီးယား တို့၏ ထုတ်ပြန်ပြောဆိုချက်အပြင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှု အဖွဲ့ HRW ၏ အစီရင်ခံစာလည်း မကြာသေးမီက ထွက်ရှိလာသည်။ ၄င်းတို့၌ ရိုဟင်ဂျာ လူမျိုးစုအား ဆန့်ကျင်အကြမ်းဖက်မှုများ ကျယ်ပြန့်ကြီးထွားလာသည့်အကြောင်း၊ အစီအစဉ်ရှိရှိအကွက်ချ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအကြောင်းကို အနုစိပ် ဖော်ပြထား၏။ မြန်မာနိုင်ငံအလယ်ပိုင်းတစ်ခွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုကြီး၌ နိုင်ငံတော်၏ပါဝင်ပတ်သက်နေမှုအထောက်အထား အခိုင်အလုံရရှိထားကြောင်း မစ္စတာကင်တားနားမှ ဖော်ပြခဲ့သလို၊ မစ္စတာ နမ်ဘီးယားမှလည်း အကြမ်းဖက်မှုမှာ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်လှကြောင်း ထုတ်ဖော်ပြောကြားခဲ့၏။
    ဆက်၍ဆိုရပါလျှင် UN ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအကြီးအကဲ ဗိုလ်ချုပ် Romeo Dallaire  က ရ၀မ်ဒါတွင် ပြင်းထန်သော မျိုးဖြုတ်သုတ်သင်မှုအကြောင်းကို အထူးအစီရင်ခံခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်။
    CIA သုတေသနဌာနမှ သန်းတစ်ဝက်ခန့် လူအသေအပျောက် ရှိနိုင်သည်ဟု ၁၉၉၄ ခုနှစ် ဇန္န၀ါရီလ၌ ခန့်မှန်းသုံးသပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်ဟု ဘယ်လ်ဂျီယံမှ သုံးသပ်ကြောင်း၊ ပြင်သစ်သည်လည်း အလားတူသိရှိခဲ့ကြောင်း၊ သို့ရာတွင် ဧပြီလနှောင်းပိုင်းအထိ ၄င်းတို့သည် မည်သည့် တုန့်ပြန်ဆောင်ရွက်မှု မရှိခဲ့ကြောင်း HRW ၏ အစီရင်ခံစာတစ်စောင်က ထောက်ပြထား၏။
    နှုတ်ဆိတ်နေမှုများ
    ရ၀မ်ဒါရှိ နိုင်ငံတကာ ဖွံ့ဖြိုးရေး ကူညီမှုအဖွဲ့ များမှ နိုင်ငံခြားသား ၀န်ထမ်းတို့သည်လည်း နှိပ်စက်စော်ကားခြင်းများ၊ သတ်ဖြတ်ခြင်းများကို ကောင်းစွာ သိရှိနေခဲ့၏။ သို့သော် ၄င်းတို့သည် အမျိုးမျိုးသော ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်း အကျိုးကြောင့် တစ်ခွန်းတစ်ပါဒမျှ မပြောဆိုခဲ့ကြ။ ဧရာမအကြမ်းဖက်မှုအဆင့်သို့ မရောက်သည့် အလား ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။ ၄င်းတို့၏ ငြင်းဆို ပယ်ချနေခဲ့မှုများမှာ ယနေ့မြန်မာလူမျိုးတို့၏အနေအထားအတိုင်းပင် ဖြစ်သည်။ ထိုသူတို့  နှုတ်ဆိတ်နေချိန်အတွင်း  လူသတ်ကောင်များကို တဖြည်းဖြည်းမွေးထုတ်ပေး နေပြီဖြစ်သည်။
    kyo pin kyout copy
    ဂျီနိုဆိုဒ် ကမ်ပိန်း
    သို့ သော် သာမန်လူမှ လူသတ်သမားများ၊ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်သူများအ ဖြစ် အလိုအလျောက်မဖြစ်သွားပါ။ ထိုလူများကို လူသတ်အမားများဖြစ်အောင် သိမ်းသွင်းရ သည်။ လူ့အခွင့်အရေးအစီရင်ခံစာတစ်စောင်၌ Alison Desforges က Genocide ကို အဓိပါယ်ဖွင့်ဆိုရာတွင် လူသတ်သမားများဖြစ်လာရန် အချိန်နှင့်အမျှ သိမ်းသွင်းနေသော လှုပ်ရှားမှုဟု ဖွင့်ဆိုသည်။ သို့ ရှိရာ ဂျီနိုဆိုဒ်ဆိုသည်မှာ အချိန်ကာလတခုအတွင်း လူသတ်ကောင်များစည်းရုံးသည့်၊ လူများစွာကို သတ်နိုင်သည့်အခြေအနေဖြစ်အောင် လှုပ်ရှားသည့် ကမ်ပိန်းဖြစ်သည်။
    လူထုသည် သာမန်အားဖြင့် လူသတ်သမားများ ဖြစ်မသွားနိုင်။ လိမ်ညာမုသားများ၊ ပုံဖျက်သတင်း/အမြင်မှားစေမှုတို့ဖြင့် ၄င်းတို့၏စိတ်ဓာတ်များကို မှိုင်းတိုက်သည့် စံနစ်တကျအကွက်ချလှုံ့ဆော်မှုအစီအစဉ်ကြောင့် လူသတ်သမားများဘ၀သို့ တအုံတကျင်း ကူးပြောင်းသွားရခြင်း ဖြစ်သည်။ အစီရင်ခံစာမှ Alison Desforges ထောက်ပြခဲ့သည့် ပင်မအချက်အချို့အား အထူးသတိပြုအပ်သည်။ အလားတူ နိမိတ်လက္ခဏာများကို မြန်မာနိုင်ငံ၌ တွေ့မြင်နေရသောကြောင့် ဖြစ်သည်။
    ရ၀မ်ဒါနှင့် မြန်မာ မီဒီယာ
    ရ၀မ်ဒါတွင် “ လူထုနိုးကြားရေး ” ကင်ပွန်းတပ် သတင်းစာသည် အမုန်းတရားသွတ်သွင်းရာ၌ အကျယ်လောင်ဆုံး ဖြစ်ခဲ့သည်။ များမကြာမီ ဒေသဆိုင်ရာ ခရိုနီ လုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများနှင့်ချိတ်ဆက်ထားသော အခြားဂျာနယ်နှင့် ခရိုနီ သတင်းစာများမှ ပူးပေါင်းပါဝင်လာခဲ့သည်။ ရေဒီယိုသတင်းဌာနများကိုလည်း ထူထောင်လာသည်။ လူထုကို မမှန်သတင်းမက်မောသူများ၊ သွေးဆာသူများဖြစ်လာအောင် လုပ်ကြံသတင်းလွှင့်ခြင်း၊ လူမျိုးကြီးဝါဒသွတ်သွင်းပေးခြင်း  လုပ်ငန်းစဉ်တို့ကို ဦးတည်ဖော်ဆောင်ခဲ့ကြသည်။
    မြန်မာနိုင်ငံတွင် ပြည်တွင်းမီဒီယာများက ရိုဟင်ဂျာ နှင့် မြန်မာမွတ်စ်လင်မ်တို့အား ဆန့်ကျင်ရန် မွှေနှောက်လှုံ့ဆော်လျက် ရှိနေသည်။
    ရ၀မ်ဒါနှင့် မြန်မာနိုင်ငံပညာရှင်
    အမုန်းတရားသွတ်သွင်းမှုလုပ်ငန်းစဉ်၌ ပညာရှင်များ၊ ပရော်ဖက်ဆာများ၏ ရေးသားချက်တို့ကို မှီငြမ်း၍ တရားဝင်ဆောင်ရွက်နိုင်မှုများ၊ မှိုင်းတိုက် ၀ါဒဖြန့်သူများ လိုအပ်သည်။ ပညာရှင်များ၏ အား၊ ပရောဖက်ဆာများ၏ အသံများလိုအပ်သည်။ ရ၀မ်ဒါတွင် ပါမောက္ခနှစ်ဦးဖြစ်သော Nahimana နှင့် Leon Mugesera တို့က ယင်းအခန်းကဏ္ဍ၏အဓိကဇာတ်ကောင်များ ဖြစ်သည်။ ၄င်းတို့နှစ်ဦးစလုံး အနောက်တိုင်းမှ ပညာသင်ယူခဲ့သည်။ အမာခံဝါဒဖြန့်သူများ မဖြစ်မီက ရ၀မ်ဒါတက္ကသိုလ်များတွင် သင်ကြားရေးပြုလုပ်ခဲ့ကြသည်။ ထိုသို့သောလူစားများ ပညာရင်ဆိုသူများကို မြန်မာနိုင်ငံတွင် ခက်ခက်ခဲခဲ ရှာယူရန် မလိုအပ်ချေ။
    အမုန်းဝါဒဖြန့် ချိရေး
    အမုန်းဝါဒဖြန့် သူများသည် ရ၀မ်ဒါတွင် ဟူတူးများသည် အိမ်ရှင်များဖြစ်ပြီး၊ တွတ်စီများသည် နယ်မြေသူခိုး တိုင်းတစ်ပါးဧည့်သည်များဖြစ်သည်ဟု ရုပ်လုံးဖော်ကြသည်။  တွတ်စီတို့၏စည်းလုံးမှု (Tutsi Unity) ဆိုသည့် အတွေးအခေါ်သည် တွတ်စီတို့က ရ၀မ်ဒါကို လွှမ်းမိုးရန်သိမ်းသွင်းဖြစ်သည်ဟု အမုန်းပွားစေရန် ထင်ယောင်ထင်မှားဖြစ်စေရန် လှုံ့ဆော် စွပ်စွဲသမုတ်ခဲ့ကြသည်။
    မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုကိုသာမက ယခုအခါ မြန်မာမွတ်စ်လင်မ်တို့အား နိုင်ငံခြားသားဧည့်သည်များအဖြစ် ကျယ်ပြန့်စွာပုံဖော်နေကြသည်။ ၄င်းတို့သည် နိုင်ငံ၊ လူမျိုး နှင့် ဗုဒ္ဓဘာသာအား လက်ဝါးကြီးအုပ်ရန်ကြံစည်နေသည်ဟု သမုတ်ခံနေရသည်။ (Tutsi Unity) ကဲ့သို့ ပင်  “၇၈၆” ဟူသော နံပါတ်အား အသုံးပြုသည်ဟုစွပ်စွဲသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးဟောပြောလှုံ့ဆော်သူတို့က ၇၈၆ ဟူသည် ၂၁ ရာစုတွင် မြန်မာနိုင်ငံနှင့်ကမ္ဘာကို မွတ်စ်လင်မ်တို့မှ သိမ်းယူမည့် ကိုယ်စားပြုချက်ဟု ဆိုကြသည်။ မွတ်စ်လင်မ်တို့၏အဆိုအရမူ ကုရ်အာန်ကျမ်းဂန်၏ပါဒတော်တစ်ရပ်ဖြစ်သည့် “ အလွန်တရာသနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင် အလ္လာဟ်၏ နာမံတော်ဖြင့်(အစပြုပါ၏)” ဟူသည်ကို ကိုယ်စားပြုထားချက်ဖြစ်ကြောင်း သိရ၏။
    ရ၀မ်ဒါရှိ တွတ်စီတို့ကို ပိုးဟပ်များဟု တံဆိပ်တပ်ခံရပြီး၊ မြန်မာနိုင်ငံရှိ ၀ါဒဖြန့်သူများနှင့်၎င်းတို့၏ဘက်တော်သားများက ရိုဟင်ဂျာတို့ကို ဗိုင်းရပ်စ်များ၊ ခွေးများဟု ခေါ်ဆိုကြသည်။
    ဟူတူးတို့ဦးဆောင်သည့် အစိုးရအဖွဲ့မှာ အလွန်ပင် ကောက်ကျစ်ရက်စက်ကြောင်း ရ၀မ်ဒါဖြစ်အင်က ပြသနေသည်။ ၀ါဒဖြန့်သူများက ပြည်သူတို့ကို လွဲမှားသောအချက်အလက်များတိုက်ကျွေးလျက် အသိမဲ့ပါးကွက်သားများအဖြစ်သို့ ဘ၀ပြောင်းအောင် ကြံဆောင်မပျက် ရှိခဲ့ကြသည်။ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ သတ်ဖြတ်ခံနေရသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုခေါင်းစဉ်အောက်မှ ထောက်ပံ့မှု မပြတ်ခဲ့။ အနောက်တိုင်းမှ အာဏာပိုင်တို့သည် မျိုးဖြုတ်သုတ်သင်ရေးဖြစ်လာတော့မည်ကို သိပါသော်လည်း အခါလွန်သည့်တိုင်အောင် မည်သည့် အရေးယူမှုများကို မလုပ်နိုင်ခဲ့။ ရ၀မ်ဒါ၌နေထိုင်နေကြသည့် အနောက်တိုင်းသားတို့ကလည်း တအုံတကျင်း သတ်ဖြတ်မှု  မဖြစ်နိုင်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ဖြစ်ပွားလာခဲ့ရသည်။
    maketila
    ကြိုတင်ကာကွယ်ဖို့  မြန်မာပြည်သူများတာဝန်ဖြစ်
    မြန်မာနိုင်ငံမှ လူအများစုတို့သည် တိုင်းပြည်ချစ်သယောင် “မျိုးဖြုတ်သုတ်သင်မှု” ဟူသော အသုံးအနှုန်းအား ကန့်ကွက်ကြ၏။ ၄င်းတို့၏ ငြင်းဆိုမှုက တအုံတကျင်း သတ်ဖြတ်နေမှုများကို အားပေးရာရောက်ကြောင်း မစဉ်းစားမိကြ။ ယင်းနိမိတ်လက္ခဏာတို့ကို ငြင်းဆန်ကန့်ကွက်ခြင်းမှာ ၄င်းတို့၏  အဓိကရည်ရွယ်ချက်မဟုတ်ချေ။ စင်စစ်မှာကား ကြိုတင်ကာကွယ်တားဆီးမှုများကို ပိတ်ဆို့လိုက်ခြင်းသာဖြစ်၏။ သို့မှသာ မတွေးဝံ့စရာ ကြမ်းကြုတ်ရက်စက်မှုများ အတားအဆီးမဲ့ ပွင့်ထွက်လာနိုင်မည်ဖြစ်ပေသည်။
    ရ၀မ်ဒါနှင့်ကွာခြားသည်ကား မြန်မာနိုင်ငံ၌ ရှေ့ပြေးလမ်းခင်းစကားများ ကြိုတင်ထွက်ရှိနေ၏။ ကာကွယ်တားဆီးမှု အစီအမံများကို ပြင်းပြင်းထန်ထန်ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်လှသည်။ ယင်းသို့သော လူမဆန်စွာသတ်ဖြတ်အကြမ်းဖက်နေမှုများ မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးနှင့်စုံစမ်းဖော်ထုတ်ရေးအပေါ် ပိတ်ဆို့ထားသူအပေါင်းတို့ထံ တစ်ပြေးညီ တာဝန်ရှိသွားပေမည်။ ချုပ်၍ဆိုရပါလျှင် နိုင်ငံ၏ကံဆိုးမိုးမှောင်ကျမှုများကို ဖယ်ရှားနိုင်စွမ်းရှိသူတို့မှာ လူများစုမြန်မာလူမျိုးများပင် ဖြစ်ပါသည်။
    The Irrawaddy မှ Signs of Coming Genocide in Burma? ဆောင်းပါးကို သာကီ ထက်ကောင်း မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • ဘာသာရေးကို အစွဲပြုပြီး အကြမ်းဖက်မှုဖြစ်စေရန် မြင်းမူမြို့တွင် ဖန်တီးလှုံ့ဆော်
    ဇွန်လ-၁၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    မြင်းမူမြို့။           ။         ဘာသာရေးကို အစွဲပြုပြီး အကြမ်းဖက်မှုများပြုလုပ်ရန်အတွက် မြင်းမူမြို့ မင်းရဲကျော်စွာရပ်ကွက်၌ ယမန်နေ့ မေလ ၃၁-ရက် ည (၁၀း၃၀)နာရီခန့်က အကြမ်းဖက်သမားတစ်စုက ဖန်တီးခဲ့သော်လည်း ပြဿနာကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပဲ ပြန်လည် တည်ငြိမ်အေးဆေးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
    Myin Mu
    ယင်းသို့ အကြမ်းဖက်မှုဖြစ်စေရန် ဖန်တီးလှုံ့ဆော်ခဲ့မှုနှင့်ပတ်သက်၍ မြင်းမူမြို့သို့ ဆက်သွယ်စုံစမ်းခဲ့သည်။ “ဟုတ်ပါတယ်။ မြင်းမူမြို့မှာ အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ မနေ့ညက ၁၀-နာရီခွဲလောက်က ဖြစ်သွားတာပါ။ ဖြစ်တာက မင်းရဲကျော်စွာရပ်ကွက်ထဲက ဦးသိန်းမောင်ဆိုတဲ့ မွတ်စလင်မ်တစ်ယောက်ရောင်းတဲ့ ထတ္တရာဆိုင်အနားမှာ လူ ၁၀-ယောက်လောက်က တုတ်တွေကိုင်ပြီး လာစုနေတယ်။ ဟုတ်ပါတယ် မင်းရဲကျော်စွာဆိုတာ မွတ်စလင်မ်တွေအများစုနေတဲ့ရပ်ကွက်ပါ။ အဲဒီနားမှာက မွတ်စလင်မ်တွေပဲရှိတာ။ ဗုဒ္ဓ ဘာသာက ၂-ဦးလောက်ပဲရှိတာ။  အဲဒါကိုတွေ့တော့ ဘာဖြစ်ပြီလဲ မသိဘူး။ အခြေအနေတော့ မကောင်းဘူးလို့ သိလိုက်တယ်။ အဲဒီနားမှာ လူတွေက စုရုံးစုရုံးဖြစ်သွားတယ်။ ကျွန်တော်တို့ မြင်းမူမှာက ဘာသတင်းမှ မကြားထားဘူးဗျ။ ဗုဒ္ဓဘာသာဘက်ကလည်း သတင်းထွက်တာမရှိဘူး။ မထင်ထားတော့ ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တာ။ အဲဒီမှာ လူကြီးတွေ ကလေးတွေအတွက် စိတ်ပူပြီး တချို့လည်း ရှောင်သွားလိုက်ကြတယ်။ ဒီမှာ လူလတ်ပိုင်းတွေပဲ ကျန်ခဲ့တာပေါ့ဗျာ။
    ခုနကပြောသလို လူစုနေပြီးတော့ မိနစ် ၂၀-လောက်နေတော့ Light Truck ကားတစ်စီးရောက်လာတယ်။ ကားပေါ်မှာ ဘုန်းကြီး ၇-၈ ပါးပါတယ်။ လူတွေလည်းပါတယ်။ တုတ်တွေ ဓါးတွေနဲ့ဗျ။ လူတွေကတော့ မြင်းမူမြို့ အစွန်အဖျား ဆင်းရဲသားရပ်ကွက်က လူတွေဗျ။ ပြီးတော့ မနေ့ညနေ ၆-နာရီခွဲလောက်က မြင်းမူမြို့ထဲကို ၀င်လာတဲ့ Dina ကားတစ်စီးရဲ့ ခေါင်မိုးပေါ်မှာ ဘုန်းကြီးတွေ အပြည့်နဲ့ ၀င်လာတာ တွေ့လိုက်ရတယ်။ အဲဒီ ဘုန်းကြီးတွေက မင်းကျောင်းမှာ တည်းနေတယ်လို့ သိရတယ်ဗျ။ အခုတက်လာလည်း အဲ့ဒီ အရှေ့ကပဲ တက်လာတာဗျ။
    အဲဒီ Light Truck ကားရောက်လာပြီး မကြာဘူး ရဲတွေ မော်တော်ပီကယ်တွေ ရောက်လာပြီး လူစုခွဲဖို့ပြောတယ်။ ဖြစ်တဲ့ ထတ္တရာဆိုင်နားမှာနေတဲ့ ဗုဒ္ဓဘာသာအမျိုးသားကလည်း ဒီလိုအကြမ်းဖက်မှု ပြဿနာတွေ မဖြစ်စေချင်ဘူး။ သူကတည်း အတင်းကို တောင်းပန်ပြီး မွတ်စလင်မ်တွေကလည်း ပြဿနာ မရှိပါဘူး။ အေးအေးဆေးဆေးနေတာပါလို့ တောင်းပန်တယ်။ လူတွေ အဲလို စုရုံးစုရုံးဖြစ်နေတာကို လူစုခွဲဖို့ ပြောနေပေမယ့် ဘုန်းကြီးတွေက လူစုခွဲစရာမလိုဘူး၊ မခွဲနဲ့ဆိုပြီးပြောတယ်။ ဒါပေမယ့် ၂၅ မိနစ်လောက်ကြာပြီးတော့ လူစုခွဲသွားပါတယ်။
    အာဏာပိုင်အနေနဲ့တော့ လာတာက ရဲနဲ့ လုံထိန်းတော့ရှိတယ်။ ဖြစ်တဲ့နေရာနားမှ နည်းနည်းပဲ စောင့်နေတော့တယ်။ လုံခြုံရေးကတော့ ပတ္တရောင်ပုံစံမျိုး ဆိုင်ကယ်တွေနဲ့ ပတ်နေတယ်။ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ အေးဆေးသွားပြီဆိုပေမယ့် ကျွန်တော်တို့တော့ စိတ်မချနိုင်သေးပါဘူး။ လူကြီးတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် စိုးရိမ်နေရပါတယ်။ ဘာပြဿနာမှ မဖြစ်စေချင်ပါဘူး”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်ကို မြင်းမူမြို့ခံမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    Photo-Google
  • လားရှိုးမြို့ အကြမ်းဖက်မှုများအပေါ် တရားဥပဒေစိုးမိုးရေး ရှိစေချင်သူ ပြည်သူတစ်ဦး ပြောကြားချက်
    မေလ-၃၀၊ ၂၀၁၃
    M-Media
    ဇာဏီ
    “လားရှိုးမြို့ အကြမ်းဖက်မှု ပြဿနာ အစ အမျိုးသမီးကို မီးရှို့တယ်ဆိုတဲ့ ကိုနေ၀င်းဟာ သာမန်လူမဟုတ်ပါဘူး။ သူဟာ အရက်ကြောင် ကြောင်တတ်ပါတယ်။ သူ့ရဲ့ ဆေးမှတ်တမ်းတွေကိုလည်း ကျိုင်းတုံကနေ ယူဖို့ လုပ်ထားပါတယ်။ သူရဲ့ ဆေးမှတ်တမ်းတွေရှိပါတယ်။ သူက အဲလို ပုံမှန်မဟုတ်တဲ့ အချိန်တွေဆို အိမ်ကနေ ၃-၄-၅ ရက် ပျောက်သွားတတ်တယ်။ ပြီးတော့မှ ပြန်လာတဲ့အခါတွေရှိတယ်။
    နောက်ဖြစ်စဉ်တစ်ခုက လွန်ခဲ့တဲ့ ၄-၅နှစ်က သူဟာ အလုပ်တစ်ခုနဲ့လာရင်း မန္တလေးမြို့ ၂၇-လမ်းဘက်က တည်းခိုခန်းတစ်ခုရဲ့ တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်လိုက်သေးတယ်။ သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ သိသာတယ်။ အဲဒီ ဆေးမှတ်တမ်းတွေကိုလည်း ရအောင် ယူထားသင့်ပါတယ်။ တာဝန်ရှိသူတွေက အဲဒါတွေကို ဖျောက်ဖျက်ပစ်လိုက်မှာ စိုးရိမ်ရပါတယ်။
    ရဲသတင်း(ရဲဇာနည်)က တက်လာတဲ့အထဲမှာ အဲဒီဖြစ်စဉ်ကို ဖော်ပြရာမှာ အမျိုးသမီးရဲ့ ကိုးကွယ်တဲ့ဘာသာမပါဘူး။ ဒီအမျိုးသားရဲ့ ကိုးကွယ်တဲ့ဘာသာကို ရဲဘက်က ထည့်ထားတာရှိတယ်။ အဲဒါမျိုးဆို ဒါက တမင် ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တဖက်က တရားလိုက ဘာသာမဲ့ တရားခံက ဘယ်ဘာသာဆိုတာ ဖော်ပြပြီးရေးတာက ဘယ်လမ်းကို သွားနေတယ်ဆိုတာ သိသာထင်ရှားနေတယ်။
    1
    ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ(မန္တလေး)ရဲ့ အရေးပေါ်စည်းဝေး
    မနေ့က ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး ကော်မတီ(မန္တလေး)ရဲ့ အရေးပေါ်စည်းဝေးလုပ်တယ်။ ဦးဝီရသူလည်း အဲဒီထဲမှာ ပါနေတယ်။ ဦးဝီရသူရဲ့ အပြောတွေက မူမမှန်ဘူး စကားကို အမျိုးမျိုးပြောနေတာ သုံးသပ်လို့ရတယ်။ ဦးဝီရသူက လားရှိုး စိတ္တသုခကျောင်းကို ကုလား လေး-ငါးဆယ်က ၀ိုင်းထားတယ်လို့ပြောတယ်။ စိတ္တသုခကျောင်းဆိုတာက ကျောင်းထိုင်ဆရာတော် ဦးပုညက ဘ-ကကျောင်းလေးဖွင့်ထားတယ်။ ဘေးမှာက မွတ်စလင်မ်ရပ်ကွက်ရှိတယ်။ အဲ့ဒီက မွတ်စလင်မ်ကလေးတွေလည်း အဲ့ဒီကျောင်းမှာ လာတက်ရတယ်။ ဆရာတော် ဦးပုညက ဒီကလေးတွေကိုလည်း သံယောဇဉ်ရှိတဲ့အတွက် မိဘတွေကိုရော ကျောင်းထဲမှာ ခေါ်ပြီး ထိန်းသိမ်းထားပေးတယ်။ အဲဒါကို ဦးဝီရသူက ကုလားတွေက ပြန်ချဖို့ လူစုနေတယ်လို့ပြောတယ်။ ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေးကော်မတီက တချို့လည်း ဦးဝီရသူက ဒီအဖွဲ့မှာ ပါနေတာကို စိတ်ညစ်တယ်။ ဦးဝီရသူ လုပ်ထားတဲ့ကိစ္စတွေကိုပဲ လိုက်ရှင်းနေရသလိုဖြစ်နေတယ်။
    အခု လားရှိုးကိစ္စကလည်း ဦးဝီရသူ အဲ့ဒီဘက် တကြောသွားတယ်။ သူပြန်လာပြီး မကြာဘူး ဒီပြဿနာဖြစ်တယ်။ အခုဖြစ်နေတဲ့ ကိစ္စတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လိုနေတယ်။ ကျွန်တော်တို့ကတော့ တရားဥပဒေစိုးမိုးရေး ဖြစ်စေချင်ပါတယ်”လို့ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။