News @ M-Media

Tag: Arab Spring

  • အာရပ်နွေဦးတော်လှန်ရေးကြောင့် ဒေသတွင်း ဘီလီယံ ၆၀၀ ကျော် ဆုံးရှုံး

    အာရပ်နွေဦးတော်လှန်ရေးကြောင့် ဒေသတွင်း ဘီလီယံ ၆၀၀ ကျော် ဆုံးရှုံး

    နိုဝင်ဘာ ၁၃၊ ၂၀၁၆
    M-Media

    arab

    – ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် အာရပ်နွေဦးတော်လှန်ရေး၏ နောက်ဆက်တွဲ အစိုးရများ ပြောင်းလဲခြင်း၊ ပဋိပက္ခများ ဆက်တိုက်ဖြစ်ခြင်း၊ ရေနံဈေးနှုန်းကျခြင်းတို့ကြောင့် ဒေသအတွင်း ကန်ဒေါ်လာ ၆၁၄ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ အနောက်အာရှဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCWA) က ပြောကြားလိုက်သည်။

    တော်လှန်ရေးမဖြစ်ပွားခင်က ရှိနေသည့် တိုးတက်မှုကို အခြေခံကာ ESCWA က တွက်ချက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆုံးရှုံးမှု ပမာဏမှာ ပြီးခဲ့သည့်နှစ်ကအထိ ဂျီဒီပီ ၆ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ထိုရလဒ်ကို ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့ကာ ကမ္ဘာစီးပွားရေးနှင့်ပတ်သက်၍ ESCWA ၏ ပထမဆုံးတွက်ချက် ထုတ်ပြန်မှုလည်း ဖြစ်သည်။

    ၂၀၁၀ ခုနှစ် ဒီဇင်ဘာတွင် တူနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အာဏာရှင်တော်လှန်ရေးမှစတင်၍ အာရပ်နွေဦးတော်လှန်ရေး ပေါ်ပေါက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ယီမင်၊ ဆီးရီးယားနှင့် လစ်ဗျားတို့မှ အာဏာရှင်များကိုလည်း ဖြုတ်ချနိုင်ခဲ့သည်။

    ၆ နှစ်တာကြာမြင့်နေပြီဖြစ်သည့် အာရပ်နွေဦးတော်လှန်ရေးတွင် ဆီးရီးယားတစ်နိုင်ငံတည်းမှာပါင် ဂျီဒီပီနှင့် စုစုပေါင်း ဆုံးရှုံးမှု ကန်ဒေါ်လာ ၂၅၉ ဘီလီယံရှိနေသည်။

    Ref; Aljazeera

  • အာရပ်နွေဦးသည် အနောက်တိုင်း၏ အကြံအစည်ဟု အလ်အဇ်ဟရ် တက္ကသိုလ် အဓိပတိ အိမာမ်မှ ပြောကြား

    မေ ၁၆ ၊ ၂၀၁၄
    M-Media
    Ahmed El-Tayeb
    ကိုင်ရို။    ။ အလ်အဇ်ဟရ် တက္ကသိုလ်မှ အိမာမ်ကြီး ရှိုင်းခ် အဟ်မဒ် အလ်သွိုင်ယစ်ဘ် က အာရပ်နွေဦးတော်လှန်ရေးများသည် အာရပ်နိုင်ငံများ အစိပ်စိပ် အမြွာမြွာပြိုကွဲပြီး ကိုလိုနီ လက်အောက်ခံပြန်ဖြစ်ရေးအတွက် အနောက်တိုင်းမှ အကြီးစားကြံစည်ချက် အစိပ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်သည်။

    “ အာရပ်နွေဦးတော်လှန်ရေးတွေဟာ အချို့အာရပ်နိုင်ငံများအတွက် ကောင်းကျိုးအနည်းငယ် သယ်ဆောင်လာခဲ့တာ မှန်ပေမယ့် ဒီတော်လှန်ရေးတွေထဲက တစ်ချို့ကျတော့ ကျန်တဲ့တိုင်းပြည်တွေကို ကွဲပြဲပိုင်းခြားစေရေး အကြံအစည်ကြီး တစ်ခုရဲ့ အစိတ်အပိုင်း သာဖြစ်ခဲ့တယ် ” ဟူ၍ စွန္နီကမ္ဘာ၏ အဆင့်အမြင့်ဆုံး သင်ကြားရေးနေရာ ရထားသူ အလ် သွိုင်ယစ်ဘ်မှ El-Hayat El-Youm အစီအစဉ်၌ မေလ ၁၁ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြောင်း Al-Arham သတင်းစာက ဖော်ပြသည်။

    “ အီရတ်ကို လက်နက်အပြည့်အစုံတပ်ဆင်ထားခဲ့တဲ့ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်။ ပြီးတော့ အီရတ် ပျက်စီးပြီးသွားတဲ့ အခါမှသာ ပြန်ဆုတ်ခွာ သွားခြင်းဖြစ်တယ် ” ဟူသောစကားဖြင့် သူ၏အဆိုကို ထပ်လောင်းအတည်ပြုခဲ့သည်။

    သမ္မတ မုဟမ္မဒ် မူရ်စီအား စစ်တပ်မှ ဖြုတ်ချလိုက်ပြီးကတည်းက ဤသည်မှာ အလ် သွိုင်ယစ်ဘ်၏ ပထမဆုံးအကြိမ် ရုပ်မြင်သံကြား အင်တာဗျူးတွင် ပြောဆိုခြင်းဖြစ်သည်။ အနောက်တိုင်းနိုင်ငံရေးသမားတို့သည် အစ္စလာမ့်ယဉ်ကျေးမှုကိုဆန့်ကျင်သော သူတို့၏ အရောင်အသွေး အစစ်အမှန်ကို ပြသခဲ့ပြီးဖြစ်သည်ဟု ၎င်း ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားဌာနမှ တဆင့် အလ်သွိုင်ယစ်ဘ်က အတည်ပြုပြောကြားခဲ့၏။ အခြားနိုင်ငံများတွင်လည်း အနေအထားက ပိုမိုကောင်းမွန်လာခဲ့သည် မရှိချေ။ ဆီးရီးယားပြည်တွင်းစစ်က သိန်းနှင့်ချီသောပြည်သူတို့အား အိုးအိမ်မဲ့ဘ၀သို့ တွန်းပို့လိုက်ပြီး အိမ်နီးချင်းနိုင်ငံများ၌ ဒုက္ခသည်များအဖြစ် ရောက်သွားစေခဲ့ပေသည်။

    အရှေ့တိုင်းနှင့် ဆက်ဆံမှုအား အနောက်တိုင်းမှ ဆက်ဆံမှုကောင်းမွန်ရေးနှင့် သဟဇာတ သင့်မြတ်ရေးထက် စစ်ပွဲတစ်ရပ် အသွင်ဖြင့် တွေးခေါ်သည့် အကြောင်းကို သူက “ သိပ္ပံပညာဟာ လူသားတွေရဲ့ အပြန်အလှန်ကောင်းကျိုးဖြစ်တဲ့အကြောင်းကို ဥပေက္ခာပြုထားပြီး  အရှေ့တိုင်းက အဖိုးတန်အမွေအနှစ်တွေအပေါ် ထိန်းချုပ်နိုင်ရေးအတွက် အနောက်တိုင်းက တလွဲသီအိုရီတွေကို တီထွင်ထားတယ်။ ယခုချိန်တိုင်အောင် အနောက်တိုင်းက အရှေ့တိုင်းနဲ့ မဆုံစည်းသေးဘူး။ ပညာရေး တစ်ကျော့ပြန် ထွန်းတောက်တဲ့ ခေတ်ကတည်းက အရှေ့တိုင်းနဲ့အနောက်တိုင်းအကြားမှာ ထိစပ်ချိတ်ဆက်မှုရှိသွားနိုင်ပြီလို့ အလ်အဇ်ဟရ်ပညာရှင်တွေ ခန့်မှန်းထားကြသော်လည်း ကျယ်ပြန့်တဲ့ကွာဟချက်က ကြီးထွားနေတုန်းပါပဲ ” ဟု ဆိုလိုက်သည်။

    အာရပ်နွေဦးတော်လှန်ရေးသည် တူနီးရှား၊ အီဂျစ်၊ ယီမင်၊ လစ်ဗျားနှင့် ဆီးရီးယား၌ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ အီဂျစ်နှင့် တူနီးရှား နှစ်နိုင်ငံထဲ၌သာ သမ္မတဟောင်းများဖြစ်ကြသော မုဘာရပ်က် နှင့် ဘင်န်အလီအား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုဖြင့် ဖယ်ရှားနိုင်ခဲ့ကြသည်။ ရှေ့ဆက်၍ လစ်ဗျားပြည်သူတို့က ဖြုတ်ချရေးကို ပြုလုပ်ပြီး ဂဒါဖီအား သေတွင်းသို့ ပို့လိုက်ကြသည်။

    အီဂျစ်၌ တော်လှန်ရေး သုံးနှစ်ကြာသော် မူရ်စီအား နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျရွေးချယ်သည့် သမ္မတ အဖြစ် တင်မြှောက်နိုင်ခဲ့သည်။ သူ့လက်ထက်တွင်လည်း ဆန္ဒပြမှုဖြစ်ပေါ်ပြီးနောက် ကာကွယ်ရေး ၀န်ကြီးဟောင်းမှ သူ့အား ပြီးခဲ့သည့် ဇူလိုင်လတွင် ဖြုတ်ချခဲ့ပြန်သည်။

    Ref: OnIslam & Newspapers