News @ M-Media

Tag: Australia Muslims

  • သြဇီရှိ မိုးခေါင်ရေရှားဒေသများတွင် ပြည်တွင်းမွတ်စလင်အဖွဲ့များက အကူအညီပေးနေ

    သြဇီရှိ မိုးခေါင်ရေရှားဒေသများတွင် ပြည်တွင်းမွတ်စလင်အဖွဲ့များက အကူအညီပေးနေ

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    MCF မှ ပေးပို့သည့် မြတ်ခြောက်များ

    – သြစတေးလျနိုင်ငံ ဘရစ္စဘိန်းမြို့အခြေစိုက် ‘မွတ်စလင်ပရဟိတ ဖောင်ဒေးရှင်း(MCF)’ ဟာ နိုင်ငံအတွင်းက မိုးခေါင်ရေရှားဒေသတွေမှာ ကူညီရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ကွင်းစလန်းပြည်နယ် မြောက်ပိုင်း မိုးခေါင်မှုကြောင့် အတိဒုက္ခရောက်နေကြတဲ့ လယ်သမားတွေကို MCF က မြက်ခြောက် တန်ပေါင်း ၃၃ တန်ကို ထရပ်ကားတွေနဲ့ တင်ဆောင်ကာ ပို့ဆောင်ပေးထားပြီး နောက်ထပ် ရန်ပုံငွေ ပိုမိုရရှိရေးလည်း ဆောင်ရွက်ဖို့ ရှိနေပါတယ်။

    “ဒီလိုကူညီမှုဟာ သူတို့ကို စိတ်ဓာတ်မြှင့်တင်ပေးတာမျိုးပါ။ ဒါပေမယ့် ဆင့်ပါးစပ် နှမ်းပက်အဆင့်လောက်သာ ရှိပါသေးတယ်” လို့ ဖောင်ဒေးရှင်းရဲ့ ဒုတိယဥက္ကဌ အိုစမန် ရိန်းက ပြောကြားခဲ့ပါတယ်။

    MCF ဖောင်ဒေးရှင်းကို ဘရစ္စဘိန်းမြို့က စီးပွားရေးသမားတွေ စုပေါင်းကာ ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လိုအပ်နေသူတွေကို ကူညီဖေးမဖို့ ဖြစ်ပါတယ်။

    မိုးခေါင်ရေရှားဒေသတွေမှာ အခုလို ကူညီမှုကို ‘ကွင်းစ်လန်း အစ္စလာမ့်ရေးရာကောင်စီ’၊ Muslim Aid Australia စတဲ့ အဖွဲ့တွေနဲ့ MCF က ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    ပို့ဆောင်ခဲ့တဲ့ မြက်ခြောက်တွေကိုလည်း MCF က လယ်သမားတွေကို အညီအမျှ ခွဲဝေပေးခဲ့ပါတယ်။

    “ကျွန်တော်တို့လှူတာက သိပ်အများကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် လယ်သမားတွေအတွက် ရေတိုမှာတော့ အထောက်အကူဖြစ်ပါလိမ့်မယ်” လို့ မစ္စတာရိန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြက်ခြောက်တွေ ၀ယ်ယူဖို့အတွက် အလှူငွေတွေကို ဘရစ္စဘိန်းမြို့က ဗလီတွေနဲ့ ပြီးခဲ့တဲ့လ အီးဒ်နေ့တွေမှာ အလှူခံခဲ့တာ ဖြစ်ပါတယ်။

    အခုနှစ်အတွင်း သြစတေးလျနိုင်ငံ ဒေသတော်တော်များများမှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးဖြစ်ပြီး လယ်သမားတွေကို ဒီဒဏ်ကို အဓိက ခံစားနေရပါတယ်။

    Ref: SBS News

  • သြစတေးလျ နိုင်ငံရေးသမိုင်းတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မှတ်တမ်းသစ် ရေးထိုး

    သြစတေးလျ နိုင်ငံရေးသမိုင်းတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မှတ်တမ်းသစ် ရေးထိုး

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    လက်ဘနွန်နွယ်ဖွား နာဒီယာဆာလေဟ်

    – သြစတေးလျက လူနေအထူထပ်ဆုံး မြို့တစ်ခုရဲ့ မြို့တော်ကောင်စီအဖွဲ့ ရွေးချယ်ပွဲမှာ မွတ်စလင် ၄ ဦး ရွေးတောက်တင်မြှောက်ခံရပြီး မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပုဝါဆောင်းတဲ့ ပထမဆုံး သြဇီ မြို့တော်ကောင်စီဝင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    မြို့တော်ဆစ်ဒနီက ကန်တာဘူရီ ဘန့်စ်တောင်းမြို့ဖြစ်ပြီး သြဇီနိုင်ငံရေးသမိုင်းမှာ မှတ်တမ်းသစ် ရေးထိုးခဲ့သူကတော့ လက်ဘနွန်နွယ်ဖွား နာဒီယာဆာလေဟ်ဆိုတဲ့ အမျိုးသမီး ဖြစ်ပါတယ်။

    သူဟာ Riverwood Community Center ရဲ့ စီအီးအိုအဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြို့တော်ကောင်စီ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာပါ။

    ခင်ပွန်းဖြစ်သူ ခီဒါရ် ဆာလေဟ်ကလည်း ဘန့်စ်တောင်းမြို့ရဲ့ ဒုတိယ မြို့တော်ဝန်အဖြစ် ၃ ကြိမ်ဆက် ၁၃ နှစ်ကြာ တာဝန်ထမ်းဆာင်ခဲ့သူဖြစ်ပါတယ်။ မြို့အတွင်းမှာ အာရပ်နွယ်ဖွား ၁၅၀၀၀၀ လောက်ရှိပြီး အများစုဟာ လက်ဘနွန်က ဖြစ်ပါတယ်။

    ခီဒါရ်ဟာ ဘန့်စ်တောင်း မြို့တော်ကောင်စီဝင်အဖြစ် အရွေးခံရတဲ့ ပထမဆုံး အာရပ်လူမျိုး အစ္စလာမ်ဘာသာဝင်ဖြစ်ပါတယ်။

    နာဒီယာဆာလေဟ်ဟာ အဖွဲ့ဝင် ၁၅ ဦးပါအ၀င်တဲ့ မြို့တော်ကောင်စီမှာ အခြား မွတ်စလင် ၃ ဦးနဲ့အတူ အရွေးခံခဲ့ရတာပါ။

    ကျန်တဲ့ ၃ ဦးမှာ မိုဟာမက် ဟူဒါနဲ့ မိုဟာမက် ဇာမန်တို့ဟာ ဘင်္ဂလားဒေ့ရှ်နွယ်ဖွားတွေ ဖြစ်ပါတယ်။ စတုတ္ထတစ်ဦးက လက်ဘနွန်နွယ်ဖွား ဘီလာလ် အလ် ဟာယက် ဖြစ်ပါတယ်။

    ခီဒါရ်က ဇနီးဖြစ်သူ အခုလို ရွေးကောက်တင်မြှောက်ခံရတာဟာ အရေးပါတဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ နိုင်ငံရေး သြဇာရှိသူတွေ၊ ပါတီတွေနဲ့ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး၊ အစ္စလာမ်ကို ဆန့်ကျင်တိုက်ခိုက်သူတွေ၊ လူမျိုးရေးခွဲခြားသူတွေရဲ့ နှောက်ယှက်မှုတွေကိုလည်း ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • သြဇီမွတ်စလင်များ ဗလီဆောက်နိုင်ရေး ခရစ်ယာန်ချာ့ခ်ျတစ်ခုက မြေရောင်းပေးမည်

    သြဇီမွတ်စလင်များ ဗလီဆောက်နိုင်ရေး ခရစ်ယာန်ချာ့ခ်ျတစ်ခုက မြေရောင်းပေးမည်

    မတ် ၂၊ ၂၀၁၇
    M-Media

    မွတ်စလင်များအား ၀တ်ပြုရာနေရာပေးခဲ့ပြီး ဗလီဆောက်ရန်အတွက်ပါ မြေရောင်းပေးမည့် စိန့်ပေါလ် ဘုရားကျောင်း

    – သြစတေးလျနိုင်ငံ ပါ့သ်မြို့ရှိ အန်ဂလီကန် ခရစ်ယာန်ဘုရားကျောင်းတစ်ခုက ဒေသတွင်းမွတ်စလင်များ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဝတ်ပြုနိုင်ရေး ဘုရားကျောင်းမှ ပိုင်ဆိုင်သည့် မြေတစ်ချို့ကို ရောင်းချသွားမည်ဟု သိရသည်။

    မြို့တောင်ဘက်အစွန်ရှိ ဘေကွန်ဖီးလ်ရက်ကွက်မှ စိန့်ပေါလ် ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး သိက္ခာတော်ရ ဆရာတော် ပီတာ ဟမ့်ဖရိုင်းက မိမိတို့ ဘုရားကျောင်းကို မွတ်စလင်များ ၀တ်ပြုရာနေရာအဖြစ် အသုံးပြုခွင့်ပေးပြီးနောက် ယခုအစီအစဉ်မှာ နောက်တစ်ဆင့် ဖြစ်သည်ဟု ဆိုသည်။

    ထိုဒေသရှိ မွတ်စလင်များ နေ့စဉ်ငါးကြိမ်ဝတ်ပြုမှုနှင့် သောကြာနေ့ဝတ်ပြုနိုင်ရန်အတွက် လွန်ခဲ့သည့် ၅ နှစ်ကတည်းက စိန့်ပေါလ်ဘုရားကျောင်းမှာ ၎င်းတို့၏ ဘုရားကျောင်းဆောင်တစ်ခုကို အသုံးပြုခွင့်ပေးခဲ့သည်။

    “သူ (အီမာမ် ဖိုင်ဇယ် ချိုသီယာ) က ဒေသတွင်းမွတ်စလင်တွေ ၀တ်ပြုဆုတောင်းမှု လုပ်နိုင်မယ့် နေရာကို ရှာဖွေနေပါတယ် ကျွန်တော်က ‘ဒီမှာရတယ်’ လို့ပြောခဲ့ပါတယ်။ အဲဒီလို ၀တ်ပြုဆုတောင်းမှုကို ကျွန်တော်တို့လည်း ဒီနေရာမှာပြုလုပ်တယ်လို့ ဆိုလိုတာပါ။ ဒီနေရာဟာ ၀တ်ပြုဆုတောင်းရာနေရာ သက်သက်ပါပဲ” ဟု ဆရာတော် ဟမ့်ဖရိုင်းက ပြောကြားခဲ့သည်။

    လက်ရှိတွင် အီမာမ် ဖိုင်ဇယ်မှာ ဘုရားကျောင်းပိုင်မြေကွက်ကို ၀ယ်ယူရန် ရန်ပုံငွေများ ကောက်ခံနေပြီး၊ မိမိတို့လူ့အဖွဲ့အစည်းအတွက် ၀တ်ပြုရာနေရာအဖြစ်သာမက ခရစ်ယာန်အသိုင်းအ၀ိုင်းနှင့် ရင်းရင်းနှီးနှီး ဆက်ဆံကာ မျှဝေအသုံးပြုနိုင်မည့် နေရာတစ်ခု ဖြစ်စေချင်သည်ဟု ပြောကြားခဲ့သည်။

    “ဒီနေရာကို ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာ နေရာတစ်ခု၊၊ မွတ်လစင်တွေ ၀တ်ပြုဆုတောင်းရာနေရာတစ်ခု ကျွန်တော်တို့ ဖြစ်စေချင်ပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေဟာ အတူတကွ နေထိုင်ရှင်သန်ခဲ့ကြတာပါ။ ကျွန်တော်တို့ လုပ်ချင်တာက စစ်ပွဲတွေ၊ ဘုရင်တွေကို ပိုပြီးအာရုံစိုက်ခဲ့ကြတာကြောင့် မေ့လျော့ခဲ့ကြတဲ့ ဒီ သမိုင်းအမွေအနှစ်ကို ပြန်လည်အတုယူ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်” ဟု အီမာမ်ကြီးက ပြောကြားခဲ့သည်။

    Ref: ABC