News @ M-Media

Tag: Bangladesh

  • ကမ္ဘာကျော် ဘင်္ဂါလီ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    ကမ္ဘာကျော် ဘင်္ဂါလီ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    ဧပြီ ၃၊ ၂၀၁၇
    M-Media

    – အင်ဂျင်နီယာပညာရပ်ရဲ့ လက်ခွဲဘာသာရပ်တစ်ခုဖြစ်တဲ့ Structural Engineering မှာ တစ်ဖက်ကမ်း ခပ်ကျွမ်းကျင်ပြီး အမေရိကန်က မိုးမျှော်အဆောက်အဦးတွေရဲ့ ရှေ့ဆောင်လမ်းပြဖခင်ကြီး ဖာဇွလ် ရဟ်မန်းခန်းကို Google က ဒီနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။

    အမေရိကန်နိုင်ငံသားတစ်ဦဖြစ်တဲ့ ရဟ်မန်းခန်းရဲ့ ၈၈ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Google က သူ့ရဲ့ Home page မှာ ရဟ်မန်းခန်းရဲ့ ပုံကို ထည့်သွင်းခဲ့တာပါ။

    “Structural Engineering နယ်ပယ်ရဲ့ အိုင်းစတိုင်း” လို့ တင်စားခြင်းခံရတဲ့ ခန်းကို ၁၉၂၉ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ အခု ဘင်္ဂလားဒေ့ရှ်လို့ခေါ်တဲ့ ဘန်ဂေါလ်ပြည်နယ် ဒါလာမြို့မှာ မွေးဖွားတာဖြစ်ပြီး၊ ၁၉၅၀ ပြည့်နှစ်မှာတော့ ဒါကာတက္ကသိုလ်မှာ ထိပ်ဆုံးအဆင့်နဲ့ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။

    နောက်ပိုင်းမှာ အမေရိကန်ကို သွားရောက်ခဲ့ပြီး မဟာဘွဲ့နှစ်ခုနဲ့ ဒေါက်တာဘွဲ့တစ်ခုကို ရယူခဲ့ပါတယ်။

    ၁၉၆၀ မှာ ချီကာဂိုမှာ ဗိသုကာနဲ့ အင်ဂျင်နီယာလုပ်ငန်း Skidmore, Owings & Merrill (SOM) ကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူတစ်ယောက် ဖြစ်နေပါပြီ။

    ခန်းဟာ ပြွန်ပုံစံကို အခြေပြုတဲ့ အဆောက်အဦးတည်ဆောက်မှု နည်းပညာကို စတင် ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူတီထွင်ခဲ့တဲ့ ဒီဇိုင်းဟာ မိုးမျှော်အဆောက်အဦးတွေကို လေဒဏ်နဲ့ ငလျင်ဒဏ်တွေကနေ ပိုမိုကာကွယ်ပေးနိုင်ခဲ့ပါတယ်။

    အမေရိကန်က မိုးမျှော်အဆောက်အဦး တော်တော်များများဟာ ခန်းရဲ့လက်ရာတွေဖြစ်ပြီး အကျော်ကြားဆုံးကတော့ John Hancock Centre အဆောက်အဦးဖြစ်ပါတယ်။

    ၁၉၆၈ ခုနှစ်မှာ ပြီးစီးခဲ့ပြီး ၃၄၃ မီတာမြင့်တဲ့ ဒီအဆောက်အဦးဟာ အဲဒီအချိန်တုန်းက ကမ္ဘာ့ ဒုတိယအမြင့်ဆုံး အဆောက်အဦး ဖြစ်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်မှာ ခန်းရဲ့ နောက်ထပ် ဂန္တ၀င်မြောက်လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Sears တာဝါက ဒီနေရာကို ရယူနိုင်ခဲ့ပါတယ်။

    ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါက Hajj Terminal လို အဆောက်အဦးကလည်း ခန်းရဲ့ နာမည်ကြီး လက်ရာတွေထဲမှာ ပါဝင်ပါတယ်။

    ချီကာဂိုရှိ ခန်း၏ နာမည်ကျော်လက်ရာ Sears Tower (ယခု Wills Tower) ဟု ခေါ်ဆိုသည်)

    ကမ္ဘာ့ ဗိသုကာလောကမှာ မှတ်တိုင်သစ်တွေ တစ်ခုပြီးတစ်ခု စိုက်ထူခဲ့တဲ့ ခန်းဟာ ၁၉၇၁ ခုနှစ်မှာ American Concrete Institute အသင်းကပေးတဲ့ Wason Medal ဆု၊ ၁၉၇၃ ခုနှစ်မှာ လန်ဒန် Institution of Structural Engineers အသင်းကပေးတဲ့ Oscar Faber ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

    ၁၉၈၂ ခုနှစ် ဆော်ဒီအာရေဗျကို သွားတဲ့ခရီစဉ်မှာ ခန်းဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ ခန်းရဲ့သမီးဖြစ်သူ ယာစမင်း ဆဘီနာ ခန်းကလည်း အဖေလိုပဲ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။

    ခန်းရဲ့ ဗီသုကာလက်ရာတွေထဲက အထင်အရှားဆုံး အဆောက်အဦးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – Sears tower, Chicago, America.

    – John Hancock Center, Chicago, America.

    – Hajj Terminal, King Abdulaziz International Airport, Jeddah, Saudi Arabia.

    – United States Air Force Academy, Colorado Springs, America.

    – One Shell Square, New Orleans, Louisiana, America.

    – DeWitt-Chestnut Apartments, Chicago, America.

    – McMath–Pierce solar telescope, Arizona, America.

    Ref: Express

  • ဘင်္ဂလားဒေ့ရှ်တွင် မြန်မာစစ်ယူနီဖောင်း အများအပြား ဖမ်းဆီးရမိ

    ဘင်္ဂလားဒေ့ရှ်တွင် မြန်မာစစ်ယူနီဖောင်း အများအပြား ဖမ်းဆီးရမိ

    မတ် ၃၀၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံနယ်နမိတ်နှင့် ထိစပ်နေသည့် ကော့ဇ်ဘဇားခရိုင်ရှိ တခ်နက်ဖ် ဆိပ်ကမ်းတွင် မြန်မာစစ်ယူနီဖောင်း အများအပြားကို ဘင်္ဂလားဒေ့ရှ် အကောက်ခွန်က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

    ဖမ်းဆီးရမိခဲ့သည်များတွင် ယူနီဖောင်း အစုံ ၂၀၀၊ အိတ် ၁၈၆ လုံး၊ ခါးပတ် ၄၅၂ ခု၊ ကြည်ကပ်ထည့်သည့်အိတ် ၁၈ ခု၊ ဦးထုပ် ၅၀ တို့ ဖြစ်ကြသည်။ ထို့ပြင် ခြေညှပ်ဖိနပ်များ၊ ငါးခြောက်၊ မန်ကျည်းစေ့နှင့် အသီးသနပ်များလည်း ပါဝင်သည်။

    တခ်နက်ဖ် ဆိပ်ကမ်းမှ အကောက်ခွန်တာဝန်ရှိသူ မိုရှာရက်ဖ် ဟိုစိန် စလင်းက ထိုပစ္စည်းများကို ယမန်နေ့ကညနေပိုင်းက ပြုလုပ်ခဲ့သည့် စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီယူနီဖောင်းတွေကို တိုင်းပြည်ထဲ တရားမ၀င် ခိုးသွင်းလာတာပါ” ဟု ၎င်းက ဆိုသည်။

    Rahman Trading နှင့် SR Trading ကုမ္ပဏီများက ၎င်းတို့အနေဖြင့် ငါးခြောက်များ၊ မန်ကျည်းစေ့များနှင့် သစ်သီးသနပ်များ တင်သွင်းမည်ဟုဆိုကာ စစ်ယူနီဖောင်းများ ခိုးသွင်းလာခြင်းဖြစ်သည်။

    အကောက်ခွန်အရာရှိများ၏ မှတ်တမ်းတွင် ဘန်ဒါဘန်မှ လူငယ်တစ်ဦးမှာ အဆိုပါ စစ်ယူနီဖောင်းများ တင်သွင်းရန်အတွက် Rahman Trading သို့ ၀င်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အဘူဇာရ် အလ် ဂျာဟစ်က အဆိုပါလူငယ် ဘူအောင်ချက္ကမာကို ထိးနိမ်းထားသည်ဟု ပြောကြားခဲ့သည်။

    ယနေ့မနက်တွင် တက်နက်ဖ် ရဲစခန်းမှ တာဝန်ရှိသူ မိုဟာမက် မာအင် အူဒင်ခန်းက မိမိအနေဖြင့် ထိုဖမ်းဆီးမှုအကြောင်း မသိရှိသေးကြောင်း၊ မည်သူမှလည်း ရဲတပ်ဖွဲ့သို့ မလွှဲပေးသေးကြောင်း ပြောကြားခဲ့သည်။

    Ref: The Daily Star

  • ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် ဗုံးကွဲမှုဖြစ်

    ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတွင် ဗုံးကွဲမှုဖြစ်

    မတ် ၂၆၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ် နိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်သည့် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးတစ်ခုအတွင်း ပေါက်ကွဲမှုများဖြစ်ပွားသောကြောင့် အနည်းဆုံး အရပ်သား ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းစာ Daily Star က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဆီလ်ဟတ်မြို့ ရှီဘာရီ ရပ်ကွက်တွင် ကွန်မန်ဒိုများနှင့် SWAT အဖွဲ့ဝင်များ သောကြာနေ့မနက် အစောပိုင်းတွင် ပြုလုပ်သည့် အဆိုပါစစ်ဆင်ရေးတွင် ပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၂၆ ဦး ရှိခဲ့သည်။

    ဒုတိယပေါက်ကွဲမှုတစ်ခုမှာ အစွန်းရောက်သံသယရှိသူများ ပုန်းအောင်းရာနေရာရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    စစ်ဆင်ရေးတွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ၅ ထပ်တိုက် အဆောက်အဦးမှ ပြည်သူ ၇၈ ဦး ပိတ်မိနေကာ နောက်ပိုင်းတွင် ကယ်ထုတ်နိုင်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ကာနယ် ရာရှီဒွလ် ဟာဆန်က ပြောကြားခဲ့သည်။

    ယခုလအတွင်း ဘင်္ဂလားဒေ့ရှ်တွင် အသေခံတိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး သောကြာနေ့ ညပိုင်းက ဒါကာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင်လည်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

    အသေခံတိုက်ခိုက်သူတစ်ဦး သေဆုံးခဲ့သည့် အဆိုပါ သောကြာနေ့ အဖြစ်အပျက်အပါအ၀င် တိုက်ခိုက်မှုများမှ နှစ်ခုကို IS အဖွဲ့က ၎င်းတို့ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံခြားသား ဓားစားခံ ၁၈ ဦး အပါအ၀င် လူ ၂၂ ဦး သေဆုံးခဲ့သည့် ပြီးခဲ့သည့်နှစ် ဒါကာ ကော်ဖီဆိုင် တိုက်ခိုက်မှုနှင့်အတူ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများအတွက်လည်း IS က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာထားသည်။

    ဘင်္ဂလားဒေ့ရှ်အစိုးရက တိုင်းပြည်တွင် IS အဖွဲ့မရှိဟု ပြောဆိုထားပြီး တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ဂျာမေအာသွလ် မူဂျာဟစ်ဒင် ဘင်္ဂလားဒေ့ရှ် (JMB) အဖွဲ့ ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

    Ref: Aljazeera

  • ဓနသာဟာယ လူငယ်ထူးချွန်ဆု ဇကာတင်စာရင်းတွင် ဘင်္ဂါလီနှစ်ဦး ပါဝင်လာ

    ဓနသာဟာယ လူငယ်ထူးချွန်ဆု ဇကာတင်စာရင်းတွင် ဘင်္ဂါလီနှစ်ဦး ပါဝင်လာ

    မတ် ၅၊ ၂၀၁၇
    M-Media

    – ‘၂၀၁၇ ခုနှစ် ဓနသဟာယ လူငယ်ထူးချွန်ဆု’ (2017 Commonwealth Young Person of the Year ) ဇကာတင်စာရင်း ၁၇ ဦးတွင် ဘင်္ဂလားဒေ့ရှ်မှ လူငယ်နှစ်ဦး ပါဝင်လာသည်ဟု သိရသည်။

    အူဟန်ချင်း မာရ်မာနှင့် သောင်ဖီက် အဟ်မဒ်ခန်းတို့ဖြစ်ကြပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များ (SDGs) အတွက် ၎င်းတို့၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ဇကာတင်စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်ဟု ဓနသဟာယ ၀ဘ်ဆိုက်က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

    မာရ်မာမှာ Menstruation Hygiene Campaign လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ အသိအမှတ်ပြုခံခဲ့ရပြီး ထိုလှုပ်ရှားမှုအတွင်း အမျိုးသမီးငယ် ၇၀၀ ၀န်းကျင်ကို လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး၊ အခွင့်အရေးများကို သိရှိလာအောင် အသိပညာပေးခဲ့သည်။

    South Asian Society ကို ဖွဲ့စည်းတည်ထောင်ထားသည့် သောင်ဖီက်မှာ SDGs နှင့်ပတ်သက်၍ အမျိုးသမီးငယ်များအား စွမ်းအားမြှင့်ပေးရန်အတွက် “Girls for Global Goals” လှုပ်ရှားမှုကို စဆောင်ရွက်ခဲ့ပြီး အမျိုးသမီးငယ် ၆၀၀ ခန့် အကျိုးဖြစ်ထွန်းခဲ့သည်။ လှုပ်ရှားမှုတွင် စေတနာ့ဝန်ထမ်းပေါင်း ၄၅၀၀ က စီမံကိန်းပေါင်း ၅၀၀ ကျော်ကိုလည်း ဆောင်ရွက်နေသည်။

    သောင်ဖီးက်၏ Know your SDGs လှုပ်ရှားမှုမှာလည်း လူငယ်ပေါင်း ၄၂၀၀၀ ထံ ရောက်ရှိခဲ့သည်။ ဆုပေးပွဲအခမ်းအနားကို လန်ဒန်မြို့ရှိ Marlborough House ၌ မတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

    ယခုနှစ် ဇကာတင်စာရင်းတွင် ပါဝင်သူများမှာ ၂၀၃၀ ပြည့်နှစ်တွင် လုပ်ဆောင်ပြီးသားဖြစ်ရမည်ဟု သတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ၁၇ ခု ပါဝင်သည့် SDGs အကြောင်းကို ပြည်သူများ သိရှိစေရန် အထောက်အကူဖြစ်စေမည့် စီမံကိန်းများအား ဦးစီးဦးဆောင်ပြုသူများကို အသိအမှတ်ပြုခြင်းဖြစ်သည်။

    အခြားဆုတစ်ခုဖြစ်သော Commonwealth Youth Awards for Excellence in Development Work မှာ အာရှ၊ ပစိဖိတ်၊ ကာရစ်ဘီယံနှင့် အမေရိက၊ အာဖရိက၊ ဥရောပတို့တွင် ဆင်းရဲမွဲတေမှုလျှော့ချခြင်းမှ ငြိမ်းချမ်းမှုတည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည့် အသက် ၁၅ နှစ်မှ ၂၉ နှစ်အကြား လူငယ်များကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

    ဇကာတင်စာရင်းတွင် ပါဝင်သူများကို ဓနသဟာယ မဟာမင်းကြီးရုံး၊ ဓနသဟာယ အဖွဲ့အစည်းများနှင့် လူငယ်ခေါင်းဆောင်များ ပါဝင်သော ဒိုင်လူကြီးအဖွဲ့က ရွေးချယ်ပေးခြင်းဖြစ်သည်။ Commonwealth Young Person of the Year ဆုရရှိသူကို မတ်လ ၁၅ ရက်နေ့တွင် ကြေငြာသွားမည်ဖြစ်ပြီး အာရှ၊ ပစိဖိတ်၊ ကာရစ်ဘီယံနှင့် အမေရိက၊ အာဖရိက၊ ဥရောပတို့မှ ဒေသအလိုက် အထူးချွန်ဆုံး လူငယ်များကိုလည်း ကြေငြာသွားမည်ဖြစ်သည်။

    ယခုနှစ် ဇကာတင်စာရင်းတွင် သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဂူယာနာ၊ ဂျမေကာ၊ မာလာဝီ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ပါပူအာ နယူးဂီနီ၊ သီရိလင်္ကာ၊ စိန့်ဗင်းဆင့်နှင့် ဂရီနာဒိုင်၊ ယူဂန်ဒါနှင့် ယူကေနိုင်ငံတို့မှ လူငယ်များ ပါဝင်ကြသည်။

    Ref : The Daily Star

  • ကုလ ပိုလီယိုသုတေသနစင်တာက ဘင်္ဂါလီသိပ္ပံပညာရှင်တစ်ဦးကို အဖွဲ့ဝင်အဖြစ် ရွေးချယ်

    ကုလ ပိုလီယိုသုတေသနစင်တာက ဘင်္ဂါလီသိပ္ပံပညာရှင်တစ်ဦးကို အဖွဲ့ဝင်အဖြစ် ရွေးချယ်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှာ ကုလသမဂ္ဂ ပိုလီယို သုတေသနကော်မတီ (PRC) ၏ အဖွဲ့အ၀င်ဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သိပ္ပံပညာရှင် ဒေါက်တာ ကေ ဇာမန်ကို ရွေးချယ်ခဲ့သည်ဟု သိရသည်။

    ထိုကဲ့သို့ ရွေးချယ်မှုနှင့်ပတ်သက်၍ တရားဝင်ခန့်အပ်လွှာကို PRC ဒါရိုက်တာ မိုက်ကယ် ဇက်ဖရန်က ဂျီနီဗာရှိ WHO ရုံးချုပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပေးပို့ခဲ့သည်။

    ဒေါက်တာ ဇာမန်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များမှာ ဘင်္ဂလားဒေ့ရှ်တွင် ပိုလီယိုကာကွယ်ဆေး (OPV) နှင့်ပတ်သက်၍ လေ့လာမှုများကို လုပ်ဆောင်နေသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဒေါက်တာ ဇာမန်မှာ WHO မှ ပိုလီယိုအမြစ်ဖြတ်ရေး လုပ်ငန်းအဖွဲ့၏ ကျွမ်းကျင်သူများ၏ မဟာဗျူဟာ အကြံပေးအဖွဲ့ (SAGE) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

    ဇာမန်ပါဝင်လှုပ်ရှားနေသည့် ဘင်္ဂလားဒေ့ရှ် ၀မ်းပျက်ဝမ်းလျှောရောဂါ နိုင်ငံတကာသုတေသနစင်တာမှာ (icddr,b) ပိုလီယိုကာကွယ်ဆေး ၁၀ မျိုးကျော်ကို လေ့လာဖော်ထုတ်နိုင်ခဲ့ပြီး၊ အဆိုပါ ဖော်ထုတ်မှုများ၏ ရလဒ်များက ကမ္ဘာတစ်ဝှမ်း ပိုလီယိုရောဂါကင်းစင်ရေး ဆောင်ရွက်မှုများတွင် အထောက်အကူ ပြုနေသည်။

    “ကျောက်ကြီးရောဂါနဲ့ နွားကျောက်ရောဂါတွေလို ဆိုးရွားတဲ့ ကူးစက်ရောဂါနှစ်ခုကို ကမ္ဘာမြေပေါ်ကနေ ဖယ်ရှားလိုက်နိုင်ပါပြီ။ ပိုလီယိုက ဘာ့ကြောင့် တတိယမြောက် မဖြစ်နိုင်ရမှာလဲ” ဟု icddr,b မှ ထုတ်ပြန်သော လက်ကမ်းစာစောင်တွင် ဇာမန်က ပြောကြားခဲ့သည်။

    ကုလ၏ PRC စင်တာကို ၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့ပိုလီယိုကင်းစင်ရေး လုပ်ငန်း၏ ကမ္ဘာလုံးဆိုင်ရာ သုတေသန အစီအစဉ်အတွက် မဟာဗျူဟာ ညွှန်ကြားမှုများ ဆောင်ရွက်ပေးနေသည်။ အဆိုပါ အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းမှာ ထိပ်တန်း သိပ္ပံပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

    Ref: The Daily Star