News @ M-Media

Tag: Belarus

  • ရုရှားက ဘီလာရုဇ်ကို နျူလက်နက်ပစ်နိုင်သည့် ဒုံးကျည် ထောက်ပံ့မည်

    ရုရှားက ဘီလာရုဇ်ကို နျူလက်နက်ပစ်နိုင်သည့် ဒုံးကျည် ထောက်ပံ့မည်

    ဇွန် ၂၆၊ ၂၀၂၂
    M-Media

    -နျူထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ဘယ်လာရုဇ်နိုင်ငံကို ထောက်ပံ့ပေးပို့သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်ပါတယ်။

    ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ ဘယ်လာရုဇ်က မဟာမိတ်အဖြစ် ရုရှားဖက်က ပူးပေါင်းပါ၀င်နေတာဖြစ်ပါတယ်။

    ပတ်၀န်းကျင်နိုင်ငံတွေဖြစ်တဲ့ လစ်သူယေးနီးယားနဲ့ ပိုလန်တို့က ရန်စတဲ့လုပ်ရပ်တွေ ရှိနေသလို၊ နေတိုးအဖွဲ့က တိုက်လေယာဥ်တွေ နယ်စပ်နားကပ်ပြီး ပျံသန်းမှုရှိတယ်လို့ ဘယ်လာရုဇ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ရုရှားကို ပြောကြားခဲ့ပြီးတဲ့နောက် ပူတင်ရဲ့ အခုထုတ်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    လာမယ့်လအနည်းငယ်အတွင်း Iskander-M ဒုံးကျည်စနစ်တွေကို ဘယ်လာရုဇ်ထံ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဒီစနစ်ဟာ ခရုဇ်ဒုံးကျည်တွေ၊ တိုက်ချင်းပစ်ဒုံးတွေ ပစ်ခတ်နိုင်မှာဖြစ်သလို၊ နျူထိပ်ဖူးလည်း တပ်ဆင်ပစ်ခတ်နိုင်တယ်လို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ ပူတင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘယ်လာရုဇ်ရဲ့ တိုက်လေယာဥ်တွေ နျူလက်နက် သယ်ဆောင်လို့ရတဲ့ အနေအထားအထိ အဆင့်မြှင့်တင်ပေးသွားမယ်လို့လည်း ပူတင်က ဆိုပါတယ်။

    ဘယ်လာရုဇ်ဟာ အရင်က Iskander ဒုံးကျည်တွေနဲ့ S-400 ဒုံးခွင်းစနစ်တွေ၊ Su-25 တိုက်လေယာဥ်တွေကိုလည်း ရုရှားထံကနေ ၀ယ်ယူထားပါတယ်။

    Ref: Reuters

  • ၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘီလာရုဇ် စာရေးဆရာမတစ်ဦး ရရှိ

    ၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘီလာရုဇ် စာရေးဆရာမတစ်ဦး ရရှိ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    nob

    – ယခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ဆိုဗီယက်ယူနီယံအတွင်းရှိ ကြမ်းတမ်းသောဘ၀များအကြောင်း ရေးသားခဲ့သည့် ဘီလာရုဇ်မှ စာရေးဆရာမ ဆဗက်လာနာ အလက်ဇီဗစ်ခ်ျက ရရှိခဲ့သည်ဟု သိရသည်။

    နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဖြစ်သော ဆွီဒင်တော်ဝင်အကယ်ဒမီကမူ ပထမကမ္ဘာစစ်အတွင်း ဆီုဗီယက်အမျိုးသမီးများ၏ ဘ၀၊ ချာနိုဘီလ်တွင် ၁၉၈၆ က ဖြစ်ပွားခဲ့သည့် နျူကလီးယား ဖြစ်ရပ်ဆိုးကြီး၏ နောက်ဆက်တွဲ အဖြစ်အပျက်များနှင့် အာဖဂန်နစ္စတန်တွင် ဆိုဗီယက်စစ်တပ်များ ၀င်ရောက်ကျူးကျော်မှုများအကြောင်းကို ရေးသားခဲ့သည့် အလက်ဇီဗစ်ခ်ျ၏ ၀ထ္တုများမှာ “မိမိတို့ခေတ်တွင် ခံစားရမှုနှင့် ရဲစွမ်းသတ္တိများ၏ အထိမ်းအမှတ်များ” ဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။

    အလက်ဇီဗစ်ခ်ျမှာ ထို ဆိုးရွားသော အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသူ ရာပေါင်းများစွာအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ စာအုပ်များတွင် စနစ်တကျ ထည့်သွင်းရေးသားခဲ့ကာ “တေးသံသာတစ်ပုဒ် သီကုံးခြင်း” ကဲ့သို့ ပြေပြစ်ညက်ညောလှသည်ဟုလည်း နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    “လူသားတွေရဲ့ အသံတွေကို ဂရုတစ်စိုက် သီကုံးခြင်းဆိုတဲ့ တစ်မူထူးခြားတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ခေတ် တစ်ခေတ်လုံးရဲ့ သဘောပေါက်နားလည်နိုင်စွမ်းကို အလက်ဇီဗစ်ခ်ျက နက်ရှိုင်းစေခဲ့ပါတယ်” ဟု အကယ်ဒမီက ထုတ်ပြန်သည့် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ၁၉၄၈ ခုနှစ်တွင် ယူကရိန်း၌ မွေးဖွားသည့် အလက်ဇီဗစ်ခ်ျမှာ ဘီလာရုဇ်အစိုးရအား ဝေဖန်မှုကြောင့် နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး ပြီးခဲ့သည့် ၄ နှစ်အရင်က နိုင်ငံအတွင်းသို့ ပြန်လာခဲ့ကာ နိုင်ငံရေးလောကမှ ဝေးဝေးနေခဲ့သည်။

    နိုဘယ်ဆုရရှိကြောင်း ကြေငြာခံရပြီးနောက်ပိုင်းတွင် အလက်ဇီဗစ်ခ်ျမှာ ဘီလာရုဇ်၏ သဘောထားတင်းမာသော ခေါင်းဆောင် အလက်ဇန်ဒါ လူကာရှန်ကိုအား ဝေဖန်ခဲ့ကာ ယူကရိန်းကို ရုရှားမှ ကျူးကျော်မှုကိုလည်း ရှုတ်ချခဲ့သည်။

    “ဒါဟာ မတရားသိမ်းပိုက်မှုပါ။ နိုင်ငံတစ်နိုင်ငံကို ကျူးကျော်မှုပါ။ ကောင်းမွန်တဲ့ ရုရှားနိုင်ငံကြီး၊ လူသားချင်းစာနာထောက်ထားတဲ့ ရုရှားနိုင်ငံကြီးကို ကျွန်မ ချစ်ပါတယ်။ ဒါပေမယ့် ဘီရီယာ(စတာလင်ခေတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ လုံခြုံရေး အကြီးအကဲ)၊ စတာလင်နဲ့ ရှီဂူ (လက်ရှိ ရုရှားကာကွယ်ရေးဝန်ကြီး) တို့ရဲ့ ရုရှားနိုင်ငံကြီးကိုတော့ ကျွန်မ မုန်းပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အလက်ဇီဗစ်ခ်ျက ပြောကြားခဲ့သည်။

    Ref: Aljazeera