News @ M-Media

Tag: bmeccfw

  • ပြည်ပရောက် မြန်မာမွတ်စလင်တို့၏ သမိုင်းဝင် ဗလီဝတ်ကျောင်းတော် ဖို့ဝိန်းမြို့မှာ ဖွင့်လှစ်

    ပြည်ပရောက် မြန်မာမွတ်စလင်တို့၏ သမိုင်းဝင် ဗလီဝတ်ကျောင်းတော် ဖို့ဝိန်းမြို့မှာ ဖွင့်လှစ်

    မေ ၂၆ ၊ ၂၀၁၅
    M-Media
    နေစိုင်းကျော်ကျော် သတင်းပေးပို့သည်။

    image2

    အမေရိကန်ပြည်ထောင်စု၊ ဖို့တ်ဝိန်းမြို့မှာ မြန်မာမွတ်စလင်တွေ ဦးစီးတည်ဆောက်တဲ့ နူရ် အစ္စလာမ် ခေါ် အစ္စလာမ့် ဂုဏ်ရောင် ဗလီဝတ်ကျောင်းတော်ကို မေလ (၂၄) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ဖို့တ်ဝိန်းမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ နူရ်အစ္စလာမ် ဗလီဝတ် ကျောင်းတော်ဟာ မြန်မာမွတ်စလင်တွေ အနေနဲ့ နိုင်ငံရပ်ခြားမှာ အခြေခံ အုတ်မြစ်ကနေစပြီး တည်ဆောက်တဲ့ ပထမဦးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။

    ဗလီတည်ဆောက်ဖို့ရာ အတွက် မြန်မာမွတ်စလင် ပညာရေးနှင့် ကွန်မြူနတီစင်တာ အဖွဲ့အစည်းကို ၂၀၁၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ ယင်းအဖွဲ့ကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုရဲဝင်းလတ်က ရှင်းပြပါတယ်။

    “အခုဖြတ်သန်းခဲ့ရတဲ့ (၅)နှစ်ကျော်ကာလအတွင်းမှာ လူပေါင်း များစွာတို့ရဲ့ အချိန်ပေါင်းများစွာ ရင်းနှီးမြှပ်နှံပြီး ဒီဗလီဝတ်ကျောင်းတော် တည်ဆောက်နိုင်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်ရတာဖြစ်လို့ ပါဝင်ပတ်သက်တဲ့ လူတွေအားလုံးရဲ့ စိတ်ဓါတ်ခွန်အားက အရမ်း အားရစရာကောင်းတယ်” လို့ ကိုရဲဝင်းလတ်က ဆိုပါတယ်။

    “ဖို့ဝိန်းမှာ နေထိုင်တဲ့ မြန်မာပြည်သားတွေ ၇ ထောင် ၈ထောင်လောက် ရှိပါတယ်။ အဲဒီထဲက ၂၀၀၀ လောက်က မွတ်စလင်တွေပါ။ ပြီးတော့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ရှိပါတယ်” ဟု ရဲဝင်းလတ်က ဆိုပါတယ်။

    ယခုတည်ဆောက်ပြီးစီး သွားခဲ့သည့် ဗလီဝတ်ကျောင်းတော်မှာ အဆင့် ၅ ခုပါ စီမံကိန်း၏ ပထမအဆင့် ဖြစ်သည်။ ထိုပထမအဆင့် အတွက် ကန်ဒေါ်လာ ၆ သိန်းဝန်းကျင် ကုန်ကျခဲ့ပြီး ငွေကြေး အများစုက လှူဒါန်းမှုမှ ရရှိခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

    “တစ်အိမ်တက်ဆင်း ကျွန်တော်တို့ အလှူခံပါတယ်။ တစ်ယောက် ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာလောက် ထည့်ကြရင်းနဲ့ ဒေါ်လာ ထောင်ချီ ရခဲ့ပါတယ်။ အဲဒီအလှူငွေတွေနဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း လစဉ်ရတဲ့ အလှူငွေလေးတွေကို ကျွန်တော်တို့ စုဆောင်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဒီလောက်အထိ ဖြစ်လာတာပါ” ဟု ရဲဝင်းလတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    photo

    ဖွင့်ပွဲအခမ်းအနားကို ဖို့တ်ဝိန်းမြို့ မြို့တော်ဝန် တွန်မ်ဟန်နရီ၊ ရဲမှူးချုပ် ဂယ်ရီဟန်မင်တန်၊ မြောက် အမေရိကတိုက်လုံးဆိုင်ရာ မွတ်စလင် အစည်းအရုံးက ဦးဆောင်အုပ်ချုပ်ရေးမှူး အဟ်မဒ် အလ်ဟတဗ်၊ အင်ဒီနားနားပြည်နယ်လုံးဆိုင်ရာ မဟာမိတ်အဖွဲ့က ဖို့တ်ဝိန်းမြို့ကိုယ်စားလှယ် အဟ်မဒ် အဗ္ဗဒုလ်မဂျိဗ် တို့က အထူးဧည့်သည်တော်တွေအဖြစ် တက်ရောက် အမှာစကားပြောကြား ခဲ့ကြပါတယ်။

    မြန်မာပြည် အိုလမာ-သာသနာ့ပညာရှင်များအဖွဲ့ချုပ်ကလည်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်၊၊

    “ဖို့တ်ဝိန်းမြို့မှာ အားလုံး အတူတကွ နေထိုင်ကြစေချင်တယ်၊ အခုမှ အလည်ရောက်လာတဲ့ ဧည့်သည်တွေ အနေနဲ့လည်း နောက်ရက် အနည်းငယ် ဆက်နေကြပါဦး။ ဒီမှာ အိမ်တွေလည်း အများကြီးရှိတယ်။ အခုဆို ဗလီဝတ်ကျောင်းတော်လည်းရှိပြီ။ ဘာလို့ဒီမှာ မနေကြရမှာလဲ” လို့ ဖို့တ်ဝိန်းမြို့တော်ဝန် တွန်မ်ဟန်နရီက ရပ်ဝေးက လာရောက်တဲ့ ဧည့်သည်တွေကို ဖို့ဝိန်းမြို့မှာ လာရောက်နေထိုင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

    စုပေါင်း တောင်းဆုခြွေခဲ့ကြပြီးနောက် မြို့တော်ဝန် တွန်မ် ဟန်နရီနဲ့ အတူ ဒေါက်တာ တွာရစ်အဂ်ဗာ၊ မြန်မာမွတ်စလင် ပညာရေးနှင့်ကွန်မြူနတီစင်တာရဲ့ ဥက္ကဌ ဟာဂျီ အီမာမ်ဟူစိန်တို့က ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဗလီဝတ်ကျောင်းတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

    “ဒီအခမ်းအနားကို ကနေဒါနိုင်ငံနဲ့ အမေရိကန်တဝှမ်း ရပ်နီးရပ်ဝေးက မြန်မာမွတ်စလင် အမြောက်အများ တက်ရောက်လာတာ ကို တွေ့ရတော့ ကျနော်တို့ အရမ်းဝမ်းသာတယ်။ ဒီလို ဗလီ တည်ဆောက်နိုင်ဖို့အတွက် အဘက်ဘက်က ကာယ၊ ဉာဏ၊ ဒါန အားတွေ ဝိုင်းဝန်းကူညီပေးကြသူတွေ အားလုံးကို ကျနော်တို့ အဖွဲ့အစည်းကိုယ်စား အရမ်းကျေးဇူးတယ်” လို့ ဘီအမ်အီးစီစီ အဖွဲ့ရဲ့ ဒုဥက္ကဌ ဖြစ်သူ ကိုတင်ဟိန်းလတ်က ပြောပါတယ်။ “ အမျိုးသမီးတွေ၊လူငယ်တွေ ကလည်း တက်တက်ကြွကြွ ဝိုင်းဝန်း ကူညီပေးကြတာကလည်း အားရဖို့ကောင်းတယ်။” လို့ သူက ဆက်လက်ပြောဆိုပါတယ်။

    “သတင်းမီဒီယာတွေမှာ အစ္စလာမ်ကို အဖျက်သဘောဆောင်တဲ့ ပုံစံမျိုး အမြဲတမ်းလိုလို ဖော်ပြကြပါတယ်။ အခြားအယူဝါဒတွေလိုပဲ အစ္စလာမ်ဟာ အပြုသဘောဆောင်တဲ့ သာသနာပါ။ နံပါတ် ၁ အနေနဲ့ ဒီနေ့ဟာ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ၀မ်းမြောက်စရာနေ့ဖြစ်ပြီး၊ ဖို့ဝိန်း လူ့အဖွဲ့အစည်းအတွက် ပိုပြီး ကြီးကျယ်တဲ့ နေ့ပါပဲ။ သူတို့ဟာ အင်မတန်ငြိမ်းချမ်းတဲ့သူတွေပါ။ ဒီဗလီဝတ်ကျောင်းတော်က အစ္စလာမ်ဟာ အင်မတန်အားကောင်းပြီး အပြုသဘောဆောင်တယ် ဆိုတာကို နားလည်လာစေဖို့ ဓလေ့ထုံးတမ်းတွေထဲက အကောင်းဆုံးကို ကိုယ်စားပြုပါတယ်” ဟု မြန်မာနိုင်ငံသားများနှင့် ၁၉၉၁ခုတွင် စတင် အလုပ်တွဲလုပ်ခဲ့သည့်  ဒုက္ခသည်များရေးရာ ၀န်ထမ်းဟောင်းဖရက် ဂီလ်ဘာ့တ်က  ပြောပါတယ်။

    96f5144a9492cf90f7e413b564b8986d9ce98b69dfef0c841541b0af2f9fe7e0

    အခမ်းအနားကို လူဦးရေ သုံးထောင်နီးပါးတက်ရောက်ခဲ့ကြပါတယ်။ “ကားထားဖို့နေရာ အခက်အခဲဖြစ်မှာကိုပဲ ကျနော်တို့ စိုးရိမ်ခဲ့တယ်။ အလ္လာဟ်အလိုတော်နဲ့ ကားအစီး တစ်ထောင်လောက် ရပ်နားဖို့ နေရာ စီစဉ်ပေးနိုင်ခဲ့တယ်။  ဘေးပတ်ဝန်းကျင် အိမ်နီးချင်းတွေကလည်း ကူညီတယ်။ ရဲအရာရှိတွေကလည်း ကျနော်တို့အပေါ် နားလည်ပေးတယ်။ ဝိုင်းကူပေးတယ်။” လို့ ကားရပ်နားရေးအတွက် ဦးဆောင် တာဝန်ယူပေးတဲ့ ကိုအာလီခန်းက ပြောပါတယ်။

    “အခုလို တာဝန်ကြီးတဲ့လုပ်ငန်းကို လုပ်ဆောင်ကြရာမှာ အတူတကွ တက်ညီလက်ညီနဲ့ လုပ်ကိုင်ကြမယ်၊ညှိညှိနှိုင်းနှိုင်း လုပ်ကိုင်ကြမယ်ဆိုရင် ကြီးမားတဲ့အောင်မြင်မှုတွေရနိုင်တယ်၊ စိတ်ဓါတ်ခိုင်မာရင် ဘယ်လို အခက်အခဲ့ကို ဘဲဖြစ်ဖြစ် ကျော်လွားနိုင်တယ်ဆိုတာ ကျနော်တို့အတွက် ဒီ Project ကသက်သေပါဘဲ” လို့ အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးမှူး ကိုမြတ်ကို က ပြောပါတယ်၊၊

    “ကျနော်တို့အတွက် ဒီဗလီဝတ်ကျောင်းတော်က မြန်မာမွတ်စလင်တွေ စုဝေးတဲ့ အချက်အခြာနေရာ တစ်ခုဖြစ်တယ်။ အားလုံးရဲ့ ဆုံမှတ်ဖြစ်တယ်။ လောလောဆယ်ကတော့ ပထမအပိုင်းပဲ ပြီးသေးတယ်။ နောက် ကျန်တဲ့ အပိုင်းတွေ ပြီးရင် ကျနော်တို့ အသိုင်းအဝန်း တစ်ရပ်လုံး အတွက် ပညာရေး၊ လူမှုရေး ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လိမ့်မယ်” လို့ ကိုတင်ဟိန်းလတ်က ဆက်လက်ပြောဆိုပါတယ်။

    စီမံကိန်းပထမအဆင့်တွင် ဗလီဝတ်ကျောင်းတော်အတွင်း ၀တ်ပြုဆောင်နှင့် ကားပါကင်ဆောင်လုပ်ခြင်းတို့ ပါဝင်ပြီး အဆိုပါ ၀တ်ပြုဆောင်၏ အရှေ့တွင် အမျိုးသား ၁၅၀ ၀တ်ပြုနိုင်ပြီး အမျိုးသမီး ၂၀ ခန့် ၀တ်ပြုနိုင်မည့် သီးသန့်အဆောင်လည်း ဗလီဝတ်ကျောင်းတော်အတွင်း ရှိပါတယ်။ ဂေါပကအဖွဲ့ကမူ အဆိုပါ အမျိုးသား၊ အမျိုးသမီး ၀တ်ပြုရန်နေရာများကို တိုးချဲ့သွားမည်ဖြစ်သော်လည်း အမျိုးသမီးအများစုက မိမိအိမ်တွင်ပင် ၀တ်ပြုသောကြာင့် အမျိုးသမီးများအတွက် နေရာမှာ ပိုကျဉ်းမည်ဟု ပြောကြားခဲ့ပါတယ်။

    DSC02570

    “မွတ်စလင်လူ့အဖွဲ့အစည်း ကျယ်ပြန့်လာမှုကို ကျွန်တော်တို့မြင်ရတာဟာ  မယုံကြည်နိုင်စရာပါပဲ။ ဒါဟာ ဒီမြို့မှာ ၅ ခုမြောက် အစ္စလာမ့် စင်တာဖြစ်ပြီး မြန်မာမွတ်စလင်တွေ အတွက် လိုအပ်ချက်တွေကို ကိုယ်စားပြုတာလည်း ဖြစ်ပါတယ်။ ဒီဗလီဝတ်ကျောင်းတော်ကို မြန်မာ မွတ်စလင်တွေ အတွက်လို့ ကျွန်တော်တို့ ပြောပေမယ့်လည်း မတူညီတဲ့ ယဉ်ကျေးမှု၊ နောက်ခံဘက်ဂရောင်းတွေကလာတဲ့ အခြား မွတ်စလင်တွေလည်းရှိပြီး ဒါဟာ သူတို့အားလုံး အတွက်လည်း ဖြစ်မှာပါ။ ဘယ်လို နောက်ခံမျိုးက ဘယ်လိုမွတ်စလင်ပဲဖြစ်ပါစေ ဗလီဝတ်ကျောင်းတော်တိုင်းက ကြိုဆိုပါတယ်။ အစ္စလာမ့်လူ့အဖွဲ့အစည်းနဲ့ အသိုင်းအ၀ိုင်းက ဗလီဝတ်ကျောင်းတော်ဆိုတာ တစ်နေ့ကို ငါးကြိမ် ၀တ်ပြုတဲ့ အဆောက်အဦးပဲ မဟုတ်ပါဘူး။ ဒီထက်ပိုပါတယ်။ ဗလီဝတ်ကျောင်းတော်ဆိုတာ လူတွေလာမယ်။ လူ့အဖွဲ့အစည်းအတွက် စီမံကိန်းတွေ စတင်နိုင်မယ့် နေရာမျိုးပါ။ အစ္စလာမ့်ရဲ့ ငြိမ်းချမ်းတဲ့သတင်းစကား၊ မေတ္တာတရားနဲ့ ညီအစ်ကိုမောင်နှမ စိတ်ဓာတ်တွေကို  အမှန်တကယ်ဖြန့်ဝေနိုင်မယ့် နေရာလည်း ဖြစ်ပါတယ်” ဟု ယူနီဗာဆယ် ပညာရေးဖောင်ဒေးရှင်း ဥက္ကဌ ဂိုဟာရ် စလာမ်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ်ကတည်းက ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လာခဲ့ကြပြီး လက်ရှိမှာ ပထမပိုင်း ဗလီဝတ်ကျောင်းတော် စီမံကိန်းမှ ကျန်ရှိသည့် အဆင့် ၄ ဆင့်မှာ ရန်ပုံငွေများ ထပ်မံရှာဖွေပြီးသည့် အချိန်တွင် ဆောင်ရွက် သွားမည်ဖြစ်ကာ အဆိုပါ အဆင့်များတွင် စာသင်ခန်းများ၊ ထပ်တိုးဝတ်ပြုဆောင်များ တည်ဆောက်ခြင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။  ဂေါပကအဖွဲ့ကမူ စီမံကိန်းတစ်ခုလုံး အတွက် ကန်ဒေါ်လာ ၁.၁ သန်းကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားကြပါတယ်။

    b03e10ef2504242dbdb3452882eb927d45262fe38bca1f1ac76343fdd3cd2c5d image

    3263dffc99ce2ad89d3433e7bf9d542eee0a7b67018234720df5905943238e4f13e71e534d904304e29066ddabc57763253fe08aba35b96c0bcf116c36e9f3b6 33958d0b81922b6bea3848446a5cd73982db94c6cf627ca500997e5e9688db86

    ** ဖို့ဝိန်းမြို့အခြေစိုက် ဝိန်းတီဗီ သတင်းဌာနမှ အချက်အလက်အချို့ ကိုးကားသည်။

  • အမေရိကန်တွင် မြန်မာမွတ်စလင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး လုပ်ငန်း စတင်

    အမေရိကန်တွင် မြန်မာမွတ်စလင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး လုပ်ငန်း စတင်

    နိုဝင်ဘာ၊ ၄ ၊ ၂၀၁၂
    M-Media
    သတင်း- နေစိုင်း

    အမေရိကန်နိုင်ငံ ဖို့ဝိုန်းမြို့တွင် မြန်မာမွတ်စလင်များမှ ပထမဆုံး တည်ဆောက်မည့် ဗလီဝတ်ကျောင်းတော်အား စတင်တည်ဆောက်နေပြီဖြစ် ကြောင်း ယင်းဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအား ကမကထပြု ဆောင်ရွက်နေသည့် ဘီအမ်အီးစီစီ ခေါ် မြန်မာမွတ်စလင်ပညာရေးနှင့် ကော်မြူနတီစင်တာမှတဆင့် သိရှိရပါသည်။

    ဗလီဝတ်ကျောင်းတော်ပုံစံအကြမ်း

    ဖို့ဝိုန်းမြို့တွင် အိမ်တန်းလျား သုံးခု၌ ဆွလ္လာသ်ဝတ်ပြုရန်အတွက် အခန်းများငှားရမ်းထားကြသော်လည်း ဖို့ဝိုန်းမြို့သို့ ပြောင်းရွေ့လာသည့် မြန်မာမွတ်စလင်ဦးရေ တိုးပွားလာနေသည့်အတွက် ဗလီဝတ် ကျောင်းတော်တစ်ဆောင် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ ခရစ်ယာန်ဘုရားရှင့်ခိုးကျောင်း အများအပြား ရှိသောကြောင့် ဖိုဝိုန်းမြို့အား ချက်ခ်ျကျောင်းမြို့တော်ဟု တင်စားခေါ်ဝေါ်ကြပြီး အစ္စလာမ်မစ်စင်တာ၊ လဂဒိုးဗလီ ခေါ် ပါကစ္စတန်ဗလီနှင့် ဘောစနီးယားဗလီများရှိသည်။ ဖို့ဝိုန်းမြို့သို့ရောက်ရှိလာသည့် ဗုဒ္ဓဘာသာဝင် မြန်မာအသိုင်းအဝိုင်းတွင်လည်း ဘုန်းကြီးကျောင်းလေးကျောင်းရှိပြီဟုလည်း သိရပါသည်။

    ဗလီဝတ်ကျောင်းတော် တည်ဆောက်ရန် ၂၀၁၁ ခုနှစ်တွင် လေးဧကနီးပါး အကျယ်အဝန်းရှိသည့် မြေနေရာအား ဝယ်ယူကာ ဗလီမြေသန့်ရှင်းရေးအား ပြုလုပ်ခဲ့ကြသည်။ ဗလီဝတ်ကျောင်းတော်အား အပိုင်းလေးပိုင်း ပိုင်းခြားကာ တည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့် ယင်းဗလီဝတ်ကျောင်းတော်နှင့်အတူ အမျိုးသမီးဆောင်နှင့် စာသင်ဆောင်များအားလည်း ပူးတွဲ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

    “အမြန်ဆုံးဆွလ္လာသ် ဝတ်ပြုနိုင်ဖို့အတွက် အခုလောလောဆယ်တော့ ဗလီရဲ့ မျက်နှာစာအခြမ်းကို အရင်ဆောင်မယ်။ ဝူဇူခန်း (ကိုယ်လက်သန့်စင် ဆေးကြောခန်း) နှစ်ခန်းကိုလည်း တခါတည်းဆောက်လိုက်မယ်။ ပထမ အပိုင်းပြီးရင်တော့ စုစုပေါင်း ၁၅၀ ကျော်လောက် ဆွလ္လာသ် ဝတ်ပြုနိုင်လိမ့်မယ်။ နောက်မှကျန်တဲ့ အပိုင်းတွေကို တိုးချဲ့သွားဖို့စီစဉ်ထားတယ်။”ဟု ဘီအမ်အီးစီစီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဂျီယူနွတ် မှပြောသည်။

    ပထမတည်ဆောက်မည့် အပိုင်းအတွက် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဆောက်လုပ်ရေးလုပ်ငန်းစီမံချက်သည် ငွေကြေးကောက်ခံရရှိမှုအပေါ် မူတည်နေသောကြောင့် တည်ဆောက်ပြီးစီးနိုင်မည့် နေ့ရက်အတိအကျအား မသိရသေးပေ။

    ၂၀၁၂ ခုနှစ် အောက်တိုဘာလာ ၂၈ရက်နေ့က ဆောက်လုပ်ရေးစတင်ရန် အမေရိကန်ရောက် မြန်မာမွတ်စလင်များ စုပေါင်းဒိုအာပြုစဉ်

    “မြန်မာမွတ်စလင်တွေဆောက်တယ်ဆိုတော့ အလှူငွေတွေကိုလည်း မြန်မာမွတ်စလင်တွေဆီကဘဲ အဓိကထားကောက်တယ်။ ဖို့ဝိုန်းမြို့တင်မကဘူး တခြားမြို့… တခြားနိုင်ငံမှာနေကြတဲ့ မြန်မာမွတ်စလင်တွေကလည်း အလှူငွေထည့်ကြတယ်။ ဗလီက မွတ်စလင်တိုင်း အတွက်ဖြစ်တယ်ဆိုတော့ မြန်မာမွတ်စလင်မဟုတ်ဘဲ  အလှူငွေထည့်ဝင်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါ။ လောလောဆယ်တော့ ပထမဆောက်မယ့် အပိုင်းအတွက် သုံးပုံ တစ်ပုံနီးပါးလောက် ကောက်ခံရရှိပြီးပါပြီ။” ဟု ဘဏ္ဍာရေးမှူး ကိုမြတ်ကိုမှ ရှင်းပြပါသည်။

    အခြားအရပ်ဒေသများတွင် နေထိုင်ကြသည့် အလှူရှင်များအနေဖြင့် အလှူငွေများထည့်ဝင်လိုပါက ဘီအမ်အီးစီစီ၏ အင်တာနက် စာမျက်နှာမှလည်းကောင်း၊ စာတိုက်မှတဆင့်လည်းကောင်း၊ ဘဏ်ငွေလွှဲစနစ်ဖြင့်လည်းကောင်း၊ တဆင့်ခံငွေလွှဲစနစ်ဖြင့်လည်းကောင်း ထည့်ဝင် လှူဒါန်းနိုင်ကြောင်းသိရပါသည်။

    ယင်းဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး စီမံကိန်းအား ကမကထပြုဆောင်ရွက်နေသည့် မြန်မာမွတ်စလင် ပညာရေးနှင့် ကော်မြူနတီ စင်တာသည် ၂၀၁၀ ခုနှစ်တွင် ဘာသာရေးကို အခြေခံသည့် လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော အဖွဲ့အစည်းဖြစ်ပါသည်။

    အဖွဲ့အစည်း၏ အခြေခံစည်းမျဉ်းများအရ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင့် ရှေ့လာမည့် သက်တန်းနှစ်နှစ်အတွက် ဆက်လက် တာဝန်ထမ်းဆောင်ကြရန် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၁၅ ဦးအား မိသားစု ၂၀၅ စု၏ မိသားစုဝင်များမှ လှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ် တင်မြှောက်ခဲ့ကြောင်း ရွေးကောက်ပွဲဖြစ်မြောက်ရေး ကော်မရှင်မှထုတ်ပြန်ထားသည့် သတင်းကြေငြာချက်အရ သိရှိရပါသည်။ ၎င်းတို့ ၁၅ ဦးအတွင်း လူကြီးလူငယ်၊အမျိုးသား ၊ အမျိုးသမီးများအပါအဝင် အာလင် ပညာရှင်များနှင့် ခေတ်ပညာတတ်များလည်း ပါဝင်ကြောင်းသိရပါသည်။

    “ကျနော်တို့ရဲ့ ဒါရိုက်တာအဖွဲ့အတွင်းမှာ အလုပ်အမှုဆောင်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီနဲ့ ဗလီဆောက်လုပ်ရေး အလုပ်အမှုဆောင်အဖွဲ့ ဆိုပြီး ကော်မတီတွေဖွဲ့စည်းပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။” ဟု အဖွဲ့အစည်း ဥက္ကဌဖြစ်သူ ဦးခင်မောင်ချိုမှ ပြောပါသည်။ “လုပ်ငန်းစီမံချက်က ကြီးတယ်ဆိုတော့ ကျနော်တို့အနေနဲ့ အချိန်ယူပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်နေကြပါတယ်။” ဟု ဦးခင်မောင်ချိုမှ ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

    ဘီအမ်အီးစီစီသည် မစ္စဂျေဒေ နူရ်ွအစ္စလာမ် ခေါ် အစ္စလာမ့် ဂုဏ်ရောင်ဗလီဝတ် ကျောင်းတော်ဟုအမည်ခေါ်တွင်စေမည့် ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးလုပ်ငန်းနှင့် ဘာသာရေး၊ လူမှုဝန်ဆောင်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်းသိရပါသည်။ အသေးစိတ် အချက်အလက်များအား အဖွဲ့အစည်း၏ အင်တာနာ စာမျက်နှာ www.bmeccfw.org နှင့် www.facebook.com/bmeccfw မှတဆင့်ကြည့်ရှုနိုင်ပါသည်။

    ဗလီဝတ်ကျောင်းတော်၏ အခြေခံအုတ်မြစ် တည်ဆောက်ရာတွင် မွတ်စလင်အများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီတွင် စီစဉ်ထားကြောင်းနှင့် မွတ်စလင်တိုင်း လာရောက်ပါဝင်နိုင်ရန် ဖိတ်ကြားထားကြောင်း သိရှိရပါသည်။

    ဗလီဝတ်ကျောင်း အခြေခံအုတ်မြစ်ချပွဲ ဖီတ်ကြားလွှာ