News @ M-Media

Tag: Boat People

  • လူကုန်ကူးခံရမည် စိုးသဖြင့် ရိုဟင်ဂျာများ ဒုက္ခသည် စခန်းအတွင်း ဆက်နေ

    လူကုန်ကူးခံရမည် စိုးသဖြင့် ရိုဟင်ဂျာများ ဒုက္ခသည် စခန်းအတွင်း ဆက်နေ

    Win Naing
    ရခိုင်ပြည်နယ် သက်ကယ်ပြင် ဒုက္ခသည်စခန်းတွင် မကြာသေးင်က တွေ့ရသော ၄၃ နှစ်အရွယ် ရိုဟင်ဂျာ/ဘင်္ဂါလီ အမျိုးသား ဦးဝင်းနိုင်၊ ၎င်း၏ ဇနီး နှင့် ကလေးသုံးယောက် (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

    သင်းလဲ့ဝင်း/Myanmar Now

    သက်ကယ်ပြင်၊ ရခိုင်ပြည်နယ် (Myanmar Now) – ဒေါ်ဟာစီနား၏ အသက် ၂ဝ အရွယ် သားဖြစ်သူသည် မြန်မာနိုင်ငံအတွင်း တွေ့ကြုံခံစားနေရသည့် ဆင်းရဲမွဲတေမှု၊ ခွဲခြားဆက်ဆံခံနေရမှုများမှ ထွက်ပြေးလွတ်မြောက်ရန် နေထိုင်ရာ ရခိုင်ပြည်နယ်မှ လှေဖြင့် စွန့်ခွာသွားခဲ့ပြီးနောက် သူ့သတင်းအစအနကို မကြားရသည်မှာ ၇ လ ခန့် ကြာသွားသည်။

    တစ်နေ့တွင် လူတစ်ယောက်က ဒေါ်ဟာစီနား၏ သားဖြစ်သူ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးသူများ လက်ထဲတွင် ရောက်နေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း ဖုန်းဆက်ပြီး   ပြောလာသည်။ သူ့သား လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ငွေပေးပြီး ပြန်ရွေးယူရန်ဖြစ်သည်။

    “တောင်းတဲ့ငွေကို မပေးဘူးဆိုရင် ခင်ဗျားသား သေလိမ့်မယ်လို့ ပြောတယ်။ ကျွန်မအရမ်း စိတ်ဓာတ်ကျသွားတယ်။ ဒီလူပွဲစားတွေ လက်ထဲကို ကျွန်မသား ဘယ်လို ရောက်သွားတယ်ဆိုတာ မသိပါဘူး။ ကျန်းမာရေးကလည်း ဘယ်လိုဖြစ်သွားတာလဲ မသိဘူး” ဟု ဒေါ်ဟာစီနားက  စစ်တွေမြို့အနီး သက်ကယ်ပြင် ဒုက္ခသည်စခန်းအတွင်းမှ သူ၏ သန့်သန့်ရှင်းရှင်း မရှိသည့် ခနော်နီခနော်နဲ့ အိမ်၏  ကြမ်းပြင်ပေါ်တွင် ထိုင်နေလျက် ပြောသည်။

    သူ၏ သားဖြစ်သူသည် ဒေါ်လာ ၁,၆ဝဝ ပေးမည့် မလေးရှားမှ အလုပ်ရှင်တစ်ယောက်နှင့် အဆက်အသွယ် ရခဲ့သည်။ သားဖြစ်သူသည် လွန်ခဲ့သည့်နှစ်မှစ၍ တင်ခဲ့သည့် ယင်းအကြွေးကို ဆပ်နိုင်ရန် ယခုအချိန်အထိ အလုပ်လုပ်နေရသည်။ နှစ်လ၊ သုံးလလျှင်တစ်ကြိမ် ကျပ် ခြောက်သောင်းခန့်သာ အိမ်သို့ ပြန်ပို့နိုင်ပြီး မိသားစုက တင်နေသည့် အကြွေးများကို ယင်းငွေဖြင့် ဆပ်ရသည်။

    ကလေး ၇ ဦး၊ ပန်းနာရောဂါစွဲကပ်နေသူ ခင်ပွန်းတို့နှင့်အတူ မိသားစုအိမ်စရိတ်အတွက် ရှာဖွေနိုင်ခဲ့သော်လည်း သားဖြစ်သူ၏ ပြဿနာကို ဖြေရှင်းပေးနေရဆဲဖြစ်ကြောင်း ဒေါ်ဟာစီနားက ရှင်းပြသည်။
    “ကလေးတွေကို အလုပ်ရှာဖို့ လှေနဲ့ ထည့်လိုက်ချင်ပေမယ့် လူပွဲစားတွေလက်ထဲကို ရောက်သွားမှာ စိုးတာနဲ့ မလုပ်ရဲဘူး” ဟု ဒေါ်ဟာစီနားက ပြောသည်။

    မြန်မာနိုင်ငံတွင်း မကြာသေးမီနှစ်များက လူမျိုးရေးအကြမ်းဖက်မှု၊ အသားအရောင်ခွဲခြားမှုကဲ့သို့ သော ပြဿနာတို့ကြောင့်  ရိုဟင်ဂျာအများအပြား ထွက်ပြေးခဲ့ရသည်။ ၎င်းတို့ထဲမှ အများအပြားသည် လူကုန်ကူးသူတို့၏ လက်တွင်းသို့ ရောက်သွားပြီး အချို့မှာ ငွေနှင့် လာမရွေးပါက သတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုများ ရရှိခဲ့သည်။

    ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားသည့် ရိုဟင်ဂျာအရေအတွက် သိသိသာသာ ကျဆင်းသွားကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောသည်။ ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံများတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်း လုပ်ဆောင်နေခြင်း၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လွှတ်တော်နေရာ အများစုအတွက် နေရာရခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု အဆိုပါ အဖွဲ့များက ပြောသည်။

    မြန်မာအစိုးရက နိုင်ငံအတွင်းရှိနေသည့် ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းခန့်ကို နိုင်ငံသား အသိအမှတ်မပြုဘဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရောက်ရှိလာသည့် ဘင်္ဂါလီများဟုသာ ခေါ်ဝေါ်သုံးစွဲသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း သွားရောက်ခွင့် ပိတ်ပင်ခံထားရပြီး စာသင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရပေ။

    စစ်တွေမြို့ပြင်မှ ဒုက္ခသည်စခန်းအသီးသီးတွင် ဒေါ်ဟာစီနားကဲ့သို့ တွေ့ကြုံခံစားရခဲ့သည့် ဘင်္ဂါလီ အများအပြား ရှိနေသည်။ ယင်းအဖြစ်အပျက်များ သူတို့အကြားတွင် တစ်ဆင့်စကားတစ်ဆင့်နား ကြားနေရပြီး ရက်ပေါင်းများစွာ သွားရမည့် လှေစီးခရီးအတွက် သူတို့ စိုးရိမ်နေကြသည်။  မကြာသေးခင်က တွေ့ဆုံ စကားပြောခဲ့ရသည့် ရိုဟင်ဂျာများက  ထိုသို့ သွားရမည်ကို ထိတ်လန့်ကြောင်း ပြောသည်။

    “ဒီရာသီမှာ အောက်တိုဘာလကစလို့ လှေနည်းနည်းထွက်ခဲ့ပေမယ့် အခုနှစ်ပိုင်းမှာတော့ ထွက်တဲ့လှေ လုံးဝမရှိပါဘူး။ ထိုင်းအစိုးရက သေသေချာချာ ဖမ်းဆီးနေလို့ လူကုန်ကူးသူတွေ ဝင်လို့မရတာက အဓိကအကြောင်းတစ်ခုပါ။ နောက်တစ်ချက်က မလေးရှားမှာလည်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်” ဟု ရိုဟင်ဂျာများကို အကူအညီပေးနေသော၊ ရွှေ့ပြောင်းသွားလာမှုများကို စောင့်ကြည့်နေသော ရခိုင်စီမံကိန်းမှ Chris Lewa  က ပြောသည်။

    ဖေဖော်ဝါရီလဆန်းပိုင်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများတွင် တန်းစီစောင့်ဆိုင်းနေသည့် ခိုလှုံခွင့်တောင်းခံလာသူများကို မလေးရှားရဲများက ဖမ်းဆီးခဲ့သည်။ ယခုအခါ မလေးရှား ထိန်းသိမ်းရေးစခန်းများတွင်  ၂,၅ဝဝ ခန့် ရှိနေကြောင်း သူက Myanmar Now ကို ရှင်းပြသည်။

    “ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ရောက်လာခဲ့တဲ့ ရိုဟင်ဂျာတွေက မှတ်ပုံတင်မရှိသလို အလုပ်လည်း ရှာရတာမလွယ်လို့ အဆင်မပြေကြပါဘူး” ဟု Chris Lewa က ပြောသည်။

    ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် Fortify Rights ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ Matthew Smith က ရခိုင်ပြည်နယ်မှ ထွက်ခွာသည့် ရိုဟင်ဂျာ/ဘင်္ဂါလီအရေအတွက် ကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း လျှို့ဝှက်စွာ ထွက်ကြသည့် သဘောသဘာဝအရ အရေအတွက်ကို မှန်းဆရန် မလွယ်ကူဟု ဆိုသည်။

    ထို့ပြင် လူကုန်ကူးဂိုဏ်းများ ရှိနေသေးသောကြောင့် ၎င်းတို့အနေဖြင့် အခွင့်အရေးရပါက ပြန်လည်လှုပ်ရှားမည့် အလားအလာများလည်း ရှိနေကြောင်း Matthew Smith က ပြောသည်။

    မြန်မာနိုင်ငံအတွင်း မျှော်လင့်ချက်များ ရှိနေသေး
    ————————————-
    ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာတို့အကြား လူမျိုးရေးအဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်၍ မွတ်စလင်အများစုအပါအဝင် လူပေါင်း ၁၄ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သောင်းဂဏန်းအထိရှိသော ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်အတွင်းမှ လှေများဖြင့် ထွက်ခွာသွားခဲ့သည်။

    ရှေးဆယ်စုနှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့သည့် ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်သော ရေလမ်းခရီးကို ခိုင်ခန့်မှုမရှိသည့် လှေများဖြင့် ဖြတ်သန်းကြရာ အများအပြားသည် လူကုန်ကူးသမားတို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။

    အိုးအိမ်စွန့်ခွာခဲ့ရသူ ၅,၆ဝဝ ခန့်ကို လက်ခံထားရှိသည့် သက်ကယ်ပြင်ကျေးရွာတွင် ၎င်းတို့ အများစု နေထိုင်ပြီး နေ့စဉ်ဘဝရှင်သန်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရသည့်အပြင် ခွဲခြားဆက်ဆံခံရမှုသည် အမြဲတမ်းကြုံတွေ့နေသည့် ပြဿနာဖြစ်လာသည်။

    အဆိုပါ မိသားစုများမှ ကလေးများသည်   ဒုက္ခသည်စခန်းအနီးရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် တက်နေပြီဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်က ယင်းကျောင်းမရှိသေး။ အကူအညီပေးရေးအဖွဲ့အစည်းများနှင့် အစိုးရက ဒုက္ခသည်စခန်းများအနီးတွင် ကျောင်း၊ ဆေးခန်းများ ထပ်မံ တည်ဆောက်ထားသည်။

    လက်ရှိအစိုးရက ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း ရိုဟင်ဂျာ/ဘင်္ဂါလီတချို့က နေရပ် စွန့်ခွာမှုမပြုကြခြင်းမှာ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသစ်လက်ထက်တွင် သူတို့အတွက် အခြေအနေကောင်းလာနိုင်မည်ဟု မျှော်လင့်နေကြခြင်းကြောင့် ဖြစ်ကြောင်း Fortify Rights အဖွဲ့မှ Matthew Smith  က ရှင်းပြသည်။

    “ရခိုင်ပြည်နယ်က မွတ်စလင်တွေက ဒေါ်စုအနေနဲ့ သူတို့အတွက် ပိုကောင်းလာအောင်  လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” ဟု သူက ပြောသည်။

    ရိုဟင်ဂျာ/ဘင်္ဂါလီများကို ခါးခါးသီးသီး ဆန့်ကျင်သော ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားသော်လည်း မွတ်စလင်တို့က ယင်းကဲ့သို့ မျှော်လင့်ထားသည်။ NLD က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်စဉ် မွတ်စလင်တစ်ဦးတစ်ယောက်မျှ မပါဝင်သလို ရိုဟင်ဂျာတို့ ကြုံတွေ့နေရသည့် နှိပ်စက်ခံရမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြစ်တင်ရှုတ်ချခြင်းလည်း မပြုလုပ်ခဲ့ပေ။

    အသက် ၆၅ နှစ်အရွယ် ဦးစူလတန်က NLD အစိုးရသည် အပြောင်းအလဲအတွက် အကောင်းဆုံးမျှော်လင့်ချက်ဖြစ်နေသည်ဟု ပြောကြားသည်။ စူလတန်သည် တစ်ချိန်က စစ်တွေတွင် တိုက်ဖြင့်နေထိုင်ကာ စီးပွားရေးလုပ်ငန်း သုံးခုရှိခဲ့သော်လည်း ယခုအခါ အဆိုပါ ဘဝအခြေအနေနှင့် များစွာကင်းကွာသွားပြီဟု ဆိုသည်။ ဝေးဝေးလံလံသွားလာရန်လည်း မဖြစ်နိုင်တော့သကဲ့သို့ သူ့သမီးသုံးယောက်ကိုလည်း အခြားသူများကဲ့သို့ အလုပ်သွားလုပ်ခိုင်းမည်မဟုတ်ဟု ပြောသည်။ ယခုအခါ ဦးစူလတန်သည် သူငယ်ချင်းတစ်ယောက် ဝယ်ပေးထားသည့် ဆိုင်ကယ်တစ်စီးဖြင့် ကျပ် ၁၅ဝ တန် သွားတိုက်ဆေးများကို အနီးဝန်းကျင်ရွာများ၊ ဒုက္ခသည်စခန်းများတွင် လှည့်လည်ရောင်းချလျက် အသက်မွေးဝမ်းကြောင်းနေသည်။

    “ကျွန်တော်တို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်မရခဲ့တာ တကယ်စိတ်မကောင်းပါဘူး။ လာမယ့်အစိုးရသစ်လက်ထက်မှာတော့ အခြေအနေတွေ ပိုကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဇနီးနှင့် ၂၆ ရက်သား အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးအပါအဝင် သမီး ၇ ဦး နံဘေးတွင် ထိုင်နေသည့် ဦးစူလ်တန်ကပြောသည်။

    သမ္မတဦးသိန်းစိန်အစိုးရက ရိုဟင်ဂျာတို့၏ တရားဝင် အထောက်အထား လက်မှတ်များကို ပြီးခဲ့သည့် နှစ်အတွင်းက ပြန်သိမ်းသွားခဲ့သောကြောင့် ၎င်းတို့ မဲပေးခွင့်မရတော့သဖြင့် ရိုဟင်ဂျာတို့ကို အကူအညီပေးနေသည့် နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်ပြစ်တင်ခဲ့သည်။

    ဦးစူလ်တန်က “ကျွန်တော်တို့ကို ကူညီတဲ့နိုင်ငံတကာ အသိုင်းအဝန်းကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အကူအညီကြောင့် ကျွန်တော်တို့ အသက်ရှင်နေရတာပါ။ ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်ပါတယ်။ အရင်လို နေခဲ့ရတဲ့ ဘဝမျိုးကို ပြန်လိုချင်တယ်” ဟု ပြောသည်။

    မတရားခံရမှု ဖြစ်ရပ်များ
    ———————–
    လှေနှင့် ခိုးထွက်သည့် ခရီးစဉ်များအတွင်း မတရားခံရမှု ဖြစ်ရပ်များကြောင့် သွားလာမှု လျော့ကျသွားသည်။  ၅ နှစ်အောက် ကလေးသုံးယောက်တို့၏ဖခင် ၄၃ နှစ်အရွယ် ဦးဝင်းနိုင်က “လှေပေါ်မှာဖြစ်ဖြစ်၊ ထိုင်းကို ရောက်ရင်ပဲဖြစ်ဖြစ် ကျွန်တော် တစ်စုံတစ်ရာဖြစ်သွားရင် ကျွန်တော့်မိန်းမနဲ့ ကလေးတွေ ဘယ်လိုလုပ်မလဲ။ အဲဒီလို သွားရင်းနဲ့လည်း သေသွားနိုင်တယ်” ဟု ပြောသည်။

    ဒေါ်ဟာစီနား၏ အိမ်နီးချင်း ကလေးနှစ်ယောက်ဖခင် အသက် ၂၅ နှစ်အရွယ် ကိုမူလာ ကလည်း  ထိုသို့ စိတ်ကူးမိသည်ဟု ဆိုသည်။  လက်လုပ်လက်စားဘဝကိုစွန့်ပြီး ပုံမှန်ဝင်ငွေတစ်ခုရရန် လွန်ခဲ့သည့် သီတင်း ခြောက်ပတ်ခန့်က  ဒုက္ခသည်စခန်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သော်လည်း ဦးဝင်းနိုင်ပြောသည့်အတိုင်း စဉ်းစားမိပြီး အစီအစဉ်ကို ဖျက်လိုက်ကြောင်း Myanmar Now ကို ရှင်းပြသည်။

    ယောက်ဖဖြစ်သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် သူ့ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ဒုက္ခသည်စခန်းမှ ထွက်သွားသော သူ့ယောက်ဖကို  လူပွဲစားက ထိုင်းနိုင်ငံရှိ သားသတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံတွင် ဒေါ်လာ ၈၅ဝ ဖြင့် ရောင်းချခဲ့သည်။

    “သူထွက်သွားတုန်းက အင်အားဖြည့် ဘီစကွတ် ၂ ထုပ်ပဲ ပါသွားတယ်။ သူတို့ထိုင်းကိုရောက်တော့ သားသတ်သမားက ကျွန်တော့် ယောက်ဖ ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်တာကို သဘောကျသွားတယ်” ဟု ကိုမူလာက ပြောသည်။

    လပေါင်းများစွာကြာသော်လည်း စားစရာအနည်းငယ်မှအပ လုပ်ခငွေပေးခြင်းမရှိသောကြောင့် ယောက်ဖဖြစ်သူသည် အလုပ်မှ ထွက်ပြေးပြီး အလုပ်ရှင်သစ်ရှာဖွေခဲ့သည်။ သို့သော်လည်း သားသတ်သမား အလုပ်ရှင်က သူ့ကို ရှာတွေ့သွားပြီး ခြိမ်းခြောက်ကာ ပြန်ခေါ်သွားခဲ့သည်ဟု ကိုမူလာက ပြောသည်။ လွန်ခဲ့သော ငါးလခန့်က ယင်းအဖြစ်အပျက်ကို သူ့ထံမှ နောက်ဆုံးကြားခဲ့ရပြီး ယခုအခါ ငွေလည်း မပို့နိုင်ကြောင်း ရှင်းပြသည်။

    “သူ့အဖြစ်အပျက်ကို ကြားရတာ တကယ်ကို ထိတ်လန့်စရာပဲ။ ဒီပုံစံနဲ့ အသက်ရှင်ဖို့ ဘယ်လွယ်မလဲ။ ကျွန်တော့်မှာ ကလေးနှစ်ယောက်နဲ့ မိန်းမတစ်ယောက်ရှိတယ်။ ဒီနေရာမှာ ကျွန်တော်သေရင်တောင် ကျွန်တော့်မိသားစုက အနားမှာ ရှိသေးတယ်” ဟု ကိုမူလာက ပြောသည်။     ။

  • ဒုက္ခသည် ၅ဝ ကျော် နေရပ်ပြန်

    ဒုက္ခသည် ၅ဝ ကျော် နေရပ်ပြန်

    ဇွန် ၂၁၊ ၂၀၁၅
    .refugees-50over-return
    ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေ ထဲက စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေက လူ ၅၅ ဦးကို နေရပ် အသီးသီးကို ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
    .
    ဒီနေ့ညနေပိုင်းမှာပဲ ပို့ဆောင်လိုက်တာလို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။
    .
    “အခုပဲ ကျောက်တော်တို့ မင်းပြားတို့ဘက်ကိုသွားပြီ ကားနဲ့သယ်သွားပါပြီခင်ဗျ၊ အခုမှပဲ သယ်သွားတယ် ဟိုဘက်ကိုတော့ မရောက်သေးဘူး သွားနေကြတုန်းပဲ၊ ကျန်တဲ့ဟာတော့ ဘူးသီးတောင်နဲ့ မောင်တောဘက် ကပဲ ကျန်တော့တယ်၊ အဲ့ဘက်ကလူတွေ အားလုံးက တောင်ပြိုတို့ဘာတို့က လွှဲပြီးသွားပြီ၊ အခု ဘူးသီးတောင် နဲ့ မောင်တောကလွှဲဖို့ သူတို့လုပ်နေကြတယ်၊ ဒီနေ့ကတော့ ကျနော်တို့ဘက်က စစ်တွေဘက်အခြမ်းကို အရင်ပို့တာပါ”
    .
    ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်တဲ့ လူ ၅၅ ဦးဟာ စစ်တွေက ၂၇ ဦး၊ မြောက်ဦးနဲ့ မင်းပြားက ၁ ဦးစီ၊ ပေါက်တောက ၁၄ ဦးနဲ့ ကျောက်တော်က ၁၂ ဦးတို့ဖြစ်ကြပါတယ်။
    .
    ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် မြန်မာရေပိုင်နက်ထဲဖမ်းဆီးရမိတဲ့ လှေစီး ဒုက္ခသည် ၇ဝဝ ကျော်ထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင် ၁၇၈ ဦးပါဝင်ပါတယ်။
    .
    အဲ့ဒီအထဲက ၅၅ ဦးကို ဒီနေ့ နေရပ်အသီးသီးကို ပြန်လည် ပို့ဆောင်လိုက်တာဖြစ်ပြီး ကျန်တဲ့ လူ ၁ဝဝ ကျော် ကိုတော့ သူတို့ရဲ့ မူလနေရပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
    .
    ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ထဲက ကျန်နေသေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၄ဝ ကျော်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်ပို့ဆောင်နိုင်ဖို့ အစိုးရက ကြိုးပမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
    .
    ဓါတ်ပုံအညွှန်း-စစ်တွေမြို့နယ်ကို ပြန်လည်ရောက်ရှိလာတဲ့လှေစီး ဒုက္ခသည်တွေကို စစ်တွေမြို့နယ် မှန်စီ စီမံခန့်ခွဲမှုရုံးမှာ ဇွန်လ ၂ဝ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
    .
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြပါသည်။

    http://www.rfa.org/burmese/news/refugees-50over-return-06202015110249.html

  • ဘ၀ရှင်သန်မှု အတွက် လှေဖြင့် ထွက်ပြေးသည့် လမ်းကိုသာ ရွေးချယ်နေကြရသည့် ရိုဟင်ဂျာများ

    ဘ၀ရှင်သန်မှု အတွက် လှေဖြင့် ထွက်ပြေးသည့် လမ်းကိုသာ ရွေးချယ်နေကြရသည့် ရိုဟင်ဂျာများ

    ဇွန်၂၀ ၊ ၂၀၁၅
    M-Media
    epa19
    – ပင်လယ်ပြင်တွင် စွန့်ပစ်ခံရသည့် အန္တရာယ်နှင့် နယ်စပ်များတွင် တင်းကြပ်သည့် ထိန်းချုပ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ရိုဟင်ဂျာများက တိုင်းပြည်အားစွန့်ခွာရန် နည်းလမ်းများကို ဆက်လက် ရှာဖွေနေကြလေသည်။

    ပင်လယ်ပြင်တွင် မျောပါနေကြသော ရွှေ့ပြောင်းလာသူများ၏ ခြောက်ခြားဖွယ်ပုံရိပ်များမှာ ၎င်းတို့၏ ဒုက္ခသုက္ခများ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ထိုအထဲမှ ၄၀၀၀ ကျော်မှာ ကယ်တင်ခံခဲ့ရပြီး အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့က ယာယီနေရာချထားပေးထားသည်ဟု ဆိုသည်။

    အချို့သော စောင့်ကြည့်အဖွဲ့များကမူ နောက်ထပ် လူ ၂၀၀၀ ကျော်မှာ ပင်လယ်ထဲတွင် ရှိကောင်းရှိနိုင်သည်ဟု ပြောကြားခဲ့သည်။ ရိုဟင်ဂျာအများစုအတွက်မူ ဘ၀အသစ်က အရာရာတိုင်းကို စွန့်စားမှပင် ရရှိနိုင်မည်ဖြစ်သည်။

    မြန်မာနိုင်ငံမှ ရိုဟင်ဂျာအများစုက ၎င်းတို့မှာ လူကုန်ကူးသူများနှင့် ခရီးသွားရခြင်း၏ အန္တရာယ်ကို သတိမူမိကြသည်ဟုဆိုသည်။ သို့သော်လည်း ထိုကဲ့သို့အန္တရာယ်ကို ရင်ဆိုင်စွန့်စားမှသာလျှင် အနည်းဆုံး မျှော်လင့်ချက်မှုန်းဝါးဝါးကို ရရှိကြသည်။

    “ကျွန်တော်တို့ ဒီမှာနေရင် ကျွန်တော်တို့ရဲ့ဘ၀က ဆိုးရွာလာမှာပါ။ အခြားနေရာမှာ ပိုပြီး သက်တောင့်သက်သာရှိတဲ့ ဘ၀ကို မျှော်လင့်နိုင်တာကြောင့် ကျွန်တော်တို့ စွန့်ခွာကြတာပါ။ ကျွန်တော်တို့ဟာ ဒီမြေကမဟုတ်ဘူး၊ ဒီမှာနေလို့မရဘူး၊ ကျွန်တော်တို့ဟာ ကျူးကျော်သူတွေဖြစ်တယ်လို့ ပြောပြီး အာဏာပိုင်တွေက ကျွန်တော်တို့ကို ခြိမ်းခြောက်ကြပါတယ်။ ကျွန်တော်တို့ ရွာခေါင်းဆောင်ကို ခြိမ်းခြောက်တာမျိုးအပါအ၀င် သူတို့က ကျွန်တော်တို့ကို အကြိမ်တော်တော်များများ ခြိမ်းခြောက်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀က ကျွန်တော်တို့အတွက် ခက်ခဲပါတယ်” ဟု ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတစ်ဦးဖြစ်သူ အီလီယက်စ်က ပြောကြားခဲ့သည်။

    ရခိုင်လူမျိုးများက ရိုဟင်ဂျာဆိုင်တစ်ဆိုင်အား မီးရှို့ဖျက်ဆီးခဲ့မှုကို ပြောပြ၍ ရိုဟင်ဂျာများမှာ နေ့စဉ် ကြောက်ရွံ့မှုအောက်တွင် မည်ကဲ့သို့ နေရသည်ကို ၎င်းက မီးမောင်းထိုးပြခဲ့သည်။

    “ဈေးအရှေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ သူတို့ကကြည့်နေပြီး ရခိုင်တွေကို မဖမ်းပါဘူး။ ရခိုင်တွေကလည်း သူတို့လုပ်တာကို လုံခြုံရေးတပ်ဖွဲ့တွေ ကြည့်နေတယ်ဆိုတာ သိပါတယ်။ သူတို့ မီးရှို့ကြပြီး အခြား ဆိုင် ၁၀ ဆိုင်က ပစ္စည်းတွေကို ခိုးယူကြပါတယ်။ ဘာမှမကျန်ပါဘူး” ဟု အီလီယက်စ်က ထပ်လောင်းပြောကြားခဲ့သည်။

    အင်တာဗျူးမှုအား တစ်ဦးတစ်ယောက်က မြင်သွားမည်ကို စိုးရိမ်သည့်အတွက် အီလီယက်စ်နှင့် အင်တာဗျူးမှာ တိုတောင်းခဲ့လေသည်။ ထိုအချင်းအရာက မြို့၏ လူဦးရေ အများစုဖြစ်သော်လည်း မောင်တောမြို့ရှိ ရိုဟင်ဂျာများ အတွင်း ကိန်းဝပ်နေသည့် အကြောက် တရားပင် ဖြစ်သည်။

    သို့သော်လည်း အီလီယက်စ်၏ ပြောကြားမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက လုံးဝ ပယ်ချခဲ့သည်။

    “အဓိပ္ပါယ်မရှိပါဘူး။ ကျွန်တော်လက်မခံပါဘူး။ မောင်တောမှာ လူဦးရေရဲ့ ၉၇ ရခိုင်နှုန်းက ဘင်္ဂါလီတွေပါ။ ၃ ရာခိုင်နှုန်းသာ ရခိုင်တွေပါ။ ဘာ့ကြောင့် လူများစုတွေက ရခိုင်လူနည်းစုတွေကို ကြောက်ရသလဲဆိုတာ ခင်ဗျားမေးရပါမယ်။ ကျွန်တော့်ရဲ့မေးခွန်းက ဘယ်သူတွေက တကယ် ကြောက်ရလဲဆိုတာပါပဲ?” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့လေသည်။

    မြန်မာအာဏာပိုင်များ အသုံးပြုသည့် ဘင်္ဂါလီဟူသော စကားလုံးကို လက်မခံဘဲ ရိုဟင်ဂျာဟူ၍သာ ဖော်ပြနေပါက နိုင်ငံသား အခွင့်အရေးနှင့် ပတ်သက်၍ သဘောတူညီရန် နှစ်ဘက်စလုံးအတွက် ခက်ခဲမည်ဟု အစိုးရက အစဉ်တစ်စိုက် ပြောကြားထားသည်။

    အဆိုပါ အခွင့်အရေးများသည်ပင်လျှင် ရွှေ့ပြောင်းပြဿနာများ၏ အခြေခံအကြောင်းအရင်းတစ်ခုအဖြစ် သတ်မှတ်ကြလေသည်။

    Ref: Channelnewsasia

  • ရိုဟင်ဂျာ ဆန်ကျင်ရေး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်လို့ ကောင်းနေပြီလား

    ရိုဟင်ဂျာ ဆန်ကျင်ရေး လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်လို့ ကောင်းနေပြီလား

    ဇွန် ၁ ၊ ၂၀၁၅
    M-Media

    11350894_1004018502975635_7855028889345106922_n
    လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအားပေးမှုများအား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲကို မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်းရှိ ဟစ်တိုင်တွင် ပြုလုပ်သည်။ (ဓာတ်ပုံ – သော်ဟိန်းထက်/ဧရာဝတီ)

    ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ နေ့လည်တွင် အနီရင့်ရောင် သင်္ကန်းဝတ် သံဃာ အနည်းငယ်ပါဝင်သော ကန့်ကွက် ဆန္ဒပြသူ ရာဂဏန်းမျှသည် ဖုံထူဘောလုံးကွင်း တစ်ခု၌ စုရုံးပြီးနောက် မြန်မာနိုင်ငံ၏မြို့တော်ဟောင်းရှိ ယာဉ်ကြောပိတ်ဆို့ လမ်းမများ တစ်လျှောက် ချီတက်လာ ခဲ့ကြသည်။ ထိုနေရာတွင် မကြာသေးမီက အခြား ဆန္ဒထုတ်ဖော်သူများမှာ ဖမ်းဆီးခံရခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းဖြင့် အဆုံးသတ်ရသော်လည်း ဤအုပ်စုကမူ ဒေသခံအာဏာပိုင်များက အသာတကြည် လိုက်လျော ထားကြောင်း တွေ့ရသည်။ အနီးအနားရှိ လက်ဖက်ရည်ဆိုင် တစ်ခုအတွင်း ရဲအရာရှိတစ်စုက လက်ဖက်ရည်ကို တစိမ့်စိမ့်သောက်ရင်း ပလပ်စတစ်ထိုင်ခုံများပေါ် ထိုင်ကြည့်လျက်သာ ရှိခဲ့ကြ၏။

    အကြောင်းသော်ကား ချီတက်လာ သူများမှာ ပညာရေးမူဝါဒများ သို့မဟုတ် စစ်တပ်၏ လယ်မြေသိမ်းမှုများကို ကန့်ကွက်ဆန္ဒပြသူများ မဟုတ်ကြ၊ အနှိမ်ခံ ရိုဟင်ဂျာတို့ကို ပစ်မှတ်ထားနေသောကြောင့်ပင်။ ရခိုင်ပြည်နယ် အနောက်ပိုင်းရှိ နယ်မြေမဲ့ လူနည်းစုဝင် မွတ်စ်လင်မ်တို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများအဖြစ် သဘောထားခံရပြီး ၎င်းတို့၏စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အခြေခံ လိုအပ်ချက်များမှာလည်း စစ်အာဏာရှင် အစိုးရအဖြစ်မှ ၂၀၁၁ ခုနှစ်တွင် ဘ၀ပြောင်းလာသည့် စစ်တစ်ပိုင်း လူတစ်ပိုင်း အစိုးရ၏ ငြင်းပယ်မှုကို ခံခဲ့ရသည်။ ခနော်ခနဲ့ လှေငယ်များဖြင့် ပင်လယ်ဖြတ်ပြေးကြသည့် ထောင်နှင့်ချီသော ရိုဟင်ဂျာတို့၏အနိဋ္ဌာရုံက လက်ရှိလများအတွင်း ကမ္ဘာ့ခေါင်းကြီး သတင်းများ၌ ဒေသတွင်းရွှေ့ပြောင်းအခြေချပြဿနာ တစ်ရပ်အဖြစ် နေရာ ယူလာပေပြီ။ ရိုဟင်ဂျာတို့အပေါ် အစိုးရ၏ ဆက်ဆံရေးကြောင့်မဟုတ်၊ ပြည်ပ အလုပ်အကိုင်ဟူသော မက်လုံးပေးပြီး လူကုန်ကူးနေ သူတို့ကြောင့်ဖြစ်ရသည် ဟုဆိုကာ မြန်မာ အာဏာပိုင်များက လှေစီးပြေးပြဿနာ၏ရင်းမြစ် အကြောင်းတရားကို ထိမ်ချန်နေဆဲ။

    ချီတက်ဆန္ဒပြသူများသည် “လှေစီးပြေး ခရီးသည်များသည် မြန်မာ (နိုင်ငံသား)မဟုတ်၊ ထိုပြဿနာအတွက် မြန်မာနိုင်ငံအား အပြစ်တင်ရန် အကြောင်းမရှိ” ဟူသည့် အဓိပ္ပာယ်ရ နောက်ကျောစာတန်းပါ တီရှပ်များ ၀တ်ဆင်ထားကြသည်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂမှ ဦးဆောင်၍ အနိုင်ကျင့်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

    ထိုဖြစ်ရပ်က အရှေ့တောင် အာရှရွှေ့ပြောင်းသူများပြဿနာ အပေါ် ပြည်ပ အစိုးရနှင့်ပြည်တွင်း အတိုက်အခံတို့၏ အဖြေရှာနေခြင်းတည်း ဟူသော အရှိတရားကို လက်မခံနိုင်ကြောင်း မီးမောင်းထိုးပြနေသည်။ မြန်မာနိုင်ငံသည် ၎င်း၏ ၄ နှစ်တာ ဒီမိုကရေစီ ကူးပြောင်းရေး စနစ်အတွေ့အကြုံနှင့်တစ်ကွ ရိုဟင်ဂျာမှသည် နိုင်ငံ အနှံ့အပြားရှိ မြန်မာ လူ့အဖွဲ့အစည်းနှင့်ကာလကြာရှည် တစ်သားတည်းဖြစ်နေပြီးသော မွတ်စ်လင်မ်များ အထိ တိုက်ခိုက်ခြင်းဖြင့် ရှေ့ဆက်ကာ နိုင်ငံရေး လမ်းခင်းနေပေသည်။ ဤပုံဟန်မှာ နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလအတွင်းမှာလည်း သိသာ ထူးခြားစွာ ပြောင်းလဲသွားဖွယ် မမြင်ချေ။

    ဆက်၍ဆိုရပါလျှင် ယင်းချီတက် ဆန္ဒပြမှုသည် ဖြစ်ရိုးဖြစ်စဉ်နှင့် ကွာဟလွန်းလှ၏။ နိုင်ငံ တစ်ဝှန်း မွတ်စ်လင်မ် ဆန့်ကျင်ရေး ၀ါဒဖြန့် မှိုင်းတိုက်လျက်ရှိသည့် သဘောထားတင်းမာသည့် ဗုဒ္ဓဘာသာဝင် သံဃာ တစ်စု အပါအ၀င် ဗုဒ္ဓ အမျိုးသားရေး ၀ါဒီ အဖွဲ့အစည်းတစ်ခုမှ စီစဉ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အာဏာရပါတီထဲမှ ထိပ်တန်း အာဏာပိုင်ခေါင်းဆောင်များက လိုက်လျောထားသည့် အပြင် မီးမွှေးမှိုင်း တိုက်ချက်အား အခါအားလျော်စွာ ရပ်တည်ပေးခဲ့သေးသည်။

    “အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အစိုးရ အာဏာပိုင်များက ဘယ်တုန်းကမှ အရေးမယူပါဘူး” ဟု ရန်ကုန်မြို့ ဘာသာပေါင်းစုံ အဖွဲ့အစည်း တစ်ခုတွင် ပါဝင်ဆောင်ရွက်နေသည့် အသက် ၃၂ နှစ်အရွယ် ကိုအောင်နိုင်ဝင်း က ပြောကြားသည်။

    အာဏာပိုင်နှင့် စစ်တပ် အုပ်စုဝင်အချို့သည် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရနိုင်ချေကို ကန့်သတ်သောအားဖြင့် မိမိကိုယ်ကို ဗုဒ္ဓဘာသာ ကာကွယ်သူများအဖြစ် အထွေထွေရွေးကောက်ပွဲ၌ နေရာ ရအောင် မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို တန်ဆာပလာအဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း ဆိုသူများ ရှိနေကြသည်။ အပယ်ခံနိုင်ငံမှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုတံခါး ဖွင့်လှစ်လိုက်သဖြင့်  ၎င်းတို့၏သြဇာကို ပြန်လည် ကာကွယ်နေသော လွှမ်းမိုးကြီးစိုးချင်သည့် သံဃာများကို အစိုးရဖက်မှ ဖိအားပေး လိမ့်မည်ဖြစ်ကြောင်း အချို့က ဆိုပြန်သည်။ NLD ခေါင်းဆောင်နှင့် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကမူ ဤအရေးနှင့် ပတ်သက်၍ အလွန်အကျွံ နှုတ်ဆိတ်နေလျက်သာ။

    အဆိုပါအချက်များကို အသာထားပြီး ကိုလိုနီခေတ် ကာလကို ပြန်ပြောင်းကြည့် လိုက်လျှင် ဗြိတိသျှတို့နှင့်အတူ အိန္ဒိယ မွတ်စ်လင်မ်အများအပြား မြန်မာနိုင်ငံ ထဲ ရောက်ခဲ့ကြသည်။ ရိုဟင်ဂျာတို့၏ မူရင်း လူမျိုးရေးရာများမှာ အငြင်းပွားဖွယ်ဖြစ်နေပြီး သူတို့အား ၁၉၈၂ ခုနှစ်တွင် အာဏာရှင်စစ် အစိုးရဟောင်းက နိုင်ငံသားဖြစ်ခြင်းကို ပယ်ဖျက်ခဲ့ရာမှ အဆိုးဝါးဆုံးဒဏ်ကို ခါးစည်းခံနေကြရပေ၏။

    တို့မီးရှို့မီးသံဃာ ဦးဝီရသူကဲ့သို့ အယူသည်း ဗုဒ္ဓဘာသာဝင်များက အလွန် အစွန်းရောက်သည့်အမြင်များ ရှိနေသော်လည်း သူတို့၏သီးခြားအမြင်များ မဟုတ်ဘဲ အများဆိုင်ရာ အသွင်ဖြစ်နေသည်။ ဒီအချက်အပေါ် နိုင်ငံရေးလောကသား အားလုံး အထူးသတိထားရန် လိုအပ်နေသည်ဟု ရန်ကုန်အခြေစိုက် အလွတ်တန်းနိုင်ငံရေး သုတေသီနှင့် ILO အရာရှိဟောင်း Richard Horsey က ပြောကြားသည်။

    လူဦးရေထိန်းချုပ်ရေး မူကြမ်းသစ်ကို သမ္မတဦးသိန်းစိန်မှ လက်မှတ်ထိုး အတည်ပြုလိုက် သဖြင့် လက်တစ်ဆုပ်စာ အုပ်စု၏ လက်သိပ်ထိုးကြံစည်ချက်မှာ မေလ ၂၃ ရက်တွင် နိုင်ငံ့ ဥပဒေဖြစ်လာပါသည်။ ထိုဥပဒေသည် မွေးဖွားနှုန်းမြင့်လွန်းသည်ဟု ဗမာလူမျိုးများက ဝေဖန်နေကြသည့် ရိုဟင်ဂျာတို့ကို အဓိက ပစ်မှတ်ထားသော ကန့်သတ်မှုဖြစ်ပြီး အမျိုးသမီးများမှာ ၃ နှစ်ခြားမှတစ်ကြိမ် ပဋိသန္ဓေဆောင်ခွင့် ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါဥပဒေကို မူကြမ်း အဆင့်၌ Amnesty International နှင့် Human Rights Watch အဖွဲ့များက ပြင်းထန်စွာဝေဖန်ခဲ့သည် သာမက၊ လွန်ခဲ့သော သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး  ဒု-၀န်ကြီး Antony Blinken ကလည်း ဝေဖန်ခဲ့သည်။

    ၎င်းမှာ မွတ်စ်လင်မ် ဆန့်ကျင်ရေးကိုသာ ဦးတည် လုပ်ဆောင်နေသော ၉၆၉ လှုပ်ရှားသူများနှင့် ဖွဲ့စည်းထားသည့် မဘသအဖွဲ့မှ အဆိုပြုမူကြမ်းလေးရပ် အနက် တစ်ခုဖြစ်သည်။ အခြားသော ဥပဒေကြမ်း သုံးမျိုးကိုလည်း အစိုးရ လက်ခံ စဉ်းစားပေးလျက် ရှိသည်။ ၎င်းတို့၌ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီးနှင့် မွတ်စ်လင်မ် အမျိုးသားတို့၏ ထိမ်းမြားမှုကို ကန့်သတ် ပိတ်ပင်မည့် စည်းမျဉ်းများ၊ နိုင်ငံတော်က လက်ခံမှသာ ဘာသာ ကူးပြောင်းနိုင်ခွင့်၊ တစ်လင်တစ်မယား စနစ် စသည်တို့ ပါဝင်သည်။

    နှစ်ပရိစ္ဆေဒများစွာ အတူ ယှဉ်တွဲနေထိုင်လာကြပြီး အပြန်အလှန် ထိမ်းမြားမှုများရှိကြသော မွတ်စ်လင်မ်၊ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူနှင့် ခရစ်ယာန်များ အကြား လူမျိုးရေး တင်းမာမှု မမြင့်တက်စေဘဲ လူထု၏ သဟဇာတဖြစ်မှုကို ဖော်ကျူးနိုင်ရေးအဆိုဖြင့် အရပ်ဖက်လူ့အဖွဲ့အစည်း များစွာမှ အဆိုပါ ဥပဒေကြမ်း အတည်ပြုရေး အစီအစဉ်ကို ကန့်ကွက် တားဆီးခဲ့ကြသည်။ သို့တစေ ထိုအဖွဲ့အုပ်စုများမှာ မကြာခဏ ခြိမ်းခြောက်ခံရကြောင်း ပြည်တွင်းရှိ Equality Myanmar ၏ ရေရှည်ဦးဆောင်လှုပ်ရှားနေသူ ဦးအောင်မျိုးမင်းက ဆိုသည်။ ယင်း အရေးအရာသည် နိုင်ငံရေးအရ အကဲဆတ်မှုဟု ရှုမြင်လျက် အချို့အဖွဲ့အစည်းများမှာ အဆိုပါ ဥပဒေများကို ဆန့်ကျင်ရန် တွန့်ဆုတ်နေကြပေသည်။

    ရေရှည် အငြင်းပွားဖွယ်ဖြစ်အောင် ဘင်္ဂလီများဟု အစိုးရမှ ကင်ပွန်း တပ်လိုက်သည့် ရိုဟင်ဂျာတို့မှာ ပါဝါအားပြိုင်မှု ကွင်းပြင်ကျယ်၌ နယ်ရုပ် တစ်ရုပ်ဖြစ်နေသည်မှာ အချိန်ကြာမြင့်နေပေပြီ။ ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များမှာ ကိုယ်ပိုင်အခွင့်အရေးရရှိသော၊ ကိုယ်ပိုင်စီးပွားရေးပြဿနာတို့နှင့် လုံးထွေးနေသော၊ ဗဟိုအစိုးရပေါ် အမြင်မကြည်လင်မှု ရှိနေသော တိုင်းရင်းသားအဖြစ် တည်ရှိနေ၏။ လွန်ခဲ့သည့်ငါးနှစ်တာကပင် စစ်အစိုးရက ရိုဟင်ဂျာတို့ကို မဲပေးခွင့်ပြုပြီး အာဏာရယူခဲ့ရကား ပြည်ပလေ့လာသူများ အမြင်တွင် ထိုဖြစ်စဉ်သည် ကမောက်ကမနိုင်လှသည်။ စစ်အစိုးရသည် မဆိုစလောက်မျှသော ရိုဟင်ဂျာအမတ်များကို လွှတ်တော်ထဲ ဆွဲသွင်းကာ ဒေသခံ ရခိုင်တိုင်းရင်းသား ပါတီကို အလဲထိုးခဲ့ခြင်းဖြစ်သည်။

    ကာလတစ်ခုလွန်သော် အပြောင်းအလဲဖြစ်လာပြီး ၂၀၁၂ ခုနှစ်၌ ရခိုင်ပြည်နယ် အတွင်း ဘာသာရေး အဓိကရုဏ်းပေါ်ပေါက်၍ လူအများအပြား သေဆုံးကြရသည်။ ၂၀၁၀ ခုနှစ်က ရွေးကောက် တင်မြှောက်ခံရသည့် ရိုဟင်ဂျာ အမတ်များမှာ ယခုတိုင် လွှတ်တော်ထဲ ရှိနေပါလျက် သူတို့၏ ရိုဟင်ဂျာ အမျိုးသား အများစုမှာကား မဲပေးခွင့် ပယ်ဖျက်ခံနေကြရ၏။ အစိုးရထုတ် သက်သေခံကတ်ကိုင်ဆောင်သူ ရိုဟင်ဂျာများကို လာမည့်ရွေးကောက်ပွဲ၌ မဲပေး ခွင့်ပြုမည်ဟု ဗဟိုအစိုးရက ဤနှစ်အစောပိုင်းတွင် ဆိုလိုက်သောအခါ ပြည်တွင်း ဗုဒ္ဓဘာသာဝင်များက စိတ်ကွက်ကုန်ကြသည်။ ထို့ကြောင့် အစိုးရက ခြေပြန်ရုပ်ကာ ရိုဟင်ဂျာတို့အား ကတ်ပြားပြန်အပ်ရန် တောင်းဆိုခဲ့လေသည်။

    မိမိတို့ဒေသကို မွတ်စ်လင်မ်တို့ သိမ်းမှာကြောက် ပါသည်ဟု ကြွေးကြော်နေကြသည့် ရခိုင် ဗုဒ္ဓဘာသာဝင်များကို လူများစုဝင် ဗုဒ္ဓဘာသာဝင်များစွာက စာနာသနားနေကြ၏။ စင်စစ်မှာတော့ ဗုဒ္ဓဟူးနေ့ချီတက် ဆန္ဒပြပွဲ၌ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ပြစ်တင်ရင်း လူမျိုးကြီးဝါဒဖော်ထုတ်ချက်ကို တွေ့လိုက်ရပေသည်။ လက်ကိုင်ဆိုင်းဘုတ်တစ်ခုတွင် “ကျွန်ုပ်တို့သည် လှေစီးရွှေ့ပြောင်းသူ အမည်ခံ အကြမ်းဖက်သမားတို့၏တိုက်ခိုက်မှုကို ခံနေရသည်” ဟု ရေးသားထား၏။

    ထိုချီတက်ဆန္ဒပြမှု၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံပေါ် ကုလသမဂ္ဂ၏ အနိုင်ကျင့်မှု ရပ်တန့်စေရန်ဖြစ်သည်ဟု စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေပြီး ခေတ္တ အလည်အပတ်ပြန်စဉ် ပါဝင်ဆန္ဒပြသူ May Thande Aye က ပြောသည်။ “ဘင်္ဂလီက ဘင်္ဂလီပါပဲ။ ယဉ်ကျေးမှု၊ စရိုက်နဲ့ အစားအသောက် – တစ်ခုမှမတူပါဘူး” ဟုဆိုကာ ရိုဟင်ဂျာ အများစုသည် မြန်မာနိုင်ငံအတွင်း မျိုးဆက် အလီလီနေထိုင်လာခဲ့ကြသည် ဟူသော အမြင်ကို ပယ်ချခဲ့သည်။ “အဲ့ဒီဇာတ်လမ်းတွေဟာ အလိမ်အညာတွေဖြစ်တယ်။ ဒီနိုင်ငံက လက်မခံတဲ့ မီဒီယာက သတင်းတုတွေဖြစ်တယ်”။

    မည်သို့ဆိုစေ လှေစီးရွှေ့ပြောင်းသူများအရေးသည် ကမ္ဘာ့ခေါင်းကြီးသတင်းဖြစ်လာသောကြောင့် အစိုးရသည် ရိုဟင်ဂျာတို့အပေါ် ဆက်ဆံရေးကို ပုံဟန် တစ်မျိုးဖြင့် အသွင်ပြောင်းဖွယ်ရှိသည်။

    လက်ရှိတွင် လှေစီးရွှေ့ပြောင်းသူများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြား ပါဝင်နေသည်။ ထိုသူတို့သည် ရိုဟင်ဂျာများ မဟုတ်ကြ။ ပိုမိုကောင်းမွန်သည့် စီးပွားရေးအခွင့်အလမ်းရှာဖွေရန် ထွက်ခွာလာကြသူများသာဖြစ်၍ ဇာတိနိုင်ငံသို့ ပြန်ပို့ခံရပေမည်။ သို့သော် နောက်ဆုံး ၀င်ရောက်လာသော ရွှေ့ပြောင်း ရိုဟင်ဂျာများကို အခြားတိုင်းပြည်များမှ ပြန်လည်နေရာချမှု စီစဉ်ပေးနိုင်ပါက တစ်နှစ်ခန့် စောင့်ရှောက်မှုပေးမည်ဟု အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ သဘောတူထားသည်။ ရိုဟင်ဂျာတစ်ချို့ကို ပြန်လည်နေရာ ချပေးရန် စဉ်းစားဖို့ရှိကြောင်း အမေရိကန်ဖက်က ဆိုသည်။ အမေရိကန်နိုင်ငံသည် လွန်ခဲ့သည့်ငါးနှစ်ကျော် ၂၀၁၀ ခုနှစ်တွင် ရိုဟင်ဂျာလူမျိုး ၅၄ ဦးကို စတင်ပြီး နှစ်စဉ်လက်ခံရာမှ ၂၀၁၅ ခုနှစ်တွင် ၁၁၂၉ ဦး – စုစုပေါင်း ၂၆၁၃ ဦးအထိ လက်ခံခဲ့ကြောင်း လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဋ္ဌာန၏စာရင်းဇယားအရ သိရသည်။

    လူများစွာတို့မှာ ဒုက္ခသည် စခန်းများတွင် နှစ် အနည်းငယ် သောင်တင်နေဖွယ်ရှိ၏။ “ရိုဟင်ဂျာတွေကို အချိန်တိုအတွင်း ပြန်ပို့ဖို့ မလွယ်သေးဘူး။ ရေရှည် အတွက် အဖြေမရမချင်း ယာယီနေထိုင်ရေး အစီအစဉ်ပုံစံ တစ်ချို့ လိုအပ်ပါလိမ့်မယ်” ဟု ဘန်ကောက်ရှိ ဒုက္ခသည်များဆိုင်ရာ ကုလမင်းကြီးရုံး၏ ပြောခွင့်ရသူ Vivian Tan ကဆိုသည်။

    လတ်တလောတွင် အကြမ်းဖက်မှုများ မရှိသေးသော်လည်း မြန်မာနိုင်ငံမှ ကျန်မွတ်စ်လင်မ်များ အရေးတွင်လည်း သတိထားနေကြရသည်။ အစိုးရ လက်အောက်ခံ တစ်ဦး(နေမျိုးဝေ)က ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် အစည်းအဝေး တက်ရောက်သူများကို ၀ါးလုံးဖြင့်ရိုက်ကာ ၀က်သားကျွေးမည်ဟု ခြိမ်းခြောက်လိုက်ပြီးနောက်ပိုင်း သံဃာအချို့၏ ဆန့်ကျင် ကန့်ကွက်မှုကြောင့် မွတ်စ်လင်မ်တို့၏ပြည်လုံးကျွတ် ညီလာခံအား အစိုးရမှဖျက်သိမ်းစေလိုက်သည်။

    မိမိသည်လည်း ဖုန်းဆက်၍ တစ်မျိုး စာရေးပေးပို့၍ တစ်ဖုံ ဗုဒ္ဓဘာသာဝင်များထံမှ ခြိမ်းခြောက်မှု ခံနေရကြောင်း၊ ယခင် ၂ နှစ်က ရခိုင်ပြည်နယ်သို့ အလည်ရောက်ရာတွင် လူရမ်းကား တစ်စု၏ရိုက်နှက်မှု ခံခဲ့ရကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများလုပ်ဆောင်နေသူ ကိုအောင်နိုင်ဝင်းက ပြောပြသည်။ ထို့ပြင် သူသည် ဗုဒ္ဓဘာသာဝင်တို့နှင့် လက်ရည်တစ်ပြင်တည်း နေထိုင်နိုင်အောင်ကြိုးပမ်းချက်များအပေါ် မွတ်စ်လင်မ်တို့၏ဝေဖန်ပြစ်တင်မှုကိုလည်း ခံနေရ၏။

    “လက်ရှိနိုင်ငံရေးအခင်းအကျင်းကြောင့် စွန့်ခွာထွက်သွားချင်တဲ့ မွတ်စ်လင်မ်တွေ အများအပြားရှိနေပါပြီ။ ကျွန်တော်ပင်လျှင် မလုံခြုံတော့ဘူးလို့ ခံစားနေရပါတယ်”။

    xxxxxxxxxxxxxxxxxxxxxxxxxxxxx

    Joseph Schatz ရေးသားသော In Myanmar, attacking the Rohingya is good politics ဆောင်းပါးကို “မြင့်မိုရ်မောင်မောင်” မှ ဆီလျော်အောင်ပြန်ဆိုရေးသားသည်။

  • လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး NLD သဘောထားကြေညာချက် ထုတ်ပြန်

    လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး NLD သဘောထားကြေညာချက် ထုတ်ပြန်

    ဇွန် ၁ ၊ ၂၀၁၅
    M-Media
    .15MIGRANTS-WEB1-master675-v2
    လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်တခုကို ဒီကနေ့ နေစွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
    ကြေငြာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။
    .
    လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား
    ———————————————
    ကြေညာချက်အမှတ်-၀၁/၀၆/၂၀၁၅

    ပြီးခဲ့သောရက်သတ္တပတ်များတွင် မြန်မာ့ပင်လယ်ပြင်၌လည်းကောင်း၊ အာဆီယံနိုင်ငံအချို့၏ ပင်လယ်ပြင်၌လည်းကောင်း လှေစီး ဒုက္ခသည်များ ပါသောရေယာဉ်များကို အကြိမ်ကြိမ်ဖမ်းမိခဲ့ကြောင်း သိရှိရပါသည်။ ၎င်းတို့ကြုံတွေ့ခဲ့ရသော အစားဆင်းရဲခြင်းဒုက္ခနှင့် အနေဆင်းရဲခြင်းဒုက္ခများ အပြင် ကျန်းမာရေးချို့တဲ့မှု ဖြစ်ရပ်များကိုပါ ကြားသိခဲ့ရပါသည်။ အဆိုးရွားဆုံး အချက်မှာ အချို့သော ဒုက္ခသည်များသည် အသက်ပင်ဆုံးရှုံးခဲ့သည်အထိ အတိဒုက္ခရောက်ခဲ့ရပါသည်။
    .
    ဒုက္ခသည်များပါဝင်သော ရေယာဉ်များ ဆက်တိုက်ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းလူဦးရေမှာ သောင်းဂဏန်းကျော်မည်ဟု ခန့်မှန်းရပါသည်။ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်ဟု သတင်းများအရ သိရှိရပါသည်။ ပထမဦးစွာ လှေစီး ဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်တောင့် သက်သာနေနိုင်ရေး အတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ နိုင်ငံတကာ အကူအညီများ ရယူ၍ ၎င်းတို့ လတ်တလော ရင်ဆိုင်နေရသော ပြဿနာများကို ကူညီဖြေရှင်း ပေးရပါမည်။ ၎င်းတို့သည် မည်သည့်နိုင်ငံမှဖြစ်သည် ကိုလည်း သေချာစွာ စီစစ်အတည်ပြုရပါမည်။
    .
    လှေစီးဒုက္ခသည်များကိစ္စသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများ တွင် လွန်ခဲ့သော သုံး၊လေးနှစ်ခန့်မှ စ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင်ကြပါသည်။ တကမ္ဘာလုံးက စိုးရိမ်ပူပန်နေသော လူကုန်ကူးခြင်းပြဿနာ (Human Trafficking) ကိုလည်း ထိရောက်စွာ ကိုင်တွယ်ရပါမည်။ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းက ၀ိုင်းဝန်းကူညီဖြေရှင်း သင့်ပါသည်။ အချိန်ဆွဲလေ ပြဿနာကြီးလေဖြစ်မည်ကို အထူးသတိပြုကြစေလိုပါသည်။
    .
    ရခိုင်ပြည်နယ်တွင်း လူမှုရေးပဋိပက္ခများကို ဖြေရှင်းရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခမီးများကို တောက်လောင်စေသည့် အပြောအဆို၊ အပြုအမူများ ရှောင်ကြဉ်ရေး တို့ကို အခြေခံအလေးထားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် လည်းကောင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌအနေနှင့်လည်းကောင်း မကြာခဏ ထုတ်ဖေါ်ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာရပ်တိုင်းကို ဖြေရှင်းရာတွင် အကြမ်းမဖက်သော နိုင်ငံရေး လမ်းစဉ်ကို တစိုက်မတ်မတ် ခိုင်မာစွာ ဆွဲကိုင်ထားပါသည်။ ရေရှည်အမြင်ဖြင့် အခြေအနေကို သေချာစွာ လေ့လာဆန်းစစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ်ရပါမည်။
    .
    ရခိုင်ပြည်နယ်ရှိ ပြဿနာများနှင့်ပတ်သက်၍ ပြောဆိုမှုများ၊ ကြေညာချက်များ အမျိုးမျိုး ထုတ်ပြန်ခဲ့ကြသော်လည်း ထိုမျှနှင့် မလုံလောက်ပါ။ ထိရောက်သောလုပ်ငန်းရပ်များကို ဘက်စုံအမြင်ဖြင့် ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရပါမည်။
    .
    ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများ ပြေငြိမ်းစေရန် လည်းကောင်း၊ လှေစီး ဒုက္ခသည်များ ထပ်မံမပေါ်ပေါက်လာစေရန် လည်းကောင်း အောက်ပါတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။
    .
    – တရားဥပဒေစိုးမိုးရေး၊
    – နယ်စပ်လုံခြုံရေး၊
    – နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းရေး၊
    – လူသားချင်းစာနာသော အကူအညီအထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး၊
    – ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည်နေရာချထားရေး၊
    – ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊
    – နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စရပ်များကို တရားမျှတ ပွင့်လင်းစွာ အမြန်ဆုံးဆောင်ရွက်ရေး။
    .
    လူကုန်ကူးမှုပြဿနာများ ပပျောက်သွားစေရန်လည်းကောင်း၊ ရခိုင်ပြည်နယ်တွင်း လူမှုရေးပဋိပက္ခများ ငြိမ်းအေးစေရန် လည်းကောင်း ဆောင်ရွက်ရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် ရေရှည် လိုအပ်ချက် ဖြစ်သော ငြိမ်းချမ်းစွာ အားလုံးနေထိုင်နိုင်ရေး ရည်မှန်းချက်များကို အစဉ်တစိုက် သတိပြုသွားရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဒေသတွင်း အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အင်အားစုများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
    .
    ဗဟိုအလုပ်အမှုဆောင်အဖွဲ့
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

     

    NLD 1

    NLD 2

    ref: National League for Democracy FB