News @ M-Media

Tag: bomb

  • ပြည်တွင်းမှ ဗလီများ ဖောက်ခွဲဖို့ ကြံစည်မှုကြောင့် ဖမ်းခံရသူ ၃ ဦးအနက် ၁  ဦး ရက်စေ့၍ ပြန်လွတ်

    ပြည်တွင်းမှ ဗလီများ ဖောက်ခွဲဖို့ ကြံစည်မှုကြောင့် ဖမ်းခံရသူ ၃ ဦးအနက် ၁ ဦး ရက်စေ့၍ ပြန်လွတ်

    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ

    bomb-to-masjid
    ၂၀၁၃ နှစ်က သတင်းထုတ်ပြန်ခဲ့စဉ်က

    ၂၀၁၃ ခုနှစ် အတွင်း ရန်ကုန်မြို့က ဗလီ ဝတ်ကျောင်းတော်တွေကို ဖောက်ခွဲဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီး ထောင်ချခံရသူ  ၃ ဦးအနက် တင်မောင် (ခ) ခိုင်နေမင်း မှာ ထောင်ဒဏ် (၄) နှစ် ပြစ်ဒဏ်ချခံရပြီး လွတ်ရက်စေ့ သဖြင့် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီက စစ်တွေ အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီ ဖြစ်ကြောင်း သိရသည်။ အခြား ၂ ဦးမှ ဖြစ်သည့် ဘိုဘိုထွန်းနှင့် သိန်းညွန့်တို့ နှစ်ဦး မှာ ထောင်ဒဏ် (၆) နှစ်အထိ အပြစ်ပေးခံခဲ့ရသည်။
    .
    “ ကျွန်တော်လက်ထဲမှာ အဲဒီအချိန်က ဘာဖောက်ခွဲရေးပစ္စည်းမှလဲ မရှိဘူး။ ကျွန်တော်က တိုင်းရင်းသား အဖွဲ့စည်းတွေ နဲ့ ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးတာတွေ လုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အ ချိန်မှာ ကျွန်တော်ကို အပေါ်မော့ခိုင်းပြီး စစ်ဆေးမှုတွေလုပ်ပါတယ်။ မျက်စိဖွင့်ကြည့်လိုက်တဲ့အချိန်မှာ အဲဒီပစ္စည်းတွေ က ကျွန်တော်ရှေ့မှာ   တွေ့ရတာဖြစ် ပါတယ် ”ဟု ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အား ကိုခိုင်နေမင်းက ပြောကြားကြောင်း မဇ္ဈိမ သတင်း တရပ်မှာ ဖော်ပြထားပါသည်။
    .
    ၂၀၁၃ ခုနှစ်  နိုဝင်ဘာလ ၁၃ ရက်နေ့ က လှိုင်သာယာ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ  ကိုခိုင်နေမင်းကို ဖောက်ခွဲရေး ပစ္စည်းများ နှင့် ဖမ်းမိခဲ့တာဖြစ်ပြီး၊ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ကိုသိန်းညွှန့် ၊ အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို စစ်တွေမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ဖမ်းဆီးခဲ့ပြိး ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ၄င်းတို့ကို ဖမ်းဆီးခဲ့စဉ်က  ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ ဖမ်းဆီးပြီး ၁၁ လ အကြာ  ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ်ချမှတ်ခဲ့ပါသည်။
    .
    အဆိုပါဖြစ်စဉ် အတွက် ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများ ရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်း အချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။

    ကိုးကား- မဇ္ဈိမ၊ RFA

    ဆက်စပ်သတင်းများ
    ——————–

  • မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်၌ သင်္ဘောတစ်စီးပေါက်ကွဲမှုဖြစ်

    မန္တလေး ဧရာဝတီမြစ်ကမ်း ချော်ဆိပ်၌ သင်္ဘောတစ်စီးပေါက်ကွဲမှုဖြစ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၃
    M-Media
    သုတ

    891719_10200930780182793_279645180_o

    မန္တလေး ။        ။   မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ဧရာဝတီမြစ်ကမ်း ချော်ဆိပ်တွင် ရပ်ထားသော သင်္ဘောတစ်စီးမှ ယနေ့ နံနက် ၉း၁၅-နာရီ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    ၎င်းပေါက်ကွဲမှုအရှိန်ကြောင့် သင်္ဘောကိုယ်ထည်နောက်ပိုင်း အမိုးနှင့် လွင့်စင်လာပြီး သင်္ဘောပေါ်မှ အပျက်အစီးအပိုင်းအစများလည်း ကမ်းပေါ် အထိ လွင့်စင်လာကြောင်း သိရသည်။

    “အသံအကျယ်ကြီးကြားလိုက်ရပြီး ကျွန်မတို့ အိမ်တွေတောင် တုန်သွားတယ်။ ဘာဖြစ်မှန်း မသိလိုက်ကြတော့ လန့်သွားတယ်။ နောက် ကမ်းနားဘက် ကနေ အပိုင်းအစတွေ ကမ်းပေါ်ကို လွင့်စင်လာတာ။ သင်္ဘောရဲ့ နောက်ပိုင်း အမိုးကြီးတောင် လွင့်လာတယ်။ လူတွေလည်း သေမယ်ထင်တယ်။ လူနာတင်ကားတွေ တော်တော်များများ ရောက်လာတယ်။ ကမ်းပေါ် လွင့်စင်လာတဲ့အထဲမှာ အသားအပိုင်းစတွေရော၊ ဖိနပ်တွေရော တွေ့တယ်။
    လူအသေအပျောက်တော့ ရှိလိမ့်မယ်။”ဟု ပေါက်ကွဲမှုအား မျက်မြင်တွေ့လိုက်ရသူ ချော်ဆိပ်အနီးနေထိုင်သည့် အမျိုးသမီးတစ်ဦးမှ ပြောပြပါတယ်။

    “နေရာက ဧရာဝတီမြစ်ကမ်း၊ ချော်ဆိပ်ပါ။ နေပူရွာနဲ့ တည့်တည့်မှာပါ။ သင်္ဘောက ရေသေမှာလည်းသွားတဲ့ ဗိုက်ပြား သင်္ဘောပါ။ သင်္ဘောက မြောက်ဘက်ကို ဦးတည်ထားတယ်ဆိုတော့ အထက်ဆန်တက်မယ့် သင်္ဘောလို့ ယူဆရတယ်။ အထက်ပိုင်းကို အုတ်ထုံးသဲကျောက်ပို့တဲ့ သင်္ဘောပါ။ သင်္ဘောခါးကျိုးသွားတော့ အုတ်ထုံးသဲကျောက်တွေလည်း ရေထဲ မြှုပ်ကုန်ပြီ။ တင်ထားတဲ့ ကျောက်တုံးတွေလည်း ပေါက်ကွဲတဲ့အရှိန်ကြောင့် ကမ်းပေါ်ထိ လွင့်ပျံလာလို့ လူတချို့ထိတယ်လို့ သိရတယ်။ အခုထိတော့ လူ၃-ယောက် ပျောက်နေတယ်ပြောတယ်။ မီးသတ်ကားတွေ၊ လူနာတင် ကားတွေရော ရဲတွေရော ရောက်နေတယ်။ ဘာကြောင့် ပေါက်ကွဲမှုဖြစ်တယ်လို့တော့ မသိသေးပါဘူး”လို့ မန္တလေးမြို့ခံတစ်ဦးမှလည်း M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။

    အဆိုပါသဘောမှာ ကျောက်တုံးများ တင်ဆောင်လာပြီး ကမ်းနားတွင် ရပ်နားထားချိန် gas အိုး သို့မဟုတ် လေအိုးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများ ရှိပြီး မည်သည်ကြောင့် ပေါက်ကွဲသည်ကို အတိအကျ မသိရှိရသေးပါ။

     

    သင်္ဘောပေါက်ကွဲမှု ဓါတ်ပုံများ