အောက်တိုဘာ၊ ၁၁
M-Media

လျှပ်စစ်ဓာတ်အားမလုံလောက်သည့် ပြဿနာနှင့်ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် အိန္ဒိယနှင့် စင်ကာပူတို့၏အကူအညီဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ တည်ဆောက်တော့မည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ Orange Powergen ကုမ္ပဏီ လိမိတက်၊ စင်ကာပူနိုင်ငံမှ Global Adviser ကုမ္ပဏီ လိမိတက်နှင့် မြန်မာ့လျှပ်စစ် ၀န်ကြီးဌာနတို့ပူးပေါင်းကာ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်မည့် ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတစ်ရုံကို တည်ဆောက်တော့မည်ဖြစ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံမှ လျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်သည့် တာတာ ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်လေ့လာမှုများကိုပြုလုပ်နေပြီး တည်ဆောက် ခွင့်ရခဲ့ပါက မြန်မာနိုင်ငံတွင် တာတာ ကုမ္ပဏီက ပထမဆုံး ၀င်ရောက် လုပ်ကိုင်နိုင်ခြင်းဖြစ်မည်ဟု The Hindu သတင်းစာတွင် တနင်္လာနေ့က ဖော်ပြခဲ့သည်။ တာတာ ကုမ္ပဏီမှာ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့နယ်တွင် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် လေ့လာနေသည်။
မြန်မာနိုင်ငံမှာ ၂၀၁၂-၁၃ ခုနှစ်တွင် လျှင်စစ်ဓာတ်အား ကီလိုဝပ် သန်းထောင်ပေါင်း ၉.၇၃ သန်းသာ ထုတ်လုပ်နိုင်ခဲ့ပြီး တိုင်းပြည်၏ လိုအပ်ချက်ထက် လွန်စွာနည်းသော ပမာဏဖြစ်သည်။ အမေရိကန်နိုင်ငံမှ လေ့လာခဲ့သောမှတ်တမ်းများအရ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏၂၂ ရာခိုင်နှုန်းသာ လျှပ်စစ် ဓာတ်အားကို သုံးစွဲနိုင်သည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းမှာ ရေအားမှဖြစ်ပြီး၊ နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်မြင့်မားမှုကြောင့် အစိုးရနေဖြင့် သဘာဝဓာတ်ငွေ့၊ ဒီဆယ်၊ ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝဓာတ်ငွေ့နှင့် စွန့်ပစ်ပစ္စည်းများ စသည်တို့ကို အသုံးပြု၍ လျှင်စစ် ဓာတ်အားထုတ်လုပ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။
ပြည်ပလေ့လာသူများ၏ အဆိုအရ မြန်မာနိုင်ငံတွင် ရေနံစည်ပေါင်း သန်း ၅၀ ခန့်နှင့် သဘာဓာတ်ငွေ့ ၁ ထရီလီယံ ကုဗပေရှိသည်ဟု သိရသည်။
Ref: UPI