News @ M-Media

Tag: Cameroon

  • နာမည်ပျက်ရှိသည့် ကင်မရွန်းစစ်တပ်ကို တရုတ်က ဒေါ်လာသန်းချီ လှူဒါန်း

    နာမည်ပျက်ရှိသည့် ကင်မရွန်းစစ်တပ်ကို တရုတ်က ဒေါ်လာသန်းချီ လှူဒါန်း

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – ကင်မရွန်းနိုင်ငံက စစ်တပ်အတွက် တရုတ်ဟာ ကန်ဒ်ါလာ ၇.၉၅ သန်း လှူဒါန်းခဲ့ပြီး နိုင်ငံရဲ့ ‘ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေကို’ အားကောင်းစေဖို့ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ရေဒီယိုက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ကင်မရွန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ၀မ်ရင်ဝူက ဗုဒ္ဓဟူးနေ့ ကာကွယ်ရေးဝန်ကြီး ဂျိုးဆက်ပ် ဘီတီ အက်ဆိုမိုနဲ့တွေ့ဆုံစဉ်မှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

    သံအမတ်က ဒီလိုလှူဒါန်းတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေမျာ ကင်မရွန်းစစ်တပ်ရဲ့ အားဖြည့်ပါဝင်မှုကို အထောက်အကူဖြစ်စေဖို့ဖြစ်တယ်လို့ CRTV ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

    ကင်မရွန်းဟာ နိုင်ငံ မြောက်ဖက်စွန်းစွန်းမှာ အိမ်နီးချင်း နိုက်ဂျီးရီးယားနိုင်ငံက ဘိုကိုဟရမ်အဖွဲ့ကို ရင်ဆိုင်နေရပြီး အနောက်မြောက်ဖက်နဲ့ အနောက်တောင်ဖက်တွေမှာ နိုင်ငံက ခွဲထွက်လိုတဲ့ အင်္ဂလိပ်စကားပြော လူနည်းစုတိုင်းရင်းသားတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

    ကင်မရွန်းစစ်တပ်ဟာ သူတို့အခြေစိုက်ရာ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။ ကင်မရွန်းစစ်သားတွေက အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်ဖြတ်တဲ့ ဗီဒီယိုတွေလည်း အင်တာနက်စာမျက်နှာပေါ်မှာ ပြန့်နှံ့ခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။

    ဒီဗီဒီယိုဟာ အတုလို့ ကင်မရွန်းအစိုးရက အစောပိုင်းမှာ ငြင်းခဲ့ပေမယ့် နောက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့အတွက် အမိန့်ပေးခဲ့ပါတယ်။

    Ref: CNA

  • ဂူးဂဲလ်၏ Coding ပြိုင်ပွဲတွင် အာဖရိကလူငယ်တစ်ဦး သမိုင်းသစ်ရေးထိုး

    ဂူးဂဲလ်၏ Coding ပြိုင်ပွဲတွင် အာဖရိကလူငယ်တစ်ဦး သမိုင်းသစ်ရေးထိုး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Media

    – ဂူးဂဲလ်ရုံးနဲ့ မိုင်ပေါင်း ၂၃၀ အကွာအဝေးမှာရှိတဲ့ ကင်မရွန်းနိုင်ငံက အသက် ၁၇ နှစ်အရွယ် လူငယ်လေးဟာ Google က ကျင်းပတဲ့ Coding ပြိုင်ပွဲမှာ ဆုရခဲ့ပြီး အာဖရိကသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူးနိုင်ခဲ့ပါတယ်။

    နီဂျီ ကိုလင် ဂျီဘဟ်လို့ခေါ်တဲ့ အဲဒီလူငယ်လေးဟာ သူ့ရဲ့ ဇာတိမြို့မှာ ကင်မရွန်းအစိုးရက အင်တာနက် ဖြတ်တောက်ထားတာကြောင့် မြို့တော် ယာအွန်ဒီက ၀မ်းကွဲအစ်ကိုဖြစ်သူရဲ့ အိမ်အပြင်ကနေ ပြိုင်ပွဲအတွက် လိုအပ်တာတွေကို လေ့လာသင်ယူခဲ့တာ ဖြစ်ပါတယ်။

    Google က နှစ်စဉ်ကျင်းပပြုလုပ်တဲ့ နာမည်ကြီး ဒီ Google Code-in ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝှမ်းက အသက် ၁၃ နှစ်ကနေ ၁၇ နှစ်အရွယ် နည်းပညာစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အဓိက ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာတော့ နိုင်ငံပေါင်း ၆၂ နိုင်ငံက လူပေါင်း ၁၃၀၀ လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

    နီဂျီဟာ ၂ နှစ်တာအတွင်းမှာ ပြိုင်ပွဲအတွက် လိုအပ်တဲ့ အသိပညာတွေကို အွန်လိုင်းရင်းမြစ်တွေ၊ စာအုပ်တွေကနေ စုဆောင်း ရှာဖွေ သိုမှီးခဲ့ရတာပါ။ နိုဝင်ဘာကနေ ဇန်န၀ါရီလ အလယ်ပိုင်းအထိ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Google က သတ်မှတ်ထားတဲ့ ကဏ္ဍ ၅ ခုမှာ နီဂျီဟာ စမ်းသပ်မှုပေါင်း ၂၀ ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ စမ်းသပ်မှုတစ်ခုဆိုရင် တစ်ပတ်လောက်ကို ကြာမြင့်ခဲ့ပါတယ်။

    ကင်မရွန်းနိုင်ငံ အနောက်မြောက်ပိုင်းက ဘာမန်ဒါဆိုတဲ့ မြို့လေးမှာနေတဲ့ နီဂျီဟာ ပြိုင်ပွဲအတွက် နောက်ဆုံး စမ်းသပ်မှုကို တင်သွင်းရမယ့်အချိန်မှာ အစိုးရက သူတို့မြို့ကို အင်တာနက် ဖြတ်တောက်လိုက်တာကြောင့် အခက်တွေ့ခဲ့ရပါတယ်။

    ကင်မရွန်းနိုင်ငံမှာ အင်္ဂလိပ်စကားပြောသူတွေနဲ့ ပြင်သစ်စကားပြောသူတွေဆိုပြီး အုပ်စုနှစ်ခုရှိကာ အင်္ဂလိပ်ကစားပြောဆိုသူတွေဟာ ခွဲခြားဆက်ဆံမှုကို ခံရလေ့ရှိပါတယ်။

    ပြီးခဲ့တဲ့ လတွေမှာ ဒီပြဿနာကြောင့် အင်္ဂလိပ်စကားပြောတဲ့ ကင်မရွန်းပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့ပြီး၊ အစိုးရက ဖမ်းဆီးခဲ့ကာ၊ နှစ်ရှည်ထောင်ဒဏ်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည် ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး အင်္ဂလိပ်စကားပြောတဲ့သူတွေ နေထိုင်တဲ့ ဒေသတွေမှာ အင်တာနက် ဖြတ်တောက်ခဲ့တာကြောင့် နီဂျီလေးကိုလည်း သက်ရောက်ခဲ့တာပါ။

    အဲဒီလို အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဂူးဂဲလ်ရဲ့ အထူးဆု ၃၄ ယောက်စာရင်းမှာ နီဂျီပါဝင်ကြောင်းသတင်းကို ကြားခဲ့ရပါတယ်။

    “ကျွန်တော် အရမ်း၊ အရမ်း အံ့အားသင့်သွားတာဗျ။ Code တွေအများကြီး ရေးသားကာ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အရာထင်လာတာပါ” လို့ သူက ဖွင့်ဟခဲ့ပါတယ်။

    ဒါပေမယ့် အင်တာနက်မရှိတာကြောင့် ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် မြို့တော် ယာအွန်ဒီကို ထွက်ခွာခဲ့ရပါတယ်။

    “ဆက်လက်လေ့လာနိုင်ဖို့၊ Google နဲ့ အဆက်အသွယ်ရှိဖို့ ကျွန်တော် အင်တာနက်လိုင်းကို လိုအပ်ခဲ့ပါတယ်”

    လက်ရှိအချိန်မှတော့ နီဂျီဟာ ကျောင်းပြီးအောင် ဆက်တက်ချင်နေပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာ ကွန်ပျူတာ သိပ္ပံပညာရပ်ကို လေ့လာလိုနေပါတယ်။

    Google ရဲ့ အထူးဆုကို ရရှိထားတာကြောင့် အခုနှစ် ဇွန်လအတွင်းမှာ ‘ဆီလီကွန်တောင်ကြား’ က ဂူးဂဲလ်ရဲ့ ရုံးချုပ်မှာ နီဂျီဟာ ၄ ရက်တာ သွားရောက်လည်ပတ်ခွင့် ရမှာဖြစ်ပြီး၊ အဲဒီက ထိပ်တန်း အင်ဂျင်နီယာတွေနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

    “တစ်နေ့ကျရင် အဲဒီမှာ အလုပ်လုပ်ဖို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင်ပေါ့လေ” လို့ နီဂျီက အနာဂတ်အစီအစဉ်ကို ဖွင့်ဟခဲ့ပါတယ်။

    နီဂျီ လက်ရှိ အလေးထား လေ့လာနေတာတွေက အသိဉာဏ်တု၊ အာရုံကြောတွေလို အလုပ်လုပ်နိုင်မယ့် ကွန်ယက်တွေ၊ အချက်အလက်ချုံ့မှုနည်းလမ်းအသစ်တွေ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အချက်အလက် ပို့ဆောင်မှုနဲ့ သိုလှောင်မှုမှာ ကြီးကြီးမားမား အရှေ့ရောက်နိုင်ဖို့ ဖြစ်တယ်လို့ နီဂျီက ဖွင့်ဟခဲ့ပါတယ်။

    နီဂျီဟာ ဂူးဂဲလ်ရဲ့ Google Code-in ပြိုင်ပွဲမှာ ဆုရတဲ့ ပထမဆုံး အာဖရိကသားလည်းဖြစ်ပါတယ်။ သူကတော့ ဆုကြေငြာချက်ကို သေချာအောင် ၂ ကြိမ်လောက် ကြည့်ခဲ့ရပြီး မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ချီးမွမ်းမှုကို ရရှိတယ်လို့ ဆိုပါတယ်။

    ကင်မရွန်းအစိုးရက ဆက်သွယ်လားဆိုတဲ့ အမေးကိုတော့ “မဆက်သွယ်ပါဘူး။ တစ်ယောက်မှကို မဆက်သွယ်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Ref: BBC

  • ကင်မရွန်းနိုင်ငံတွင် အစ္စလာမ်သာသနာကို စိတ်ဝင်စားမူမြင့်တက် ၊ ကူးပြောင်းမှု များပြားလာ

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    Islam-Flourishes-In-Cameroon
    အလယ်အာဖရိကနိုင်ငံ တစ်ခုဖြစ်သည့် ကင်မရွန်းနိုင်ငံတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများမှာ တဖြည်းဖြည်းတိုးပွားလာပြီး ဗလီဝတ်ကျောင်းတော်များ ကိုလည်း တိုးချဲ့ဆောက် လုပ်လာကြသည်ဟု လေ့လာမှုများ အရသိရသည်။

    အစ္စလာမ်ဘာသာဝင်များ၏ လေးစားအားကျဖွယ်ကောင်းသော အပြုအမူများကြောင့် မြို့တော် Douala တွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများမှာ တစထက်တစ တိုးပွားလာနေသည်။

    “ရှိနေတဲ့ဗလီတွေကို တိုးချဲ့တာတွေ၊ ဗလီအသစ်တွေကို ဆောက်လုပ်နေတာတွေက ယေဘုယျအားဖြင့်  Douala နဲ့ ကင်မရွန်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ တိုးလာတယ်ဆိုတာ ထင်ရှားတဲ့ ပြယုဂ်တစ်ခုပါပဲ။ အလ်ဟမ်ဒုလစ်လ္လာဟ် (ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏) အခုဆို သောကြာနေ့ ၀တ်ပြုဖို့အတွက် Douala မှာ ဗလီဝတ်ကျောင်း တော်တော်များများဖြစ်လာပါပြီ၊ ဒါဟာ အစ္စလာမ်သာသနာ ထွန်းကားမှုရဲ့ လက္ခဏာပါပဲ” ဟု Douala မြို့၏ အီမာမ်ချုပ် ရှိခ် မာလစ် ဖာရူးက်က Andolu သတင်းအေဂျင်ဆီသို့ ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် ကင်မရွန်းမွတ်စလင်မ်များ၏ စံပြုထိုက်သော အမူအကျင့်များက အစ္စလာမ်သာသနာသို့ ၀င်ရောက်မှုတိုးပွားလာခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ဖာရူးက်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီကမွတ်စလင်မ်က ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားဆောင်ရွက်ကြတယ်။ သူတို့ရဲ့ မွတ်စလင်မ်မဟုတ်တဲ့ အိမ်နီးချင်းတွေကိုလည်း လေးလေးစားစားနဲ့ဆက်ဆံကြတယ်။ ကိုယ်ကျင့်တရားပျက်ပြားတဲ့ လုပ်ရပ်တွေမှာလည်း မပါဝင်ကြဘူး။ ဒါတွေကပဲ အခြားသူတွေ အစ္စလာမ်ထဲရောက်လာအောင် စွဲဆောင်ခဲ့တာပါ။ မူးယစ်ဆေးဝါး၊ အရက်သေစာနဲ့ HIV ကူးဆက်မှုများစေတဲ့ လိင်ပိုင်းဆိုင်ရာလုပ်ရပ်တွေကနေ သန့်သန့်ရှင်းရှင်းနေချင်တဲ့သူတွေက အစ္စလာမ်ကို အလျင်အမြန်ပဲ လက်ခံလာကြပါတယ်” ဟု သူက ဆိုသည်။

    ကင်မရွန်းမွတ်စလင်မ်များမှာ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူမှုအဖွဲ့အစည်းတိုးတက်ရေး ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကြပြီး၊ အလှူဒါန ရက်ရောကာ စာသင်ကျောင်းများ ဗလီဝတ်ကျောင်းတော်များ ဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြသည်ဟု သိရသည်။

    ကင်မရွန်းနိုင်ငံရှိ မွတ်စလင်မ်များမှာ ငြိမ်းချမ်းစွာနေထိုင်ကြပြီး မည်သည့် ဘာသာရေးပဋိပက္ခမှ မဖြစ်ခဲ့ဖူးကြောင်း အီမာမ်တစ်ဦးအနေဖြင့် စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းမှုနှင့် ညီအကိုမောင်နှမစိတ်ဓာတ် စသည်တို့ကို သွန်သင်ပေးကြောင်း ဖာရူးက်က ထပ်လောင်းပြောကြားခဲ့သည်။

    “အခြားဘာသာဝင်တွေကို လေးလေးစားစားနဲ့ဆက်ဆံဖို့ ကျွန်တော်တို့ သွန်သင်ပေးပါတယ်။ ဒါဟာ အလယ်အာဖရိကနိုင်ငံက ပြည်သူတွေ အတုယူဖို့လိုအပ်တဲ့ ဥပမာတစ်ခုပါပဲ”

    အစ္စလာမ်သာသနာမှာ ကင်မရွန်းနိုင်ငံသို့ ၁၈၀၀ ပြည့်နှစ်များကတည်းက ရောက်ရှိလာခဲ့ပြီး မြို့တော် Douala သို့ ၁၉၂၂ ခုတွင်မှ မြောက်ပိုင်းရှိကုန်သည်များမှတစ်ဆင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

    စီအိုင်အေ၏ မှတ်တမ်းများအရ ကင်မရွန်းနိုင်ငံ လူဦးရေ ၂၀.၅ သန်း၏ ၂၀ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ပြီး၊ များသောအားဖြင့် Fulani နှင့် Peuhl မျိုးနွယ်စုများဖြစ်ကြကာ နိုင်ငံမြောက်ပိုင်းတွင် အများဆုံးနေထိုင်ကြသည်။ ကင်မရွန်းနိုင်ငံမှာ အခြားသော အာဖရိကနိုင်ငံများနှင့်မတူဘဲ အခြေခံဥပဒေတွင် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားပြီး အစိုးရမှာလည်း ဘာသာအယူဝါဒ ကျင့်သုံးမှုများအား အလေးထားကြသည်။
    Ref: OnIslam