News @ M-Media

Tag: Child labour

  • မြန်မာနိုင်ငံတွင် အန္တရာယ်များသည့်အခြေအနေ၌ အလုပ်လုပ်ရသော ကလေးငယ် ၆ သိန်းကျော်ရှိ

    မြန်မာနိုင်ငံတွင် အန္တရာယ်များသည့်အခြေအနေ၌ အလုပ်လုပ်ရသော ကလေးငယ် ၆ သိန်းကျော်ရှိ

    ဇွန် ၁၃၊ ၂၀၁၉
    M-Media

    မန္တလေးရှိ အုတ်ဖုတ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ကလေးငယ်များ (Photo Credit – Irrawaddy)

    -မြန်မာနိုင်ငံမှာ အန္တရာယ်ရှိတဲ့လုပ်တွေ လုပ်နေရတဲ့ ကလေးငယ်အရေအတွက်ဟာ ၆ သိန်းကျော် ရှိတယ်လို့ နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ ILO က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက လုပ်သားအင်အားကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ILO ဟာ အင်္ဂါနေ့က ရန်ကုန်မှာ အခမ်းအနားတစ်ခု ပြုလုပ်ပြီး ရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

    လေ့လာမှုအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အကြား ကလေးငယ် ၁.၁၃ သန်းဟာ အလုပ်လုပ်ကိုင်နေရပြီး ဒါဟာ နိုင်ငံမှာရှိတဲ့ ကလေးငယ်ဦးရေရဲ့ ၉.၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးအရေအတွက်ရဲ့ ထက်ဝက်ကျော် ၆၁၆၈၁၅ ဦးကတာ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတယ်လို့ ILO က ပြောပါတယ်။

    အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ကိုင်နေရတဲ့ ကလေးငယ်တွေထဲက ၂၄.၁ ရာခိုင်နှုန်းဟာ အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အရွယ်တွေ ဖြစ်ပြီး ၇၄.၆ ရာခိုင်နှုန်းက အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အရွယ်ဖြစ်ပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အကြား ကလေးတွေရဲ့ တစ်နေ့အလုပ်ချိန်ဟာ အလွန်ကြာညောင်းတယ်လို့ ILO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကလေးငယ်တွေ အလုပ်လုပ်နေရတဲ့ အဓိက လုပ်ငန်းက စိုက်ပျိုးရေးလုပ်ငန်း(၆၀ ရာခိုင်နှုန်း)၊ ကုန်ထုတ်လုပ်ငန်း (၁၂ ရာခိုင်နှုန်း) တို့ ဖြစ်ကြပြီး ကားဝပ်ရှော့၊ လက်လီလက်ကား အရောင်းဆိုင်တွေနဲ့ အခြားလုပ်ငန်းတွေမှာလည်း လုပ်ကိုင်နေရပါတယ်။

    စက်မှုလက်မှုနှင့် အလုပ်အကိုင်ဥပဒေများ လိုက်နာမှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ကလေးလုပ်သား ပပျောက်ရေး ဆောင်ရွက်မှုဟာ စီးပွားရေး၊ လူနေမှုအဆင့်အတန်းနဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြည်တွင်း ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှု၊ ပြောင်းရွှေအခြေချမှု၊ သဘာဝဘေး၊ စားနပ်ရိက္ခာ ရှားပါးမှု၊ ရာသီဥတု ပြောင်းလဲမှုကနေ ဖြစ်တဲ့ လူမှုစီးပွား ခက်ခဲကြပ်တည်းမှုတွေကြောင့် ကလေးငယ်တွေဟာ ကျောင်းထွက်ပြီး ကာယလုပ်သားတွေအဖြစ် လုပ်ရတဲ့ဘ၀ကို ရောက်သွားကြပါတယ်”

    မြန်မာနိုင်ငံက ကလေးလုပ်သား တော်တော်များများဟာ တစ်ပတ်ကို ၄၄ နာရီကျော် အလုပ်လုပ်ကိုင်နေရတယ်လို့လည်း ညွှန်ကြားရေးမှူးက ပြောပါတယ်။

    ILO ရဲ့ မှတ်တမ်းအရ ကမ္ဘ္ဘာတစ်ဝှမ်းမှာ ကလေးလုပ်သား ၁၅၂ သန်းလောက် ရှိနေပြီး ၇၃ သန်းဟာ အန္တရာယ်များတဲ့ အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

    ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသမှာ ကလေးလုပ်သားတွေကို ပုံမှန် တွေ့နေရတယ်လို့ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အချို့ဒေသတွေမှာ ကျောင်းတွေ ပိတ်ထားရတယ်။ ဖခင်တွေက စစ်ပွဲထဲ ပါဝင်ရတယ်။ မိသားစုတွေကလည်း ဟိုပြေးဒီပြေး ဖြစ်နေတော့ ကလေးတွေက မိသားစုစားဝတ်နေရေးအတွက် လယ်လုပ်တာ၊ ထင်းကောက်တာ၊ ငါးဖမ်းတာတွေ လုပ်ဆောင်နေရပါတယ်”

    ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး၊ ကလေးရောင်းချမှု၊ ကလေးသူငယ်တွေကို လိင်လုပ်သားအဖြစ် ခိုင်းစေမှုတွေကို တားမြစ်တဲ့ သဘောတူညီချက်ကိုတော့ ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ILO ရဲ့ သဘောတူညီချက် အမှတ် ၁၈၂ ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒီသဘောတူညီချက်ဟာ ကလေးငယ်တွေ အဆိုးဝါးဆုံး အခြေအနေမှာ အလုပ်လုပ်ကိုင်နေရမှုကို တိုက်ဖျက်ရေး ရည်ရွယ်တာ ဖြစ်ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ကမ္ဘာတစ်ဝှမ်း ကလေးလုပ်သား သန်း ၁၅၀ ကျော် ရှိနေ

    ကမ္ဘာတစ်ဝှမ်း ကလေးလုပ်သား သန်း ၁၅၀ ကျော် ရှိနေ

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းမှ ကလေးလုပ်သားတစ်ဦး

    – ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ် သန်း ၁၅၀ ကျော်မှာ အဓမ္မ လုပ်အားခိုင်းစေခံနေရပြီး ထိုအရေအတွက်ကို လျှော့ချရန် ဆောင်ရွက်မှုများမှာ တိုးတက်မှု နှေးကွေးနေသည်ဟု ကုလ၏ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်သည်။

    ကမ္ဘာ့ကလေးငယ် ၁၀ ဦးတွင် ၁ ဦးမှာ အဓမ္မ လုပ်အားခိုင်းစေခံနေရသည်ဟု သဘောသက်ရောက်နေပြီး၊ ထက်ဝက်ခန့်မှာ အန္တရာယ်များသည့် အလုပ်များ လုပ်နေရကြောင်း၊ ၃ ပုံ တစ်ပုံကျော်မှာ ကျောင်းမနေရကြောင်း ILO မှ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၀၀ ခုနှစ်တွင် အဓမ္မ လုပ်အားခိုင်းစေခံရသည့် အရေအတွက်မှာ ၉၄ သန်းအထိ လျော့ကျခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကျဆင်းမှုအရေအတွက် လျော့နည်းသွားသည်ဟုလည်း အဖွဲ့က ဆိုသည်။

    ကုလက ၂၀၂၅ ခုနှစ်တွင် ကလေးလုပ်သား ပပျောက်ရေး ၂၀၁၅ ခုနှစ်တွင် သဘောတူညီခဲ့သော်လည်း လက်ရှိအရေအတွက်ကို ကြည့်ခြင်းအားဖြင့် ထိုရည်မှန်းချက် ပြည့်မီမည့် အလားအလာ မရှိပေ။

    ILO မှ နည်းပညာဆိုင်ရာ စပါရှယ်လစ် Houtan Homayounpour က နောက်ထပ် ၈ နှစ်အတွင်း သန်းပေါင်း ၁၅၀ ကို လျှော့ချရန်မှာ မဖြစ်နိုင်ဘဲ ၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမား ၁၂၁ သန်းခန့် ကျန်ရှိနေမည်ဟု ခန့်မှန်း ပြောကြားခဲ့သည်။

    အဓမ္မ လုပ်အားခိုင်းစေခံရသည့် ကလေးငယ်များမှာ ယောက်ျာလေး ၈၈ သန်းနှင့် မိန်းကလေး ၆၄ သန်းတို့ ဖြစ်ကြသည်ဟု ILO က ဆိုသည်။ စုစုပေါင်း အရေအတွက်၏ ၃ ပုံ ၂ ပုံမှာ မိသားစု လုပ်ငန်းများတွင် လုပ်ကိုင်နေရပြီး ၇၁ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းတွင် ဖြစ်သည်။

    အာရှပစိဖိတ်နှင့် အာဖရိတို့မှာ ကလေးလုပ်သား အများဆုံးရှိသည့် ဒေသများဖြစ်ပြီး၊ ဆဟာရဒေသတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကလေးလုပ်သား အရေအတွက်မှာ မြင့်တက်လာခဲ့သည်။

    Ref: Alarabiya

  • အန္တရာယ်စက်ကွင်းထဲမှ အမေ့ခံ အလုပ်သမား

    အန္တရာယ်စက်ကွင်းထဲမှ အမေ့ခံ အလုပ်သမား

    ရွှေ့ ပြောင်းအလုပ်သမားများထဲတွင် အိမ်အကူတို့သည် အလုပ်ချိန် အများဆုံး၊ အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။

    1937189_1018177331538217_2968197821610980873_n
    ၂ဝ၁၅ နှစ်ကုန်ပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ နေအိမ်တစ်ခုတွင် ၈ နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံသည် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည် (ဓာတ်ပုံ – Facebook)

    အိချယ်ရီအောင်

    ရန်ကုန် (Myanmar Now) – ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသမှ မခင်ထားကြူသည် သူ၏ ညီမ၊ သူငယ်ချင်း နှစ်ဦးတို့နှင့်အတူ ရန်ကုန်မြို့သို့ ရောက်လာပြီး လွယ်လင့်တကူ ရရှိသည့် အိမ်အကူအလုပ် လုပ်ကိုင်နေကြသည်မှာ ၄ နှစ်ရှိပြီဖြစ်သည်။

    အလုပ်လုပ်သည့်အိမ်တွင် နေထိုင်သည့် မခင်ထားကြူသည် ညဥ့်နက်မှ အိပ်ရာဝင်၊ အိမ်ရှင်များထက် ဦးစွာ အိပ်ရာထကာ အလုပ်တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို လုပ်ကိုင်ရသည်မှာ တစ်ပတ်လျှင် ခုနစ်ရက် ဖြစ်သည်။
    “တစ်ရက်တလေတော့လည်း နားချင်တယ်” ဟု ၂၃ နှစ်အရွယ် မခင်ထားကြူက သက်ပြင်းရှည်တစ်ခု ချရင်း ပြောပြသည်။

    သူ့သူငယ်ချင်း အသက် ၂ဝ အရွယ် မမြင့်မြင့်မော်သည် အခြားအလုပ်ရှင်တစ်ဦးထံတွင် ပန်းကန်ဆေး၊ အဝတ်လျှော်၊ ကြမ်းတိုက် စသည့် ရေနှင့် ထိတွေ့ရသည့် အလုပ်များကို ခြေလက်များ ရေဝဲစားသည်အထိ အဆက်မပြတ်လုပ်ခဲ့ရသည်။ ရေဝဲပျောက်အောင် နှစ်လနီးပါးကုသမှုခံယူရပြီး နောက်တစ်အိမ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

    မခင်ထားကြူတို့၏ လုပ်ငန်းခွင်အခြေအနေမျိုးကို မြန်မာပြည်အနှံ့ အိမ်အကူလုပ်သားများ နေ့စဉ် တွေ့ကြုံနေကြရသည်။ အိမ်ဖော် ဟု လူသိများသည့် အိမ်အကူတို့သည် အလုပ်ရှင်နှင့်အတူ နေထိုင် လုပ်ကိုင်ရသောကြောင့် ၎င်းတို့၏ အလုပ်ချိန်မှာ တစ်ရက်လျှင် ၈ နာရီထက် ပိုနေတတ်သည်။

    ပြင်ပလောက နှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မစေခိုင်းခြင်း တို့နှင့် ရင်ဆိုင်နေကြရသော အိမ်အကူအလုပ်သမားများမှာ နိုင်ငံတွင်း ရွှေ့ ပြောင်းအလုပ်သမားများထဲတွင် အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။
    အသက်မပြည့်သေးသော အိမ်အကူ

    ကလေးမွေးစားမည်ဟုပြောဆို ခေါ်ဆောင်သွားပြီးနောက် အိမ်အကူသဘောမျိုး ခိုင်းစေ ဆက်ဆံပြီး ညှင်းပန်းနှိပ်စက်သည့် ဖြစ်ရပ်များ ရှိနေကြောင်း လူ့အခွင့်အရေးပညာပေးအဖွဲ့အစည်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
    “တစ်ခါတစ်ခါ အိမ်အကူအလုပ်သမားလို့တောင် ပြောလို့မရပါဘူး။ ထမင်းစားကျွန်ခံသဘောမျိုး ဖြစ်နေတယ်” ဟု သူက မှတ်ချက်ချသည်။

    အလုပ်ရှင်တချို့၏ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါးပြုခြင်း၊ အနိုင်ကျင့်ခြင်းနှင့် ရင်ဆိုင်ရသည့် အိမ်အကူများလည်း ရှိနေပြီး အနည်းငယ်သော ဖြစ်ရပ်တချို့သာ မီဒီယာတွင် ဖော်ပြခံရသည်ဟု သူက ထောက်ပြသည်။

    ၂ဝ၁၅ ခုနှစ် သြဂုတ်လက ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက် အိမ်တစ်အိမ်ရှိ ၁၄ နှစ်အရွယ် အိမ်အကူကို အိမ်ရှင်၏ မောင်ဖြစ်သူ ဦးထွန်းဇော်မြင့်က အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲ တိုင်ကြားချက်ကို မြို့နယ်တရားရုံးက အရေးယူ စစ်ဆေးနေကြောင်း သိရသည်။

    ရွှေပြည်သာမြို့နယ် (၁၉/၄၇)ရပ်ကွက်၊ ချယ်ရီလမ်းမှ ထင်ရှားသည့် ရဲဘက်ပြေး ဦးကျော်ဝင်းစိန်သည် မကြာသေးမီက ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးနှစ်ဦးကို အကြိမ်ကြိမ် သားမယား ပြုကျင့်သူအဖြစ် စွပ်စွဲခံထားရပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။

    ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းနေအိမ်တစ်အိမ်တွင် အိမ်ရှင်၏ သားနှစ်ဦး အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် အိမ်အကူမိန်းကလေးမှာ ၁၂ နှစ်အရွယ်သာ ရှိသေးသည်။

    အဓမ္မကျင့်ခံရပြီးနောက်ပိုင်း အိမ်အကူနှင့်အလုပ်ရှင်ကြား ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်းမှုလည်း အများ အပြားရှိနိုင်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

    စာနယ်ဇင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည့် ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမှုနှစ်ခု ရှိသည်။ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်ရှိ ကိုကြည်လှမြင့်၊ မော်ဒယ်လ် သီရိကိုကိုနိုင်တို့က ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး၏လက်ကို ဆီပူအိုးထဲနှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာမကျွေးဘဲ အခန်းတွင်း ပိတ်လှောင်ထားခြင်း တို့ကို ကျူးလွန်ခဲ့သည်ဆိုသည့်အမှု မြို့နယ်တရားရုံးသို့ ရောက်လာသည်။ တိမ်းရှောင်နေသော မော်ဒယ်လ်အမျိုးသမီးကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး သူ၏ခင်ပွန်းသည်ကို ၂ဝ၁၄ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

    တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အိမ်တစ်လုံးတွင် လုပ်ကိုင်နေသူ ၈ နှစ်အရွယ် မစုဝေထွန်း ကြိုးတုပ်ခံရပြီး နေပူထဲ ဒူးထောက်ထိုင်ရသည့်နည်းဖြင့် နှိပ်စက်ခံရပုံသည် Facebook တွင် ပျံ့နှံ့ခဲ့ရာမှာ ထင်ရှားသည့်အမှု ဖြစ်လာသည်။ အမှုဖြစ်ပွားစဉ် ခရီးလွန်နေသည့် အိမ်ရှင်အမျိုးသားသည် တပ်မတော်အရာရှိတစ်ဦး ဖြစ်နေသည် ဆိုသော အချက်ကြောင့်လည်း ထိုအမှုကို အများက အာရုံစိုက်ခဲ့ကြသည်။ မြို့နယ်တရားရုံးက အိမ်ရှင်အမျိုးသမီးနှင့် အခြားအိမ်အကူများကို စစ်ဆေးလျက်ရှိသည်။

    ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်နေသော ၁၄ နှစ်အရွယ် မသန်းသန်းအိ၏ ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်တို့ကို တုတ်၊ စတီးယောက်မဖြင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အိမ်ရှင်အမျိုးသမီး၊ သမီးနှင့် သားမက်ဖြစ်သူတို့၏ အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည်။

    မသန်းသန်းအိသည် အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အရောင်းဈေးသည်အဖြစ် လုပ်ကိုင်နေကြောင်း သူ၏ ဦးလေးဖြစ်သူ ဦးမျိုးဦးက ပြောသည်။

    အိမ်အကူဥပဒေပြဋ္ဌာန်းရေး
    —————————
    အိမ်အကူကို အိပ်စက် အနားယူချိန် အနည်းငယ်သာ ပေးခြင်း၊ ကြမ်းပြင်ပေါ်တွင် အိပ်ခိုင်းခြင်း၊ အဆက်မပြတ် စေခိုင်းခြင်း စသည့် အလုပ်ရှင်တချို့၏ အပြုအမူများမှာ တရားရုံးတွင် သက်သေပြရန် ခက်ခဲလှသည်။

    ညှင်းပန်းနှိပ်စက်ခံရပါကလည်း ရဲစခန်းသို့သွားရောက်တိုင်ကြားသူ နည်းပါးကြောင်း၊ ဒဏ်ရာ၊ မျက်မြင် သက်သေတို့ မရှိလျှင် တရားရုံးတွင်လည်း အခက် တွေ့နိုင်ကြောင်း ရန်ကုန်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ပြောသည်။

    “အိမ်အကူက ပစ္စည်းခိုးပြီးထွက်ပြေးရင် ခိုးမှုနဲ့ တရားစွဲလို့ရတယ်။ အိမ်အကူက အိမ်ရှင်နဲ့ ပြဿနာဖြစ်ရင် အိမ်အကူကို ကာကွယ်ပေးဥပဒေမရှိတဲ့ အခါကျတော့ သူတို့အနေနဲ့ နစ်နာတာပေါ့ဟု” ဦးမောင်မောင်စိုးက ပြောသည်။

    ရဲတပ်ဖွဲ့ မှတ်တမ်းများတွင်မူ အိမ်အကူ နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး ၅ နှစ်အတွင်း လာရောက်တိုင်ကြားသည့် အမှုအရေ အတွက်မှာ ၈ မှုသာ ရှိကြောင်း တွေ့ရသည်။

    ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် အိမ်အကူလုပ်သားဆိုင်ရာဥပဒေ မရှိသေးသော်လည်း ပြဋ္ဌာန်းထားသော ဥပဒေများထဲမှာ ရပိုင်ခွင့်များအကြောင်း အများသိရှိစေရေးအတွက် ပညာပေးအစီအစဉ် အများအပြား လိုအပ်သည်ဟု ဆိုသည်။

    “အိမ်အကူများအနေနဲ့ ဘာဖြစ်ရင် ဘယ်ကိုတိုင်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်” ဟု သူက ပြောသည်။

    အမျိုးသမီးများကို နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် သင်တန်းပေးနေသည့် အဖွဲ့ဖြစ်သည့် မေ့စွမ်းရည်မှ အစီအစဉ်မန်နေဂျာ နော်အေးအေးလှိုင်က အိမ်အကူအများစုသည် ၎င်းတို့ကိုယ်တိုင် အခွင့်အရေး တောင်းဆိုရကောင်းမှန်း မသိကြကြောင်း ပြောသည်။
    အိမ်အကူများကို သီးသန့် အကူအညီပေးနေသည့် အဖွဲ့အစည်း မရှိသေးကြောင်း၊ အိမ်အကူများအရေး အလေးထားရန် အားနည်းနေကြကြောင်း၊ အလုပ်ရှင်များကလည်း အိမ်အကူ အလုပ်သမားကို လူသားဆန်ဆန် ဆက်ဆံသင့်ကြောင်း နော်အေးအေးလှိုင်က ရှင်းပြသည်။

    “စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အိမ်ရှင်တွေမှာ တာဝန်ရှိပါတယ်” ဟု နော်အေးအေးလှိုင်က ပြောသည်။

    အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက အိမ်အကူနှင့် ပတ်သက်သည့် ဥပဒေ ရေးဆွဲရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း၊ အိမ်အကူသည်လည်း လူသားဖြစ်သည့်အတွက် လူ့ဂုဏ်သိက္ခာကို
    မထိခိုက်စေသည့် အခြေခံအကြောင်းအရာများ ထည့်သွင်း ရေးဆွဲရမည် ဖြစ်ကြောင်း ပြောသည်။

    “ငြင်းခုန်ရတာတွေကတော့ အများကြီးပဲ။ ခွင့်ရက်၊ အလုပ်ချိန်တွေက သတ်မှတ်ရ ခက်ခဲပါတယ်။ တစ်နေ့ ၈ နာရီပဲ အလုပ်ချိန်ပေးမယ် ဆိုရင်လည်း အလုပ်ရှင်ပြန်လာတဲ့အချိန် ထမင်းမချက် အဝတ်မလျှော်ဘူး ဆိုတာမျိုးကျတော့လည်း အဆင်မပြေဘူးပေါ့” ဟု ဦးညွန့်ဝင်းက ဆိုသည်။

    အိမ်အကူများ နစ်နာမှုရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ တိုင်ကြားရမည် ဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခံရပါက ရဲစခန်းကို တိုင်ကြားရမည် ဟု သူက ဆက်ပြောသည်။

    အိမ်အကူ ဆိုင်ရာ ဥပဒေ ရေးဆွဲရာတွင် အခြေခံလုပ်ခလစာ၊ အလုပ်ချိန်၊ ခွင့်ရက်၊ အနိမ့်ဆုံး အသက် ကန့်သတ်ချက်၊ လုပ်ငန်းအမျိုးအစား၊ ခံစားခွင့်တို့ကို ရှင်းရှင်းလင်းလင်း ထည့်သွင်းရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောကြသည်။

    ပွဲစား
    ——-
    အိမ်အကူများက အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သကဲ့သို့ အိမ်ရှင်အများစုကလည်း အိမ်အကူ ပစ္စည်းခိုးပြီး ထွက်ပြေးမည်ကို စိုးရိမ်ကြသည်။

    ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်ခင်ဆွေဝင်းက ၎င်းတို့မိသားစု လိုအပ်သည့် အိမ်အကူ ရရှိရန် ပွဲစားများနှင့် ချိတ်ဆက်ခြင်း မပြုကြောင်း၊ အုပ်ထိန်းသူ တစ်ဦးဦးက လာရောက် ပို့ဆောင်မှသာ အလုပ်ခန့်ထားကြောင်း ပြောသည်။
    “ပွဲစားအများစုက ပြဿနာတစ်ခုခုဖြစ်ရင် ခေါင်းရှောင်ကြတာများတယ်။ မိဘနဲ့ ဆက်သွယ်ထားတဲ့ အခါကျတော့ တစ်ခုခုဖြစ်ရင် တိုက်ရိုက်ဆက်သွယ်လို့ရတယ်” ဟု ဒေါ်ခင်ဆွေဝင်းက ပြောသည်။

    ရန်ကုန်တွင် လုပ်ကိုင်နေသော အိမ်အကူ အများအပြားမှာ တရားဝင် မှတ်ပုံတင်မထားသည့် ပွဲစား၊ အကျိုးဆောင်များမှတစ်ဆင့် အလုပ်ရသွားကြခြင်းဖြစ်သည်။ Myanmar Now ၏ ဆက်သွယ်မေးမြန်းချက်ကို ပွဲစား၊ အကျိုးဆောင် အများစုက လက်ခံ ဖြေကြားခြင်း မရှိကြပေ။

    အိမ်အကူက ပစ္စည်းခိုးခြင်း၊ အိမ်ရှင်က အနိုင်ကျင့်ခြင်း စသည့် ပြဿနာမျိုး ပေါ်ပေါက်မလာစေရန် လူရွေးချယ်ပြီး လုပ်ကိုင်ရကြောင်း၊ အကျိုးဆောင်ပေးခဲ့သည့် ဦးရေမှာ ဆယ်ဂဏန်းများစွာရှိကြောင်း အိမ်အကူပွဲစားလုပ်သက် ၄ နှစ် ပြည့်တော့မည့် ဒေါ်မိုးမိုးက ဆိုသည်။

    “တစ်ခုခုဆို ကိုယ်ခေါင်းပေါ်ရောက်လာမှာလေ။ နှစ်ဘက်လုံးက ကိုယ်နဲ့သိတဲ့ အကြောင်းသိတွေဆိုတော့ ပြဿနာမရှိဘူးပေါ့” ဟု ဒေါ်မိုးမိုးက ပြောသည်။

    ရန်ကုန် ကရင်နှစ်ခြင်းခရစ်ယာန် အမျိုးသမီးအသင်း လက်အောက်ရှိ အိမ်တွင်းဝန်ဆောင်မှု အမျိုးသမီးများအား ကူညီစောင့်ရှောက်ရေးဌာန ဒါရိုက်တာ ဒေါ်နော်ဖေါဝါးက အသင်းဝင်များ အိမ်အကူလုပ်ငန်း လုပ်ဆောင်လိုပါက အလုပ်ရှင်များနှင့် ချိတ်ဆက်ပေးပြီး လုပ်ငန်းခွင်များသို့ အခါအားလျော်စွာ သွားရောက်စစ်ဆေးသည်ဟု ပြောသည်။

    “လူသားတစ်ဦးလို ထားရှိ ဆက်ဆံတာမျိုး မရှိဘူးဆိုရင်တော့ (အလုပ်ရှင်ကို) ပထမအကြိမ် သတိပေးတယ်၊ ဒါကိုမှ မလိုက်နာရင် အိမ်အကူကို အဲဒီလို အိမ်မျိုးမှာ ဆက်မထားတော့ပါဘူး” ဟု သူက ရှင်းပြာသည်။

    ၎င်းတို့အဖွဲ့က အမျိုးသမီး ၁ဝဝ နီးပါးကို ချိတ်ဆက် အကူအညီ ပေးနေကြောင်း၊ အိမ်ရှင်တချို့ ကျူးလွန်သည့် မတရားမှုများထဲတွင် အိမ်အကူကို လတ်ဆတ်မှုမရှိသည့် အစားအစာကျွေးခြင်း၊ အိမ်သာရှေ့၊ ဝရန်တာ၊ ကွန်ကရစ်ကြမ်းခင်း စသည့် နေရာများတွင် အိပ်စက်စေခြင်း၊ နားရက် မပေးခြင်း၊ လုံလောက်စွာ အနားယူ အိပ်စက်ခွင့် မပေးခြင်းတို့ ပါဝင်နေသည်ကို တွေ့ရကြောင်း သူက ရှင်းပြသည်။

    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ မခင်ထားကြူ ရန်ကုန်တွင် အိမ်အကူ ဖြစ်လာရခြင်းမှာ အလုပ်ချိန် သတ်မှတ်ချက်ရှိသည့် အထည်ချုပ်စက်ရုံအလုပ်ကို ရုတ်တရက် ရှာဖွေရ ခက်ခဲခြင်းကြောင့် ဖြစ်သည်။ ရန်ကုန်တွင် ၄ နှစ်ကြာပြီ ဖြစ်သော်လည်း တခြားအလုပ်ရှာဖွေရန် အခြေအနေ မပေးသည့် မခင်ထားကြူက မွေးရပ်မြေတွင် ပေါင်နှံထားသည့် မိသားစုပိုင်လယ်မြေ ပြန်ရွေးနိုင်ရေးအတွက် ငွေစုလိုသောကြောင့် အနိုင်ကျင့်မှုနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်သော အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
    ကျေးလက် လယ်ယာလုပ်ငန်းခွင် ပြန်ဝင်လိုသည့် မခင်ထားကြူက အိမ်အကူအဖြစ် လုပ်ကိုင်နေရသည်မှာ “ဘဝ လုံခြုံမှုမရှိ” ဟု ခံစားရသည်ဟု ပြောသည်။ ။

    Myanmar Now သတင်းဌာနမှ ကူုးယူဖော်ပြခြင်းဖြစ်ပါသည်။

  • ကမ္ဘာတစ်ဝှမ်းက ကလေးငယ် ၁၆၈ သန်းခန့် ကလေးလုပ်သားဖြစ်နေ

    ကမ္ဘာတစ်ဝှမ်းက ကလေးငယ် ၁၆၈ သန်းခန့် ကလေးလုပ်သားဖြစ်နေ

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    child labor

    – ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အလုပ်သမားဈေးကွက်ထဲမှာ ကလေးငယ်စုစုပေါင်း ခန့်မှန်းခြေ ၁၆၈ သန်းခန့် ရှိနေပြီး အဲ့ဒီထဲကမှ ၈၅ သန်းဟာ အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်ဆောင်နေရတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အခုတစ်ပတ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ပုံမှန်လည်ပတ်နေပြီး စည်းကမ်းတကျရှိတဲ့ ဈေးကွက်တွေမှာ ကလေးလုပ်သားတွေအတွက် နေရာမရှိပါဘူး။ ဒါပေမယ့် ဒီနေ့ အမှန်တကယ်ဖြစ်နေတာကတော့ ဈေးကွက်ကွန်ယက်ထဲမှာ ကလေးလုပ်သားတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာပါပဲ” လို့ ဇွန်လ ၁၂ ရက်နေ့တိုင်း ကျင်းပလေ့ရှိတဲ့ ကလေးလုပ်သားများဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ ILO ရဲ့ အထွေထွေဒါရိုက်တာဖြစ်သူ ဂိုင်း ရိုင်ဒါက ပြောကြားခဲ့ပါတယ်။

    ကလေးအလုပ်သမားတွေထဲက ၈၅ သန်းလောက်ဟာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ရှိနေပြီး စိုက်ပျိုးမွေးမြူရေးမှ သတ္တုမိုင်းခွဲလုပ်ငန်းအထိ၊ ကုန်ထုတ်လုပ်ရေးမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ လူသန်းပေါင်းများစွာစားသုံးနေတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းတွေထိ တွေ့နေရတယ်လို့လည်း ရိုင်ဒါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “မိဘတွေ ၀င်ငွေဟာမလုံလောက်တာမျိုး ဒါမှမဟုတ် မိသားစုလုပ်ငန်းအသေးစားလေးတွေမှာ လူကြီးနဲ့ လူလတ်ပိုင်း အလုပ်သမားတွေ ခန့်အပ်ဖို့ မတတ်နိုင်တဲ့အတွက် ကလေးလုပ်သားတွေကို အစားထိုးရတာမျိုးတွေကြောင့် ကလေးတွေဟာ တစ်ခါတစ်ရံမှာ အလွန်းအမင်း အသုံးချခံနေရပါတယ်”

    Ref: IINA

  • မြန်မာနိုင်ငံနှင့် ကလေးအလုပ်သမား ပြဿနာ

    မြန်မာနိုင်ငံနှင့် ကလေးအလုပ်သမား ပြဿနာ

    ဧပြီ ၃၀ ၊ ၂၀၁၅
    M-Media
    .

    In this June 10, 2014 photo, Chit Toke, wearing an oversized green trouser walks in a narrow timber beam hauling a basket of gravel, weighing about 19 kilograms (42 pounds) in Yangon, Myanmar. He receives 35 kyats ($0.037) for hauling a basket full of gravel from a boat to shore, walking a distance of about 30 meters (100 feet). Early every morning, 11-year-old Chit Toke wakes up in the small bamboo shack where his family lives besides a creek. He pulls on oversized green trousers, part of a cast-off school uniform, and walks over to the riverside where boats and barges are docked to unload gravel to supply the booming construction industry in Yangon, Myanmar's biggest city and commercial capital. (AP Photo/Gemunu Amarasinghe)
     June 10, 2014 (AP Photo/Gemunu Amarasinghe)

    – မြန်မာနိုင်ငံ၏ မြို့ကြီးဖြစ်သည့် ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် စိုးမင်းလွင်တစ်ယောက် နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီအထိ အော်ဒါမှာပေးခြင်း၊ အစားသောက်များချပေခြင်းနှင့် ပန်းကန်ဆေးခြင်းတို့ကို ပြုလုပ်ရသည်။ ညစဉ်ညတိုင်း ၎င်းမှာ သစ်သားစားပွဲပေါ်တွင် တက်အိပ်ရသည်။ အသက် ၁၂ နှစ်အရွယ်သာရှိသေးပြီး တစ်နေ့လျှင် တစ်ထောင်ကျော်သာရသည့် ၎င်းက မိသားစု၏ အဓိက ၀င်ငွေရှာသူ ဖြစ်နေ၏။
    .
    “ကျွန်တော် အလုပ်မလုပ်တဲ့အခါ တစ်ခါတစ်လေ ကျွန်တော့်မိသားစုက အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အဆင်မပြေပါဘူး။ ကျွန်တော့်ပထွေး အလုပ် ရ၊ မရပေါ်မှာ မူတည်ပါတယ်။ သူ့မှာ အလုပ်က ပုံမှန်မရှိပါဘူး” ဟု စိုးမင်းလွင်က ဆိုသည်။
    .
    လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုသာတင့်က မြန်မာ ရွေ့လျား ပညာရေး ပရောဂျက်မှ ဖွင့်လှစ်သင်ကြားပေးသည့် အတန်းသို့တက်ရောက်ရန် စိုးမင်းလွင်အား တစ်ပတ်လျှင် ၆ နာရီ ခွင့်ပေးသည်။ သို့သော်လည်း စိုးမင်းလွင်ကဲ့သို့ ကလေးများကို အလုပ်ခန့်ရခြင်းက မတရားလုပ်အားဖြစ်သည်ဟုလည်း သူက ပြောသည်။
    .
    “ဒီကလေးတွေကို ကျွန်တော်တို့ မနှိပ်စက်သလို အတင်းအဓမ္မလည်း အလုပ်ခိုင်းတာ မဟုတ်ပါဘူး။ သူတို့ကို ကျွန်တော်တို့ခေါ်ထားတယ်။ အလုပ်ပေးတယ်။ ဒါမှ သူတို့ရဲ့ မိသားစုတွေကို သူတို့ ထောက်ပံ့နိုင်မှာပါ။ ဒီမှာဆိုတော့ သူတို့မှာ နေဖို့၊ စားဖို့ နေရာရှိတယ်။ တကယ်လို့ သူတို့ကို ခေါ်မထားရင် ဒီထက်ဆိုးတဲ့နေရာမှာ သူတို့ ဘ၀ဆုံးသွားနိုင်ပါတယ်”
    .
    ကိုသာတင့်တွင် ၉ နှစ်အရွယ် သားတစ်ဦးရှိပြီး အသက် ၁၂ နှစ်အရွယ်တွင် ၎င်းအားကျောင်းထုတ်ကာ အလုပ်ခိုင်းမလားဟု မေးမြန်းရာတွင်တော့ သူက မခိုင်းဘူးဟုဆိုသည်။
    .
    “ဒီကလေးတွေက သူတို့ရဲ့မိသားစုမှာ ပိုက်ဆံ လုံလုံလောက်လောက်မရှိတာကြောင့် အလုပ်လုပ်နေရတာပါ” ဟု ၎င်း၏ထံတွင် အလုပ်လုပ်နေသည့် ကလေးငယ် ၅ ဦးကို ရည်ညွှန်း၍ ကိုသာတင့်က ဆိုသည်။
    .
    “ကျွန်တော့်သားကတော့ (သူတို့ထက်) ပိုကံကောင်းပါတယ်။ ဒါ့ကြောင့် သူက အလုပ်လုပ်ဖို့ မလိုသေးပါဘူး”
    .
    ကလေးများမှာ မြန်မာ့စီးပွားရေး၏ ဒေါက်တိုင်များဖြစ်နေကြသည်မှာ ကြာပြီဖြစ်သည်။ အများစုမှာ အိမ်သန့်ရှင်းရေး၊ စက်ရုံများနှင့် ဈေးဆိုင်အကူများအဖြစ် လုပ်နေရသည်။ သို့ရာတွင် နှစ်ပေါင်း ၅၀ ကြာ စစ်အုပ်ချုပ်ရေးအပြီး တံခါးဖွင့်လိုက်သည့်အခါ ကလေးငယ်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတကာမှ စီစစ်လေ့လာခြင်းမှာ တိုးလာသည်။
    .
    “ဒီပြဿနာကို အခြေအနေအရတော့ လက်ခံထားရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ နိုင်ငံရဲ့ ဘယ်နေရာကိုပဲသွားသွား၊ ကလေးတွေ အလုပ်လုပ်နေတာကို ကျွန်တော်တို့ မြင်ရပါတယ်။ နေရာတိုင်းမှာပါ” ဟု မြန်မာ ရွေ့လျားပညာရေးပရောဂျက်ကို စတင်အကောင်အထည်ဖော်ခဲ့သည့် တင်အေးဟာဒီက ဆိုသည်။ အဆိုပါ ပရောဂျက်က လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြသည့် ကလေးငယ် ၄၀၀အား ကျောင်းစာမဟုတ်သည့် ပညာရေးကို သင်ကြားပေးနေသည်။
    .
    မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေး အဓိကပြောင်းလဲမှုများ လုပ်ဆောင်စဉ်ကတည်းက ကျေးလက်ဒေသများမှ ကလေးငယ်များမှာ မြို့ကြီးများသို့ တိုး၍တိုး၍ ပြောင်းရွှေ့လာကြသည်။
    .
    “မြို့ကြီးတွေမှာ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖွင့်ကြတယ်။ သူတို့က ဈေးပေါပြီး စိတ်ချရတဲ့ လုပ်အားကို လိုအပ်ပါတယ်။ ပြီးတော့ လူတွေကလည်း ၀င်ငွေတွေပိုပိုရလာတယ်။ ဒါ့ကြောင့် ၀န်ဆောင်မှုတွေကိုလည်း ပိုပြီး တောင်းဆိုလာကြပါတယ်။ အဲဒီတောင်းဆိုမှုက လုပ်အားကို ပိုပြီး လိုအပ်စေတာပါပဲ” ဟု တင်အေးက ထပ်လောင်းပြောကြားခဲ့သည်။

    8893382206_ac90fce177_c-600x399
    Maxim Malkov/ecoburma

    .
    မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ လက်တလော အချက်အလက်ကို ကောက်ယူရန် ခက်ခဲသည်။ ယူနီဆက်ဖ်၏ ၂၀၀၆ ခုနှစ် လေ့လာမှုမှ ရရှိသည့် နောက်ဆုံးအချက်အလက်အရ စစ်တမ်းကောက်ယူမှုတွင် ပါဝင်ခဲ့သည့် အသက် ၇ နှစ်မှ ၁၆ နှစ်အရွယ်ကလေး ၃၃ ရာခိုင်နှုန်းနီးပါးမှာ အလုပ်လုပ်နေ ရသည်ကို တွေ့ရှိခဲ့ ရသည်။ ဘေးအန္တရာယ်မျာကို လေ့လာ ဆန်းစစ်သော ယူကေရှိ Maplecroft ကုမ္ပဏီက ကလေးငယ်အလုပ်သမား ပြဿနာတွင် ကမ္ဘာ့အဆိုးအ၀ါးဆုံး နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံအား  အဆင့် ၇ ပေးထားသည်။ အိန္ဒိယနှင့် လိုက်ဘေးရီးယားတို့ထက် အနည်းငယ်တော့ သာသည်။
    .
    နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က လက်ရှိအချိန်တွင် ကိန်းဂဏန်းအချက်အလက်များကို စုဆောင်းနေသည်။ သို့သော်လည်း ကလေးအလုပ်သမားက မြန်မာနိုင်ငံတွင် သာမန်ပုံစံမျိုးဖြစ်နေသည်ဟု ILO ၏ မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်သည့် အစီအစဉ်မှ နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ ဆဲလင်မ် ဘီနာအစ်စာက ဆိုသည်။
    .
    “ဥပဒေတွေကို ကျင့်သုံးဖို့နဲ့ အသိပညာပေးဖို့က သိသာတဲ့ပြဿနာတစ်ခု ဖြစ်နေပါတယ်”
    .
    ၁၉၅၁ ခုနှစ်တွင် ထိုစဉ်က ဘားမားဟုခေါ်သည့် မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်အောက် ကလေးများ ဈေးဆိုင်များနှင့် စက်ရုံများတွင် အလုပ်လုပ်ခြင်းကို တားမြစ်သည့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေတွင် အသက် ၁၃ နှစ်မှ ၁၅ နှစ်အရွယ်ကလေးများ တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်လုပ်ခြင်းကိုလည်း တားမြစ်ခဲ့သည်။ ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ လက်နက်ကိုပဋိပက္ခများနှင့် အန္တရာယ်ရှိသော အလုပ်များတွင် ကလေးများအား အသုံးပြုခြင်းတို့ အပါအ၀င် ကလေးအလုပ်သမားများအား ခိုင်းစေမှု အဆိုးဝါးဆုံးပုံစံများ ပပျောက်စေရေး တိုက်တွန်းထားသည့် ILO ၏ သဘောတူညီချက် တစ်ခုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တော်က အတည်ပြုခဲ့သည်။
    .
    မြန်မာ့အလုပ်သမားရေးရာ ၀န်ကြီးဌာန၏ စက်ရုံအလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးခြင်းဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ဦးဝင်းရှိန်က အစိုးရအနေဖြင့် အကောင်းဆုံးကို ကြိုးစားဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
    .
    “ကလေးအလုပ်သမားကိစ္စဟာ ပြဿနာကြီးတစ်ခုပါ။ ဒါပေမယ့် ဒါဟာ ဆင်းရဲမွဲနေမှုရဲ့ ရလဒ်ပါပဲ။ တိုင်းပြည်ကဆင်းရဲတယ်။ ဒါ့ကြောင့် ကလေးတွေက သူတို့မိသားစု ၀င်ငွေရဖို့ ကူညီကြရတယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် ကျွန်တော်တို့ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ပြီးတော့ ဒါဟာ အချိန်အတော် ကြာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
    .
    ထို့ပြင် အစိုးရအနေဖြင့် အလုပ်လုပ်ခွင့်ပေးသည့် အနိမ့်ဆုံးအသက်ကို ၁၄ နှစ်အထိ တိုးမြှင့်သတ်မှတ်သွားရန် စဉ်းစားနေပြီး ၎င်း၏ ရုံးကလည်း အသက်အငယ်ဆုံး အလုပ်သမားများအတွက် ပညာသင်ကြားပေးရေး၊ အသက်မွေးမှုဆိုင်ရာ လေ့ကျင့်သင်ကြားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရေးတို့အတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးနေသည်ဟုလည်း ဆိုသည်။
    .
    ကလေးငယ် ၅ ဦးတွင် ၂ ဦးက အာဟာရ ချို့တဲ့မှုဒဏ်ကို ခံစားနေရသည့် မြန်မာနိုင်ငံတွင် ပွဲစားများကလည်း ကလေးအလုပ်သမားအရေးကို မီးထိုးပေးနေသည်။ သူတို့က ကလေးငယ်များကို အလုပ်ရှင်များထံသို့ တန်ဖိုးတစ်ခုဖြင့် ပို့ဆောင်ကြသည်။ ခင်ဌေးက ရန်ကုန်မြို့ရှိ ဈေးတစ်ခုတွင် ကလေးအ၀တ်အစားများ ရောင်းသည့် အချိန်ပြည့်အလုပ်အပြင် ကလေးအလုပ်သမားရှာဖွေသည့် ပွဲစားလည်း လုပ်သည်။ ကလေးအလုပ်သမားတစ်ဦး ရှာပေးလျှင် အလုပ်ရှင်များက သူမအား တစ်သောင်းအထိ ပေးကြသည်။
    .
    “အချို့လူတွေက ကျွန်မဆီလာပြီး သစ်သီးဖျော်ရည်ဆိုင်လို သူတို့ဆိုင်တွေမှာ အလုပ်လုပ်ဖို့ ကလေးတွေကို ရှာခိုင်းကြပါတယ်။ တစ်ချို့တွေကတော့ အိမ်အကူရှာခိုင်းကြတယ်။ အသက် ၁၅ နှစ်လောက် မိန်းကလေးတွေလည်း ကျွန်မဆီလာပြီး အလုပ်ရှာခိုင်းတာမျိုးတွေ ရှိပါတယ်” ဟု ခင်ဌေးက ပြောကြားခဲ့သည်။
    .
    ခင်ဌေးကတော့ သူမမှာ ဆင်းရဲပြီး အလုပ်လိုနေသည့် ကလေးများကို ကူညီပေးနေသည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။
    .
    “အဲဒါဟာ ကျွန်မ အနိမ့်ဆုံး လုပ်နိုင်တာပါပဲ”
    .
    အခြားပွဲစားများကလည်း ဤအလုပ်နှင့်ပင် စီးပွားဖြစ်နေကြသည်။ ၎င်းတို့၏ အလုပ်က ပို၍ လျှို့ဝှက်သည်။
    .
    နေရာတကာတွင် ပြန့်နှံ့နေသည့် ကလေးအလုပ်သမားကိစ္စက အမေရိကန်မှ စီးပွားရေး ပိတ်ဆို့မှု ဖွင့်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသည့် အမေရိကန် ကုမ္ပဏီများအတွက်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
    .
    အမေရိကန်ကုမ္ပဏီတော်တော်များများက ၎င်းတို့၏ လုပ်ငန်းခွင်များသို့ သွားရောက်ရန် တောင်းဆိုမှု ကို ငြင်းပယ်ကြသည်။ သို့သော်လည်း ကိုကာကိုလာ ကုမ္ပဏီက မြန်မာနိုင်ငံရှိ ၎င်းတို့ကုမ္ပဏီ၏ မူဝါဒမှာ အသက် ၁၈နှင့်အထက်ကိုသာ အလုပ်ခန့် ထားရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အ၀တ်အစား ဖြန့်ဖြူးရောင်းချသည့် Gap ကုမ္ပဏီကလည်း ကလေးအလုပ်သမား အတွက် လုံးဝသည်းမခံသည့် မူဝါဒကို ချမှတ်ထားသည်ဟု ဆိုသည်။
    .
    နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ Verite မှ ဆောင်ရွက်ထားသည့် စစ်ဆေမှုများအရ Gap ၏ မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသည့် စက်ရုံနှစ်ခု၌ ကလေးအလုပ်သမား ရှိသည်ဟူသော အထောက်အထား မတွေ့ရဟုဆိုသည်။ သို့သော်လည်း အချို့သော အလုပ်သမား ဖိုင်များတွင် အသက်အရွယ်ကို ဖော်ပြထားသည့် အထောက်အထား မပါဘဲ၊ ပါရှိသည့် အထောက်အထား အချို့မှာလည်း ပြင်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
    .
    မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားကို ရှောင်ကျဉ်ရန် အမေရိကန်ရှိ ကုမ္ပဏီများအတွက် ခက်ခဲနိုင်သည်ဟု ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ စီးပွားရေးနှင့် ကုန်သွယ်မှုရေးရာ တာဝန်ရှိသူ မက်ချက် ရှီရှက်က ဆိုသည်။
    .
    “သေချာတာက အမေရိကန်ကုမ္ပဏီတွေဟာ နိုင်ငံတကာရဲ့ အကောင်းဆုံးစံနှုန်း ဒါမှမဟုတ် နိုင်ငံအတွင်း ဥပဒေတွေကို တိုက်ရိုက်ချိုးဖောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုန်စည်အသွားအလာ ကွင်းဆက်တွေမှာ  ကလေးအလုပ်သမားတွေ ရှိနိုင်မလားဆိုတာကို ဖော်ထုတ်ဖို့ အမေရိကန်ကုမ္ပဏီတွေက လိုအပ်တဲ့ လုံလ၀ီရိယတော့ ထုတ်ရပါမယ်။ အဲဒီလိုကွင်းဆက်တွေက ကုမ္ပဏီတွေမှာ ဒါမျိုးတွေ တွေ့ရတယ်ဆိုတဲ့ ပြဿနာတွေကိုလည်း ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ “ခင်ဗျားတို့ ကလေးအလုပ်သမားကို မစွန့်လွှတ်ဘူးဆိုရင် ကျွန်တော်တို့ ခင်ဗျားတို့နဲ့ အလုပ်မလုပ်နိုင်ဘူးလို့” ကန်ထရိုက်ခွဲတွေနဲ့ ကုန်ပစ္စည်း ထောက်ပံ့ပေးတဲ့ သူတွေကိုလည်း ကျွန်တော်တို့ ပြောထားရပါတယ်” ဟု ရှီရှက်က ထည့်သွင်းပြောကြားခဲ့သည်။
    .
    နောက်ထပ်အခက်အခဲတစ်ခုက အလုပ်မှ ထုတ်လိုက်သည့် ကလေးငယ်များမှာ အလွန်ငယ်ရွယ်သည့် အနေအထား ရှိသောကြောင့် ၎င်းတို့အား ဘာလုပ်ပေးရမည်ဆိုသည်ကို အဖြေရှာရန်ဖြစ်သည်ဟု ဘီနာအစ်ဆာက ဆိုသည်။
    .
    “ဒေသတွင်း ကုမ္ပဏီကတွေက လူငယ်အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တဲ့အခါ ဒီပြဿနာဟာ အခြားနိုင်ငံတွေမှာ လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီကလေးတွေဟာ ငယ်တယ်။ ပြီးတော့ သူတို့ ပထမရှိနေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးဆိုးဝါးတဲ့ ကလေးအလုပ်သမား ပုံစံမျိုးကို ရောက်သွားတယ်….. ဒါ့ကြောင့် ကျွန်တော်တို့ ဒါကို ရှောင်ချင်ပါတယ်”
    .
    ရန်ကုန်၏မြောက်ဘက် ၅၅ မိုင်အဝေးတွင်ရှိသည့် စိုးမင်းလွင်၏ ရွာတွင်တော့ ၎င်း၏လခ တစ်လ ၃ သောင်းခွဲလောက်မှာ အတော်လေးခရီးရောက်သည်။ သူ့မိသားစုက ဆန်ကို အကြွေးဖြင့်ဝယ်သည်။ ဆန်တစ်အိတ်လျှင် ၂ သောင်းခန့် ကုန်ကျပြီး မိခင်၊ ပထွေး၊ ညီငယ် ၂ ယောက်နှင့် အဖွား စုစုပေါင်း ၅ ယောက်အတွက် စားလောက်သည်။
    .
    “သူတို့ကို အလုပ်မလုပ်စေချင်ပါဘူး။ ကလေးတွေကို မိဘတွေရဲ့အဝေးမှာ မထားသင့်ပါဘူး။ သူတို့ စာရိတ္တ ပျက်ဆီးသွားနိုင်ပါတယ်။ စိုးမင်းလွင်ကို အလုပ်ခိုင်းတာက ကျွန်မတို့မှာ မပြေလည်လို့ပါ” ဟု မိခင်ဖြစ်သူ နော်အဲလ်ရှီးက ဆိုသည်။
    .
    ထို့ပြင် အသက် ၄ နှစ်အရွယ် သားဖြစ်သူမှာလည်း စိုးမင်းလွင်ကဲ့သို့ ဖြစ်လာမည်ကို သူမက စိုးရိမ်နေလေ၏။

     

    Ref:Aljazeera America

    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။