ဇန်န၀ါရီ ၁၂၊ ၂၀၁၈
M-Media

– နိုင်ငံအတွင်းက ခရစ်ယာန်ခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံမှုကြောင့် အီဂျစ်ဟာ အစိုးရထံမှာ ၀တ်ပြုရာနေရာအဖြစ် တရားဝင် စာရင်းမသွင်းရသေးတဲ့ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၃၀၀၀ ကျော်ကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပေးလိုက်ပါတယ်။
အီဂျစ် ခရစ်ယာန်အသင်းတော်တွေအားလုံးက ကိုယ်စားလှယ်တွေပါဝင်ကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ ဖွဲစည်းခဲ့တဲ့ အဖွဲ့က ၂၀၁၆ ခုနှစ် ခရစ်ယာန်ဘုရားကျောင်းများ တည်ဆောက်ရေးဥပဒေအရ တရားဝင် စာရင်းမသွင်းရေးသေးတဲ့ ဘုရားကျောင်းတွေကို အသိအမှတ်ပြုပေးဖို့ အခုတစ်ပတ်အစောပိုင်းမှာ အီဂျစ်အစိုးရထံ တောင်းဆိုခဲ့တာပါ။
ကော့ပတစ် အော်သိုဒေါ့စ်အသင်းတော်က နိုင်ငံတစ်ဝှမ်း အသိအမှတ်ပြုဖို့ လိုအပ်နေတဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ၀တ်ပြုဆောင်စာရင်း ၂၆၀၀၊ အင်ဂလီကန် အသင်းတော်က ၄၅၀၊ ကက်သလစ်အသင်းတော်က ၁၂၀ အသီးသီး အစိုးရကို ပေးအပ်ခဲ့ပါတယ်။
အီဂျစ်ဟာ အရင်က ၀တ္တကနယ်မြေအဖြစ် စာရင်းမသွင်းရသေးတဲ့ ဘုရားကျောင်းတစ်ချို့ကို အသုံးပြုခွင့် ပိတ်ပင်ထားပေမယ့် အခုမေတ္တာရပ်ခံမှု ပြီးတဲ့နောက်ပိုင်းမှာတော့ ပိတ်ပင်ထားမှုတွေကို ရုပ်သိမ်းခဲ့ပါတယ်။
“ကျွန်တော်တို့ အသင်းတော်ဟာ ၂၀၁၆ ခုနှစ် ဥပဒေအရ အသိအမှတ်ပြုဖို့လိုနေတဲ့ ဘုရားကျောင်း ၂၆၀၀ စာရင်းကို ပေးထားပါတယ်။ အသုံးပြုဖို့ ခွင့်ပြုချက်မရတဲ့အခါ အစိုးရဆီကနေ ဖြေရှင်းချက် တောင်းခဲ့ပါတယ်။ အစိုးရက အသိအမှတ်ပြုရေးလုပ်ငန်းစဉ် မပြီးဆုံးသေးပေမယ့်လည်း စာရင်းပါ ဘုရားကျောင်းတွေမှာ ပုံမှန် ၀တ်ပြုနိုင်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်” လို့ အော်သိုဒေါ့စ်အသင်းတော်က ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘိရှော မီခေးလ် အန်တွန်က ပြောကြားခဲ့ပါတယ်။
လူနည်းစုခရစ်ယာန်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အစိုးရက ဒီလို အာမခံပေးခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ကြောင့် IS အစွန်းရောက်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အီဂျစ်ခရစ်ယာန်တွေမှာ ရှိနေပါတယ်။
အီဂျစ်က ကော့ပတစ်ခရစ်ယာန်တွေဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်ခံစားလာခဲ့ရပါတယ်။
Ref: Alarabiya