News @ M-Media

Tag: Citizens_Rights

  • ပြည်သူ့ရဲ ဆိုသူများက “လဝက ” ဌာနမှ ထုတ်ပေးသော မှတ်ပုံတင်ကတ်ကို ဘာကြောင့် အသိအမှတ်မပြုရတာလဲ?

    ပြည်သူ့ရဲ ဆိုသူများက “လဝက ” ဌာနမှ ထုတ်ပေးသော မှတ်ပုံတင်ကတ်ကို ဘာကြောင့် အသိအမှတ်မပြုရတာလဲ?

    နိုဝင်ဘာ ၂ ၊ ၂၀၁၆
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှုတက္ကသိုလ် )

    မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံများထဲတွင် တစ်ခု အပါအဝင်ဖြစ်ပါသည်။ ၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံကြီးက လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို တခဲနက်ထောက်ခံအတည်ပြု
    လက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံများတွင်လည်း မြန်မာနိုင်ငံပါဝင်နေပေသည်။ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတမ်းတွင် အပိုဒ်ပေါင်း( ၃၀ )ပါဝင်သည်။

    အပိုဒ် ( ၉ )အရ “ မည်သူမျှဥပဒေအရမဟုတ်သော၊ ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင် ဒဏ်ပေးခြင်းကိုဖြစ်စေ၊မခံစေရ” ဟူ၍သော်လည်းကောင်း၊ အပိုဒ် ( ၁၃ ) (၁)အရ “လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ်တွင်း၌ လွတ်လပ်စွာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့် ရှိသည်” ဟူ၍လည်းကောင်း၊ အပိုဒ် ( ၁၅ ) ( ၁ ) အရ “ လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” အပိုဒ် ( ၁၅ ) ( ၂ ) အရ “ ဥပဒေအရ မဟုတ်လျှင်မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ”ဟူ၍ဖော်ပြထားချက်များကို ပြည်သူလူထုကို ကိုယ်စားပြုသည့် အုပ်ချုပ်ရေး အာဏာပိုင်များသည် အထူးလေးစားလိုက်နာကျင့်သုံးရမည်ဖြစ်သည်။ သို့သော် စာရေးသူ တုန်လှုပ်ခြောက်ခြားခဲ့ရသည့် ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖောက်သော ဖြစ်ရပ်တစ်ခုကို စာရေးသူထံရောက်ရှိလာခဲ့သည်။

    ၂၆.၁၀.၂၀၁၆ ရက်နေ့ ၊ ညနေ ( ၅ ) နာရီအချိန်တွင် ရန်ကုန်မြို့မှမြိတ်မြို့သို့ “ အောင်ရတနာ”  ခရီးသည်တင် မှန်လုံယာဉ်ဖြင့် လိုက်ပါလာသော ခရီးသည် ( ၃ )ဦး သည် ၂၇.၁၀.၂၀၁၆ ရက်နေ့ ည( ၇ )နာရီတွင် ညမြိတ်မြို့၊ကန်ခေါင်းရပ်ကွက်၊ ပန်းဝတ်ရည်လမ်းရှိ တိမ်လွှာထွန်းတည်းခိုခန်း တွင် တည်းခိုနေစဉ် “ခိုးဝင်ဘင်္ဂါလီ သုံးဦး ထိုတည်းခိုခန်းတွင် ရောက်ရှိနေသည်”  ဟူသော အကြောင်းပြချက်ဖြင့် မြိတ်ခရိုင် ရဲအုပ်ခင်မောင်လေး၊ ဒုရဲအုပ် ကျော်ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏ တရားဝင်ဝန်ကြီးဌာန တစ်ခုဖြစ်သည့် “ အလုပ် သမား၊ လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန” မှ တည်ဆဲဥပဒေအရ တရားဝင်စိစစ် စစ်ဆေးပြီးထုတ်ပေးထားသော ခိုင်လုံသည့် နိုင်ငံသားဖြစ်မှု့ အထောက်အထားများ ရှိနေသူများကို တစ်ဘက်သတ် စွပ်စွဲတိုင်တန်းချက်များကြောင့် မတရားဖမ်းစီး စစ်ဆေးခံရသည့် သတင်းသည် နိုင်ငံသူနိုင်ငံသားများ၏ မလုံခြုံမှုကိုပြနေကြောင်း စာရေးသူသတိထားမိသည်။

    ထို့ကြောင့်လည်း စေ့စေ့တွေး ရေးရေးပေါ် ဆိုသည့်အတွက် ထိုဖမ်းဆီးခံပြည်သူ ( ၃ )ဦးအား လေ့လာကြည့်ရာ တွင် ၁။ ဒေါ်သီတာ ( ၄၇ ) နှစ်၊ မှတ်ပုံတင် ၁၂/ ဒဂတ(ယ)**** (ဘ) ဦးမောင်တင်  ၂။ဒေါ်သန်းသန်းအေး ( ၄၉ ) နှစ် မှတ်ပုံတင် ၁၂/ဒဂတ(ယ)****** (ဘ) ဦးအဗ်ဒွလ်ဂျဗား၊ ၃။မရွှေစင် ( ၂၀ ) နှစ် (ဘ) ဦးရွှေလာ ကရင်လူမျိုး (၃)ဦးတို့ဖြစ်ပြီး၊ လက်ရှိ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။

    လူဝင်မှု့ကြီးကြပ်ရေး “ လဝက” ဌာနမှ တရားဝင်ထုတ်ပေးထားသော မှတ်ပုံတင်ဖြင့် စစ်မဲ့ဇုန်နယ်မြေ တစ်ခုရှိ တရားဝင် ဖွင့်လှစ်ထားသော ဟိုတယ်တစ်ခုတွင် အနားယူနေသည်ကို ရခိုင်ပြည်နယ်ရှိမောင်းတော၊ ဘူးသီးတောင် နယ်မြေရှိ လူမျိုးများ ပုံစံရောသမ မွေကာ ဥပဒေမဲ့ ဖမ်းဆီး အရေးယူနေခြင်းသည် ကမ္ဘာ့အလယ်မြန်မာပြည်တွင် နေထိုင်နေကြသော တရားဝင်မှတ်ပုံတင် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများသည် တရားဥပဒေ၏ အကာအကွယ်မရရှိသေးကြောင်း ကမ္ဘာက သိသွားခဲ့လျှင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးစဉ်များတွင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ စီးပွား ရေး ရင်းနှီးမြှုပ်နှံသူများကို မြန်မာပြည်တွင်း စီးပွားရေးလာလုပ်ကြရန် အာမခံပြောဆို ဖိတ်ခေါ်သည့် စာချွန်လွှာ များရေးထိုးခဲ့ကြသည့် လုပ်ငန်းစဉ် အားလုံးသည် အောက်ခြေရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့၏လုပ်ရပ်ကြောင့် “သဲထဲရေသွန်” အချည်းနှီးလုပ်ရပ်များ ဖြစ်သွားနိုင်သည်ကို အစိုးရသစ်အားထောက်ပြလိုပါသည်။

    ထို့အပြင် ၂၀၁၆ ခုနှစ် မူဆယ်မြို့နယ်နေ မောင်ဖြိုးသူရအား ရဲစခန်းတွင် စစ်ဆေးစဉ် ကွယ်လွန်သွားသည့်ဖြစ်ရပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် အချုပ်သားတစ်ဦး  အချုပ်ခန်းအတွင်းသေဆုံးနေသည့်ဖြစ်ရပ်ကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားသူကြီး ကိုယ်တိုင်လာရောက် စစ်ဆေးခဲ့ရသည့်ဖြစ်စဉ်များသည် လူအခွင့်အရေးကို ဦးထိပ်ပန်ဆင် ကျင့်သုံးသည့် အနောက်နိုင်ငံများ အတွက် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုအစုစုတို့ကို စိန်ခေါ်လျက်ရှိပေသည်။ “ကျီးလန့်စား၊ စားရသလို” မျိုးဖြစ်နေခြင်းသည် နိုင်ငံ၏အနာဂတ် အတွက် ဆူးညှောင့် ခလုတ်များဖြစ်နေသည်။

    “ကူညီပါရစေ” ဟူသောဆောင်ပုဒ်ဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ပဋိဥာဉ်ပြုထားသော သစ္စာခံထားသော ပြည်သူ့ရဲတပ်ဖွဲ့ သည် ၅၁.၄ သန်းကျော် ပြည်သူလူထု၏အခွန်ကိုစားနေရသော ဝန်ထမ်းသက်သက် မျှသာ ဖြစ်သည်။ ပြည်သူလူထုအား ဟိန်းဟောက် ခြိမ်းခြောက်ရန် တာဝန်မရှိပြီ။ ဥပဒေမဲ့လုပ်ရပ် များကို တားဆီး ဟန့်တား အရေးယူရန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်က ချမှတ်ထားသော တရားဥပဒေများ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေများ နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာရန် လုံးဝ တာဝန်ရှိပေသည်။

    “ဖွဲ့စည်းပုံ အခြေခံဥပဒေ” ဟူသည် နိုင်ငံတော် အုပ်ချုပ်သူတို့နှင့် အုပ်ချုပ်ခံပြည်သူလူထု တို့အကြား ချုပ်ဆိုထားသော “ပဋိဥာဉ်”စာချုပ်ကြီးဖြစ်ပေသည်။ အုပ်ချုပ်သူ အစိုးရ ဌာနဆိုင်ရာများ နှင့် အုပ်ချုပ်ခံပြည်သူလူထု တို့ အကြားလေးစား လိုက်နာဖို့လိုသည်။ ဥပမာ ပြရလျှင် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၇ နှင့် ၃၄၈ တို့တွင် “မည်သူမဆို ဥပဒေ အရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီ မျှ ရယူပိုင်ခွင့်ပေးရမည်” ဟူ၍လည်းကောင်း၊  “မည်သည့်နိုင်ငံသားကိုမျှ လူမျိုးဇာတိ ကိုးကွယ် သည့်ဘာသာ ရာထူး၊ ဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှုတို့ကို  အမျိုးသား၊ အမျိုးသမီး ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားခြင်းမပြုရ” ဟူ၍ ဖော်ပြထားကြောင်းတွေ့ရပါသည်။

    ဖွဲ့စည်းပုံ ပုဒ်မ( ၃၆၂ )တွင် “ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ် သောဘာသာတို့ကို နိုင်ငံတော်တွင် တည်ရှိနေသော ကိုးကွယ်ယုံကြည်ရာဘာသာများ” ဟူ၍ အသိအမှတ်ပြုထားကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် ပုဒ်မ( ၃၆၃ ) တွင် နိုင်ငံတော်တွင်  အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ဟူ၍လည်း ဖော်ပြထားပါသည်။

    လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး ၁၉၄၄ ခုနှစ် မတ်လ ( ၁၃ )ရက်နေ့၌ မြန်မာ့တပ်မတော် ဗိုလ်သင်တန်းကျောင်းဆင်းပွဲနှင့် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ၌ မိန့်ကြားခဲ့သည်မှာ “ ငါတို့စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှဉ်းဆဲဖို့မဟုတ် လက်နက် အားကိုး တန်ခိုးပြဖို့မဟုတ် စစ်တပ်ဟာနိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်စေရဘူး” ဟူသော မိန့်ကြားချက်များနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးသည့် အစိုးရဆိုတာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့် တိုင်းပြည် အကျိုးကိုဆောင်ရွက်ဖို့ အချိန်ကန့်သတ် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းဖြစ်ပါတယ် ဆိုတာကို နှလုံးသွင်းကာ လိုက်နာကျင့်သုံးလျှင်အုပ်ချုပ်ရေး စနစ်များတောင့်တင်း ခိုင်မာလာမည်။ တရားဥပဒေစိုးမိုးမှု အသက်ဝင်လာပေမည်။

    ထိုသို့မဟုတ်ဘဲ ကိုယ်စီးသည့်မြင်းသည် အထီး၊ အမ ဟူ၍ မခွဲခြားဘဲ ဇွတ်စီးပြီး ခရီးနှင် လျှင် စစ်ခင်းလျှင် စစ်ပွဲတွင် ရှုံးနိမ့်မည်သာဖြစ်သည်။

    နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ က မိန့်တော်မူသည်မှာ “လူဆိုး၊ လူကောင်းဆိုတာ လူမျိုးနဲ့မဆိုင် ဘာသာနဲ့မဆိုင် ထိုသူတို့ပြုမူ သော လုပ်ရပ်အပေါ်တွင်သာ မူတည်ပြီး လူဆိုးလား လူကောင်းလား သတ်မှတ်ရတယ်” ဟူသော တရားရတနာကိုရင်ဝယ်ပိုက်ကာ လူတိုင်းကျင့်သုံးပါက မြန်မာပြည်ကြီးဘာသာ ပေါင်းစုံ ညီညွတ်ရေးမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရရှိပေမည်။ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု ရလျှင် ပြည်တွင်းပြည်ပရန် ကာကွယ်ရန် စစ်အသုံးစရိတ်များ လျှော့ချနိုင် ပြီး ပညာရေးအသုံးစရိတ်များတွင် နိုင်ငံတော်ဘဏ္ဍာငွေများကို ပုံအောနိုင်မည်။ ပညာရေးဖွံ့ဖြိုး တိုးတက်လာမည်။ လူ့စွမ်းအား အရင်းအမြစ်များစွာ မွေးထုတ်နိုင်မည်။

    ထိုစွမ်းအားများဖြင့် မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်ဦးမော့လာအောင် လုပ်နိုင်ပါမည် ဟု အကြံပြု တိုက်တွန်း လိုက်ရပေတော့သည်။

    ဂျက်ဖရီ တင်အုန်း R.I.T ရန်ကုန်စက်မှုတက္ကသိုလ်

  • ဖြိုးဝေအောင်၏ပန်ကြားလွှာကို အာရှ လူ့အခွင့်အရေး ကော်မရှင်က လွှတ်တော်ကော်မတီ ၄ ခုသို့ပေးပို့

    ဇန်နဝါရီ ၁၇ ၊၂၀၁၃

    via myanmarij

    ထောင်တွင်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့် လုံလောက်တဲ့ ဆေးကုသမှု့ မရခဲ့သဖြင့် အသဲကင်ဆာနှင့် အခြားရောဂါများ ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ကိုဖြိုးဝေအောင် (Photo DVB)
    ထောင်တွင်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့် လုံလောက်တဲ့ ဆေးကုသမှု့ မရခဲ့သဖြင့် အသည်းကင်ဆာနှင့် အခြားရောဂါများ ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ကိုဖြိုးဝေအောင် (Photo DVB)

    ကွယ်လွန်သူ ကိုဖြိုးဝေအောင် ၏ ၂ဝ၁ဝ ဧပြီ မြန်မာ့ နှစ်သစ်ကူးပွဲတော် ဗုံးခွဲမှုနှင့် ပတ်သက်၍ မှားယွင်းစွာ စွပ်စွဲခံရမှု၊ ဖြောင့်ချက်ပေးရန် နှိပ်စက် ညှဉ်းပန်းခံရမှုနှင့် ရာဇဝတ်မှုဖြင့် မမှန်မကန်ပြစ်ဒဏ် ချမှတ်ခံရမှုကို ပြန်လည် စိစစ်သုံးသပ်၍ ပျက်ယွင်းခဲ့ရသော နာမည်ကို ရှင်းလင်းပေးရန် ပန်ကြားလွှာကို အလေးထား ဆောင်ရွက်ရေး အတွက် ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် ညွှန်ကြား ရေးမှူး ဘီဂျိုဖရန်စစ် ထံမှ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ အမျိုးသားလွှတ်တော် တိုင်ကြားလွှာနှင့် အသနား ခံလွှာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းနှင့် အမျိုးသား လွှတ်တော် နိုင်ငံသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့ ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည်။

    အဆိုပါစာတွင် ၂ဝ၁၂ အောက်တိုဘာ ၉ ရက်တွင် ကိုဖြိုးဝေအောင်၏ အယူခံလွှာကို တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးမြင့်အောင်နှင့် ဦးမြင့်ဟန်တို့က ရှင်းလင်းမှု မရှိဘဲ ပယ်ချခဲ့ပြီး သေဒဏ်ကို အတည်ပြုခဲ့သဖြင့် ယင်းက လူကြီးမင်းတို့၏ ကော်မတီများထံ အကူအညီ တောင်းခံခဲ့ကြောင်း၊ မိမိအနေဖြင့် ပုဂ္ဂိုလ် ရေးအရ ကိုဖြိုးဝေအောင်နှင့် ၂ဝ၁၂ ဒီဇင်ဘာတွင် ဆေးရုံပေါ်၌ တွေ့ဆုံ ခဲ့ရာ မှားယွင်းစွာ ပြစ်ဒဏ် စီရင်ခံရမှုကို ရှိသမျှ ခွန်အားဖြင့် တိုက်ခိုက်၍ ပျက်စီးခဲ့ရသော မိသားစု ဘဝကို ပြန်လည် တည်ဆောက်ရန် ကြိုးစားရင်း ထိုစွပ်စွဲချက်များမှ သူ့နာမည်ကို ရှင်းလင်းပြီး မိသားစုအပေါ် ဖိစီးမှုကိုလည်း ဖယ်ရှားပစ်နိုင်ရန် မျှော်လင့်နေသော သူ့ကိုမြင်တွေ့ခဲ့ ရကြောင်း၊ သို့သော် သူ့အမည်ကို ရှင်းလင်း၍ မိသားစုကို ပုံမှန် ပျော်ရွှင်ဖွယ် ဘဝသို့ ပြန်လည် ရောက်ရှိအောင် မစွမ်းဆောင်နိုင်မီ တွင် ၂ဝ၁၃ ဇန်နဝါရီ ၄ ရက်က ကွယ်လွန်သွားခဲ့ရသည် ဟု ဝမ်းနည်း ကြေကွဲစွာ ကြားသိခဲ့ရကြောင်း ဖော် ပြထားသည်။

    ဆက်လက်ပြီး ကိုဖြိုးဝေအောင်နှင့် တွေ့ဆုံမှုအပြင်၊ လွန်ခဲ့သော သုံးနှစ်ကျော်ကာလအတွင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဆောင် ရွက်ခဲ့သည့် မှတ်တမ်းမှတ်ရာ အများအပြားအရ သူ၏ အပြစ်ကင်းစင်မှု ကို တရားဝင် ရှင်းလင်း ဖော်ပြနိုင်ရုံသာမက၊ မြန်မာနိုင်ငံ အထူးသတင်း တပ်ဖွဲ့နှင့် တရားစီရင်ရေး ယန္တရား၏ လုပ်ရပ်များကိုလည်း အပြည့်အစုံ ထုတ်ဖော်နိုင်မည်ဟု မိမိယုံ ကြည်ကြောင်း၊ သူကွယ်လွန်သွား ခြင်းက သူ့အပေါ် ပြုလုပ်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှု၊ နည်းမျိုးစုံဖြင့် အဖွဲ့အစည်းအလိုက် မတော်မတရား ပြုမူ ဆက်ဆံမှုအချက်အလက်များ ကို ပြောင်းလဲသွားစေမည်မဟုတ် ကြောင်း ရေးသား ထားသည်။

    ထို့ကြောင့် အမှုကို ပြန်လည် စစ်ဆေး၍ ကိုဖြိုးဝေအောင်အပေါ် ချမှတ်ခဲ့သော ရာဇဝတ်မှု ပြစ်ဒဏ်ကို ဖျက်သိမ်းရန် သူ့သေဆုံးမှု သာမက သူ့အပေါ် စွဲဆိုခဲ့သော အမှု ဖြစ်စဉ် တစ်လျှောက်တွင် သူ့မိသားစု အပေါ် ဖိစီးခဲ့သော ဆုံးရှုံးနစ်နာမှု များကိုပါ မျှတအောင်စီစဉ်ပေးရန်၊ ဤအမှုအတွင်း ကျူးလွန်ခဲ့သော လူ့ အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သူအားလုံးကို စုံစမ်းစစ်ဆေးရန်၊ သက်ဆိုင်ရာ ကော်မတီများမှ ကိုင်တွယ် ဆောင်ရွက်ပေးပါ ရန် တိုက်တွန်း ရေးသားထားသည်။

    နိဂုံးချုပ်အနေဖြင့် ကိုဖြိုးဝေအောင်အတွက် တရားမျှတမှု ပြုလုပ်ရန် အခွင့်အရေးကို ယူပါရန်နှင့် သူ၏ လူကြီးမင်း တို့ထံ အကူအညီ တောင်းခံသော နောက်ဆုံးစာပါ အချက်အလက်များကို အလေးထား လေးစား ပါရန် မိမိတို့ တိုက်တွန်း အားပေးကြောင်း၊ မိမိတို့အနေဖြင့် လည်း ဤအမှုကို တရားနည်းလမ်း တကျ ဖြစ်စေရုံ သာမက မြန်မာနိုင်ငံ တွင် ဤကဲ့သို့သော နိုင်ထက်စီးနင်း ဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းမှု၊ အဓမ္မ ဝန်ခံခိုင်းမှု၊ တရားစီရင်မှု ရေးရာ မဟုတ်မတရားပြုမှု၊ ကြံစည်မှု များကို အပြီးသတ် ချုပ်ငြိမ်းနိုင်ရေး အတွက် ဤအမှုကို ပြည်တွင်းရော နိုင်ငံတကာအတိုင်းအတာထိပါ ရောက်ရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

    Ref: An Open Letter from the Asian Human Rights Commission to the chairpersons of four parliamentary committees. Asian Human Right Commission, Hong Kong