News @ M-Media

Tag: Crimean

  • ခရိုင်းမီးယား တာတာမွတ်စလင် ခေါင်းဆောင်ကို ပိုလန်က ဒီမိုကရေစီ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    TURKEY-POLITICS-DIPLOMACY
    – ဒီမိုကရေစီဖွံ့ဖြိုးရေးကို ရည်ရွယ်လုပ်ဆောင်နေသည့် ခရိုင်းမီးယားရှိ တာတာ မွတ်စလင်ခေါင်းဆောင် မွတ်စ်တာဖာ ဒဇ်မီလက်ဗ်အား ပိုလန်နိုင်ငံက
    ဒီမိုကရေစီ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    Lech Walesa Solidarity Award ဟု အမည်ရသည့်ဆုဖြစ်ပြီး ဇွန် လ ၃ ရက် အင်္ဂါနေ့က ပိုလန်နိုင်ငံ ၀ါဆောမြို့၌ ချီးမြှင့်ခဲ့ခြင်းဖြစ်ရာ ထိုအခမ်းအနားသို့ ယူကရိန်း သမ္မတသစ် ပိုရိုရှန်ကိုနှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့လည်း တက်ရောက်ခဲ့ကြသည်။ ထိုဆုပေးပွဲအခမ်းအနားကို ပိုလန်တွင် ကွန်မြူနစ်ဝါ ကျဆုံးပြီးသည့် ၂၅ နှစ်ပြည့် အခမ်းအနားတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ဒဇ်မီလက်ဗ်မှာ တာတာလူမျိုးများ ညှင်းပမ်းနှိပ်စက်ခံရသည့် ဆိုဗီယက်ခေတ်တွင် ဆိုဗီယက် အစိုးရအားဆန့်ကျင်သူဖြစ်ပြီး၊ ရုရှားမှ ခရိုင်းမီးယားဒေသအား သိမ်းယူမှုကိုလည်း ကန့်ကွက်ခဲ့သူဖြစ်သည်။ ခရိုင်းမီးယားဒေသ ရုရှားအတွင်းသို့ ၀င်ရောက်ရန် ပြည်သူ့ဆန္ဒခံယူပွဲတွင် ဒဇ်မီလက်ဗ် ဦးဆောင်သည့် တာတာလူမျိုးများ မပါဝင်ခဲ့ဘဲ ရုရှားသမ္မတ ပူတင်က စည်းရုံးသိမ်းသွင်းခဲ့သော်လည်း ဒဇ်မီလက်ဗ် ငြင်းပယ်ခဲ့သည်။

    သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် ပိုလန်နိုင်ငံသို့ ရောက်ရှိနေသည့် ယူကရိန်း သမ္မတ ပိုရိုရှန်ကိုကမူ ဒဇ်မီလက်ဗ်အား “ယူကရိန်း သူရဲကောင်းကြီး” ဟု ကင်ပွန်းတပ်ခဲ့သည်။

    Ref: AFP