ဧပြီ ၅၊ ၂၀၁၄
M-Media
– ရုရှားပိုင်နက်အတွင်းသို့ သွတ်သွင်းခြင်းခံရပြီးနောက် မတည်မငြိမ်ဖြစ်နေသော်လည်း ခရိုင်းမီးယားဒေသအား စွန့်ခွာသွားခြင်းမပြုရန် တာတာမွတ်စလင်များက အစ္စလာမ်ဘာသာရေး ခေါင်းဆောင် မွဖ်သီ အီမီရာလီ အဘ်လေယဗ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကပြုလုပ်ခဲ့သော စည်းဝေးပွဲတွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး မတူညီသော နိုင်ငံသားများနှင့် ဘာသာတရားများအတွက် ခရိုင်းမီးယားဒေသအား ကောင်းမွန်သောဒေသတစ်ခုအဖြစ်ပြုလုပ်ရန် မွတ်စလင်များအား တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ခရိုင်းမီးယားဒေသမှာ ခက်ခဲသောအခြေအနေတွင်ရှိနေသော်လည်း အစ္စလာမ်ဘာသာဝင် တာတာလူမျိုးများ အနေဖြင့် မိမိတို့ မွေးဖွားရာ ထိုဒေသအား စွန်ခွာ မသွားရန်လည်း မွဖ်သီက ဆော်သြခဲ့သည်။
“အမိမြေက ကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ယနေ့ ကျွန်တော်တို့ သဘောပေါက်ခဲ့ပါပြီ။ ဒီမှာ တွေ့ကြုံခံစားနေရတာတွေကို အကြောင်းပြပြီး တာတာ လူမျိုးတွေ နေရပ်ကို စွန့်ခွာသွားဖို့ ခွင့်မပြုပါဘူး။ နက်ဖြန် ဂျပန်တွေ ဒီရောက်လာတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ဟာ ဒီမှာပဲ ဆက်ရှိသွားမှာပါ။ အလုပ်တွေကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မွဖ်သီက ဆိုသည်။
မိမိတို့၏ခေါင်းဆောင်နှင့်အတူ ခရိုင်းမီးယားတာတာ လူမျိုးများမှာ ဆက်လက်ရှိနေမည်ဖြစ်ပြီး အခြေချနေတိုင်သူ အားလုံး ကောင်းမွန်မှုအတွက် ဆက်လက်၍ ကြိုးပမ်း အားထုတ် သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ အထူး အစည်းဝေးကို မတ်လ ၂၉ ရက်နေ့တွင် Bakchisaray မြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသည့် တာတာလူမျိုးများမှာ ခရိုင်းမီးယားဒေသ လူဦးရေ ၂.၃ သန်း၏ ၁၂ ရာခိုင်နှုန်းရှိသည်။
Ref: QHA
ဓါတ်ပုံအညွှန်း- ယူကရိန်း လက်အောက်ခံ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ ခရိုင်းမီးယားဒေသကို ရုရှနှင့် ပူးပေါင်းရန် ခရိုင်းမီယား ပါလီမန်တွေ မဲခွဲ ဆုံးဖြတ်စဉ်က ဆန္ဒပြခဲ့ကြသည့် ခရိုင်းမီးယား တာတာများ
Photograph by Baz Ratner, Reuters