News @ M-Media

Tag: culture

  • ဂျေရုဆလင်ရှိ  အတ်က်ဆွာ ဗလီဝတ်ကျောင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်(၈)ရပ်

    ဂျေရုဆလင်ရှိ အတ်က်ဆွာ ဗလီဝတ်ကျောင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်(၈)ရပ်

    စက်တင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media

    8ThingsYou-Didnt-Know-about-Masjid-Al-Aqsa
    အစ္စလာမ့်သမိုင်းတွင် ပထမဦးဆုံးလက်ရာဟု ယူဆထားသည့် ကျောက်သားပေါင်း မိုးခုံးအား အုမိုင်ယဒ်မင်းဆက် ခလီဖဟ် အဗ်ဒုလ် မာလစ်က် အိဗ်နု မရ်ဝါန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    ဂျေရုဆလင်ရှိ အတ်က်ဆွာ ၀တ်ကျောင်းတော်မှာ ကမ္ဘာ့အငြင်းပွားမှုအကြီးမားဆုံး နယ်မြေအတွင်း၌ တည်ရှိနေသည်။ လူတို့သည် ၎င်းအား ထိန်းချုပ်ရေးအတွက် နှစ်ထောင်ပေါင်းများစွာ အာသာငမ်းဖြစ်နေခဲ့ကြသည်ဟု ဆိုလျှင် လွန်မည်မထင်ပါချေ။

    မွတ်စ်လင်မ်တို့၏နှလုံးသားအတွင်း ၎င်းသည် ရင်နှစ်သည်းချာ နေရာတစ်ခုအဖြစ် တည်ရှိနေ၏။ ထိုနေရာမှာ တမန်တော်မြတ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ အစ္စရာ့အ်နှင့် မိအ်ရာ့ဂ်ျ ခရီးစဉ်အတွင်း ခရီးတစ်ထောက်နားခိုရာ ဖြစ်ခဲ့သည်။ လူ့သမိုင်းကြောင်း၌ အကြီးမြင့်ဆုံး အံ့ဘနန်းစုရုံးရာမြင်ကွင်းတစ်ရပ်လည်း ဖြစ်တည်ခဲ့သည်။ အကြောင်းကား လောကတစ်ခွင် ပွင့်ပေါ်ခဲ့သည့် စေတမန်တော်အပေါင်းသည် ထိုနေရာဝယ် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ နောက်မှ စုံညီစုပေါင်း ၀တ်ပြုခဲ့သောကြောင့် ဖြစ်ပေသည်။

    သို့တိုင် ယင်း မတ်စ်ဂျိဒ် အတ်က်ဆွာနှင့်စပ်လျဉ်း၍ ယနေ့တိုင် လူသိနည်းသောအချက်များ ရှိနေပါသေး၏။

    ၁။ ၎င်းသည် ဗလီဝတ်ကျောင်း တစ်လုံးတည်းသာရှိသည့် အဆောက်အဦ မဟုတ်
    ————————————————————-
    ကျွန်ုပ်တို့မှ မတ်စ်ဂျိဒ် အတ်က်ဆွာဟု သိရှိကြသော ရပ်ဝန်းပေါ်တွင် မျိုးတူဗလီများစွာ ရှိနေပါ၏။ ၀တ်ကျောင်းတော်ကြီး၏ တောင်ဖက်စွန်းထောင့်ဖက်ရှိ အဆောက်အဦကို ကျွန်ုပ်တို့မှ မတ်စ်ဂျိဒ် အတ်က်ဆွာဟု ထင်မှတ်လျက်ရှိသည်။ စင်စစ်မှာမူ ၎င်းမှာ ကစ်ဗ်လီ ၀တ်ကျောင်းတော် ဖြစ်၏။ ကစ်ဗ်လဟ်မျက်နှာမူရာ အရပ်နှင့် အနီးဆုံးဖြစ်၍ ယင်းသို့ ခေါ်ဆိုခြင်းပင်။ ထိုတောင်ကုန်း တစ်ခုလုံးသည်ပင် မတ်စ်ဂျိဒ် အတ်က်ဆွာ ဖြစ်ပါသည်။ ရှုပ်ထွေးမှုကင်းစေရေး အတွက် ရံဖန်ရံခါ ဟရာမုလ် ရှရီးဖ် ဟု ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။  သို့သော် ယင်းရပ်ဝန်းပေါ်တွင် အခြားဝတ်ကျောင်းတော်များလည်း တည်ရှိနေပြီး   သမိုင်းဝင်ဖြစ်ရပ်များနှင့် ဆက်နွှယ်လျက်ရှိပြန်သည်။ ဥပမာ – ဗုရာ့က်ဗလီ၊ မရ်ဝါနီဗလီ စသည်များ။

    ၂။ ၎င်းသည် သင်္ချိုင်းမြေပြင် ဖြစ်သည်
    —————————————-
    တမန်တော်များ၊ တမန်တော်မြတ် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)၏ နောက်လိုက်သာဝကတော်များ အရေအတွက် မည်မျှအထိ ထိုနေရာ၌ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများ မရှိသော်လည်း အများအပြားမြုပ်နှံခဲ့သည်မှာ အသေအချာပင်။ ဥပမာ – တမန်တော် စုလိုင်မာန်(ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ)အား ထိုနေရာ၌ မြုပ်နှံခဲ့ခြင်း ဖြစ်နိုင်ချေများ၏။ အကြောင်းသော် တမန်တော် တစ်ပါးပါး ကွယ်လွန်လျှင် ကွယ်လွန်သည့်နေရာ၌ မြုပ်နှံရစမြဲသာဖြစ်သည်။ ထို့ပြင် တမန်တော်မြတ် (ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)သည်လည်း အလားတူပင် ညွှန်ကြားခဲ့ကြောင်း ဟဒီးဆ်တော်များတွင် တွေ့ရသည်။

    ၃။ တစ်ချိန်က အမှိုက်များစွန့်ပစ်သည့်နေရာ ဖြစ်ခဲ့သည်
    —————————————————–
    မြို့တော်အတွင်း ဂျူးလူမျိုး တစ်ဦးတစ်လေမျှ နေထိုင်ခွင့် မရခဲ့စဉ်ကာလက ဒေသခံရောမလူမျိုးတို့သည် ၎င်းဝတ်ကျောင်းတည်ရာ တစ်ဝိုက်ကို အမှိုက်များ စွန့်ပစ်သည့် နေရာအဖြစ် အဓိက အသုံးပြုခဲ့ကြသည်။ အုမရ်(ရဿွိ)မှ မြို့တော်အား ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးလိုက်သည့်အခါ သူကိုယ်တိုင် မိမိ၏လက်ဗလာဖြင့် အမှိုက်သရိုက်များအား ရှင်းလင်းပေးခဲ့သည်။ သို့သာမက  သူသည် ဂျူးတို့အား ရာစုများစွာ နယ်နှင်ထားမှုကို ရုပ်သိမ်းစေပြီး အနီးအနားရှိ အပယ်ခံရွာမှ မိသားစုပေါင်း (၇၀)ကို မြို့ထဲ ပြန်နေရန် ဖိတ်ကြားကာ တန်းတူညီမျှအခွင့်အရေး ပြန်လည်ရရှိအောင် ဖော်ဆောင်ပေးခဲ့သည်။

    ၄။ အိမာမ် အလ် ဃဇာလီမှ သူ၏ပြိုင်စံရှား ကျမ်းဂန် ရေးသားခဲ့သောနေရာ
    —————————————————————————–
    အစ္စလာမ့်စာပေ၌ အကျော်ကြားဆုံး ကျမ်းတစ်စောင်ဖြစ်သည့် အိဟ်ယာ အုလူးမုဒ် ဒီးန် ကျမ်းကြီးကို အစ္စလာမ့်မဟာ ပညာရှင် အိမာမ် အဗူ ဟာမစ်ဒ် အလ် ဃဇာလီမှ ရေးသားခဲ့သည်။ ကုရ်အာန်နှင့် ဟဒီးဆ် သွန်သင်မှုများအပေါ် အခြေခံ၍ လူ့စိတ်သဘောကို နက်ရှိုင်းစွာ ထိုးထွင်းထုတ်ဖော် တင်ပြနိုင်သည့် အရည်အသွေးကြောင့် မဇ်ဟဗ်(အစ္စလာမ့်ဥပဒေရေးရာ အတွေးအမြင်လမ်းကြောင်း)အားလုံးမှ ကြည်ညိုလေးစားခံရသူ ဖြစ်သည်။ လူတို့မှ လုံးဝနီးပါး မသိရှိကြသည်မှာ အလ် ဃဇာလီသည် မတ်စ်ဂျိဒုလ် အတ်က်ဆွာ၌ ကာလ တစ်ရပ်အထိ နေထိုင်ပြီး ထိုကျမ်းကို ရေးသားခဲ့သည့်အကြောင်းပင်။ သူနေထိုင်ခဲ့သည့် အခန်းဟောင်းနေရာကို ၀တ်ကျောင်းတော်ရှိ အဆောက်အဦတစ်ခုတွင် ထင်ရှားစွာ တွေ့ရဆဲဖြစ်သည်။

    ၅။ မြင်းဇောင်း၊ နန်းတော်၊ ကွပ်မျက် ခန်းမဆောင်များ အဖြစ် အသုံးပြုခဲ့ခြင်း
    ——————————————————————-
    ပထမ ခရူးဆိတ်စစ်သည်များမှ ဂျေရုဆလင်ကို သိမ်းပိုက်သောအခါ မွတ်စ်လင်မ်ဦးရေ အများစုသည် အတ်က်ဆွာ ၀တ်ကျောင်းတော်အတွင်း ပိတ်မိနေခဲ့သည်။ ပိတ်မိနေသူများအနက် လူပေါင်း ခုနစ်သောင်းခန့် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ ၎င်းနောက် ကစ်ဗ်လီ ၀တ်ကျောင်းတော်ကို နန်းတော်အဖြစ် ပြောင်းလဲခဲ့သည်။ ကျောက်သားပေါင်းမိုးခုံးအား ၀တ်ပြုဆုတောင်း ခန်းမအဖြစ် အသွင်ပြောင်းခဲ့သည်။ မြေအောက်ခန်းမများကို မြင်းဇောင်း အဖြစ် ပုံပြောင်းခဲ့သည်။ လက်မွန်မဆွ စုပြုံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သည့် မွတ်စ်လင်မ်တို့သည်လည်း နောက်ပိုင်းတွင် ၀တ်ကျောင်းတော်၏ဗဟိုအနီး ကားစင်တင် ကွပ်မျက်ခံရသည်။ ယင်းတစ်ခုတည်းသော လက်ဝါးကပ်တိုင်(ကားစင်)ကို ဆွလာဟုဒ္ဒီးန် မှ ရိုက်ချိုးခဲ့သည်။ ယင်းကားစင်၏ အောက်ခြေကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

    ၆။ ဒဏ္ဍာရီဆန်သော ဓမ္မပလ္လင်တစ်ခု ရှိခဲ့သည်
    ————————————————
    အစ္စလာမ့်သမိုင်းမှ သူရဲကောင်းကြီး တစ်ဦးဖြစ်သည့် နူးရုဒ္ဒီးန် ဇင်ကီသည် ခရူးဆိတ် စစ်ဆင်သူများထံမှ အတ်က်ဆွာဝတ်ကျောင်းအား အဆုံးသတ်ပြန်လည် ရယူနိုင်သောအခါ မတ်စ်ဂျစ်ဒ် အတွင်း ထည့်သွင်းရန် ပြုလုပ်ခဲ့သော ဓမ္မပလ္လင်တစ်ခု ရှိခဲ့သည်။ ဤပလ္လင်မှာ တင့်တယ်ထယ်ဝါသည်သာမက ၎င်းကို ကော်တစ်စက် သံတစ်ချောင်း အသုံးမပြုဘဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၀မ်းနည်းစရာကောင်းသည်မှာ နူးရုဒ္ဒီးန်သည် အောင်ပွဲကို မြင်တွေ့ရသည်အထိ အသက်မရှည်ခဲ့ချေ။ သို့သော် သူ့အားဆက်ခံသော ဆွလာဟုဒ္ဒီးန်က ဆရာဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့သည်။ အစ္စလာမ့်သမိုင်းတွင် ဂျေရုဆလင်အား ဒုတိယအကြိမ်မြောက် လွတ်လပ်နယ်မြေဖြစ်စေခဲ့ပြီးချိန်၌ ယင်းဓမ္မပလ္လင်ကို ထည့်သွင်းခဲ့၏။ ၎င်းသည် ပန်းပု၊ ပန်းတည်းပညာရှင်များအကြား ယနေ့တိုင်အောင် ပြောစမှတ်ပြုရသည့် လက်ရာဖြစ်ခဲ့သည်။  ကံဆိုးလှစွာဖြင့် ဤဓမ္မပလ္လင်သည် (၁၉၆၉) ခုနှစ်တွင် သြစတေးလျနိုင်ငံသား ဇီယွန်ဝါဒီတစ်ဦး၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရသည်။

    ၇။ မူလပုံဟန်ပျောက်သွားသော ကျောက်သားပေါင်းမိုးခုံး
    ————————————————————–
    အစ္စလာမ့်သမိုင်းတွင် ပထမဦးဆုံးလက်ရာဟု ယူဆထားသည့် ကျောက်သားပေါင်းမိုးခုံးအား အုမိုင်ယဒ်မင်းဆက် ခလီဖဟ် အဗ်ဒုလ် မာလစ်က် အိဗ်နု မရ်ဝါန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လက်ဦးပထမတွင် သစ်သားအခံ
    ကြေးနီ၊ ခဲသတ္ထု သို့မဟုတ် ကြွေထည်အဖုံးဖြင့် တည်ဆောက်ခဲ့သည်။ သို့သော် နှစ်တစ်ထောင်နီးပါး ကြာမြင့်ပြီးနောက် အော်တိုမန် ခလီဖဟ် စုလိုင်မာန်လက်ထက်တွင် ပေါင်းမိုးကို တောက်ပသည့်ရွှေရောင်တင်၍ အဆောက်အဦမျက်နှာစာကို အော်တိုမန်လက်ရာကြွေပြားများဖြင့် ဆင်ယင်လိုက်လေသည်။

    ၈။ ပြာပုံဘ၀ ရောက်ခဲ့ဖူးသည်
    ——————————-
    (၁၉၆၇)ခုနှစ်တွင် ဂျေရုဆလင်သည် မွတ်စ်လင်မ်တို့၏လက်မှ တတိယအကြိမ် လွတ်ထွက်သွားပြန်ပြီး အစ္စရေးတို့၏ထိန်းချုပ်မှုအောက် ရောက်ရှိသွားသည်။ ကျူးကျော်အောင်နိုင်သော အစ္စရေးစစ်သားတို့က ၎င်းတို့၏အလံကို ပေါင်းမိုးခုံးပေါ် လွှင့်တင်ခဲ့ကြသည်။ မတ်စ်ဂျိဒုလ် အတ်က်ဆွာအား ပြောင်ပြောင်တင်းတင်း ထိန်းချုပ်ထားခြင်းဖြင့် မွတ်စ်လင်မ်ကမ္ဘာအား မပြတ်တမ်း အမျက်ထွက်အောင် ဆွပေးရာရောက်နေမည်ကို အစ္စရေးအကြီးအကဲများက သိနားလည်ခဲ့သည်။ မွတ်စ်လင်မ်တို့အား အမျက်ဖြေ၍ အာသာဆန္ဒလျော့ပါးသွားစေရန် ၎င်းတို့က သာသနာ့ဝတ္ထိကမြေ အတုအယောင်တစ်ခုကို အသုံးချခဲ့ကြသည်။ လက်တွေ့ အလုပ်ဖြစ်ခဲ့သည်။

    (၁၉၆၉)ခုနှစ်တွင် သြစတေးလျလူမျိုး ဇီယွန်ဝါဒီတစ်ဦးသည် နူးရုဒ္ဒီးန်၏ ဓမ္မပလ္လင်အား မီးရှို့ရာ မီးမငြိမ်းသတ်နိုင်တော့သဖြင့် ကစ်ဗ်လီ ဗလီတစ်ခုလုံးလည်း မီးလောင်ကျွမ်းသွားသည်။ ဆိုးသွမ်းပါသည်ဆိုသော ပါလက်စတိုင်းသားများသာ ရသည့်နည်းနှင့် မီးကို ငြိမ်းသတ်ခဲ့ကြ၏။ အွမ္မသ်ထုတစ်ရပ်လုံး အတွက် ရှက်ဖွယ်လိလိ ဖြစ်ခဲ့ရသည်။

    ၎င်းနောက်တွင် ၀တ်ကျောင်းတော်ကို ပြန်လည်တည်ဆောက် မွမ်းမံခဲ့ကြသည်။ သို့သော် အစ္စလာမ်၏ တတိယမြောက် အမြင့်မြတ်ဆုံးနယ်မြေမှာ ယနေ့တိုင်အောင် စော်ကားခံနေရ၏။ ဗလီဝတ်ကျောင်းတစ်ခုလုံး၏အုတ်မြစ်များကို အစဖျောက်ဖျက်ထားခြင်း၊ ၀င်ရောက်လည်ပတ်ခွင့်မပြုခြင်း၊ ရှေးဟောင်းကျောင်းတော်အား ပြန်လည်တည်ဆောက်ရန် နေ့စဉ်နှင့်အမျှ ဒုက္ခပေးနေခြင်း စသည်တို့အား လက်ရှိကြုံဆုံနေရလေသည်။ မတ်စ်ဂျစ်ဒ် အလ် အတ်က်ဆွာကတော့ (လွတ်လပ်ခြင်းကို) မျှော်လင့်စောင့်စားနေဆဲ …………။

    ** မုဟမ္မဒ် ၀ါဂျစ်ဒ် အခ်သာရ် ၏ 8 Things You Didn’t Know about Masjid Al-Aqsa ကို မင်းထွဋ်ခေါင်မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့်  မွတ်စ်လင်မ့် အမွေအနှစ်မှ အားကစားများ

    နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့် မွတ်စ်လင်မ့် အမွေအနှစ်မှ အားကစားများ

    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media

    ပရော်ဖက်ဆာ စာလင်မ် အလ်ဟတ်ဆာနီက (Spring 2012 Runnymede Bulletin – Sport) မှာ “မွတ်စ်လင်မ့်အမွေအနှစ်မှ အားကစားများ”ဆိုပြီး ဆောင်းပါးတို တစ်ပုဒ် ရေးသားခဲ့တယ်။ ဥရောပမှာ အမှောင်ခေတ်ဖြစ်ဆဲအချိန် အစ္စလာမ်ကမ္ဘာမှာတော့ အနုပညာ၊ သိပ္ပံနဲ့ အားကစားကဏ္ဍမှာ ရွှေခေတ်ရောက်ရှိနေခဲ့ကြောင်း အဲ့ဒီထဲ တခုတ်တရ ထည့်ရေးထားပါတယ်။ ဒီကာလရှည်ကြီး အတွင်း ဂန္ထ၀င် အစ္စလာမ့်လောကထဲမှာ အရဗီလို ရိယာဇာ လို့ခေါ်တဲ့ အားကစား အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေခဲ့ပြီး ဒီအစဉ်အလာဟာ လက်ရှိ အချိန်ထိ ပျိုးထောင်စီးမျောလာခဲ့ပါတယ်။

    ဒါဟာ မွတ်စ်လင်မ်၊ တရုတ်နဲ့ အိန္ဒိယက ခရစ်သက္ကရာဇ် ၇၀၀ က ၁၇၀၀ ကာလ နှစ်တစ်ထောင်ဝန်းကျင် လူ့ယဉ်ကျေးမှုအတွင်း လူတို့မေ့လျော့ထားတဲ့ကိစ္စ တစ်ရပ် ဖြစ်နေတယ်။ ယနေ့ ကျွန်တော်တို့ရဲ့ပညာရေး စနစ်ဟာ အမှောင်ခေတ်၊ အလယ်ခေတ်က ဥရောပတိုက်ရဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သချာင်္ပညာရပ်တွေကို လျစ်လျူရှုပြီးသကာလ ရောမနဲ့ဂရိက ဥရောပပညာတန်ဆောင်ခေတ်ဆီ ခုန်ပေါက်ပြီး ကြည့်နေကြတယ်။ ဥရောပယဉ်ကျေးမှုတစ်ဖက်မှာ ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေ၊ တီထွင်ချက်တွေကို ဥပေက္ခာပြုထားကြပါတယ်။

     

    1000_Years_Amnesia
    ဇွတ်အတင်းမေ့ဖျောက်ခြင်းနှင့် မေ့လျော့အောင်ကြံဆောင်ခြင်း ပုံပြချက်

    ဒီလို လုပ်ဆောင်ချက်ကြောင့် ဥရောပလက္ခဏာထဲ အကဲလွန်အရှုပ်အထွေး၊ အခြားလက္ခဏာတွေထဲ အဆင့်လျှော့အရှုပ်အထွေးကို ကြီးမားစေသော ပြဿနာဖြစ်လာစေ ပါတယ်။ ဒီ ပုံပြချက်က ပြဿနာကို ရှင်းလင်းထားပြီး ဖြေရှင်းသင့်ပုံကိုပါ တင်ပြထားပါတယ်။ နှစ်ပေါင်း (၁၀၀၁)နှစ် လစ်ဟာမှုကို တွေ့ရမှာဖြစ်သလို အဲ့ဒီကွက်လပ်မှာ တရုတ်၊ ပါးရှန်း၊ အိန္ဒိယနဲ့ မွတ်စ်လင်မ့်ယဉ်ကျေးမှုတွေကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။

    ယဉ်ကျေးမှုချင်း အပြန်အလှန် ထိထိရောက်ရောက်လေးစားရေးနဲ့ လူမှုဆိုင်ရာသဟဇာတဖြစ်ရေးအတွက် အားကစား အပါအ၀င် သင်ကြားနေကြတဲ့ ဘာသာရပ်အားလုံးကို အခြားယဉ်ကျေးမှု အမွေအနှစ်များ၊ အထူးသဖြင့် မွတ်စ်လင်မ့်အမွေအနှစ်နဲ့ ဥရောပ ပညာတန်ဆောင်ခေတ် မရောက်မီ စပိန်က ယဉ်ကျေးမှုများထဲက အကျိုးပြုစွမ်းဆောင်ချက်တို့ကို တိုးမြှင့် ထည့်သွင်းသွားဖို့ လိုအပ်ပါတယ်။

    မွတ်စ်လင်မ့် ယဉ်ကျေးမှုထဲက အားကစားကဏ္ဍကို အထူးပြုဖော်ပြလိုပါတယ်။ မွတ်စ်လင်မ်တွေဟာ ရှေးခေတ် မွတ်စ်လင်မ်လောကကို သာမက အားကစား တိုးတက်ရေးမှာလည်း  ကြီးကြီးမားမား အကျိုးပြုခဲ့ပါတယ်။ ဥပမာအားဖြင့် ခရစ်ကက်အားကစားနည်းကို ဗြိတိသျှနည်းလမ်းအဖြစ် ကျွန်တော်တို့အားလုံး လက်ခံထားသော်လည်း တကယ်တော့် ဒီကစားနည်းဟာ ခရစ် (၇၀၀)ခုနှစ် အိန္ဒိယမြောက်ပိုင်းကနေ စတင်မြစ်ဖျားခံလာတာပါ။  အဲ့ဒီကနေတဆင့် ဗြိတိသျှတို့ မွေးယူလိုက်ရာမှ အနောက်တိုင်းဖက်မှာ ထိပ်တန်းအဆင့်အဖြစ် ရွေ့လျောသွားခဲ့ရတာပါ။ နောက်တစ်ခုကတော့ ပိုလိုကစားနည်းပါပဲ။ အဲ့ဒါက ပါးရှားပြည်နဲ့ အာဖဂန်နစ္စတန်က ရှေးဟောင်းကစားနည်းတစ်ခုဖြစ်တယ်။ မွတ်စ်လင်မ်တွေဟာ အဲ့ဒီအားကစားနည်းကို အလွန်နှစ်သက်ခဲ့ကြတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်ခဲ့ကြကြောင်း မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

    Ruqaya_Al-Gassra
    (၂၀၀၆)ခုနှစ် ဒိုဟာတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာရှအားကစား ပွဲတော်တွင် မီတာ(၂၀၀) တာတိုပြေးပွဲ၌ ဗိုလ်စွဲပြီး ရွှေတံဆိပ်ရခဲ့သူ Ruqaya al-Ghasara ။ မီတာ ၁၀၀ နှင့် ၂၀၀ တွင် ဗိုလ်စွဲခဲ့သည်။

    တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမှုခညောင်းပါစေ)လည်း အားကစားကို နှစ်သက်မြတ်နိုးတော်မူခဲ့တယ်။ တမန်တော်မြတ်ရဲ့ဖြစ်စဉ်/ဓလေ့/သြ၀ါဒ (ဟဒီးဆ်) မှတ်တမ်းမှာ ကိုယ်တော်ဟာ မိမိကြင်ရာတော် အာအိယှဟ်နဲ့ အပြေးပြိုင်ခြင်းကို ဖော်ပြထားတယ်။ ပထမအကြိမ်မှာ အာအိယှဉ် အနိုင်ရပြီး ဒုတိယအကျော့မှာ ကိုယ်တော်မြတ်က အနိုင်ရခဲ့တယ်လို့ တွေ့ရပါမယ်။ ထို့အတူ ကိုယ်တော်မြတ်ဟာ ကလေးငယ်များကို ရေကူး၊ မြင်းစီး၊ လေးမြား အတတ် သင်ကြားပေးဖို့ မိဘတွေကို တိုက်တွ န်းအားပေးတော်မူခဲ့တယ်။

    အားကစားကို အရဗီလို ရိယာဇဟ် လို့ခေါ်ပါတယ်။ ထူးခြားမှုတစ်ခုကတော့ သင်္ချာပညာနဲ့ ဆူဖီတို့ရဲ့နာမ်ပိုင်းလေ့ကျင့်ခန်းကိုလည်း ဒီစကားလုံးကို အသုံးပြုတာပါပဲ။ မွတ်စ်လင်မ့်အမွေအနှစ်က အားကစားဟာ ခန္ဓာ၊ အသိဥာဏ်နဲ့ စိတ်ကို လေ့ကျင့်ခြင်းနဲ့ တွဲထားပါတယ်။ အားကစားရဲ့သဘောသဘာဝဟာ ရိုးသားမျှတမှု၊ ယုံကြည်စိတ်ချမှု၊ သဘောထားကြီးဦးစားပေးမှုကဲ့သို့သော ရုပ်ပိုင်းနာမ်ပိုင်း စံပြအပြုအမူတို့နဲ့ ဆက်နွယ်နေပါတယ်။ စပိန်၊ စစ္စလီ၊ အစ္စတန်ဘူ(ကွန်စတန်တီနိုပယ်)နဲ့ အခြားကမ္ဘာ့ဒေသများကို မွတ်စ်လင်မ်တို့ ရောက်ချိန်တုန်းက ပါဝင်သူတွေကို အန္တရာယ်ဖြစ်စေသော သက်စွန့်ထိုးသတ်ပွဲနဲ့ အလားတူကစားနည်းဖြစ်တဲ့ အားကစားအားလုံးကို ပိတ်ပင်ထားကြတယ်။ အဲ့ဒီအချိန်က မွတ်စ်လင်မ်တွေအနေနဲ့ အလဲထိုးစနစ်သာ မတင်ပြခဲ့ကြရင် လက်ဝှေ့အားကစား ဖြစ်လာမှာ မဟုတ်ပါဘူး။

    လက်ရှိကာလမှာ အိုလံပစ်ပွဲတော်အတွင်း မွတ်စ်လင်မ်ကမ္ဘာက အားကစားသမား၊ အားကစားမယ်တွေ တအုံတကျင်း ၀င်ပြိုင်တာကို လက်ရှိမှာ ကျွန်တော်တို့ သတိထားမိကြပါပြီ။ အမျိုးသမီးယှဉ်ပြိုင်သူရာခိုင်နှုန်း မြင့်မားမှုက စိတ်ဝင်စားစရာ တစ်ခုပါပဲ။ အလားတူစွာ လူတွေစိတ်ဝင်စားကြတာက မွတ်စ်လင်မ်အမျိုးသမီးတွေ ဟိဂျာ့ဗ်ဝတ်စုံနဲ့ ပြိုင်ပွဲဝင်လာကြတာပဲ ဖြစ်ပါတယ်။ ဟိဂျာ့ဗ် ဆိုတာ အစ္စလာမ့်ဥပဒေ(ရှရီအဟ်)နဲ့အညီ မျက်နှာနဲ့လက်ကိုသာ ဖွင့်ဖော်ထားရတဲ့ အမျိုးသမီးဆိုင်ရာ ၀တ်စားဆင်ယင်မှုပါ။ (၂၀၀၈)ခုနှစ်မှာ ဘာရိန်းသူ Ruqaya al-Ghasara က မီတာ ၁၀၀နဲ့ ၂၀၀ တာတိုပြေးပွဲမှာ ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တယ်။ သူမရဲ့ တစ်ကိုယ်လုံး လုံခြုံစွာ ဆင်ယင်ပြီး ပြိုင်ပွဲဝင်ခဲ့ပုံက ကမ္ဘာကို အံ့အားသင့်သွားစေခဲ့တယ်လေ။

     

    Muslim Heritage တွင် ဖော်ပြထားသည့် “A 1000 Years Amnesia: Sports in Muslim Heritage” ဆောင်းပါးကို မင်းထွဋ်ခေါင် ပြန်ဆိုရေးသားသည်။

  • အမေရိကန် ကျူးကျော်စစ်ကြောင့် ပျက်ဆီးခဲ့သည် အီရတ် အမျိုးသားပြတိုက် ပြန်လည် ဖွင့်လှစ်တော့မည်

    ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄
    M-Media
    800px-national-museum-iraq
    – ၂၀၀၃ ခုနှစ်က အမေရိကန်တို့ ကျူးကျော်တိုက်ခိုက်မှုအတွင်းအဆောက်အဦး အစိတ်အပိုင်းအချို့ ပျက်ဆီးသွားခဲ့ပြီးနောက် ပိတ်ထားခဲ့ရသည့် အီရတ်အမျိုးသားပြတိုက်အား လာမည့်ဧပြီလတွင် ပြန်လည် ဖွင်လှစ်တော့မည်ဟု အဆိုပါ ပြတိုက်၏ ဒါရိုက်တာဖြစ်သူက ဖေဖော်ဝါရီ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    “ဒီပြတိုက် ပြန်လည်ပြင်ဆင်မှုကို အီတလီကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်” ဟု ဒါရိုက်တာ ကွာအစ် ရရှစ်ဒ်က တူရကီ သတင်းဌာန Anadolu Agency သို့ ပြောကြားခဲ့သည်။ ထို့ပြင် စီစဉ်ထားသော ပြင်ဆင်မှုများ၏ နောက်ဆုံး အဆင့်မှာ ပြတိုက်၏ ၀င်ပေါက် အသစ်ဖြစ်ကြောင်း၊ လာမည့် ဧပြီလတွင် အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    စစ်ပွဲအတွင်း ပြတိုက်ရှိပစ္စည်းအချို့မှာလည်း ခိုးယူခြင်းခံခဲ့ရပြီး ထိုပြတိုက် ပြန်လည်ဖွင့်လှစ်မည်ဆိုသော သတင်းနှင့် ပတ်သက်၍ ရှေးဟောင်း သုသေသနပညာရှင် အဒီလ် အလ်-အက်ဇာဝီက  “၂၀၀၃ ခုနှစ်က ဖောက်ထွင်းဖျက်ဆီးခံခဲ့ရတဲ့ ဒီပြတိုက်ကြီး ပြန်ဖွင့်တော့မယ် ဆိုတာဟာ အီရတ်ရဲ့ယဉ်ကျေးမှု စာမျက်နှာ အတွက် သတင်းကောင်းပါပဲ” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုပြတိုက်တွင် နိုင်ငံ၏ ရှေးဟောင်း ပစ္စည်းများအားလုံး ပါဝင်တော့မည် မဟုတ်ဟု ထောက်ပြခဲ့ပြီး၊ အီရတ်နိုင်ငံ တစ်ဝှမ်းရှိ ပြည်နယ်များတွင် ထိုကဲ့သို့ ပြတိုက်များ တည်ဆောက်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

    ဘဂ္ဂဒတ်မြို့အရှေ့ဘက် Al-Salihiya ဒေသတွင် တည်ရှိသည့် အဆိုပါ အီရတ် အမျိုးသားပြတိုက်အား ၁၉၂၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အသေးစိတ် စနစ်တကျ တည်ဆောက်ခဲ့သည့် အဆိုပါပြတိုက်တွင် သမိုင်းခေတ် အလိုက်ပြသသည့် ပြခန်းပေါင်း ၁၈ ခုပါဝင်ပြီး၊ သမိုင်း မတိုင်မီက ပစ္စည်းများ အပါအ၀င် ရှေးဟောင်း အနုပညာ လက်ရာပေါင်း ၂ သိန်းခန့် ပြသထားခဲ့သည်။

    Ref : World Bulletin

  • ယဉ်ကျေးမှု ” စစ်စစ် ” ဆိုတာကို ခြေရာကောက်ခြင်း

    ယဉ်ကျေးမှု ” စစ်စစ် ” ဆိုတာကို ခြေရာကောက်ခြင်း

    အောက်တိုဘာ၊ ၇၊ ၂၀၁၂

    မူရင်း ရေးသားသူ  Spring Flowers

        များသောအားဖြင့် လူမျိုးတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု ၊ ဓလေ့တွေကို အနည်းနဲ့ အများ စောင့်ထိန်းဂုဏ်ယူတတ်တဲ့ အလေ့ရှိတတ်ကြတယ် ။ တရားဟောမလို့ မဟုတ်ရပါဘူး ။ ဒါက မဖြစ်မနေ ပြောမှဖြစ်မယ့် နိဒါန်းမို့လို့ ပါ ။

    •               ပြင်သစ်ဆိုရင်လည်း သူတို့ ပြင်သစ်စကားပြောတဲ့ လူမှ လူရာဝင်သလိုလို ၊ အီတလီတွေကျတော့လည်း သူတို့ အစားအစာသည်သာ ကမ္ဘာ့အကောင်းဆုံး အစာလိုလို  ဂုဏ်ယူတတ်ကြသတဲ့ ။ အမေရိကန်တွေကျတော့လည်း အမေရိကန်ဆန်ခြင်းဆိုတဲ့  Americanism  ဆိုတာကို သိပ်တန်ဖိုးထားတတ်ကြတယ်လို့ ကြားဖူးတယ်  ။ အဲဒါ အပြစ်လို့ ဘယ်သူပြောတုန်း ။ ဘယ်လူမျိုးမဆို ကိုယ့်ယဉ်ကျေးမှုကို အနည်းနဲ့ အများ ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့စိတ်  ရှိတာ သဘာဝ မဟုတ်လား  ။ တို့မြန်မာလူမျိုးတွေထဲမှာလည်း  မြန်မာယဉ်ကျေးမှုဆိုတာကို ကောင်းကောင်းမွန်မွန် စောင့်ထိန်း ဂုဏ်ယူတတ်ကြတဲ့သူတွေ ရှိတာဘဲ ။  ကိုယ့်ရိုးရာယဉ်ကျေးမှုကို စောင့်ထိန်းခြင်းအားဖြင့် ကောင်းတဲ့ အကျိုးဆက်တွေ အများကြီးရှိတာကို အကျယ်ချဲ့ပြောစရာ မလိုပါဘူးနော် ။
    •                     ဒါပေမယ့် တဖက်ကလည်း မျက်စိမှိတ်ပြီး  ” ငါတို့ ယဉ်ကျေးမှု စစ်စစ်ကွ ”  လို့ အော်နေတာတွေ့ရင် ပြောစရာလေးတွေ ပေါ်ပေါ်လာတယ် ။ အထူးသဖြင့်   အဲဒီ   ယဉ်ကျေးမှု  ” စစ်စစ် ”  ဆိုတဲ့ စကားကို လက်ကိုင်သုံးပြီး ရုပ်တည်ကြီးနဲ့ မုန့်တီစားနေသူများ နည်းနည်းလေး ပြုံးသွားရအောင် လျှာအနည်းငယ် ရှည်ခွင့်ပြုပါကွယ် ။

     

    •                    ၀ိနည်းလွတ်အောင် အမေရိကန်လူမျိုးကိုဘဲ ဥပမာထားပြီး ပြောချင်ပါတယ် ။ အမေရိကန်ဆန်ခြင်းဆိုတာကို ရာနှုန်းပြည့်  ဂုဏ်ယူတတ်တဲ့ အမေရိကန်ကြီးတစ်ယောက် ရှိတယ်ဘဲ ထားလိုက်ပါစို့ ။  သူနေ့စဉ်သုံးနေရတဲ့ အရာတွေဟာ အရင်းစစ်ရင် တစ်ခုမှ အမေရိကန်မဆန်ဘူးဆိုရင်  သူဒေါကန်သွားမလား မသိ ။ ပြောနေကြာပါတယ် ….. စမ်းစစ်ကြည့်ရင်မကောင်းဘူးလား ။ ဒီတော့ ဦးအမေရိကန်ကြီး ညဘက် အိပ်ရာဝင်ရင် ၀တ်တဲ့ ည၀တ်အင်္ကျီ (  pajamas )  က စပြောရအောင် …….။

     

    •                     pajamas ဆိုတဲ့ စကားကိုက ပါရှန်းစကားလုံးဖြစ်ပြီး ခြေ၀တ်တန်ဆာ leg garment လို့ အဓိပ္ပါယ် ရသတဲ့ ။ တောင်အာရှကို အင်္ဂလိပ်ကိုလိုနီတွေ ရောက်လာပြီးတဲ့နောက် အဲဒီ pajamas ၀တ်တဲ့ ဓလေ့ဟာ အနောက်ကမ္ဘာကိုလည်း တဖြည်းဖြည်း ပြန့်သွားခဲ့တယ်လို့ ဆိုတယ် ။
    Pajamas ၀တ် ပါကစ်စတန် အမျိုးသမီး ( ၁၈၇၀ )
    •                    ည၀တ်အင်္ကျီဝတ်ပြီး သကာလ ဦးအမေရိကန်ကြီးဟာ အိပ်မယ်ဆိုပြီး ကုတင်ပေါ်တက်သွားသတဲ့ ။ ကုတင်ဆိုတဲ့ ( bed ) ကိုလည်း ပါရှန်းလူမျိုးတွေက စသုံးခဲ့တယ်လို့ ယူဆကြတယ် ။ အဲ….ကုတင်ဆိုတဲ့ စကားကို ပထမဆုံး စာထဲမှာ ပုံဖော်ထားတာက ခရစ်တော် မပေါ်မီ နှစ် ၈၀၀ လောက်က ရေးစပ်ခဲ့တဲ့ နာမည်ကြီး ဂရိကဗျာ Odyssey ထဲမှာ ဖြစ်ပါသတဲ့ ။ နည်းနည်းနောနော ရှေးကျတဲ့ အချိန် မဟုတ်ဘူးနော် ။

     

    •                    အမေရိကန်ကြီးဟာ အလုပ်သွားတဲ့အခါ ၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ၊ ဒါမှမဟုတ်လည်း မိသားစုနဲ့ ပျော်ပွဲစားသွားတဲ့အခါ ဒူးနေရာ ဒူး ၊ တော်နေရာတော် ၀တ်စားသွားရတာပေါ့နော် ။ အဲလို သူနေ့စဉ် ၀တ်နေတဲ့ အ၀တ်အစားတွေကို ထုတ်လုပ်ရာမှာ မပါမဖြစ်တဲ့ ၀ါဂွမ်း ( cotton )  ကို ပထမဆုံးစိုက်ပျိုးတဲ့ နေရာကတော့ အမေရိကန် မဟုတ်ဘဲ  အခုလက်ရှိ အနောက်ပါကစ္စတန်ရှိတဲ့ နေရာပါတဲ့  ။
    •                     ရာသီဥတု ပူလာပြီဆိုရင်  ဦလေးကြီးဟာ လီနင် ( linen )  အစ အေးအေးလေးနဲ့ ချုပ်တဲ့ အင်္ကျီကို ၀တ်တတ်သတဲ့ ။ ဒါပေမယ့် အဲဒီ လီနင်စကို လွန်ခဲ့တဲ့ နှစ်ပေါင်း  ၄၀၀၀ လောက်က အီဂျစ်မှာ စသုံးခဲ့တာဆိုတာ သူ သတိမထားမိဘူး ။ ရှေးအီဂျစ်လူမျိုးတွေဟာ ရာသီဥတုပူလွန်းတာကြောင့် အဖြူရောင် လီနင်စကို ၀တ်လေ့ရှိပြီး သေသူတွေကို မံမီလုပ်ရာမှာလည်း လီနင်စကိုဘဲ သုံးလေ့ရှိသတဲ့ ။

     

    •                    အမေရိကန်ကြီးဟာ ရာသီဥတုလေး အေးလာတော့ သိုးမွေးအနွေးထည်ကလေး ကောက်စွပ်ပြီး မီးလင်းဖိုရှေ့မှာ စာအုပ်ကလေးနဲ့ ငြိမ့်ပြန်တယ်။ ခုခေတ်မှာ အမွေးရအောင် မွေးထားတဲ့ သိုးဆိုတဲ့ သတ္တ၀ါကတော့ ဥရောပနဲ့ အာရှတစ်ဝိုက်မှာ နေတဲ့ mouflon ဆိုတဲ့ အကောင်ကဆင်းသက်လာတယ်လို့ ဆိုတယ် ။ အမွေးထူတဲ့ အဲဒီ mouflon  သိုးတွေမွေးမြူရေးကို ဥရောပမှာ စလုပ်တာ ခရစ်တော်မပေါ်မီ နှစ် ၄၀၀၀ လောက်ကပါတဲ့ ။

    •                     ခရစ်တော်မပေါ်မီ ဘီစီ ၁၅၀၀ လောက်က သဘ၀အလျှောက် မံမီဖြစ်သွားခဲ့တဲ့ ဒိန်းမတ်လူမျိုးတစ်ယောက်ရဲ့ အလောင်းပေါ်မှာ သိုးမွေးအ၀တ်တခုရဲ့ အကြွင်းအကျန်ကို တွေ့ရဖူးသတဲ့ ။ ဒါဟာ ဥရောပမှာ ရှေးအကျဆုံး သိုးမွေးအ၀တ်အစားတစ်ခုဆိုရင် မမှားပါဘူး ။
    Bog body သို့မဟုတ် Bog people လို့ ခေါ်တဲ့ သဘာဝအလျှောက် မံမီဖြစ်သွားတဲ့ အလောင်းများ ။
    Bog body တစ်ခုရဲ့ မျက်နှာ ( ဘီစီ ၄ ရာစု )
    •                      ဒီလိုနဲ့  အမေရိကန်ကြီးဟာဟာ ပွဲလမ်းသဘင်တွေကျတော့ ပိုးထည်ရှပ်ကလေး ၊ ဒါမှမဟုတ်လည်း ပိုးနဲ့ လုပ်တဲ့ နက်ကတိုင်လေးကို ရှိုးကျကျ ၀တ်သွားပြန်တယ် ။   ပိုး  ( silk ) ဆိုတာဟာ တရုတ်ပြည်မှာ စပြီး ပေါ်ခဲ့တယ်ဆိုတာ အထူးပြောဖို့မလိုပါဘူးနော်  ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၂၇၀၀ လောက်က စသုံးခဲ့တာဆိုတော့ အခုဆို ပိုးထည်လုပ်ငန်း ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၄၇၀၀  ကျော်လောက် ရှိပြီပေါ့ ။

     

    •                      အဲဒီ လီနင်သား ၊ ၀ါဂွမ်း…စတာတွေကို အ၀တ်အထည်ဖြစ်အောင် ရက်လုပ်တဲ့ နည်းကတော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ငါးထောင်လောက်ကတည်းက အီဂျစ်မှာ ရှိနေပြီတဲ့ ။

     

    အီဂျစ်ရှေးဟောင်း အုတ်ဂူတစ်ခုပေါ်မှ အ၀တ်အထည် ရက်လုပ်နေပုံ ပန်းချီ
    •                    နှင်းတွေကျလို့ ရာသီဥတုခိုက်ခိုက်တုန်တဲ့ အချိန်တွေမှာ သူဟာ ဘဲငန်းအမွေးထည့်ပြီး ချုပ်ထားတဲ့ စောင် ( eiderdown quilt )  ကလေးနဲ့ အိပ်ရာထဲမှာ ကွေးနေတတ်တယ် ။ အဲဒီ စောင်မျိုးကတော့ ဆွီဒင် ၊ ဖင်လန် ၊ နော်ဝေးစတဲ့ အသေအေးတဲ့ နိုင်ငံတွေရှိရာ စကန်ဒီနေးဗီးယား ဒေသမှာ စတီထွင်ခဲ့တာပါ ။

    •                       မိုးလင်းလို့ နိုးလာတော့ သူနာရီကို လှမ်းကြည့်မိတယ်……. ရှေးဦးပေါ်ပေါက်ခဲ့တဲ့ နေနာရီတို့ သဲနာရီတို့ကို အီဂျစ်တွေ ၊ ဘေဘီလုံလူမျိုးတွေက သုံးခဲ့တယ်လို့ ဆိုတယ် ။ အဲဒီနောက်  ဥရောပအလယ်ခေတ်လို့ခေါ်တဲ့ ၅ ရာစုနဲ့  ၁၅ ရာစုကြားမှာ နာရီရဲ့ ပုံစံဟာ အတော်ကြီး ခေတ်မှီပြောင်းလဲတိုးတက်လာခဲ့သတဲ့ ။

     

    •                        ဒီလိုနဲ့ အမေရိကန်ကြီးဟာ အိပ်ရာက ထလာပြီး ခန်းနားကြီးကျယ်တဲ့ ရေချိုးခန်းထဲ ၀င်သွားတယ် ။ အဲဒီရေချိုးခန်းကြီးထဲမှာ သုံးထားတဲ့ ပိုက်ဆက်စနစ် plumbing ဆိုတာ Indus ဆိုတဲ့ ဒေသမှာ ဘီစီ ၂၇၀၀ လောက်ကတည်းက ပေါ်နေပြီဆိုတာ သူမသိရှာဘူး ။ Indus Valley ဆိုတာ အခု ပါကစ္စတန် နဲ့ အိန္ဒိယဆက်နေတဲ့ နေရာနားတ၀ိုက်ပါ ။ အဲဒီမှာ Indus Valley Civilization ဆိုတာ ဘီစီ သုံးထောင်ကျော်လောက်က ပေါ်ခဲ့တယ် ။ အများပြည်သူအတွက်ဆောက်ထားတဲ့ ရေတွင်းရေကန်တွေအတွက် ရေစီးရေလာကောင်းအောင် ပိုက်ဆက်စနစ်ကို သုံးခဲ့သူများထဲမှာ တရုတ်တွေ ၊ ပါရှန်တွေ ၊ ရောမသားတွေ နဲ့ ဂရိတွေလည်း ပါသတဲ့ ။
    terracotta plumbing ခေါ် မြေပိုက်များ
    မိုက်သကွာ………..။ ရောမလူမျိုးများဆောက်ခဲ့သော Public Latrine ခေါ် အများသုံးအိမ်သာ ( နေရာ ….ယခင်က ဂရိ နှင့် ရိုမန်မြို့ အသီးသီးဖြစ်ခဲ့ရာ Ephesus မြို့ .ယခုခေတ် တူရကီနိုင်ငံ )
    •                         ရေချိုးခန်းမှာတပ်ထားတဲ့ မှန်ကရော ။ အဲဒါကိုတော့ မက်ဆိုပိုတေးမီးယားလို့ ခေါ်တဲ့ အရပ်မှာ ဘီစီ ၃၅၀၀ လောက်က စသုံးခဲ့တယ်လို့ ဆိုတယ် ။ မက်ဆိုပိုးတေးမီးယားဆိုတာ ခုခေတ် အီရန် ၊ အီရတ် ၊ ဆီးရီးယား ၊ တူရကီ စတဲ့နိုင်ငံတွေ နည်းနည်းစီ ပါဝင်တဲ့ အရပ်တစ်ခုဖြစ်တယ် ။ ရေချိုးခန်းမှာ ခင်ထားတဲ့ ကြွေပြားတွေနဲ့ ကြွေအစစ်တွေကိုတော့ တရုတ်ပြည်မှာ စတီထွင်ခဲ့တာပါ ။ ဖန်ကို ကြိုချက် ၊ အရောင်ထည့်ပြီး ပစ္စည်းပစ္စယတွေပေါ်မှာ ဆေးချယ်တဲ့အတတ်ပညာကတော့ ရှေးခေတ်အီဂျစ်တွေ တွေ့ရှိခဲ့တဲ့ အတတ်ပါတဲ့ ။
    Enameling ဟုခေါ်တဲ့ ဖန်ကို ကြိုချက် လိုရာအရောင်သွင်း ဆေးချယ်တဲ့ အတတ်

    •                       သူ စိန်ပြေနပြေ ရေစိမ်ချိုးတဲ့ ရေချိုးကန် bathtub က  Indus Valley ဒေသမှာ စသုံးခဲ့ပြီး  ရှေးအကျဆုံး ရေသုံး အိမ်သာ toilet ကို တွေ့ရှိခဲ့တဲ့ နေရတစ်ခုကတော့ စကော့တလန်နိုင်ငံက Skara Brae ဆိုတဲ့ ရှေးဟောင်းနေရာတစ်ခုမှာပါ ။ မွှေးကြိုင်ဆွတ်ပျံ့တဲ့ ရနံရှိတဲ့ ဆပ်ပြာမြုပ်ထဲမှာ စိမ်နေတဲ့  အမေရိကန်လူမျိုးကြီးဟာ ရှေးခေတ်အီဂျစ်တွေလည်း တိရစ္ဆန်ဆီ ၊ အပင်တွေကရတဲ့ အဆီတွေကိုသုံးပြီး ဆပ်ပြာအဖြစ် စသုံးခဲ့ကြတယ်ဆိုတာ သတိရချင်မှ ရမှာပါ ။ နောက်တော့ သူဟာ သွားတိုက်ပါလေရော ….သွားတိုက်ခြင်းအပြုအမူကတော့ ၁၈ ရာစုနှောင်းပိုင်းလောက်မှ ဥရောပကနေ အမေရိကကို ရောက်လာခဲ့တာပါ ။

     

    ( ခရစ်တော်မပေါ်မီ ) ဘီစီ ၁၃၀၀ ခန့်က ဂရိ ရေချိုးကန်
    အနှစ် ၂၀၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ရေချိုးကန် ( အီတလီတောင်ပိုင်း ပွန်ပေ Pompei မြို့ဟောင်းမှ )
    •                          ဂလိုနဲ့ ဦးအမေရိကန်ကြီးဟာ မုတ်ဆိတ်ရိတ်ပါတယ် ။ သူ  မတွေးမိတာတစ်ခုကတော့ မုတ်ဆိတ်ရိတ်ခြင်းဆိုတာ တချိန်တခါတုန်းက အီဂျစ်ပြည်က ဘာသာမဲ့အရည်းကြီးတွေ ကျင့်သုံးခဲ့ဖူးတဲ့ ဓလေ့တစ်ခုဆိုတာပါဘဲ ။ တစ်ခုရှိတာက အမေရိကန်ကြီး သုံးတဲ့ ဓါးဟာ စတီး ( သံနဲ့ ကာဘွန်ရောစပ်ထားတဲ့ ဒြပ် ) နဲ့လုပ်ထားပြီး ခေတ်မှီစွာ ပြောင်လက်ထက်ရှနေတာဆိုတော့ ရှေးအီဂျစ်ကြီးတွေ သုံးထက်တော့ ဓါးတွေထက်တော့ အများကြီး နာကျင်မှုကို လျော့နည်းစေတာပေါ့ ။ ရှေးအကျဆုံး စတီးနဲ့ လုပ်ထားတဲ့ ပစ္စည်းဟာ အနှစ် ၄၀၀၀ လောက်သက်တမ်းရှိပြီး  တွေ့တဲ့နေရာကတော့ Anotolia ဆိုတဲ့ အရပ်တဲ့ ။ ( ယခုခေတ် တူရကီနေရာ )

    (  စကားမစပ် တချိန်လုံး တူရကီ တူရကီဆိုလို့ မမေ့ခင် ထည့်ပြောချင်ပါတယ် ။ တူရကီဟာ ဂရိအင်ပါယာ ၊ ရောမအင်ပါယာ ၊ မွန်ဂိုအင်ပါယာ လက်အောက်ကို ကျရောက်ခဲ့ဖူးတယ် ။ ဒါကြောင့်အလွန်ရှေးကျတဲ့ ဂရိယဉ်ကျေးမှု ရောမယဉ်ကျေးမှုအကြွင်းအကျန်တွေ များစွာရှိရာနေရာတစ်ခုပါ )

    •                       ရေချိုးပြီးတော့ သူဟာ တူရကီနိုင်ငံမှာ စတီထွင်ခဲ့တဲ့ တဘက်နဲ့ သုတ်ပါတော့တယ် ။ တူရကီနိုင်ငံက Bursa ဆိုတဲ့ မြို့ဟာ Turkish towel တွေထုတ်လုပ်တဲ့ မြို့ဆိုပြီး ခုထိ နာမည်ကြီးတုန်းပါတဲ့ ။ ပြီးတော့ ဦးလေးကြီးဟာ ကုလားထိုင်မှာ တင်ထားတဲ့ အ၀တ်အစားတွေကို ယူဝတ်ပါတယ် ။ ကုလားထိုင်ဆိုတာက ရှေးခေတ် အီဂျစ်တို့ ၊ ဂရိတို့မှာ တွင်ကျယ်စွာသုံးခဲ့တဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ် ။
    ကုလားထိုင်ပါတဲ့ ဂရိအရုပ်တစ်ခု ( ဘီစီ ၄၃၀ ခန့်က )
    •                      သူ့အကျီ င်္တွေဟာ ကွက်တိတိုင်းပြီးချုပ်ထားလို့ သူနဲ့ ကွက်စတိပါဘဲတဲ့ ။ အဲဒီအ၀တ်အစားတွေရဲ့ မူရင်းပုံစံဟာ ရှေးအာရှတိုက်သားတွေ ၀တ်တဲ့ တိရစ္ဆာန်သားရေနဲ့ချုပ်ထားတဲ့ အ၀တ်တွေက ဆင်းသက်လာမှန်း သူသိချင်မှလည်း သိမယ် ။ အဲဒီ အ၀တ်အစားတွေမှာ တပ်ထားတဲ့ ကြယ်သီးတွေရဲ့ ပုံစံဟာ ၁၃ ရာစုမှာ ဂျာမနီမှာ စသုံးခဲ့တယ်ဆိုတာလည်း သူသိချင်မှ သိမှာပေါ့ ။( မတိတော့ ဘာဖစ်တုန်းကွာ )

     

    •                       ဒီလိုနဲ့ သူဟာ သားရေနဲ့လုပ်ထားတဲ့ ဖိနပ်ကို စီးတယ် ။ တိရစ္ဆာန်သားရေနဲ့  အသုံးအဆောင်တွေလုပ်နည်းကတော့ ရှေးအီဂျစ်တွေ တီထွင်ခဲ့ပြီး ဖိနပ်ရဲ့ ပုံစံကို ခြေရာခံရရင်တော့ ဂရိလူမျိုးတွေ ထွင်ခဲ့တဲ့ ဒီဇိုင်းပါတဲ့ ။ ဖိနပ်တွေ ပြောင်လက်နေရဲ့လားလို့ စစ်ဆေးတတ်ပေမယ့် အဲလိုလုပ်တာဟာ ဂရိလူမျိုးတွေက စတယ်ဆိုတာ သူမသိပြန် ။

     

    •                      သူဟာ နက်ခ်တိုင် ( necktie )  ကို ကျွမ်းကျင်စွာ တပ်လိုက်တယ် ။ နက်ခ်တိုင်ဆိုတာကတော့ ၁၇ ရာစုလောက်တုန်းက ခရုတ်ထ် Croats လူမျိုး ( ခရိုးအေးရှား ၊ ဘော့စ်နီးယားဘက်မှ ဒေသခံများ ) တွေရဲ့ ၀တ်စားပုံဓလေ့က အကြွင်းအကျန်ပါ ။
    Croat လူမျိုး စစ်သားတစ်ဦး
    •                     မှန်ထဲမှာ ကိုယ့်ကိုယ့်ကို အားရကျေနပ်စွာကြည့်လိုက်တဲ့ သူဟာ မှန်ရဲ့ မူလအစဖြစ်တဲ့ ပြောင်နေအောင် တိုက်ထားတဲ့ ကျောက်တုန်းကို Anatolia အရပ်ဒေသ ( လက်ရှိ တူရကီ ) မှာ သုံးခဲ့ကြောင်းနဲ့ လက်ရှိပုံစံ မှန်ကို ရအောင် တီထွင်ခဲ့တဲ့ ၁၉ ရာစု ဂျာမန်ပညာရှင် Justus von Liebig တို့အကြောင်း သိဖို့ လိုတယ်လို့ စာဖတ်သူ ထင်ပါသလား ။ ( ငါလည်း မသိဘူး )

    လက်နက်အဖြစ်ရော ရှေးဦး မှန်အဖြစ်ရော သုံးခဲ့တဲ့ Obsidian ကျောက်
    •                    စတိုင်နဲ့ မလိုင်နဲ့ ၀တ်စားဆင်ယင်ပြီးသွားတဲ့ သူဟာ မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာခဲ့ပါတယ် ။ အဲဒီမှာလည်း ဘူမိနက်သန် အမေရိကန်မဟုတ်တဲ့ ပစ္စည်းတစ်ပုံတစ်ခေါင်းက သူ့ကို ကြိုနေပါတယ် ။ မုန့်၊ ကော်ဖီ ၊ အချိုရည်စတဲ့ စားကောင်းသောက်ဖွယ်တွေထည့်ထားတာက တရုတ်ကြွေတွေ မဟုတ်လား ။ စကားမစပ် China ဆိုတာ တရုပ်ပြည်တင်မကဘဲ ကြွေထည်ပစ္စည်းတွေကိုလည်း ခေါ်တဲ့နာမည်လေ ။ ဆိုလိုတာက ကြွေနဲ့ တရုတ် ၊ တရုတ်နဲ့ ကြွေခွဲမရလေတဲ့ သဘောပေါ့ ။ ဦးလေးကြီးဟာ ကိတ်မုန့်တစ်ပိုင်းကို ခက်ရင်းလေးနဲ့ ကော်ပြီး ဟန်ပါပါ စားလိုက်တယ် ။  စားသောက်ရာမှာ သုံးတဲ့ ခက်ရင်းကို  ၁၄ နဲ့ ၁၆ ရာစုအတွင်းမှာ  အီတလီတွေက တီထွင်ခဲ့တာလေ ။ ကြေးဇွန်းတို့ ၊ ငွေဇွန်းတို့ကိုတော့ များသောအားဖြင့် ဂရိတွေ ၊ ရောမသားတွေ သုံးခဲ့တာများသတဲ့ ။

     

    1590 မှ-1610 အတွင်း အီတလီ သူကြွယ်တစ်ယောက်၏ ဇွန်း
    •                       သူမနက်တိုင်း မသောက်ရမနေနိုင်တဲ့ ကော်ဖီရဲ့ စွမ်းပကားကိုတော့ အီသီယိုးပီးယန်းလူမျိုးတွေက အရင်ဆုံး သိခဲ့တာပါ ။ ဟဲဟဲ…ညက သောက်ထားတဲ့ ယမကာလေးတွေရဲ့ အရှိန်ကို ပျောက်အောင်လုပ်ဖို့ မနက်မှာ ကော်ဖီကတော့ လိုကိုလိုတယ်လေ ။ သြော် …ဒါနဲ့ ယမကာအရက်သေစာတွေကိုတော့ ၁၁ ရာစုလောက်မှာ ဂရိလူမျိုး alchemist တွေက အရင်သုံးခဲ့တယ်လို့ ဆိုတယ် ။ ဘိုလိုတွေပါ ရေးနေလို့ ဘူးယိုလို့ မထင်လိုက်ပါနဲ့ ။ အဲဒီစကားတွေကို အဘိဓါန်မှာ ရှာလိုက ရှာနိုင်အောင် ထည့်ရေးထားတာပါကွယ် ။ တခါတလေလည်း ဘာသာပြန်ရတာခက်လို့ပါ ။
    •                         alchemist  ဆိုတာက မသေဆေး ( elixir of life ) ကို ဖော်ဖို့ ကြိုးစားတဲ့လူတွေကို ခေါ်တာပါ ။  မြန်မာလိုဆိုရင် ဇော်ဂျီဖြစ်ဖို့ ကြိုးစားတဲ့ လူတွေလို့ ဆိုရမလား မသိဘူး ။ သူတို့ရှာတဲ့  မသေဆေးကို ဓါတ်လုံး ( Philosopher’s stone ) လို့လည်း ခေါ်ကြတယ် ။ အဲဒါနဲ့ ထိလိုက်ရင် အရာရာဟာ ရွှေ သို့မဟုတ် ငွေ ဖြစ်သွားသတဲ့ ။ ( တွေ့လား…..ငါတို့ချည်း ဂလို အယူရှိတာမဟုတ်ဘူးနော် …အဖော်ရှိတယ်  )
    အီဂျစ် နံရံဆေးရေး ပန်းချီမှ alchemist တစ်ဦး
    •                     ဆက်ရရင် တို့ဇာတ်လိုက်ကျော် ဦးလေးကြီးဟာ ကော်ဖီထဲကို  ( အိန္ဒိယမှာ စတင်စပျိုးခဲ့တဲ့ ) သကြားတစ်ဇွန်း ခတ်လိုက်သတဲ့ ….။ အဲဒါနဲ့ မလုံလောက်သေး ခရင်မ်လေးလည်း ထည့်ဦးမှ ဆိုပြီး အာရှမိုင်းနားဒေသ ( ယနေ့ခေတ် တူရကီပတ်ဝန်းကျင်  ) မှာ စတင် ထုတ်လုပ်သုံးစွဲခဲ့တဲ့ cream ကိုပါ ထည့်လိုက်ပါသေးတယ် ။ တခါတလေလည်း အမေရိကန်ဆန်ဆန် မနက်စာမှာ ( မြေထဲပင်လယ်ဒေသမှာ စိုက်လေ့ရှိတဲ့ လိမ္မော်ပင်တွေကလာတဲ့ )  လိမ္မော်ရည်လေးတစ်ခွက်လည်း ပါတတ်သေးတယ် ။  ဒါမှမဟုတ်လည်း ပါရှန်းဒေသထွက် သခွားမွှေး ၊ သိုမဟုတ် အာရှမိုင်းနားဒေသထွက် စပျစ်သီးနဲ့လုပ်တဲ့ စပျစ်ရည်လေးပေါ့ ။

     

    •                 မနက်စာမှာပါတဲ့ cereal ( ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာ ) တွေကလည်း တကယ်တော့ အမေရိကန်မှာ စိုက်ပျိုးတာနည်းပါတယ် ။ ထောပတ်များများသုတ်ထားတဲ့ ဝေဖာတွေကတော့ စကန်ဒီနေးဗီးယားကျွန်းဘက်မှာ ဘူမိနက်သန် မွေးဖွားခဲ့တာပါ  ။ အဲဒီနောက်မှာ အရှေ့တောင်အာရှဘက်က ကြက်တစ်ကောင်ကောင်ဥလိုက်တဲ့ ကြက်ဥကြော် စားပြန်တယ် ….. ။ ဒါမှမဟုတ်လည်း ဥရောပ မြောက်ပိုင်းမှာ စတီထွင်ခဲ့တဲ့ နည်းနဲ့ ကျပ်တိုက်ထားတဲ့ အသားတစ်မျိုးမျိုးတော့ ပါမှ သူက ကျေနပ်တတ်တယ်လေ  ။

     

    •                    စားပြီးလို့ အပြင်ထွက်မယ်ဆိုတော့ အရှေ့အာရှက ခြေသလုံးအိမ်တိုင်လျောက်သွားတတ်တဲ့ nomad  တွေ စတင်အသုံးပြုခဲ့တဲ့  ဦးထုပ်ကို ကောက်ဆောင်းလိုက်တယ် ။ တကယ်လို့ မိုးရွာမယ့် အရိပ်အယောင်မြင်ရင်တော့ ရှေးခေတ်မက္ကစီကိုလူမျိုးတွေ တွေ့ရှိခဲ့တဲ့ ရာဘာသုံး ရှူးဖိနပ်တွေကို ထုတ်စီးတတ်တယ် ။ ပြီးတော့ လိုလိုမယ်မယ် ( အိန္ဒိယမှာ စသုံးခဲ့တဲ့ ) ထီးတစ်ချောင်းလည်း ယူသွားတာပေါ့ ။

     

    •               ကိုယ်တော်ချောဟာ တခါတလေလည်း ရထားလွတ်သွားမှာစိုးလို့ ဘူတာရုံကို အပြေးကလေး သွားတတ်တယ် ။ ရထား = လက်ရှိပုံစံရထားကို အင်္ဂလိပ်တွေ စတင်တီထွင်ခဲ့တာလေ ။

    •                         ရထားဘူတာမှာ သတင်းစာဝယ်ဖို့ ခဏရပ်တယ် ။ အဲဒီမှာ ပေးလိုက်တဲ့ ပိုက်ဆံအကြွေစေ့က ခရစ်တော်မပေါ်မီ ( ၇ ) ရာစုမှာ Lydia ( ယခု တူရကီ ) မှာ စတင်သုံးခဲ့တယ် ။ ရထားပေါ်ရောက်လို့ စိတ်အေးလက်အေး သောက်တဲ့ စီးကရက်ရဲ့ မူလပေါက်ဖွားရာနေရာကတော့ မက္ကစီကို နိုင်ငံပါတဲ့ ……အဲ….တကယ်လို့သာ ဆေးပေါ့လိပ်သောက်မယ်ဆိုရင်တော့ ဘူမိနက်သန်နေရာက ဘရာဇီးလို့ ပြောရမှာပေါ့ ။
    Lydia မြို့မှာ သုံးခဲ့တဲ့ အကြွေစေ့ coins များ
    •                         ရထားစီးရင်း ဖတ်လိုက်တဲ့ သတင်းစာ ( စက္ကူ ) က တရုတ်ပြည်မှာ စထွင်ခဲ့ပြီး စာလုံးတွေကတော့ ရိုမန်လက်တင်စာလုံးတွေက ဆင်းသက်လာတာပေါ့ ။ သတင်းစာမှာ ပါတတ်တဲ့ တခြားနိုင်ငံတွေက သတင်းဆိုးတွေကို ဖတ်ရင်း သူဟာ အမေရိကန်ဖြစ်ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်တတ်တယ် ။ သူကျေးဇူးတင်တတ်တဲ့ ယေရှုဘုရားသခင်ဟာ ဟီဘရူးလူမျိုးတစ်ယောက်လို့ များစွာသော သမိုင်းပညာရှင်တွေက ယူဆထားကြပါသတဲ့ ။
    •                       ကျေးဇူးတင်စကားကို မသိမသာ ရေရွတ်ရင်း သတိမထားမိလိုက်တာက သူပြောတဲ့ အင်္ဂလိပ်စကားဟာ အင်ဒိုဥရောပဘာသာတွေ Indo-European languages  ထဲမှာ ပါတယ်ဆိုတာပါဘဲ ။  ” အမေရိကန်စစ်စစ် ရာနှုန်းပြည့် ဖြစ်ရတာ ဂုဏ်ယူစရာပါဘဲ  ” လို့ မကြာခဏစဉ်းစားမိတတ်တဲ့သူ သတိမထားမိလိုက်တဲ့ နောက်တစ်ချက်ကတော့ ရာနှုန်းဆိုတဲ့ အတိုင်းအတာကို တီထွင်ခဲ့သူဟာ ဂရိတွေဆိုတာပါဘဲ  ။
    •                        နောက်ဆုံးတချက်ဖြစ်တဲ့ America ဆိုတဲ့ စကားလုံးဟာ အီတလီပထ၀ီပညာရှင် Amerigo Vespucci ကို အစွဲပြုပြီး ထည့်ခဲ့တယ်ဆိုတာကတော့ အဝေးကြီးပေါ့လေ ……..။
    အီတလီနိုင်ငံ Florence မြို့မှ Amerigo Vespucci ရုပ်တု
    Amerigo Vespucci သွားခဲ့တဲ့ အမေရိကသို့ ရေလမ်းခရီး
    •                      ကဲ…….ဘာယဉ်ကျေးမှု ၊ ညာယဉ်ကျေးမှုလို့ ပြောတဲ့နေရာမှာ  ” စစ်စစ် ” ဆိုတာကြီးကို ထည့်ချင်သေးသလား ကိုယ့်လူ ။
    •                      အဲဒီတော့ ” ယဉ်ကျေးမှု စစ်စစ်  pure culture  ”  ဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူးဆိုရင် ပြည်ပအားကိုး ပုဆိန်ရိုးလို့ ဆိုချင်မလားဟင် ။ လူ့သမိုင်းတလျှောက်မှာ အဲဒီလို culture လို့ ခေါ်တဲ့ ယဉ်ကျေးမှုတွေ ပေါင်းယှက်နေတတ်တာကို acculturation လို့ ခေါ်သတဲ့ ။ culture တိုင်းဟာ တခြား culture တွေနဲ့ ပေါင်းပြီး ဖက်စပ်ပုံစံတွေနဲ့ နောက် culture တွေအဖြစ်  ပြောင်းလဲတည်ရှိနေတတ်ကြတယ် ။

    ဟင်….ဒီလိုဆိုရင် ငါတို့က ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မထိန်းသိမ်းရတော့ဘူးလားကွ ။ အဲဒီလို မဟုတ်ပါဘူး ။ ကိုယ်ဟာ ဘယ်သူပါဆိုတာကို ခွဲခြားသိမြင်စေတဲ့ national identity ကိုတော့ ထိန်းသိမ်းသင့်တယ် ။  ကိုယ့်တိုင်းပြည်အပေါ်မှာ ချစ်ခင်ပေးဆပ်လိုမှု သို့မဟုတ် မျိုးချစ်စိတ်  Patriotism  ဆိုတာလည်း ရှိသင့်ပါတယ် ။ ဒါပေမယ့် ဒူးနေရာဒူး တော်နေရာတော်လည်း ရှိသင့်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့ ။

    •                           အဲဒီ Patriotism   အလွန်အကျွံ  ဖြစ်ပြီး  မျက်ကန်းမျိုးချစ်ဝါဒ  Chauvinism  ဆိုပြီး ဖြစ်မသွားဖို့လည်း လိုသေးတာပေါ့လေ ……………..။

    ( Miss International ကို ဆဲတဲ့ ကွန်းမန့်များကို ကြည့်ရင်း သတိရသွားလို့ ရေးမိတာဖြစ်သည် ။ ဆိုင်ချင်ဆိုင် မဆိုင်ချင် နေပါစေလေ  )

    Ref: http://en.wikipedia.org/wiki/Acculturation

    http://www.vagablogging.net/one-hundred-percent-american-by-ralph-linton.html  နှင့် ဒီစာမှာပါတဲ့ အင်္ဂလိပ်စာလုံးများကို ဂူဂယ်မှာ ရိုက်ထည့်ကြည့်ရင် တခြားဆိုင်ရာ Link များးပေါ်လာမည် ။

     

    Spring Flowers  FB မှ ကူးယူဖော်ပြပါသည်။