News @ M-Media

Tag: Czech

  • ချက်နိုင်ငံရှိ ဆူရှီဆိုင်တစ်ခု တရားမ၀င် ငါးများကို သုံးစွဲမှုဖြင့် ဒေါ်လာ ၂ သန်း ဒဏ်ရိုက်ခံရမည်

    ချက်နိုင်ငံရှိ ဆူရှီဆိုင်တစ်ခု တရားမ၀င် ငါးများကို သုံးစွဲမှုဖြင့် ဒေါ်လာ ၂ သန်း ဒဏ်ရိုက်ခံရမည်

    သြဂုတ် ၂၉၊ ၂၀၁၆
    M-Media

    sushi

    – ချက်နိုင်ငံ ပရာဂူမြို့ရှိ ဆူရှီစားသောက်ဆိုင်တစ်ခုမှာ ဒေသတွင်းမြစ်တစ်ခုမှ တရားမ၀င်ဖမ်းဆီးသည့် ငါးများကို အသုံးပြု ရောင်းချသောကြောင့် ဒေါ်လာ ၂ သန်း ဒဏ်တပ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

    Vltava မြစ်တွင်ဖြစ်ပြီး ငါးထောင်ဖမ်းသည့် နေရာများကို ဒေသခံများက သတိပြုမိပြီးနောက် စုံစမ်းစစ်ဆေးခဲ့ကာ ထိုကဲ့သို့ တရားမ၀င် ငါးဖမ်းနေမှုကို တွေ့ရှိရခြင်းဖြစ်သည်။ အစပိုင်းတွင် ဒေသခံများက ငါးမျှားနေသည်ဟု မထင်ဘဲ ရေထဲရှိဘဲများကို ထောင်ဖမ်းရန်ကြိုးစားသည့် ဇာတ်ဝင်ခန်းရိုက်ကူးနေသည်ဟုသာ ယူဆခဲ့ကြသည်။

    သို့သော်လည်း နောက်ပိုင်းတွင် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများအရ ၎င်းတို့မှာ ငါးဖမ်းနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ငါးဖမ်းသမားများအနက် တစ်ဦးမှာ မြို့တွင်းရှိ Haru Sushi Bar ဆူရှီဆိုင် အမှတ်တံဆိပ်ပါသည့် စားဖိုမှူးဝတ်စုံ ၀တ်ဆင်ထားသည်။

    ထို့နောက် ဆူရှီဆိုင်သို့ သွားရောက်စစ်ဆေးရာတွင်လည်း မြစ်အတွင်းမှ ငါကြင်းအထုတ်ကို တွေ့ရှိခဲ့သည်။

    ချက်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာလုံခြုံရေးအာဏာပိုင် (CAFIA) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြစ်ထဲဖမ်းမိသော ငါးများကို တစ်ကိုယ်ရည်စားသုံးနိုင်ပြီး စီးပွားဖြစ် ရောင်းချခွင့်မရှိကြောင်း ပြောကြားသည်။

    ဆူရှီဆိုင်ကမူ ထိုငါးများမှာ ၀ယ်သူများအတွက်မဟုတ်ဘဲ ၀န်ထမ်းများအား ကျွေးရန်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားရန် ရှိနေပြီး ပြစ်မှုထင်ရှားပါက ဒေါ်လာ ၂ သန်းခန့် ဒဏ်ရိုက်ခံရဖွယ် ရှိနေသည်။

    Ref : RT

  • စာသင်ကျောင်းအတွင်း အစ္စလာမ်သာသနာ အကြောင်း ပုံစံ သုံးမျိုးဖြင့် သင်ကြားမှု အစီအစဉ်တစ်ခု ချက်နိုင်ငံတွင်စတင်

    ဧပြီ ၂၀၊ ၂၀၁၄
    M-Media

    – အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ကလေးငယ်များ သိရှိနားလည်စေရန် ကျောင်းအတွင်း သင်ကြားမှု အစီအစဉ်တစ်ခုကို ချက်အစိုးရမှ စတင် အကောင်အထည်ဖော် ခဲ့သည်ဟု သိရသည်။
    muslim_school
    Islam through the eyes of children ဟု အမည်ရသည့် အဆိုပါ သင်ကြားရေး အစီအစဉ်မှာ ငယ်ရွယ်စဉ်အချိန်ကတည်းက လူငယ်များအပေါ် အမြစ်တွယ်နေသည့် အစ္စလာမ်နှင့် ပတ်သက်သော အမြင်အမှားများ၊ အစ္စလာမ်သာသနာအား သေသေချာချာ လေ့လာစမ်းစစ်မှုမရှိဘဲ မလိုမုန်းထား ပြောဆိုခြင်းများကို ဖယ်ရှားရှင်းလင်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

    ထိုသင်ကြားရေး အစီအစဉ်အား ချက်အစိုးရနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီကာ ပြဌာန်းစာအုပ်များ၊ အစ္စလာမ်ကမ္ဘာမှာ မည်ကဲ့သို့ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် ပုံများ၊ မြေပုံများ၊ စာပေနှင့် သမိုင်းဆိုင်ရာအထောက်အထားများ စုံလင်စွာဖြင့် ဆရာများက သင်ကြားပို့ချမည်ဖြစ်သည်။

    ကနဦးသင်ကြားမှုတွင် ပုံစံကို ၃ မျိုး သတ်မှတ်ထားပြီး ပထမပုံစံမှာ အစ္စလာမ့်ယဉ်ကျေးမှု၊ သင်္ကေတ၊ ရှရီအာ၊ အမျိုသမီးများ၏ ၀တ်စားဆင်ယင်မှု စသည်တို့ နောက်တွင်ရှိနေသည့် အနှစ်သာရ အဓိကဆက်သွယ်မှုများနှင့် အစ္စလာမ်ကြောက်ရောဂါအတွက် မေးခွန်းများ စသည်တို့ကို ဆွေးနွေးခြင်းဖြစ်သည်။

    ထို့နောက် ဆရာတစ်ဦးစီ ဦးဆောင်သည့် အုပ်စုသုံးစုခွဲကာ ဟိဂျဘ်ဝတ်ဆင်ခြင်း၏ သမိုင်းနှင့် အဓိပ္ပါယ်၊ မွတ်စလင်များနှင့် ပတ်သက်၍ မီဒီယာများက ဖော်ပြချက်နှင့် ချက်နိုင်ငံအတွင်းရှိ အစ္စလာမ် သာသနာ ပုံစံစသည့် အခြားသောကဏ္ဍများအပေါ် နက်နက်နဲနဲ အာရုံစိုက် ဆွေးနွေးသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ သင်ကြားဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် မွတ်စလင်တစ်ယောက်၏ ဘ၀တွင်ရှိသည့် သာမန်နေ့တစ်နေ့နှင့်ပတ်သက်၍ ဗီဒီယိုအတိုတစ်ခုရိုက်ကူးရန် သို့မဟုတ် ဓာတ်ပုံ slide show တစ်ခုပြုလုပ်ရန် ဆရာများက ညွှန်ကြားကာ သင်ကြားမှုကို အဆုံးသတ်မည်ဖြစ်သည်။

    ကျောင်းသားများ၏ တောင်းဆိုမှုကြောင့် အစ္စလာမ်သာသနာနှင့် ပတ်သက်သည့် သင်ကြားမှုများကို ပြုလုပ်ရန် ချက် အစိုးရက ဧပြီလအစောင်းပိုင်းက ခွင့်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ စတင်လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

    လူဦးရေ ၁၀ သန်းကျော်ရှိသည့် ချက်နိုင်ငံတွင် အစ္စလာမ့်ဘာသာဝင်ဦးရေမှာ ၁၅၀၀၀ ၀န်းကျင်ခန့်ရှိပြီး၊ ၁၉၉၀ ပြည့်နှစ်များမှစ၍ အစ္စလာမ်ကို လက်ခံခဲ့ကြသည့် သစ်လွင်မွတ်စလင်အရေအတွက်မှာ ၁၅၀၀ မှ ၂၀၀၀ အကြားရှိသည်။

    ၂၀၀၄ ခုနှစ်မှစ၍ အစ္စလာမ်သာသနာအား ချက်နိုင်ငံ၏ တရားဝင် ဘာသာတရားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ခရစ်ယာန်များ၊ ဂျူးများနည်းသူ ဘာသာရေးလွတ်လပ်ခွင့်များကို အစိုးရက ပေးအပ်ခဲ့သည်။
    west-info

  • စာသင်ကျောင်းများတွင် အစ္စလာမ်အကြောင်း မိတ်ဆက် သင်ကြား၊ ဟောပြောပွဲများ ချက်အစိုးရ ခွင့်ပြု

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – အစ္စလာမ်သာသနာအကြောင်းနှင့် ဥရောပနိုင်ငံများမှ မွတ်စလင်များ၏ ဘ၀နေထိုင်မှုများကို ကျောင်းသူကျောင်းသားများအား သိရှိစေမည့် အခမဲ့သင်ကြားမှုများ ဟောပြောပွဲများပြုလုပ်ရန် ချက်ပညာရေး ၀န်ကြီးဌာနမှ ခွင့်ပြုလိုက်ပြီဟု သိရသည်။

    Czech-Students-Offered-Islam-Education

    “ကျောင်းသင်ခန်းစာတွေက အစ္စလာမ်သာသနာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ သင်ကြားမှုမျိုး မလုပ်ကြပါဘူး။ ကျောင်းသားတွေက အစ္စလာမ်နဲ့ ပတ်သက်ပြီး ပိုသင်ယူချင်ကြပါတယ်” ဟု အဆိုပါ သင်ကြားရေအစီအစဉ်ကို ပူတွဲဖော်ဆောင်သူ ရှာဒီ ရှန်နာ၏ ပြောကြားမှုကို မြို့တော် ပရက်ဂ်တွင် ထုတ်ဝေသည့် Lidove Noviny(LN) သတင်းစာ က ဧပြီလ ၇ က်နေ့တွင် ဖော်ပြခဲ့သည်။

    ထိုသင်ကြားမှု အစီအစဉ်အားပြုလုပ်ရန် Muslims In Czech Schoolchildren’s Eyes အဖွဲ့ စတင်အကြံပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ သင်ကြားမှုများတွင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ၀င်ဆင်သည့် ဟိဂျဘ်၊ ဘုရ်ခါတို့အရေးပါပုံများနှင့် မည့်သည့်အကြောင်းကြောင့် အစ္စလာမ်ဘာသာဝင်အမျိုးသမီးများက ထိုအရာများကို ၀တ်ဆင်သည်ဆိုခြင်းကို ရှင်းပြခြင်း၊ ဂျီဟတ်နှင့် ပတ်သက်၍ ကုန်အာန်ကျမ်းတော်မြတ်က မည်ကဲ့သို့ ပြောထားသည်ကို ရှင်းပြခြင်း စသည်တို့ ပါဝင်မည်ဖြစ်သည်။

    ထိုအစီအစဉ်အား အမေရိကန်သံရုံးနှင့် အစိုးရချင်းဆက်သွယ်ဆောင်ရွက်သည့် Anna Lindh ဖောင်ဒေးရှင်းတို့က စပွန်စာပေးထားပြီး ပရက်ဂ်မြို့ရှိ ဥရောပမစ်ရှင်နှင် ပရက်ဂ်မြို့ မြူနီစီပယ်စာကြည့်တိုက်တို့ကလည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

    ဂျီဟတ်ဆိုသည့်စကားလုံးကို အနောက်တိုင်းမီဒီယာများက ဘာသာရေးစစ်ပွဲအဖြစ် မကြာခဏဖော်ပြကြသည်။ မွတ်စလင်ပညာရှင်များကမူ ကုရ်အန်ကျမ်းတော်မြတ်ထဲတွင် ဖော်ပြထားသည့် ဂျီဟတ်၏ အဓိပ္ပါယ်မှာ ကောင်းမှုများဆောင်ရွက်ရန်၊ မတရားမှုများ၊ ဖိနှိပ်မှုများနှင့် လူ့အဖွဲ့အစည်းအတွင်းမှ ဆိုးရွားမှုများအား ဖယ်ရှားရန် ရုန်းကန်ကြိုးစားခြင်းသာဖြစ်သည်ဟု အကြိမ်ကြိမ်ရှင်းလင်းထားပြီးဖြစ်သည်။

    ထာဝရဘုရားတစ်ဆူတည်းအခြေပြုသည့် ဘာသာတရားသုံးခုနှင့် ပတ်သက်၍ စာအုပ်များကို ရေးသားသည့် ဗြိတိသျှ နာမည်ကြီးစာရေးဆရာ ကရန် အမ်းစထရောင်းကမူ “ဂျီဟတ်”ဟူသည့် စကားလုံးအား ဘာသာရေးစစ်ပွဲအဖြစ် ဖော်ပြနေမှုများကို ဝေဖန်ခဲ့သည်။

    ကျောင်းသားများ၏ တောင်းဆိုမှု

    ၂၀၁၃ ခုနှစ် စစ်တမ်းကောက်ယူမှုများအရ အစ္စလာမ်သာသနာအကြောင်းကို သင်ကြားရန် ကျောင်းသားများက ပိုမိုစိတ်ဝင်စားသည်ဟု သိခဲ့ရပြီးနောက် ယခုကဲ့သို့ အခမဲ့သင်ကြားမည့် အစီအစဉ်ပေါ်ပေါက်လာရခြင်းဖြစ်သည်။

    “ကျောင်းသားအများစုက (အစ္စလာမ်အကြောင်း) သူတို့ပိုသင်ချင်တယ်လို့ ပြောပါတယ်။ ဘာာတရားကို မီဒီယာကနေတစ်ဆင့် အဓိကသိရပြီး၊ အဲဒီမီဒီယာတွေက အစ္စလာမ်ကို မကြာခဏ ဝေဖန်ပြစ်တင်ကြတယ်လို့ သူတို့က ဆိုပါတယ်” ဟု ထိုအစီအစဉ်ဖြစ်မြောက်ရန် ပူးတွဲဖော်ဆောင်သူ အမျိုးသမီး ကလာရာ ပိုပိုဗိုဗာက ပြေကြေားကြောင်း LN သတင်းစာတွင် ဖော်ပြထားသည်။

    ပညာရေးဝန်ကြီးဌာနက အဆိုပါအစီအစဉ်ကို ခွင့်ပြုခဲ့သော်လည်း “ချက်နိုင်ငံတွင်အစ္စလာမ်ကိုမလိုလားသူများ” အဖွဲ့၏ ဆန့်ကျင်မှုများကိုလည်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။

    “ကျောင်းတွေမှာ အစ္စလာမ်ကို သင်ကြားတာတွေ မလုပ်ဖို တောင်းဆိုတာနဲ့အတူ စော်ကားထားတဲ့ အီးမေးလ်း အနည်းငယ်ကို သူတို့က ကျွန်မတို့ဆီပို့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ အစီအစဉ်က ၀ါဒဖြန့်တာ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်က ဆွေးနွေးမှုတွေဖြစ်လာအောင် လှုံ့ဆော်ဖို့နဲ့ မီဒီယာရဲ့ မှားယွင်းဖော်ပြမှုတွေကို ချေပဖို့ပါပဲ” ဟု ပိုပိုဗိုဗာက ထပ်လောင်းပြောကြားခဲ့သည်။

    လူဦးရေ ၁၀ သန်းကျော်ရှိသည့် ချက်နိုင်ငံတွင် အစ္စလာမ့်ဘာသာဝင်ဦးရေမှာ ၁၅၀၀၀ ၀န်းကျင်ခန့်ရှိပြီး၊ ၁၉၉၀ ပြည့်နှစ်များမှစ၍ အစ္စလာမ်ကို လက်ခံခဲ့ကြသည့် သစ်လွင်မွတ်စလင်အရေအတွက်မှာ ၁၅၀၀ မှ ၂၀၀၀ အကြားရှိသည်။

    ၂၀၀၄ ခုနှစ်မှစ၍ အစ္စလာမ်သာသနာအား ချက်နိုင်ငံ၏ တရားဝင် ဘာသာတရားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ခရစ်ယာန်များ၊ ဂျူးများနည်းသူ ဘာသာရေးလွတ်လပ်ခွင့်များကို အစိုးရက ပေးအပ်ခဲ့သည်။

    Ref: OnIslam & Newspapers