News @ M-Media

Tag: DailySportNews

  • ဒီဇင်ဘာ ၄ အားကစားသတင်းများ

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    ၂၀၁၄ ကမ္ဘာဖလားကျင်းပမည့် ဘရာဇီးရှိ ဘောလုံးကွင်း သုံးကွင်းပြီးစီးရမည့် နောက်ဆုံးရက်အား ဖီဖာ တိုးမြှင့်ပေး

    လာမည့်နှစ်တွင်ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန်အတွက် ဘရာဇီးနိုင်ငံ၏ ဆောင်ရွက်မှုများ အဆင်သင့်ဖြစ်မဖြစ်နှင့် ပတ်သက်ပြီး ကောလဟာလများထွက်ပေါ်လာပြီးနောက် ပြိုင်းပွဲကျင်းပမည့် ကွင်း ၁၂ ကွင်းအနက် ၃ ကွင်းအား ပြင်ဆင်ချိန် နောက်ဆုံးရက်ကို ထပ်မံတိုးပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှ ယမန်နေ့က သဘောတူလိုက်သည်ဟု သိရသည်။

    ပုံမှန်အားဖြင့် ကွင်း ၁၂ ကွင်းစလုံးအား ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားကာ အဆင်သင့်ဖြစ်နေစေရမည်ဟု သတ်မှတ်ထားသော်လည်း ကျူရီတီဘာနှင့် ကျူအီယာဘာမြို့ရှိ ဘောလုံး ကွင်းများအား ဆောက်လုပ်ရေးလုပ်ငန်းများ မပြီးပြတ်သေးသောကြောင့် အဆင်သင့်ဖြစ်ရမည့်ရက်ကို လာမည့်နှစ် ဖေဖော်ဝါရီလအထိ တိုးမြှင့်ပေးလိုက်ပြီး၊ ယခင် တစ်ပါတ်က ကရိန်းလဲကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သားနှစ်ဦး သေဆုံးခဲ့ကာ ကွင်းအစိတ်အပိုင်းတစ်ချို့ ပျက်စီးသွားသည့် ဆော်ပေါ်လိုမြို့ရှိ ဘောလုံးကွင်းအား နောက်ဆုံးရက်ကို သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။

    Ref:channelnewsasia

    view-of-damages-at-the……………………

    – ပီယာလို၊ ကန်ဒရီဗာနှင့် ဘာလော့တယ်လီတို့ကဲ့သို့ အဆင့်မြင့်ကစားသမားများပါဝင်သည့် အီတလီအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဘွဲ့အား စိန်ခေါ်သူအဖြစ် ယူဆ၍ ရသည်ဟု ချယ်ဆီးအသင်း၏ အီတလီနောက်ခံလူ ဒေးဗစ်လူးဝစ်က ဖွင့်ဟပြောကြားခဲ့သည်။ အီတလီအသင်းမှာ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲတွင် ရှုံးပွဲမရှိဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သော အသင်းဖြစ်သည်။ နည်းပြ ပရန်ဒယ်လီတွင် ကမ္ဘာ့ဖလား ၄ ကြိမ်ဗိုလ်စွဲထားသည့် အီတလီအသင်းအား၊ ငါးကြိမ်ရရှိထားသည့် ဘရာဇီးအသင်းနှင့် စံချိန်တူနိုင်အောင် စွမ်းဆောင်နိုင်သော ကစားသမားများပါဝင်သည့် အသင်းရှိနေသည်ဟု လူးဝစ်က ထည့်သွင်းပြောကြားခဲ့သည်။
    ……………………
    – အေစီမီလန်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ဘာလော့တယ်လီက ၎င်းအနေဖြင့် မိမိ၏ အပြုအမူများကို ပြောင်းလဲသွားမည်ဖြစ်ပြီး အသင်းတွင် ဆက်လက်ရှိနေမည်ဟု ပြောကြားလိုက်သည်။ ဘာလော့တယ်လီမှာ ယခုနှစ် အေစီမီလန်သို့ရောက်ရှိလာခဲ့ပြီးနောက် ၎င်း၏အပြုအမူများအတွက် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ပြီးခဲ့သည့် တစ်ပါတ်က ကာတာနီယာနှင့်ပွဲတွင်လည်း လူမျိုးရေးခွဲခြားမှုလုပ်ရပ်တွင် ပါဝင်ခဲ့သည်။
    ……………………
    – အသင်းရှိ ကစားသမားများအားလုံးမှာ နည်းပြဖြစ်သူ အန်ဒရီဗီလာဘိုအာ့စ်အား ထောက်ခံသည်ဟု စပါးအသင်း၏ ဂိုးသမားဖြစ်သူ ဘရဒ် ဖရီဒယ်ကပြောကြားလိုက်သည်။ တော့တင်ဟမ်အသင်းမှာ ယခုနောက်ပိုင်းပွဲစဉ်များတွင် ရလဒ်မကောင်းဖြစ်နေပြီး မန်စီးတီးအသင်းအား ၆ ဂိုး ပြတ်ဖြင့်ရှုံးနိမ့်ခဲ့ရသည်အထိ အခြေအနေဆိုးရွားခဲ့ကာ ပရီးမီယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် ၉ အထိ ကျဆင်းသွားသောကြောင့် နည်းပြ ဘိုအာ့စ်အနေဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။
    ………………………
    – အဲဗာတန်အသင်းသို့ အငှားချထားသည့် အသင်း၏ လူငယ်တိုက်စစ်မှူး လူကာကူအား အသင်းမှ ဖိအားပေးကာ ထွက်ခွာစေခဲ့သည့် ဆိုသည့်သတင်းအား ချယ်ဆီးနည်းပြ မော်ရင်ဟိုက ငြင်းဆိုလိုက်ပြီး၊ ၎င်း၏အနာဂတ်အား မိမိသာလျှင် ဆုံးဖြတ်မည်ဟု သတိပေးပြောကြားလိုက်သည်။ နည်းပြမာတီနက်ဇ်၏ အဲဗာတန်အသင်းတွင် ပါဝင်ကစားခွင့်ရခဲ့သည့် လိဂ်ပွဲ ၉ ပွဲတွင် ၈ ဂိုးသွင်းယူပေးထားသည့် လူကာကူက မိမိအား ချယ်ဆီးအသင်းမှ ဖိအားပေးကာ အငှားချခဲ့သည်ဟု မကြာသေးမီက ပြောဆိုခဲ့ခြင်းကြောင့် မော်ရင်ဟိုက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်ည်။
    ………………………….
    – အသက် ၂၁ နှစ်အောက် လူငယ်ကစားသမားများကိုသာ ချီးမြှင့်သော ၂၀၁၃ ခုနှစ် အကောင်းဆုံး လူငယ်ကစားသမားဆု (2013 Golden Boyဆု) ကို ဂျှူဗင်တပ်စ်အသင်း၏ ပြစ်သစ် လူငယ်တိုက်စစ်မှူး ပေါ့ဂါက ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။ အသက် ၂၀ အရွယ်သာရှိသေးသည့် ပေါ့ဂါမှာ အသက် ၂၀ အောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းနှင့်အတူ ဗိုလ်စွဲနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းသို့ ခေါ်ယူခြင်းခံခဲ့ရကာ ဂျူဗင်တပ်စ်အသင်းတွင်လည်း ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့သောကြောင့် အဲဗာတန်အသင်း၏ တိုက်စစ်မှူး လူကာကူကိုကျော်ဖြတ်ကာ ထိုဆုအား ရရှိခဲ့ခြင်းဖြစ်သည်။
    ………………………………..
    – ဒဏ်ရာကြောင့် အနားယူနေရသော်လည်း ယခုနှစ်အတွက် အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုအား မက်ဆီသာရရှိမည်ဟု ဘရာဇီး ဂန္တ၀င် တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားခဲ့သည်။ ထိုဆုအတွက် ဇကာတင်စာရင်းတွင် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ရီဘာရီတို့၏နောက် မက်ဆီမှာ ဘွတ်ကီဒိုင်များ၏ တတိယဦးစားပေး ကစားသမား အနေဖြင့်သာ သတ်မှတ်ခြင်း ခံထားရသည်။
    …………………………..
    – ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှ ၎င်းရရှိခဲ့သည့် ဆုတံဆိပ်များကို ခင်းကျင်းပြသမည့် ကိုယ်ပိုင် ပြတိုက်တစ်ခုအား မွေးရပ်မြေ Madeira တွင် ယခုလအတွင်း ဖွင့်လှစ်တော့မည်ဟုသိရသည်။ ရော်နယ်ဒိုမှာ မကြာသေးမီကလည်း လာလီဂါ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်ပြီး ယခုအခါ ပေါ်တူဂီသို့ ရောက်ရှိနေကာ ပြတိုက်ဖွင့်လှစ်ရန် စီစဉ်နေသည်။

     

     

  • ဒီဇင်ဘာ ၂-အားကစားသတင်းများ

    ဒီဇင်ဘာ ၂ ၊ ၂၀၁၃
    M-Media

    – မန်စီးတီး တိုက်စစ်မှူးအဂူရိုအား လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ရီးယဲလ်မက်ဒရစ်က ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေပြီး မန်စီးတီး နည်းပြ ပယ်လီဂရီနီက အဂူရိုအား အသင်းမှ ထွက်ခွာခွင့်ပေးမည် မဟုတ်ဟု ပြောကြားလိုက်သည်။ ရီးယဲလ်၏ နွေရာသီ ကစားသမား ၀ယ်ယူမည့်စာရင်းတွင် အဂူရိုမှာ ထိပ်ဆုံမှ ပါဝင်နေကြောင်း သတင်များက ယမန်နေ့တွင် ဖော်ပြခဲ့ကြသည်။ သို့သော်လည်း အဂူရိုအနေဖြင့် မန်စီးတီးတွင် ရှိချင်နေပြီး ရီးယဲလ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားခြင်းမရှိဟု ပယ်လီဂရီနီက ယုံကြည်နေသည်။

    – ဘီဘာလ်အိုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် တိုက်စစ်မှူးနေးမာအား ပြစ်ဒဏ်ကျူးလွန်ခဲ့သည့် ဘီလ်ဘာအိုနောက်ခံလူ အန်ဒါ အီတာရက်စ်ပီအား အနီကဒ် ပြသခြင်းမရှိခဲ့သည့်အတွက် ထိုပွဲကို တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီးမှာ သူ၏ အလုပ်အား ကောင်းမွန်စွာ လုပ်ဆောင်ခြင်းမရှိခဲ့ဟု ဘာကာကွင်းလယ်လူ ဆာဂျီယို ဘက်စ်ကွက်က ဝေဖန် ပြောကြားလိုက်သည်။ ထိုပွဲ၏ ဒုတိယပိုင်း မိနစ် ၅၀ ကျော်တွင် ဘာကာတိုက်စစ်မှူး နေးမာအား ဘီလာလ်အို အသင်း၏ နောက်ဆုံးနောက်ခံလူဖြစ်သည့် အီတာရက်စ်ပီအား ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း ဒိုင်လူကြီးက အ၀ါကဒ်သာပြသခဲ့သည်။ ထိုပွဲအရှုံးမှာ ဘာစီလိုနာအသင်းအတွက် ယခုနှစ် လာလီဂါ ပထမဦးဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့သည်။

    – မိမိအသင်းမှာ ဟားလ်စီးတီးနှင့်ပွဲတွင် တန်ဖိုးကြီးသော အမှားများကို ပြုလုပ်ခဲ့သည်ဟု လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထိုပွဲတွင် နောက်ခံလူစကာတယ်လ်နှင့် ကိုလိုတိုယေးတို့မှာ အမှားများစွာပြုလုပ်ခဲ့ပြီး လီဗာပူးလ်အသင်းမှာ ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ကာ ဦးဆောင်သူ အာဆင်နယ်အသင်းနှင့် ၇ မှတ် ကွာဟသွားပြီဖြစ်သည်။

    – နာပိုလီအသင်းမှာ အကျဘက်သို့ရောက်နေပြီဟု ပြောဆိုမှုများအား အသင်းနည်းပြ ဘင်နီတက်ဇ် က ငြင်းပယ်လိုက်သည်။ နာပိုလီအသင်းမှာ စီးရီးအေတွင် အဆင့်သုံးနေရာတွင် ရှိနေသော်လည်း ဂျူဗင်တပ်စ်၊ ပါးမားအသင်းတို့နှင့် လိဂ်ပွဲနှစ်ပွဲအပါအ၀င် နောက်ဆုံးသုံးပွဲစလုံး ရှုံးနိမ့်ထားသောကြောင့် ထိုကဲ့သို့ ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း နာပိုလီအသင်းမှာ ယခုနှစ်တွင် တိုးတက်မှု အမြောက်အများကို ပြုလုပ်ခဲ့သည်ဟု ဘင်နီတက်ဇ်က ထည့်သွင်းပြောကြားခဲ့သည်။

    – ဗယ်လာဒိုလစ်အား ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲတွင် ပြသခဲ့သည့် အသင်းသားများ၏ ခြေစွမ်းအား ရီးယဲလ်နောက်ခံလူ ပီပီက ချီုးကျူးခဲ့ပြီးအသင်းအနေဖြင့် ရော်နယ်ဒို မပါဝင်သော်လည်း ကောင်းမွန်စွာကစားနိုင်ကြောင်း  ထိုပွဲအနိုင်က ပြသခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ရော်နယ်ဒိုမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး၊ ထိုပွဲတွင် ဂါရက်ဘေးလ်၏ ဟက်ထရစ်သွင်းဂိုးအပါအ၀င် ရီးယဲလ်က ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    – ပရီးမီးယားလိဂ်တွင် ရလဒ်မကောင်းဖြစ်နေသည့် ဖူလ်ဟမ်အသင်းမှာ နည်းပြဖြစ်သူ မာတင်ဂျိုးလ်အား ယမန်နေ့က အသင်းမှ ထုတ်ပယ်လိုက်သည်။ ဖူလ်ဟမ်အသင်းမှာ စနေနေ့က ၀က်စ်ဟမ်းအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၆ ပွဲဆက် ရှုံးပွဲလည်းဖြစ်ခဲ့သည်။ ထို့ကြောင့် ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲတွင် ၃ ပွဲသာအနိုင်ရရှိထားပြီး တန်းဆင်းဇုန်အတွင်းသို့ ရောက်ရှိနေသည်။ နည်းပြမာတင်ဂျိုး မရှိသည့်နောက်အသင်းအား လက်ထောက်နည်းပြဖြစ်သူ ရီနီမူလန်စတင်းက ကိုင်တွယ်သွားမည်ဟု သိရသည်။

    – တိုက်စစ်မှူးရူနီ၏ စာချုပ်သစ်ကိစ္စနှင့်ပက်သက်၍ တိုးတက်မှုများကို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မန်ယူအသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ၀န်ခံပြောကြားခဲ့သည်။ ရူနီမှာ ယမန်နေ့က ကစားခဲ့သည့် စပါးအသင်းနှင့်ပွဲတွင် အသင်းအတွက် အရေးပါသော ဂိုး နှစ်ဂိုးစလုံးအား သွင်းယူပေခဲ့သည့် ရူနီ၏ သက်တမ်းမှာ ၂၀၁၅ ခုနှစ်တွင်ကုန်ဆုံးမည်ဖြစ်ပြီး၊ ပြီးခဲ့သည့်နွေရာသီ ပြောင်းအရွှေ့က ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် ကြိုးစားခဲ့ဖူးသည်။

    – တောင်အာဖရိကတွင် ကျင်းပခဲ့သည့် Dunhill ချန်ပီယံရှစ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တောင်အာဖရိက ဂေါက်သီးသမား ချားလ်ရှဝါဇဲလ်က သတ်မှတ်ရိုက်ချက်ထက် ၁၇ ချက်လျှော့ရိုက်ကာ ဒုတိယနေရာမှ အင်္ဂလန်ဂေါက်သီးသမား ဖင့်ခ်ျထက် ၄ ချက်အသာဖြင့် ဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။ ရှဝါဇဲလ်မှာ ယမန်နှစ်ကလည်း ဗိုလ်စွဲနိုင်ခဲ့ပြီး  ယခုနှစ်တွင် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    မန်ယူသရေကျ၊ လီဗာပူးလ် ရှုံးပွဲတွေ့ခဲ့ပြီး၊ ချယ်ဆီးနှင့် မန်စီတီးတို့ အမှားအယွင်း မရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ စူပါဆန်းဒေး ပွဲစဉ်များ

    ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ၏ လန်ကျန်လေးပွဲကို ယမန်နေ့က ကစားခဲ့ရာ လီဗာပူးလ်အသင်းမှာ အဝေးကွင်းတွင် ဟားလ်စီးတီးအသင်းအား ရှုံးနိမ့်ခဲ့သည်။ မော်ရင်ဟို၏ ချယ်ဆီးနှင့် ပယ်လီဂရီနီ၏ မန်စီးတီးအသင်းတို့မှာ အိမ်ကွင်းတွင်း အသီးသီးအနိုင်ရရှိခဲ့သည်။ ယခုတစ်ပါတ်၏ Match Of The Week ဖြစ်သည့် မန်ယူနှင့် စပါးတို့ပွဲမှာ ၂ ဂိုး စီသရေကျခဲ့သည်။

    mci-swa-1314-011213-ps7
    ဟားလ်စီးတီး ၃-၁ လီဗာပူးလ်

    စနေနေ့က ကစားခဲ့သည့် အာဆင်နယ်မှာ အနိုင်ရခဲ့သောကြောင့် ဒုတိယနေရာတွင်ရှိနေသည့် လီဗာပူးလ်အသင်းမှာ အမှတ် ကွာခြားချက်လျော့နည်းအောင် ယခုပွဲတွင် အနိုင်ကစားရမည်ဖြစ်သော်လည်း အဝေးကွင်းတွင် ဟားလ်စီးတီး အသင်းအား အရှုံးပေးခဲ့ရသည်။

    ဟားလ်စီးတီးအသင်းမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲတွင် လေးပွဲအထိ ရှုံးနိမ့်ထားသည့်အသင်း ဖြစ်ပြီး ယခုပွဲတွင်လည်း လီဗားပူးလ်၏ စိုးမိုးမှုအောက်တွင် ကစားခဲ့ရသော်လည်း လိုအပ်သော အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့သည်။ မိနစ် ၂၀ တွင် ဂျာကီ လစ်ဗာမိုးက အိမ်ရှင်အသင်းတွက် အဖွင့်ဂိုးစတင် သွင်းယူပေးခဲ့ပြီး ၂၇ မိနစ်တွင် စတီဗင် ဂျာရတ်က ချေပခဲ့သည်။ ပထမပိုင်း၏ ကျန်ရှိသော မိနစ်များတွင် လီဗာပူးလ်ကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။

    ဒုတိယပိုင်း ၇၂ မိနစ်တွင် ဟားလ်စီးတီးတို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး လီဗာပူးလ်နောက်တန်း၏ ဖြတ်ထုတ်ပုံ အားနည်းမှုမှတစ်ဆင့် မီလာက သွင်းယူးပေးခဲ့သည်။ ထိုဂိုးမှာ မီလာ၏ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ပထမဦးဆုံးဂိုးလည်းဖြစ်သည်။ လီဗာပူးလ်အသင်းမှာ ချေပဂိုးရရှိရန် ကြိုးစား တိုက်စစ်ဆင်ခဲ့သော်လည်း ၈၇ မိနစ်တွင် နောက်ခံလူ စကာတယ်လ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သောကြောင့် အိမ်ရှင်တို့အတွက် တတိယဂိုး ရရှိခဲ့သည်။ ယခုပွဲအရှုံးမှာ လီဗာပူးလ်အသင်း၏ ယခုနှစ်ရာသီ တတိယမြောက်ရှုံးပွဲလည်းဖြစ်ခဲ့ပြီး ဦးဆောင်သည် အာဆင်နယ်နှင့် ၇ မှတ်ကွာဟသွားပြီဖြစ်သည်။
    ………………………………………..
    ချယ်ဆီး ၃-၁ ဆောက်သက်တမ်

    ယခုပွဲတွင် ချယ်ဆီးအသင်းမှာ အနိုင်ရရှိခဲ့သော်လည်း အဖွင့်ဂိုးအား ပွဲအစ ၁ မိနစ်တွင်ပင် ဆောက်သက်တမ်အသင်းက ရရှိခဲ့သည်။ ထိုဂိုးအား ဂျေးရော်ဒရီဂက်ဇ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ချေပဂိုးရရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဒုတိယပိုင်း ၅၅ မိနစ်တွင်မှာ ချယ်ဆီးတို့ ချေပဂိုးရရှိခဲ့သည်။ ကာဟေးလ်က အနီးကပ် ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ချယ်ဆီးအတွက် ပွဲ ၄၀၀ ပြည်ခဲ့သည့် အင်္ဂလန်နောက်ခံလူ တယ်ရီက ၆၂ မိနစ်တွင် မာတာ၏ ဖြတ်တင်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ဒမ်ဘာဘားက ၈၉ မိနစ်တွင် တတိယဂိုး သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းမှာ အမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်။
    ………………………………………..
    စပါး ၂-၂ မန်ယူ

    ပြီးခဲ့သည့် သီတင်းပတ်က ကာဒစ်ဖ်အသင်းအား နာကျင်အချိန်ပိုနောက်ကျဂိုးဖြင့် ၁ မှတ်ခွဲပေးခဲ့ရသည့် မန်ယူအသင်းမှာ ယခုပွဲတွင်လည်း ၀ှိုက်ဟတ်လိန်းတွင် ၁ မှတ်သာ ရရှိခဲ့သည်။ သို့သော်လည်း စပါးအသင်းအား အသာစီးမရခဲ့ဘဲ ချေပဂိုးများကို နောက်မှ လိုက်သွင်းခဲ့ရခြင်းဖြစ်သည်။

    စပါးအသင်းမှာလည်း နောက်ဆုံးပွဲစဉ်တွင် မန်စီးတီးအသင်းအား ၆ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ယခုပွဲတွင် အသေအချာပြင်ဆင်ခဲ့ပြီး ၁၈ မိနစ်မှာပင် အဖွင့်ဂိုး ရရှိခဲ့သည်။ ထိုဂိုးအား ကီလီ ဝေါလ်ကာကသွင်းယူပေးခဲ့သည်။ ၃၂ မိနစ်တွင် မန်ယူတို့ချေပဂိုးရရှိခဲ့ပြီး ဝေါလ်ကာမှ ဖီးလ်ဂျုံးသို့ ဖြတ်တင်ပေးခဲ့သည့် ဘောလုံးမှာ လမ်းကြောင်းမှားသွားခဲ့ပြီး မန်ယူတိုက်စစ်မှူး ရူနီက အနီးကပ် ကန်သွင်းယူးခဲ့သည်။

    ဒုတိယပိုင်းတွင်လည်း စပါးအသင်းက ပွဲကိုစိုးမိုးထားခဲ့ပြီး ၅၄ မိနစ်တွင် ဆန်ဒရိုက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၃ မိနစ်အကြာတွင်ပင် မန်ယူတိုက်စစ်မှူး ၀ဲလ်ဘတ်အား စပါးနောက်ခံလူများက ဧရီယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့သောကြောင့် မန်ယူတို့ ပင်နယ်တီ ရရှိခဲ့ပြီး ထိုပင်နယ်တီအား ရူနီက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့သောကြောင့် မန်ယူတို့ သရေတစ်မှတ် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုပွဲသရေကျသွားခဲ့ခြင်းကြောင့် မန်ယူမှာ အဆင့် ၈ နေရာသို့ ကျဆင်းသွားခဲ့သည်။
    ………………………………………..
    မန်စီးတီး ၃-၀ ဆွမ်ဆီး

    ပြီးခဲ့သည့် နှစ်ပွဲတွင် နောဝစ်ခ်ျနှင့် စပါးတို့အား ဂိုးပြတ်ဖြင့်အနိုင်ကစားနိုင်ခဲ့သည့် မန်စီးတီးအသင်းမှာ ယခုပွဲတွင်လည်း ခြေစွမ်းမသေးလှသည့် ဆွမ်ဆီးအသင်းအား အိမ်ကွင်း အီတီဟတ်တွင် ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းမှာ အာဆင်နယ် အသင်းနှင့် ခြောက်မှတ်အကွာ အဆင့် ၃ နေရာသို့ရောက်ရှိလာခဲ့ပြီး ဆွမ်းဆီးအသင်းမှာ အဆင့် ၁၃ သို့ ရောက်ကျဆင်းခဲ့သည်။ မန်စီးတီးအသင်းအတွက် ဂိုးများကို ၈ မိနစ်တွင် နီဂရီဒိုကလည်းကောင်း၊ ၅၈မိနစ်နှင့် ၇၇ မိနစ်တွင် နာဆရီတို့ကလည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

  • နိုဝင်ဘာ-၂၈ အားကစားသတင်းများ

    နိုဝင်ဘာ-၂၈ အားကစားသတင်းများ

    နိုဝင်ဘာ၊ ၂၇ ၂၀၁၃
    M-Media

    မန်ယူ၊ ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည့် ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်များ

    _71391978_71390809

    ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၅ ကို ယနေ့နံနက်ပိုင်းကစားခဲ့ရာ မန်ယူအသင်းမှာ ယခုနှစ်ရာသီတွင် အကောင်းဆုံးပုံစံဖြင့် အဝေးကွင်းတွင် ပြိုင်ဘက်အား ဂိုးပြတ်ဖြင့်အနိုင်ရယူခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။
    ရီးယဲလ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့မှာလည်း အိမ်ကွင်းတွင် အနိုင်ကစားနိုင်ခဲ့ကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး၊ စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာလည်း တူရင်တွင် အနိုင်ရခဲ့ကာ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

    အုပ်စု A

    လေဗာကူဆင် ၀-၅ မန်ယူ
    ရှက်တာဒိုးနက် ၄-၀ ရီးယဲဆိုစီဒက်

    ပထမအကျော့ အိုးထရက်ဖို့ဒ်တွင် မန်ယူက ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ခြေစွမ်းကွာဟမှု မရှိခဲ့သည့်အတွက် ယခုပွဲတွင် မန်ယူတို့အခက်တွေ့နိုင်သည်ဟု ထင်ရသော်လည်း မန်ယူအသင်းက အိမ်ရှင်လေဗာကူဆင်အား ဂိုးပြတ်ခြေပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ပထပိုင်းတွင်ပင် ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နေသည့် မန်ယူအသင်းတွင် ရူနီ အထူးခြေစွမ်းပြခဲ့ပြီး အသင်းဖော်များအား အကောင်းဆုံး ကူညီပေးနိုင်ခဲ့သည်။ ယခုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းမှာ ယခုနှစ်ရာသီ မန်ယူအသင်း၏ အကောင်းဆုံး ခြေစွမ်းအဖြစ် သတ်မှတ်နိုင်ပြီး၊ လေဗာကူဆင်အသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် အိမ်ကွင်း ၈ ပွဲဆက် မရှုံးခဲ့သည့် စံချိန်ကျိုးပြတ်သွားခဲ့ပြီဖြစ်သည်။ မန်ယူအသင်းအတွက်ဂိုးများကို ဗလင်စီယာ၊ အီဗန့်၊ စမောလင်း၊ နာနီတို့က တစ်ဂိုးစီနှင့် လေဗာကူဆင်ကစားသမား စပါဟစ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ကာ ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် မန်ယူအသင်းမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

    အဝေးကွင်း ၂ ပွဲစလုံးကို ရှုံးနိမ့်ထားသည့် ဆိုစီဒက်အား အိမ်ကွင်းတွင်အမှားအယွင်းမရှိအောင် အနိုင်ကစားနိုင်ခဲ့သောကြောင့် ရှက်တာဒိုးနက်တို့ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်မှာ ရှင်သန်လာခဲ့သည်။ သို့သော်လည်း အုပ်စုနောက်ဆုံးပွဲတွင် မန်ယူအသင်းနှင့် တွေ့ဆုံရမည်ဖြစ်ပြီး အနိုင်ကစားရန်လိုအပ်နေသည်။ ရှက်တာဒိုးနက်အတွက်ဂိုးများကို ၃၇ မိနစ်တွင် လူးဝစ် အက်ဒရီယာနိုကလည်းကောင်း၊ ၄၈ မိနစ်တွင် အဲလက်စ် တီဇီရာက လည်းကောင်း၊ ၆၈ မိနစ်နှင့် ၈၇ မိနစ်တို့တွင် ဒေါက်ဂလတ်စ်ကော်စတာက လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ ယခုပွဲအရှုံးကြောင့် ဆိုဆီဒက်အသင်းမှာ ယခုနှစ် ချန်ပီယံလိဂ်အား လက်ပြနှုတ်ဆက်ခဲ့ရသည်။
    …………………………………………….
    အုပ်စု B

    ရီးယဲလ်မက်ဒရစ် ၄-၁ ဂါလာတာစာရေး
    ဂျူဗင်တပ်စ် ၃-၁ ကိုပင်ဟေဂင်

    ပထမအကျော့အဝေးကွင်းတွင်ဂိုးပြတ်ဖြင့် အနိုင်ရထားခဲ့သည့် ရီးယဲလ်တို့ ယခုပွဲတွင်လည်း အခက်အခဲမရှိ ဂိုးပြတ်အဖြင့်အနိုင်ရရှိခဲ့သည်။ ၂၆ မိနစ်နောက်ခံလူ ရာမို့စ် အထုတ်ခံခဲ့ရပြီး ပထမပိုင်းအပြီးတွင် ၁ ဂိုးစီသရေဖြစ်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် တစ်ယောက်လျော့ ရီးယဲလ်ကသာ ပွဲကို ထိန်းချိုပ်ထားနိုင်ခဲ့ပြီး အနိုင်ဂိုးများကိုသွင်းယူသွားခဲ့သည်။ ရီးယဲလ်အတွက် အဖွင့်ဂိုးကို ၃၇ မိနစ်တွင် ဂါရက်ဘေးလ်က ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့သည်။ ချက်ချင်းဆိုသလိုပင် အူမွတ်ဘူလွတ်က ၃၈ မိနစ်တွင် ဂါလာတာစာရေးအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းတွင် အာဘီလိုအာ၊ ဒီမာရီယာနှင့် အစ္စကိုတို့ဂိုးများကို ခွင့်ပြုခဲ့ရသောကြောင့် ဂါလာတာစာရေးအနေဖြင့် နောက်တစ်ဆင့်တက်ရေးမှာ မသေမချာဖြစ်လာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနှင့် ကစားရမည့် အုပ်စုနောက်ဆုံးပွဲတွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်ကာ ကိုပင်ဟေဂင်က ရီးယဲလ်အား သရေသို့မဟုတ် ရှုံးနိမ့်ခဲ့ပါမှ ဂါလာတာစာရေးမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    ချန်ပီယံလိဂ် ၄ ပွဲကစားပြီး ၃ မှတ်သာရထားသေးသည့် ဂျူဗင်တပ်စ်အသင်းမှာ အိမ်ကွင်းတူရင်တွင် ကိုပင်ဟေဂင်အား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့သောကြောင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ရေးမှာ မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းအတွက် အနိုင်ဂိုးများကို ဗီဒလ်တစ်ဦးတည်းကပင် ၂၉၊ ၆၁ မိနစ်တို့တွင် ပင်နယ်တီမှလည်းကောင်း ၆၃ မိနစ်တွင် ခေါင်းတိုက်၍လည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အုပ်စုနောက်ဆုံးပွဲစဉ်အား အနိုင်ကစားရမည်ဖြစ်ပြီး ရီးယဲလ်နှင့် ကိုပင်ဟေဂင်တို့၏ ပွဲအဖြေကို စောင့်ကြည့်ရမည် ဖြစ်သည်။
    ……………………………….
    အုပ်စု C

    ပီအက်စ်ဂျီ ၂-၁ အိုလံပီယာကော့စ်
    အန်ဒါလက်ခ်ျ ၂-၃ ဘင်ဖီကာ

    ပီအက်စ်ဂျီအသင်းမှာ အိမ်ကွင်းတွင် အနိုင်ရရှိအောင် ကစားနိုင်ခဲ့ခြင်းကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ သို့သော်လည်း အနိုင်ဂိုးကို ပွဲပြီးကာနီးမှ ရရှိခဲ့သည်။ ဦးဆောင်ဂိုးကို ပထမပိုင်း ၇ မိနစ်မှာပင် ပီအက်စ်ဂျီတို့ ရရှိခဲ့ပြီး အီဗရာဟီမိုဗစ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မိနစ် ၈၀ တွင် မာနိုလာစ်က ဧည့်သည်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ခြင်းကြောင် အိမ်ရှင်တို့၏ နောက်တစ်ဆင့်သို့ စောစီးစွာ တက်ရေးမျှော်လင့်ချက်မှာေ၀၀ါးခဲ့သော်လည်း မိနစ် ၉၀ တွင် ကာဗာနီက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက် ရှုံးထွက်အဆင့် တစ်နေရာကို သေချာစေခဲ့သည်။

    နောက်တစ်ဆင့်တက်ရေးအတွက် ယခုပွဲတွင် မဖြစ်မနေအနိုင်ကစားရမည့် ဘင်ဖီကာတို့ အနိုင်ရရှိခဲ့သော်လည်း ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်တွင်မှ အနိုင်ရရှိခဲ့သည်။ ၁၈ မိနစ်တွင် အန်ဒါလက်ခ်ျတို့ အမ္ဘမ္ဘာ၏ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး မာတစ်က ၃၄ မိနစ်တွင်ချေပခဲ့သည်။ ၅၂ မိနစ်တွင် အဖွင့်ဂိုးသွင်ယူပေးခဲ့သည့် အမ္ဘမ္ဘာ၏ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဘင်ဖီကာတို့ ပြန်လည်ဦးဆောင်ခဲ့ပြီး ၇၇ မိနစ် ဘရူနိုက အန်ဒါလက်ခ်ျအတွက် ချေပိုးသွင်းယူပေးခဲ့သည်။ ဘင်ဖီကာအတွက် အရေးပါသော အနိုင်ဂိုးကို လူစားဝင်ကစားသမား ရိုဒရီဂိုက မိနစ် ၉၀ တွင် သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ရရှိခဲ့သော်လည်း ဘင်ဖီကာ အသင်းမှာ အုပ်စုနောက်ဆုံး အိုလံပီယာကော့စ်နှင့်ပွဲတွင် အနိုင်ရရှိပါမှ နောက် တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
    …………………………………
    အုပ်စု D

    မန်စီးတီး ၄-၂ ပါဇန်
    စီအက်စ်ကေအေမော်စကို ၁-၃ ဘိုင်ယန်မြူးနစ်

    ပြီးခဲ့သည့် ပွဲစဉ် ၄ တွင် ဘိုင်ယန်မြူးနစ်အသင်းအား အိမ်ကွင်း၌ အရှုံးပေးခဲ့ရသည့် မန်စီးတီးမှာ ယခုပွဲတွင် ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ခြင်းကြောင့် နောက်တစ်ဆင့်တက်ရေးမှာ လုံးဝ သေချာသွားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲတွင် ဘိုင်ယန်နှင့် အုပ်စုဗိုလ်သာ လုရမည်ဖြစ်သည်။ မန်စီးတီးအတွက်ဂိုးများကို ၃၃ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် အဂူရိုကလည်းကောင်း၊ ၆၅၊ ၇၈ နှစ် ၈၉ မိနစ်တို့တွင် နာဆရီ၊ နီဂရီဒိုနှင် ဇက်ကိုတို့ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ပြီး၊ ပါဇန်အသင်းအတွက် ချေပဂိုးများကို ၄၃ မိနစ်နှင့် ၆၉ မိနစ်တို့တွင် ဟိုရာဗာနှင့် တီဆဲလ်တို့က သွင်းယူပေးခဲ့သည်။

    လက်ရှိကမ္ဘာ့ တိုက်စစ်အကောင်းဆုံး အသင်းများတွင်ပါဝင်သည့် ဘိုင်ယန်မြူးနစ် အသင်းမှာ အဝေးကွင်းတွင်ကစားခဲ့ရသော်လည်း အခက်အခဲမရှိပွဲ ချန်ပီယံလိဂ် ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။ အဖွင့်ဂိုးကို ၁၇ မိနစ်တွင် ရော်ဘင်၏ ဂိုးဖြင့်ရရှိခဲ့ပြီး ၅၆ မိနစ်တွင် ဂိုတက်ဇ်က ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ ၆၂ မိနစ်တွင် ဟွန်ဒါက ပင်နယ်တီမှတစ်ဆင့် အိမ်ရှင်အတွက် ချေပဂိုးသွင်းယူပေးခဲ့သော်လည်း၊ ၆၅ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီအား မူလာက အမှားအယွင်းမရှိ ကန်သွင်းခဲ့ကာ ဘိုင်ယန်အသင်းအား အနိုင်သေချာစေခဲ့သည်။ ယခုပွဲအနိုင်ရရှိမှုကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ချန်ပီယံလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်သစ်ကို တင်နိုင်ခဲ့သည်။

    Photo-AP

    ………………………………….

    • ရီးယဲလ်ဆိုစီဒက်အသင်း၏ နည်းပြဖြစ်သူ ဂျာဂိုဘာ အာရာဆိတ်က အသင်းအနေဖြင့် ချန်ပီယံလိဂ်မှထွက်ခွာသွားရခြင်းကို ၀မ်းနည်းမိပြီး၊ အမှားများစွာ ပြုလုပ်မိခဲ့သည့်အတွက် ထိုကဲ့သို့ ပေးဆပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ရီးယဲလ်ဆိုဆီဒက်မှာ ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင် ရှက်တာဒိုးနက် အား ၄ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ သို့သော် အသင်း၏ ဂုဏ်သိက္ခာနှင့် အသင်းပရိတ်သတ်များအတွက် လေဗာကူဆင်နှင့် ပွဲတွင် အကောင်းဆုံးကစားသွားမည်ဟု အာရာဆိတ်က ထည့်သွင်းပြောကြားခဲ့သည်။

     

    • လေဗာကူဆင်အား အဝေးကွင်းတွင် ၅ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် မန်ယူအသင်းထံမှ ယခုထက်ပို၍ စွမ်းဆောင်ရည်ကောင်းများကို မြင်တွေ့ရမည်ဟု မန်ယူ အသင်းနည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။ ထို့ပြင် ပြီးခဲ့သည့်နွေရာသီက ဖာဂူဆန်၏ နေရာကို ဆက်ခံခဲ့ပြီးနောက် မန်ယူအသင်း၏ အကောင်းဆုံးပုံစံကို တွေ့မြင်ခဲ့ရခြင်းဖြစ်ပြီး၊ နောက်ဆုံးလေးပွဲတွင် ၃ ပွဲ ဂိုးမပေးရသည့် အသင်း၏နောက်တန်းကိုလည်း မိုယက်စ်က ပွဲအပြီးတွင် ချီးကျူး ပြောဆိုခဲ့သည်။

     

    • အသင်း၏ ပထမပိုင်းကစားပုံမှာ ကောင်းမွန်ခဲ့သော်လည်း နောက်တန်းအမှားများကြောင့် ရီးယဲလ်အသင်းအား အရှုံးပေးခဲ့ရခြင်းဖြစ်သည်ဟု ဂါလာတာ စာရေး အသင်း၏ နည်းပြဖြစ်သူ မန်စီနီက ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ပထမပိုင်း ၂၆ မိနစ်၌ ရီးယဲလ်နောက်ခံလူ ရာမို့စ် အထုတ်ခံခဲ့ရပြီး တစ်နာရီကျော်ကြာ တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း ဂါလာတာစာရေးအသင်းမှာ အနိုင်မကစားနိုင်ခဲ့ဘဲ ရီးယဲလ်အား ၄ ဂိုး ၁ ဂိုး ဖြင့် အရှုံးပေးခဲ့ရသည်။

     

    • အသင်းရှိကစားသမားများမှာ အသင်းအတွက် အကောင်းဆုံးကစားနိုင်ခဲ့ပြီး အနည်းငယ်သော အမှားများကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု အန်ဒါလက်ခ်ျ အသင်း၏ နည်းပြဖြစ်သူ ဂျွန် ဗန်ဒန် ဘရွမ်က ပြောကြားလိုက်သည်။ ယမန်နေ့ညက ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အန်ဒါလက်ခ်ျအသင်းမှာ ဘင်ဖီကာ အား ယှဉ်ကစားနိုင်ခဲ့သော်လည်း မိနစ် ၉၀ တွင် ပေးလိုက်ရသောဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး၊ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

     

    • ပါဇန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် အဂူရိုအား စောစီးစွာ လူစားလဲခဲ့ခြင်းမှာ ဒဏ်ရာအနာတရဖြစ်သွားမည်ကို စိုးရိမ်၍ဖြစ်ပြီး လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ဆွမ်ဆီးအသင်းနှင့်ပွဲအတွက် အနားပေးခြင်းလည်းဖြစ်သည်ဟု မန်စီတီးနည်းပြ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ ထိုပွဲတွင်ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းခဲ့ပြီး နောက်ဆုံး ၁၂ ပွဲတွင် ၁၅ ဂိုးအဖြစ် သွင်ယူထားခဲ့သည့် အဂူရိုအား မန်စီနီက ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ခြင်းဖြစ်သည်။

     

    • ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းအား နောက်တစ်ဆင့်သို့တက်ရောက်ရန် ကူညီပေးနိုင်ခဲ့သည့် အီဗရာဟီ မိုဗစ်က ၎င်းအနေဖြင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ဆုအား ရရှိရန်မလိုအပ်ဘဲ၊ မိမိမှာ အကောင်းဆုံးဘောလုံးသမားဖြစ်ကြောင်း မိမိကိုယ်ကို သိနေသည်ဟု ပြောကြားလိုက်သည်။

     

    • ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့တက်ရောက်ရန်အတွက် မိမိတို့အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းအား အနိုင်ကစားနိုင်ရန် ကြိုးစားရမည်ဟု ရှက်တာဒိုးနက်အသင်း၏ နည်းပြဖြစ်သူ မာစီယာ လူစက်ကူက ပြောကြားလိုက်သည်။  ရှက်တာဒိုးနက်မှာ ဆိုဆီဒက်အသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း တတိယနေရာမှ လေဗာကူဆင်အသင်းထက် ၁ မှတ်သာ ကွာဟနေသည်။ လေဗာကူဆင်အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် ရီးယဲလ် ဆိုဆီဒက်နှင့် တွေ့ဆုံရမည်ဖြစ်ပြီး အနိုင်ရရှိရန် အခွင့်အလမ်းများနေသောကြောင့် ရှက်တာဒိုနက်မှာ မန်ယူအသင်းကို အနိုင်ကစားရန်လိုအပ်နေသည်။

     

    • အင်္ဂလိပ်ဘောလုံးလောက၏ အောက်တန်းလိဂ်များ၏ ပွဲစဉ်များတွင် လုပ်ပွဲများကစားခဲ့သည်ဟု ယူဆရသည့်အတွက် ဘောလုံးကစာသမားသုံးဦးအပါအ၀င် လူ ၆ ဦးအား ဖမ်ဆီးထားသည်ဟုသိရသည်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ကလည်း ထိုသတင်းအား ယမန်နေ့က အတည်ပြုပြောဆိုခဲ့သည်။ ထိုကဲ့သို့ဖမ်းဆီးမှုကို မကြာသေးမီက ဖွဲ့စည်းခဲ့ပြီး အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်နှင့် နီးကပ်စွာဆောင်ရွက်ချက်ရှိသည့် အမျိုးသားရာဇ၀တ်မှုအေဂျင်ဆီမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီး ခံရသူများတွင် ယခင်ဘော်လ်တန်ကစားသမားဟောင်းဖြစ်ကာ ယခုတွင် အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဒီလော်ရီ ဖေစီလည်း ပါဝင်သည်ဟု သိရသည်။

     

    • ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲများ ကျင်းပရန်စီစဉ်ထားသည့် ဘရာဇီးနိုင်ငံ ဆာပေါ်လိုမြို့မှ ဘောလုံးကွင်းတစ်ခုမှာ ယမန်နေ့ ပြိုကျခဲ့သောကြောင့် လူနှစ်ဦး သေဆုံး ခဲ့ပြီး အခြားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ ကိုရင်သီယန်ဟု အမည်ရသည့် အဆိုပါ ဘောလုံးကွင်းအား ပြုပြင်နေစဉ် ကရိန်းပြုတ်ကျ ခဲ့ခြင်း ကြောင့် ကွင်းမြောက်ဘက်ရှိ အမိုးမှာ ပြိုကျခဲ့ခြင်းဖြစ်သည်။
  • နိုဝင်ဘာ-၂၇-နိုင်ငံတကာ စုစည်းမှု

    နိုဝင်ဘာ ၂၇ ၂၀၁၃
    M-Media

    336906_India-nuclear-plant

    – အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ နျူးကလီးယား ဓာတ်အားပေး စက်ရုံ အနီးတွင် ယမန်နေ့ညက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့ကြသည်ဟု သိရသည်။ Kudankulam အမည်ရ ဓာတ်အားပေးစက်ရုံနှင့် ၁၅ ကီလိုမီတာအကွာတွင် မတော်တဆပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးခဲ့ကာ ဓာတ်အားပေးစက်ရုံအား ထိခိုက်မိခြင်းမရှိကြောင်း၊  မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပေါက်ကွဲမှုများဖြစ်ပေါ် ခဲ့သည်ကို ဒဏ်ရာရရှိသူများအား မေးမြန်းနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    – နယူးဇီလန်သမိုင်းတွင် အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုမှာ အောင်မြင်စွာပြီးဆုံးခဲ့ပြီး မိမိတို့ စစ်တပ်မှာ မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုးတက်မှုကို တွေ့မြင်ခဲ့ရသည်ဟု နယူးဇီလန် လေတပ်မှ အရာရှိ ကီဗင်ရှော့က ပြောကြားခဲ့သည်။ နယူးဇီလန်နှင့် အခြား ၉ နိုင်ငံတို့မှ စစ်သား ၂၂၀၀ ကျော်ပါဝင်သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုအား နိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာလတစ်လုံး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    – ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်ရန်အတွက် လာအိုသမ္မတ ချိုအူမယ်လီ ဆယာဆုန်းက တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် လာအို-တောင်ကိုရီးယား နှစ်နိုင်ငံ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်တော့မည်ဟုသိရသည်။ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုအတွင်း ဆာယာဆုန်းက လာအိုနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးနေမှုတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အကျိုးများစေသည်ဟု ပြောကြားခဲ့သည်။

    – နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုနီးကပ်စေရန်အတွက် ၀န်ကြီးအဆင့် အစည်းအဝေးကို သြစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့က ဆစ်ဒနီမြို့တွင် ယမန်နေ့က ကျင်းပခဲ့သည်။ နယူးဇီလန်နိုင်ငံမှာ သြစတေးလျ၏ သတ္တမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အဌမမြောက် အကြီးဆုံးနိုင်ငံလည်းဖြစ်သည်။

    – နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအား ဇန်န၀ါရီ ၅ ရက်နေ့တွင် ပြုလုပ်မည်ဟု အစိုးရ၏ ကြေညာချက်အား မကျေနပ်ကြသောကြာင့် အတိုက်အခံများက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကားလမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများအား ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြသည်။ ၄၈ နာရီကြာပြုလုပ်မည်ဟု စီစဉ်ထားသည့် အဆိုပါဆန္ဒပြပွဲမှာ အင်္ဂါနေ့ကစတင်ခဲ့ခြင်းဖြစ်ပြီး အစိုးအားထောက်ခံသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    – မကြာသေးမီက ထွက်ပေါ်လာခဲ့သည့် အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုသတင်းများကြောင့် ဥရောပမှ အမေရိကန်နှင့် အချက်အလက်မျှဝေခြင်း လုပ်ငန်းများကို ရပ်ပစ်မည်ဟု ဥရောပသမ္မဂ၏ တရားမျှတရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗီဗီအိန်းရီဒင်းက ခြိမ်းခြောက် ပြောဆိုခဲ့သည်။ ထို့ပြင် ဥရောပဥပဒေနှင့် လိုက်လျောညီထွေမှုရှိရန်အတွက် အမေရိကန်၏ ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို ချိန်ညှိရန် တိုက်တွန်းပြောဆိုခဲ့သည်။

    – သမီးသုံးဦးအား အိမ်တွင် ၂ နှစ်နီးပါးခန့် ပိတ်လှောင်ထားပြီး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်သောကြောင့် အရီဇိုနားရှိ ဇနီးမောင်နှံနှစ်ဦးမှာ တရားစွဲဆိုခြင်းခံထားရသည်ဟုသိရသည်။ အသက် ၁၂၊ ၁၃နှစ်နှင့် ၁၇ နှစ်အရွယ်ရှိ ကလေးငယ်များက ၎င်းတို့၏မိဘဖြစ်သူများမှာ ၎င်းတို့အား ပိတ်လှောင်ထားခဲ့သည်ဟု တိုင်ကြားခဲ့သောကြာင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူ ဆိုဖီယာ ရစ်ခ်ျတာနှင့် အသက် ၃၄ နှစ်အရွယ် ပထွေးဖြစ်သူ ဖာနန်ဒိုရစ်ခ်ျတာတို့အား ပြန်ပေးဆွဲမှု၊ ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ထို့ပြင် ဖာနန်ဒို ရစ်ခ်ျတာအား အသက်မပြည့်သည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် ထပ်တိုး၍ တရားစွဲဆိုထားသည်။

    – ဟေတီနိုင်ငံမှ တရားမ၀င်ဝင်ရောက်လာသူများအား တင်ဆောင်လာသည့် သင်္ဘောတစ်စင်းမှာ ဘဟားမားစ်ရေပိုင်နက်တွင် နစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည်ဟု အမေရိကန် ကမ်းခြေစောင့်တပ်မှ ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ သတ်မှတ်ထားသည့်  လူအရေအတွက်ထက် ပိုမိုတင်ဆောင်ကာ အမေရိကန်ပြည်ထောင်စုသို့ ၀င်ရောက်ရန် ခုတ်မောင်းနေစဉ် တနင်္လာနေ့ညက နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ၁၁၀ ဦးအား ကယ်တင်ထားနိုင်ခဲ့သည်။

    – ပါကစ္စတန်နိုင်ငံ စစ်တပ်၏ ၁၅ ဦးမြောက်အကြီးအကဲအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာဟီးလ် ရှရစ်ဖ်အား ခန့်အပ်ခဲ့သည်ဟု ပါကစ္စတန် မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။ ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်၏ အကြံပေးမှုမှတစ်ဆင့် ရာဟီးလ်ရှရစ်ဖ်အား ခန့်အပ်ကြောင်း ကြေညာချက်ကို ပါကစ္စတန်သမ္မတ မန်နွန် ဟူစိန်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ ၃ နှစ် သက်တမ်းရှိမည်ဖြစ်သည်။

  • နိုဝင်ဘာ-၂၇-အားကစားသတင်း စုစည်းမှု

    နိုဝင်ဘာ- ၂၇ ၂၀၁၃
    M-Media

    တစ်နှစ်တာအတွင်း အကောင်းဆုံးတစ်နစ်မယ်ဆုကို ဆရီနာဝီလီယံဆွတ်ခူး

    ကမ္ဘာ့အမျိုးသမီး တင်းနစ်အဖွဲ့ WTA မှ ပေးအပ်သည့် ယခုနှစ်အတွင်း အကောင်းဆုံး တင်းနစ်မယ်ဆုကို အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံက ဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။ အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဆရီနာဝီလီယံမှာ အသက်အကြီးဆုံး ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဖြစ်ပြီး၊ ယခုနှစ်တွင်လည်း အကောင်းဆုံး စံချိန်ကို ရယူနိုင်ခဲ့သည်။

    ယခုနှစ်အတွင်း ကစားခဲ့သည့် တင်းနစ်ပွဲစဉ် ၈၂ ခုတွင် ဆရီနာမှာ ၇၈ ပွဲကို အနိုင်ရရှိအောင်ကစားနိုင်ခဲ့ပြီး US Open၊ French Open အပါအ၀င် အခြား WTA ဆုဖလား ၁၁ ခုကို ရယူနိုင်ခဲ့သည်။ တစ်နှစ်အတွင်း ဆုကြေးငွေ ၁၂ သန်းကျော်ရရှိခဲ့ပြီး စံချိန်တင် ဆုကြေးလည်းဖြစ်ခဲ့သည်။

    French Open တွင်အနိုင်ရရှိခဲ့ခြင်းက ယခုနှစ်အတွက် အထင်ကရဖြစ်သည်ဟု ပြောဆိုခဲ့သည့် ၀ီလီယံမှာ ၂၀၀၂၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင်လည်း တစ်နှစ်တာ အကောင်းဆုံး တင်းနစ်မယ် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

    ထို့ပြင် ရိုမေးနီးယား တက်သစ်စ တင်းနစ်မယ် ဟာလက်ပ်မှာ ယခုနှစ်အတွင်း အတိုးတက်ဆုံး တင်းနစ်မယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
    Ref: skysports

    Serena Williams—————————————————-
    မိမိအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့မှုကို ချီးကျူးခဲ့သော်လည်း အေစီမီလန် အသင်းမှာ ခြေမသာခဲ့ဟု ဆဲလ်တစ်အသင်း နည်းပြဖြစ်သူ နီးလ် လန်နွန်က ချန်ပီယံလိဂ်ပွဲ အပြီးတွင် ပြောကြားခဲ့သည်။ ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် စီးရီးအေ၌ ခြေစွမ်းပျောက်ဆုံးနေသည့် အေစီမီလန်အသင်းမှာ ၃ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    အသင်းရှိ တိုက်စစ်မှူး ဆနိုက်ဒါအား ယနေ့ည ရီးယဲလ်နှင့်ပွဲတွင် ထည့်မသုံးဘဲ လာမည့်လတွင်ကစားမည့် ဂျူဗင်တပ်စ်နှင့်ပွဲတွင် သုံးရန်တွက် ချန်ထားရန် စဉ်းစားနေသည်ဟု ဂါလာတာစာရေး အသင်း၏ နည်းပြဖြစ်သူ မန်စီနီက ပြောကြားလိုက်သည်။ ဆနိုက်ဒါမှာ ယခုလက်ရှိတွင် ပေါင်ဒဏ်ရာဖြင့် ရုန်းကန်နေရပြီး ကြံ့ခိုင်မှုအပြည့်အ၀ မရှိသေးပေ။ ဂါလာတာစာရေး အသင်းမှာ အုပ်စုတွင် ရီးယဲလ်အောက် ဒုတိနေရာ၌ ရှိနေသ်ာလည်း တတိယနေရာမှ ကိုပင်ဟေဂင်နှင့် ရမှတ်တူ၊ စတုတ္ထနေရာမှ ဂျူဗင်တပ်စ်အသင်းနှင့် ၁ မှတ် သာ ကွာဟနေသောကြောင့် လက်ကျန် ၂ ပွဲလုံးကို အနိုင်ကစားရန် လိုအပ်နေသည်။

    – ဘေဆယ်၏ မိမိတို့အသင်းအား အနိုင်ရရှိမှုမှာ ထိုက်တန်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ ပထမအကျော့တွင် အိမ်ကွင်း၌ အရှုံးပေးခဲ့ရသည့် ချယ်ဆီးမှာ ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင်လည်း မိုဟာမက်ဆာလေ၏ တစ်လုံးတည်းသော ဂိုးဖြင့် အဝေးကွင်းတွင် အရှုံးပေးခဲ့ရသည်။ အသင်းရှိ ကစားသမားများမှာ နိုင်ငံတကာ ပွဲများ ကစားပြီး ပင်ပန်းနွမ်းနယ်နေကြောင်း၊ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ခြင်းမှာ ကောင်းမွန်ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    – ယနေ့နံနက်က ကစားခဲ့သည့် ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အေဂျက်ပရိတ်သတ်တစ်ဦးမှာ ပွဲကြည့်စဉ်မှ အောက်သို့ပြုတ်ကျခဲ့ပြီး ဆိုးရွားစွာ ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။ ပွဲချိန် ၃၉ မိနစ်တွင် အမ်စတာဒမ်ကွင်းတောင်ဘက် ၅ မီတာအမြင့်ရှိသည့် ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကာ ဆေးရုံတွင် ဆေးကုသမှုခံနေရသည်။

    – အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အသင်းရှိ အလယ်တန်းကစားသမား ဂျက်ဝီလ်ရှိုင်းယားအား ဂိုးများပိုမိုသွင်းရန် တိုက်တွန်းလိုက်ပြီး၊ ယခုနှစ်တွင် ၀ီလ်ရှိုင်းယားမှာ ရမ်ဆေးထံမှ သင်ယူနေသည်ဟု ပြောကြားခဲ့သည်။ ၀ီလ်ရှိုင်းယားမှာ ယမန်နေ့ညက မာဆေးလ်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်း၏ အနိုင်ဂိုး ၂ ဂိုးစလုံးအား သွင်းယူပေးခဲ့သည်။

    – လာမည့် ဘေဆယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းအပေါ်၌ ရှိနေသည့် ဖိအားများအား လျှော့ချနိုင်လိမ့်မည်ဟု ရှော်လ်ကာအသင်း၏ အသင်းခေါင်းဆောင် ဘန်နီဒစ်က် ဟိုဝီဒက်စ်က ပြောကြားလိုက်သည်။ ချန်ပီယံလိဂ်အုပ်စု E တွင်ရှိနေသည့် ရှောလ်ကာအသင်းမှာ ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းတွင် အသင်းငယ်ဝီအန်အားဧည့်ခံကစားခဲ့ရသော်လည်း အနိုင် မကစားနိုင်ခဲ့ဘဲ ၁ ဂိုး စီသရေကျခဲ့သည်။ ထို့ကြောင့် နောက်တစ်ဆင့်တက်ရေးအတွက် အုပ်စုနောက်ဆုံးပွဲတွင် ဘေဆယ်အား မဖြစ်မနေ အနိုင်ကစားရန်လိုအပ်နေသည်။

    – အေဂျက်စ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုမှာ ဘာစီလိုနာအသင်းအတွက် ကပ်ဆိုးပင်ဖြစ်သည်ဟု ဘာကာနောက်ခံလူ ပီကေးက ပွဲအပြီးတွင်ဖွင့်ဟခဲ့သည်။ ယနေ့နံနက်က ကစားခဲ့သည့် ထိုပွဲတွင် ဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါး တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း ဘာကာအသင်းမှာ လိုအပ်သည့်ဂိုးများကို သွင်းယူနိုင်ခဲ့ခြင်းမရှိပေ။ ထိုအရှုံးမှာ နည်းပြ မာတီနိုလက်ထက် ပထမဦးဆုံး ရှုံးပွဲလည်းဖြစ်သည်။

    – တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ်တွင် ကျင်းပခဲ့သည့် South African Open  ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဒိန်းမတ်နိုင်ငံသား ဂေါက်သီးသမား မော်တန် အိုရမ် မဒ်ဆန်က လျှော့ရိုက်ချက် ၁၉ ချက်ရရှိခဲ့ပြီး ဒုတိယနေရာမှ ဂျေကရူကာထက် နှစ်ချက်အသာဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။ ယခုပွဲဗိုလ်စွဲမှုမှာ ကမ္ဘာ့အဆင့် ၂၄၄ ရှိ မဒ်ဆန်၏ European Tour ပြိုင်ပွဲတွင် ပထမဦးဆုံး ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။