News @ M-Media
Tag: DailySportsNews
  • စက်တင်ဘာ ၁ ၊ အားကစား သတင်းများ
    စက်တင်ဘာ ၁ ရက်၊ ၂၀၁၃
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။
    01_192013
    မန်စီးတီး၊ နယူးကာဆယ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ အနိုင်ရရှိခဲ့သည့် ပရီးမီယားလိဂ် ပွဲစဉ် ၃ စနေနေ့ညပွဲစဉ်များ
    ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် စနေနေ့ညက ၆ ပွဲကစားခဲ့ရာ မန်ချက်စတာစီးတီး၊ နယူကာဆယ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့က အသီးအသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။
    မန်စီးတီးအသင်းသည် ဟားလ်စီးတီးအသင်းအား အိမ်ကွင်းတွင် ဧည့်ခံကစားခဲ့ရပြီး ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးအတွက်ဂိုးများကို ယခုနှစ်မှ အသင်းသို့ရောက်ရှိလာသည့် တိုက်စစ်မှူးသစ် အလ်ဗာရို နီဂရီဒိုနှင့်၊ ၀ါရင့်ကွင်းလယ်လူ ယာယာတိုးရေးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    နယူးကာဆယ်အသင်းမှာ ဖူလ်ဟမ်အသင်းအား အိမ်ကွင်းတွင် ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး နယူးကာဆယ်အတွက်အနိုင်ဂိုးကို ၈၆ မိနစ်တွင် ဟာတင်ဘင်အာဖာက သွင်းယူပေးခဲ့သည်။
    နော်ဝစ်ခ်ျအသင်းနှင့် ဆောက်သက်တမ်အသင်းတို့ပွဲစဉ်တွင် နော်ဝစ်ခ်ျအသင်းက နတ်သန် ရဒ်မွန်၏ ပထမပိုင်းသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    အခြားပွဲစဉ်များတွင် စတုတ်စီးတီးအသင်းက ၀က်စ်ဟမ်းအသင်းအား အဝေးကွင်းတွင် ၁ ဂိုးဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အိမ်ကွင်းတွင် တစ်ယောက်လျော့ ဆန်ဒါလန်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    ယမန်နေ့ညက ကစားခဲ့ကြသည့် ပွဲစဉ် ၆ ပွဲတွင် ၅ ပွဲမှာအနိုင်အရှုံးပြတ်သားခဲ့ပြီး ကာဒစ်ဖ်အသင်းနှင့် အဲဗာတန်အသင်းတို့ကစားခဲ့သည့် ပွဲတစ်ပွဲသာ ဂိုးမရှိသရေကျခဲ့သည်။
    _______________________________
    မက်ဆီ လေကျင့်ရေးခန်းမဆင်းသည့်ကိစ္စ နည်းပြ မာတီနိုရှင်း
    ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက အသင်းရှိတိုက်စစ်မှူမက်ဆီ လေ့ကျင့်ခန်းအစီအစဉ်တွင် မပါဝင်ခဲ့ဘဲ အနားယူခဲ့ခြင်းမှာ တနင်္ဂနွေနေ့တွင်တွေ့ဆုံရမည့် ဗလင်စီယာအသင်းနှင်ပွဲစဉ်အတွက် အကျိုးရှိလိမ့်မည်ဟု ယူဆနေပြီး ၎င်း၏အသင်းမှာ တက်ကြွမှုမရှိဟုပြောဆိုလိုက်သည်။ မက်ဆီမှာ အက်သလက်တီကို မက်ဒရစ်အသင်းနှင့်ကစားခဲ့သည့် စပိန်စူပါဖလားပွဲစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သောကြောင့် ယမန်နေ့ကပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းအစီစဉ်ကို တက်ရောက်ရန်ပျက်ကွက်ခဲ့သည်။ မာတီနိုက “သူ(မက်ဆီ) ရုန်ကန်နေရတဲ့အချိန်မှာ ကျနော်တို့ဂရုစိုက်ဖို့လိုပါတယ်။ မနေ့က သူလေ့ကျင့်ခန်းမဆင်းဘူး။ ဒီနေ့သူရဲ့ဒဏ်ရာသက်သာလာတယ်။ နက်ဖြန်ဆို သူပြန်ကောင်းသွားမှာပါ။ လေ့ကျင့်ကွင်းမှာ တစ်နာရီလောက် အချိန်ပေးရတာထက်စာရင် ပွဲမှာပါဝင်ကစားနိုင်တာက ပိုကောင်းပါတယ်။” ဟုပြောကြားခဲ့သည်။
    _______________________________
    ဒီဖိုးနှင့် ဆက်ဆဂ်နန်တို့အားခေါ်ယူရန် ၀က်စ်ဘရွန်းပစ်မှတ်ထား
    ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဘရွန်းအသင်းမှာ တော့တင်ဟမ်အသင်း၏ တိုက်စစ်မှူး ဂျာမိန်းဒီဖိုးနှင့် ဆန်ဒါးလန်းတိုက်စစ်မှူး စတီဖင် ဆက်ဆဂ်နန်တို့အားခေါ်ယူရန်  စိတ်ဝင်စားနေသည်ဟုသိရသည်။
    Daily Mirror
    _______________________________
    နိုင်ဂိုလန်ကိုခေါ်ယူရန် ဂျူဗင်တပ်ကြိုးပမ်း
    စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာ ကာဂလီယာရီတိုက်စစ်မှူး ရဒ်ဂျာ နိုင်ဂိုလန်အားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ သို့ရာတွင် ကယ်ဂလီယာရီအသင်းဥက္ကဌ ဆယ်လီနိုက ပြောင်းရွှေ့ကြေးအနည်းဆုံး ယူရို သန်း ၂၀ အလိုရှိနေသောကြောင့် ခေါ်ယူရန်အခက်တွေ့နေသည်။
    Tuttosport
    _______________________________
    ကာဒိုဇိုအားခေါ်ယူရန် ဘာကာပစ်မှတ်ထား
    ဘာစီလိုနာအသင်းသည် ဘင်ဖီကာအသင်း၏ ပါရာဂွေးတိုက်စစ်မှူး အော်စကာ ကာဒိုဇိုအား အပြောင်းအရွှေ့ဈေးကွက်မပိတ်မီခေါ်ယူရန် ဆန္ဒရှိနေသည်ဟုသိရသည်။ ဘာကာအသင်း၏နည်းပြဖြစ်သူ မာတီနိုက အသင်းရှိအရန်အင်အားတောင့်တင်းရန် ကာဒိုဇိုအား ခေါ်ယူလိုနေခြင်းဖြစ်သည်။
    El Mundo
    _______________________________
    ကာလူးအားခေါ်ယူရန် အာဆင်နယ်ဆွေးနွေး
    အာဆင်နယ်အသင်းသည် ချယ်ဆီးအသင်း၏တိုက်စစ်မှူး ဆော်လမွန် ကာလူးအားခေါ်ယူရန် ဆွေးနွေးနေသည်ဟုသိရသည်။ ကာလူးမှာ လိုင်လီအသင်းသို့ အငှားဖြင့်သွားရောက် ကစားနေပြီး လိုင်လီအသင်းမှ ထွက်ခွာချင်နေသူဖြစ်သည်။ အာဆင်နယ် အသင်းမှာ ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာမည်ဟု ကြေညာထားသည့် ဘရာဇီးတိုက်စစ်မှူး ကာကာကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေသည်။
    Daily Mail
    _______________________________
    ဟာရီရာအား မန်ယူဒုတိယအကြိမ်ကမ်းလှမ်း
    မန်ချက်စတာယူနိုက်တက်အသင်းသည် အက်သလက်တီကိုဘီဘာအိုအသင်း၏ ကစားသမား အန်ဒါဟာရီရာအားခေါ်ယူရန် ဒုတိယအကြိမ် ကမ်းလှမ်းလိုက်သည်ဟု သိရသည်။ ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဖြင့်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ကမ်းလှမ်းမှုအား ဘီဘာအိုအသင်းမှ ပယ်ချခဲ့သောကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ် ကမ်းလှမ်း လိုက်ခြင်းဖြစ်သည်။
    Daily Mirror
    _______________________________
    ဖက်ဒါရာနှင့် နာဒယ်လ်တို့ စတုတ္ထအဆင့်သို့ တက်ရောက်ခဲ့ကြသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတတိယအဆင့်တွင် နိုင်ခြေအဆင့် ၂ ရှိ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်မှာ ခရိုအေးရှားတင်းနစ်သမား အိုင်ဗင်ဒေါ့ဒ်အစ်အား အနိုင်ရရှိခဲ့သည်ဟု သိရသည်။ ၂ နာရီနှင့် ၈ မိနစ်ကြာမြင့်ခဲ့သည့်အဆိုပါပွဲစဉ်တွင် နာဒယ်လ်က ဒေါ့ဒ်အစ်အား ၆-၄၊ ၆-၃၊ ၆-၃ ဖြင့် သုံးပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နာဒယ်လ်မှာ စတုတ္ထအဆင့်တွင် နိုင်ခြေအဆင့် ၁၃ ရှိ ဂျွန်အစ္စနာနှင့် နိုင်ခြေအဆင့် ၂၂ရှိ  ဖိလစ် ကိုရှရိုင်ဘာတို့ပွဲစဉ်မှ အနိုင်ရရှိသူနှင့် တွေ့ဆုံ ရမည်ဖြစ်သည်။
    နိုင်ခြေအဆင့် ၇ ရှိ ရော်ဂျာဖက်ဒါရမှာ ပြင်သစ်တင်းနစ်သမား အက်ဒရီယန် မန်နာရီနိုအားအနိုင်ယူကာ စတုတ္ထအဆင့်သို့တက်ရောက်သွားပြီဟုသိရသည်။ ထိုပွဲစဉ်မှာ ၈၁ မိနစ်သာကြာမြင့်ခဲ့ပြီး ဖက်ဒါရာက မန်နာရီနိုအား ၆-၃၊ ၆-၀၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    _______________________________
    ယူအက်စ်အိုးပင်းတစ်နစ်ပြိုင်ပွဲမှ ပီထရာ ကဗီတိုဗာနှင့် ၀ုဇ်နီအက်ကီတို့ ထွက်ခွာ
    အသက် ၂၃ နှစ်အရွယ်ရှိပြီး ကမ္ဘာ့အဆင့် ၈၁ ရှိသည့် ရစ္စကီမှာ နိုင်ခြေအဆင့် ၇ ရှိ ကဗီတိုဗာအား ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရစ္စကီက “အခုပွဲနိုင်လိုက်တဲ့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု အသစ်တွေရရှိလာပါတယ်။” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်း ၀ုဇ်နီအက်ကီမှာ အီတလီတင်းနစ်မယ် ကမီလာ ဂျီအော်ဂျီအား တတိယအဆင့်တွင် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟုသိရသည်။ ယမန်နှစ်က ၀င်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်အထိရောက်ရှိခဲ့သည့် ဂျီအော်ဂျီမှာ ၀ုဇ်နီအက်ကီအား ၄-၆၊ ၆-၄၊ ၆-၃ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    skysport
  • သြဂုတ် ၃၁ အာကစား သတင်းများ
    သြဂုတ်လ ၃၁၊ ၂၀၁၃
    M-Media
    Mourinho
    အကောင်းဆုံးအသင်းက ရှုံးနိမ့်ခဲ့သည်ဟု မော်ရင်ဟိုဆို
    ဘိုင်ယန်မြူးနစ်အသင်းအား ဥရောပစူပါဖလားပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အင်တိုက်အားတိုက်ကစားခဲ့ကြသည့် ကစားသမားများအား ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ချီးကျူးလိုက်ပြီး အကောင်းဆုံးအသင်းက ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။  မော်ရင်ဟိုက “အကောင်းဆုံးအသင်းက ရှုံ့နိမ့်ခဲ့တာပါ။ အကောင်းဆုံးအသင်းက အချိန်တော်တော်ကြာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ သူတို့(ချယ်ဆီးအသင်းသားတွေ)ဟာ ဥရောပရဲ့ချန်ပီယံအသင်းနဲ့ ကစားခဲ့ရတာဖြစ်ပြီး အကောင်းဆုံးကစားနိုင်ခဲ့ကြပါတယ်။” ဟု ချယ်ဆီးအသင်းအား အမွှန်းတင်ကာပြောဆိုခဲ့သည်။
    _________________________________
    ရူနီအားခေါ်ယူရန်ကြိုးပမ်းမှုအား ချယ်ဆီးအဆုံးသတ်
    ချယ်ဆီးအသင်းသည် မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ၀ိန်းရူနီအား ခေါ်ယူရန်ကြိုးပမ်းမှုအား အဆုံးသတ်လိုက်ပြီဟု ပြောကြားခဲ့သည်။ ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ရူနီအားခေါ်ယူရန်ကြိုးပမ်းမှုအား အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အသင်းသို့မကြာသေးမီကရောက်ရှိလာသည့် တိုက်စစ်မှူးသစ်အီတူးမှာ အသင်း၏ တိုက်စစ်အတွက်များစွာ အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ဥရောပစူပါဖလားပြိုင်ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    _________________________________
    ဘာကာတိုက်စစ်မှူးတယ်လို အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆို
    ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ ခရစ္စတီယန် တယ်လိုမှာ ဘာစီလိုနာအသင်းနှင့် ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်သည်ဟုသိရသည်။ အသက် ၂၂ နှစ်အရွယ်ရှိ တယ်လိုမှာ ဘာစီလိုနာလူငယ်သင်တန်းကျောင်းမှ ပေါ်ထွက်လာသည့်ကစားသမားဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းနှင့် ၂၉ ပွဲ ပွဲထွက်ခွင့်ရခဲ့သည်။
    _________________________________
    ဆာခို လီဗာပူးလ်သို့ရောက်ရန်နီးစပ်
    ပဲရစ်စိန့်ဂျာမိန်းအသင်း၏နောက်ခံလူ မာမာဒူ ဆာခိုမှာ ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်းဖြင့် လီးဗာပူးလ်အသင်းသို့ရောက်ရှိရန် နီးစပ်နေသည်ဟုသိရသည်။
    _________________________________
    အေဂျက်အလယ်တန်းလူ အဲရစ်ဆန်အား တော့တင်ဟမ်ခေါ်ယူ
    တော့တင်ဟမ်အသင်းသည် ဟော်လန်ကလပ်အေဂျက်အသင်း၏ ဒိန်းမတ်ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆန်အား ခေါ်ယူလိုက်သည်ဟုသိရသည်။ အဲရစ်ဆန်အား  ယမန်နေ့ကခေါ်ယူလိုက်ခြင်းဖြစ်ပြီး အဲရစ်လမယ်လာနှင့် ဗလဒ် ချီရီချက်စ်တို့ပြီးနောက် တစ်နေ့တည်းတွင် တတိယမြောက်ခေါ်ယူသည့်ကစားသမားဖြစ်လာခဲ့သည်။ အဲရစ်ဆန်မှာ ၂၀၀၈ ခုနှစ်က အေဂျက်အသင်းသို့ရောက်ရှိလာခဲ့ပြီး အေဂျက်အသင်းအတွက် ၁၆၁ ပွဲကစားပေးခဲ့ကာ ၃၃ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
    _________________________________
    အေစီမီလန်အသင်းနှင့် ကာကာဆွေးနွေးနေ
    ရီးယဲလ်မက်ဒရစ်အသင်း၏ ကွင်းလယ်လူကာကာမှာ အပြောင်းအရွှေ့အတွက် အေစီမီလန်အသင်းအပါအ၀င် အခြားအင်္ဂလိပ်ကလပ်အသင်းနှစ်ခုနှင့် ဆွေးနွေးနေသည်ဟုသိရသည်။ ကာကာမှ ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာချင်နေပြီး လာမည့်ကမ္ဘာ့ဖလားပွဲမတိုင်မီ ပုံမှန်ကစားခွင့်ရမည့် ကလပ်တစ်ခုသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။
    AS
    _________________________________
    ဒီရော့စီအားခေါ်ယူရန် မန်ယူအသင်း၏ ကမ်းလှမ်းမှုအား ရိုးမားပယ်ချ
    ၎င်းတို့၏ကွင်းလယ်လူဒီရော့စီအား ခေါ်ယူရန် မန်ချက်စတာယူနိုက်တက်အသင်း၏ ကမ်းလှမ်းမှုအား ရိုးမားအသင်းက ပယ်ချလိုက်သည်ဟုသိရသည်။ မန်ယူအသင်းမှာ ရော့စီအား ယူရို ၁၂ သန်းဖြင့်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
    _________________________________
    အဒီဘာယောအား ရှော်လ်ကာမျက်စိကျနေ
    ဂျာမန်ကလပ်ရှော်လ်ကာအသင်းသည် တော့တင်ဟမ်အသင်း၏ တိုက်စစ်မှူး အီမန်နျူယယ် အဒီဘာယောအားခေါ်ယူရန် စီစဉ်နေသည်ဟုသိရသည်။ ရှော်လ်ကာအသင်းသည် ဆဲလ်တစ်အသင်းသို့ပြောင်းရွှေ့ရန်ရှိနေသည့် တီမူပူကီ၏နေရာတွင် အစားထိုးရန်ခေါ်ယူလိုနေခြင်းဖြစ်ပြီး အဒီဘာယော၏ လုပ်ခလစာမှာ ရှော်လ်ကာအသင်းအတွက် အခက်အခဲဖြစ်ဖွယ်ရှိနေသည်။
    Bild
    _________________________________
    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့ ဂျိုကိုဗစ်နှင့် အန်ဒီမာရေးတို့ တက်ရောက်၊ အာဂျင်တိုင်းတင်းနစ်သမား ဒယ်လ်ပေါ်ထရိုမှာ လေတန်ဟူးဝစ်ကိုရှုံးနိမ့်
    ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်မှာ ကျင်းပလျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင်အနိုင်ရရှိခဲ့ပြီး တတိယအဆင့်သို့တက်ရောက်သွားပြီဟုသိရသည်။
    ၁ နာရီနှင့် ၅၁ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် ဂျိုကိုဗစ်မှာ ဂျာမန်တင်းနစ်သမား ဘင်ဂျမန် ဘက်ကာအား ၇-၆၊ ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ယူအက်စ်အိုးပင်းလက်ရှိချန်ပီယံ အန်ဒီမာရေးမှာလည်း အာဂျင်တိုင်းတင်းနစ်သမား လီယိုနာဒို မေယာအား ၇-၅၊ ၆-၁၊ ၃-၆၊ ၆-၁ ဖြင့်အနိုင်ရှိခဲ့သည်။
    ဂျိုကိုဗစ်မှာ တတိယအဆင့်တွင် ပြင်သစ်တင်းနစ်သမား  ဂျူလီယန် ဘန်နက်တာအိုနှင့်လည်းကောင်း၊ အန်ဒီမာရေးမှာ ဂျာမန်တင်းနစ်သမား ဖလော်ရီယန်မေယာနှင့်လည်းကောင်း၊ လေတန်ဟူးဝစ်မှာ ရုရှားတင်းနစ်သမား အီဗင်ဂျီ ဒွန်စကွိုင်ဖြင့်လည်းကောင်း အသီးအသီး တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    _________________________________
    လီနာနှင့် ရဒ်ဝန်စကာတို့ နောက်ဆုံး ၁၆ ယောက်အဆင့်သို့ရောက်ရှိခဲ့သည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်တွင် တရုတ်တင်းနစ်မယ် လီနာနှင့် ပိုလန်တင်းနစ်သမား ရဒ်ဝန်စကာတို့မှာ အသီးသီးအနိုင်ရရှိခဲ့ကြသည်ဟု သိရသည်။
    တရုတ်တင်းနစ်မယ်လီနာနှင့် ဗြိတိန်နံပါတစ်တင်းနစ်မယ် ရော့ဘ်ဆန်တို့ပွဲစဉ်မှာ ၁ နာရီနှင့် ၂၁ မိနစ်ကြာမြင့်ခဲ့ပြီး လီနာက လော်ရာအား ၆-၂၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့သည်။
    ပိုလန်တင်းနစ်မယ် အန်နစ်ကာ ရဒ်ဝန်စကာမှာ ဆီဒင် ၂၃ ရ ရုရှားတင်းနစ်မယ် အန်နာစတာစီယာ ပက်ဗလူချင်ကိုဗာအား ၆-၄၊ ၆-၇ ဖြင့်အနိုင်ရရှိခဲ့သည်။ ရဒ်ဝန်စကာမှာ ၂၀၁၂ ခုနှစ်ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ဖိုင်နယ်အထိရောက်ရှိခဲ့သူဖြစ်သည်။
    skysports
  • သြဂုတ်လ ၃၀ အားကစားသတင်းများ
    သြဂုတ်လ-၃၀၊ ၂၀၁၃
    M-Media
    130829151654-franck-ribery-2-single-image-cut
    ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပြီးစီး
    ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲမှုများကို ယမန်နေ့ညကပြုလုပ်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းမှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။
    ရီးယဲမက်ဒရစ်နှင့်ဂျူဗင်တပ်စ်အသင်းတို့ပါဝင်သည့် အုပ်စု B မှာ အုပ်စုကျပ်အဖြစ်ယူဆရပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းမှာ အုပ်စုအဆင့်မှတက်ရောက်ရန် အလားအလာကောင်းနေသည်။ အာဆင်နယ်အသင်းမှာ ယမန်နှစ်ချန်ပီယံလိဂ်ဒုတိယရရှိခဲ့သည့် ဘိုရုရှားဒေါ့မွန်၊ မာဆေးနှင့် နာပိုလီတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုမှတက်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ စပိန်ထိပ်သီး ဘာစီလိုနာအသင်းမှာ အေစီမီလန်၊ အေဂျက်နှင့် ဆဲလ်တစ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
    အုပ်စု (A) ၊ မန်ချက်စတာယူနိုက်တက်၊ ရှက်ဒါဒိုးနက်၊ လေဗာကူဆင်၊ ရီးယဲလ်ဆိုဆီဒက်
    အုပ်စု (B) – ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်
    အုပ်စု (C) – ဘင်ဖီကာ၊ ပဲရစ်စိန့်ဂျာမိန်း၊ အိုလံပီယာကော့စ်၊ အန်ဒါလက်ခ်ျ
    အုပ်စု (D) – ဘိုင်ယန်မြူးနစ်၊ စီအက်စ်ကေအေ မော်စကို၊ မန်ချက်စတာစီးတီး၊ဗစ်တိုးရီးယား ပဲလ်ဇန်
    အုပ်စု (E) – ချယ်ဆီး၊ ရှော်ကာ၊ ဘေဆယ်၊ စတူအာဘူခါရက်
    အုပ်စု (F) – အာဆင်နယ်၊ မာဆေး၊ ဘိုရုရှားဒေါ့မွန်၊ နာပိုလီ
    အုပ်စု (G) – ပေါ်တို၊ အက်သလက်တီကို မက်ဒရစ်၊ ဇင်းနစ်၊ သြစတြီးယားဗီယင်နာ
    အုပ်စု (H) – ဘာစီလိုနာ၊ အေစီမီလန်၊ အေဂျက်၊ ဆဲလ်တစ်
    ……………………………………………………
    Dinamo Tbilisi အား အနိုင်ယူကာ နောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့သည့် တော့တင်ဟမ်
    ယူရိုပါလိဂ် ခြေစစ်ပွဲပလေးအောဖ့် ဒုတိယအကျော့အဖြစ် တော့တင်ဟမ်အသင်းနှင့် ဂျော်ဂျီယာကလပ် Dinamo Tbilisi အသင်းတို့ ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ တော့တင်ဟမ်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်ဟုသိရသည်။
    တော့တင်ဟမ်အသင်းအတွက်ဂိုးများကို ပထမပိုင်းတွင် ဂျာမိန်းဒီဖိုးက ၂ ဂိုး၊ ဒုတိယပိုင်းတွင် လီဝစ် ဟော့ဘီက ၁ ဂိုး သွင်းယူပေးခဲ့သည်။ ပထမကျော့အဝေးကွင်းတွင် ၅ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့်တော့တင်ဟမ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၈ ဂိုး ဂိုးမရှိဖြင့် ယူရိုပါလိဂ် အုပ်စုအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
    _______________________________________
    ၂၀၁၂-၂၀၁၃ ဥရောပ အကောင်းဆုံးဘောလုံးသမားဆုအား  ရီဘာရီ ဆွတ်ခူး
    ၂၀၁၂-၂၀၁၃ ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်နိုင်ငံ မိုနာကိုမြို့တွင် ပေးအပ်ချီးမြှင့်ခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်း၏ ပြင်သစ်ကွင်းလယ်လူ ဖရန့် ရီဘာရီက ဆွတ်ခူးရရှိခဲ့သည်ဟုသိရသည်။ နာမည်ကျော်ဘောလုံးဂျာနယ်လစ်များ မဲပေးရွေးချယ်ကြသည့် အဆိုပါဆုကို ရီဘာရီက ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတို့အားကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ ရီဘာရီမှာ ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းတွင် အဓိကနေရာမှ ပါဝင်ကစားခဲ့သူဖြစ်သည်။
    _______________________________________
    ပရီးမီးယားလိဂ်တွင် နည်းပြလုပ်ချင်သည်ဟု ဂွာဒီယိုလာဆို
    ဘိုင်ယန်မြူးနစ်အသင်း၏နည်းပြဖြစ်သူ ပက်ပ်ဂွာဒီယိုလာက ၎င်းအနေဖြင့် အနာဂတ်တွင် ပရီးမီးယားလိဂ်အသင်းတစ်သင်းအား ကိုင်တွယ်ချင်သည်ဟု ပြောဆိုလိုက်သည်။ အသက် ၄၂ နှစ်အရွယ်ရှိပြီး ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သည့် ဂွာဒီယိုလာက “ကျနော်အခု ဘိုင်ယန်မှာပါ။ ဘာစီလိုနာမှာအောင်မြင်မှုတွေရအောင် စွမ်းဆောင်ပေးခဲ့သလို ဘိုင်ယန်အတွက်လည်း အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးချင်ပါတယ်။ ဘိုင်ယန်မှာ တတ်နိုင်သလောက် နေသွားမှာပါ။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ပရီးမီးလားလိဂ်ကို သွားရောက်ပြီး စွန့်စားမှုတွေကို ရင်ဆိုင်ချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
    _______________________________________
    ချန်ပီယံလိဂ်အုပ်စုမှာ ခက်ခဲသောအုပ်စုဖြစ်သည်ဟု ဂျူဗီနည်းပြဆို
    ဂျူဗင်တပ်စ်အသင်း၏ နည်းပြဖြစ်သူ အန်တိုနီယို ကွန်တီက ချန်ပီယံလိဂ်တွင် ၎င်းတို့ကျရောက်သည့်အုပ်စုမှာခက်ခဲသောအုပ်စုဖြစ်ပြီး ယမန်နှစ်ကအတွေ့အကြုံကို အသုံးပြု၍ အုပ်စုအဆင့်အားကျော်ဖြတ်ရန် အသင်းသားအားလုံးကို နှိုးဆော်လိုက်သည်။ ယမန်နှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် ဂျူဗင်တပ်စ်အသင်းမှာ ယခုနှစ်ချန်ပီယံလိဂ်အုပ်စု (B) တွင် ရီးယဲလ်မက်ဒရစ်၊ ဂါလာတာစာရေးနှင့် ကိုပင်ဟေဂင်တို့နှင့်အတူ ကျရောက်လျက်ရှိသည်။
    _______________________________________
    ရီးယဲလ်မှထွက်ခွာချင်သည်ဟု ကာကာဆို
    ရီးယဲမက်ဒရစ်အသင်း၏ကွင်းလယ်လူ ကာကာက ယခုနှစ်နွေရာသီတွင် အသင်းမှထွက်ခွာချင်သည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအား ပြောဆိုလိုက်သည်။ ကာကာမှာ နည်းပြဟောင်းမော်ရင်ဟိုလက်ထက်တွင် ပုံမှတ်နေရာရရှိရန်ရုန်းကန်ခဲ့ရပြီး ယခုနှစ်လာလီဂါအဖွင့်ပွဲစဉ်နှစ်ခုတွင်လည်း အရံခုံတွင်သာ အချိန်ကုန်ခဲ့ရသည်။ ကာကာမှာ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီတစ်ပတ်အတွင်း အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည်။
    _______________________________________
    တော့ရက်စ်အားချယ်ဆီး ရောင်းထုတ်ချင်
    အသင်းသို့ တိုက်စစ်မှူးသစ် အီတူးရောက်ရှိလာပြီးနောက် ချယ်ဆီးအသင်းသည် ၎င်းတို့၏စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား ရောင်းထုတ်ရန်ဆန္ဒရှိနေသည်ဟုသိရသည်။ နည်းပြမော်ရင်ဟိုမှာ ပွဲထွက်စာရင်းတွင် အီတူးနှင့် လူကာကူတို့အား ထည့်သွင်းရန် အလားအလာရှိနေသောကြောင့် တောရက်စ်မှာ အသင်းမှထွက်ခွာနိုင်ဖွယ်ရှိနေသည်။
    Daily Mirror
    _______________________________________
    ဘယ်ရီအားခေါ်ယူရန် အဲဗာတန် ဆန္ဒရှိ
    အဲဗာတန်အသင်း၏နည်းပြဖြစ်သူ မာတီနက်ဇ်က မန်ချက်စတာစီးတီးအသင်း၏ အလယ်တန်းလူ ဂါရတ်ဘယ်ရီအား ခေါ်ယူရန်ကြိုးပမ်းနေသည်ဟုသိရသည်။ အသင်း၏ ကွင်းလယ်အင်အားတောင့်တင်းရန် ခေါ်ယူလိုနေခြင်းဖြစ်သော်လည်း ဘယ်ရီ၏တစ်ပတ်လုပ် ပေါင် ၁ သိန်းကျော်ပေးချေရန်မှာ အဲဗာတန်အသင်းအတွက် အခက်အခဲဖြစ်လာဖွယ်ရှိနေသည်။
    Liverpool Echo
    _______________________________________
    နာဒယ်လ်၊ ဖက်ဒါရာနှင့် အီဗန်စ်တို့ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ
    ကျင်းပလျက်ရှိသည့်ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့ နာမည်ကြီးတင်းနစ်သမား ရော်ဂျာ ဖက်ဒါရာနှင့် ဗြိတိန်တင်းနစ်သမား ဒန် အီဗန်စ်တို့ တက်ရောက်သွားပြီဟုသိရသည်။
    ယူအက်စ်အိုးပင်းငါးထပ်ကွမ်းချန်ပီယံ ဖက်ဒါရာမှာ ဒုတိယအဆင့်တွင် ကမ္ဘာ့အဆင့် ၄၈ ရှိ အာဂျင်တိုင်းတင်းနစ်သမား ကားလို့စ် ဘာလော့က် အားအနိုင်ရရှိခဲ့သည်။ ၁နာရီခွဲသာကြာမြင့်ခဲ့သော အဆိုပါပွဲစဉ်တွင် ဖက်ဒါရာက သက်တောင့်သက်သာ ကစားကာ ၆-၃၊ ၆-၂၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    နိုင်ခြေအဆင့် ၂ ရှိ စိပိန်တင်းနစ်အကျော်အမော် ရာဖေးလ် နာယ်လ်မှာ ဘရာဇီး တင်းနစ်သမား ရိုဂီရီယို ဒူထရာ ဆေးလ်ဗားအား ၆-၂၊ ၆-၁၊ ၆-၀ ဖြင့် သုံးပွဲပြတ်အနိုင်ရခဲ့ပြီး တတိယအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။
    ဗြိတိန်တင်းနစ်သမား အီဗန်စ်မှာလည်း သြစတေးလျတင်းနစ်သမား ဘားနဒ် တိုမစ်အား ၁-၆၊ ၆-၃၊ ၇-၆၊ ၆-၃ဖြင့်အနိုင်ရရှိခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အသက် ၂၃ နှစ်အရွယ်ရှိအီဗန်စ်မှာ သူ၏ကစားသမား ဘ၀ ပထမဦးဆုံး ဂရင်စလင်းဆုဖလားအား ဆွတ်ခူးရန် မျှော်လင့်လာနိုင်သည်။
    sky sports
    _______________________________________
    ယူအက်စ်အိုပင်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့ ဆရီနာ တက်ရောက်
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အမေရိကန် နာမည်ကျော်တင်းနစ်မယ် ဆရီနာ ၀ီလီယံမှာ တတိယအဆင့်သို့တက်ရောက်သွားပြီဟု သိရသည်။
    ဆရီနာဝီလီယံမှာ ဒုတိယအဆင့်တွင်ကာဇက်ခ်စတန်တင်းနစ်မယ် ဂါလီနာ ဗိုစ်စကိုဘိုအီဗာအား သက်တောင့်သက်သာကစားကာ ၆-၃၊ ၆-၃ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
  • သြဂုတ်လ ၂၉ ရက်နေ့ အားကစားသတင်းတိုများ
    သြဂုတ်လ- ၂၉ ၊ ၂၀၁၃
    M-Media
    eto
    ဘေးလ်နှင့်ယှဉ်ပြိုင်ရန် ကြောက်ရွံ့နေမည်မဟုတ်ဟု အိုဇေးလ်ဆို
    ရီးယဲလ်မက်ဒရစ်အသင်း၏ ဂျာမန်တိုက်စစ်မှူး မီဆု အိုဇေးလ်က တော့တင်ဟမ်အသင်း၏ တိုက်စစ်မှူး ဂါရက်ဘေးလ် အသင်းသို့ရောက်ရှိလာလျှင်လည်း ၎င်းမှာ အသင်း၏ အဓိကကစားသမားအဖြစ် ဆက်လက်ရှိမည်ဟု ယုံကြည်ကြောင်း သိရသည်။ အိုဇေးလ်က ဂါရက်ဘေးလ် အသင်းသို့ရောက်ရှိလာခြင်းမှာ ၎င်းအတွက် ပြဿနာမဟုတ်ကြောင်း အသင်းတွင် နေရာရရှိရန်ယှဉ်ပြိုင်ရမှုကို ကြောက်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
    ……………………………………………………………………
    ရိုးမားအသင်းသို့ပြောင်းရွှေ့သွားသည့် အာဆင်နယ်ရှေ့တန်းလူဟောင်း ဂါဗင်ဟိုက အဆင်နယ်နည်းပြအာဆင်ဝင်းဂါးမှာ ၎င်းအပေါ်၌ ယုံကြည်မှုအနည်းငယ်သာရှိသည့်အတွက် စီးရီးအေသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂါဗင်ဟိုက အာဆင်ဝင်းဂါးမှာ နည်းပြကောင်းတစ်ဦးဖြစ်ကြောင်း၊ သို့ရာတွင် မိမိ၏ခြေစွမ်းအား အစွမ်းကုန်ပြသရန် အခွင့်အရေးမပေးခဲ့ကြောင်းထပ်လောင်းပြောကြားခဲ့သည်။
    ………………………………………………………………………..
    ဂျူဗင်တပ်စ်မှာ ဥရောပရှိမည်သည့်အသင်းကိုမဆို ဒုက္ခပေးနိုင်ကြောင်း ပီပီဆို
    ဂျူဗင်တပ်စ်အသင်း၏ကွင်းလယ်လူ ပီပီက ဂျူဗင်တပ်စ်အသင်းမှာ ဥရောပဘောလုံးလောကအတွင်းအောင်မြင်မှုများရယူနိုင်မည်မှာ သံသရှိစရာမလိုကြောင်း ပြောကြားခဲ့သည်။ မိုနာကိုမြို့တွင်ပြုလုပ်သည့် ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲတွင်တက်ရောက်ခဲ့သည့် ပီပီက ဂျူဗင်တပ်စ်အသင်းမှာ ဥရောပရှိမည်သည့်အသင်းကိုမဆို ဒုက္ခပေးနိုင်ကြောင်း၊ အသင်းသို့ရောက်ရှိလာသည့် ကားလို့တီဗက်ဇ်မှာလည်း အလွန်ကောင်းမွန်သည့်ကစားသမားဖြစ်ပြီး မည်သည့်ကစားပုံမျိုးကိုမဆို အံဝင်အောင်ကစားနိုင်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
    ………………………………………………………………………….
    တိုက်စစ်မှူးအီတူး ချယ်ဆီးရောက်ပြီ
    ရုရှားကလပ် Anzhi Makhachkala အသင်း၏တိုက်စစ်မှူး ဆင်မျူရယ်အီတူးအား ချယ်ဆီးအသင်းမှ ခေါ်ယူနိုင်ခဲ့ပြီဟု သိရသည်။ ပြောင်းရွှေ့ကြေး ပေါင် ၇သန်းဖြင့် တစ်နှစ်စာချုပ်ချုပ်ဆိုကာခေါ်ယူမည်ဖြစ်သည်။ အီတူးမှာ ယမန်နေ့က လန်ဒန်သို့ရောက်ရှိလာခဲ့ပြီး မကြာမီ ချယ်ဆီးအသင်း၏ ဆေးစစ်မှူကိုခံယူမည်ဖြစ်သည်။
    ………………………………………………………………………….
    ဖလာမီနီအား ၂ နှစ်စာချုပ်ဖြင့် အာဆင်နယ်ခေါ်ယူ
    အာဆင်နယ်အသင်းမှ ၂၀၀၈ ခုနှစ်တွင်ထွက်ခွာသွားခဲ့သည် ဖလာမီနီမှာ အာဆင်နယ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်ဟုသိရသည်။ အသက် ၂၉ နှစ်အရွယ်ရှိ ဖလာမီနီအား တစ်ပတ်လုပ်ခပေါင် ၅ သောင်းဖြင့် အာဆင်နယ်အသင်းက ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့က နောက်ဆုံးအဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ဖလာမီနီမှာ အာဆင်နယ်အသင်းသို့ရောက်ရှိလာခြင်းဖြစ်သည်။
    ……………………………………………………………………….
    ဥရောပ အကောင်းဆုံးဆုအတွက် ရော်နယ်ဒိုနှင့် မက်ဆီတို့ကိုကျော်ဖြတ်နိုင်လိမ့်မည်ဟု ရီဘာရီ ယုံကြည်
    ဥရောပအကောင်းဆုံးဘောလုံသမားဆု ဇကာတင်စာရင်းတွင် မက်ဆီ၊ ရော်နယ်ဒိုတို့နှင့်အတူ ပါဝင်နေသည့် ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ ရီဘာရီက ၎င်းအနေဖြင့် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုတို့အားကျော်ဖြတ်ကာ ဥရောပအကောင်းဆုံးဘောလုံးသမားဆုအား ရယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည်ဟု သိရသည်။ ယမန်နှစ်က ဖလားသုံးလုံးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည့် ရီဘာရီက ပြီးခဲ့သည့်ရာသီမှာ ၎င်းအတွက် အကောင်းဆုံးရာသီဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ဥရောပအကောင်းဆုံးဘောလုံးသမားဆုရရှိရန် အခြေအနေကောင်းနေကြောင်း ပြောကြားခဲ့သည်။
    …………………………………………………………..
    ပိုဒေါစကီး ၁၀ ပတ်ခန့်အနားယူရမည်
    အာဆင်နယ်အသင်း၏တိုက်စစ်မှူး လူးကပ်စ်ပိုဒေါစကီး၏ တံကောက်ကြောဒဏ်ရာမှာ ထင်ထားသည်ထက်ပိုမိုဆိုးရွားနေသောကြောင့် ၁၀ ပတ်ခန့်အနားယူရမည်ဟုသိရသည်။ သို့ရာတွင် ဒဏ်ရာရရှိနေသည့် အာရွန်ရမ်ဆေးနှင့် ဂျက်ဝီလ်ရှိုင်ယားတို့မှာ တနင်္ဂနွေနေ့တွင်ကစားမည့် တော့တင်ဟမ်အသင်းနှင့်ပွဲမတိုင်မီပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု နည်းပြအာဆင်ဝင်ဂါးကပြောဆိုလိုက်သည်။
    ……………………………………………………….
    မန်ယူသို့ပြောင်းရွှေ့ချင်သည်ဟု ဘိန်းဆို
    အဲဗာတန်အသင်း၏နောက်ခံလူ ဘေတန်းဘိန်းက ၎င်းအနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ချင်သည်ဟု ပြောဆိုလိုက်သည်။ အပြောင်းအရွှေ့ကိစ္စအတွက် မန်ယူအသင်းနှင့်ဆွေးနွေးရန် အဲဗာတန်အသင်း၏ နည်းပြဖြစ်သူ မာတီနက်ဇ်အား လေတန်ဘိန်းကတောင်းဆိုလိုက်သည်။
    The Independent
    …………………………………………………..
    ကာဂါဝါအား အက်သလက်တီကိုအသင်း အငှားဖြင့် ခေါ်ယူလို
    လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသည် မန်ချက်စတာယူနိုက်တက်အသင်း၏ အလယ်တန်းလူ ရှင်ဂျီ ကာဂါဝါအား အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ ရှင်ဂျီကာဂါဝါမှာလည်း လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန်အသင်းတွင်ပါဝင်ခွင့်ရရှိရန်အတွက် ပွဲစဉ်များများကစားချင်နေသူဖြစ်သည်။
    The Daily Mail
    ……………………………………………………
    လက်ရှိချန်ပီယံ အန်ဒီမာရေးနှင့် ချန်ပီယံဟောင်း ဒယ်လ်ပေါ်ထရိုတို့အနိုင်ရခဲ့သည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွ
    အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များတွင် လက်ရှိချန်ပီယံ အန်ဒီမာရေးနှင့် ချန်ပီယံဟောင်း ဒလ်ပေါ်ထရိုတို့မှာ နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်ဟုသိရသည်။
    နိုင်ခြေအဆင့်သုံးရသည့် အန်ဒီမာရေးမှာ ပြင်သစ်တင်းနစ်သမား မိုက်ကယ် အလ်လိုဒရာအား ၆-၂၊ ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် ယူအက်စ်အိုးပင်ချန်ပီယံဖြစ်ခဲ့သည့် အာဂျင်တိုင်းတင်းနစ်အကျော်အမော်ဒယ်လ်ပေါ်ထရိုမှာ ဂူလာမို ဂါစီယာလိုပက်ဇ်အား အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သည်။ လေးနာရီနှင့် ၁၃ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ပေါ်ထရိုက လိုပက်ဇ်အား ၆-၃၊ ၆-၇(၅-၇)၊ ၆-၄၊ ၇-၆(၉-၇)ဖြင့် အနိုင်ရရှိခဲ့သည်။
    skysport
    ……………………………………………………..
    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ ဗီးနပ်စ်ဝီလီယံထွက်ခွာ
    အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဗီနပ်စ်ဝီလီယံမှာ ကျင်းပပြုလုပ်လျက်ရှိသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် တရုတ်တင်းနစ်မယ်အားရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်ဟုသိရသည်။
    ၃ နာရီကျော်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် တရုတ်တင်းနစ်မယ် ဇန်ဂျီက ၀ီလီယံအား အကြိတ်အနယ်ကစားကာ ၆-၃၊ ၂-၆၊ ၇-၆ အနိုင်ရရှိခဲ့သည်။ ၂၀၀၀၊ ၂၀၀၀၁ခုနှစ်တွင် ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ခဲ့သည့် ၀ီလီယံမှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ တတိယအဆင့်သို့တက်ရောက်ခွင့်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
  • သြဂုတ် ၂၈- အားကစားသတင်းများ
    သြဂုတ်- ၂၈ ၊ ၂၀၁၃
    M-Media
    ကိုလေး
    arsenal
    အာဆင်နယ်၊ ဘေဆယ်နှင့် ရှော်လ်ကာတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည့် ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်များ
    ချန်ပီယံလိဂ်ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်၊ ဘေဆယ်နှင့် ရှော်လ်ကာသို့ အနိုင်ရရှိခဲ့ကြသည်။
    အာဆင်နယ်အသင်းသည် တူရကီကလပ်ဖီနာဘာချီအသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အသင်းအတွက် ဂိုးများကို ၂၅ မိနစ်နှင့် ၇၂ မိနစ်တွင် ကွင်းလယ်လူ အာရွန်ရမ်ဆေးက သွင်းယူပေးခဲ့သည်။ အာဆင်နယ်အသင်းမှာ ပထမကျော့တွင် ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိထားပြီး ယခုနိုင်ပွဲကြောင့် နှစ်ကျော့ပေါင်း ၅ ဂိုး ဂိုးမရှိဖြင့် ချန်ပီယံလိဂ် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်သည်။
    ဆွဇ် ကလပ် ဘေဆယ်အသင်းမှာ ဘူဂေးရီးယားကလပ် လူဒိုဂိုရပ်ရာဇ်ဂရတ် (Ludogorets Razgrad)  အသင်းအား အိမ်ကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်း ၆ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ဂျာမန်ကလပ်ရှော်လ်ကာအသင်းမှာ ဂရိကလပ် ပီအေအိုကေအသင်းအား အဝေးကွင်းတွင် ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း အသီးအသီး အနိုင်ရရှိခဲ့ကာ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။
    AFP/de
    _________________________________
    Capital One Cup ဘောလုံးပြိုင်ပွဲတွင် လီဗာပူးလ်အနိုင်ရရှိ တိုးရေးအပါဝင် ကစားသမားသုံးဦး ဒဏ်ရာရ
    Capital One Cup ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် နော့ကောင်တီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးလ်အသင်းက ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ပထမပိုင်း ၄ မိနစ်တွင် ရဟီမ်း စတာလင်က လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုး
    သွင်းယူပေးခဲ့သည်။ ၂၉ မိနစ်တွင် စတုရစ်ဂ်ျက ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းက ပထမပိုင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နေခဲ့သည်။
    ဒုတိယပိုင်းအစတွင် နော့ကောင်တီအသင်းက လီဗာပူးလ်အားပြန်လည် ဖိအားပေးနိုင်ခဲ့ပြီး ၆၂ မိနစ်တွင် ယိုအန် အာကွင်းက ပထမချေပဂိုးကိုလည်းကောင်း၊ ၈၄ မိနစ်တွင် လူစားဝင်လာသည့် အဒမ် ကွမ်ဘ်စ်က ဒုတိယချေပဂိုးကိုလည်းကောင်း သွင်းယူပေးခဲ့ကာ ၂ ဂိုးစီသရေဖြင့် သာမန်ပွဲချိန်အဆုံးသတ်ခဲ့သည်။
    ထို့နောက် အချိန်ပိုဆက်လက်ကစားရာ ၁၀၅ မိနစ်တွင် စတုရစ်ဂ်ျနှင့် ၁၁၀ မိနစ်တို့တွင် ဟန်ဒါဆန်တို့က အနိုင်ဂိုးများသွင်းယူပေးခဲ့ပြီး လီဗာပူးလ်အသင်းအားနောက်တစ်ဆင့်သို့ တက်ရောက်စေခဲ့သည်။
    _________________________________
    အီတူးအား ၄၈ နာရီအတွင်း ချယ်ဆီး ခေါ်ယူတော့မည်
    ချယ်ဆီးအသင်းသည် ရုရှားကလပ် Anzhi အသင်းမှ တိုက်စစ်မှူး ဆင်မျူရယ်အီတူးအား ခေါ်ယူတော့မည်ဟုသိရသည်။ တစ်နှစ်စာချုပ်ဖြင့်ခေါ်ယူမည်ဖြစ်ပြီး လာမည့် ၄၈ နာရီအတွင်း အပြောင်းအရွှေ့ကိစ္စအား အပြီးသတ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
    Daily Mail
    _________________________________
    မာတာအားစိတ်ဝင်စားနေကြောင်း ၀င်းဂါးဝန်ခံ
    အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ချယ်ဆီးအသင်း၏ ကွင်းလယ်ကစားသမား ဂျူအန်မာတာအား ခေါ်ယူရန် စိတ်အားထက်သန်နေသည်ဟုပြောဆိုလိုက်သည်။ သို့ရာတွင် ချယ်သီအသင်းမှ  ၎င်းတို့၏ကစားသမားအား ရောင်းမည့်ဆန္ဒရှိမရှိနှင့်ပက်သက်၍
    _________________________________
    ဒီမစ်ချယ်လီအတွက် ယူရို ၄.၇ သန်းဖြင့် အက်သလက်တီကိုအသင်းနှင့် မန်စီးတီး သဘောတူညီမှုရရှိ
    မန်ချက်စတာစီးတီးအသင်းသည် အသက် ၃၂ နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဒီမစ်ချယ်လီ၏ အပြောင်းအရွှေ့ကိစ္စအတွက် အက်သလက်တီကို မက်ဒရစ်အသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီး ယနေ့တွင် အပြီးသတ်ဆွေးနွေးမည်ဟုသိရသည်။ ပြောင်းရွှေ့ကြေးမှာ ယူရို ၅ သန်းဝန်းကျင်ဖြစ်မည်ဖြစ်ပြီး ဒီမစ်ချယ်လီနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုမရရှိသေးပေ။
    _________________________________
    ဒီမာရီယာကိုခေါ်ယူရန် ဂါလာတာစာရေးနီးစပ်နေ
    တူရကီကလပ်ဂါလာတာစာရေးအသင်းမှာ ရီးယဲလ်မက်ဒရစ်အသင်း၏ ကွင်းလယ်လူ ဒီမာရီယာအား ခေါ်ယူရန် နီးစပ်နေပြီဟုသိရသည်။ သို့ရာတွင် ဒီမာရီယာနှင့်ဆွေးနွေးမှု မပြုရသေးပေ။ ဒီမာရီယာမှာ အာဆင်နယ်အသင်းအပါအ၀င် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကစားသမားတစ်ဦးဖြစ်သည်။
    Hurriyet
    _________________________________
    တိုးရေး၊ ဆစ်ဆိုခိုနှင့် အလန်တို့၏ ဒဏ်ရာပြဿနာများကြောင့် လီဗာပူးလ်အခက်တွေ့မည်
    လီဗာပူးအသင်း၏ အဓိကကစားသမားများဖြစ်ကြသည့် ကိုလိုတိုးရေး၊ အလီ ဆစ်ဆိုခိုနှင့် ဂျိုးအလန်တို့မှာ ယမန်နေ့က နော့ကောင်တီအသင်းနှင့်ကစားခဲ့သည့် Capital One Cup ဘောလုံးပြိုင်ပွဲတွင် ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ တိုးရေးမှာပေါင်ခြံဒဏ်ရာကြောင့် ကွင်းအတွင်းမှ ထမ်းစင်ဖြင့်သယ်ထုတ်သွားခဲ့ရပြီး ဒဏ်ရာမှာဆိုးရွာဖွယ်ရှိနေသည်။ ဆစ်ဆိုခိုမှာ ပွဲအစ ၁၀ မိနစ်မှာပင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲပြီး ဂျိုးအလန်မှာ တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲခဲ့ရသည်။ လီဗာပူးအသင်းမှာ ယခုသီတင်းပတ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် အခက်တွေ့ဖွယ်ရှိနေသည်။
    _________________________________
    တံကောက်ကြောဒဏ်ရာကြောင့် ပိုဒေါစကီး သုံးပတ်ခန့်နားရမည်
    အာဆင်နယ်အသင်း၏တိုက်စစ်မှူး လူးကပ်စ်ပိုဒေါစကီးမှာ တံကောက်ကြောဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူရမည်ဟုသိရသည်။ ဖီနာဘာချီအား အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး နည်းပြ အာဆင်ဝင်းဂါးက “ပိုဒေါစကီးကိုဆုံးရှုံးလိုက်ရတာဟာ  ကျနော်တို့ တန်ဖိုးကြီးကြီးပေးဆပ် လိုက်ရတာပဲဖြစ်ပါတယ်။ သေချာတာကတော့ ပိုဒေါစကီးဟာ ၂၁ ရက်လောက်အနားယူရမှာပါ” ဟု ပြောကြားခဲ့သည်။
    _________________________________
    ဖက်ဒါရာဒုတိယအဆင့်သို့တက်ရောက်သွားပြီး ဂျာနိုဝစ်ဇ်နှင့် ဒီမီထရော့ဗ်တို့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များ
    ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များတွင် ဆွဇ်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒါရာမှာ အနိုင်ရရှိခဲ့ပြီး၊ ဂျာဇီ ဂျာနိုဝစ်ဇ်နှင့် ဂရီဂေါ်ဒီမီထရော့ဗ်တို့မှာ အံ့သြဖွယ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။
    ယူအက်စ်အိုးပင်းချန်ပီယံ ၅ ကြိမ်ဖြစ်ခဲ့သည် ဖက်ဒါရာမှာ ဆလိုဗေးနီးယား တင်းနစ်သမား ဂရီဂါ ဇီမယ်ဂျာအား ၆-၃၊ ၆-၂၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။
    _________________________________
    ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်သို့ ကဗီတိုဗာတက်ရောက်
    အမေရိကန်နိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးပွဲစဉ်တွင် ၀င်ဘယ်လ်ဒန် ချန်ပီယံဟောင်း ပီထရာ ကဗီတိုဗာမှာ ဂျပန်တင်းနစ်မယ်အား အနိုင်ယူကာ ဒုတိယအဆင့်သို့ တက်ရောက်သွားပြီဟုသိရသည်။ ကဗီတိုဗာမှာ ကမ္ဘာ့အဆင့် ၉၂ ရှိ ဘယ်သန် ဂျပန်တင်းနစ်မယ် မီဆာကီအိုအီအား အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ ၆-၂၊ ၃-၆၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်တွင် ဆားဘီးယားတင်းနစ်မယ် ဘိုဂျနာ ဂျိုဗာနော့ဗ်စကီးနှင့် တွေ့ဆုံရမည်ဖြစ်သည်။
    skysport