News @ M-Media

Tag: DailySportsNews

  • ၁၂-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်လ- ၁၂ ရက်၊ ၂၀၁၃
    M-Media

    304604hp2

    ဗန်ပါစီ၏ သွင်းဂိုးများဖြင့် မျက်နှာပန်းလှခဲ့သည့် ဒေးဗစ်မိုယက်စ်

    ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းနှင့် အက်ဖ်အေဖလားချန်ပီယံ ၀ီဂန်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည့် ရာသီအကြို ကွန်မြူနတီဒိုင်းဘောလုံးပြိုင်ပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းက ဗန်ပါစီ၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။
    ပွဲအစ ၆ မိနစ်မှာပင် မန်ယူအသင်းမှ အဖွင့်ဂိုးရရှိခဲ့ပြီး ဘယ်နောက်ခံလူ အီဗရာ မတင်ပေးလိုက်သည့် ဘောလုံးကို တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီက သပ်သပ်ရပ်ရပ် ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မန်ယူအသင်းမှာ ၀ီဂန်အသင်းအပေါ် ကစားကွက်သိသိသာသာ အသားစီးမရခဲ့ဘဲ ပထမပိုင်းပြီးဆုံးခါနီးတွင် ၀ီဂန်အသင်းမှ မန်ယူဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခဲ့သည်။ ဒုတိယပိုင်းပြန်လည်စတင်ခဲ့ပြီးနောက် ၅၉ မိနစ်တွင် မန်ယူအသင်းမှ ဒုတိယဂိုးရရှိခဲ့သည်။ အဆိုပါဂိုးကို တိုက်စစ်မှူးဝဲလ်ဘတ်၏ ဖြတ်တင်ဘောမှတစ်ဆင့် ဗန်ပါစီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အနိုင်ဂိုးနှစ်ဂိုးရရှိပြီးနောက် မန်ယူအသင်းမှာ အနိုင်ဂိုးကို ထိန်းကာ ကစားသွားခဲ့သည်။ မန်ယူအသင်း၏ ဂန္တ၀င်နည်းပြ ဖာဂူဆန်၏နေရာကိုဆက်ခံသည့် ဒေးဗစ်မိုယက်စ်မှာ ယခုပွဲအနိုင်ကြောင့် မျက်နှာပန်းလှခဲ့သည်။
    _____________________________________
    အင်္ဂလန်အသင်းအတွက် ၀ီလ်ရှိုင်းယားအား ရွေးချယ်မှုအပေါ် ၀င်းဂါးကျေနပ်

    ဗုဒ္ဓဟူးနေ့တွင် စကော့တလန်အသင်းနှင်ကစားမည့် ခြေစမ်းပွဲဝင် အင်္ဂလန်အသင်းတွင် ၀ီလ်ရှိုင်းယားအား ရွေးချယ်မှုအပေါ် ကျေနပ်မိကြောင်း အာဆင်ဝင်းဂါးက ပြောဆိုလိုက်သည်။ သို့သော်လည်း အင်္ဂလန်နည်းပြ ရွိုင်ယန် ဟဒ်ဆန်အနေဖြင့် ၀ီလ်ရှိုင်းယား၏ ကြံ့ခိုင်မှုအား မထိခိုက်အောင် အကာအကွယ်ပေးရမည်ဟုဝင်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်း၏ လူငယ်တိုက်စစ်မှူး ၀ီလ်ရှိုင်းယားမှာ ၂၀၁၁ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ဒူးခေါင်းနှင့် ခြေချင်းဝတ်ဒဏ်ရာပြဿနာများဖြင့်ရင်ဆိုခဲ့ရပြီး မန်စီးတီးအသင်းနှင့် ကစားခဲ့သည့် အာဆင်နယ်၏ ရာသီကြိုခြေစမ်းပွဲတွင် အာဆင်ဝါးဂါးက ၎င်းအား ပထမပိုင်းတစ်ပိုင်း ၀င်ကစားစေခဲ့သည်။
    _____________________________________
    အင်တာမီလန်အသင်းမှာ ဆုဖလားများကိုစိန်ခေါ်နိုင်လိမ့်မည်ဟု ဇနက်တီဆို

    နည်းပြသစ်ဝေါလ်တာ မဇ်ဇာရီလက်ထက်တွင် အင်တာအသင်းမှာ စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်လိမ့်မည်ဟု နောက်ခံလူ ဂျာဗီယာ ဇနက်တီက ပြောဆိုလိုက်သည်။ စိတ်ကူးအသစ်များရှိနေသည့် နည်းပြသစ်လက်အောက်တွင် အသင်းအား ပြည်လည်တည်ဆောက်နေသည်ဟု ထင်မြင်ကြောင်း၊ အသင်းရှိ ကစားသမားများအားလုံးမှာလည်း ပြင်းပြင်းထန်ထန်ကြိုးစားနေကြကြောင်း ဇနက်တီက ထည့်သွင်းပြောကြားခဲ့သည်။
    _____________________________________
    အဂ္ဂါအားခေါ်ယူရန် ဘာကာ၏ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းမှပယ်ချခဲ့သည်ဟု အေးဂျင့်ဖြစ်သူပြော

    နောက်ခံလူအခက်အခဲနှင့်ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းအနေဖြင့် အဂ္ဂါအားခေါ်ယူရန် ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းမှ ပယ်ချခဲ့သည်ဟု အဂ္ဂါ၏ အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်သည်။ ဘာစီလိုနာအသင်းမှာ ပရီးမီးယားလိဂ်အသင်းများမှ နောက်ခံကစားသမားများအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး ချယ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်အား ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့ဖူးသည်။ ဘာစီလိုနာက အဂ္ဂါအား ခေါ်ယူရန်ကမ်းလှမ်းမှုကို မိမိတို့သိရှိခဲ့ကြောင်း သို့သော်လည်း လီဗာပူးလ်အသင်းမှ ထိုကမ်းလှမ်းမှုအား ပယ်ချခဲ့ကြောင်း အဂ္ဂါ၏ အေးဂျင့်ဖြစ်သူ ပါစတီဖင်ဆန်က ပြောဆိုခဲ့သည်။
    _____________________________________
    ရူနီမှာ ရောင်းရန်မဟုတ်ဟု မိုယက်စ်ဆို

    မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က တိုက်စစ်မှူးရူနီနှင့် ၎င်းတို့အကြားတွင် မည်သည့် ကွဲပြဲမှုမှမရှိဘဲ ရူနီအားရောင်းချရန် မန်ယူတွင် အစီအစဉ်မရှိဟု ပြောဆိုလိုက်သည်။ ရူနီအားမရောင်းချင်ကြောင်း၊ ရူနီမှာ ၎င်း၏ဆန္ဒဖြင့်သာ အရန်အသင်းနှင့်လေ့ကျင်ခန်းဆင်းနေခြင်းဖြစ်ကြောင်း မိုယက်စ်က ပြောကြားခဲ့သည်။
    _____________________________________
    တော့တင်ဟမ်အသင်းမှာ ထိပ်ဆုံးလေးသင်းအတွင်း ၀င်ဖို့လိုသည်ဟု ကာဘူးလ်ဆို

    တော့တင်ဟမ်အသင်း၏ နောက်ခံလူ ယူနက် ကာဘူးလ်က အသင်းအနေဖြင့် ရာသီကုန်လျှင် ထိပ်ဆုံးလေးသင်းအတွင်းဝင်ဖို့လိုသည်ဟု ပြောဆိုလိုက်သည်။ တော့တင်ဟမ်အသင်းသည် ယမန်နှစ်က အဆင့်လေးနေရာရှိ အာဆင်နယ်အသင်းနှင့် တစ်မှတ်လျှော့ကာ အဆင့်ငါးဖြင့် ရာသီသိမ်းခဲ့သည်။ နွေရာသီအပြောင်းအရွှေ့တွင် အသင်းသို့ရောက်ရှိလာကြသူများမှာ ကောင်းမွန်သောကစားသမားများဖြစ်ကြောင်း အသင်းနည်းပြမှာလည်း အရည်ချင်းရှိကြောင်း အသင်းအနေဖြင့် ရာသီကုန်လျှင် အဆင့်လေးအတွင်းဝင်ရမည်ဖြစ်ကြောင်း ကာဘူးလ်က ပြောကြားခဲ့သည်။
    _____________________________________
    နယ်ဒလ်နှင့် ဆရီနာတို့ ဗိုလ်စွဲခဲ့သည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ

    ကနေဒါနိုင်ငံတွင်ကျင်းပလျက်ရှိသည့် ရော်ဂျာဖလားတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲများကို ယမန်နေ့က ကျင်းပခဲ့ရာ အမျိုးသားပြိုင်ပွဲတွင် စပိန်တင်းနစ်အကျော်အမော် ရာဖေးလ် နာဒယ်လ်ကဗိုလ်စွဲခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံက ဗိုလ်စွဲခဲ့သည်။

    အမျိုးသားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲအဖြစ် ရာဖေးလ်နာဒယ်လ်နှင့် အိမ်ရှင်တင်းနစ်သမား မီလို့စ် ရိုအာနစ်တို့ ကစားခဲ့ရာ နာဒယ်လ်က ၆-၂၊ ၆-၂ ဖြင့် အနိုင်ရခဲ့သည်။ နာဒယ်လ်မှာ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ်အား အနိုင်ရရှိခဲ့သည်။ ရော်ဂျာဖလားမှာ ယခုနှစ်အတွင်းရရှိခဲ့သည် နာဒယ်လ်၏ ရှစ်ခုမြောက်ဖလားဖြစ်လာခဲ့သည်။

    တိုရွန်တိုတွင်ကျင်းပခဲ့သည့် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံက ရိုမေးနီးယားတင်းနစ်မယ် ဆိုရာနာ ဆရစ္စတီအား ၆-၂၊ ၆-၀ ဖြင့် သက်တောင့်သက်သာအနိုင်ရရှိခဲ့သည်။
    _____________________________________
    တရုတ်နာမည်ကျော်ကြက်တောင်သမား လင်ဒန် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ငါးကြိမ်မြောက်ဆွတ်ခူး

    တရုတ်နိုင်ငံ ဂွမ်ဇူ ပြည်နယ်တွင်ကျင်းပပြုလုပ်သော ကမ္ဘာ့ချန်ပီယံရှစ်ကြက်တောင်ရိုက်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် တရုတ်နာမည်ကျော် ကြက်တောင်သမားလင်ဒန်က ကမ္ဘာ့နံပါတ်တစ် မလေးရှားကြက်တောင်သမား လီချုံဝေအား အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ပထမပွဲတွင် လင်ဒန်က ၁၆-၂၁ ဖြင့်လည်းကောင်း၊ ဒုတိယပွဲတွင် လီချုံဝေက ၂၁-၁၃ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိထားပြီး တတိယပွဲဆက်ကစားခဲ့ရာ လင်ဒန်က ၂၀-၁၇ ဖြင့်ဦးဆောင်နေချိန်တွင် လီချုံဝေမှာ ဒဏ်ရာပြဿနာကြောင့် ဆက်လက်မကစားနိုင်တော့သဖြင့် လင်ဒန်ကအနိုင်ရရှိခဲ့သည်။ ယခုအနိုင်ရရှိမှုကြောင့် လင်ဒန်မှာ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ငါးကြိမ်မြောက်ရရှိသူဖြစ်လာခဲ့သည်။
    _____________________________________
    မော်စကိုမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အူစိန်ဘော့ အနိုင်ရရှိ

    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ချန်ပီယံရှစ် အားကစားပြိုင်ပွဲ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဂျမေကာအပြေးသမား အူစိန်ဘော့က အနိုင်ရရှိခဲ့သည်ဟု သိရသည်။ အူစိန်ဘော့မှာ ၉.၇၇ စက္ကန့်ဖြင့် ပထမ၊ အမေရိကန်အပြေးသမား ဂျပ်စတင် ဂတ်လင်က ၉.၈၅ စက္ကန့်ဖြင့်ဒုတိယ၊ ဂျမေကာမှ နက်စတာ ကာတာက ၉.၉၅ စက္ကန့်ဖြင့် တတိယ အသီးသီး ရရှိခဲ့ကြသည်။

  • ၁၁-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်လ- ၁၁ ရက်၊ ၂၀၁၃
    M-Media

    Falcao and Monaco
    အသင်းကြီးများအားလုံးနီးပါး အနိုင်ရရှိခဲ့သည့် ပြင်သစ်လိဂ်ဝမ်း ပထမနေ့ပွဲစဉ်များ

    ပြင်သစ်လိဂ်ဝမ်းပထမနေ့ပွဲစဉ်များကို စနေနေ့က ၈ ပွဲ စတင်ကစားခဲ့ပြီး အသင်းကြီးများ အားလုံးနီးပါး အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ယခုနှစ်တွင်မှ လိဂ်ဝမ်းသို့ တက်ရောက်လာသည့် မိုနာကိုအသင်းမှာ ဘော့ဒိုးအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မိုနာကိုအသင်း အတွက်ဂိုးများကို ဖယ်လ်ကာအိုနှင့် လူစားဝင်လာသည့် အီမန်နျူယယ် ရီဗီရီတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။ ပြင်သစ်ထိပ်သီး လိုင်ယွန်အသင်းမှာလည်း နိုက်စ်အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တန်းတက် နန့်စ်အသင်းမှာ ဘက်စတီယာအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဗလန်စီယန် နန့်စ်အသင်းက တူးလော့စ်အသင်းအား ၃ ဂိုးဂိုးမရှိဖြင့်လည်းကောင်း အသီးအသီးအနိုင်ရရှိခဲ့ကြပြီး အမှတ်ပေးဇယားထိပ်တွင် လိုင်ယွန်အသင်းက ဂိုးကွာခြားချက်အသာဖြင့်ဦးဆောင်နေသည်။
    ______________________________________
    ကွန်မြူနတီဖလားကစားမည့် မန်ယူလူစာရင်းတွင် ရူနီမပါဝင်

    မန်ချက်စတာယူနိုက်တက်အသင်းနှင့် ၀ီဂန်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားမည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲဝင် မန်ယူအသင်းလူစာရင်းတွင် တိုက်စစ်မှူး ၀ိန်းရူနီ မပါဝင်ဟုသိရသည်။ အသက် ၂၇ နှစ်အရွယ်ရှိသည့် ရူနီမှာ မန်ယူအရန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းလျက်ရှိနေပြီး ကြံ့ခိုင်မှုမပြည့်ဝသောကြောင့် မပါဝင်နိုင်ခြင်းဖြစ်သည်။ BBC
    ______________________________________
    အခီဂျိုင်းလ်အားခေါ်ယူရန် အဲဗာတန် စိတ်ဝင်စား

    အဲဗာတန်အသင်းသည် ပေါ်တူဂီကလပ် ဘရာဂါအသင်း၏ ဘယ်နောက်ခံလူ အလ်ဒါဆန် အခီဂျိုင်းလ်အား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟုသိရသည်။ နောက်ခံလူလေတန်ဘိန်း မန်ယူသို့ပြောင်းရွှေ့သွားပါက အစားထိုးနိုင်ရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။
    Daily Mirror
    ______________________________________
    ဂတ်စတာဗိုအား ခေါ်ယူရန် အာဆင်နယ် နီးစပ်

    အာဆင်နယ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ လူးဝစ် ဂတ်စတာဗိုအား ခေါ်ယူရန် နီးစပ်နေသည်ဟုသိရသည်။ ချယ်ဆီးအသင်းနှင့် ၀ုဖ်ဘတ်အသင်းတို့က ကမ်းလှမ်းထားသည့် ဈေးထက်ပိုပေးကာ ယူရို ၁၆သန်းဖြင့် ကမ်းလှမ်းထားခြင်းဖြစ်သည်။
    Daily Mirror
    ______________________________________
    ဒေါင်းနင်းအား ယူရို ၇သန်းဖြင့် ၀က်စ်ဟမ်းခေါ်ယူရန် နီးစပ်နေ

    လီဗာပူးလ်အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် စတီးဝပ်ဒေါင်းနင်းအား ၀က်စ်ဟမ်းအသင်းမှ ခေါ်ယူရန်ရှိနေသည်ဟု သိရသည်။ ဒေါင်းနင်းအား ယူရို ၇ သန်းနီးပါးဖြင့် ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
    Daily Star
    ______________________________________
    စကစ်ဂ်လီယိုအား ခေါ်ယူရန် အန်ဆယ်လော့တီစိတ်ဝင်စား

    ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ ကားလို့စ်အန်ဆယ်လော့တီက အေစီမီလန်အသင်း၏ နောက်ခံလူဖြစ်သူ မက်တီယာ ဒီ စက်ဂ်လီယိုအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။ ရီးယဲလ်နောက်ခံလူ ဖေဘီယို ကွန်ထရာအို အသင်းမှထွက်ခွာသွားပါက အစားထိုးရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။
    Marca
    ______________________________________
    ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲတွင် နာဒယ်လ်နှင့် ရိုအာနစ်တို့ ဗိုလ်လုပွဲသို့တက်ရောက်

    ကနေဒါတွင်ကျင်းပပြုလုပ်နေသည့် ရော်ဂျာဖလားတင်းနစ်ပြိုင်ပွဲ အမျိုးသားဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ရာဖေးနာဒယ်လ်က ဂျိုကိုဗစ်ကိုလည်းကောင်း၊ ရိုအာနစ်က ဗာဆက် ပိုစ့်ပီစီလ် ကိုလည်းကောင်းအသီးသီးအနိုင်ရရှိခဲ့သည်။ စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်နှင့် ဆီဒင် ၁ ရ လက်ရှိရော်ဂျာဖလားချန်ပီယံ နိုဗက်ဂျိုကိုဗစ်တို့၏ ဆီမီးဖိုင်နယ်ပွဲမှာ ၂ နာရီ ၃၁ မိနစ်ကြာခဲ့ပြီး အကြိတ်အနယ်ကစားကာ နာဒယ်လ်က ၆-၄၊ ၃-၆၊ ၇-၆(၇-၂)ဖြင့် အနိုင်ရရှိခဲ့သည်။

    ကနေဒါနိုင်ငံသားများဖြစ်ကြသည့် ရိုအာနစ်နှင့် ပို့စ်ပီစီလ်တို့၏ ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ရိုအာနစ်က ၆-၄၊ ၁-၆၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့သည်။ ကမ္ဘာ့အဆင့် ၁၃ ရှိ ရိုအာနစ်မှာ ယနေ့ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲတွင် ဂရန်းဆမ်းဖလား ၁၂ ကြိမ်ရရှိထားသည့်  ဒယ်လ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    sky sport
    ______________________________________
    ရော်ဂျာဖလားအမျိုးသမီးပွဲစဉ်တွင် ဆိုရာနာ ဆရစ္စတီ ဗိုလ်လုပွဲသို့တက်ရောက် ဆရီနာဝီလီယံနှင့် တွေ့ဆုံမည်

    ကနေဒါနိုင်ငံ တိုရွန်တိုတွင်ကျင်းပလျက်ရှိသည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ အမျိုးသမီး ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ရိုမေးနီးယားတင်းနစ်မယ် ဆိုရာနာ ဆရစ္စတီက တရုတ်တင်းနစ်မယ် လီနာကို အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ၎င်းတို့နှစ်ဦး၏ပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ၁ နာရီ မိနစ် ၃၀ ကြာမြင့်ခဲ့ကာ ဆရစ္စတီက လီနာအား ၆-၁၊ ၇-၆ ဖြင့်အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲသို့တက်ရောက်သွားပြီဖြစ်သည်။ ဆရစ္စတီမှာ ငါးနှစ်အတွင်း ပထမဦးဆုံးအကြိမ် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ခုတွင် အမေရိကန်တင်းနစ်မယ်ဆရီနာဝီလီယံက ပိုလန်တင်းနစ်မယ် ရဒ်ဝန်စကာ အား ၇-၆(၇-၃)၊ ၆-၄ ဖြင့်အနိုင်ရရှိခဲ့ပြီး ယနေ့ကျင်းပမည့် ဗိုလ်လုပွဲတွင် ဆရစ္စတီနှင့်တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    sky sports
    ______________________________________
    မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွင် မိုဟာမက်ဖာရာ ရွှေတံဆိပ်ဆုဆွတ်ခူး

    ရုရှားနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲတွင် ဗြိတိန်နိုင်ငံသား မိုဟာမက်ဖာရာက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ နှစ်ထပ်ကွမ်းအိုလံပစ်ချန်ပီယံ ဖာရာမှာ ၂၇ မိနစ် ၂၁.၇၂ စက္ကန့်ဖြင့် ရွှေတံဆိပ်၊ အီသီယိုးပီးယားမှ အီဗရာဟင် ဂျီအီလန်က ၂၇ မိနစ် ၂၂.၂၃ စက္ကန့်ဖြင့် ငွေတံဆိပ်၊ ကင်ညာမှ ပေါလ် တန်ယူအီက ၂၇ မိနစ် ၂၂.၆၁ စက္ကန့်ဖြင့် ကြေးတံဆိပ် အသီးသီးဆွတ်ခူးခဲ့ကြသည်။

  • ၁၀-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်- ၁၀ရက် -၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- ကိုလေး

    balotelli1

    ဘာလော့တယ်လီ၏ ဒဏ်ရာမှာ မပြင်းထန်သောကြောင့် မီလန်အသင်း စိတ်သက်သာရ

    International Champions Cup တတိယနေရာလုပွဲအဖြစ် အလ်အေဂလက်ဆီအသင်းနှင့် ကစားခဲ့သောပွဲစဉ်တွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီး ဆေးစစ်ချက်များအရ ဒဏ်ရာမှာ မပြင်းထန်ဟု သိရသည်။ အဆိုပါပွဲစဉ်တွင် ဘာလော့တယ်လီမှာ အေစီမီလန်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးရန် ၁၀ မိနစ်အလိုတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
    _________________________________
    ရူနီအားခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စားလာပြန် ချယ်ဆီးအသင်းသို့သာ ပြောင်းရွှေ့ချင်သည်ဟု ရူနီဆို

    လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အား ခေါ်ယူရန် မတင်မကျဖြစ်နေသောကြောင့် အာဆင်နယ်အသင်းမှာ မန်ယူတိုက်စစ်မှူး ၀ိန်းရူနီအား ခေါ်ယူရန် စိတ်ဝင်စားလာသည်ဟု သိရသည်။ သို့သော်လည်း ရူနီကမူ အာဆင်နယ်အသင်းထက် ချယ်ဆီးအသင်းတွင်သာ ကစားလိုသည်ဟု ရူနီ၏ အေးဂျင့်ဖြစ်သူကပြောဆိုခဲ့သည်။
    _________________________________
    အင်တာမီလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ကို ကိုကူး စိတ်လှုပ်ရှားနေ

    ဟော်လန်ကလပ် ပီအက်စ်ဗီအသင်း၏ နည်းပြဖြစ်သူ ဖီးလစ်ပ် ကိုကူးက ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် အင်တာမီလန်နှင့် ကစားရခြင်းမှာ ခက်ခဲသောစမ်းသပ်မှုတစ်ခုဖြစ်သည်ဟုပြောဆိုလိုက်သည်။ အဆိုပါပွဲစဉ်မှာ ခက်ခဲသော စမ်းသပ်မှုဖြစ်သည်မှာ သေချာပြီး မိမိတို့အတွက် စိန်ခေါ်မှုကောင်းတစ်ခုဖြစ်ကြောင်း ကိုကူးက ပြောဆိုခဲ့သည်။
    _________________________________
    ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်အနိုင်ရရှိမှုက ယုံကြည်မှုကို ပိုစေသည်ဟု ဂွာဒီယိုလာဆို

    ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိမှုမှာ ကျေနပ်စရာဖြစ်ပြီး အသင်းအတွက် ယုံကြည်မှုပိုမိုလာစေသည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြဖြစ်သူ ဂွာဒီယိုလာက ပြောဆိုလိုက်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်အဖြင် ဘိုရုရှား မိုချန်ဂလဒ်ဘခ်ျအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲမှာခက်ခဲသောပွဲဖြစ်ခဲ့ပြီး နိုင်ပွဲရရှိခြင်းကြောင့် ကျေနပ်မိကြောင်း ဂွာဒီယိုလာက ပြောဆိုခဲ့သည်။
    _________________________________
    ဘိုင်ယန်မြူးနစ်အသင်းမှာ ပိုမိုတိုးတက်ရမည်ဟု ရော်ဘင်ဆို

    ဘိုင်ယန်အသင်း၏ ဟော်လန်တိုက်စစ်မှူး အာဂျန်ရော်ဘင်က ယခုနှစ်တွင် ဘွန်ဒစ်လီဂါဖလားအား ပြန်လည်ရရှိခဲ့ပါက ထိုကဲ့သို့ရရှိခြင်းမှာ အသင်း၏ အမြင့်ဆုံးရည်မှန်းချက်မဟုတ်ဘဲ အသင်းအနေဖြင့် ပိုမိုတိုးတက်ရမည်ဟု ပြောဆိုလိုက်သည်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပြီး အသင်းနောက်ခံလူ ဖီးလစ်လမ်က ရာသီအစနိုင်ပွဲက အသင်းအတွက် အရေးကြီးသည်ဟု ပြောဆိုခဲ့သည်။
    _________________________________
    လူးဝစ်အတွက် ယူရို ၅၈ သန်း ချယ်ဆီးသတ်မှတ်

    ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည့် နောက်ခံလူ ဒေးဗစ်လူးဝစ်အတွက် ချယ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ယူရို ၅၈ သန်းသတ်မှတ်လိုက်သည်။ ဘာစီလိုနာအသင်း၏ စောစောပိုင်းကမ်းလှမ်းမှုများကို ချယ်ဆီးအသင်းမှ ပယ်ချခဲ့ဖူးသည်။
    _________________________________
    နာပိုလီ ကွင်းလယ်လူ ဟမ်ဆစ် အသင်းနှင့် စာချုပ်သက်တမ်းတိုး

    နာပိုလီအသင်း၏ ကွင်းလယ်လူဖြစ်သူ မရက်ဟမ်ဆစ်သည် အသင်းနှင့်စာချုပ် သက်တမ်းတိုးလိုက်သည်ဟု သိရသည်။ ထိုစာချုပ်သစ်အရ ဟမ်ဆစ်မှာ ၂၀၁၈ခုနှစ်အထိ အသင်း၌ဆက်လက်ရှိနေမည်ဖြစ်သည်။ နာပိုလီအသင်းသို့ ၂၀၀၇ခုနှစ်ကတည်းက ရောက်ရှိလာခဲ့သည့် ဟမ်ဆစ်က အသင်းတွင် ဆက်လက်ရှိမည်နေကို ပျော်ရွှင်မိကြောင်းပြောဆိုခဲ့သည်။
    _________________________________
    ဆွာရက်ဇ်အားခေါ်ယူရန်ကြိုးစားရာ၌ အတားအဆီးများကို ချိုးဖျက်ရန်မာတီနက်ဇ်တိုက်တွန်း

    အာဆင်နယ်အသင်း၏ ဂိုးသမား ဒါမီယန် မာတီနက်ဇ်က လီဗာပူးလ်တိုက်စစ်မှူး ဆွာရက်ဇ်အားခေါ်ယူရန် ကြိုးပမ်းရာတွင်တွေ့ကြုံရမည့် အခက်အခဲများကို ကျော်ဖြတ်ရန် အာဆင်ဝင်းဂါးအား တိုက်တွန်းပြောကြားလိုက်သည်။ အာဆင်နယ်သို့ ဆွာရက်ဇ်ရောက်ရှိလာရန် အသင်းသားအားလုံး စောင့်မျှော်နေကြောင်း၊ အာဆင်ဝင်းဂါးမှာ အခြားသောကစားသမားများထက် ဆွာရက်ဇ်ကိုသာ ပိုမိုအလိုရှိနေကြောင်း မာတီနက်ဇ်က ပြောဆိုခဲ့သည်။
    _________________________________
    ရော်ဂျာဖလား ဆီမီးဖိုင်နယ်တွင် ဂျိုကိုဗစ်နှင့် နာဒယ်လ်တို့တွေ့ဆုံ/အိမ်ရှင်ကစားသမားများမှာလည်း ဆီးမီးဖိုင်နယ်သို့တက်ရောက်

    ကနေဒါ၌ ကျင်းပလျက်ရှိသည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ အမျိုးသား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်နှင့် စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်လ်တို့ တွေ့ဆုံမည်ဟု သိရသည်။ ဂျိုကိုဗစ်မှာ ကွာတားဖိုင်နယ်တွင် ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂက်စ်ကတ်အား ၆-၄၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး၊ နာဒယ်လ်က သြစတေးလျတင်းနစ်သမား မရန်ကို မတိုဆီဗစ်ကို ၆-၄၊ ၆-၂ဖြင့် အနိုင်ရရှိခဲ့သည်။ ဂျိုကိုဗစ်နှင့် နာဒယ်လ်တို့မှာ သမ်တမ်းတစ်လျှောက် ၃၅ ကြိမ်တွေ့ဆုံထားပြီး နာဒယ်လ်က ပွဲ ၂၀ အနိုင်ရရှိခဲ့ကာ ဂျိုကိုဗစ်က ၁၅ ပွဲ အနိုင်ရရှိထားသည်။ ကနေဒါတင်းနစ်သမားများဖြစ်ကြသည့် မီလို့စ် ရာအိုနစ်နှင့် ဗာဆက် ပို့စ်ပီဆီလ်တို့မှာလည်း ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်ဟုသိရသည်။ ရာအိုနစ်မှာ အန်ဒီမာရေးအား ဖြုတ်ချနိုင်ခဲ့သည့် အားန်နတ်စ် ဂူလ်ဘစ်အား ၇-၆(၇-၃)၊ ၄-၆၊ ၆-၄ဖြင့်အနိုင်ရရှိခဲ့သည်။
    _________________________________
    ရော်ဂျာဖလားတင်းနစ်ပြိုင်ပွဲ အမျိုးသမီး ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကဗီတိုဗာ ရှုံးနိမ့်/တရုတ်တင်းနစ်မယ်လီနာမှာလည်း ဆီမီးဖိုင်နယ်သို့တက်ရောက်

    ကနေဒါနိုင်ငံ တိုရွန်တိုတွင် ကျင်းပလျက်ရှိသည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ အမျိုးသမီး ကွာတားဖိုင်နယ်ပွဲစဉ်တွင် နာမည်ကြီးတင်းနစ်မယ် ပီထရာ ကဗီတိုဗာမှာ ရှုံနိမ့်သွားသည်ဟုသိရသည်။ ၂ နာရီနှင့် ၁၃ မိနစ်ကြာမြင့်သော အဆိုပါပွဲစဉ်တွင် ဆီဒင်မရရှိခဲ့သည့် ရိုမေးနီးယားတင်းနစ်မယ် ဆိုရာနာ ဆီရက်စတီယာ က ကဗီတိုဗာအား ၄-၆၊ ၇-၅၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။

    ရဒ်ဝန်စကာမှာလည်း ဆာရာ အီရာနီအား ၇-၆(၇-၁)၊ ၇-၅ ဖြင့်လည်းကောင်း၊ တရုတ်တင်းနစ်မယ် လီနာမှာ ဒိုမီနီကာ စီဘူလ်ကိုဗာအား ၇-၆(၇-၁)၊ ၆-၂ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။ ဆီးမီးဖိုင်နယ်တွင် လီနာနှင့် ဆီရက်စတီယာတွေ့ဆုံမည်ဖြစ်ပြီး ရဒ်ဝန်စကာမှာ ဆရီနာဝီလီယံနှင့် မဂ်ဒါလီနာ ရိုက်ဘရီကိုဗာတို့၏ ကွာတားဖိုင်နယ်ပွဲစဉ်မှ အနိုင်ရရှိသူနှင့် တွေ့ဆုံရမည်ဖြစ်သည်။

  • ၉-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်-၉ ၊ ၂၀၁၃
    M-Media

    wigar

    ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များ မဲခွဲ၊ အေစီမီလန်နှင့် ပီအက်စ်ဗွီ၊ အာဆင်နယ်နှင့် ဖီနာဘာချီတို့တွေ့ဆုံ

    ချန်ပီယံလိဂ် ခြေစစ်ပွဲပလေးအော့ဖ်ပွဲစဉ်များကို ယနေ့နံနက်က မဲခွဲခဲ့ပြီး အီတလီထိပ်သီး အေစီမီလန်အသင်းမှာ ဟော်လန်နာမည်ကြီး ပီအက်စ်ဗွီအသင်းနှင့်တွေ့ဆုံရမည်ဖြစ်ပြီး အာဆင်နယ်အသင်းမှာ တူရကီကလပ်ဖီနာဘာချီအသင်းနှင့်တွေ့ဆုံရမည်ဖြစ်သည်။ ပလေးအော့ဖ်ပွဲစဉ်တွင် အသင်း ၂၀ ပါဝင်မည်ဖြစ်ပြီး ပထမအကျော့ကို သြဂုတ် ၂၀-၂၁ ရက်နှင့် ဒုတိယအကျော့ကို ၂၇-၂၈ ရက်တွင်ကစားမည်ဖြစ်ကာ အနိုင်ရသည့် ၁၀ သင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    ______________________________________
    အသင်းတွင်မလိုအပ်တော့ဟု ခံစားလာရပါက အသင်းမှထွက်ခွာတော့မည်ဟု ပီယာလိုဆို

    စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်း၏ ကွင်းလယ်လူဖြစ်သူ အန်ဒရီယာ ပီယာလိုက အကယ်၍ အသင်းက ၎င်းအားမလိုအပ်တော့ဟုခံစားရလာပါက ၂၀၁၃-၂၀၁၄ ဘောလုံးရာသီအကုန်တွင်ထွက်ခွာတော့မည်ဟု ပြောဆိုလိုက်သည်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ပီယာလိုမှာ ၂၀၁၁ ခုနှစ်က အေစီမီလန်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
    ______________________________________
    မန်စီးတီးအသင်းမှာ အင်္ဂလန်တွင်အကောင်းဆုံးဟု ပယ်လီဂရီနီဆို

    မန်ချက်စတာစီးတီးအသင်း၏ နည်းပြဖြစ်သူ မန်နျူယလ် ပယ်လီဂရီနီ က ယခုနှစ်နွေရာသီတွင်ခေါ်ယူခဲ့သည့်ကစားသမားများက အသင်းအားပိုမိုတောင့်တင်းစေသည်ဟု ယုံကြည်နေပြီး နယူးကာဆယ်နှင့် ကစားမည့် ရာသီအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်နေသည်။ မိမိတို့အသင်းမှာ အင်္ဂလန်တွင်အကောင်းဆုံးဟုထင်ကြောင်း၊ မိမိတို့အနေဖြင့် အရေးကြီးသောကစားသမားလေးဦးအားဝယ်ယူခဲ့ကြောင်း၊ နယူးကာဆယ်နှင့်အဖွင့်ပွဲစဉ်တွင်အနိုင်ရရှိလိမ့်မည်ဟုမျှော်လင့်ကြောင်း ပယ်လီဂရီနီကပြောကြားခဲ့သည်။
    ______________________________________
    လူးဝစ်အားခေါ်ယူရန်ကြိုးစားနေခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု မော်ရင်ဟိုဆို

    ချယ်ဆီးအသင်းနည်းပြမော်ရင်ဟိုက အသင်း၏နောက်တန်းကစားသမား ဒေးဗစ်လူးဝစ်မှာ အသင်းမှလုံးဝထွက်ခွာမည်မဟုတ်ဟုပြောဆိုလိုက်ပြီး ဘာစီလိုနာအသင်းအနေဖြင့် အခြားနောက်ခံလူတစ်ဦးအား ရှာဖွေရန် ပြောဆိုလိုက်သည်။ မော်ရင်ဟိုက လူးဝစ်မှာ ရောင်းရန်မဟုတ်ကြောင်း၊ ဘာစီလိုနာအသင်းအနေဖြင့် လူးဝစ်အားခေါ်ယူရန် ကြိုးစားနေခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ______________________________________
    ဂါဗင်ဟိုအား ရိုးမားခေါ်ယူ

    စီးရီးအေကလပ် ရိုးမားအသင်းမှာ အာဆင်နယ် တိုက်စစ်မှူး ဂါဗင်ဟိုအားခေါ်ယူလိုက်ပြီဟုသိရသည်။ အသက် ၂၆ နှစ်အရွယ်ရှိ ဂါဗင်ဟိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၈ သန်းပေးချေခဲ့ရပြီး ယခုနှစ် နွေရာသီတွင်ခေါ်ယူခဲ့သည့် ငါးယောက်မြောက်ကစားသမားဖြစ်လာခဲ့သည်။
    ______________________________________
    အန်နူတိုဗစ်အား အက်စပန်ညိုခေါ်ယူရန်စိတ်ဝင်စား

    ဂျာမန်ကလပ်ဝါဒါဘရီမင်အသင်းသည် ၎င်းတို့၏တိုက်စစ်မှူး အန်နူတိုဗစ်အား ရောင်းချရန် ဆန္ဒရှိနေပြီး စပိန်ကလပ် အက်စပန်ညိုအသင်းကလည်း ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သိရသည်။
    ______________________________________
    အီတိုးအားခေါ်ယူရန် အေးဂျင့်ဖြစ်သူနှင့်ဆွေးနွေး

    ရုရှားကလပ် Anzhi အသင်းတွင်ကစားနေသည့် ဆင်မျူယလ် အီတိုးအားခေါ်ယူရန် အင်တာမီလန်အသင်းမှာ အီတိုး၏ အေးဂျင့်ဖြစ်သူနှင့်ဆွေးနွေးနေသည်ဟု သိရသည်။ သို့ရာတွင် အဆိုပါကစားသမား၏ လုပ်ခမှာ ပေးချေရန် များလွန်းနေသည်ဟု ယူဆနေသည်။

    အီးတိုးအားခေါ်ယူရန် ချယ်ဆီးအသင်းနှင့် နာပိုလီအသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိနေသည်။
    ______________________________________
    မာရှေရာနိုအားခေါ်ယူရန် နာပိုလီအသင်းမှ ကမ်းလှမ်းမှုအား ဘာကာပယ်ချ

    အသင်း၏နောက်ခံလူမာရှေရာနိုအားခေါ်ယူရန် နာပိုလီအသင်း၏ ကမ်းလှမ်းမှုအား ဘာစီလိုနာအသင်းက ပယ်ချခဲ့သည်ဟုသိရသည်။ နောက်တန်းအားနည်းသည့်ပြဿနာနှင့် ရင်ဆိုင်နေရသည့် ဘာစီလိုနာအသင်းမှာ မာရှေရာနိုအား မည်သည့်ဈေးနှင့်မှ ရောင်းချရန်ဆန္ဒမရှိပေ။
    ______________________________________
    နောက်ခံလူ ဗာရာနီ ရီးယဲလ်နှင့် စာချုပ်သက်တမ်းတိုးမည်

    ရီးယဲလ်အသင်း၏ နောက်ခံလူ ရာဖေးလ် ဗာရာနီသည် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖွယ်ရှိနေသည်ဟုသိရသည်။ ၂၀၁၁ ခုနှစ်က ရီးယဲလ်အသင်းသို့ရောက်ရှိလာပြီး ၂၀၁၇ အထိစာချုပ်ချုပ်ဆိုထားသည့် ဗာရာနီမှာ မြင့်မားသောလစာဖြင့် ၂၀၁၉ ခုနှစ်အထိ ၂ နှစ်
    သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖွယ် ရှိနေသည်။
    ______________________________________
    ဘောလုံးကစားခြင်းမှ လူးဝစ်ဆာဟာ အနားယူပြီ

    ပြင်သစ်အသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သူ လူးဝစ်ဆာဟာမှာ ဘောလုံးကစားခြင်းမှ အပြီးတိုင်အနားယူသွားပြီဟုသိရသည်။ မန်ယူအသင်း၏တိုက်စစ်မှူးဟောင်းအသင်းဖြစ်သူလူးဝစ်ဆာဟာမှာ ၎င်း၏အသက် ၃၅ နှစ်ပြည့်မွေးနေ့တွင် ဘောလုံးကစားခြင်းမှ အနားယူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ဆာဟာမှာ ကစားသမားဘ၀အား မက်ဇ်အသင်း၌ စတင်ခဲ့ပြီး၊ ဖူလ်ဟမ်အသင်းတွင် ပြသခဲ့သည့် ခြေစွမ်းကြောင့် ၂၀၀၄ ခုနှစ်တွင် မန်ယူအသင်းမှခေါ်ယူခဲ့ပြီး မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားကို
    ဆွတ်ခူးခဲ့သည်။ မန်ယူမှ ထွက်ခွာပြီးနောက်ပိုင်း အဲဗာတန်၊ တော့တင်ဟမ်နှင် ဆန်ဒါးလန်းအသင်းတို့တွင် ဒဏ်ရာပြဿနာများဖြင့် ဖြတ်သန်းခဲ့ရပြီး လာဇီယိုအသင်းသို့ပြောင်းရွှေ့ခဲ့ကာ ယမန်နှစ်က လာဇီယိုအသင်းအတွက် ၆ ပွဲသာကစားပေးနိုင်ခဲ့သည်။
    ______________________________________
    ရွန်နီ၏ အပြောင်းရွှေ့ကောလဟာလများအား မပြောဆိုကြရန် အသင်းသားများအာ အင်္ဂလန်နည်းပြ သတိပေး

    မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူးရွန်နီနှင့်ပက်သက်၍ ထွက်ပေါ်နေသည့် ကောလဟာလများအား ပြောဆိုခြင်းမပြုရန် အင်္ဂလန်အသင်း၏ နည်းပြ ရွိုင် ဟူဒ်ဆန်က အင်္ဂလန်ကစားသမားများအား သိပေးပြောကြားလိုက်သည်။ အင်္ဂလန်အသင်းတွင် ချယ်ဆီးကစားသမားများနှင့် မန်ယူကစားသမားများပါဝင်ကြောင်း လာမည့်ခြေစမ်းပွဲတွင် ၎င်းတို့ အာရုံစူးစိုက်မှု လျော့နည်းသွားမည်ကို မလိုချင်ကြောင်း ဟူဒ်ဆန်က ပြောကြားခဲ့သည်။

  • ၈-၈-၂၀၁၃ အားကစားသတင်းများ

    သြဂုတ်-၈ ၊ ၂၀၁၃
    M-Media

    Real Madrid

    ရော်နယ်ဒိုမှာ ရီးယဲလ်အတွက် အရေးကြီးသောကစားသမားဖြစ်သည်ဟု အန်ဆယ်လော့တီဆို

    ရီးယဲလ်မက်ဒရစ်၏ နည်းပြဖြစ်သူ အန်ဆယ်လော့တီက အသင်း၏တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုမှာ ရီးယဲလ်အတွက် မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်သည်ဟု ပြောဆိုလိုက်သည်။ ရော်နယ်ဒိုမှာ ရီးရဲလ်အတွက်ဖြစ်ပြီး အသင်း၌ အလွန်အရေးကြီးသောကစားသမားဖြစ်ကြောင်း၊ ရော်နယ်ဒိုမှာ အရည်အချင်းပြည့်ဝသော ကစားသမား တစ်ဦးဖြစ်ကြောင်း အန်ဆယ်လော့တီကပြောကြားခဲ့သည်။ ရော်နယ်ဒိုသည်၂၀၀၉ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းမှ  ရီးရဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့လာခဲ့ပြီးနောက် ယခုအချိန်အထိ ရီးယဲလ်အတွက် ၁၄၆ ဂိုး သွင်းယူပေးထားသည်။
    _____________________________________
    တူရကီအသင်းခေါင်းဆောင်ဟောင်း အသက် ၅၁နှစ်အရွယ်တွင် ကွယ်လွန်

    ဖီနာဘာချီအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်ပြီး တူရကီအသင်း၏ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဆဲလ်ကစ် ယူလာမှာ အင်္ဂါနေ့နံနက်ပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၁ နှစ်ရှိပြီဖြစ်သည့်ယူလာမှာ ၁၉၇၇ ခုနှစ်တွင် Sekerspor AS အသင်းနှင့်ကစားသမားဘ၀ကို စတင်ခဲ့သည်။၂ နှစ်ကြာပြီးနောက် ဖီနာဘာချီအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ၁၉၈၁-၈၂ ရာသီနှင့် ၁၉၈၂-၈၃ ရာသီတို့တွင် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ကာ ဖီနာဘာချီအသင်းအတွက် ပြိုင်ပွဲအားလုံးတွင် စုစုပေါင်း ၁၃၄ ဂိုးသွင်းယူပေးခဲ့သည်။ တူရကီလက်ရွေးစင်အသင်းအတွက် ၂၂ ပွဲကစားပြီး ၄ ဂိုးသွင်းယူပေးခဲ့သည့် ယူလာမှာ ကစားသမားဘ၀အား ၁၉၉၂ တွင် ဂါလာတာစာရေးအသင်း၌ အဆုံးသတ်ခဲ့သည်။
    ____________________________________
    ဂျူလီယိုဆီဇာအား ခေါ်ယူရန် ဖီအိုရင်တီးနားဆက်သွယ်နေ

    စီးရီးအေကလပ်ဖီအိုရင်တီးနားအသင်းက ဂျူလီယိုဆီဇာအား ခေါ်ယူရန် အလားအလာရှိနေသည်ဟု ဆီဇာ၏ အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်သည်။ ယမန်နှစ်က ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့ရသည့် ကျူပီအာအသင်း၏ ဂိုးသမား ဂျူလီယိုဆီဇာအား အာဆင်နယ်၊ နာပိုလီနှင့် ရိန်းဂျားအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသော်လည်း အပြောင်းအရွှေ့ကိစ္စမှာ ဖြစ်ပေါ်မလာခဲ့ပေ။  ကျူပီအာအသင်းမှ အဆိုပါ ဂိုးသမားအား ရောင်းထုတ်ဖွယ်ရှိနေကြောင်း ဖီအိုရင်တီးနားအသင်းက တိုက်ရိုက် ဆက်သွယ်မှုမျိုး မရှိသေးသော်လည်း ဆီဇာအား ခေါ်ယူလိုသည်ဟု

    ဖီအိုရင်တီးနားအသင်းနှင့် နီးစပ်သူများမှတဆင့် ကြားသိရကြောင်း အေးဂျင့်ဖြစ်သူ ဂျိုဆိုက်ယက် ကာဒိုဆိုက ပြောကြားခဲ့သည်။
    ____________________________________
    ရီးယဲလ်တောင်ပံကစားသမား ရော်ဒရီဂက်ဇ် မာလာဂါသို့အငှားဖြင့်ပြောင်းရွှေ့

    ရီးယဲလ်မက်ဒရစ်အသင်း၏တောင်ပံကစားသမားဖြစ်သူ အသက် ၂၀ အရွယ်ရှိ ဂျီဆီ ရော်ဒရီဂက်ဇ်မှာ မာလာဂါအသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့်ပြောင်းရွှေ့သွားသည်ဟုသိရသည်။
    ____________________________________
    ဒေးဗစ်လူးဝစ် ထွက်ခွာသွားပါက အစားထိုးရန် မန်ဂါလာကို ချယ်ဆီး စိတ်ဝင်စား

    အသင်း၏နောက်ခံလူ ဒေးဗစ်လူးဝစ် ဘာစီလိုနာသို့ပြောင်းရွှေ့သွားပါက အစားထိုးရန် ပေါ်တိုနောက်ခံလူ အယ်လီယာကွင် မန်ဂါလာအား ချယ်ဆီးအသင်းမှ ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုသိရသည်။ အဆိုပါပြင်သစ်နောက်ခံလူအတွက် ပေါ်တိုအသင်းမှ ယူရိုသန်း ၅၀ ဈေးဖွင့်ထားပြီး ချယ်ဆီးအသင်းမှ ထိုငွေပမာဏအား သုံးစွဲရန် ဆန္ဒမရှိပေ။
    ____________________________________
    တိုက်စစ်မှူးဆွာရက်ဇ် တစ်ဦးတည်းသာ လေ့ကျင့်မည်

    အာဆင်နယ်အသင်းက ၀ယ်ယူရန်ကမ်းလှမ်းထားသည့် လီဗာပူးလ်တိုက်စစ်မှူးဆွာရက်ဇ်မှာ အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်မည်မဟုတ်ဘဲ ၎င်းတစ်ဦးတည်းသာလေ့ကျင့်သွားမည်ဟု ပြောဆိုလိုက်သည်။ ၎င်းအား ထွက်ခွာခွင့်ပေးရန် အသင်းအားတိုက်တွန်းထားသည့် အင်တာဗျူးအပြီးတွင် ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါက အသင်းမှထွက်ခွာမည်ဟု အသင်းနှင့် ကတိက၀တ်ထားရှိခဲ့သော်လည်း လီဗာပူးလ်အနေဖြင့် ထိုကတိက၀တ်အား စောင့်ထိန်းခြင်းမရှိဟု အစောပိုင်းက ဆွာရက်ဇ်က ပြောကြာထားသည်။
    ____________________________________
    ရော်ဂျာဖလား တတိယအဆင့်ပြိုင်ပွဲတွင် နာဒယ်လ်အနိုင်ရ/ အန်ဒီမာရေးမှာလည်း ဂရန်နိုလာအားအနိုင်ရ

    အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တွင် ကျင်းပပြုလုပ်နေသည့် ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ အမျိုးသား တတိယအဆင့်ပြိုင်ပွဲတွင် စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်မှာ အမေရိကန်တင်းနစ်သမား ဂျက်ဆီ လဗင်းအား အနိုင်ရရှိခဲ့သည်ဟုတ်သိရသည်။ ၇၁ မိနစ် ကြာမြင့်သည့် အဆိုပါပွဲစဉ်တွင် နာဒယ်လ်က လဗင်းအား ၆-၂၊ ၆-၀ဖြစ် အလွယ်တကူအနိုင်ရရှိခဲ့သည်။ နာဒယ်လ်မှာ နောက်ဆုံး ၁၆ ဦးအဆင့်တွင် ပိုလန်တင်းနစ်သမား ဂျာဇီ အန်နိုဝစ်ခ်ျနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။ စကော့တလန်တင်းနစ်သမားဖြစ်သူ ၀င်ဘယ်လ်ဒန် ချန်ပီယံ အန်ဒီမာရေးမှာလည်း စပိန်တင်းနစ်သမား မာဆယ် ဂရန်နိုလာအား ၁ နာရီ မိနစ် ၅၀ ကစားကာ ၆-၄၊ ၇-၆(၇-၂) ဖြင့်အနိုင်ရရှိခဲ့သည်ဟုသိရသည်။
    ____________________________________
    ရော်ဂျာဖလား အမျိုးသမီးပြိုင်ပွဲတွင် ဆရီနာဝီလီယံ အနိုင်ရ

    ရော်ဂျာဖလား တင်းနစ်ပြိုင်ပွဲ အမျိုးသမီးပွဲ တတိယမြောက်နေ့ပွဲစဉ်တွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံက အီတလီတင်းနစ်မယ် ဖရန်ချာ ဆက်ချီယာဗိုနီအား ၆-၃၊ ၆-၂ ဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့သည်။ ၂၀၀၁ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ရော်ဂျာဖလားအား ဆွတ်ခူးရရှိခဲ့သည့် ဆရီနာမှာ ဗီးနပ်စ်ဝီလီယံအား ပထမအဆင့်တွင် ဖြုတ်ချခဲ့သည့် ဘယ်လ်ဂျီယမ် တင်းနစ်မယ် ခရစ္စတန် ဖလစ်ပ်ကင်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
    ____________________________________
    ချယ်ဆီးအား အနိုင်ယူကာ Guiness International Champion Cup အား ရီးယဲလ်ဆွတ်ခူး၊ အေစီမီလန် တတိယနေရာရရှိ

    အီတလီစီးရီးအေမှ သုံးသင်း၊ အင်္ဂလန် ပရီးမီးယားလိဂ်နှင့် စပိန်လာလီဂါမှ နှစ်သင်းစီနှင့် အမေရိကန် မေဂျာလိဂ်မှ တစ်သင်း စုစုပေါင်း ရှစ်သင်းယှဉ်ပြိုင်ကစားခဲ့သည့် Guiness International Champion Cup ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့နံနက်စောစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်ထိပ်သီးရီးယဲလ်မက်ဒရစ်အသင်းက ပရီးမီးယားလိဂ်နာမည်ကြီး ချယ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ပွဲစပြီး ၁၄ မိနစ်အကြာတွင် မာဆယ်လိုက ရီးယဲလ်အတွက်အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး နှစ်မိနစ်အကြာ ၁၆ မိနစ်တွင် ချယ်ဆီးကွင်းလယ်လူ ရာမီရက်စ်က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ သို့သော်လည်း ၃၁ မိနစ်တွင် ရီးယဲလ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုက ဖရီးကစ်မှတစ်ဆင့် အနိုင်ဂိုးသွင်းခဲ့ပြီး၊ ၅၆ မိနစ်တွင် ရော်နယ်ဒိုကပင် ခေါင်းတိုက်၍ နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူခဲ့သည်။

    တတိယနေရာလုပွဲအဖြစ် အေစီမီလန်အသင်းနှင့် မေဂျာလိဂ်ကလပ် အလ်အေဂလက်ဆီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အေစီမီလန်အသင်းက ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

    အေစီမီလန်အသင်းအတွက်ဂိုးများကို ၁၇ မိနစ်တွင် မာရီယို ဘာလော့တယ်လီကလည်းကောင်း၊ ၄၁ မိနစ်တွင် အလ် နီအန်ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ကြသည်။