News @ M-Media
Tag: Dr Zakir Naik
  • အစ္စလာမ်ဘာသာရေးဆိုင်ရာ smartphone ထုတ်လုပ်
    သြဂုတ်-၈၊ ၂၀၁၃
    M-Media
    Peace-Mobile
    မွတ်စ်လင်မ်များကြား အစဉ်တစိုက် ဆက်သွယ်မှု မပြတ်တောက်စေရန် ရည်ရွယ်၍ အစ္စလာမ်ဘာသာရေးဆိုင်ရာ smartphone အမျိုးအစားအား ရမဿွာန်နောက်ဆုံးအပတ်အတွင်း ထုတ်လုပ်မည် ဖြစ်ကြောင်း ဆော်ဒီအခြေစိုက် Arab News မှ စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။
    ယင်း Smartphone ကို ယခုလက်ရှိအသုံးပြုနေသော နိုင်ငံကျော်တံဆိပ်များ၏အရည်အသွေးနှင့်အပြိုင် ပစ္စည်း အစုံအလင်ထည့်သွင်းတပ်ဆင်ထားပြီး၊ ၄င်း၌ ၄.၆ လက်မ ဖန်သားပြင် နှင့် 5 megapixel ကင်မရာ အပြင်၊ 4GB memory လည်းပါရှိသည်။
    အခြား စမတ်ဖုန်းများနှင့် မတူညီသည်မှာ Peace Mobile သည် ဒေါက်တာ ဇာကိရ်နိုက်ခ်၏ အစ္စလာမ်နှင့်အခြားဘာသာရေး နှိုင်းယှဉ်ဟောပြေမှုဆိုင်ရာ ဗီဒီယိုများ နှင့် သူ၏ကျမ်းဂန်များကို ဘာသာစကားမျိုးစုံနှင့် ထည့်သွင်းထားခြင်းသာမက အစ္စလာမ်နှင့်ပတ်သက်သော wallpapers, apps နှင့် ringtones များလည်း ပါရှိသည် ဟုသိရသည်။
    ဆော်ဒီအာရေဗျရှိ ထောင်နှင့်ချီသောလူတို့သည် ထိုဖုန်းအား အွန်လိုင်းမှတစ်ဆင့် မှာယူထားပြီးဖြစ်ကြောင်း Arab News က ဆိုသည်။
    တယ်လီဖုန်း၏ကြော်ငြာတွင် ပြောကြားထားသည်မှာ ၄င်းတယ်လီဖုန်းသည် နေ့စဉ်ဘ၀၌ အစ္စလာမ့်စိတ်ဓာတ်နိုးကြားလာစေရန် ကြိုးစားဆောင်ရွက်ပေးမည့်အရာဖြစ်ကြောင်း သိရသည်။
    ဒေါက်တာ ဇာကိရ်နိုက်ခ်သည် အစ္စလာမ်ဘာသာအား ခေတ်သစ်သိပ္ပံ၊ အသိပညာတို့နှင့်အချိုးညီစွာ ကျိုးသင့်ကြောင်းသင့် ရှင်းပြတတ်သောကြောင့်  လူသိများကျော်ကြားလှသူတစ်ဦးဖြစ်သည်။ သူသည် လွန်ခဲ့သောလက ဒူဘိုင်းတွင် သိပ္ပံ နှင့် ကုရ်အာန် အကြောင်း ဟောပြောရာ လူရာချီတက်ရောက်နားထောင်ခဲ့သည် ဟု Gulf News မှ တင်ပြထားသည်။
  • မမေးလည်းဖြေ(၁၃)- ရိက္ခာအတွက် တိရိစ္ဆာန်ကို သတ်တာ ရက်စက်ကြမ်းကြုတ်တာလား?
    မမေးလည်းဖြေ(၁၃)- ရိက္ခာအတွက် တိရိစ္ဆာန်ကို သတ်တာ ရက်စက်ကြမ်းကြုတ်တာလား?
    အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၂
    M-Media
    ဒေါက်တာဇာကိရ်နိုက်(ခ်)
    အမေး (မေးသူမှာ ဟိန္ဒူဘာသာဝင် တစ်ဦးဖြစ်သည်။)
    တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပဲ။ မွတ်စလင်တွေက ဘာကြောင့် အသားကိုမှ စားကြရတာလဲ။
    အဖြေ
    သက်သတ်လွတ် စားတဲ့ဝါဒက ကမ္ဘာမှာ အခုတလော ခေတ်ထနေတယ်။ အတော်များများက ဒါကို တိရိစ္ဆာန်တွေရဲ့ အခွင့်အ ရေးဆိုတာနဲ့ပဲ ချိတ်ဆက်ပြီး ဆိုနေကြတယ်။ တကယ်ဆိုရင် လူအတော် များများကပဲ အသားငါး စားသုံးမှုကို တိရိစ္ဆာန်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲလို့လဲ ပြောနေကြပါတယ်။
    အစ္စလာမ်က သတ္တဝါ ခပ်သိမ်းကို သနားကရုဏာထားကြဖို့ ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အလ္လာဟ်က အံ့ဩဖွယ်ရာ သစ်ပင် ပန်းမာလ်တွေ သတ္တဝါတွေကို လူသားရဲ့အကျိုးအတွက် ဖန်ဆင်းပေးထား တော်မူတယ်။ လူသားဘက်ကတော့ ဒီကမ္ဘာရဲ့ အရင်းအမြစ်တိုင်းကို တရားနည်းလမ်းတကျ အလ္လာဟ်ဘက်က ပေးလာတဲ့ နေအ်မသ် ကောင်းချီး ချမ်းသာနဲ့ အမာနသ် ယုံပုံမှုအဖြစ် သုံးစွဲကြရမယ်လို့ပါ တိုက်တွန်းထားတယ်။
    ဒီစောဒကနဲ့ ပတ်သက်လို့ တခြားအချက် ရှုထောင့်အစုံစုံကို ရှုကြည့်ကြပါစို့။
    ၁။ မွတ်စလင်တစ်ဦးသည် သက်သတ်လွတ် ဝါဒီသက်သက် ဖြစ်နိုင်သည်
    မွတ်စလင်တစ်ဦးဟာ သက်သတ်လွတ် စားသူအဖြစ်နဲ့လဲ မွတ်စလမ်င်စစ်စစ်တစ်ဦး ဖြစ်နိုင်တာပါပဲ။ မွတ်စလင်တစ်ဦးကို အသားကိုပဲ မှီဝဲကြရမယ်ဆိုပြီး မလုပ်မနေရ မပညတ်ထားပါဘူး။
    ၂။ ကုရ်အာန်က မွတ်စလင်များအား သားငါးစား သုံးခွင့်ကိုလဲ ပြုထားပါသည်။
    ဘာပဲဖြစ်ဖြစ် ကုရ်အာန်ကလဲ မွတ်စလင်တို့ကို အသားငါး စားသုံးခွင့်ကို ပေးထားပါတယ်။ ဒီအချက်ကို အောက်ပါ ကုရ်အာန် အာယတ်က သက်သေထူပြနေပါတယ်။
    “အို…ယုံကြည်သူတို့၊ တာဝန်ခပ်သိမ်းကို ကျေပွန်ကြ၊ အသင်တို့ (အစားအစာ) အတွက် ခြေလေးချောင်း သတ္တဝါတို့အား အမည် နာမနှင့် ချွင်းချက်ပေး ခွင့်ပြုထား တော်မူသတည်း။” [ အလ် ကုရ်အာန်  ၅း ၁ ]
    “သင်တို့ (လူသားများ) အတွက် ငါအရှင်က ကျွဲနွား တိရိစ္ဆာန်များကို ဖန်ဆင်းထား တော်မူသည်။ ယင်းတို့မှ အနွေးဓါတ် ရသည်။ များစွာသော အကျိုးတရားများကို ရရှိစေမည်။ လူသားတို့ စားသုံးစရာ အသားကို ရစေသည်။” [ အလ် ကုရ်အာန်   ၁၆း ၅ ]
    “အသင်တို့အဖို့ ခြေလေးချောင်း သတ္တဝါတို့တွင် စဉ်းစား ဆင်ခြင် သုံးသပ်ရန် အချက်သည် အမှန်ပင် ရှိချေသည်။ သူတို့၏ ခန္ဓာအတွင်းတွင် သင်တို့သောက်သုံးရန် နို့ကို ထုတ်ပေးစေ၏။ ထို့အပြင်  အသင်တို့အဖို့  ၄င်းတို့တွင်အကျိုးပြုချက် အများအပြား ရှိနေသေးသည်။ ထို့ပြင်တဝ အသင်တို့သည် ၄င်းတို့အနက်မှအသားကို စားသုံးရသည်။” [ အလ် ကုရ်အာန်  ၂၃း ၂၁ ]
    ၃။ အသားဓါတ်သည် အာဟာရ ပြည့်ဝပြီး ပရိုတိန်းကြွယ်ဝလှသည်
    အသားငါး အစားအစာဟာ အထူးပင် ပရိုတိန်းဓါတ်ကို ရရှိစေရာ အရင်းခံကောင်းတစ်ခု ဖြစ်တယ်။ ဇီဝဗေဒအရ ပြည့်စုံလှတဲ့ ပရိုတိန်းတွေ ပါရှိတယ်။ ဆိုလိုတာက ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ အစားအစာက တစ်ဆင့်သာ ရနိုင်တဲ့ အမိုင်နိုအက်ဆစ် ရှစ်မျိုးစလုံး အသားမှာ ပါနေတယ်။ အသားမှာ သံဓါတ်၊ ဗီတာမင် ဘီ နှင့် နိုင်ယာဆင် တို့လည်း ပါသေးတယ်။
    ၄။ လူတွင် အစုံစား သတ္တဝါ၏ သွားပုံစံ ရှိသည်
    နွား၊ ဆိတ်၊ သိုးတို့လိုမျိုး အသီးအရွက်စား တိရိစ္ဆာန်တို့ရဲ့ သွားကို လေ့လာကြည့်ရင် အားလုံးမှာ ထူးထူးဆန်းဆန်း တူညီနေတဲ့ အချက် တစ်ချက်ကို တွေ့ရမယ်။ ဒီ တိရိစ္ဆာန်အားလုံးမှာပဲ ပြားနေတဲ့ သွားတွေရှိမယ်။ တစ်နည်းပြောရရင် ဟင်းသီးဟင်းရွက်ပါတဲ့ အစာ အာဟာရနဲ့ သင့်တော်တဲ့ပုံစံပေါ့။ ခြင်္သေ့၊ ကျား၊ ကျားသစ်တို့လို အသားစား သားရဲတိရိစ္ဆာန်တွေရဲ့ သွားတွေကို လေ့လာကြည့်ရင် သူတို့မှာက ချွန်ထက်တဲ့ သွားတွေကိုယ်စီပါကြတယ်။ အသားဖြစ်တဲ့ အစာအာဟာရနဲ့ သင့်တော်အောင်ပေါ့ဗျာ။ လူရဲ့သွားတွေကို ဆန်းစစ် လေ့လာကြည့်မယ်ဆိုရင်တော့ ပြားတဲ့သွားလဲပါသလို ချွန်တဲ့သွားလဲ ပါနေတာကို တွေ့ကြရမယ်။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်က လူသားတွေကို ဟင်းသီးဟင်းရွက်တွေကိုသာ စားစေလိုတော်မူရင် ဘာကြောင့် အရှင်က လူတွေမှာ ချွန်ထက်တဲ့ သွားတွေကို ဖန်ဆင်းပေးထား ရတာတုံး ဆိုပြီး မေးခွန်းထုတ် ကြည့်နိုင်ပါမယ်။ ဟင်းသီးဟင်းရွက်ရော အသားရော နှစ်မျိုးစလုံး လူတို့ကို စားစေချင်လို့ လိုအပ်လို့ ရည်မျှော်ပြီး ဖန်ဆင်းပေးထားတော်မူတယ် ဆိုတဲ့အချက်က ကြောင်းကျိုးလဲကျ ယုတ္တိလဲတန်နေပါတယ်။
    ၅။ လူသည် ဟင်းသီးဟင်းရွက်နှင့် အသား နှစ်မျိုးစလုံးကို အစာချေ ဖျက်နိုင်သည်
    ဟင်းသီးဟင်းရွက်စား သတ္တဝါများရဲ့ အစာချေ စနစ်က ဟင်း သီးဟင်းရွက်များကိုသာ အစာချေဖျက်နိုင်တာပါ။ အသားစား သတ္တဝါများ ရဲ့ အစာချေစနစ်ကလည်း အသားကိုသာ အစာချေဖျက်နိုင်ပါတယ်။ ဒါပေမဲ့ လူရဲ့ အစာ ချေဖျက်စနစ်ကကျတော့ ဟင်းသီးဟင်းရွက်ကိုရော အသားငါးကိုပါ အစာချေဖျက်နိုင်ပါတယ်။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အနေနဲ့ ဟင်းသီးဟင်းရွက်ကိုသာ စားစေချင်တာဆိုရင် အရှင်က ကျွန်ုပ်တို့ကို ဟင်းသီးဟင်းရွက်ကိုရော သားငါးကိုပါ အစာချေ စေနိုင်တဲ့ အစာချေစနစ်ကို ဘာကြောင့် ချီးမြှင့်ထားရတာလဲ။
    ၆။ ဟိန္ဒူ ကျမ်းစာများမှာ အသားစားခွင့် ပေးထား
    (က) သက်သတ်လွတ်မှ သက်သတ်လွတ် သက်သက်စားတဲ့ ဟိန္ဒူ တော်တော်များများ ရှိတယ်။ အသားငါး စားတာဟာ ဘာသာတရားကို ဆန့်ကျင်ရာရောက်တယ်လို့ သူတို့က ထင်ကြတယ်။ ဟိန္ဒူကျမ်းစာများက လူကို အသားငါး စားခွင့်ပေးထားတယ်ဆိုတဲ့ အချက်က အမှန်ပါပဲ။ ကျမ်းစာတွေထဲမှာ ဟိန္ဒူပညာရှိကြီးများနဲ့ သူတော်စင်ကြီးတွေက အသား ငါး စားတယ်လို့ ဖော်ပြထားပါတယ်။
    (ခ) ဟိန္ဒူတို့ရဲ့ ဥပဒေကျမ်းဖြစ်တဲ့ မနု ဆွမရုတိ အခန်း ၅၊ ပါဒ ၃၀မှာ “စားထိုက်ရာ အသားကို စားသုံးသူသည် နေ့စဉ် ရက်ဆက်ပဲ စားစား၊ ဘာမှ မကောင်း မဖြစ်၊ အကြောင်းကား ထာဝရအရှင် ကိုယ်တော်တိုင်က တချို့ကို အစားခံဖို့နဲ့ တချို့ကို စားသုံးသူ အဖြစ်နဲ့ ဖန်ဆင်းထားတော်မူ တာကြောင့်ပါပဲ။”
    (ဂ) မနူ ဆွမရုတီကျမ်းရဲ့ အခန်း ၅၊ ပါဒ ၃၁ မှာလဲ ဒီလို ဆိုထားပါသေး တယ်။ ယာဇ်ပူဇော်မှု အတွက် အသားကို စားသုံးခြင်းကား မှန်ကန်၏။ ဤသည်ကို ရိုးရာအရ နတ်ဘုရားတို့၏ စည်းမျဉ်းတစ်ရပ် အဖြစ် သိထားကြ၏။
    (ဃ) မနု ဆွမရုတီ အခန်း ၅၊ ပါဒ ၃၉ နဲ့ ၄၀ မှာ ဆိုထားသေးတာက “ထာဝရ”အရှင် ကိုယ်တော်တိုင်က ယာဇ်ပူဇော်ရန် အတွက် ယာဇ်ပူဇော် ရသည့် တိရိစ္ဆာန်များကို ဖန်ဆင်းထားတော်မူ၏။ . . .”ဤအတွက် ကြောင့် ယာဇ်ကောင်ကို သတ်ခြင်းကား သားကောင်ကို သတ်သည် မမည်ချေ”တဲ့။
    (င) မဟာဘာရတ္တ အနုသျှသျှံ ပရဝါ အခန်း ၈၈ မှာ ဒရ်မာရာဂ်ျ ယုဒိရှ် သီရနဲ့ ပီတာမဟ် ဗိရှ်မားတို့အကြား ဘာ အစားအစာကို ရရဒဟ် (အသုဘ အခမ်းအနား) မှာ ပီထရီစ်(ဘိုးဘေးများ)အတွက် ရည်စူးပြီး ကျွေးသင့်ကြောင်း ဆွေးနွေးချက်ကို အသေးစိတ် ဖော်ပြထားပါတယ်။ စာပိုဒ်က ဒီလိုဆိုထားပါတယ်။
    ယုဒိရှ် သီရ ကဆိုသည်။
    “အို . . . ငါ့စကားကို နားထောင် လော့၊ သေသူတို့အတွက် ရည်စူးပြီး အဘယ် အရာကို အလှူပြုပါသော် အကျိုးကုသိုလ် မကုန်မခမ်းရာ ဖြစ်အံ့။ တစ်ဖန် အဘယ်အရာ ဟာဗီ(စ) နှင့် ပသခဲ့ပါသော် အမြဲ ထာဝရ ကုသိုလ်အကျိုး တည်တံ့အံ့ရာနည်း။ အမှန်တွင် အဘယ်အရာနှင့် ပူဇော်ပါက ရေရှည် တည်အံ့ရာနည်း။”
    ဘိရှ်မားက ဆိုသည်။ “အို . . . ယုဒိရှ်သိရာ၊ ငါ့စကားကို နားဆင်လေ။ ထိုထို သူက ပွမ်းတီးထားရာ ဟာဗီ(စ)တို့သည်သာလျှင် သေသူကို ရည်စူး၍ ပြုသည့် အလှူတော် (ရှရဒဟ်)အဖို့ အကောင်းဆုံး ဖြစ်၏။ ဆိုင်ရာဆိုင်ရာ သစ်သီးဝလံတို့ကိုလည်း တွဲဖက် ပါဝင်စေသော် ပိုပြီး သင့်ရာ၏။ အကယ်၍ နှမ်း၊ ဆန်၊ မုယော၊ မာရှာ၊ ရေနှင့် သစ်မြစ် သစ်သီးများနှင့် သေသူအဖို့ ရည်စူးပြီး ဆက်ကပ်လှူဒါန်းသည် ရှိသော် သေသူတို့က တစ်လထိ ပီတိ ဘဝင်ရွှင်ပြီး ရှိအံ့။” အို . . . မင်းကြီး၊ ငါးသားကို တည်းခင်းကျွေးမွေးခဲ့ပါသော် သေသူတို့က နှစ်လတာ ရွှင်ကြည်နေအံ့။ သိုးသားနှင့် တည်ခင်းသော် သုံးလ၊ ယုန်သားဆိုက လေးလ၊ ဆိတ်သားဆိုပါက ငါးလ၊ ဝက်သားနှင့်ဆိုက ခြောက်လ၊ ငှက်သားဆိုသော် ခုနှစ်လထိ ကျေးဇူးတင်ရှိနေအံ့။ ပရိရှ်တာဟုခေါ်သော  သမင်၊ ဒရယ်၊ ချေတို့မှရသည့် အသားနှင့် အလှူပြုသော် တမလွန်မှာ ရောက်နေသူတို့ကို ရှစ်လအထိ ကျေးဇူးဆပ်ရာ ရောက်အံ့။ ရူရုအသားနှင့် လှူသော် ကိုးလထိ ကျေးဇူးဆပ်ရာ ရောက်အံ့။ ဂူဗာရား အသားနှင့် လှူဒါန်းကျွေးမွေးခဲ့သော် ဆယ်လတာ ရွှင်မြူးပြီးရှိအံ့။ ကျွဲသားနှင့်ဆိုပါက ဆယ့်တစ်လတာအထိ သူတို့က ဝမ်းမြောက် ရွှင်မြူးနေကြချေအံ့။ အမဲသားနှင့်အလှူပြုသော် ဆယ့်နှစ်လ တစ်နှစ်လုံးအထိ ရွှင်မြူးဝမ်းသာ နေကြအံ့။ ထောပတ်နှင့် ပယာဆာတို့ကို ရောပြီးလှူသော် အမဲသားကဲ့သို့ပင် တစ်နှစ်လုံး ဝမ်းမြောက် ကြည်နူးစွာ နှင့် ရှိနေချေအံ့။
    ဧရာမ နွားသိုးကြီး အသား (ဝဒရီနဆာ)ဖြင့် လှူဒါန်း ကျွေးမွေးခဲ့ပါသော် နှစ်နှစ်တာအထိ ရွှင်မြူးနေချေအံ့။ ကြံ့သားဖြင့်သူတို့သေဆုံးရာ လပြက္ခဒိန် ရက်နေ့များမှာ ရည်စူးလှူဒါန်းခဲ့ပါသော် အတောမသတ်နိုင်အောင် ရွှင်မြူးနေကြချေအံ့။ ကန်ချာနာပန်း၏ ပွင့်ဖတ် ပွင့်ချပ်များ၊ ကလပ်စကာနှင့် အနီရောင်အဆင်းရှိ ဆိတ်၏ အသားဖြင့် ရည်စူး ဆက်သခဲ့လျှင်လည်း အလားတူပင် အတောမသတ်နိုင်အောင် ရှိအံ့တည်း။
    အသင်တို့၏ ဘိုးဘေးများက ထာဝရ ကျေနပ်မဆုံး ရှိနေစေလို ဘိမူ နီထွေးသော ဆိတ်၏ အသားဖြင့် တည်ခင်းကျွေးမွေးခြင်းမှာ အလျော်ကန်ဆုံးပင် ဖြစ်ချေသတည်းတဲ့။
    ၇။ တခြားဘာသာတရားများ၏ ဩဇာလွှမ်းမိုးမှုခံရသော ဟိန္ဒဝါဒ
    ဟိန္ဒူကျမ်းစာများထဲမှာ နောက်လိုက်တွေကို အသား ငါးစားဖို့ ခွင့်ပြုထားခဲ့ပေမဲ့ များစွာသောဟိန္ဒူတွေက သက်သတ်လွတ် ဟင်းသီးဟင်း ရွက်ကိုပဲ စားသုံးနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ဂျိမ်းဝါဒလို တခြား ဘာသာတရားတွေရဲ့ ဩဇာလွှမ်းမိုးမှုကို ခံသွားရလို့ပဲ ဖြစ်တယ်။
    ၈။ အပင်များမှာလည်း အသက် ရှိသည်
    တချို့ဘာသာတရားတွေက အစားအသောက် စည်းမျဉ်းအဖြစ် သက်သတ်လွတ် ဟင်းသီးဟင်းရွက်သက်သက်ကိုပဲ လိုက်နာခဲ့ကြတယ်။ သက်ရှိတိရိစ္ဆာန်တွေကို သတ်ဖြတ်ခြင်းကို လုံးဝဆန့်ကျင်ခဲ့ကြတယ်။ သက်ရှိ တိရိစ္ဆာန်တစ်မျိုးမျိုးကို လုံးဝသတ်ဖြတ်ခြင်းမရှိဘဲနဲ့ လူတစ်ဦးဟာ အသက် ရှင်ရပ်တည်နိုင်တယ်ဆိုရင် ကျုပ်က ဒီလို ဘဝပုံစံကို ပထမဆုံး လက်ခံသူ ဖြစ်လိမ့်မှာပါ။ အတိတ်တုံးက လူတွေဟာ အပင်တွေကို သက်မဲ့များဆိုပြီး ထင်ခဲ့ကြတယ်။ ဒီနေ့ဆို အပင်တွေမှာလဲ အသက်ရှိတာကို ကမ္ဘာ့နိယာမအဖြစ် အားလုံးက လက်ခံထားကြပြီ။ ဒီအတွက် ကြောင့် သက်သတ်လွတ်စားမှု စစ်စစ်ဖြစ်ရင်လဲပဲ သက်ရှိသတ္တဝါတွေကို မသတ်ကြေးဆိုတဲ့ သူတို့ရဲ့ အကြောင်းပြချက်ကို ရေရာမှု မရှိစေနိုင်တော့ ပါဘူး။
    ၉။ အပင်များသည်လည်း နာကျင်မှုကို ခံစားနိုင်
    အပင်တွေကတော့ နာကျင်မှုကို မခံစားနိုင်ရယ်လို့ သူတို့က ရှေ့ဆက်ပြီး ဒီတော့ စောဒကတက်ခဲ့ကြတယ်။ ဒါကြောင့် အပင်တစ်ပင် ကို သတ်တာက တိရိစ္ဆာန် တစ်ကောင်ကို သတ်တာထက်စာရင် ဘာမှ မပြောပလောက်ဖူးဆိုပြီး အကြောင်းပြကြတယ်။ အပင်တွေကလည်း နာကျင်မှုကို ခံစားတတ်တယ်လို့ ဒီနေ့ သိပ္ပံက ပြောလာပါပြီ။ အပင် တွေရဲ့ ငိုညည်းသံကို လူတွေကတော့ မကြားနိုင်ပါဘူး။ ဒါကလဲ လူရဲ့ နားက ကြား နိုင်မဲ့နှုန်း ၂၀ ဟတ်ဇ်ကနေ ၂၀ဝ၀ဝ ဟတ်ဇ်ကြားမှာမရှိရင် အသံကို ကြားနိုင်ရည် မရှိပါဘူး။ ဒီနှုန်းထားထက် နိမ့်ရင်ပဲဖြစ်ဖြစ် မြင့်ရင်ပဲ ဖြစ်ဖြစ် လူရဲ့နားက မကြားနိုင်ပါဘူး။ ခွေးတစ်ကောင်က ၄၀ဝ၀ဝ ဟတ်ဇ် အထိ ကြားနိုင်ပါတယ်။ ဒီဝီစိသံတွေကို ခွေးတွေပဲ ကြားနိုင်ပါတယ်။ လူက မကြားနိုင်ပါဘူး။ ခွေးက သူ့သခင်ထံကလာတဲ့ ဝီစိသံကို ကြားနိုင်တယ်။ အမေရိကပြည်ထောင်စုက လယ်သမားတစ်ဦး က အပင်တွေရဲ့ ငိုညဉ်းသံကို လူကပါကြားနိုင်တဲ့ ကိရိယာတစ်ခုကို တီထွင်ပြီး လေ့လာ သုတေသနပြုခဲ့တယ်။ အပင်က ရေကို ငိုတောင်း လာတာကို သူ ချက်ချင်းပဲ သိခဲ့ရတယ်။ နောက်ဆုံး သုတေသန ပြုချက်များအရ အပင်တွေကလဲ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတို့ကိုတောင် ခံစားနိုင်တာကို ပြသခဲ့တယ်။ အပင်တွေက ငိုလည်း ငိုကြွေးနိုင်တယ်တဲ့။
    ၁၀။ အာရုံနှစ်ပါး လျော့နည်းနေတဲ့ သက်ရှိတစ်ခုကို သတ်ဖြတ်ခြင်းက အသေးအမွှား ရာဇဝတ်မှု မဟုတ်ပါဘူး။
    တစ်ခါတုံးက သက်သတ်လွတ် စားတဲ့သူတစ်ဦးက တိရိစ္ဆာန် တွေမှာ အာရုံငါးပါးရှိပေမဲ့ အပင်တွေမှာက အာရုံနှစ်ခု သို့မဟုတ် သုံးခု ပဲ ရှိတယ်လို့ ပြောဆိုစောဒကတက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ အပင် တစ်ပင်ကို သတ်ခြင်းက တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်တာလောက် အပြစ် မများပါဘူး။ အများကြီး နည်းတယ်တဲ့။ ဒါက သူ့ဆင်ခြေလေ။ကဲ ဒါဆို ခင်ဗျားရဲ့ ညီလေးကို တခြား လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဆွံအလဲ ဆွံ့အတယ်၊ နားကလဲ မကြားဘူးဆိုပါစို့။ သူ အရွယ်ရာက်လာချိန်မှာ တစ်ဦးဦးက သူ့ကို သတ်ခဲ့တယ် ဆိုပါစို့။ အသင့်ကိုပဲ တရားသူကြီး လုပ်ပြီး ဒီအမှုကို တရားစီရင်ပါ။ ခင်ဗျားရဲ့ ညီ လေးက အာရုံနှစ်ပါး ချို့ယွင်းနေလို့ လူသတ်သမားကိုတော့ အပြစ်ကို လျှော့လျှော့ပေါ့ပေါ့ စီရင်ပါလို့ အရေး ဆိုလာတယ် ဆိုပါစို့။ ခင်ဗျားက ဒေါသတကြီးနဲ့ ဆွံ့အနားထိုင်း နေတဲ့ ဒုက္ခိတ အပြစ်မဲ့သူကိုမှ သတ်ရက်တဲ့ ကောင်မျိုးကို ဘာကြောင့် ကျုပ်က လျှော့လျှော့ပေါ့ပေါ့ ပြစ်ဒဏ်ချရမှာတုံး။ ကြီးလေးတဲ့ အပြစ်သာ ပေးရမှာပေါ့ဆိုပြီး ထအော်မှာ ကျိန်းသေပဲ။
    အမှန်တကယ်ပဲ ကုရ်အာန်က အခုလို ဆိုထားပါတယ်။
    “အို .. လူသားတို့၊ မြေကမ္ဘာဝယ် ရှိရှိသမျှသော အရာများ အနက် သန့်စင် ကောင်းမွန်သော အရာတို့ကို စားသုံးကြတဲ့။” [ကုရ်အာန်   ၂း ၁၆၈]
    ၁၁။ ကျွဲနွား ဦးရေက အတိုင်းထက် အလွန် တိုးပွားနေ
    တကယ်လို့ လူတိုင်းလူတိုင်းကသာ သက်သတ်လွတ်စား သမား တွေ ဖြစ်နေမယ်ဆိုရင် သူတို့တွေရဲ့ မျိုးပွားနှုန်းနဲ့ ပွားများနှုန်းက အင်မတန် မြန်လွန်းတာကြောင့် ကမ္ဘာမှာ ကျွဲနွား တိရစ္ဆာန်ဦးရေဟာ အဆမန် ပေါက်ကွဲနေပါမယ်။ အလ္လာဟ်ရှင်က အရှင့်ရဲ့အနန္တ ဥာဏ်တော်ကြောင့် အရှင့်ရဲ့ ဖန်ဆင်းမှုချိန်ခွင်လျှာကို အချိုးကျကျ ဘယ်ပုံတည်နေရမယ် ဆိုတာကို သိတော်မူတယ်။ ဒါကြောင့် ကျွဲနွား သိုးဆိတ်စတဲ့ တိရိစ္ဆာန်တွေရဲ့ အသားကို အရှင်က ကျွန်ုပ်တို့ကို စားသုံး ခွင့်ပြုထားတာဟာ အံ့ဩစရာ မရှိပါဘူး။
    ၁၂။ အားလုံးက သက်သတ်လွတ်သမား မဟုတ်တဲ့အတွက်ကြောင့် အသားရဲ့  တန်ဖိုးကလဲ သင့်သင့်မျှမျှ ရှိနေရပါတယ်။
    လူတချို့က သက်သတ်လွတ်သမားတွေ ဖြစ်နေတာကို ကျွန်ုပ် က အမှု မထားပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ သူတို့ဘက်က သားငါး စားတဲ့သူ တွေကို ရိုင်းစိုင်း ရက်စက်သူတွေဆိုပြီးတော့ ရှုတ်မချသင့်ပါဘူး။ တကယ် ဆိုရင် အားလုံးသော အိန္ဒိယလူမျိုးတွေကသာ သက်သတ်လွတ်သမားများ မဟုတ်ကြတော့ဘဲ သားငါးစားသူတွေ ဖြစ်သွားကြမယ်ဆိုရင်တော့ လက်ရှိ သားငါးစားသမားတွေဟာ ပိုပြီး ဆုံးရှုံးမှု ကြီးထွားသွားရပါ လိမ့်မယ်။ အသားရဲ့တန်ဖိုးက ဈေးထိုးတက်သွားမှာ ကြောင့်ပါပဲ။
    ဘာသာပြန်ဆိုသူ