News @ M-Media

Tag: DrSoeNaing

  • နှုတ်မှုပညာ ခေါင်းစဉ်ဖြင့် ပါမောက္ခ ဒေါက်တာ စိုးနိုင် ဟောပြောမည်။

    နှုတ်မှုပညာ ခေါင်းစဉ်ဖြင့် ပါမောက္ခ ဒေါက်တာ စိုးနိုင် ဟောပြောမည်။

    ဒီဇင်ဘာ ၁၅ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    dr-soe-naing
    ဒေါက်တာ စိုးနိုင် (မြန်မာစာပါမောက္ခ- ရန်ကုန်တက္ကသိုလ်) ဟောကြားပို့ချမည့် လူမှုဆက်ဆံရေးဆိုင်ရာ (နှုတ်မှုပညာ) ခေါင်းစဉ်ဖြင့် ဟောပြောပွဲ တရပ်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် ၁၅၇ (မြေညီ) ၃၇ လမ်း ၊ ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    ပါမောက္ခ ဒေါက်တာစိုးနိုင်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပညာရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်များ အဖွဲ့မှ ကြီးမှူး ကျင်းပသည့် (၁၄) ကြိမ်မြောက် သုတေသန စာတမ်း ဖတ်ပွဲတွင် ၂၀၁၄ ခုနှစ်အတွက် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” လည်းဖြစ်ပါသည်။

    ဟောပြောပွဲကို စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပြီး အဆိုပါ ဟောပြောပွဲကို ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှု ဖွံ့ဖြိုးရေး စင်တာမှ စီစဉ်ဆောင်ရွက်ကြောင်းသိရသည်။

    15494176_1647578785535433_1291387863_n

    ဆက်စပ် အကြောင်းအရာ ဖတ်ဖို့
    —————————–
    ၂၀၁၄ ခုနှစ် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” ဒေါက်တာစိုးနိုင် နှင့်တွေ့ဆုံခြင်း – Link

  • ၂၀၁၄ ခုနှစ် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု”  ဒေါက်တာစိုးနိုင် နှင့်တွေ့ဆုံခြင်း

    ၂၀၁၄ ခုနှစ် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” ဒေါက်တာစိုးနိုင် နှင့်တွေ့ဆုံခြင်း

    နိုဝင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    မိုးစက် တွေ့ဆုံသည်။
    3
    ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပညာရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်များ အဖွဲ့မှ ကြီးမှူး ကျင်းပသည့် (၁၄) ကြိမ်မြောက် သုတေသန စာတမ်း ဖတ်ပွဲတွင် ၂၀၁၄ ခုနှစ်အတွက် “အကောင်းဆုံး သုတေသန စာတမ်းရှင်ဆု” ကိုရရှိသွားခဲ့သည့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ဦးစိုးနိုင်အား M-Media က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မေး  –  ဆရာ Best Papar Award of 2014 ကို ဘယ်စာတမ်းအမည်နဲ့ ဆုရရှိခဲ့တာပါလဲ။

    ဖြေ  –  ဆရာရရှိခဲ့တဲ့ စာတမ်းရဲ့အမည်က “မြန်မာပမာဏပြ စကားများ လေ့လာချက်”ဆိုတဲ့အမည်နဲ့ပါ။

    မေး  –  ဆရာဆုရတဲ့ ဒီ “မြန်မာ ပမာဏပြ စကားများလေ့လာချက်” ဆိုတဲ့ စာတမ်းထဲမှာ ဘယ်အချက်အလက်တွေ အကြောင်းကို ထည့်သွင်းရေးထားပါသလဲ။

    ဖြေ  –  ဆရာတို့ မြန်မာတွေက အချိန်အတိုင်းအတာ၊ အချင်အတွယ် စတာတွေကို ပမာဏနဲ့ ဖော်ပြတဲ့ စကားတွေရှိတယ်။ ဥပမာပေါ့ ထမင်းအိုး တစ်လုံးချက်လောက်ကြာတယ်လို့ ၊ ကွမ်းတစ်ယာညက်စာကြာတယ်လို့၊ လက်ခုပ်တစ်ဖောင်လောက်မြင့်တယ်လို့ စသည်ဖြင့် စကားလေးတွေကို ဟိုးရှေးခေတ်က မြန်မာလူမျိုးတွေ တွင်တွင်ကျယ်ကျယ်သုံးခဲ့တယ်။ တချို့ အသုံးအနှုန်းတွေကိုလည်း အခုခေတ်မှာ ဈေးထဲတို့ တောရွာတွေမှာသုံးနေတုန်းပဲ။ ဆရာတို့နိုင်ငံမှာ အခုစနစ်(၃)မျိုးကို သုံးစွဲနေကြတယ်။ ရှေးမြန်မာ ဘုရင်ကနေ အခုထိ ဆရာတို့သုံးနေကြတဲ့ မြန်မာ ဝေါဟာရစနစ်၊ နောက် ကိုလိုနီခေတ်ရောက်တော့ အင်္ဂလိပ်တွေ သုံးနှုန်းတဲ့ အင်္ဂလိပ်စနစ်၊ အခုတော့ ကမ္ဘာသုံးဖြစ်တဲ့ metric  စနစ်ကို သုံးနေကြပြီ။ အဲ့တော့ ဆရာရေးတာက စနစ်သုံးခုစလုံးကို ဆွဲထုတ်ထားတာ ပေါ့နော်။ ပမာဏတွေကို အရင်ခေတ် အခုခေတ် ဘယ်လို သုံးနှုန်းခဲ့ကြတာလည်း ဆိုတာကို ပေါ်လွင်အောင် ထည့်သွင်းရေးထားတာပါ။

    မေး  –  ဆရာ ဘယ်လိုရည်ရွယ်ချက်လေးနဲ့ ဒီစာတမ်းကို ပြုစုရေးသားဖြစ်ခဲ့တာပါလဲ။

    ဖြေ  –  ဆရာတို့လည်း မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာနေတဲ့ မြန်မာ့ ယဉ်ကျေးမှုကို ချစ်တာပေါ့။ မြန်မာ့ ယဉ်ကျေးမှုလေး ပျောက်သွားမှာကိုလည်း စိုးရိမ်မိတယ်။ အရိုးကို အရွက် မဖုံးစေချင်ဘူး။ ဒါပေမယ့်လည်း အခုခေတ်က နိုင်ငံတကာကို မြန်မာက ရင်ဘောင်တန်းနိုင်အောင် လုပ်နေတဲ့ အချိန်ဆိုတော့ နောက်ဆိုရင် နိုင်ငံတကာက သုံးတဲ့ အသုံးအနှုန်းတွေကိုပဲ သုံးရတော့မယ်လေ။  အခုကတော့ ရွေ့နေတဲ့ အဆင့်ပါပဲ။ တချို့အရာတွေကို ပြောင်းလဲ သုံးနှုန်းနေကြပါပြီ။ အခုခေတ် ကလေးတွေ အရင်က အသုံး အနှုန်းတွေကို မသိတော့ဘူး။ ဆရာက မှတ်တမ်းတင်နိုင်အောင်လို့ ရှာဖွေပြီးရေးသားဖြစ်တာပါ။ နောင်တစ်ချိန် နောင်လာနောင်သားတွေ အတွက် လေ့လာလို့ ရနိုင်အောင်လို့ပါ။ နိုင်ငံတကာသုံး စနစ်ကိုလည်း သိထားသင့်တယ်။ အဲဒါကြောင့် ဆရာက အသုံးအနှုန်းတွေကို ယှဉ်ပြီးရေးပြထား ပါတယ်။ နိုင်ငံတကာ အသုံးအနှုန်းကိုလည်း ပြင်ဖို့ အချိန်ရောက်ပြီဆိုတာကိုလည်း ဆရာပြောချင်တာရယ် မြန်မာ့မိရိုးဖလာ ယဉ်ကျေးမှုကိုလည်း ပျောက်ကွယ် မသွားစေချင်တာတွေကြောင့် အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီစာတမ်းကို ရွေးချယ် ပြုစုပြီး ဖတ်ခဲ့တာပါ။
    1
    မေး  –  ဆရာ ဒီစာတမ်းကို ပြုစုတဲ့ အချိန်ကာလဘယ်လောက်လောက်ကြာမြင့်ခဲ့ပါသလဲ။

    ဖြေ  –  ဆရာ အချိန် (၄) နှစ်လောက်အချိန်ယူပြီး ဒီစာတမ်းကို ပြုလုပ်ဖြစ်ခဲ့တာပါ။

    မေး  –  ဆရာ ဒီစာတမ်းပြုစုနေတဲ့အချိန်အတွင်းမှာ အခက်အခဲတွေများရော ရှိခဲ့ပါသေးလား။

    ဖြေ  –  အရမ်းခက်ခဲတာမျိုးတော့မတွေ့ခဲ့ပါဘူး။ တစ်မြို့နဲ့တစ်မြို့အသုံးအနှုန်း အခေါ်အဝေါတွေကအစ မတူဘူး။ ကွဲပြားနေတာကို တွေ့ရတယ်။ သူ့ရွာနဲ့သူ သူ့ဓလေ့နဲ့သူပေါ့။ ဆရာလည်း ဒါတွေကို သေချာအချိန်ပေးပြီး အချက်အလက်တွေကို လိုက်စုရတာပေါ့။ သူပြော ငါပြော ရှေးလူကြီးတွေပြောတာတွေကို လိုက်နားထောင်ပြီး လူကြားသူကြားထဲကို သွားပြီး အချက်အလက်တွေ လိုက်ကောက်ရတာတော့ ရှိပါတယ်။

    မေး  –  ဆရာက မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကနေ ဆုရခဲ့တာဆိုတော့ ဒီအမှတ်ပေးတဲ့အဖွဲ့ကရော ဘယ်လိုဖွဲ့စည်းထားတဲ့ အဖွဲ့မျိုးပါလဲ။

    ဖြေ  –  ဒီအဖွဲ့က နိုင်ငံတော်ကနေ အသိအမှတ်ပြုထားတဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ပါ။ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံက ဆရာတွေဝင်ပြိုင်တဲ့ စာတမ်းတွေကို အကဲဖြတ်ပေးကြတာပါ။ ဆရာတို့ စာတမ်းတွေကို အကဲဖြတ်ပေးတဲ့ ဒီအဖွဲ့ထဲမှာ အငြိမ်းစား သုတေသန ဆရာ/ဆရာမကြီးတွေ၊ နောက်ပြီး ပညာရှင်တွေ ပါဝင်ပြီးတော့ အကဲဖြတ်အမှတ်ပေးတာပါ။
    2
    မေး  –  ဆရာအခုလို ထူးချွန်စွာ ဆုရရှိခဲ့တဲ့အပေါ်မှာရော ဆရာ့ရဲ့စိတ်ခံစားချက်လေးကို ဝေမျှပေးပါဦး။

    ဖြေ  –  အရမ်းဝမ်းသာပါတယ်။ အမြင့်ဆုံးသုတေသနဆု ရတယ်ဆိုတော့ ဆရာ့ရဲ့ကြိုးစားမှုကို နိုင်ငံတော်ကရော ပညာရှင်တွေက အသိအမှတ်ပြု ပေးခဲ့တာပါပဲ။ ဒါကြောင့် ဝမ်းသာမိပါတယ်။

    မေး  –  ဆရာ့ရဲ့ ဆရာဖြစ်တဲ့ သက်တမ်းဘယ်လောက်အတွင်းမှာ ဆရာစာတမ်းဘယ်နှစ် စောင်လောက် ပြုစုပြီးသွားပြီပါသလဲ။

    ဖြေ  –  ဆရာ့ရဲ့ဆရာသက်တမ်းကတော့ ၂၈ နှစ် လောက်ရှိပြီပေါ့။ ဆရာ စာတမ်းတွေကိုတော့ တစ်နှစ်တစ်ကြိမ်လောက် ဖတ်နိုင်အောင် ကြိုးစားတယ်။ အခုချိန်ထိတော့ ဆရာစာတမ်း အစောင် ၂၀ လောက်ဖတ်ပြီးသွားပါပြီ။

    မေး  –  ဆရာက ဘယ်လိုစာတမ်းတွေကို အဓိကထားဖတ်ဖြစ်ပါသလဲ။

    ဖြေ  –  ဆရာက မြန်မာစာပေမှာ ထူးထူးခြားခြားလေးတွေတွေ့ရင် မှတ်သားထားတာပါ။ ဆရာရေးသားတာတွေက လူတွေနေ့စဉ်ဖြစ်နေတာတွေပါပဲ။  ဒါပေမယ့် အမှတ်တမဲ့ သတိမထားမိတာတွေကို ဆရာက ရေးတာပါ။ တစ်ခုခုကို အစဆွဲထုတ်လိုက်ရင် တွေးစရာတွေကအများကြီးပဲလေ။ မြန်မာစာသားတွေက တကယ်ကို မှတ်သားစရာ ကောင်းတဲ့စာသားလေးတွေပါ။ အဲဒါလေးတွေကိုပဲ ဆရာက သေချာ အချက်အလက်တွေလိုက်ကောက်ပြီး ရေးသားတာပါ။

    မေး  –  ဆရာအနေနဲ့ ယနေ့ခေတ်လူငယ်တွေအတွက်လည်း လက်ဆောင်စကားလေးပြောပေါးဦး။

    ဖြေ  –  ကလေးတွေကို စာဖတ်စေချင်တယ်။ Facebook မှာပဲဖတ်ဖတ် စာကြည့်တိုက်မှာပဲ ဖတ်ဖတ် ကိုယ့် အတွက် အကျိုးရှိမှာပါ။ စာဖတ်ရင်းနဲ့ အသိပညာတွေ တိုးတက်လာပါလိမ့်မယ်။ နောက်ပြီး လူငယ်တွေ အရည်အချင်းရှိလာအောင် လူကြီးတွေက ဆွဲခေါ်ပေးရပါ့မယ်။ အခုဆိုရင် ဆရာတို့ကျောင်းမှာလည်း ကလေးတွေ အရည်အသွေးတက်လာအောင် စကားရည်လုပွဲတွေ၊ ကျပန်းစကားပြိုင်ပွဲတွေ စာပေပြိုင်ပွဲတွေပြုလုပ်ပေးနေပါတယ်။ ဒါတွေက ကလေးတွေရဲ့ နှုတ်မှုစွမ်းရည်တွေကို တင်ပေးတာပါ။ လူကြီးတွေက ဆွဲတင်ပေးသလို လူငယ်တွေ ကိုယ်တိုင်လည်းကြိုးစားကြဖို့လိုပါတယ်။

    မေး  –  ဆရာ့အနေနဲ့ တခြားဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

    ဖြေ  –  ဆရာက တစ်ဖက်ကစာသင်တယ် တစ်ဖက်ကလည်း သုတေသနလုပ်တယ်။ ပညာရေးနယ်ပယ်မှာ နေတဲ့သူတွေကို ဆရာအဓိကပြောချင်တာကတော့ ကိုယ်က ဆရာ/ဆရာမဖြစ်လာရင် ကိုယ်ကိုယ်တိုင် ထူးချွန်အောင် ကိုယ့်ကလေးတွေကိုလည်း ဘယ်လိုတော်အောင် သင်မလဲ ကြိုးစာရပါမယ်။ သုတေသနတွေကိုလည်း လုပ်သင့်တယ်။ သူများမမြင်တာတွေကို ကိုယ်ကမြင်အောင်လုပ်ပြီး ထူးချွန်အောင်၊ ပညာရှင်တစ်ယောက် ဖြစ်လာအောင်ကြိုစားပါ။ ဆုရခြင်း မရခြင်းထက် သုတေသနပြုလုပ်ရာမှာ အရည်အချင်းတွေ တိုးတက်လာပါတယ်။ ဆရာ၊ ဆရာမတစ်ယောက် အရည်အချင်းနဲ့ ကိုက်ညီအောင်လည်း တော်သထက်တော်အောင် ကြိုစားသင့်ပါတယ်။

    ဆရာ ဒေါက်တာစိုးနိုင်ဟာ တက္ကသိုလ်မှာ ပါမောက္ခ(ဌာနမှူး) တစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်နေသလို တဘက် တလမ်းမှလည်း လူမှုရေး၊ ဘာသာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင်လည်း တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်နေသူဖြစ်သည့် အတွက် ဆရာ၏ ကြိုးစားမှု အတွက် ရလဒ်အား M-Media က မှတ်တမ်းတင် ဂုဏ်ပြုလိုက် ရခြင်း ဖြစ်ပါသည်။

  • သမိုင်းကို သိရုံနှင့်တင်မပြီးသေး သင်ခန်းစာတွေပါ ယူရမည်ဟု ပါမောက္ခ ဒေါက်တာစိုးနိုင်ပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄
    M-Media
    လင်းလင်း
    ???????????????????????????????
    ရန်ကုန် ။     ။ သမိုင်းကိုသိရုံနှင့်တင်မပြီးသင်ခန်းစာယူရမယ့် အရာတွေဖြစ်တယ်လို့ ယနေ့ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ ကျင်းပပြုလုပ်သော  စာပေဟောပြောပွဲ အခမ်းအနားတွင် မြန်မာစာ ပါမောက္ခ ဒေါက်တာစိုးနိုင်က ပြောကြားခဲ့သည်။

    “စာပေဟောပြောပွဲဆိုတာ ပညာကို မျှဝေပေးတဲ့နေရာတစ်ခုဖြစ်တယ်။ အခုချိန်မှာ ပညာကို ရှာဖွေရတော့မယ်၊ နောက်ကျနေလို့ မရတော့ဘူး။ မ,အရအောင်လည်း သမိုင်းကို သိထားဖို့လိုအပ်နေပါပြီ။ ပညာညံ့နေဖို့ အခြေအနေက ခွင့်မပြုတော့ဘူး။ တမန်တော်မြတ်ကြီးက ပုခက်တွင်းကနေစပြီး သချိုင်းထိ ပညာကို သင်ကြားရမယ်လို့ မိန့်ကြားခဲ့တယ်။ ပညာဆိုတာ ဆုံးခန်းတိုင်တယ် မရှိပါဘူး။ ပညာတတ်မှ အရာရာကို နားလည်နိုင်မှာ ဖြစ်တယ်”ဟုပြောကြားခဲ့ပါသည်။

    ဆက်လက်ပြီး လူငယ်များ အနေနှင့် မြန်မာ့သမိုင်းနှင့် အစ္စလာမ် သမိုင်းကို လေ့လာသိရှိထားရန် လိုအပ်ကြောင်း၊ အမျိုးဘာသာကို ရှေ့တန်းမတင်ဘဲ တစ်ဘာနှင့် တစ်ဘာသာ ချစ်ခင် ရင်းနှီးမှုများရှိရန် လိုအပ်ကြောင်း၊ အစ္စလာမ် ဆန်ဆန်နေသင့်ကြောင်း၊ ဘိုးဘေးဘီဘင်များသည် မြန်မာ လူမျိုးများဖြစ်သည့် အတွက်လည်း မြန်မာ ဆန်ဆန်လည်းနေထိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း ရန်ကုန်တက္ကသိုလ်) မှ မြန်မာမွတ်စလင် လူငယ်များသို့ ခေါင်းစဉ်ဖြင့် “လူငယ်များတွင် ရှိသင့် ရှိထိုက်ရမည့် အရည်အချင်းများကို ဟောပြေခဲ့ပါသည်။ အခုချိန်မှာ လူကြီးတွေက လူငယ်တွေရဲ့အရေးကို စဉ်းစားပေးဖို့ အထူး လိုအပ်နေပါပြီ။ ပျိုရွယ်ခြင်းရဲ့တန်ဖိုးကို မအိုခင်မှာသိ ဟု တမန်တော်မြတ်ကြီးက မိန့်ကြားခဲ့တယ်။ လူငယ်တွေဟာ ငယ်ရွယ်စဉ်မှာ လုပ်နိုင်တာတွေ ပညာတွေကို ရှာဖွေနေရမယ်။ မြန်မာ မွတ်စလင် လူငယ်တွေ အရည်အချင်း ရှိဖို့ လိုအပ်နေပါပြီ” ဟုလူငယ်များသို့ ပညာပေးစကားများပြောကြားခဲ့ပါသည်။

    လူငယ်တစ်ဦးတွင် ကျန်းမာရေးသည်လည်း မရှိမဖြစ် အထူး ကောင်းမွန်ရန် လိုအပ်ကြောင်းကိုလည်း ဒေါက်တာသန်းဝင်းက ပြောကြားခဲ့ ပါသေးသည်။” လူငယ်တွေဟာ ဗလ ငါးတန်နဲ့ပြည့်စုံအောင်လို့ နေထိုင်ရမယ်။ ကျန်းမာရေးကောင်းမွန်မှ ကျန်တဲ့ အရာတွေကိုပြုလုပ်နိုင်မှာဖြစ်တယ်။ အစ္စလာမ် သာသနာက ဘယ်လောက်တောင်ပြည့်စုံသလဲဆိုရင် တစ်နေ့ကို ဆွလာသ် ငါးကြိမ် ၀တ်ပြုဖို့ တာဝန်ပေးထားတယ်။ ဆွလာသ်ဝတ်ပြုမှုကို မှန်မှန်လုပ်ရင် ကျန်းမာရေး အတွက် သီးခြားထပ် လုပ်စရာတောင် မလိုပါဘူး။ အစ္စလာမ်က သန့်ရှင်းမှုကိုလည်း အခြေခံတဲ့ အတွက် သန့်ရှင်းမှု ရှိအောင်လည်းနေဖို့ မှာကြားထားပါတယ်။ လူငယ်များ အနေနှင့် ပညာကို စာအုပ်ထဲမှာ မထားပဲနဲ့ ရင်ထဲမှာထားပြီး သင်ဖို့ လိုအပ်နေပါပြီ” ဟု ဆက်လက်ပြောခဲ့ပါသည်။

    မြန်မာမွတ်စလင် လူငယ်များသို့ ခေတ် အခြေအနေနှင့် ပတ်သက်သည့် အသိပညာများကိုလည်း မျှဝေပေးခဲ့ပါသည်။   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာ မွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ်မှ မြန်မာမွတ်စလင် လူငယ်များ အတွက် ရည်ရွယ်၍ ယခုကျင်းပသော  ကျင်းပပြုလုပ်သော  စာပေဟောပြောပွဲ အခမ်းအနားသည် ဒုတိယ အကြမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၃ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။