News @ M-Media

Tag: Economy

  • ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ၅ နှစ်ဆက်တိုက် ကျဆင်း

    ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ၅ နှစ်ဆက်တိုက် ကျဆင်း

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    imf

    – ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ မတည်ငြိမ်မှု၊ တရုတ်နိုင်ငံ၏ လိုက်မမှီသော စီးပွားရေးတိုးတက်မှု နှေးကွေးလာခြင်းတို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ နှစ်အလိုက် စီးပွားရေးအခြေအနေမှာ ၅ နှစ်ဆက်တိုက်အဖြစ် ကျဆင်းခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ကမ္ဘာတစ်ဝှမ်း စစ်တမ်းကောက်ယူမှုများအရ ကုန်စည်ဈေးကွက်များ ပြောင်းလဲခြင်း၊ နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် ခေတ္တပြုတ်ကျသွားခြင်းတို့မှာ ကမ္ဘာ့နိုင်ငံများမှ ဈေးကွက်များအား ထိခိုက်စေခဲ့သည်ဟု ဆိုသည်။

    ဈေးကွက်ကြီးမားသည့် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် စီးပွားရေးတိုးတက်မှု ၄.၀ ရာခိုင်နှုန်းနှင့် ၄.၅ ရာခိုင်နှုန်း ရှိရမည်ဖြစ်သော်လည်း ဇူလိုင်လတွင်ပြုလုပ်ခဲ့သော ခန့်မှန်းချက်ထက် ၂ ရာခိုင်နှုန်း ကျဆင်းသည်ကို တွေ့ခဲ့ရသည်။

    အဆိုးဝါးဆုံး ကျဆင်းသည့်နိုင်ငံမှာ ရုရှားဖြစ်ပြီး ယခုနှစ်အတွင်း ဂျီဒီပီ ၃.၈ ရာခိုင်နှုန်းနှင့် လာမည့်နှစ်တွင် ၀.၆ ရာခိုင်နှုန်း ကျဆင်းမည့်အလားအလာ ရှိနေသည်။ ဘရာဇီးလ်ကလည်း ယခုနှစ်တွင် ၃ ရာခိုင်နှုန်း၊ လာမည့်နှစ်တွင် ၁ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်သည်။

    တရုတ်နိုင်ငံ၏ စီးပွားရေးမှာလည်း ဆက်လက်ကျဆင်းနေပြီး ကမ္ဘာ့ဈေးကွက်များအတွက် စိုးရိမ်မှုများလည်း ရှိနေသည်။ တောင်အာဖရိက၏ ဂျီဒီပီမှာမူ ယခုနှစ်တွင် ၁.၄ ရာခိုင်နှုန်း တက်လာမည်ဟု ခန့်မှန်းထားပြီး လာမည့်နှစ်တွင် ၁.၃ ရာခိုင်နှုန်း မြင့်တက်ရန် ရှိနေသည်။

    စီးပွားရေးအခြေအနေ အကောင်းဆုံးမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ယခုနှစ်နှင့် လာမည့်နှစ်တွင် ၇.၃နှင့် ၇.၅ ရာခိုင်နှုန်း အသီးသီးတက်ရန် ရှိနေသည်။

    Ref: Channelnewsasisa

  • ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို မြန်မာအစိုးရ ပြန်ဖွင့်ပေးရန် ရှိနေ

    ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို မြန်မာအစိုးရ ပြန်ဖွင့်ပေးရန် ရှိနေ

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    rice

    – မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လ ရေဘေးသင့်သည့်အချိန်အတွင်း ဆန်ပြတ်လတ်မှုနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် ပိတ်ပင်ထားသည့် ပြည်ပသို့ ဆန်တင်ပို့မှုကို ပြန်လည်ဖွင့်ပေးရန် စီစဉ်နေသည်ဟု ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦး ပြောကြားလိုက်သည်။

    ဆန် ပြန်လည်တင်ပို့ရန် မြန်မာ့ဆန်စပါးအသင်းမှ အဆိုပြုချက် တင်ပြခဲ့ပြီးနောက်ပိုင်းတွင် အစိုးရမှာ ထိုကိစ္စအတွက် ဆောင်ရွက်နေသည်ဟု အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားခဲ့သည်။ ဆန်တင်ပို့မှုကို သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ စက်တင်ဘာ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

    “တစ်နိုင်ငံလုံးက ရေဘေးသင့်အန္တရာယ်ကြောင့် ပိတ်ပင်မှုကို စတင်ခဲ့တာပါ။ ဒါပေမယ့် အစိုးရကလည်း ပို့ကုန်ဈေးကွက် ခိုင်မာမှုကို ထိန်းသိမ်းချင်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း ဒီအကြောင်းအရာတွေကို ချိန်ဆနေပြီး သက်ဆိုင်ရာ ဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့ ဆောင်ရွက်စရာရှိတာတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဦးတိုးအောင်မြင့်ပြောကြားမှုကို DVB သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    “ပိုအရေးကြီးတာက ကျွန်တော်တို့ဟာ လက်ရှိဈေးကွက်ကို ကဖျက်ယဖျက် မလုပ်ချင်ပါဘူး။ အထူးသဖြင့် ဥရောပဈေးကွက်ပေါ့။ ပြီးတော့ ဥရောပက ကောက်ညှင်းဆန် လူကြိုက်များမှုအပေါ်မှာလည်း ကျွန်တော်တို့ အမြတ်မထုတ်ချင်ပါဘူး။ အဲဒီကောက်ညှင်းဆန်ဟာ ပြည်တွင်းမှာတော့ တောင်းဆိုမှုနည်းပါတယ်။ ပြည်တွင်းမှာ ၀ယ်လိုအားနည်းတဲ့ ဆန်အမျိုးအစားတွေကို ကျွန်တော်တို့ အဓိကထားသွားမှာပါ။ ပြီးတော့ တစ်ဖြည်းဖြည်းနဲ့ ပိတ်ပင်မှုကို တစ်ခုချင်းဆီ ဖြေလျော့သွားမှာပါ”

    ရိတ်သိမ်းပြီးသော ဆန်များမှာ စက်တင်ဘာအလယ်ပိုင်းတွင် ဈေးကွက်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရသောကြောင့် ဆန်စပါးအသင်းက စင်တင်ဘာ ၁၅ ရက်နေ့တွင် ဆန်ပို့ခြင်း ပိတ်ပင်မှုအား ရပ်ဆိုင်းမည့် နေ့အဖြစ် သတ်မှတ်ထားသည်။ ဒေသတွင်းမီဒီယာ၏ ပြောကြားမှုအရ မြန်မာအစိုးရမှာ ဆန်မလောက်မငှဖြစ်မှုကို ဖြည့်ဆည်းရန် ပြည်ပမှ ဆန်တင်သွင်းနိုင်ခြေအတွက် အသေအချာ စဉ်းစားနေသည်ဟု ဖော်ပြခဲ့သည်။

    သို့သော်လည်း ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကမူ ဆန်တင်ပို့မှုပိတ်ပင်ခြင်းကို နိုဝင်ဘာလထိ ထပ်တိုးနိုင်ခြေရှိနေသည်။ နိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုများကြောင့် လယ်ဧက ၁ သန်းခန့်မှာ ပျက်ဆီးသွားခဲ့ပြီး ထိုပမာဏမှာ နိုင်ငံ၏ စပါးခင်း စုစုပေါင်းပမာဏ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိရှိသည်။ မြန်မာနိုင်ငံ ပြည်တွင်း တစ်နှစ်စာ ဆန်လိုအပ်ချက်မှာ တန်ချိန်ပေါင်း ၃၄.၈ သန်း ရှိသည်။

    မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း ပုံမှန်တိုးတက်လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆန်တန်ချိန် ၁.၈ သန်းကို တင်ပို့နိုင်ခဲ့သည်။ ဆန်စပါးအသင်းကမူ ၂၀၁၅ ခုနှစ်တွင် ဆန်စပါးထွက်နှုန်းမှာ တန်ချိန် ၁၄ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ မြန်မာအစိုးရမှာ ယခုနှစ်တွင် ဆန်တန်ချိန် ၂ သန်း ပြည်ပသို့တင်ပို့ရန် လျာထားသည်။

    Ref: Bangkokpost

  • အခမ်းအနားဝန်ဆောင်မှုပေးသည့် ထိုင်းကုမ္ပဏီ မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ခေတ္တရပ်တန့်

    အခမ်းအနားဝန်ဆောင်မှုပေးသည့် ထိုင်းကုမ္ပဏီ မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ခေတ္တရပ်တန့်

    ဧပြီ ၁၉၊ ၂၀၁၅
    M-Media

    index

    – မြန်မာအစိုးရက လိုင်စင်အတွက် တင်းကျပ်သော တောင်းဆိုမှုများကို ပြုလုပ်ခြင်းကြောင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး အခမ်းအနားကျင်းပရေး ၀န်ဆောင်မှုကုမ္ပဏီဖြစ်သည့် Index Creative Village Plc က ပြုလုပ်ရန် စီစဉ်ထားသော ပရောဂျက်များကို ယာယီရပ်တန့်လိုက်ပြီဟု သိရသည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ မတည်ငြိမ်မှုများ မြင့်မားလာပြီး အစိုးရက ဖြစ်လာနိုင်သော ဆန္ဒပြမှုများကို တားဆီးရေး ဆောင်ရွက်မှုအဖြစ် ပြည်သူများစုဝေးခြင်းနှင့် ပတ်သက်၍ ပိုမိုတင်းကျပ်သည့် လမ်းညွှန်ချက်များ ချမှတ်ခဲ့ပြီးနောက် အဆိုပါကုမ္ပဏီက ထိုကဲ့သို့ ရပ်တန့်လိုက်ခြင်းလည်း ဖြစ်သည်။

    အဆိုပါကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ပူးတွဲအမှုဆောင် အကြီးအကဲလည်းဖြစ်သော Kriengkrai Karnchanapokin ကမူ ၎င်းတို့ ကုမ္ပဏီမှာ စီစဉ်ထားသော အခမ်းအနားများကို နိုင်ငံရေးအခြေအနေ ပြေလည်သွားသည်အထိ ရပ်တန့်သွားမည်ဟု ဆိုသည်။

    Index မှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း သင်္ကြန်ပွဲတော်အတွက် အခမ်းအနားများကို တာဝန်ယူ စီစဉ်ပေးခဲ့သော်လည်း ယခုနှစ်တွင်မှု စီစဉ်ပေးခြင်း မရှိခဲ့ပေ။ Index မှ ၂၀၁၃ ခုနှစ် သင်္ကြန်က ပြုလုပ်ပေးခဲ့သော အခမ်းအနားတွင် လူပေါင်း ၇၀၀၀၀၀ လာရောက်ခဲ့ကြပြီး ယမန်နှစ်တွင်မူ ထိုထက် ပိုများခဲ့သည်။ ကုန်သွယ်ရေး ပြပွဲများကဲ့သို့ အခြားသော ပွဲများကိုလည်း Index က ရပ်ဆိုင်းခဲ့သည်။

    “မြန်မာနိုင်ငံရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ ဒါပေမယ့် ပြုပြင်မှု၊ ပြောင်းလဲမှုတွေက ဆန္ဒပြမှုကို ဖြစ်စေတယ်ဆိုတာ သဘာဝပါပဲ” ဟု မစ္စတာ Kriengkrai က ပြောကြားခဲ့သည်။

    Index မှာ မြန်မာနိုင်ငံသို့ ပထမဆုံးဝင်ရောက်သည့် မီဒီယာနှင့် အခမ်းအနား စီစဉ်ကျင်းပရေးကုမ္ပဏီဖြစ်ပြီး ပြည်တွင်း Forever Group နှင့်ပူးပေါင်းကာ Myanmar Index Creative Village ကုမ္ပဏီအဖြစ် ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံသို့ စတင် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

    ၂၀၁၁ ခုနှစ် အကယ်ဒမီပေးပွဲ၊ ၂၀၁၂ ခုနှစ် နှစ်သစ်ကူး Countdown ပွဲနှင့် ၂၀၁၂ ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားများကို Index က စီစဉ် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ မကြာသေးမီကပင် Index မှာ ပုဂံ၌ ဒဏ္ဍာရီ ဟုခေါ်သည့် ခေတ်ပြိုင်ပြပွဲတစ်ခု ကျင်းပပြုလုပ်ကာ မြန်မာနိုင်ငံ၏ ခရီးသွားလာရေး ကဏ္ဍသို့ ၀င်ရောက်ခဲ့သည်။

    Ref: Bangkokpost

  • ကမ္ဘာ့ဘဏ္ဍာရေး ယန္တရားများမှ မြန်မာငွေကြေး အကူအညီ ထပ်မံရရှိ

    မေ ၁ ၊ ၂၀၁၄
    M-Media
    ရဲဝင်း စုစည်းတင်ဆက်သည်။

    မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု နည်းစနစ်တွေ ခေတ်သစ်ဆန်းပြုပြင်ပြောင်းလဲစေရေး အတွက် ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၅၅ သန်း ကို ကမ္ဘာ့ဘဏ်၊ သြစတေးလျနဲ့ အင်္ဂလန်နိုင်ငံတွေက ထောက်ပံကူညီပေးမှု လက်ခံရရှိခဲ့ပါတယ်။

    jim-yong-kim-talks
    ၂၀၁၄ ဇန်နဝါရီ အတွင်း ကမ္ဘာဘဏ် ဥက္ကဌ မြန်မာပြည်သို့ လာရောက်ခဲ့စဉ် ရန်ကုန်တိုင်း မြောက်ဒဂုံပြည်သူဆေးရုံသို့ ရောက်ရှိစဉ် မီဒီယာသို့တွေ့ဆုံစဉ် Photo: Reuters

    ယင်းအကူအညီတွေအနက် ကမ္ဘာ့ဘဏ်ရဲ့ထောက်ခံမှုနဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) မှ အမေရိကန်ဒေါ်လာ သန်း ၃၀၊ သြစတေးလျ အစိုးရမှ ၈ သန်းခွဲ၊ အင်္ဂလန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ၁၆ သန်းခွဲ တို့ကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

    ဒီစီမံကိန်းဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေပြုလုပ်ရာမှာ ထိရောက်ပြီး တိကျသေခြာစွာ တာဝန်ယူလုပ်ဆောင်နိုင်ကြဖို့အတွက်နဲ့ ဘဏ္ဍာငွေ စီမံခန့်ခွဲမှုတွေကိုပြုလုပ်ရာမှာ နည်းဗျူဟာ ပြင်ဆင်မှုတွေနဲ့ ပိုမိုပြီး ယုံကြည် အားထားရတဲ့ စီမံခန့်ခွဲ့မှု နည်းစနစ်တွေကို အသုံးပြုနိုင်ဖို့တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

    ပညာရေး၊ ကျန်းမာရေးနဲ့ ရေသန့်စင်မှု ရရှိရေး အစရှိတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အရေအတွက်နဲ့ အရည်သွေးတွေ တိုးမြှင့်လာပြီး မြန်မာပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက ယုံကြည်ထားကြပါတယ်။

    ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim ကလည်း လွန်ခဲ့တဲ့ ဇန္နဝါရီလအကုန်မှာ မြန်မာပြည်ကိုသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေါ်လာ သန်း ၂၀၀၀ လောက်ကို နှစ်စဉ် ပိုင်းခြားပြီး သီးသန့် ကူညီဖို့ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီအစီအစဉ်ကတော့ ၂၀၃၀ ခုနှစ် မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျန်းမာရေးဆေးကုသမှုရရှိစေရေးနဲ့ လျှပ်စစ်မီး ရရှိစေရေးကို ရည်ရွယ်ထားပါတယ်။

    ဒီ သန်း ၂၀၀၀ အနက် ထက်ဝက်လောက်ကို ရှေ့လာမယ့် ငါးနှစ်ကာလမှ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေးတွေနဲ့ ဖြန့်ဖြူးပေးရေးတွေ အတွက် ရင်းနှီးမြှပ်နှံ သွားမှာဖြစ်ပါတယ်။ အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် (ADB) ကလည်း ADB  ရဲ့ ဥက္ကဌ Haruhiko Kuroda  နေပြည်တော်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက်မှ လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် လိုအပ်တဲ့ နည်းပညာတွေ၊ ဘဏ္ဍာရေး လိုအပ်မှုတွေ၊ ဆက်သွယ်ရေးတွေနဲ့ အားထားရတဲ့ စွမ်းအင်ရရှိရေးတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို ချေးငွေအဖြစ် ကူညီထောက်ပံ့ပေးမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    လျှပ်စစ်စွမ်းအားရရှိမှုဟာ မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝမြှင့်မားလာမယ့် အပြင် ပိုမိုကောင်းမွန်တဲ့ စီးပွားရေးနယ်ပယ် ကိုလည်း ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုတွေအနေနဲ့ အလုပ်အကိုင်တွေ များပြားလာမယ်၊ နိုင်ငံတော်ဖွံ့ဖြိုး သာယာလာမယ်၊ ဆင်ရဲနွမ်းပါးမှုလျော့ကျလာမယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim က ယုံကြည်ထားပါတယ်။ အခုလို ကမ္ဘာ့ဘဏ်နဲ့ ပုဂ္ဂလိက ကဏ္ဍတွေရဲ့ ထောက်ပံ့ပေးမှုတွေကြောင့် ၂၀၂၀ ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းက လျှပ်စစ်မီး ရရှိကြမှာဖြစ်ပါတယ်။ လက်တလောမှာတော့ ၇၀ ရာခိုင်နှုန်းလောက်က လျှပ်စစ်မီး မရရှိကြပါဘူး။

    အရေးကြီးတဲ့ အခြေခံပြည်သူ့ဝန်ဆောင်မှုတွေက ကုန်ကျစရိတ်တွေမြင့်မားလွန်းနေပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေဟာ ဒီဝန်ဆောင်မှုတွေကို လက်လှမ်းမမှီဖြစ်နေပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ပြည်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကတော့ အရည်အသွေးမှီတဲ့ ဆေးဝါးကုသမှုတွေကို မရရှိကြဘူးလို့ ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေး ဆေးကုသမှုရရှိရေးကို လုပ်ဆောင်နိုင်ဖို့အတွက် ဒေါ်လာ သန်း ၂၀၀ ကိုလည်း ကမ္ဘာ့ဘဏ်က ကူညီပေးမှာဖြစ်ပါတယ်။

    စိုက်ပျိုးရေး ကဏ္ဍအတွက်လည်း နည်းပညာ အကူအညီတွေပေးဖို့နဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ တိုးမြှင့်လာဖို့အတွက် ကမ္ဘာ့ဘဏ်က ကူညီပေးဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ထုတ်ဖော်ခဲ့ပါတယ်။ ဒီစိုက်ပျိုးရေးကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၄၃ ရာခိုင်နှုန်းရှိပါတယ်။ ပြည်တွင်း အလုပ်သမားဦးရေ ထက်ဝက်ကျော်ဟာ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်ကိုင်နေကြပြီး နိုင်ငံတော် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာလည်း စိုက်ပျိုးရေးကဏ္ဍကို မှီခိုနေကြပါတယ်။

    စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျတဲ့ ကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်သွားဖို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက ဝိုင်းဝန်းကူညီပေးကြမယ်လို့ သဘောတူထားကြတာဖြစ်ပါတယ်။

    Ref: Myanmar gets more support from world financial institutions – Shanghai Daily

  • ၂၀၁၀-၂၀၁၃ ခုနှစ်အတွင်း လူပေါင်း ၈၄၂ သန်း ငတ်မွတ်ခြင်း ခံစားရ

    နိုဝင်ဘာ-၁၈ ၂၀၁၃
    M-Media
    75109
    ၂၀၁၀-၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းအထိ နေ့စဉ်အာဟာရလိုအပ်ချက် မဖြည့်ဆည်းနိုင်ခဲ့ပါ။

    ၂၀၁၀-၂၀၁၃ ခုနှစ်ကာလအတွင်း ကမ္ဘာတစ်ဝှန်းက လူပေါင်း ၈၄၂ သန်းခန့်ဟာ အစာအာဟာရချို့တဲ့မှုဒဏ် ခံစားကြရတယ်လို့  ကုလသမဂ္ဂရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ Agriculture Organization of the United Nations (FAO) က ခန့်မှန်းထားပါတယ်။

    ခန့်မှန်းခြေအားဖြင့် ၂၀၁၁-၂၀၁၃ ခုနှစ်အကြား ကမ္ဘာပေါ်ရှိ လူ ၈ ယောက်မှာ တစ်ယောက်နှုန်း ကာလရှည်ငတ်မွတ်မှု နဲ့ ရှင်သန်ခြင်းအတွက် ပုံမှန်ရိက္ခာ လုံလောက်စွာ မရရှိမှုကို ခံစားနေခဲ့ကြရကြောင်း FAQ ကထုတ်ပြန်တဲ့ State of Food Insecurity(2013) အစီရင်ခံစာထဲ တင်ပြခဲ့တယ်။

    ဒီကိန်းဂဏန်းက ၂၀၁၀-၂-၁၂ ကာလ ၈၆၈ သန်းထက် ဦးရေလျော့ကျသွားပါတယ်။ ၁၉၉၀-၁၉၉၂ ကာလကစပြီး အာဟာရချို့တဲ့မှုခံစားနေရသူ အရေအတွက်စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်း ကျဆင်းသွားတာပါ။

    အာဖရိကမှာ အာဟာရချို့တဲ့မှုအမြင့်မားဆုံး ဖြစ်ပေါ်နေဆဲပါပဲ။ လက်ရှိနှစ်များအတွင်း အားရဖွယ်မရှိတဲ့ တိုးတက်မှုနဲ့အတူ လူငါးဦးလျှင် တစ်ဦးနှုန်း အာဟာချို့တဲ့မှု ခံစားနေရတယ်လို့ ခန့်မှန်းသုံးသပ်မှုများက ဆိုပါတယ်။

    အာဖရိကတိုက်ရဲ့ သဲကန္တာရရပ်ဝန်းဒေသဟာဖြင့် အာဟာရချို့တဲ့နှုန်း အမြင့်မားဆုံးဖြစ်ပေါ်ဆဲ အဆင့်မှာ ရှိနေတယ်။ တစ်ချိန်တည်းမှာပဲ အာရှတိုက် အနောက်ပိုင်းမှာ တိုးတက်မှု မရှိသလို အာရှတိုက်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာတော့ တိုးတက်မှုကို တွေ့ရပါတယ်။

    အာဟာရချို့တဲ့မှုဟန့်တားနိုင်ရေး နဲ့ ခန့်မှန်းဦးရေတို့ကို သိသိသာသာ လျှော့ချနိုင်ခဲ့တာကတော့ အာရှတိုက်အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းနိုင်ငံများ ဖြစ်ကြပါတယ်။ လက်တင် အမေရိကမှာလည်း အလားတူ ရလဒ်မျိုး ရှိနေပါတယ်။

    “ ဖွံ့ဖြိုးမှုက ၀င်ငွေကို မြင့်တက်စေပြီး ငတ်မွတ်မှုဒုက္ခကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် စီးပွားရေးပိုကောင်းလာဖို့က လူတိုင်း လက်လှမ်းမှီချင်မှ မှီပါလိမ့်မယ်။ ဆင်ခြေဖုံးဒေသက လူတွေ နဲ့ နွမ်းပါးသူတွေအပေါ် အထူးဦးတည်သောမူဝါဒတွေ မရှိဘဲနဲ့တော့ အားလုံးအတွက် ကောင်းမွန်မြင့်မားတဲ့ အလုပ်အကိုင်တွေ ဖြစ် မလာနိုင်ပါဘူး ” လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

    “ ယနေ့ကာလထုတ် အစားအသောက်ထုတ်လုပ်တဲ့နည်းလမ်းတွေမှာ အာဟာရဓာတ်လုံလောက်အောင် မတိုးမြှင့်ပေးနိုင်ကြောင်း ထင်ရှားနေပါတယ်။ ကမ္ဘာကြီးက အားလုံးအတွက် အစာရေစာအလုံအလောက် ထုတ်လုပ်ပေးနေပေမယ့် ဒီနေ့ထိ လူပေါင်း သန်း ၈၄၀ ကျော် ငတ်မွတ်မှုကြုံတွေ့နေရသေးတဲ့ အခြေအနေ အပြင် အဲ့ဒါရဲ့ သုံးပုံတစ်ပုံက အလေအလွင့်ဖြစ်ရခြင်းဟာ တုန်လှုပ်စရာအချက် ဖြစ်နေပါတယ်။ ဒါပေမယ့် အဲ့ဒါက ဖြစ်စဉ်ရဲ့တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကမ္ဘာ့လူဦးရေထက်ဝက်ကျော်လောက်က အာဟာရချို့တဲ့မှု၊ ငတ်မွတ်မှု၊ အခြေခံအာဟာရဓာတ်မလုံလောက်မှု သို့တည်းမဟုတ် အစားကျူးမှုဒဏ်ကို ခံစားနေရပါတယ် ” ဆိုပြီး ရောမမြို့၊ ၂၀၁၄ ခုနှစ် ပင်မညီလာခံအကြိုဆွေးနွေးပွဲမှာ FAO အကြီးအကဲ ဒါရိုက်တာ José Graziano da Silva က ပြောကြားခဲ့ပါတယ်။

    Source : World Bulletin