News @ M-Media

Tag: Education

  • ကမ္ဘာတစ်ဝှမ်း ကျောင်းမတက်နိုင်သည့်ကလေးငယ် ၂၆၄ သန်းရှိနေ

    ကမ္ဘာတစ်ဝှမ်း ကျောင်းမတက်နိုင်သည့်ကလေးငယ် ၂၆၄ သန်းရှိနေ

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    ဆီးရီးယားမှ ကျောင်းနေအရွယ် ကလေးငယ်တစ်ဦး

    – ကမ္ဘာတစ်ဝှမ်းတွင် ပညာသင်ကြားခွင့်မရသည့် ကလေးငယ်များနှင့် လူငယ်အရေအတွက်မှာ သန်း ၂၆၀ ကျော် ရှိနေသည်ဟု ယူနက်စကိုမှ ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။

    ပညာသင်ကြားခွင့် မရသူများတွင် မူလတန်းအရွယ် (အသက် ၆ နှစ်မှ ၁၁ နှစ်အအထိ) ၆၁ သန်း၊ အလယ်တန်းအဆင့် (အသက် ၁၂နှစ်မှ ၁၄ နှစ်အထိ) သန်း ၆၀ နှင့် အထက်တန်းအဆင့် (အသက် ၁၅နှစ်မှ ၁၇ နှစ်အထိ) ၁၄၂ သန်းတို့ ဖြစ်ကြသည်။

    အဆိုပါတွေ့ရှိချက်မှာ ယူနက်စကို၏ စာရင်းအင်းအွဲ့နှင့် ကမ္ဘာ့ပညာရေး စောင့်ကြည့်မှုအစီရင်ခံစာ (GME) တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ အချက်အလက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။

    ယူနက်စကို၏ ညွှန်ကြားရေးမှူးချုပ် အိုင်ရီနာ ဘိုကိုဗာက ယခုကဲ့သို့ ပညာသင်ကြားခွင့် မရရှိသည့် အခြေအနေအား ကျော်လွှားရေး ပူးပေါင်းအားထုတ်ကြိုးပမ်းသွားရန် ကမ္ဘာ့အသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့သည်။

    ထို့ပြင် ထိုပြဿနာကို ရင်ဆိုင်ဖြေရှင်းရန် ပိုမိုအားကောင်းသည့် အစီအစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ပညာရေးအခွင့်အလမ်းများ ရရှိရေး လှုံ့ဆော်မှုပေးရန်၊ အလှူရှင်များအပါအ၀င် အစိုးရအားလုံးအနေဖြင့် ၎င်းတို့၏ ပညာရေး ကတိကတ၀တ်ကို ဖြည့်ဆည်းရန်လည်း တိုက်တွန်းခဲ့သည်။

    Ref : Aljazeera

  • ထူးချွန်သည့် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုပွဲ ပဲခူးမှာပြုလုပ်

    ထူးချွန်သည့် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုပွဲ ပဲခူးမှာပြုလုပ်

    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media
    မိုးစက်

    ပဲခူးမြို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးစီးပြီး ၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်သူများနှင့် ဂုဏ်ထူး ထူးချွန်ဆု ရရှိသည့် မွတ်စလင်မ် ကျောင်းသား/ကျောင်းသူများ ကို ပဲခူးမြို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဂုဏ်ပြုခဲ့ကြပါတယ်။

    “ကျွန်တော်တို့ ဒီ ဂုဏ်ပြုချီးမြှင့်တဲ့ပွဲမှာ လူငယ်တွေကိုပဲ နေရာပေးပြီး နောက်မျိုးဆက်သစ်တွေ စွမ်းဆောင်ရည် တိုးမြှင့်စေဖို့အတွက် စင်ပေါ်မှာလည်း လူငယ်တွေကိုပဲ ချီးကျုးဂုဏ်ပြုစကားတွေပြောခိုင်းပြီးတော့ ခုလို ထူးချွန်ကျောင်းသားတွေကို ဂုဏ်ပြုရတာပဲ ဖြစ်ပါတယ်” လို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုညီညီဇော်က ဆိုပါတယ်။

    တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၄၆ ဦးအနက် ရိုးရိုးအောင်မြင်သူများကို ဆုတံဆိပ်၊ ဂုဏ်ပြုလတ်မှတ်နှင့် ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ငွေသားပါ ထပ်မံ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

    အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးမြို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ယခု ၂၀၁၇ ခုနှစ်တွင် (၉) ကြိမ်မြောက် ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့က လူမှုရေးလုပ်ငန်းများအဖြစ် သဘာဝဘေးအန္တရယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုများ နှင့် သွေးလှူဒါန်းခြင်း လုပ်ငန်းများကို လုပ်ကိုင်လျှက် ရှိကြောင်း သိရှိရပါတယ်။

     

  • တက္ကသိုလ် ဝင်တန်းအောင်တဲ့ မွတ်စလင်မ် လူငယ်တွေအတွက် ဂုဏ်ပြုပွဲ ပုသိမ်မှာ ပြုလုပ်

    တက္ကသိုလ် ဝင်တန်းအောင်တဲ့ မွတ်စလင်မ် လူငယ်တွေအတွက် ဂုဏ်ပြုပွဲ ပုသိမ်မှာ ပြုလုပ်

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media
    မိုးစက်

    ပုသိမ်။ ။ ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင် မြန်မာမွတ်စလင်ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုတဲ့ အစီအစဉ်တစ်ခုကို ပုသိမ်မြိုမှာ အောက်တိုဘာလ (၈) ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

    “ကျွန်မတို့ ထူးချွန်တဲ့ကျောင်းသားတွေကို ဂုဏ်ပြုပေးချင်တာရယ်၊ ကျွန်မတို့ရဲ့ အဖွဲ့အစည်း အသိုင်းအဝိုင်းကို ပညာရေးနဲ့ တိုးတက်စေချင်တာရယ်၊ နောက်တက်လာမယ့် ကလေးတွေကို ဒီလိုပွဲတွေကနေ message တစ်ခုခု ရသွားစေချင်တာရယ် ဒီရည်ရွယ်ချက်တွေနဲ့ ဒီလို ဂုဏ်ပြုပွဲလေးကို ပြုလုပ်ပေးရတာ ဖြစ်ပါတယ်” လို့ ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးတဲ့ ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မသီတာသန်းက ဆိုပါတယ်။

    အဆိုပါ ဂုဏ်ပြု ချီးမြှင့်ပွဲကို ယခုတစ်ကြိမ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ပုသိမ်မြို့ အစ္စလာမ်သာသာနာရေးရာ ကောင်စီနှင့် ပုသိမ်မြို့မှ စီးပွားရေး လုပ်ငန်းရှင်များက ပူးပေါင်းပြီး ဂုဏ်ပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။

    ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင် မြန်မာမွတ်စလင်ကျောင်းသား၊ ကျောင်းသူ (၄၀) ကို ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ရိုးရိုးအောင်မြင်သူများကို ဆုတံဆိပ်နဲ့ ငွေကျပ်နှစ်သောင်း၊ ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ဆုတံဆိပ်နှင့် ငွေကျပ်နှစ်သောင်းအပြင် ဂုဏ်ထူး တစ်ဘာသာကို ငွေ တစ်သောင်းကျပ်ဖြင့် ဂုဏ်ပြုခဲ့ကြပါတယ်။

  • Chevening Scholarship လျှောက်မယ်ဆိုရင် (၁)

    Chevening Scholarship လျှောက်မယ်ဆိုရင် (၁)

    သြဂုတ် ၇ ၊ ၂၀၁၇
    ကျော်မိုးအောင် ရေးသည်။

    UK နိုင်ငံအစိုးရက ပေးအပ်တဲ့ Chevening Scholarship ၇.၈.၂၀၁၇ က စပြီး ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် လျှောက်လို့ ရပါပြီ။ UK လေးနိုင်ငံဖြစ်တဲ့ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ် (ဝေလ) နဲ့ မြောက်ပိုင်းအိုင်ယာလန် နိုင်ငံတွေက တက္ကသိုလ်တွေမှာ တစ်နှစ်စာ မဟာဘွဲ့ သင်ကြားနိုင်စေဖို့ ပညာသင်စရိတ် (ကျောင်းစရိတ်၊ နေ၊ စား၊ အသွားအပြန် ခရီးစရိတ်) အစအဆုံး UK အစိုးရဘက်က တာဝန်ယူတာ ဖြစ်လို့ မိမိတို့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် အချိန်ယူ ပြင်ဆင်ပြီး လျှောက်သင့်တဲ့ ပညာသင်ဆုကြီး တစ်ခုပါ။

    မြန်မာနိုင်ငံအတွက် ကျောင်းသားဦးရေ နှစ်စဉ် တိုးမြှင့်ပြီး ခေါ်နေပါတယ်။ အရင်က တစ်နှစ်ကို နှစ်ဦးသုံးဦးသာ ခေါ်ရာက အခုအခါ ဆယ်ဂဏန်း ဖြစ်လာနေပါပြီ။ ကျွန်တော်တို့နှစ် (၂၀၁၆-၁၇) မှာ ၁၂ ဦးရှိပြီး လာမည့်နှစ်မှာ ဒီထက်များတယ် သိရပါတယ်။

    “ဘာတွေ လိုသလဲ”
    ဒီပညာသင်ဆုဟာ
    * ဘွဲ့တစ်ခု ရရှိထားပြီး လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး နှစ်နှစ် အချိန်ပြည့် လုပ်ဖူးသူ
    * ဦးဆောင်နိုင်စွမ်းရှိသူ၊ မိတ်ဆွေအပေါင်းအသင်း အဆက်အသွယ်ရှိသူ (leadership and networking skills)
    * မိမိဘဝမှာ ဘာ ဆက်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိပြီး အဲဒီ ရည်မှန်းချက်အတွက် UK မှာ ပညာသင်ယူခြင်းက ဘယ်လိုဘယ်ပုံ အထောက်အကူပြုနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားသူ
    * UK နိုင်ငံမှာ မဟာတန်း တက်ရောက်သင်ယူနိုင်ဖို့ရာ အရည်အချင်း ပြည့်မီထားသူ
    * UK မှာ တစ်နှစ်တာ ပညာသင်ယူခြင်းအားဖြင့် မိမိကိုယ်တိုင်ရော မိမိဝန်းကျင်ကိုပါ အကျိုးတစုံတရာ ပြုပေးနိုင်မယ့်သူ …. စတဲ့ အချက်တွေကို အခြေခံ ရွေးတဲ့ ပညာသင်ဆုပါ။

    ဒီအတွက် လိုအပ်ချက်အနေနဲ့
    * Chevening ဘက်က ပညာသင်ဆုပေးမယ့်နိုင်ငံသား ဖြစ်ရပါမယ်။
    * ပညာသင်ယူအပြီးမှာ အနည်းဆုံး နှစ်နှစ် ကိုယ့်နိုင်ငံကိုယ် ပြန်ပြီး အလုပ်လုပ်ရပါမယ်။
    * UK တက္ကသိုလ် တစ်ခုခုက ကျောင်းတက်ခွင့်ပြုထားကြောင်း unconditional offer ကို လာမည့် ၁၂၊ ၇၊ ၂၀၁၈ နောက်ဆုံးထားပြီး တင်ပေးနိုင်ရပါမယ်။ (တစ်နှစ်နီးပါး အချိန်ရပါသေးတယ်)။ UK မှာရှိတဲ့ တက္ကသိုလ် တစ်ခုခုမှာ မိမိတက်ရောက်လိုတဲ့ ဘာသာရပ် စုစုပေါင်း သုံးခု လျှောက်ခွင့် ရှိပါတယ်။ အဲဒီထဲကနေ တစ်ခုကို တက်ရောက်ခွင့် ရပါမယ်။
    * အရင်က UK အစိုးရရဲ့ ပညာသင်ဆု ရဖူးပြီး UK မှာ ပညာသင်ဖူးသူ မဖြစ်ရပါဘူး။
    * အင်္ဂလိပ်ဘာသာစကား အနိမ့်ဆုံးလိုအပ်ချက် ပြည့်မီရပါမယ်။ ၁၂၊ ၇၊ ၂၀၁၈ နောက်ဆုံးထားပြီး တင်ပေးနိုင်ရပါမယ်။ ဖြေဆိုလို့ရတဲ့ စာမေးပွဲ လေးငါးမျိုး ရှိပါမယ်။ ဥပမာအနေနဲ့ ပြောရရင် Academic IELTS Overall Band 6.5, individual band 5.5 အနည်းဆုံး ရ ရပါမယ်။ ဒါသည် Chevening ဘက်က သတ်မှတ်တာဖြစ်ပြီး ကျောင်းတွေဘက်က ဒီထက် ပို ကောင်းမွန်တဲ့ အမှတ် တောင်းတတ်ပါတယ်။ များသောအားဖြင့် ကျောင်းတွေဘက်က တက်ရောက်မယ့် course ပေါ် မူတည်လို့ IELTS Overall Band 6.5 to 7, individual band 5.5 to 6.5 တောင်းတတ်ပါတယ်။ Chevening ဘက်က ၁၂၊ ၇၊ ၂၀၁၈ထိ ခွင့်ပြုထားပေမယ့် အဲဒီရက်မှာ ကျောင်းဝင်ခွင့်လည်း ရထားရမှာဖြစ်လို့ မေလထက် နောက်မကျဘဲ ဖြေထားပြီးသား၊ ပြည့်မီထားပြီးသား ဖြစ်သင့်ပါတယ်။
    နိုဝင်ဘာလ ၇ ရက်နေ့မှာ နောက်ဆုံးထားပြီး သက်ဆိုင်ရာ website မှာ ပညာသင်ဆု လျှောက်ထားရပါမယ်။
    လျှောက်ထားသူတွေထဲက ပဏာမအဆင့် အင်တာဗျူး ရွေးချယ်ခံရတဲ့သူတွေကို ဖေဖော်ဝါရီ လလယ်မှာ အကြောင်းကြားပေးပါလိမ့်မယ်။ (အရွေးမခံရရင်လည်း မခံရကြောင်း regret letter ရပါလိမ့်မယ်။) အဲဒီအခါ အင်တာဗျူးအတွက် ရက်သတ်မှတ်ပြင်ဆင် appointment ယူရင်း တစ်ချိန်တည်းမှာပဲ မိမိကို ထောက်ခံပေးမယ့်သူ နှစ်ဦးရဲ့ reference letter ကို ထပ် တင်ပေးရပါမယ်။ (ဒါ မတိုင်ခင် လျှောက်လွှာ တင်စဉ်ကတော့ မိမိကို ဘယ်သူဘယ်ဝါက ထောက်ခံပေးမှာဖြစ်ကြောင်း referee နှစ်ဦးရဲ့ နာမည် ရာထူး စတာတွေကို ဖြည့်ထားပေးပြီး ဖြစ်ရပါမယ်။)
    မတ်လ ကနေ မေလ အတွင်း အင်တာဗျူး လုပ်အပြီးမှာ ဇွန်လဆန်းမှာတော့ နောက်တစ်ဆင့်ထိ အရွေးခံရသူတွေကို ထပ် အကြောင်းကြားပါမယ်။ အဲလို အကြောင်းကြားတိုင်း သေချာပေါက် တက်ရပြီ ဆိုမရသေးပါ။ တက္ကသိုလ်ဘက်က ကိုယ့်ကို ကျောင်းတက်ခွင့်ပြုတဲ့ unconditional offer ရ ရပါမယ်။ ဆေးစစ်ရပါမယ် (TB အဆုတ်ရောဂါ ဖြစ်နေခြင်း ရှိမရှိကို ရန်ကုန် ပန်းလှိုင်ဆေးရုံကြီးမှာ စစ်ရပါတယ်)။ ဒီအဆင့်တွေအထိ အောင်မြင်ခဲ့ပြီ ဆိုရင်တော့ မိတ်ဆွေဟာ UK ရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ မဟာတန်း တစ်နှစ် ပညာသင်ယူနိုင်ပြီပေါ့။

    ကျောင်း လျှောက်ပုံ၊ reference တောင်းပုံ စတာတွေကို ထပ် တင်ပေးပါဦးမယ်။ application form က online ကနေပဲ တင်ရမှာပါ … ဒီနေ့ (၇. ၈. ၂၀၁၇) က စ ဖွင့်ပြီ ဆိုတော့ စိတ်ဝင်စားသူများ စတင် ပြင်ဆင်နိုင်ကြပါပြီ။

    ဒီလင့်ခ် http://www.chevening.org/apply/eligibility-criteria မှာ မိမိအရည်အချင်းနဲ့ ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးပြီး ၀င်ရောက်လျှောက်ထားနိုင်ပါတယ်။

  • အချုပ်အခြာ အာဏာနှင့် ဥပဒေ၏ ဥပဓိ

    အချုပ်အခြာ အာဏာနှင့် ဥပဒေ၏ ဥပဓိ

    ကိုဝ ရေးသားသည်။
    ပြည်သူ့ အရေးဂျာနယ် မှကူးယူဖော်ပြသည်။

    လူထုကြားမှာ Horizon လို့ လူသိများတဲ့ နိုင်ငံတကာ ကျောင်းကိစ္စ နဲ့ပတ်သက်ပြီး စိတ်ထဲ ဘဝင်မကျ ဖြစ်နေတာ ကြာပါပြီ။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထုတ် 7 Day Daily သတင်းစာမှာ Horizon ကျောင်းရဲ့ တာဝန်ရှိသူ အချို့ကို အင်းစိန် စီအိုင်ဒီက ရမန်ယူ ဖမ်းဆီး စစ်ဆေးနေတယ် ဆိုတဲ့ သတင်းပါလာတော့ ဒီကိစ္စကို ရေးဖို့ စိတ်ထဲ ပိုတွန်းအား ဖြစ်မိပါတယ်။ ဒီသတင်းမှာပဲ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူး ရုံးက တရားလို ပြုလုပ်ပြီး ဒီကျောင်းဖွင့်လှစ်တဲ့ ကုမ္ပဏီ Bright Future International (BFI) ကို အမှုဖွင့်ထားတယ် ဆိုတာလည်း ပါပါတယ်။ အမှန်ကတော့ Horizon ကျောင်းတွေကို အမည် ပြောင်းထားပြီးပါပြီ။ ဥပမာ၊ သာကေတမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Horizon ကျောင်းကို Shu Khin Thar International College ဆိုပြီး အမည်ပြောင်းထားတာပါ။ ပြောရရင် Horizon ကိုဖွင့်ခဲ့တဲ့ ကုမ္မဏီကလည်း BFI မဟုတ်ပါဘူး။

    7 Day Dailyက ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေခံပညာဦးစီးဌာန၊ ခေတ္တညွန်ကြားရေးမှူးချုပ်ဆီ ဆက်သွယ်မေးမြန်းကြည့်တော့ ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး၊ ခေတ္တ ဒုတိယညွန်ကြားရေးမှူးချုပ်ထံ မေးမြန်းဖို့ ပြောပါတယ်။ သူတို့ ပြောတဲ့ အတိုင်း 7 Day Daily ကမေးတော့ “ပညာရေးဝန်ကြီးဌာနက ညွန်ကြားလို့ အမှုဖွင့်ရတာပါ။ တိုင်းပြည်နဲ့ လူမျိုးကို တာဝန်ခံရတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အနေနဲ့ ဒီလို ဆင်ဝှေ့ရန်ရှောင် အဖြေမျိုးကို မဖြေသင့်ပါဘူး” လို့ ပြန်ဖြေတယ်လို့ ဆိုပါတယ်။ ကျောင်းသားပေါင်း ၁၄၀၀ ကျော်၊ ဝန်ထမ်းပေါင်း ၄၀၀ ကျော်ရှိတဲ့ ကျောင်းတစ်ကျောင်းကို အမှုဖွင့်ရတဲ့ အကြောင်းအရင်းကို ရှင်းမပြနိုင်ဘူးဆိုတာက တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝကင်းမဲ့တဲ့ လုပ်ရပ်ပါ။ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေရဲ့ ပညာရေးကိစ္စဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ပါ သက်ဆိုင်နေတဲ့ ကိစ္စပါ။ ကျောင်းတစ်ကျောင်းကို အမှုဖွင့် ပြီဆိုရင် ပြည်သူလူထုကို ကျကျနန ကျေကျေလည်လည် ရှင်းလင်းတင်ပြဖို့ လိုအပ်ပါတယ်။ ပြောရရင် ဒီကိစ္စဟာ လူထု အစိုးရသစ်ရဲ့ ပုံရိပ်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဘာကြောင့် သက်ဆိုင်သလဲ ဆိုတာကို ရှင်းပြပါရစေ။

    Horizon ကျောင်းကို ပညာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဝင်စစ်ဆေးခဲ့တာက ၂၀၁၆ ခုနှစ် ဇူလိုင်လမှာပါ။ တိတိကျကျ ပြောရရင် တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်အပြီးမှာပါ။ ဒီမအောင်မြင်တဲ့ အာဏာသိမ်းမှုက ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ မှာ ဖြစ်ခဲ့တာပါ။ လက်ရှိ သမ္မတ အာဒိုဂန် ကို ဖြုတ်ချဖို့ အာဏာသိမ်းရေး ကြိုးပမ်းမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတ အာဒိုဂန်က ဒီ အာဏာသိမ်းမှု နောက်ကွယ်မှာ ဖက်တူလာ ဂူလန် (Fethullah Gulen) ကြိုးကိုင်နေတယ် လို့ စွပ်စွဲပါတယ်။ ဖက်တူလာဂူလန်က သမ္မတအာဒိုဂန်နဲ့ နိုင်ငံရေး ပြိုင်ဘက် စီးပွားရေးသမား ဖြစ်သလို ဘာသာရေး ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဖက်တူလာဂူလန်က ဂူလန် လှုပ်ရှားမှု ဆိုပြီး ဆောင်ရွက်တာ ရှိပါတယ်။ ဂူလန် လှုပ်ရှားမှုရဲ့ အဓိက ဆောင်ရွက်ချက်တစ်ခုက ဘာသာပေါင်းစုံ ချစ်ကြည်ရေးပါ။ ပညာရေးဟာ လူသားတွေရဲ့ဘဝကို ပြောင်းလဲ မြင့်မားစေတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖက်တူလာဂူလန်က နိုင်ငံတကာမှာ အခုလို ကျောင်းတွေ ဖွင့်လှစ်ခဲ့တာပါ။ နိုင်ငံတကာမှာ ရှိတဲ့ ဒီကျောင်းတွေနဲ့ တူရကီ အာဏာသိမ်းမှုဟာ ဘယ်လိုမှ ဆက်စပ်ပတ်သက်တာ မဟုတ်ပါဘူး။ ဒီတူရကီ အာဏာသိမ်းရေး ကြိုးပမ်းမှု အပြီး တူရကီ သမ္မတ အာဒုဂန်က စစ်သားတစ်သောင်းနဲ့ တရားသူကြီး သုံးထောင်နီးပါး အပါအဝင် လူလေးသောင်းကို ဖမ်းဆီးခဲ့ပါတယ်။ ပညာရေးဝန်ထမ်း ၁၅,၀၀၀ ကို အလုပ်ဖြတ်ခဲ့သလို ပုဂ္ဂလိက ကျောင်းတွေမှာ ရှိတဲ့ ဆရာ/မ ၂၁,၀၀၀ ရဲ့ လိုင်စင်တွေကို ရုပ်သိမ်းခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက် လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ရပ် ဟုတ်မဟုတ် ကိုတော့ စာဖတ်သူပဲ ဆုံးဖြတ်ပါတော့။ တူရကီသမ္မတ ရဲ့ လုပ်ရပ်ကို တူရကီပြည်သူတွေကပဲ ဆုံးဖြတ်မယ်ပဲ ထားလိုက်ပါတော့။ ဘာလို့ တူရကီနိုင်ငံရဲ့ အာဏာသိမ်းမှုက မြန်မာနိုင်ငံက Horizon ကျောင်းကို လာရိုက်ခတ်ရတာလဲ။ ကောလဟာလတွေ အရဆိုရင် တူရကီနိုင်ငံမှာ အာဏာသိမ်းရေးကြိုးပမ်းမှု ဖြစ်လို့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ Horizon ကျောင်းကို အရေးယူပေးပါ ဆိုတာကတော့ ညောင်ဦးကမ်းပါး “ပြို” တာဟာ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးတာနဲ့ ဆိုင်ကို ဆိုင်ရမယ်လို့ ပြောတာနဲ့ အတူတူပါပဲ။

    လူထုကြားနဲ့ Horizon ဝန်းကျင်မှာ ဖြစ်ပေါ်လာနေတဲ့ ကောလဟာလတွေအရ Horizon ကျောင်းကို သက်ဆိုင်ရာက ဝင်စစ်ဆေးခဲ့တာဟာ တူရကီနိုင်ငံရဲ့ ဖိအားပေးမှုကြောင့်ပါ။ ဒီကောလဟာလသာ မှန်ခဲ့ရင် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျော်လွန်ပြီး (တနည်းပြောရရင်) ထိပါးတဲ့ တောင်းဆိုချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဘာလို့ လက်ခံခဲ့တာလဲ။ လူထုကသာ ဒီကောလဟာလကို အမှန်ထင်ခဲ့ရင် ငါတို့ အစိုးရဟာ ဒီလောက်ပျော့ညံ့ရသလားလို့ တွေးကြမှာပါ။ Horizon ကျောင်းကို စစ်ဆေးပြီး တစ်နှစ်အကြာ ၂၀၁၇ ခုနှစ် ဧပြီလ ၁၈ ရက် နေ့မှာ ပညာရေးဝန်းကြီးဌာနက ဒီကျောင်းကို ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေဆိုတာ ပညာရေးဝန်ကြီးဌာနက ပြဌာန်းတဲ့ သင်ရိုးညွန်းတမ်း အတိုင်း သင်ကြားတဲ့ ပုဂ္ဂလိက ကျောင်းတွေနဲ့ပဲ သက်ဆိုင်တာပါ။ ဒါကြောင့် နိုင်ငံတကာ ကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေဟာ ဘယ်လိုမှ ပတ်သက် ဆက်စပ်မှု မရှိပါဘူး။ Horizon အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာကျောင်း အားလုံးဟာ ကုမ္ပဏီဖွင့်ပြီး သင်ကြားရေး အပိုင်းကို ဝန်ဆောင်မှု ပေးနေတာပါ။ ဘာလို့ Horizon ကျောင်းတစ်ခုကိုပဲ ကွက်ပြီး ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေနဲ့ အရေးယူရတာလဲ။ ဒါဟာ လူထုအစိုးရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေပါတယ်။ လူထု အစိုးရသစ်ဟာ ဥပဒေကို လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး အဓိပ္ပါယ်ဖွင့် လုပ်ကိုင်နေသလားလို့ လူထု ကြားမှာ အတွေးပွားစေမှာပါ။ အပေါ်ယံကြည့်ရင် Horizon ဆိုတဲ့ကျောင်းကိစ္စဖြစ်ပေမယ့် အနှစ်သာရ သဘောအရ ကြည့်ရင် လူထု အစိုးရသစ်ရဲ့ ဥပဒေအပေါ် လက်တွေ့ကိုင်တွယ် ကျင့်သုံးပုံနဲ့ သက်ဆိုင်နေပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေးအရ နက်ရှိုင်းတဲ့ အကျိုးသက်ရောက်မှုဖြစ်စေတဲ့ ကိစ္စပါ။

    ဇူလိုင်လ ၂၁ ရက်နေ့ထုတ် Daily Eleven မှာတော့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ခေတ္တ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ဦးဆောင်ပြီး ဇူလိုင်လ ၁၂ ရက်နေ့မှာ Shu Khin Thar International College ကို ဝင်စစ်ဆေးတဲ့ အခါ မြန်မာဘာသာရပ်ကို သင်ကြားနေတာ တွေ့ရလို့ ခေတ္တ ညွန်ကြားရေးမှူးချုပ်ကပဲ တရားလိုလုပ် အမှု ဖွင့်ထားတယ်လို့ ရေးထားပါတယ်။ အမှန်ကတော့ မြန်မာစာ ဘာသာရပ်ကို သင်ကြားတာက Shu Khin Thar International College တစ်ခုတည်း မဟုတ်ပါဘူး။ နိုင်ငံတကာ ကျောင်းတွေမှာ ဒီလိုပဲ မြန်မာစာ ဘာသာရပ်ကို သင်ကြားကြတာပါ။ ဒီတော့ နိုင်ငံတကာ ကျောင်းတွေမှာ မြန်မာစာ ဘာသာရပ်ကို သင်ကြားတာက ပြစ်မှု ကျူးလွန်တာလား။ နိုင်ငံတကာ ကျောင်းတွေမှာ မြန်မာစာ ဘာသာရပ် မသင်ကြားသင့်ဘူးလား။ စာရေးသူအမြင်ပြောရရင် နိုင်ငံတကာ ကျောင်းတွေမှာ မြန်မာစာ ဘာသာရပ်သင်ကြားရေးရော မြန်မာ့သမိုင်း သင်ကြားမှုပါ အစိုးရက မူဝါဒချမှတ် အားပေးသင့်တာပါ။ ခက်တာက မြန်မာနိုင်ငံမှာ နိုင်ငံတကာကျောင်းတွေနဲ့ ပတ်သက်တဲ့ သီးခြားဥပဒေ မရှိသေးပါဘူး။ နိုင်ငံတကာ ကျောင်းတွေမှာ မြန်မာစာဘာသာရပ်ကို သင်ကြားကြပေမယ့် Shu Khin Thar International College ကိုပဲ ရွေးပြီး အမှုဖွင့် တရားစွဲဆို တာကတော့ လူထု အစိုးရသစ်လက်ထက် တရားဥပဒေ စိုးမိုးမှု ဘာလဲ ဆိုတဲ့ အတွေး လူထုကြားထဲ ပေါ်ပေါက်စေမှာပါ။

    ဒီသတင်းတွေကြောင့် ကျောင်းသားပေါင်း ၁၄၀၀ ကျော်ရဲ့ မိဘတွေ ဘယ်လောက်ရင်ပူနေကြမလဲ။ စဉ်းစားသာကြည့်ပါတော့။ ကောလဟာလ တွေ အရဆိုရင် တူရကီနိုင်ငံ အာဏာသိမ်းရေး ကြိုးပမ်းမှု ကြောင့် မြန်မာနိုင်ငံ ရန်ကုန်မြို့က ကျောင်းသူကျောင်းသား ၁၄၀၀ ရဲ့ ပညာရေး ကသောင်းကနင်း ဖြစ်ရတဲ့ ကိန်းမျိုး ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် နဲ့ သက်ဆိုင်နေတဲ့ ကျောင်းသားကျောင်းသူ ၁၄၀၀ ကျော်ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ခေတ္တညွန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ဘာကြောင့် တရားစွဲဆို အမှုဖွင့်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး တိုင်းပြည်နဲ့ လူထုကို ဂဃနဏ ရှင်းရှင်းလင်းလင်း တင်ပြဖို့ လိုအပ်နေပါပြီ။ ဒီလောက်အရေးကြီးတဲ့ ကိစ္စကို တိတိကျကျ ရှင်းလင်းတင်ပြဖို့ လိုအပ်ပါတယ်။ လူထုကြားထဲမှာ ကျယ်ပြန့်နေတဲ့ ကောလဟာလတွေအရ လူထုအမြင်မှာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာနဲ့ရော မျိုးဆက်သစ်တွေရဲ့ ပညာရေးနဲ့ပါ သက်ဆိုင်နေတာမို့လို့ လူထုအစိုးရသစ်က ထိရောက်တဲ့ ညွန်ကြားထုတ်ပြန်ချက်တွေ ပြုလုပ်သင့်ပါတယ်။ တိတိကျကျပြောရရင် ရန်ကုန်တိုင်းဒေသကြီး ခေတ္တ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေရဲ့ အမှုဖွင့် အရေးယူမှုဟာ တည်ဆဲ ဥပဒေတွေနဲ့ ညီညွတ်၊ မညီညွတ်၊ Shu Khin Thar International College တစ်ခုတည်းကိုပဲ ကွက် အရေးယူတာ ဟုတ်မဟုတ် ဆိုတာကို ဂဃနဏ ရှင်းလင်းတင်ပြဖို့ လိုအပ်ပါတယ်။

    ပြည်သူ့ အရေးဂျာနယ်၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်၊ အတွဲ ၃၊ အမှတ် ၁၄၅