News @ M-Media

Tag: election

  • မြန်မာပြည်တွင် မဲတစ်ပြားစီ၏ တန်ဖိုး မတူကြပါ

    မြန်မာပြည်တွင် မဲတစ်ပြားစီ၏ တန်ဖိုး မတူကြပါ

    သင်းလဲ့ဝင်း
    Myanmar Now

    “မဲဆန္ဒရှင်ပျံ့နှုံ့မှုမညီမျှခြင်း”သည် ဒီမိုကရေစီ၏အဓိက၊  အနှစ်သာရဖြစ်သော လူတစ်ဦး၊ မဲတစ်ပြား ဆိုသည်ကို ဖောက်ဖျက်ရုံမျှမက မဲလိမ်လည်မှု၊  ခြိမ်းခြောက်မှုများ အတွက်လည်းစိုးရိမ်ရသည်။

    People-comparison

    ရန်ကုန် (Myanmar Now) − သမိုင်းတွင်မည့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် မဲပေးကြသည့် သန်းပေါင်းများစွာသော မဲဆန္ဒရှင်များထဲမှ လူအများအပြားသည် နှစ်ပေါင်းများစွာ ချုံးချုံးကျနေသော၊  အာဏာရှင်လက်အောက်တွင် ဆယ်စုနှစ် ၅ စု အနှိပ်စက်ခံခဲ့ရသော မြန်မာနိုင်ငံသည် သူတို့၏ မဲများကြောင့်  မျှတသော၊  လွတ်လပ်သော နိုင်ငံသို့ပြောင်းလဲ သွားမည်ဟု မျှော်လင့်အားထားလျက်ရှိပါသည်။

    မဲဆန္ဒရှင်၃၃.၅သန်းနီးပါးသည် ပြည်သူ့လွှတ်တော်အမတ် ၃၂၅ ဦးကို ရွေးချယ်တင်မြှောက်ကြမည်ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၏  ထူးခြားသော အပြုအမူတစ်ခုကြောင့် မဲပြားများ၏တန်ဖိုးနှင့် ထိရောက်မှုမှာ တစ်ပြားနှင့်တစ်ပြား မတူပါ။ လူဦးရေအနည်းဆုံး ရှိသော မဲဆန္ဒနယ်မှ မဲများသည် လူဦးရေအများဆုံးရှိသော မဲဆန္ဒနယ်မှ မဲများထက် အဆရာပေါင်းများစွာ သြဇာလွှမ်းပါသည်။

    ဤသည်မှာ  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များသည် လူဦးရေ အနည်းအများပေါ်တွင် အခြေခံခြင်းမဟုတ်ဘဲ မြို့နယ်များတွင် အခြေခံသည့်အတွက်ကြောင့်ဖြစ်သည်။ မြို့နယ်များတွင် လူဦးရေခြားနားခြင်း အများအပြားရှိနေပါသည်။

    “ရွေးကောက်ပွဲတစ်ခုတည်းမှာပဲ မဲဆန္ဒနယ် တစ်ခုမှာလူ ၅သိန်းနီးပါးရှိပြီး နောက်မဲဆန္ဒနယ်တစ်ခုမှာတော့ ၅,ဝဝဝ ပဲ ရှိတာမျိုးဟာ အတော်ရှားပါတယ်။  ဒါဟာ ပြည်သူတွေအတွက်တော့ တရားမမျှတတာပါဘဲ” ဟု အမည်မဖော်လိုသော် ရွေးကောက်ပွဲ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးကဆိုပါသည်။

    ဤသို့မဲဆန္ဒနယ်များတွင် လူဦးရေအလွန်တရာ ကွဲပြားခြားနားခြင်းကို မဲလ်အပေါ်းရှင်းမန့် သို့မဟုတ် “မဲဆန္ဒရှင်ပျံ့နှံ့မှု မညီမျှခြင်း”ဟု  နိုင်ငံရေးသိပ္ပံပညာရှင်များက ခေါ်ဆိုပါသည်။

    “မဲဆန္ဒရှင်ပျံ့နှံ့မှု မညီမျှခြင်း”သည် ဒီမိုကရေစီ၏အဓိက၊  အနှစ်သာရဖြစ်သော လူတစ်ဦး၊ မဲတစ်ပြား ဆိုသည်ကို ဖောက်ဖျက်ရုံမျှမက ရွေးကောက်ပွဲ စနစ်၏ အများယုံကြည်လက်ခံနိုင်မှုကို မေးစရာဖြစ်စေသည်။ မဲထောင်ချီရ၍ လွှတ်တော်အတွင်းရောက်လာသော အမတ်နှင့် မဲသိန်းချီ၍ရကာ ရောက်လာသော အမတ်၏ အများထောက်ခံမှုအရ ရရှိသော လုပ်ပိုင်ခွင့်၊  အာဏာကိုလည်း မေးခွန်းထုတ်စရာဖြစ်သည်။

    ပို၍စိတ်ပူစရာကောင်းသည်က လူဦးရေနည်းသော  မဲဆန္ဒနယ်များသည် မဲလိမ်လည်မှု၊  ခြိမ်းခြောက်မှု၊  ဝင်ရောက်စွက်ဖက် ခြယ်လှယ်မှုများ ဖြစ်နိုင်သည့် အခြေအနေများ ပေါ်ပေါက်လာနိုင်ပါသည်။

    “မဲပေးသူအရေအတွက်များတဲ့နေရာထက် မဲပေးသူအရေအတွက်နည်းတဲ့နေရာမှာ နိုင်ဖို့ဆိုတာ ပိုလွယ်ပါတယ်။ တခြားတနည်းနဲ့ပြောရမယ်ဆိုရင်တော့ မဲဆွယ်တဲ့အခါမှာ ကုန်ကျစရိတ် ဒါမှမဟုတ် တွေ့တဲ့အခက်အခဲဆိုတာဟာ (မဲဆန္ဒနယ်ရဲ့) အရွယ်အပေါ်မှာလည်း တစ်မျိုးတစ်ဖုံ တည်နေတယ်လေ” ဟု မြန်မာနိုင်ငံအရေးကို နှစ်ရှည်လများ လေ့လာနေသော နိုင်ငံရေး ဆန်းစစ်သူ ရစ်ချပ်ဟောစီကဆိုပါသည်။

    “မဲဆန္ဒရှင်ပျံ့နှံ့မှုမညီမျှခြင်း” သည် ရွေးကောက်ပွဲများ၏ရလဒ်ကိုလည်း ပြောင်းလဲသွားစေနိုင်ပါသည်။ ၂ဝ၁၃ မလေးရှား ရွေးကောက်ပွဲတွင် အာဏာရပါတီ ဘာရီစန်နယ်ရှင်နယ်သည် လူထုတစ်ရပ်လုံး၏မဲကို ရှုံးခဲ့သော်လည်း “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း”ကြောင့် ပါလီမန်နေရာ ၆ဝ ရာခိုင်နှုန်းနီးပါးကို ရခဲ့သည်ဟု ပညာရှင်များက ဆိုပါသည်။

    ယခုအချိန်တွင်ပင်  အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူကြိုက်များသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်  ယှဉ်ပြိုင်ရာတွင် ဤသို့သော ရွေးကောက်ပွဲစနစ်၏ မညီမျှမှုကို မည်သို့အမြတ်ထုတ်မည်နည်းဟူသော မေးခွန်းများ ပေါ်ထွက်နေပါသည်။

    အာဏာရပါတီ၏ အထင်ကရဝန်ကြီးများဖြစ်သည့် သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင်ခန့်ထားသော ဦးစိုးသိန်း၊ ဦးအောင်မင်းတို့သည် ကယားပြည်နယ်တွင် အမျိုးသားလွှတ်တော်အတွက် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိင်ကြမည်ဖြစ်သည်။

    ကယားပြည်နယ်သည် မဲဆန္ဒရှင်ပျံ့နှံ့မှုမညီမျှဆုံးသော နေရာများတွင် ပါဝင်ကာ ဦးစိုးသိန်း၊ ဦးအောင်မင်း တို့၏ မဲဆန္ဒနယ်များသည် မြန်မာတစ်နိုင်ငံလုံးရှိ အသေးငယ်ဆုံးသော မဲဆန္ဒနယ်များလည်းဖြစ်ပါသည်။ (တစ်သီးပုဂ္ဂလအမတ်လောင်းများဆိုင်ရာ အချက်အလက်ကိုကြည့်ပါ)

    ရိုက်တာသတင်းဌာန၏ စက်တင်ဘာလ သတင်းတစ်ပုဒ်တွင် ဦးစိုးသိန်းသည် သူ၏ သေးငယ်သော ဘောလခဲ မဲဆန္ဒနယ်တွင် ဒေါ်လာသောင်းချီသော စီမံကိန်းများကို ငွေကြေးထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။ ထောက်ပံ့မှုများထဲတွင် ဂြိုဟ်တုစလောင်း၊  ရေပေးဝေခြင်း၊  ဘောလုံးပြိုင်ပွဲတို့လည်း ပါဝင်သည်။

    မြန်မာတစ်နိုင်ငံလုံးတွင် မဲပေးသူဒုတိယအနည်းဆုံး မဲဆန္ဒနယ်ဖြစ်သော ကိုးကိုးကျွန်းတွင်လည်း ယခင် ရေတပ်အကြီးအကဲ ဦးသက်ဆွေက အာဏာရပါတီအတွက် ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

    ဘယ်လောက်တောင်ဆိုးသလဲ
    ——————————–
    “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း” ကို တိုင်းရာတွင် များသောအားဖြင့် မဲပေးသူအများဆုံးမဲဆန္ဒနယ် နှင့် မဲပေးသူအနည်းဆုံးမဲဆန္ဒနယ်၏ အချိုးအစားကို ရှာပါသည်။ မြန်မာနိုင်ငံ၏ “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း” သည် ဤတိုင်းတာချက်အရဆိုလျှင် ၃၉၇:၁ ရှိနေသည်။

    Myanmar Now က ဤသို့တိုင်းတာရာတွင် သန်းခေါင်စာရင်းကို မှီငြမ်းပါသည်။ သန်းခေါင်စာရင်းသာလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံးကို လွှမ်းခြုံနိုင်ပြီး ထပ်မံ၍စိစစ်ခွဲဝေနိုင်ပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲပေးသူအများဆုံး မဲဆန္ဒနယ် ၅ နေရာနှင့် မဲပေးသူအနည်းဆုံးမဲဆန္ဒနယ် ၅ နေရာကိုသာ ထုတ်ဖော်ပြောဆိုကာ တစ်နိုင်ငံလုံး၏ မဲဆန္ဒနယ်အချက်အလက်များကို ကန့်သတ်ချက်များရှိသည်ဆိုကာ ပေးရန်ငြင်းဆိုခဲ့ပါသည်။

    ကော်မရှင်၏ အချက်အလက်များအရဆိုလျှင် “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း”အချိုးအစားက ၃၇ဝ:၁ ရှိနေသည်။

    ဤအချိုးနှစ်ခုစလုံးသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ယှဉ်ပါက အလွန်မြင့်မားနေသည်ဟု Myanmar Now က ဆက်သွယ်ခဲ့သော ရွေးကောက်ပွဲပညာရှင်များက ဆိုပါသည်။  နိုင်ငံတကာစံချိန်စံညွှန်းများအရ ဆိုလျှင် မဲဆန္ဒနယ်များတွင် မဲပေးသူလူဦးရေသည် တစ်နေရာနှင့်တစ်နေရာ အနီးစပ်ဆုံးတူညီသင့်သည်ဟု သူတို့ကဆိုပါသည်။

    “ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များရေးဆွဲရာတွင် မဲပေးသူနှင့် အရွေးခံရမည့် ကိုယ်စားလှယ် အချိုးအစားသည် အရပ်ဒေသတိုင်းတွင် အတူတူ ဖြစ်အောင်ထားခြင်းဖြင့် တူညီစွာမဲပေးပိုင်ခွင့်ကို ထိန်းသိမ်းရပါမည်” ဟု ဥရောပနိုင်ငံများ၏ လုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (အိုအက်စ်စီအီး) က ဆိုထားပါသည်။

    ဥပမာအားဖြင့်ဆိုလျှင် မက်ဆီဒိုးနီးယားနိုင်ငံတွင် “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း” ဒီဂရီသည် ၃ ရာခိုင်နှုန်းထက်ကျော်လွန် ပါက ရွေးကောက်ပွဲနယ်နမိတ်ကို ပြန်လည်ရေးဆွဲရပါသည်ဟု   အေ့စ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာကွန်ယက် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

    ဂျာမနီ၊ ချက်သမ္မတနိုင်ငံတို့တွင်တော့ သတ်မှတ်ထားသော “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း”  များမှာ ၁၅ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းစီ ဖြစ်သည်။

    ဤနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံ၏စနစ်သည် မျှတမှုမရှိ၊ ဝင်ရောက်စွက်ဖက် ခြယ်လှယ်မှုများဖြစ် လာနိုင်သော်လည်း ပြောင်းလဲမည့်ပုံမမြင်သေးပါ။

    မြို့နယ်များကိုအခြေခံ၍မဲဆန္ဒနယ်များရေးဆွဲမှုမှာ  ယခင်စစ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြစ်ပြီး ၂ဝဝ၈ အခြေခံဥပဒေတွင် ပြဋ္ဌာန်း ထားပါသည်။  တပ်မတော်အတွက် အလွန်တရာအရေးကြီးသည့်  အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်းမှာ လာမည့်နှစ်အနည်းငယ် အတွင်း ဖြစ်လာဦးမည်မဟုတ်ပါ။

    ရွေးကောက်ပွဲမဝင်ဘဲ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည့် စစ်သားအရာရှိများသည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းရှိပြီး အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန်အတွက် လက်တွေ့အားဖြင့် သူတို့တွင် ဗီတိုအာဏာရှိပါသည်။

    ယခင်အစိုးရသည် ဤစနစ်ကို ရွေးချယ်ခဲ့ခြင်းမှာ သန်းခေါင်စာရင်းအချက်အလက်လည်းမရှိ၊  အရွယ်ညီမျှသော မဲဆန္ဒနယ်များရေးဆွဲခြင်းသည် အလွန်တရာ ရှုပ်ထွေးနိုင်သောကြောင့်ဖြစ်နိုင်သည်ဟု  ရစ်ချပ်ဟောစီက ဆိုပါသည်။

    “လွယ်ကူသက်သာအောင်လုပ်လိုက်တာလို့ ထင်ပါတယ်။ အုပ်ချုပ်ရေးယူနစ်မှာပဲထားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်လို့ ထင်ပါတယ်” ဟု သူကပြောသည်။

    နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးစိုင်းကျော်သူကို ဆက်သွယ်မေးမြန်းရာ စနစ်သည် ကွာဟခြားနားချက်များရှိသော်လည်း ပြောင်းလဲရန်ဟူသည်မှာ ၎င်းတို့၏ တာဝန်မဟုတ်ဟု ပြောပါသည်။

    “မတရားဘူးဆိုတာ ဟုတ်ပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ မဲဆန္ဒနယ်တွေဟာ လူဦးရေအပေါ်မှာအခြေမခံဘဲ မြို့နယ်ပေါ်မှာအခြေခံလို့ပါ။ ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေပြောင်းလဲနိုင်ရင်တော့ အဲဒီအတိုင်းပဲ ကျွန်တော်တို့ပြောင်းမှာပါ” ဟု သူက ဆိုပါသည်။

    NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကလည်း ဤ“မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း”ကို စိုးရိမ်သော်လည်း မဲစာရင်းမှားခြင်း၊  ကြိုတင်မဲပေးခြင်းများကို လတ်တလော ကိုင်တွယ်ရမည့် ကိစ္စများအဖြစ် အာရုံစိုက်နေရကြောင်းပြောသည်။

    “အခုလောလောဆယ်အခြေအနေက မမျှတဘူးဆိုတာ သိတယ်။ ဒါပေမယ့်မြို့နယ်တွေအပေါ်မှာ မူတည်နေတော့ ပြောလို့မရဘူး” ဟုဆိုသည်။

    လူဦးရေကွာခြားမှုအများအပြား
    ——————————-
    မြန်မာနိုင်ငံ၏လူဦးရေ ၅၁.၄၈၆ သန်းအရဆိုလျှင် မြို့နယ်တစ်ခု၏ ပျမ်းမျှလူဦးရေသည် ၁၅၆,ဝဝဝ မျှ ရှိပါသည်။ သို့ရာတွင် ကချင်ပြည်နယ်မှ အင်ဂျန်းယန်မြို့နယ်တွင်  ၁,၇၃၂ ဦးသာ ရှိပြီး  ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင် ၆၈၇,၈၆၇ ဦး ရှိနေသည်။

    သန်းခေါင်စာရင်းကို Myanmar Now က လေ့လာကြည့်ရာ မြို့နယ်အများအပြား − ၈၂ မြို့ သို့မဟုတ် မဲဆန္ဒနယ်အားလုံး၏၂၅ ရာခိုင်နှုန်း− တွင် လူဦးရေ ၇၈,ဝဝဝ နှင့်အောက် ရှိသည်။ လူဦးရေ ၃၁၂,ဝဝဝ နှင့်အထက် ရှိသောမြို့နယ်ပေါင်း ၂၁ မြို့နယ် ရှိပါသည်။

    ဇယား ၁။ သန်းခေါင်စာရင်းအရ လူဦးရေ အလိုက်မြို့နယ်များစီထားခြင်း
    population by town ship

    ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည် မဲဆန္ဒရှင်အရေအတွက် မည်မျှကို ကိုယ်စားပြုသနည်းဟု တွက်ချက်ကြည့်ရာ ကွာဟမှုများ၊  မညီမျှသောကိုယ်စားပြုမှုများ  ပို၍ သိသာသွားသည်။
    ကိုယ်စားပြုမှု အရေအတွက်ကိုကြည့်လျှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည် ကယားပြည်နယ်တွင် လူပေါင်း ၂၄,ဝဝဝ ကို ကိုယ်စားပြုနေပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ၁၅၅,ဝဝဝ အထိ ကိုယ်စားပြုနေသည်။

    ဇယား ၂။  ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်၏ ကိုယ်စားပြုသူလူဦးရေ
    population by MP

    တိုင်းရင်းသားကိုယ်စားလှယ်ပြုမှုနှင့် “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း”
    —————————————————–
    “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း”သည် ရွေးကောက်ပွဲလုပ်နည်းအရ ကောင်းမွန်ခြင်းမရှိသော်လည်း လိမ်လည်မှုမဟုတ်ဘဲ အမြဲတမ်းလည်း ဆိုးကျိုး မသက်ရောက်ပါဟု ယူဆသည့် ပညာရှင်များလည်းရှိသည်။
    တကမ္ဘာလုံးတွင်တွေ့မြင်နေရသည့်အပြင် မြန်မာနိုင်ငံကဲ့သို့ လွှတ်တော်နှစ်ရပ်ဖြင့် ဥပဒေပြဋ္ဌာန်းမှုပုံစံစနစ်ရှိသော နိုင်ငံများတွင် ပိုပြီးတွေ့ရပါသည်။ ဤသည်မှာ နိုင်ငံရေးအရ အာဏာလျော့နည်းသော ပြည်နယ်များကို အသားပေးရန်လုပ်ထားခြင်းဖြစ်ပါသည်။

    ဤစနစ်ကိုထောက်ခံသူများက မညီမျှခြင်း များပြားသော နိုင်ငံတို့တွင် ချမ်းသာကြွယ်ဝမှုများကို ပြန်လည်ပေးဝေခြင်းများ ဖြစ်လာစေရန်အားပေးမှုပြုသည်ဟု ဆိုကြသည်။

    မြန်မာနိုင်ငံမှ သေးငယ်သော မဲဆန္ဒနယ်အများစုမှာ တိုင်းရင်းသားဒေသများတွင်ရှိနေသည်။ သို့သော်လည်း အကုန်လုံးမဟုတ်ပေ။ (အောက်မှမြေပုံကိုကြည့်ပါ)

    လူဦးရေ ၅ဝ,ဝဝဝ မပြည့်သော မဲဆန္ဒနယ် ၄၄ နယ်တွင် ၁ဝ မြို့နယ်သည် စီပွားရေး အချက်အချာကျသော ရန်ကုန်မှဖြစ်ပါသည်။

    “မြန်မာနိုင်ငံရဲ့ အမျိုးသားလွှတ်တော်ကိုကြည့်မယ်ဆိုရင် “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း” ကို တမင်ထည့်သွင်းထားတာ တွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးတစ်ခုစီဟာ သူတို့ဆီမှာ လူဦးရေဘယ်လောက်ပဲရှိရှိ ကိုယ်စားလှယ်လောင်းအရေအတွက်က အတူတူပဲ။ ဒါဟာနိုင်ငံရေးအရ ဆုံးဖြတ်ချက်ချထားတာပါ။ မြန်မာနိုင်ငံလိုမျိုး တိုင်းရင်းသား၊  လူမျိုးစုံတဲ့ နိုင်ငံ တစ်နိုင်ငံမှာဒါဟာ အားလုံးကို တန်းတူညီတူကိုယ်စားပြုမှုကို ပေးတာပါ။ အမေရိကားက အထက်လွှတ်တော် ဆီးနိပ်လိုပဲပေါ့” ဟု ရီချပ်ဟောစီကပြောသည်။

    ယခုအခြေအနေကိုပြောင်းရန်မြန်မာနိုင်ငံ၏ မဲဆန္ဒနယ်များကို လူဦးရေတူညီအောင်လုပ်ပေးပါက အခြားပြဿနာများ ပေါ်ပေါက် လာနိုင်သည်ဟု သူက ဆိုသည်။ ဥပမာအားဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်စားပြုမှုကို လျော့ကျသွားစေပြီး မဲဆန္ဒနယ်ကို မသမာသောရည်ရွယ်ချက်ဖြင့် ရေးဆွဲသတ်မှတ်မှုများ ဖြစ်လာနိုင်သည်ဟုပြောသည်။

    ထို့အပြင် ရှုပ်ထွေးမှုရှိပြီး  နှစ်ရှည်လများ ကြာသွားနိုင်သည်။ ပြည်သူအများစုက မြို့နယ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သားရနေပြီဖြစ်သည်ဟု သူကဆိုသည်။

    အချို့ကမူ မြန်မာနိုင်ငံ၏ ယခုလက်ရှိ “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း” သည် အလွန်တရာဆိုးဝါးလွန်း၍ တစ်ခုခုတော့ လုပ်သင့်သည်ဟုဆိုသည်။

    “လူတွေရဲ့မဲတွေ တချို့နေရာတွေမှာ အရမ်းကို အားပျော့သွားစေတာဟာ၊  တချို့နေရာတွေမှာ အဆ ၃ဝ လျော့ပြီး ကိုယ်စားပြုခံရတယ် ဒါမှမဟုတ် အဆ ၅ဝဝ ပိုပြီးကိုယ်စားပြုခံရတယ်ဆိုတာဟာ တကယ်တော့ အခြေခံတရားမျှတမှုနဲ့ဆိုင်ပါတယ်” ဟု အမည်မဖော်လိုသော ရွေးကောက်ပွဲပညာရှင်က ဆိုပါသည်။

    “ဒီ “မဲဆန္ဒရှင်ပျံ့နှံမှုမညီမျှခြင်း” ဆိုတာဟာ ရွေးကောက်ပွဲပြီးတဲ့အချိန်အတွက် အလွန်ကြီးကျယ်သောမေးခွန်းပါပဲ။ အဲဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲမဲ့ကိစ္စနဲ့ ယှက်နွယ်နေပြီး ရွေးကောက်ပွဲပြန့်၍ပုံသွင်းခြင်း၊  ဗဟိုချုပ်ကိုင်မှုကိုလျော့ချခြင်း  နဲ့ ဖက်ဒရယ်လဇ်ဇမ်ဆိုတဲ့ ပြည်ထောင်စုဝါဒတွေနဲ့လည်း ဆိုင်ပါတယ်။ ဒါတွေဟာ မေးခွန်းအကြီးကြီးတွေပါ” ဟု ပြောသည်။     ။

    myanmar map

  • ၂၀၁၄ ကုန်ခါနီးတွင် မြန်မာပါလီမန် လစ်လပ်နေရာများ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိနေ

    ၂၀၁၄ ကုန်ခါနီးတွင် မြန်မာပါလီမန် လစ်လပ်နေရာများ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိနေ

    M-Media
    မတ်လ ၂၁ ရက်၊ ၂၀၁၄

    ယခုနှစ် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလအတွင်း မြန်မာ ပါလီမန်၏ လစ်လပ်နေရာပေါင်း ၂၈ ခုမှ ၃၀ ခုအတွက် ကြားဖြတ်ရွေးကောက် ပွဲပြုလုပ် သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် အကြီးအကဲ ဦးတင်အေးက ပြောကြားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ရက်စွဲအတိအကျကိုမူ မကျင်းပမီ ၃ လအလိုတွင် ထုတ်ပြန်သွားမည် ဖြစ်သည်။

    ဧပြီလ ၂၀၁၂ က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပါလီမန်နေရာပေါင်း ၄၅ ခုတွင် ၄၃ ခုကို NLD က အနိုင်ရရှိခဲ့သည်။ ယခု ၂၀၁၄ တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၁၅ အကြိုရွေးကောက်ပွဲဖြစ်နေ၍ နိုင်ငံရေးပါတီများက မိမိတို့၏ အင်အားကို စမ်းသပ်နိုင်ကြမည့် အခွင့်အလမ်း တစ်ရပ်လည်း ဖြစ်နေသည်။

    NLD ကမူ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ “ပါလီမန်မှာ နေရာ လွတ်ရှိနေရင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမှာပါ။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်လည်းဖြစ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ရာသီဥတုမကောင်းလို့ဆိုပြီး ရက်ရွှေ့ကျင်းပနိုင်တယ်လို့လည်း အခြေခံဥပဒေမှာ ရေးထားတာမျိုး မရှိဘူး။” ဟု NLD ပါတီမှ ဦးဝင်းမြင့်က RFA သို့ ပြောကြားခဲ့သည်။

    တိုင်းရင်းသားအခြေခံပါတီများကမူ အခြေခံဥပဒေပြင်ဆင်ရေး ကို တောင်းဆိုတင်ပြနေရာပြီး ထိုပါတီများအနေဖြင့် လာမည့်ရွေးကောက် ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း RFA က ဖော်ပြသည်။

  • ဘယ်ရွေးကောက်ပွဲ ပုံစံကို ရွေးကြမလဲ

    ဇွန် ၅ ၊ ၂၀၁၃
    ဆောင်းပါးရှင်-အောင်တင်

    vote
    PR (Proportional Representation) ရွေးကောက်ပွဲစနစ်ဆိုတာ တစ်နိုင်ငံလုံးက မဲပေးပွဲတွေ အကုန်ပြီးလို့ ပါတီအလိုက်ရတဲ့ မဲတွေစုစုပေါင်းကို မဲဆန္ဒနယ်မြေတွေ အားလုံးပေါင်းစည်း တွက်ချက်ပြီးမှ ပါတီတစ်ခုချင်းက ရထားတဲ့ စုစုပေါင်း မဲအချိုးအလိုက် အမတ်ခွဲတမ်း ချပေးတဲ့စနစ်ဖြစ်တယ်။ ပါတီတွေက မိမိရတဲ့ အမတ်ဦးရေအလိုက် မိမိပါတီသဘောကျ အမတ်အမည်စာရင်းကို အပြီးသတ် ရွေးချယ်တဲ့စနစ်ရှိသလို၊ မိမိပါတီတွင်းက လူထုထောက်ခံမဲ ပိုရသူတွေကိုသာ သက်ဆိုင်ရာ ပါတီရဲ့ ခွဲတမ်းဘောင်အတွင်းက ပေးအပ်တာမျိုးလည်း ရှိပါတယ်။ စနစ်ဟောင်းလို မဲပေးပြီးတာနဲ့ အနိုင်ရသူ ဦးဖြူ ဦးနီဆိုပြီး ချက်ချင်းမသိနိုင်လို့ အားရစရာ မကောင်းဘူးလို့ ဆိုနိုင်ပါတယ်။

    PR စနစ်သစ်ကို မြန်မာပြည်သူတွေ အတွေ့အကြုံ မရှိသေးတဲ့အတွက် ရှုပ်ထွေးတယ်လို့ ပြောကြပေမဲ့ တစ်ကယ်တော့ မဲပေးရတဲ့ ပြည်သူတွေအဖို့က မဲပေးတဲ့အခါမှာ ရှုပ်ထွေးစရာ အကြောင်းမရှိပါဘူး။ စနစ်ဟောင်းအတိုင်းဘဲ ကိုယ်ကြိုက်တဲ့ ပါတီ (သို့မဟုတ်) ကိုယ်ကြိုက်တဲ့လူ (ပါတီအမည်နဲ့ တွဲထားပေးတယ်)ကိုဘဲ မဲခြစ်လိုက်ရတာပါဘဲ။ ထူးခြားတာက စနစ်ဟောင်းလို ဒီမဲရုံမှာ မဲနိုင်တိုင်း အမတ်တန်းမဖြစ်တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက မဲတွေပေါင်းပြီးမှ မဲရတဲ့ရာခိုင်နှုံးအရ အမတ်ခွဲတန်းရတာမို့ မဲဆန္ဒနယ်မြေတစ်ခုမှာ နိုင်လိုက်တိုင်း အမတ် ချက်ချင်းမဖြစ်ပါဘူး။ PR စနစ်ကို တိုင်းပြည်တွေရဲ့ အခြေအနေအလိုက် အနည်းငယ်ခြားနားပြီး ကျင့်သုံးတာမျိုးလည်း ရှိပေမဲ့ အခြေခံသဘောက အတူတူဖြစ်ပါတယ်။

    လက်ရှိကျင့်သုံးနေတဲ့ BV (Bloc Voting or Winner Takes All) ရွေးကောက်ပွဲစနစ်က မဲဆန္ဒနယ်မြေမှာ တစ်မဲအသာနဲ့ဘဲ နိုင်နိုင် နိုင်တဲ့လူကို ချက်ချင်းရွေးချယ်လိုက်တဲ့ ရွေးကောက်ပွဲစနစ် ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ကျင့်သားရတဲ့ စနစ်ဖြစ်ပါတယ်။ နိုင် ပြုံး၊ ရှုံး မှိုင်၊ ရော့ ပတ္တမြား၊ ရော့ နဂါးစနစ်ဖြစ်တယ်။

    ဘယ်စနစ်မဆို အားသာချက် အားနဲချက်ရှိတတ်တာမို့ အသစ်ပုံစံဖြစ်တဲ့ PR စနစ်သစ်ကို သုံးသုံး၊ လက်ရှိကျင့်သုံးနေတဲ့ BV စနစ်ဟောင်းကို သုံးသုံး အကျိုး အပြစ်၊ အားသာချက်၊ အားနဲချက်က နှစ်မျိုးလုံးမှာ ရှိပါတယ်။ အကျိုးချည်းဘဲ ရှိတဲ့စနစ်၊ အပြစ်ချည်းဘဲ ရှိတဲ့စနစ်ဆိုတာ လောကမှာ မရှိစကောင်းပါဘူး။ ရောဂါပျောက်အောင် သောက်တဲ့ဆေးမှာတောင် ဘေးထွက် ဆိုးကျိုးဆိုတာ ရှိနေတတ်ပါတယ်။

    သို့သော် ဘယ်စနစ်ကို ကြိုက်သလဲဆိုတာက ဘယ်စနစ်ကို သုံးရင် ကိုယ့်ပါတီက ပိုအကျိုးရှိမလဲဆိုတဲ့ ပေတံနဲ့ တိုင်းပြီး နိုင်ငံရေးပါတီတွေက ကြိုက်တယ်၊ မကြိုက်ဘူးပြောကြတာကိုး။ ဒါကြောင့် ပါတီအသီးသီးက မိမိအကျိုးစီးပွါးအလိုက် ကြိုက်သူရှိသလို မကြိုက်သူရှိကြမှာပါ။ တစ်ကယ်တော့ နိုင်ငံရေး ပြသနာဆိုတာ အရင်းစစ်ရင် အကျိုးစီးပွါး ပြသနာကို လူကြားကောင်းအောင် နိုင်ငံရေးဆိုတဲ့ နာမည်လှလှလေး ပေးထားတာဘဲ မဟုတ်ပါလား။ လူထုအကျိုးစီးပွါး ကြည့်တဲ့ပါတီရဲ့ မြင်ပုံနဲ့ လူတစ်စုအကျိုးစီးပွါး ကြည့်တဲ့ပါတီရဲ့ မြင်ပုံ တူနိုင်ပါ့မလား။

    ယနေ့ပြောနေကြတဲ့ ရွေးကောက်ပွဲ စနစ်သစ်PR အကြောင်းကို နားလည်လွယ်အောင် ဥပမာပေးကြည့်ချင်ပါတယ်။ တစ်ကယ်လို့ PR စနစ်သစ်ကိုသာ ၁၉၉၀ရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့မယ်ဆိုရင် အင်အယ်လ်ဒီက အမတ်နေရာ ၈၂%ကို ရခဲ့မှာ မဟုတ်ဘူး။ သူ့နောက်က လူထုထောက်ခံမဲ အရေအတွက် ကပ်လိုက်နေတဲ့ တစညကလည်း လူထုထောက်ခံမဲ ရသလောက် အမတ်နေရာ ခွဲတမ်းရမှာမို့ အင်အယ်လ်ဒီက အမတ် ၄၅%သာ ရပြီး (၈၂% မရတော့ဘူး။) ရွေးကောက်ပွဲ စနစ်ဟောင်းအရ မဲအပြတ်ရှုံးနေတဲ့ တစညက ရွေးကောက်ပွဲ စနစ်သစ်မှာ အမတ် ၃၅% ရသွားနိုင်တဲ့အတွက် အပြတ်ရှုံးမဲ့အစား အင်အယ်လ်ဒီကို ပုခုန်းချင်း ယှဉ်နိုင်မယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ စနစ်ဟောင်းအရ အမတ်အင်အားချိနဲ့သွားခဲ့တဲ့ တစညဟာ စနစ်သစ်အရ သူ့ကိုထောက်ခံခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လွှတ်တော်မှာ အင်နဲ့အားနဲ့ ဆက်လက်ကိုယ်စားပြု ထမ်းဆောင်ခွင့် ရသွားမှာဖြစ်တယ်။

    တစ်ဖန် ၁၉၉၀ရွေးကောက်ပွဲကို စနစ်သစ်အရ ကျင်းပခဲ့ပြီး အင်အယ်လ်ဒီက အမတ်များဆဲမို့ အစိုးရသာဖွဲ့ခွင့် ရခဲ့မယ်ဆိုရင်လည်း အမတ် ၄၅%သာရတော့တဲ့ အင်အယ်လ်ဒီက သူ့တစ်ပါတီတည်း အစိုးရမဖွဲ့နိုင်တဲ့အတွက် အစိုးရဖွဲ့ဖို့ ပါတီငယ်တွေရဲ့ ထောက်ခံမှုကို ယူရမယ်။ ဒါကြောင့် ပါတီငယ်တွေရဲ့ ဆန္ဒသဘောထားကို အစိုးရဖွဲ့မဲ့ ပါတီကြီးက မလဲမသွေ ထဲ့စဉ်းစားပေးရမှာမို့ PR စနစ်ကို အားကောင်းတဲ့ ပါတီကြီးတွေက ကြိုက်တတ်တဲ့ သဘောမရှိဘူးလို့ ပြောနိုင်တယ်။ ဒီအတိုင်းဘဲ အားနည်းတဲ့ ပါတီငယ်တွေက မိမိရဲ့ လူထုထောက်ခံမှု တစ်မဲကိုတောင် အလဟသမဖြစ်စေတဲ့ စနစ်သစ်ကို ပိုကြိုက်တတ်တဲ့ သဘောရှိတယ်လို့ ပြောနိုင်ပါတယ်။

    နောက်ဥပမာတစ်ခု ထပ်ပေးပါမယ်။ တစ်ချို့ပါတီတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်အားကြီးပါတီ မဟုတ်သော်လည်း သူတို့ကို ထောက်ခံတဲ့ပြည်သူတွေက နိုင်ငံအနှံ့ မဲဆန္ဒနယ်မြေ အများအပြားမှာ အထိုက်အလျောက် ရှိနေတယ်ဆိုပါစို့။ အဲဒီလို ပါတီမျိုးတွေဟာ စနစ်ဟောင်းအတိုင်းသွားရင် လာမဲ့ရွေးကောက်ပွဲမှာ သူတို့တွေဟာ သူတို့ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်မြေတွေမှာ မဲ ၁၀%၊ ၂၀%၊ ၃၀%ကနေ ၄၉%လောက်ဘဲရနေရင် လူထုထောက်ခံမှု တစ်စုံတစ်ရာ ရှိပင်ရှိနေငြားသော်လည်း တစ်ကယ်တန်းကျတော့ အမတ်တစ်ယောက်မှ မရဘဲ မျိုးပြုတ်သွားမဲ့ အန္တရာယ်ရှိနေပါတယ်။ PR ရွေးကောက်ပွဲ စနစ်သစ်အရဆိုရင် သူတို့ရခဲ့သမျှမဲ ၂၀%ဖြစ်ဖြစ်၊ ၅%ဖြစ်ဖြစ်၊ ၁%ဘဲဖြစ်ဖြစ် ရသလောက်မဲတွေကို နောက်ဆုံးမှာ စုပေါင်းလိုက်ပြီး ရတဲ့အချိုးအတိုင်း အမတ်ခွဲတမ်းရမှာဆိုတော့ မျိုးမပြုတ်တော့ဘဲ အမတ်အနဲဆုံး တစ်ယောက်ဖြစ်ဖြစ် ရနိုင်တဲ့ အခွင့်အလန်းရှိနေနိုင်တယ်။

    တစ်ကယ်လို့ ဦးခင်မောင်ဆွေ၊ ဦးသုဝေ၊ ဦးသိန်းညွန့်တို့လို ပါတီတွေက သူတို့ရဲ့အနေအထားက အဲဒီလို အခြေအနေမျိုးမှာ ရှိနေတယ်လို့ ယုံကြည်ကြရင် အနယ်နယ် အရပ်ရပ်သော မဲဆန္ဒနယ်မြေတွေက လူထုထောက်ခံမှုမဲ စုစုပေါင်းအပေါ်မှာ မူတည်ပြီး အမတ်ခွဲတမ်းချပေးတဲ့ စနစ်သစ်ကို သဘာဝကျစွာဘဲ ထောက်ခံကြမှာ ဖြစ်ပါတယ်။ ဒါမှလဲ စနစ်ဟောင်းအတိုင်းသွားရင် အမတ်တစ်ယောက်မှ မရတဲ့အနေအထားကနေ စနစ်သစ်အရ အမတ်အချို့ကို ရလာနိုင်ကြမယ်။ ဒါမှလဲ သူတို့ပါတီရဲ့ မူဝါဒကို ထောက်ခံတဲ့ ပြည်သူတွေရဲ့ အကျိုးကို လွှတ်တော်မှာ ကိုယ်စားပြု ပြောဆိုနိုင်ခွင့် ရလာမှာဖြစ်ပါတယ်။

    တစ်ချို့ပါတီတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အတိုင်းအတာနဲ့ဖြစ်ဖြစ် မဲဆန္ဒနယ်မြေတွေမှာ ဖျမ်းမျှခြင်းအားဖြင့် မဲပေးသူ အများစု (သို့မဟုတ်) တစ်ဝက်ကျော်က သူတို့ကို ထောက်ခံနေကြတယ်လို့ ယုံကြည်ကြရင် တစ်မဲပိုရတာနဲ့ အမတ်ဖြစ်သွားတဲ့ လက်ရှိစနစ်ကို ပိုကြိုက်ကြမှာဖြစ်တယ်။ ဒါမှလည်း သူတို့ပါတီက အခြားပါတီငယ်တွေကို မဲရတဲ့အရေအတွက် အချိုးအရ အမတ်ခွဲတန်း ခွဲဝေပေးစရာမလိုဘဲ အမတ်အင်အားများများ သပိတ်ဝင် အိတ်ဝင် ချက်ချင်းရလာကြမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ အင်အားကောင်းနေတဲ့ အင်အယ်လ်ဒီ အပါအဝင် ဒေသဆိုင်ရာမှာ လူထုထောက်ခံမှု အားကောင်းတဲ့ ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်စတဲ့ ပါတီတွေက လက်ရှိမဲပေးပုံစနစ်ကိုဘဲ ကြိုက်ကြမယ်ဆိုရင် သဘာဝ ကျပါတယ်။ တစ်နိုင်ငံလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေကို အင်အားကောင်းကောင်း အရှိန်အဟုန်နဲ့ လုပ်နေချင်တဲ့ အင်အယ်လ်ဒီအတွက်ကတော့ စနစ်ဟောင်းက သူ့အတွက် ပိုလက်တွေ့ကျနေပါတယ်။ ဒါကြောင့်လဲ တနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောဘရိုက်နဲ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲစနစ်သစ်PRကို လက်မခံနိုင်ကြောင်း၊ စနစ်ဟောင်းကိုဘဲ ကြိုက်ကြောင်း အင်အယ်လ်ဒီအမတ် ဦးဝင်းထိန် ပြောခဲ့ပါတယ်။

    ဆိုတော့ လာမဲ့ရွေးကောက်ပွဲက စနစ်ဟောင်းအတိုင်း သွားမလား။ စနစ်သစ်ကို ရွေးမလားဆိုတာ တွက်ချက်ကြည့်ရအောင်။

    ဒီအခါမှာ ရွေးကောက်ပွဲစနစ်ကို ဘယ်သူက ဆုံးဖြတ်ရွေးချယ်နိုင်ခွင့် ရှိသလဲဆိုတဲ့ မေးခွန်းကို အရင်ဆန်းစစ်ဖို့ လိုလာပါပြီ။

    တိုတိုပြောရရင် လက်ရှိ အနေအထားအရ ကြံ့ဖွံ့က တရားဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ထားတာဖြစ်လေတော့ ဘယ်စနစ်ကို ရွေးမလဲဆိုတာ ကြံ့ဖွံ့ပေါ်မှာဘဲ လုံးလုံးလျားလျားတည်နေတယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ဒါကြောင့် ကြံ့ဖွံ့က သူ့အတွက် ဘယ်စနစ်ကအကျိုးရှိမလဲ၊ အကျိုးဆုတ်မလဲ ဆိုတာပေါ်မှာ မူတည်ပြီး မဲပေးပုံစနစ်ကို လာမဲ့ရွေးကောက်ပွဲမှာ ရွေးချယ်ကျင့်သုံးမှာက သေချာနေပါတယ်။

    ကြံ့ဖွံ့ ဘယ်လိုတွက်မလဲဆိုတာကို ဆက်စဉ်းစားကြရအောင်။

    (၁) တစ်ကယ်လို့ လာမဲ့၂၀၁၅ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီက ၁၉၉၀ရွေးကောက်ပွဲတုန်းကလို၊ ၂၀၁၁ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလို တစ်မဲအသာနဲ့ဖြစ်ဖြစ်၊ မဲအပြတ်နဲ့ဘဲဖြစ်ဖြစ် မဲဆန္ဒနယ်တွေမှာ သိမ်းကြုံးအနိုင်ယူနိုင်တဲ့ အနေအထားရှိနေတယ်လို့ ကြံ့ဖွံ့က ယုံကြည်ရင် ဘယ်နိုင်ငံရေးပါတီက ကိုယ့်သေလမ်းကိုယ်ရွေးပြီး ကိုယ့်အမတ်တွေ မျိုးပြုတ်ကုန်မဲ့ စနစ်ဟောင်းကို ဆက်လက်ဖက်တွယ်နေမှာလဲ။ Do or Die ဖြစ်ပါတယ်။ ဒီအန္တရာယ်ကို ဟန့်တားကာကွယ်ဖို့က တစ်နိုင်ငံလုံးမှာ လူထုထောက်ခံမှု အင်အားအတော်အသင့်ရှိနေတဲ့ ကြံ့ဖွံ့အတွက် ရွေးကောက်ပုံစနစ်သစ် (PR) ကို မလွဲမသွေ ရွေးချယ် ဆုံးဖြတ်ရမှာဘဲ။

    (၂) အကယ်၍ ကြံ့ဖွံ့က အင်အယ်လ်ဒီကို တရားတဲ့နည်းအရဖြစ်စေ၊ မတရားလုပ်လို့ဖြစ်စေ မဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင် အနိုင်ကြဲနိုင်တယ်လို့ ယူဆနေသေးရင်တော့ လက်ရှိမဲပေးပုံစနစ်ဟောင်း(BV)ကိုဘဲ သူဆက်ရွေးမှာပါ။

    စာဖတ်သူ မိတ်ဆွေက ဘယ်လိုထင်ပါသလဲ။

    ကျနော့အမြင်မှာ အင်အယ်လ်ဒီဟာ ၁၉၉၀က ပုံစံမျိုးလို အပြတ်အသတ် အနိုင်ရမှုမျိုးကို စိတ်ကူးမယဉ်နိုင်သော်လည်း လက်ရှိမဲပေးပုံ စနစ်ဟောင်းအတိုင်းဆိုရင် ပြည်မမဲဆန္ဒနယ်မြေတွေမှာ ကြံ့ဖွံ့ကို အလဲထိုးနိုင်တယ်လို့ ယုံကြည်တာမို့ ကြံ့ဖွံအတွက်က စနစ်သစ်ဖြစ်တဲ့ PR ကို မလွဲမသွေ ရွေးချယ်မယ်လို့ ယူဆမိပါတယ်။

    အောင်တင်
    ဇွန်လ ၅၊ ၂၀၁၃

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။