News @ M-Media

Tag: Electric Car

  • လျှပ်စစ်ကားများကို ၁၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်မည့် နည်းပညာတစ်ခု ထွက်ပေါ်လာ

    လျှပ်စစ်ကားများကို ၁၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်မည့် နည်းပညာတစ်ခု ထွက်ပေါ်လာ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – အနာဂတ် လျှပ်စစ်ကားတွေက ဘတ္ထရီတွေကို ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် နည်းပညာသစ်တစ်ခုကို ထိပ်တန်းကားကုမ္ပဏီတွေက အခုတစ်ပတ်မှာ ထုတ်ဖော် ပြသလိုက်ပါတယ်။

    BMW၊ Porsche နဲ့ Siemens တို့ ပေါင်းထားတဲ့အဖွဲ့က အလွန်မြန်ဆန်တဲ့ အားသွင်းမှု နည်းပညာတစ်ခုကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ၄၅၀ ကီလိုဝပ် အားသွင်းစနစ်ကို ကြာသာပတေးနေ့မှာ ပြသခဲ့ပါတယ်။ အဲဒီစနစ်ဟာ ၃ မိနစ်သွင်းရုံနဲ့ ၆၂ မိုင် မနားတမ်း မောင်းနိုင်မှာဖြစ်ပြီး လျှပ်စစ်ကားတစ်စီးကို ၁၅ မိနစ်နဲ့ အားအပြည့် သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

    လက်ရှိ လျှပ်စစ်ကားဈေးကွက်မှာ ဘတ္ထရီတွေကို အားသွင်းချိန်မြင့်မားမှုက အားနည်းချက်တစ်ခု ဖြစ်နေပြီး ခရီးအကွာအဝေးနည်းနည်းသာ မောင်းနိုင်တဲ့အတွက် လျှပ်စစ်ကားတွေကို လူတွေက သိပ်ပြီး စိတ်မ၀င်စားပါဘူး။

    Faraday Institution ရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲဖြစ်တဲ့ အီယန် အဲလာရင်တန်က ယခုနည်းပညာအသစ်ဟာ လက်ရှိအသုံးပြုနေတဲ့ နည်းပညာတွေထက် သိသိသာသာ ပိုမိုကောင်းမွန်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့အတွက်  ဖြေရှင်းစရာလေးတွေ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “၃၅၀-၄၅၀ ကီလိုဝပ်ရှိတဲ့ အားသွင်းစနစ်ရဲ့ ကြာချိန်ဟာ ဆီဖြည့်တဲ့ ကြာချိန်လောက်သာ ရှိမှာဖြစ်ပြီး ဆီကားတွေလို ခရီးဝေးဝေးကိုလည်း သွားရောက်နိုင်မှာ ဖြစ်ပါတယ်”

    စနစ်အတွက် အဓိကပြဿနာက ဒီလိုမြင့်မားတဲ့ စွမ်းအင်ကို လက်ခံနိုင်မယ့်ကားတွေ ထုတ်လုပ်ဖို့လိုအပ်တာဖြစ်ပြီး လက်ရှိဈေးကွက်မှာ အဲဒီလိုကားမျိုး မရှိသေးပါဘူး။

    “လက်ရှိဈေးကွက်မှာ ဒီလောက်ပါဝါအများကြီးကို လက်ခံနိုင်မယ့် ကားမျိုး မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ အပြည့်အ၀ အသုံးပြုနိုင်ဖို့အတွက် မျိုးဆက်သစ် ဘတ္ထရီတွေ လိုအပ်ပါတယ်” လို့ အဲလာရင်တန်က ပြောကြားခဲ့ပါတယ်။

    ကီလိုဝပ် ၄၅၀ နဲ့ အားသွင်းနိုင်မယ့် ကားတွေ ပေါ်ထွက်လာဖို့အတွက် လက်ရှိ BMW နဲ့ Porsche တို့က ဆောင်ရွက်နေပါတယ်။

    အားမြန်မြန်သွင်းနိုင်ခြင်းရဲ့ အားနည်းချက်က ဒီစနစ်ကြောင့် ဘတ္ထရီအလျင်အမြန် ပျက်ဆီးတာဖြစ်ပြီး အရေးပေါ်အခြေအနေအတွက်ပဲ ဒီစနစ်က အသုံးဝင်လိမ့်မယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

    Ref: CNN